အမှတ်၃၂ ရှေးဟောင်းလမ်း
Vol. 5 Ch. 52
ဖုန်းဟွမ့်မြို့ ၊ ရှေးဟောင်းလမ်းမပေါ်၌...
မိုးရွာသွန်းပြီးနောက် နေရောင်ခြည်သည် ကောင်းကင်ပေါ်မှသက်ဆင်းလာခဲ့ပြီး မြေပြင်ပေါ်၌ သပ်ရပ်စွာခင်းကျင်းထားသည့် ကျောက်ပြားလမ်းပေါ်သို့ ဖြန့်ကျက်လာခဲ့သည်။ထိုအခိုက်အတန့်တွင် ကျောက်ပြားများသည် ရောင်ပြန်ဟပ်၍ တောက်ပသည့်အလင်းကို ပြိုးပြိုးပျက်ပျက် ထင်ဟပ်စေခဲ့သည်။
လမ်းမ၏ဘေးနှစ်ဖက်တွင် မိုးမခပင်များနှင့်ပန်းပင်များအား စိုက်ပျိုးထားပေသည်။
နွေဦးရောက်ချိန်နီးပြီဖြစ်ရာ ပန်းများကစတင်ဖူးပွင့်လာခဲ့သည်။
ပိုးစာပင်များကလည်း အချိန်မှီစတင်ပေါက်ဖွားလာခဲ့သည်။ထို့ပြင် မိုးမခပင်များသည် မြစ်ပြင်နှင့်ရေပြင်ကျယ်ထဲ၌ ချိတ်ဆွဲထားခဲ့ကာ လေအဝှေ့နှင့်အတူ လှုပ်ရှားလာခဲ့ကြသည်။တစ်ချိန်တည်းမှာပင် ကြောင်မြီးပန်းများကလည်း နှင်းပွင့်များကြွေကျသွားချိန်၌ လွတ်လွတ်လပ်လပ် ဖူးပွင့်ပျံသန်းလာကြသည်။
ယဲ့ပိုင်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ကာ ပန်းချီစာလိပ်ကိုသူ့လက်ထဲ၌ ကိုင်ဆောင်၍ ရှုခင်းကိုငြိမ်သက်စွာ ခံစားနေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်တွင် လှည်းတစ်စီးက စတင်ထွက်ပေါ်လာခဲ့သည်။
ယဲ့ပိုင်သည် ထိုလှည်းကိုမြင်သောအခါ လက်ကိုဝှေ့ယမ်းလိုက်ပြီး ရထားထိန်းဖြစ်သူအား လှည်းကိုရပ်ခိုင်းလိုက်သည်။
ရထားထိန်းသည် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ဖြစ်ကာ လည်ပင်းတဝိုက်၌ အဝါရောင်မျက်နှာသုတ်ပဝါအား ပတ်ထားပေသည်။သူသည် ယဲ့ပိုင်ကိုကြည့်ကြည့်ချင်း ခဏလောက်ထိတ်လန့်သွားသော်လည်း သူ၏ဖြူဖွေးသောသွားများကိုပြသ၍ ပြုံးပြလိုက်သည်။
"သခင်လေး...လှည်းစီးချင်လို့လား...ရှေးဟောင်းမြို့တဝိုက်လှည့်ပတ်ကြည့်ရှုမယ်ဆိုရင် စျေးနှုန်းက ယွမ်နှစ်ဆယ်ပေးရလိမ့်မယ်"
"ကောင်းပြီလေ..."
ယဲ့ပိုင်က ရယ်ရယ်မောမောဖြင့် သဘောတူလိုက်သည်။
ယဲ့ပိုင်သည် သူ၏ခြေထောက်ကို ဖြေးညှင်းစွာမြှောက်ကာ လှည်းအတွင်းသို့ ဝင်ရောက်နေရာယူလိုက်သည်။သူ၏ အကြည့်များက လှည်းသမားအပေါ်သို့ ရောက်ရှိနေခြင်းမရှိပေ။သူသည် ရှေးဟောင်းလမ်းမ၏ ရှု့ခင်းများကိုသာ ကြည့်ရှု့နေရင်း ညင်ညင်သာသာလေသံဖြင့် ပြောလိုက်သည်။
"အမှတ် ၃၂ ရှေးဟောင်းလမ်းကိုသွား..."
