ပြန်လည်မွေးဖွားခြင်း
Vol. 4 Ch. 49
အချိန်မြစ်ရေစီးကြောင်းသည် နှစ်ရှည်လများကြာအောင် အဆက်မပြတ်စီးဆင်းနေခဲ့သည်။
အဆုံးမရှိသောနှစ်ကာလများအတွင်း...
ယဲ့ပိုင်သည် မရေမတွက်နိုင်သောလူများနှင့် အရာများစွာကို တွေ့မြင်ဖူးပေသည်။သို့ဖြစ်ရာ အသက်ရှည်ခြင်း၏လျှိ့ဝှက်ဆန်းကြယ်မှုမှလွဲ၍ သူ့အားစိုးရိမ်ပူပန်စေသည့်အရာမှာ အနည်းငယ်မျှသာရှိသည်။
သို့သော်လည်း သူ့ရှေ့မှပန်းချီစာလိပ်သည်ကား သူစိတ်ဝင်စားသည့် အရာတစ်ခုဖြစ်ပေသည်။
ယဲ့ပိုင်သည် ကျောက်တုံးထိုင်ခုံပေါ်၌ထိုင်ရင်း ပန်းချီကားကို တိတ်ဆိတ်စွာကြည့်နေခဲ့သည်။
ထိုပန်းချီကားထဲ၌ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးရှိနေခဲ့သည်။
ထိုအမျိုးသမီးသည် ရှည်လျားသည့်အနက်ရောင်ဆံပင်ရှိပြီး သူမ၏လက်ချောင်းများက ကျောက်စိမ်းကိုထွင်းထုထားသလို သွယ်လျလှပပေသည်။သူမ၏နဖူးပေါ်တွင် ပုလဲနှင့်တူသည့် သစ်ကြပိုးခေါက်တစ်ခုရှိနေကာ သွယ်လျသည့်ခြေထောက်များကိုလည်း ပိုင်ဆိုင်ထားပေသည်။သူမသည် ဤလောကပေါ်၌ တုနှိုင်းမမှီသောအလှတရားတစ်ခုဖြစ်ကြောင်း သံသယဖြစ်စရာမလိုပေ။မည်သည့် ခေတ်အချိန်အခါတွင်ဖြစ်စေ သူမသည် တိုင်းပြည်တစ်ခုလုံးအား ဖရိုဖရဲဖြစ်အောင် လုပ်ဆောင်မည့်သူဖြစ်သည်။
သို့သော်လည်း...
ထိုပန်းချီကားကိုကြည့်နေစဉ်တွင် ယဲ့ပိုင်က သူမ၏အလှကိုသဘောကျနေခြင်းမဟုတ်ပေ။သို့သော်လည်း သူ၏မှတ်ညဏ်ထဲ၌ ကိစ္စများက တခုပြီးတခုဖြစ်ပေါ်လာခဲ့သည်။
ထိုအရာများက အလွန်ထူးဆန်းကာ ယဲ့ပိုင်နှင့်အလွန်ရင်းနှီးပေသည်။
ဤပန်းချီကားတွင်းရှိ အမျိုးသမီးနှင့်သူ့အကြားတွင် တွေ့ဆုံမှုအနည်းငယ်ရှိခဲ့ဖူးပေသည်။
သူ၏အတွေးများက အတိတ်တစ်နေရာဆီ လွှင့်ပျယ်သွားခဲ့သည်။
"မြင့်မြတ်လှတဲ့အင်မော်တယ်...ငါတို့တစ်ယောက်ကိုတစ်ယောက် တွေ့မြင်ဖူးလား"
လွန်ခဲ့သောနှစ်ပေါင်း၉၀၀၀၀က ကောင်းကင်ဘုံနန်းတော်၏ အပျက်အစီးများတည်ရှိရာ တောင်ပိုင်းကောင်းကင်တံခါးဝ၌ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ယောက်က ယဲ့ပိုင်အားပြုံး၍မေးမြန်းလိုက်သည်။သူမ၏အလှသည် လူသားများကိုထိခိုက်စေလောက်သည်အထိ မယုံနိုင်ဖွယ်ကောင်းအောင် လှပလွန်းပေသည်။
