← Chapters

နှလုံးသားကိုအပြစ်ပေးခြင်း

Vol. 4 Ch. 47

နှလုံးသားကိုအပြစ်ပေးခြင်း

Vol. 4 Ch. 47

ကောင်းကင်သည် ပို၍ပင်အမှောင်ကျလာခဲ့ကာ တိမ်ညိုတိမ်မည်းများက အုံ့ဆိုင်းလာခဲ့သည်။

ရံဖန်ရံခါတွင် အေးစက်သောလေများ တိုက်ခတ်လာသည့်အတွက် အတွင်းဘက်ခြံဝင်းအပြင်ရှိ သစ်ပင်အကိုင်းအခက်များက လှုပ်ခါလာလေ့ရှိသည်။

လျှိုဇီယွမ်နှင့်ကျင်းရူဖန်တို့သည် ခန်းမဆောင်ထဲသို့ဝင်သည်နှင့် ချက်ချင်းပင်ဒူးထောက်ချလိုက်ကြသည်။ထိုအခိုက်အတန့်တွင် ကောင်းကင်ယံမှနေ၍ နှင်းပွင့်များကျဆင်းလာခဲ့ကြသည်။

ထိုနှင်းပွင့်လေးများက လေထဲတွင် အဆက်မပြတ်လည်ပတ်ရင်း မြေပေါ်ပေါ်သို့ဆင်းသက်လာခဲ့ကြသည်။

နှင်းပွင့်လေးများ မြေပေါ်သို့ကျဆင်းချိန်တွင် သူတို့၏လှုပ်ရှားမှုများက အလွန်ညင်သာကာ အသံအနည်းငယ်မျှပင်မထွက်ခဲ့ပေ။

ထိုအခိုက်အတန့်တွင် နှင်းများက နဂိုကထက်ပင် ပြင်းထန်စွာကျဆင်းလာခဲ့သည်။

ယဲ့ပိုင်သည် ခန်းမဆောင်ပေါ်ရှိ ကျောက်တုံးထိုင်ခုံပေါ်၌ထိုင်နေရင်း ဝိုင်ခွက်ကိုကိုင်မြောက်လိုက်ပြီး နှင်းများကျဆင်းနေသည့်လှပသည့်မြင်ကွင်းကို ကြည့်ရှုနေခဲ့သည်။ယခုအခါ အတွင်းခြံဝင်းတစ်ခုလုံးအား နှင်းများ လျင်မြန်စွာဖုံးလွှမ်းသွားခဲ့သည်။နှင်းပွင့်များက အတွင်းခြံဝင်း၌ပွင့်လန်းနေသော ချယ်ရီပန်းများအားလုံးကို ဖုံးလွှမ်းသွားခဲ့ကာ လေထုထဲပျံ့နှံ့နေသော သွေးနံ့များအား မှိန်ဖျော့သွားစေခဲ့သည်။

ကျောက်ပိုင်ရှန်သည်ကား ယဲ့ပိုင်၏နံဘေး၌ရှိနေဆဲဖြစ်သည်။

သူသည် မျက်လုံးကိုခပ်တင်းတင်းမှိတ်ထားပြီး သူ၏ချိုင်းထောက်ကိုဆုပ်ကိုင်ကာ စကားတစ်ခွန်းမှမပြောခဲ့ပေ။သူသည် ရွှေနဂါးချိုင်းထောက်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားချိန်တွင် သူ၏မျက်လုံးထောင့်စွန်း၌ စီးကျနေသည့်မျက်ရည်များကြောင့်မဟုတ်ပါက သေဆုံးနေသည်ဟုပင် ယူဆသွားကြမည်ဖြစ်သည်။

ဝမ်အန်းသည် ခေါင်းငုံ့ထားဆဲဖြစ်ကာ ကျောက်စားပွဲပေါ်တင်ထားသည့် ဟင်းလျာများသည်လည်း အနည်းငယ်အေးစက်လာပြီဖြစ်သည်။သို့သော် သူ၏မျက်နှာပေါ်ရှိအမူအရာသည် အမြဲတစေပြောင်းလဲနေခဲ့ကာ ရံဖန်ရံခါ၌လေးနက်နေပြီး ရံဖန်ရံခါတွင် အေးစက်တင်းမာနေတတ်သည်။ရံဖန်ရံခါတွင်မူ ပျော်ရွှင်နေပြီး ခဏခဏဆိုသလို တစ်စုံတစ်ခုအား ဆုံးရှုံးသွားရသည့် အမူအရာကိုထုတ်ဖော်နေခဲ့သည်။