"ကောင်းပြီ သခင်လေး..."
ယဲ့ပိုင်၏စကားကိုကြားလိုက်ချိန်တွင် လှည်းသမားက အလွန်ပင်စိတ်အားထက်သန်သည့်လေသံဖြင့် အဖြေပေးလိုက်ကာ သူ၏ခြေထောက်များအား အပြင်းအထန်အလုပ်ပေးလိုက်သည်။သို့သော်လည်း သူ၏ခန္ဓာကိုယ်ကိုအတတ်နိုင်ဆုံး တည်ငြိမ်အောင်ထိန်းထားကာ ဧည့်သည်ဖြစ်သူ သက်တောင့်သက်သာရှိစေရန် ကြိုးစားနေခဲ့သည်။
လှည်းသည် မီတာ၁၀၀ခန့်ရွေ့လျားပြီးချိန်တွင် လှည်းသမားကဤသို့တိတ်ဆိတ်မနေဘဲ တစ်စုံတစ်ခုပြောသင့်ကြောင်း ခံစားမိလာခဲ့သည်။
လှည်းသမားတစ်ယောက်အနေဖြင့် အချိန်ကုန်လွန်ခြင်းမရှိစေရန် ဖောက်သည်များနှင့်စကားစမြည်ပြောဆိုရန်မှာ သူ၏တာဝန်ပင်ဖြစ်သည်။
"သခင်လေး...မင်းကနိုင်ငံခြားသားတစ်ယောက်လား..မင်းရဲ့ဝတ်စားဆင်ယင်ပုံက တကယ့်ကိုထူးခြားတာပဲ...ဒီရှေးဟောင်းလမ်းမပေါ်က အဆောက်အဦးတွေကို ရှေးခေတ်ပုံစံတွေအတိုင်း တုပထားပြီးတော့ ဒီကိုလာကြတဲ့ခရီးသွားအမြောက်အများက ငါတို့တိုင်းပြည်ရဲ့ သမိုင်းကြောင်းကိုလာရောက်ကြည့်ရှုကြတာပဲ...ဒါပေမဲ့မင်းလိုဝတ်စားထားတာမျိုး တစ်ခါမှမတွေ့ဖူးဘူး"
လှည်းသမားက စကားစမြည်ပြောဆိုလိုက်သည်။
ယဲ့ပိုင်သည် လှည်းသမားကိုမကြည့်ဘဲ မကြားသလိုဟန်ဆောင်လိုက်သည်။
သူ၏မျက်လုံးများက ရှေးဟောင်းလမ်း၏ ဘေးနှစ်ဖက်ဆီသို့သာ အကြည့်ရောက်နေခဲ့သည်။
တွန်းလှည်းသည် တဖြည်းဖြည်းရှေ့တိုးလာသည်နှင့်အမျှ ဂန္တဝင်လက်ရာများကို ပုံဖော်ထုဆစ်ထားသည့် အဆောက်အဦးများကို သူတို့၏နောက်၌ချန်ရစ်ကာ တရွေ့ရွေ့ထွက်ခွာလာခဲ့သည်။
ရှေးဟောင်းမြို့...