ယဲ့ပိုင်သည် တစ်စုံတစ်ခုကိုအတွေးရောက်နေရင်း ထိုမေးခွန်းကိုကြားချိန်တွင် သူ၏ခေါင်းကိုညင်သာစွာလှည့်၍ ထိုအဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးကို ကြည့်လိုက်မိသည်။သူသည် ထိုကောင်မလေးနှင့်အနည်းငယ်ရင်းနှီးကြောင်း သူခံစားမိသော်လည်း မည်သည့်နေရာတွင်ဆုံတွေ့ခဲ့ဖူးကြောင်း မတွေးမိပေ။ထို့ကြောင့် သက်ပြင်းချရင်း ခေါင်းခါပြလိုက်သည်။
"ဖြစ်နိုင်တယ်...ငါလည်းသိပ်တော့မမှတ်မိဘူး"
"အင်မော်တယ်...ငါတို့တစ်ယောက်ကိုတစ်ယောက်မြင်ဖူးကြလား..."
လွန်ခဲ့သောနှစ်ပေါင်း၇၀၀၀၀က မြစ်ဝါမြစ်ရေလျှံမှုတွင် နတ်ဆိုးများက နေရာတိုင်း၌သောင်းကျန်းနေခဲ့သည်။မိန်းကလေးတစ်ဦးသည် မျက်ရည်များပြည့်လျှံလျက် ငိုကြွေးနေကာ သူမ၏အသံက အလွန်ချစ်စရာကောင်းလှပေသည်။
ယဲ့ပိုင်သည် သူ၏လက်ကိုမြှောက်လိုက်သောအချိန်တွင် ရေလွှမ်းမိုးမှုအား ချက်ချင်းနောက်ဆုတ်စေခဲ့ကာ လူသန်းပေါင်းများစွာကို ကယ်တင်ပေးခဲ့သည်။သူသည် ထိုမေးခွန်းကိုကြားလိုက်ချိန်၌ ရုတ်တရက်နောက်လှည့်ကြည့်လိုက်ချိန်တွင် လွန်ခဲ့သောနှစ်ပေါင်းထောင်ချီက သူမြင်တွေ့ခဲ့ဖူးသော မိန်းကလေးနှင့် သိသာထင်ရှားစွာကွဲပြားနေကြောင်း တွေ့လိုက်ရသည်။ထို့ကြောင့် သူကခေါင်းခါပြလိုက်ကာ သက်ပြင်းချ၍ပြောလိုက်သည်။
"ကမ္ဘာကြီးမှာ ငါ့လိုလူမျိုးတွေအများကြီးရှိနေနိုင်တာပဲ...အတိတ်တစ်နေရာမှာ ကြုံတွေ့ဖူးရင်ကြုံတွေ့မှာပေါ့"
"သခင်လေး...ငါတို့အရင်ကတွေ့ဖူးလား"
လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ကျော်က ရှန့်ယန်မြို့၏လမ်းပေါ်တွင် မိန်းကလေးတစ်ဦးသည် လူစုလူဝေးနောက်သို့လိုက်ကာ မက်မွန်ပင်များအပြည့်ရှိနေသော လမ်းကြားလေးဆီသို့ ဖြည်းညှင်းစွာ လမ်းလျှောက်နေခဲ့သည်။
ယဲ့ပိုင်သည် သူ၏လက်နှစ်ဖက်ကိုနောက်ကျောပိုက်၍ လမ်းလျှောက်နေချိန်တွင် ထိုအသံကိုကြားလိုက်ရသည်။ထိုအခိုက်အတန့်တွင် အဆုံးမဲ့နှစ်ကာလများအတွင်း သူနှင့်ရင်းနှီးဖွယ်တစ်ခုကို ပြန်လည်တမ်းတမိလိုက်သည့်အလား ရုတ်တရက်နောက်ပြန်လှည့်ကြည့်လိုက်သည်။သို့သော်လည်း ထိုကောင်မလေးက ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။