ဝမ်အန်းသည် ကျောက်ပိုင်ရှန်အား လုံးဝစာနာစိတ်မရှိခဲ့ပေ။

သို့သော်လည်း ယနေ့အဖြစ်အပျက်သည် ဝမ်အန်းအပေါ်၌ များစွာသက်ရောက်မှုရှိခဲ့ပေသည်။ယနေ့ဖြစ်ရပ်သည် လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်အား ပြန်လည်မြင်ယောင်လာစေခဲ့သည်။သူသည် ယဲ့ပိုင်၏ လွမ်းဆွတ်တမ်းတသည့်စိတ်ထားကို တဖြည်းဖြည်းစတင်နားလည်လာခဲ့သည်။ယဲ့ပိုင်သည် နှစ်ထောင်ပေါင်းများစွာတိုင်အောင် အဆုံးမဲ့နေထိုင်ဖြတ်သန်းလာခဲ့ပေရာ သူနှင့်ရင်းနှီးပြီးသူများသည် ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွားခဲ့သည်ကို အကူအညီမဲ့စွာ ထိုင်ကြည့်နေခဲ့ရသည်မဟုတ်လား...

ဤလောကတွင် သေခြင်းတရားသည် ကြောက်စရာအကောင်းဆုံးသော အဆုံးသတ်မဟုတ်ခဲ့ပေ။

ကြောက်စရာအကောင်းဆုံးမှာ နှလုံးသားကိုဒဏ်ခတ်ခြင်းပင်ဖြစ်သည်။

တစ်ချိန်ကထားရှိခဲ့၊စောင့်ထိန်းခဲ့သော ကတိများသည် နှစ်ရှည်လများကြာမြင့်လာသည်နှင့်အမျှ အရာအားလုံးအချည်းနှီးဖြစ်သွားခဲ့ကာ မည်သည့်အရာကမှ ထာဝရမတည်မြဲနိုင်ခဲ့ပေ။

ညီအစ်ကိုများအကြားသစ္စာဖောက်မှု ၊ သန်စွမ်းနက်မှောင်သောဆံပင်ပိုင်ရှင်မှသည် အိုမင်းဖြူရော်သည့်ဆံပင်ပိုင်ရှင်အဖြစ်သို့ ပြောင်းလဲမှု စသည်တို့ဖြစ်သည်။

အသက်ရှင်ခြင်းသည် ကောင်းမွန်သောအရာတစ်ခုဖြစ်သော်လည်း သေဆုံးခြင်းမရှိသည်က ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် ကျိန်စာတစ်ခုဖြစ်ကြောင်း ထင်ရှားပေသည်။

လေထုသည် အလွန်ပင်တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

နှင်းလူသားနှစ်ယောက်သဖွယ် ခန်းမဆောင်၏လှေကားထစ်များ၌ ဒူးထောက်နေသော ကျင်းရူဖန်နှင့်လျှိုဇီယွမ်တို့အား နှင်းပွင့်လေးများက ဖုံးအုပ်သွားခဲ့သည်။

ယဲ့ပိုင်သည် ဝိုင်ခွက်ကို တိတ်တဆိတ်ကောက်ယူလိုက်သည်။ဝိုင်ခွက်သည် လေအေးများဖြင့်ထိတွေ့လိုက်ပြီးနောက်တွင် အဖြူရောင်နှင်းအလွှာပါးတစ်ခုက ကပ်ညှိနေခဲ့ပြီး ယဲ့ပိုင်၏လက်နှင့်ထိတွေ့ချိန်၌ ထိုအလွှာပါးက တဖြည်းဖြည်းကွာကျသွားခဲ့သည်။

လူတိုင်းမသိလိုက်မှီ နာရီဝက်ခန့်က တိတ်ဆိတ်စွာကုန်ဆုံးသွားခဲ့သည်။

နောက်ဆုံးတွင်ယဲ့ပိုင်သည် ဝိုင်ကိုတကျိုက်တည်းမော့ချလိုက်ကာ သူ၏ခန္ဓာကိုယ်အား နွေးထွေးစေခဲ့သည်။

"မင်းတို့နှစ်ယောက်ရောက်လာပြီပေါ့..."

