အလုပ်နှစ်ခုကို တပြိုင်နက်လုပ်ဆောင်ခြင်း
Vol. 5 Ch. 59
"သခင်...ငါမင်းရဲ့စကားလုံးတွေကို ကူးယူထားပြီးပါပြီ...ဒါပေမဲ့ တခုခုတော့လွဲချော်နေတယ်လို့ ငါအမြဲခံစားနေရတယ်"
လက်ထဲ၌ စုတ်တံကိုကိုင်ဆောင်ထားသည့် ကောင်လေးတစ်ယောက်သည် သစ်သားပြားပေါ်၌ လက်ရေးလှလေ့ကျင့်နေခဲ့သည်။အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်သည် မည်သည့်ထူးခြားမှုမှမရှိသော မျက်နှာအမူအရာဖြင့် သူ့အားကြည့်နေခဲ့သည်။ကောင်လေးသည် စာကြောင်းတစ်ကြောင်းကိုရေးပြီးနောက်တွင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းခါမိလိုက်ကာ သူ၏လက်ရေးအပေါ် မကျေမနပ်ဖြစ်နေခဲ့သည်။
"ဆက်ပြီးလေ့ကျင့်ပါ..."
လူငယ်က ပြန်ဖြေလိုက်သည်။
"သခင်...ပြီးခါနီးပြီ"
လက်ရေးလှစာတန်းပါဝင်သည့် ပန်းချီကိုကိုင်ဆောင်လာသော သက်လတ်ပိုင်းအရွယ်အမျိုးသားက သူရေးဆွဲထားသည့်ပန်းချီအား အဖြူရောင်ဝတ်စုံနှင့်လူငယ်ကို ပေးအပ်ခဲ့ပြီးနောက် သူ၏အသံက အနည်းငယ်တုန်ခါနေခဲ့သည်။
"မလုံလောက်သေးဘူး..."
ဆယ်ကျော်သက်ကောင်လေးသည် ခေါင်းခါယမ်းလိုက်ပြီး ထူးခြားမှုမရှိသည့် လေသံဖြင့်ပြောလိုက်သည်။
"သခင်...ဒီတစ်ခါတော့ ငါအကောင်းဆုံးလုပ်ခဲ့ပြီ"
ဆံပင်များဖြူနေသည့် အဘိုးအိုတစ်ယောက်သည် သူ၏စုတ်တံကိုဘေးချလိုက်ကာ လက်ရေးလှပန်းချီကားကို လှမ်းပေးလိုက်သည်။ယခုအချိန်တွင် သူ၏မျက်လုံးများက ညဏ်ပညာပြည့်ဝမှုကို ပေါ်လွင်စေခဲ့သည်။
"မဆိုးဘူး..."
အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် လက်ရေးလှပန်းချီကို ငုံကြည့်လိုက်ပြီးနောက် ညင်သာစွာခေါင်းညိတ်လိုက်သည်။
ထိုစကားကိုကြားပြီးနောက် အဘိုးအိုသည် ကလေးတစ်ယောက်လို ရွှင်မြူးသွားခဲ့သည်။သူသည် ဆယ်စုနှစ်များစွာ ပင်ပင်ပန်းပန်းလုပ်ဆောင်ခဲ့ပြီးနောက်တွင် သူ၏သခင်က အသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။
သို့သော်လည်း အဘိုးအိုအလွန်ပျော်ရွှင်နေချိန်တွင် လူငယ်ကစကားတစ်ခွန်းပြောလိုက်သည်။
"နောက်ကျရင် မင်းဆိုတဲ့ဝမ်ရှီကျစ်က လက်ရေးလှပန်းချီကားတွေကို မင်းရဲ့နာမည်တပ်ပြီး တစ်ယောက်တည်းရေးဆွဲရလိမ့်မယ်...နားလည်လား"
"သခင်...ဒါကတော်လှန်ပုန်ကန်မှုကြီးတစ်ခုပဲ...ဒီလိုမျိုးလုံးဝမလုပ်ဝံ့ပါဘူး..."