"နောက်ကိုလှည့်ကြည့်ပြီး ပြုံးပြလိုက်တဲ့အချိန်မှာ သူမက ဆွဲဆောင်မှုပေါင်းရာချီကို ထုတ်ဖော်နိုင်ခဲ့တယ်"
"မြောက်ဘက်အရပ်မှာ ချောမောပြီးထူးခြားတဲ့ မိန်းမချောလေးတစ်ယောက်ရှိတယ်...သူမရဲ့အကြည့်တစ်ချက်က မြို့တစ်မြို့ကိုပျက်စီးစေပြီး တိုင်းပြည်တစ်ခုကိုပြိုကွဲစေတယ်"
ခြေသုံးချောင်းနဂါးစံအိမ်၏ ကျောက်တုံးစားပွဲပေါ်၌ ယဲ့ပိုင်သည် သူ၏အတွေးများမှရုန်းထွက်ခဲ့ကာ တိုးတိုးလေးညည်းညူလိုက်သည်။
ထိုကဗျာစာကြောင်းနှစ်ခုကို ယဲ့ပိုင်ကဖန်တီးထားခဲ့သော်လည်း ၎င်းတို့ကိုကမ္ဘာအနှံ့ လက်ဆင့်ကမ်းပေးခဲ့ရာ ဖန်တီးခဲ့သူအား အချိန်အတော်ကြာအောင် မေ့လျောနေခဲ့ပေသည်။သမိုင်းကိုပြန်လည်ပြင်ဆင်သည့်အချိန်တွင် တစ်စုံတစ်ယောက်သည် နိုင်ထက်စီးနင်းလုပ်ဆောင်ကာ သူ၏အမည်ကို ကိုယ်တိုင်ထည့်သွင်းခဲ့သည်။၎င်း၏စာသားအဓိပ္ပါယ်အရဆိုလျှင် "လှပသော အမျိုးသမီးများကို မြတ်နိုးခြင်းအတွက် ဂန္တဝင်လက်ရာ"ဟုခေါ်ဆိုခဲ့သည်။
သို့သော်လည်း ထိုကဗျာနှစ်ခုသည် မည်သည့်ကိုမှအထင်ကြီး၍ ရည်ရွယ်ရေးသားထားခြင်းမဟုတ်ကြောင်း ယဲ့ပိုင်ကသိရှိထားပေသည်။ယင်းအစား ယဲ့ပိုင်က အသက်ရှည်ခြင်းနှင့်အထီးကျန်ဆန်သော စူးစမ်းရှာဖွေခြင်းများအတွက် ရည်ရွယ်ဖန်တီးခဲ့ခြင်းဖြစ်သည်။
ဝမ်အန်းသည် ထိုစကားကိုကြားသောအခါ သူ၏မျက်လုံးထဲ၌ အံ့အားသင့်မှုများ ပျောက်ကွယ်မသွားခဲ့ပေ။
"သခင်...အဲ့ဒါက ဒီလူပဲမဟုတ်လား"
ဝမ်အန်းသည် ရှင်းရှင်းလင်းလင်းမေးမြန်းခဲ့ခြင်းမဟုတ်သော်လည်း ယဲ့ပိုင်က ထိုမေးခွန်း၏အဓိပ္ပါယ်ကို ချက်ချင်းနားလည်ခဲ့ပေသည်။သို့သော်လည်း သူသည်မေးခွန်းကိုချက်ချင်းမဖြေဘဲ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှသာ ခေါင်းကိုအနည်းငယ်ခါယမ်း၍ ပြောလိုက်သည်။
"အန်းလေး...ဒီကမ္ဘာမှာ ပြန်လည်မွေးဖွားတယ်ဆိုတာ ဖြစ်နိုင်တယ်လို့မင်းထင်လား"
ပြန်လည်မွေးဖွားခြင်း...