အပြင်ပန်းမှကြည့်လျှင် အလွန်ဟောင်းနွမ်းနေသော်လည်း ယဲ့ပိုင်၏အမြင်တွင်မူ ယခင်ကလိုရင်းနှီးသည့် အသွင်အပြင်ကရှိနေဆဲဖြစ်သည်။
လမ်းဘေးနှစ်ဖက်၌ စျေးဆိုင်များဖွင့်လှစ်ထားသည့် ရွာသူရွာသွား အနည်းငယ်ရှိပေသည်။
ထိုသို့တဖြည်းဖြည်းရှေ့တိုးလာရင်း လမ်းတလျှောက်တွင် ခေတ်မှီအဆောက်အဦးများနှင့် စျေးဆိုင်များကို ပို၍တွေ့မြင်လာရသည်။
"လက်လုပ်ဆွဲသီးလေးတွေနော်...တစ်ခုမှဆယ်ဒေါ်လာပဲ"
အချို့အမျိုးသမီးများက ကျယ်လောင်စွာအော်ဟစ်၍ ရောင်းချနေခဲ့ကြသည်။
"ရှေးဟောင်းမြို့တော်ရဲ့ ခရီးစဉ်မြေပုံတွေရမယ်နော်...တစ်ခုမှငါးယွမ်ပဲ...သခင်လေး ဒါလေးယူသွားမလား"
ကလေးတစ်ယောက်သည် မြေပုံတချပ်ကိုကိုင်ဆောင်ကာ လူတိုင်းအားမေးမြန်းနေခဲ့သည်။
"ဟိုတယ်မှာ အနားယူတည်းခိုချင်တဲ့သူတွေရှိလား...စျေးသက်သာပြီး သန့်ရှင်းတဲ့ဟိုတယ်အချို့ကိုမိတ်ဆက်ပေးနိုင်ပါတယ်"
ခေတ်မှီစွာဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အဒေါ်ကြီးအချို့ကလည်း ခရီးသွားများအကြားတိုးဝင်လှုပ်ရှားကာ ရံဖန်ရံခါ အော်ဟစ်ဆွဲဆောင်နေခဲ့သည်။
လှည်းပေါ်၌မှီ၍လိုက်ပါလာသည့် ယဲ့ပိုင်သည် သူ၏နားထဲ၌ ထိုသို့သောအသံများကို ကြားလိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးများ၌ ထူးခြားသည့်အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဤကမ္ဘာကြီးသည် လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်ကာ ရှေးယခင်အချိန်များသို့ မည်သည့်အခါမှ ပြန်လည်ရောက်ရှိတော့မည်မဟုတ်ပေ။အချိန်မြစ်ရေသည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှပေသည်။နှစ်ပေါင်းတစ်ရာကြာတိုင်း သူရင်းနှီးနေသောရှုခင်းများနှင့် မိတ်ဆွေများသည် ပျောက်ကွယ်သွားခဲ့ကာ သူ့အားတစ်ယောက်တည်း ချန်ထားရစ်ခဲ့ပေသည်။
ယဲ့ပိုင်သည် ထိုမြင်ကွင်းအား တိတ်ဆိတ်စွာစောင့်ကြည့်နေရင်း သူ၏အတွေးများက အဝေးတစ်နေရာဆီသို့ ပျံ့လွှင့်သွားခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်းရာချီကဆိုလျှင် ဤရှေးဟောင်းမြို့သည် အစစ်အမှန်ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ပေသည်။
လမ်းများကို အပြာရောင်ကျောက်များဖြင့် ကြွေပြားသဖွယ်ခင်းကျင်းထားကာ ရေကန်ဘေးရှိအကာအရံများကိုလည်း သဘာဝအုတ်ကျောက်များဖြင့် စီရံထားပေသည်။
ထိုနေ့သည် နွေဦးရာသီ၏ရက်တစ်ရက်ဖြစ်သည်။ရှေးဟောင်းမြို့လေးတွင် စိမ်းလန်းစိုပြည်သည့်သစ်ပင်များပြည့်နှက်နေကာ စာငှက်လေးများက ရံဖန်ရံခါပျံသန်းနေခဲ့ကြသည်။
ရှပ်အင်္ကျီအဖြူအား ဝတ်ဆင်ထားသည့်ယဲ့ပိုင်သည် ရှေးဟောင်းမြို့၏လမ်းမပေါ်၌ ငြိမ်သက်စွာဖြင့် လမ်းလျှောက်နေခဲ့သည်။
လမ်းဘေးတစ်ဖက်တစ်ချက်တွင် အဝတ်အစားများ၊သကြားလုံးများနှင့် လမ်းသွားလမ်းလာများကို ဖျော်ဖြေနေသည့် ရွာသားအချို့ရှိနေပေသည်။
ယဲ့ပိုင်၏ခြေလှမ်းများသည် ပြခန်းတစ်ခုဆီသို့ ဦးတည်လျက်ရှိပေသည်။ထိုပြခန်းတွင်း၌ ဆရာကြီးတစ်ယောက်ရှိသည်ဟု အနီးတဝိုက်တွင်ကျော်ကြားပေသည်။အမှန်တွက် ထိုဆရာကြီးဆိုသူမှာ ရိုးရိုးရှင်းရှင်းဝတ်စားထားသည့် စုတ်တံကိုင်ထားသော လူငယ်လေးတစ်ယောက်သာဖြစ်သည်။
"ဧည့်သည် မင်းပုံတူကားချပ်လိုချင်လို့လား..."