ဝိုင်ခွက်ကိုပြန်ချလိုက်ပြီးနောက် ယဲ့ပိုင်သည် ခန်းမဆောင်အပြင်ဘက် လှေကားထစ်များ၌ ဒူးထောက်နေသောလူနှစ်ယောက်ကို လှမ်းကြည့်ကာ ဖြည်းညှင်းစွာပြောလိုက်သည်။

ကျောက်ပိုင်ရှန်က သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။လက်ရှိအချိန်တွင် သူ၏မျက်လုံးများသည် သွေးနီရောင်မဟုတ်တော့ပေ။သူ၏မျက်လုံးများတွင် ဒေါသနှင့်ခံစားချက်တို့မပါဝင်တော့ဘဲ အလုံးစုံပျက်ပြယ်သွားခဲ့သည်။

ဝမ်အန်းသည် ငြိမ်သက်သွားပြီးနောက် သူ၏လက်ကိုဆန့်ထုတ်လိုက်ကာ ဟင်းပွဲအချို့ကို ကောက်ယူ၍မြည်းစမ်းလိုက်သည်။သို့သော်လည်း ဟင်းပွဲများအေးစက်သွားသည်ကို တွေ့မြင်ပြီးနောက်တွင် သူ၏တူချောင်းများကို ပြန်ချထားလိုက်သည်။ထို့နောက်တွင် သူ၏မျက်လုံးများက တစုံတစ်ခုအားစောင့်မျှော်နေသကဲ့သို့ ငြိမ်သက်နေခဲ့သည်။

"ခွင့်လွှတ်ပါသခင်...ဒီအစေခံအိုကြီး နောက်ကျသွားပါတယ်"

ကျင်းရူဖန်သည် ထိုစကားကိုပြောနေချိန်၌ သူ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ခါနေခဲ့သည်။သူ၏ခန္ဓာကိုယ်အား ဖုံးလွှမ်းထားသည့် နှင်းများသည်လည်း မြေပေါ်သို့ပြုတ်ကျသွားပြီးနောက်တွင် သေးငယ်သောတောင်ပို့လေးတစ်ခုဖြစ်လာခဲ့သည်။

လျှိုဇီယွမ်သည်လည်း ချက်ချင်းပင် ရိုသေလေးစားသောအမူအရာဖြင့် ကျယ်လောင်သည့်အသံဖြင့်ပြောလိုက်သည်။

"သခင်...ငါတို့ဒီကိုမလာခင် ကျောက်မိသားစုပုန်ကန်ထကြွတဲ့သတင်းကို ကြားခဲ့ရတယ်...ငါတို့ရောက်လာတဲ့အချိန်မှာ ကျောက်မိသားစုရဲ့မျိုးဆက်သစ်တွေကို ငါတို့တွေ့ခဲ့ရတယ်...သူတို့ဟာသခင့်ကိုတိုက်ခိုက်ဖို့အတွက် သူတို့ရဲ့တပ်ဖွဲ့တွေကိုအသင့်ပြင်ထားပြီးပြီ...ဒါကြောင့်ဒီအစေခံအိုကြီးနဲ့ကျင်းရူဖန်က ပုန်ကန်ချင်တဲ့သူမှန်သမျှကို အကုန်လုံးသတ်ဖြတ်ပစ်လိုက်ပြီ"

ထိုသို့ပြောပြီးနောက်တွင် လျှိုဇီယွမ်သည် သူ၏ခေါင်းကိုဖြည်းညှင်းစွာ မြှောက်လိုက်သည်။သူ၏အကြည့်များသည် ကျောက်ပိုင်ရှန်၏ခန္ဓာကိုယ်အား ချက်ချင်းလွှမ်းခြုံသွားခဲ့သည်။သို့သော်လည်း သူ၏ကျောက်ပိုင်ရှန်၏ ခံစားချက်ကင်းမဲ့နေသောအကြည့်ကို သတိပြုမိချိန်တွင် ချက်ချင်းဆိုသလိုပင် သူ၏အကြည့်အား ယဲ့ပိုင်ဆီသို့ချက်ချင်းရွေ့ပြောင်းလိုက်သည်။