အဘိုးအို၏မျက်နှာသည် ရှုံ့မဲ့သွားခဲ့ကာ ချက်ချင်းပင်ဒူးထောက်ချလိုက်တော့သည်။
လူငယ်လေး၏အသံက အလွန်ပင်တည်ငြိမ်နေခဲ့သည်။
"နှစ်တွေဘယ်လောက်များများ ကုန်လွန်သွားတာတောင်မှ ငါကတစ်ယောက်တည်းရှင်သန်နေတုံးပဲ...အချို့သဲလွန်စတွေကို ငါကိုယ်တိုင်မဖျောက်ဖျက်ချင်ခဲ့ဘူး...ဒါကြောင့်ပြန်လည်မွေးဖွားလာတဲ့အခါတိုင်း မင်းရဲ့အမွေဆက်ခံထားတဲ့ တစ်စုံတစ်ယောက်ကို ငါရှာတွေ့လိမ့်မယ်"
ထိုစကားကိုကြားချိန်၌ အဘိုးအိုသည်လွန်စွာတုန်လှုပ်သွားခဲ့သည်။သူသည် သခင်၏စကားကို အပြည့်အဝနားမလည်သော်လည်း သခင်ဖြစ်သူ၏ဆုံးဖြတ်ချက်သည် ပြောင်းလဲသွားမည်မဟုတ်ကြောင်း သူနားလည်ထားပေသည်။ထို့ကြောင့် အချိန်အတော်ကြာပြီးတွင် အဘိုးအိုသည်သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။
"သခင်...ကျနော်နားလည်ပါပြီ"
ထို့နောက်တွင် ဝတ်ရုံဖြူဝတ်လူငယ်လေးသည် နှုတ်ဆက်ခြင်းမရှိဘဲ ကမ္ဘာနေရာအနှံ့ လျှောက်ပတ်သွားလာနေခဲ့သည်။
နောက်ပိုင်းတွင် ဝမ်ရှီကျစ်သည် ပန်းချီများကိုရေးဆွဲသည့်အချိန်တွင် တစ်ကိုယ်ကောင်းဆန်မှုကို အတိုင်းအတာတစ်ခုထိ ထိန်းသိမ်းထားခဲ့သည်။သူသည် သူ့ဘဝ၏သက်တမ်းတလျှောက်ကို သူ၏ကိုယ်ပိုင်ခြံဝင်းထဲရှိ လျှို့ဝှက်အခန်းထဲ၌ကုန်ဆုံးစေခဲ့သည်။သူသည် ယဲ့ပိုင်၏လက်ရေးလှရေးသားဟန်နှင့်ပန်းချီဆွဲဟန်တို့အား အတုယူခဲ့သော်လည်း ယဲ့ပိုင်၏စစ်မှန်သောလက်ရာများကိုမူ လျှို့ဝှက်သိမ်းဆည်းခဲ့ပေသည်။ထို့ပြင် သူကိုယ်ပိုင်တံဆိပ်အား မရိုက်နှိပ်ခဲ့သည့် လက်ရာများစွာကိုလည်း ချန်ထားရစ်ခဲ့သည်။
အချိန်ကာလက တဖြည်းဖြည်းရွေ့လျားလာကာ နှစ်ပေါင်း၁၀၀၀ကုန်ဆုံးသွားခဲ့သည်။
ယဲ့ပိုင်သည် ထိုအကြောင်းကိုသိရှိထားပြီးဖြစ်သော်လည်း ကိုင်တွယ်ဖြေရှင်းရန် မလုပ်ဆောင်ခဲ့ပေ။ထိုစဉ်က သူသည်ခွန်းလွန်တောင်၌ နေထိုင်ခဲ့သည်။
လွန်ခဲ့သည့်နှစ်ပေါင်းရှစ်ဆယ်က သူသည်ဤနေရာသို့တခေါက်ရောက်ခဲ့သေးသည်။အချိန်ကာလသည် နှစ်ပေါင်း၁၀၀၀ကုန်လွန်သွားပြီးနောက် လက်ရေးလှစာတန်းများနှင့် ပန်းချီကားများကို တံဆိပ်ခပ်နှိပ်ခြင်း မလုပ်ဆောင်ထားသေးပေ။ယဲ့ပိုင်၏အမြင်တွင် ထိုအရာများအား ဖျက်ဆီးရခြင်းသည် နှမြောစရာဟုခံစားမိ၍ ဤအတိုင်းသာထားရစ်ခဲ့သည်။