ဝမ်အန်းက ခဏလောက်ကြောင်အသွားခဲ့သည်။သူသည် ယဲ့ပိုင်၏နောက်သို့လိုက်နေသည်ကာ အတော်ကြာလှပြီဖြစ်သည်။
သူသည် ဤကမ္ဘာကြီး၏ လျှို့ဝှက်ချက်များစွာကို သိရှိခဲ့ပြီး တစ်ချိန်တည်းမှာပင် ဤကမ္ဘာကြီးပေါ်ရှိ လူသိမခံနိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်ဖြစ်ရပ်များကို ထိန်းသိမ်းထားကြောင့် နားလည်ခဲ့သည်။
သို့သော်လည်း ပြန်လည်မွေးဖွားခြင်းနှင့်ပတ်သက်၍ လေးနက်သောပြဿနာကို သူမည်သည့်အခါကမှ မတွေးခဲ့ဖူးပေ။
သူသည် အဖြေကိုစောင့်မျှော်နေသော ယဲ့ပိုင်ကိုတချက်ကြည့်လိုက်မိသည်။
ဝမ်အန်းက ခဏလောက်စဉ်းစား၍ ပြန်ဖြေလိုက်သည်။
"ပြန်လည်မွေးဖွားခြင်းဆိုတာကို ကျနော်ယုံတယ်သခင်"
"ဘာလို့လဲ..."
ယဲ့ပိုင်သည် ကျောက်တုံးစားပွဲပေါ်၌ ဖြန့်ကျက်ထားသည့် ပန်းချီစာလိပ်ကို ဖြည်းညှင်းစွာပြန်လိပ်လိုက်သည်။
ဝမ်အန်းသည် လေးလေးစားစားဖြင့် အဖြေပေးလိုက်သည်။
"အင်မော်တယ်ဖြစ်ဖို့လမ်းကြောင်းရှိမှတော့ ပြန်လည်မွေးဖွားခြင်းဆိုတာက ဖြစ်နိုင်တယ်သခင်...မင်းရဲ့ဖြစ်တည်မှုက အရာအားလုံးကို ရှင်းပြဖို့လုံလောက်ပါတယ်"
ထိုအဖြေကိုကြားပြီးချိန်တွင် ယဲ့ပိုင်က ပန်းချီစာလိပ်တစ်ခုလုံးကို လိပ်၍သိမ်းဆည်းထားပြီးဖြစ်သည်။သူ၏နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ်ရွေ့လျားသွားခဲ့ကာ သူ၏အသားအရေက ညီညာချောမွေ့နေခဲ့သည်။
"ဟုတ်လား..."