"လွန်ခဲ့တဲ့နှစ်ရက်က နိုင်ငံရပ်ခြားမှာ စီးပွားရေးတွေဆွေးနွေးနေခဲ့တာနဲ့ မနေ့က ခွန်းလွန်တောင်ကိုသွားကြည့်ဖို့ အချိန်မရခဲ့ဘူး...ခုလည်းသတင်းရရချင်း တစ်ညလုံးမနားဘဲ ချက်ချင်းပြန်လာခဲ့တာပဲ...ဒါကြောင့် လူအိုကြီးဝမ်က စိတ်ထဲမထားဖို့မျှော်လင့်ပါတယ်"

ကျင်းရူဖန်က ဆက်ပြောလိုက်ပြီးနောက် ယခုတစ်ကြိမ်တွင် သူတို့အပြစ်ရှိကြောင်း ဝမ်အန်းထံ ကိုယ်တိုင်ကိုယ်ကျဝန်ခံလိုက်သည်။

ထိုစကားကိုကြားပြီးနောက် ဝမ်အန်း၏မျက်နှာပေါ်၌ မည်သည့်အမူအရာမှ ရှိမနေခဲ့ပေ။သူတို့သည် တစ်ချိန်တည်း၌ပင် သူ့အားမထီမဲ့မြင်ပြုလုပ်ခဲ့သလို ချီးကျူုးခြင်းအားလည်းပြုလုပ်ခဲ့သည်။

အနည်းဆုံး အရေးကြီးသောအခိုက်အတန့်တွင် ဤလူအိုနှစ်ယောက်သည် ပြီးပြည့်စုံသောလုပ်ဆောင်ချက်ကို ချက်ချင်းပင်အကောင်အထည်ဖော်နိင်ခဲ့သည်။

"အဲလိုလား..."

ယဲ့ပိုင်က သူတို့နှစ်ယောက်ကိုကြည့်၍ ဖြည်းညှင်းသည့်လေသံဖြင့်ပြောလိုက်သည်။သူ၏မျက်လုံးများ၌မူ ဂရုမစိုက်သည့်အရိပ်အယောင်များ လွမ်းခြုံထားခဲ့သည်။

"မင်းတို့အားလုံးက တော်တော်လေးအသက်ကြီးနေကြပြီ...လွန်ခဲ့တဲ့နှစ်ပေါင်း၈၀ကဆိုရင် မင်းတို့အားလုံးက ကလေးအရွယ်ပဲရှိသေးတယ်...အချိန်ကာလက တော်တော်ရက်စက်တာပဲ"

"သခင်..."

ကျင်းရူဖန်နှင့်လျှိုဇီယွမ်တို့က တစ်ချိန်တည်း၌ အော်ဟစ်မိလိုက်ကြသည်။

"ဒီမှာ ဟင်းပွဲအချို့ရှိသေးတယ်...ဟင်းပွဲတွေကနည်းနည်းအေးစက်နေပေမဲ့ စားလို့ရနေတုံးပဲ...ငါတို့တူတူစားကြရအောင်"

ယဲ့ပိုင်က သူတို့နှစ်ယောက်ကိုဟန့်တား၍ ကျောက်တုံးစားပွဲပေါ်၌ ထိုင်ရန်ဖိတ်ခေါ်လိုက်သည်။သူသည် အသက်၁၇နှစ် သို့မဟုတ် ၁၈နှစ်အရွယ်သာရှိသေးသော်လည်း ဖော်မပြနိုင်သည့် ဘုန်းတန်ခိုးစွမ်းအားကို ပေါ်လွင်စေခဲ့သည်။သူလုပ်ဆောင်လိုက်သောလုပ်ရပ်တိုင်းက မြေပြင်ပေါ်၌ဒူးထောက်နေသော လူအိုကြီးနှစ်ယောက်ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

"နားလည်ပါပြီ သခင်..."