ထိုလူငယ်သည် မိန်းကလေးတစ်ယောက်၏ပုံတူပန်းချီတစ်ချပ်ကို အာရုံစိုက်ရေးဆွဲနေရာမှ ယဲ့ပိုင်ကိုမြင်သောအခါ မေးမြန်းလိုက်သည်။
ယဲ့ပိုင်သည် ပြန်မဖြေခဲ့ဘဲ တိတ်ဆိတ်စွာကြည့်ရှုနေခဲ့သည်။
လူငယ်ဖြစ်သူ၏ ပုံဆွဲစွမ်းရည်မှာ အလွန်ပင်ကောင်းမွန်လှပေသည်။ပန်းချီကားထဲရှိ မိန်းကလေးမှာ သူမ၏မျက်ခုံးမွှေးများပင် ပြုံးရွှင်နေသကဲ့သို့ အမှန်တကယ်အသက်ဝင်နေသလို ခံစားရပေသည်။
တစ်နာရီခန့်ကြာပြီးနောက်တွင် ပန်းချီကားကအဆုံးသတ်သွားခဲ့သည်။ကောင်မလေးသည် ပုံတူပန်းချီအား သဘောကျစွာကြည့်ကာ ကျေနပ်မှုအပြည့်ဖြင့် ထွက်ခွာသွားခဲ့သည်။
"ဧည့်သည်..."
လူငယ်သည် ယဲ့ပိုင်ကိုလှည့်ကြည့်ကာ အနည်းငယ်ရှုပ်ထွေးနေသည့်လေသံဖြင့် ပြောလိုက်သည်။
"ငါ့ပြောတဲ့ပုံစံအတိုင်း ပုံတူတစ်ခုကို မင်းဆွဲနိုင်လား"
ယဲ့ပိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် မေးခွန်းတစ်ခုအားမေးလိုက်သည်။
"အမှန်ပဲ...ငါမဆွဲနိုင်တဲ့ပုံတူပန်းချီဆိုတာ ဒီကမ္ဘာပေါ်မှာမရှိနိုင်ဘူး..."
လူငယ်လေးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
လူငယ်၏စကားကိုကြားပြီးနောက် ယဲ့ပိုင်၏မျက်လုံးများ၌ ထူးခြားသည့်အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့သော်လည်း သူ၏မျက်နှာပေါ်၌ မည်သည့်အပြောင်းအလဲမှ မဖြစ်ပေါ်ခဲ့ပေ။
"ကောင်းပြီလေ..."