ယဲ့ပိုင်က သက်ပြင်းချလိုက်ပြီး ရိုးရှင်းသောစာလုံးနှစ်ခုကိုသာ ထုတ်ပြောလိုက်သည်။
"သခင်...ဒီပန်းချီကားထဲကလူက ဘယ်သူလဲ"
ဝမ်အန်းက စိတ်မထိန်းနိုင်ဘဲ အသံတိုးတိုးဖြင့် ထပ်မေးလိုက်သည်။
ယဲ့ပိုင်သည် ပန်းချီစာလိပ်အား လက်ဖြင့်ညင်သာစွာပွတ်သပ်၍ ရှေးဟောင်းဝတ်စုံ၏ အင်္ကျီလက်အိုးအတွင်း ထည့်သိမ်းလိုက်သည်။ထို့နောက်တွင် သူကဝမ်အန်းကိုကြည့်၍ အသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။
"သူမက မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ လူဝင်စားဖြစ်ရင်ဖြစ်မယ်...ဒါမှမဟုတ် သူနဲ့ဆင်တူတဲ့အလှတရားလည်းဖြစ်နိုင်တယ်...ဒါမှမဟုတ် သူကပဟေဠိတစ်ခုရဲ့ သဲလွန်စဆိုတာလည်းဖြစ်နိုင်တယ်...အဲ့ဒါထက် ဘာမှမပိုဘူး"
"သခင်...ဒီအစေခံက ဘာမှနားလည်တာမရှိဘူး"
ဝမ်အန်းသည် ပဟေဠိဖြစ်နေဆဲဖြစ်သော်လည်း လျှို့ဝှက်ချက်ကြီးတစ်ခုအား သိရှိထားသကဲ့သို့ သူ၏နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
ယဲ့ပိုင်က ရယ်ရယ်မောမောဖြင့်ပြောလိုက်သည်။
"မင်းနားလည်စရာမလိုပါဘူး...ဒီနေ့ကိစ္စကို အခြားတစ်ယောက်ကို ဘယ်တော့မှထပ်ပြောဖြစ်တော့မှာမဟုတ်ဘူး"
"နားလည်ပါပြီသခင်..."
ဝမ်အန်းက လေးလေးစားစားပင်ခေါင်းညိတ်၍ ထပ်မံမမေးဝံ့တော့ပေ။
တစ်ချိန်တည်းမှာပင် ဝမ်အန်း၏စိတ်အတွေးထဲ၌ နတ်သမီးတစ်ယောက်လို လှပသည့်မိန်းကလေးတစ်ယောက်၏ ပုံရိပ်က အနည်းငယ်ဝိုးတဝါးဖြစ်ပေါ်လာခဲ့သည်။သို့သော်လည်း ၃စက္ကန့်ခန့်ကြာပြီးနောက်တွင် ထိုအမျိုးသမီး၏ပုံရိပ်က ရုတ်တရက်မှုန်ဝါးပျောက်ကွယ်သွားခဲ့သည်။
...
မီးဖိုချောင်အတွင်း၌...
ကျင်းရူဖန်သည် ကိုယ်ကိုငုံ့ထားလိုက်ပြီး မြေမီးဖို၏ရှေ့တွင်ရပ်၍ အေးစက်နေသည့်လက်များဖြင့် ထင်းချောင်းကိုအတွင်းသို့ထိုးထည့်ကာ လေဖြင့်မှုတ်နေခဲ့သည်။
ထိုအခါ အနီရောင်မီးလျှံများက ထွက်ပေါ်လာခဲ့ပြီး အေးစက်မှုများအကြား၌ နွေးထွေးမှုအချို့ကို သူခံစားနေခဲ့ရသည်။
လျှိုဇီယွမ်သည်ကား ပန်းကန် များကို ရေနွေးများဖြင့် ဂရုတစိုက်စေ့စေ့စပ်စပ် ဆေးကြောနေခဲ့သည်။
သူတို့၃ယောက်သည် မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေကြပြီး အလွန်ပင်တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။
မြေအိုး၏အောက်ခြေသည် နီရဲလာသည့်အခါ ကျောက်ပိုင်ရှန်သည် ဟင်းရွက်ဆီကိုလောင်းထည့်လိုက်ကာ အေးစက်နေသောဝက်သားပြုတ်ကို လောင်းထည့်လိုက်သည်။ထိုအခိုက်အတန့်တွင် ဟင်းသီးဟင်းရွက်များအား ဆေးကြောနေသော လျှိုဇီယွမ်သည် သက်ပြင်းချလိုက်ကာ ခပ်တိုးတိုးလေသံဖြင့် ပြောလိုက်သည်။
"လူအိုကြီးကျောက်...ဒီဟင်းတွေကအေးစက်နေပြီ...ထပ်ပြီးအပူပေးရင်တောင်မှ အရသာရှိတော့မှာမဟုတ်ဘူး...ပါဝင်ပစ္စည်းတွေရှိသေးတယ်မလား...ဘာလို့လတ်လတ်ဆတ်ဆတ် ထပ်ပြီးမချက်ပြုတ်ရတာလဲ"
"မလိုအပ်ဘူး..."