"နားလည်ပါပြီ..."

သူတို့နှစ်ယောက်၏ခြေထောက်များက အနည်းငယ်ထုံကျင်နေခဲ့သည်။လက်ရှိအချိန်တွင် သူတို့သည် အလွန်ပင်ညောင်းညာနေပြီဖြစ်သော်လည်း သူတို့သည်မြေပေါ်မှကုန်းရုန်းထပြီး ခန်းမဆောင်ထဲသို့ ဖြည်းညှင်းစွာလျှောက်လာခဲ့ကြသည်။

နှစ်ယောက်သားသည် ခန်းမဆောင်ထဲသို့လှမ်းကြည့်လိုက်ချိန်တွင် ကျောက်တုံးထိုင်ခုံ၄ခုသာရှိကြောင်း တွေ့ရှိလိုက်ရသည်။ထိုနေရာတွင် လူငါးယောက်ထိုင်၍မရပေ။

ကျင်းရူဖန်သည် ထိုင်ခုံတစ်လုံးလိုအပ်နေကြောင်း စကားစရန်ပြင်ဆင်လိုက်သည်။

သို့သော်လည်း အချိန်အတော်ကြာအောင် တိတ်ဆိတ်နေသောဝမ်အန်းက စကားပြောလာခဲ့သည်။

"ကျောက်တုံးထိုင်ခုံတစ်ခုပျောက်နေတာပဲ...မတူကွဲပြားတဲ့သူတွေက ဘာလို့အမြဲတမ်းရှိနေရတာလဲ"

ထိုစကားကိုပြောပြီးနောက် ကျင်းရူဖန်နှင့်လျှိုဇီယွမ်တို့သည် မိုးကြိုးပစ်ခံရသကဲ့သို့ တုန်လှုပ်အံ့သြသွားခဲ့သည်။

မလှုပ်မယှက်ဖြစ်နေသည့် ကျောက်ပိုင်ရှန်သည်ပင် လွန်စွာတုန်လှုပ်သွားခဲ့ရသည်။

ထိုနေရာတဝိုက်ရှိ လေထုအခြေအနေသည် အလွန်ပင်အေးစက်ကာ နေရထိုင်ရအဆင်မပြေဖြစ်လာခဲ့သည်။

သို့သော်လည်း လေထုအခြေအနေသည် တဖြည်းဖြည်းအေးစက်လာချိန်တွင် ယဲ့ပိုင်ကကျောက်တုံးထိုင်ခုံပေါ်မှ ဖြည်းညှင်းစွာထရပ်၍ ပြောလိုက်သည်။

"အန်းလေးပြောတာမမှားဘူး...မတူကွဲပြားတဲ့ရည်မှန်းချက်ကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်က အမြဲလိုလိုရှိတယ်...အဲ့ဒါကဒီနေရာမှာတင်မကဘူး...ကမ္ဘာတစ်ခုလုံးအပေါ်ကို သက်ရောက်မှုရှိတယ်"

ထိုသို့ပြောပြီးနောက် ယဲ့ပိုင်သည် ခန်းမဆောင်၏ထောင့်တစ်နေရာသို့ လျှောက်သွားခဲ့ကာ လက်နှစ်ဖက်ကိုနောက်ကျောပိုက်၍ နှင်းများကျဆင်းလာသည့်မြင်ကွင်းကို ကြည့်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် ခြံဝင်းတစ်ခုလုံးအား အဖြူရောင်စောင်နှင့်တူသည် နှင်းပွင့်များကလွှမ်းခြုံထားခဲ့သည်။မူလက လက်ရာမြောက်သည့် အတွင်းခြံဝင်း၏ ရှုခင်းသည် ဤနှင်းပွင့်များကြောင့်ပျောက်ကွယ်သွားခဲ့ကာ ကျယ်ပြောလှသည့် အဖြူရောင်ကွင်းပြင်တစ်ခုတည်းကိုသာ မြင်ရတော့သည်။