ထိုနေ့သည် ယဲ့ပိုင်၏ဘဝတလျှောက်တွင် စကားအပြောဖူးဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။
ယဲ့ပိုင်မှတ်မိသလောက်ဆိုလျှင် ထိုလူငယ်သည် ယဲ့ပိုင်ပြောပြသည့်ပုံစံကို မှတ်မိရန်အတွက် အတတ်နိုင်ဆုံးကြိုးစားရင်း ပုံတူကိုစဆွဲခဲ့သည်။
လူငယ်လေးသည် ပုံတူဆွဲနေစဉ် မျက်တောင်တစ်ချက်လေးတောင် မခတ်ရဲဘဲ အတတ်နိုင်ဆုံးဂရုတစိုက် ရေးဆွဲခဲ့သည်။
သူသည် ထိုပန်းချီကားအား အဆုံးသတ်ရန်အတွက် အချိန်၆နာရီကျော်ကြာမြင့်ခဲ့သည်။
ပုံတူပန်းချီကို အပြီးသတ်ပြီးနောက်တွင် လူငယ်လေး၏တစ်ကိုယ်လုံးသည် ချွေးများဖြင့်နစ်ရွဲကာ ပြိုလဲလုဆဲဆဲဖြစ်နေခဲ့သည်။သို့သော်လည်း သူအပြီးသတ်ရေးဆွဲလိုက်သော လက်ရာကိုကြည့်ရင်း ယဲ့ပိုင်၏ပြီးပြည့်စုံသောမျက်နှာကို တချက်ကြည့်လိုက်ကာ ကျေနပ်စွာပြုံးလိုက်မိသည်။
"ဧည့်သည်...ဒါက မင်းရဲ့မိန်းမလား..."
လူငယ်က စိတ်ဝင်တစားမေးမြန်းလိုက်သည်။
ယဲ့ပိုင်က ပန်းချီကားကိုယူ၍ စစ်ဆေးလိုက်သည်။
"အရည်အသွေးကတော့ မဆိုးပါဘူး"
ယဲ့ပိုင်သည် လူငယ်၏မေးခွန်းကိုမဖြေဆိုဘဲ ပန်းချီကားခပေးရန် ပြင်ဆင်လိုက်သော်လည်း လူငယ်ကယဉ်ကျေးစွာ ငြင်းဆန်လိုက်သည်။
"ငါ့ဘဝမှာ ဒီလိုလှပတဲ့ပုံတူကို ဖန်တီးနိုင်ခဲ့တဲ့အတွက် အရမ်းကိုဂုဏ်ယူမိတယ်...ဧည့်သည်က ဒီလိုပထမတန်းစားလက်ရာတစ်ခုကို ပြီးမြောက်စေဖို့အတွက် ငါ့ကိုကူညီပေးခဲ့တယ်ဆိုတော့ ဘာလို့ပိုက်ဆံယူနေရမှာလဲ"
"ကောင်းပြီ..."
ယဲ့ပိုင်သည် ယဉ်ယဉ်ကျေးကျေးပြုံးပြလိုက်ကာ ပန်းချီစာရွက်ကို သိမ်းဆည်းလိုက်သည်။
"ဧည့်သည် အားလပ်တဲ့အချိန်ကျရင်ပြန်လာခဲ့ပါ...ဧည့်သည်အတွက် ပုံတူပန်းချီကိုထပ်ပြီးဆွဲပေးပါမယ်"
ယဲ့ပိုင်ထွက်ခွာတော့မည်ကိုမြင်သောအခါ လူငယ်က အော်ပြောလိုက်သည်။
"ကောင်းပြီ...အနှစ်တစ်ရာကြာရင် ငါပြန်လာခဲ့မယ်"
ယဲ့ပိုင်သည် ထိုသို့စကားတစ်ခွန်းအားချန်ထားခဲ့ကာ အေးအေးဆေးဆေးထွက်ခွာသွားခဲ့သည်။
ထိုစကားကိုကြားလိုက်ရချိန်တွင် လူငယ်လေးသည် လန့်ဖျတ်သွားခဲ့သည်။သူသည် အနှစ်တစ်ရာကြာသည်တိုင် မည်သို့အသက်ရှင်နေထိုင်ရမည်ကို မသိရှိပေ။ထို့ကြောင့်ပင် ခေါင်းကိုညင်သာစွာခါယမ်းလိုက်ရင်း ဆိုင်ထဲသို့ဝင်ကာ ဆိုင်တံခါးကိုပိတ်၍ အိပ်စက်အနားယူခဲ့သည်။