ကျောက်ပိုင်ရှန်၏လေသံသည် အလွန်အေးစက်တင်းမာနေခဲ့ကာ ချက်ချင်းပင်ငြင်းဆန်ခဲ့သည်။
လျှိုဇီယွမ်သည် ခေါင်းခါ၍ပြောလိုက်သည်။
"ဘာလို့လဲ"
"သခင်ပြောတာမကြားဘူးလား...အပူပေးရုံနဲ့လုံလောက်နေပြီ...ငါကဟင်းထပ်ချက်စရာမလိုဘူး"
သူ၏အသံက အနည်းငယ်တုန်ခါနေခဲ့သည်။
ကျင်းရူဖန်သည် ထင်းတုံးတစ်ခုအား မီးဖိုထဲထည့်လိုက်ပြီးနောက် မီးတောက်၏ရှေ့တွင် လက်နှစ်ဖက်အားရစ်ပတ်ကာ ညင်သာစွာပွတ်သပ်လိုက်သည်။သူ၏လက်များသည် တဖြည်းဖြည်းပူနွေးလာသည်နှင့်အမျှ သက်ပြင်းအနည်းငယ်ချ၍ပြောလိုက်သည်။
"လူအိုကြီးကျောက်...မင်းလည်းသိမှာပါ...ငါတို့မှာရွေးချယ်စရာတွေ အများကြီးမရှိခဲ့ဘူး...သခင်ပြန်ရောက်လာပြီ...သူနဲ့အတူရှိနေပြီဆိုရင် ငါတို့ရှုပ်ရှုပ်ယှက်ယှက်မလုပ်ဝံ့ဘူး"
"အင်း..."
ကျောက်ပိုင်ရှန်က တိတ်တခိုးလှောင်ရယ်လိုက်ပြီး စကားအများကြီးမပြောခဲ့ပေ။
ကျောက်ပိုင်ရှန်သည် သူ၏အိုမင်းရွတ်တွနေသော လက်တစ်ဖက်ဖြင့် ယောက်မကိုကိုင်ကာ မြေအိုးတွင်းရှိ ဟင်းလျာများကို အဆက်မပြတ်လှန်ပေးနေခဲ့သည်။
ဟင်းလျာများကိုနွေးပြီးနောက် ပန်းကန်များပေါ်ပြန်တင်လိုက်ပြီး ကျောက်ပိုင်ရှန်က မေးမြန်းလိုက်သည်။
"ကျောက်မိသားစုက အဆုံးသတ်သွားပြီ...ဒါကသခင့်ဆီကလက်ဆောင်ပါ...ဒီနေ့ အရာအားလုံးအဆုံးသတ်သွားရင်တောင်မှ သူ့ကိုအပြစ်မတင်လိုဘူး...ဒါပေမဲ့ လူအိုကြီးကျောက်၊လူအိုကြီးလျှို ငါနဲ့မင်းတို့နှစ်ယောက်က အမြဲအတူတူကြီးပြင်းလာခဲ့ကာ နှစ်တွေအများကြီကြာလာခဲ့ပြီ...ဒီနှစ်တွေတလျှောက် ငါတို့တွေအတူတကွအလုပ်တွေလုပ်ခဲ့ကြတယ်...မင်းတို့ကိုတစ်ခုလောက်မေးချင်တယ်...ဒါဖြစ်နိုင်ပါမလား"
"လူအိုကြီးကျောက်...မင်းပြောချင်တာက"
လျှိုဇီယွမ်၏စကားများက ရပ်တန့်သွားခဲ့သည်။
"ငါလုပ်နိုင်တယ်ဆိုရင် ဘယ်အရာကိုမှငြင်းမှာမဟုတ်ဘူး"
ကျင်းရူဖန်သည် ခေါင်းကိုမော့၍ အလွန်အိုမင်းကာ ပြိုလဲကျလုနီးနီးဖြစ်နေသော ကျောက်ပိုင်ရှန်အားကြည့်၍ ပြောလိုက်သည်။