ထိုမြင်ကွင်းကိုကြည့်၍ ဝမ်အန်းသည် တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း ခံစားမိလိုက်ကာ မတ်တပ်ရပ်လိုသော်လည်း သူ့ထံတွင် ထိုသို့ပြုလုပ်ရန် သတ္တိမရှိခဲ့ပေ။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ကျောက်ပိုင်ရှန်သည် စိတ်မထိန်းနိုင်တော့ဘဲ ဆတ်ခနဲ့မတ်တပ်ထရပ်လိုက်သည်။

ကျင်းရူဖန်နှင့်လျှိုဇီယွမ်တို့အား နက်ရှိင်းသောအကြည့်များဖြင့် စူးစူးဝါးဝါးစိုက်ကြည့်နေသည့် သူ၏မျက်လုံးများထဲ၌ အလွန်ရှုပ်ထွေးသောစိတ်ခံစားချက်များကို ပေါ်လွင်နေစေခဲ့သည်။

သူသည် ထိုလူနှစ်ယောက်အား အမှန်ပင်မုန်းတီးပေသည်။ထိုလူနှစ်ယောက်သည် ကျောက်မိသားစုကို အသက်ထက်ဆုံးကာကွယ်ပေးရန် မနေ့ကကတိပြုခဲ့သည်မဟုတ်လော။သို့သော်လည်း သခင်ပြန်လာသည်ကိုသိရှိပြီးနောက်တွင် သူတို့နှစ်ယောက်သည် ကျောက်မိသားစုအားဖယ်ရှားရန် တွန့်ဆုတ်ခြင်းလုံးဝမရှိခဲ့ကြပေ။

ထိုအရာသည် အကျိုးအကြောင်းသင့်သည်လား...

အမှန်တော့ ဤကိစ္စသည် ကျိုးကြောင်းဆီလျော်မှုရှိကာ တရားမျှတသည်ဟုပင် သူခံစားမိပေသည်။လက်ရှိအခြေအနေသာပြောင်းလဲသွားကာ သူသာ သူတို့နှစ်ယောက်နေရာတွင် အစားထိုးဝင်ရောက်ခဲ့ပါက သူတို့ထက်ပင် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်မှုရှိပေသည်။

ထိုသို့ခံစားချက်များ ရောထွေးသွားသည့်အချိန်တွင် ကျောက်ပိုင်ရှန်၏နှလုံးသားက အောက်ခြေသို့ပြုတ်ကျသွားခဲ့သည်။

ယခုအခိုက်အတန့်တွင် ဤနေရာရှိမတူကွဲပြားသည့်သူမှာ သူကိုယ်တိုင်ပင်ဖြစ်ကြောင်း ကျောက်ပိုင်ရှန်သိရှိလိုက်သည်။

"သခင်...ငါတစ်ခုပဲဆက်ပြီးတောင်းဆိုလို့ရမလား...သခင့်အတွက် နောက်ထပ်ဟင်းတစ်မျိုးချက်ပေးပါရစေ...အဲ့ဒါကသခင်အကြိုက်ဆုံး ဝက်သားနှပ်ပဲ...ဒီတစ်ကြိမ်တော့ ငါပိုကောင်းအောင်လုပ်မှာပါ"

ကျောက်ပိုင်ရှန်က ခက်ခက်ခဲခဲတောင်းဆိုလိုက်သည်။

"မလိုဘူး...ဒါတွေပဲအကုန်စားပါ"

ယဲ့ပိုင်က သူ၏လက်ကိုလှုပ်ရှားခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ပြန်ဖြေခဲ့သည်။

သူ၏အသံထွက်ပေါ်လာချိန်၌ ခန်းမဆောင်တစ်ခုလုံးက ပင့်သက်ရှိုက်သံများဖြင့် ပြည့်နှက်သွားခဲ့သည်။

ဝမ်အန်း၊ကျောက်ရူဖန်နှင့်လျှိုဇီယွမ်တို့သည် ခေါင်းငုံ့ကာစကားမပြောဝံ့တော့ပေ။

ယခုအခါတွင် ကျောက်ပိုင်ရှန်က သူမည်သို့ပင်ပြောပြော အကျိုးသက်ရောက်မှုမရှိတော့ကြောင်း ရှင်းရှင်းလင်းလင်းနားလည်လိုက်သည်။

All Chapters