ယဲ့ပိုင်၏မှတ်ညဏ်များက ဤနေရာ၌ရပ်တန့်သွားခဲ့သည်။
ယဲ့ပိုင်သည် သူ၏အတွေးများကိုပြန်လည်ရုပ်သိမ်းလိုက်ကာ သူ့လက်ထဲမှ ပန်းချီကားအားတစ်ချက်ကြည့်၍ ရေရွတ်လိုက်သည်။
"အဲ့အဘိုးကြီး ခုချိန်ရှိနေလောက်တယ်"
လှည်းသမားသည် အချိန်အတော်ကြာသည်ထိ စကားစမြည်ပြောဆိုနေခဲ့သော်လည်း ယဲ့ပိုင်သည် စကားတစ်ခွန်းလေးတောင် ပြန်မပြောခဲ့ပေ။ထို့ကြောင့် လှည်းသမားသည်အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားမိလိုက်သည်။
သို့သော်လည်း ထိုအရာက သူ၏အကျိုးစီးပွားကို မထိခိုက်စေခဲ့ပေ။
လှည်းသမားသည် သူ၏နဖူးပေါ်မှချွေးစက်များကိုသုတ်ရင်း စကားဆက်ပြောလိုက်သည်။
"ဒီရှေးဟောင်းလမ်းက နှစ်ပေါင်းရာနဲ့ချီသမိုင်းကြောင်းကို ပိုင်ဆိုင်ထားတယ်...ဒီမှာအစားအသောက်တွေလည်းအများကြီးရှိတယ်...ရှေးဟောင်းလမ်းရဲ့အထူးခြားဆုံးကတော့ မြင်တွေ့နေကျအလှတရားတွေပဲ...အားလပ်ရက်တွေတိုင်းမှာ လူတိုင်းကအထူးဝတ်စုံတွေကိုဝတ်ပြီးတော့ သီချင်းတွေကိုသီဆိုကခုန်ကြတယ်...ဒီလိုအကပါတီတွေအပြင် နိုင်ငံခြားကနေ တကူးတကလာရောက်ရတဲ့ ရှေးဟောင်းလေလံပွဲတွေလည်းရှိတယ်"
"အင်း..."
ယဲ့ပိုင်သည် လှည်းသမား၏အဆက်မပြတ်ပြောဆိုမှုအောက်တွင် နောက်ဆုံး၌ စကားတစ်လုံးထုတ်ဖော်၍ တုံ့ပြန်ခဲ့သည်။
ထိုတုံ့ပြန်မှုကြောင့် လှည်းသမားသည် လွန်စွာပျော်ရွှင်သွားခဲ့သည်။ထိုကောင်လေးသည် သူပြောသည့်အချက်အလက်များအား စိတ်ဝင်စားသည်ဟုယူဆလိုက်ကာ ဆက်လက်ပြောဆိုလိုခဲ့သည်။
သို့သော်လည်း ယဲ့ပိုင်က သူ့အားအခွင့်အရေးမပေးခဲ့ပေ။
"အမှတ်၃၂ရှေးဟောင်းလမ်းက ဒီမှာပဲ"
ရှေ့မလှမ်းမကမ်းတွင် ပြခန်းတစ်ခုရှိပေသည်။
ပြခန်းတံခါးဝတွင် သေးငယ်သောထိုင်ခုံလေးတစ်ခုရှိကာ အသက်ခုနစ်ဆယ်ကျော် အဘိုးကြီးတစ်ဦး ထိုင်နေခဲ့သည်။
ထိုအဘိုးကြီးသည် မီးခိုးရောင်ဆံပင်များကို ပိုင်ဆိုင်ထားကာ စာကြည့်မျက်မှန်တစ်လက်အား တပ်ဆင်၍ ဆေးစုတ်တံကိုကိုင်ကာ လှပသောနွေဦးတောင်တန်းရှုခင်းပန်းချီအား ရေးဆွဲနေခဲ့သည်။