ကျောက်ပိုင်ရှန်က သူတို့နှစ်ယောက်အား လေးလေးနက်နက်ကြည့်၍ မေးမြန်းလိုက်သည်။
"ကျောက်မိသားစုမရှိမှတော့ ငါ့မှာပူပန်စရာဘာမှမရှိတော့ဘူး...ငါသေသွားပြီးတဲ့အခါကျရင် ငါ့ရဲ့အရိုးပြာတွေကို ခွန်းလွန်တောင်ခြေမှာ တစ်ယောက်ယောက်ကမြုပ်နှံပေးစေချင်တယ်...လယ်တောထဲက သစ်တော်ပင်မှာ ဘယ်သူမှမရှိဘူး...ငါတို့ကျောက်မိသားစုက အဲ့မြေနေရာကိုပိုင်တယ်"
"ကောင်းပါပြီ..."
လျှိုဇီယွမ်နှင့်ကျင်းရူဖန်တို့သည် ကျောက်ပိုင်ရှန်၏ဆိုလိုရင်းကို အတိအကျမသိကြသော်လည်း ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။
သူတို့သာ ဤနေ့ရှင်သန်နိုင်ခဲ့ပါက ထိုအရာသည် သူတို့အတွက်ပြဿနာမရှိသော ကိစ္စသာဖြစ်သည်။
သို့သော်လည်း ကျောက်နှင့်လျှိုက သဘောတူလိုက်သည့်အချိန်တွင် ကျောက်ပိုင်ရှန်၏လေးနက်သောအမူအရာသည် ချက်ချင်းပြေလျော့သွားခဲ့ကာ အလွန်ပင်သက်တောင့်သက်သာရှိသွားခဲ့သည်။ထို့နောက်တွင် သူ၏နှလုံးသားထဲ၌ အဆုံးမဲ့ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့ကာ တိုးတိုးလေးရေရွတ်လိုက်သည်။
"သခင့်ကို သစ္စာဖောက်လိုက်ကတည်းက ကျောက်မိသားစုကို စွန့်လွှတ်လိုက်ရပြီ...ဒါပေမဲ့ မင်းကိုကတိပေးထားတဲ့ကိစ္စကိုတော့ ငါသေချာပေါက်လုပ်ဆောင်ခဲ့မယ်....လယ်တောထဲမှာ သစ်တော်ပင်တွေကြီးထွားလာတာကို ငါတို့အတူတူကြည့်ခဲ့ဖူးတယ်...ငါတို့ကတစ်ယောက်နဲ့တစ်ယောက် အတူတူမနေဖူးခဲ့ပေမဲ့ တစ်ယောက်နဲ့တစ်ယောက်အတူတူသေဆုံးကြမယ်"
...
နာရီဝက်ခန့်ကြာပြီးနောက် ဟင်းပွဲများကို အပူပေးထားပြီးပြီဖြစ်သည်။
ကျင်းရူဖန်နှင့်လျှိုဇီယွမ်တို့သည် နောက်ထပ်ဟင်းပွဲနှစ်ခုစီ ပြင်ဆင်ပြီးကြပြီဖြစ်သည်။
သူတို့သုံးယောက်သားသည် ဗန်းများကိုအသီးသီးကိုင်ဆောင်လျက် ခြေသုံးချောင်းနဂါးစံအိမ်၏ အတွင်းဘက်ခြံဝင်းဆီသို့ ဦးတည်၍လျှောက်လာခဲ့ကြသည်။