နှစ်ပေါင်းရှစ်ဆယ်ကြာပြီးနောက် သူကဤနေရာသို့ တဖန်ပြန်လည်ရောက်ရှိလာခဲ့သည်။
ပြခန်းထဲတွင် ယဲ့ပိုင်က ငြိမ်သက်စွာရပ်နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်တွင် သူ၏အတွေးများက လွန်ခဲ့သောနှစ်ပေါင်းထောင်ချီမှ ပြန်လည်ရောက်ရှိလာခဲ့သည်။ယဲ့ပိုင်သည် ပြခန်းနံရံ၌ချိတ်ဆွဲထားသော လက်ရေးလှစာတန်းများနှင့် ပန်းချီများကိုကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။
"ဒီလက်ရေးလှစာတန်းတွေနဲ့ပန်းချီကားတွေက ငါ့နာမည်မရေးထိုးထားဘူးဆိုတော့ ရှီကျစ်ရဲလက်ရာတွေဖြစ်နေခဲ့ပီ...အရင်ကလက်ရာတွေအများစုကိုလည်း နောက်ပိုင်းမျိုးဆက်တွေက ခွဲခြားမှုလုပ်ခဲ့ပြီးပြီ...နှစ်တွေလည်းတော်တော်လေးကြာခဲ့ပါပြီ...ဒါတွေကိုဒီတိုင်းပဲထားလိုက်တော့မယ်...အရာအားလုံးကကံကြမ္မာအလိုကျပေါ့...နောက်ပိုင်းကျပြန်ပြီး ရိုးရိုးရှင်းရှင်းထွက်ပေါ်လာကြပါစေ"
နောက်တစ်နေ့မနက်....
ကောင်ကင်၌ အလင်းရောင်ထွက်ပေါ်လာချိန်တွင် ဝမ်ကူသည် အခန်းထဲမှနေ၍ ပြန်ထွက်လာခဲ့သည်။သူ၏လက်ထဲတွင် လက်ရေးလှစာတန်းနှင့်ပန်းချီကားကို ကိုင်ဆောင်ထားဆဲဖြစ်ကာ ၎င်းတို့အားမပျက်စီးစေရန် ဂရုတစိုက်လှုပ်ရှားနေရသည်။
သူ့ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများက မနေ့ကပုံစံအတိုင်းရှိနေဆဲဖြစ်သည်။သူ၏မျက်လုံးများတွင်လည်း မနေ့ကကဲ့သို့ စာကြည့်မျက်မှန်ကို တပ်ဆင်ထားဆဲဖြစ်သည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် သူသည်ကျောက်မျက်ရတနာပုံပေါ် ရောက်ရှိနေသကဲ့သို့ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံးနီရဲနေခဲ့သည်။သို့သော်လည်း သူ၏မျက်လုံးများကသွေးရောင်လွှမ်းနေပြီး မျက်တွင်းကျနေပေရာ မနေ့ညကတစ်ညလုံး ကောင်းကောင်းမအိပ်ခဲ့ရကြောင်း ညွန်ပြနေခဲ့သည်။
ထို့နောက်သူသည် ပြခန်း၏နောက်ဖေးတံခါးကို ဖွင့်လိုက်သည်။
ယခုတစ်ကြိမ်တွင် ဝမ်ကူသည် ယဲ့ပိုင်၏နောက်ကျောကို တွေ့မြင်လိုက်ချိန်တွင် မနေ့ကလို ရိုင်းရိုင်းစိုင်းစိုင်းပြုမူဝံ့ခြင်းမရှိတော့ပေ။
သို့သော်လည်း သူ၏နှလုံးခုန်သံကို ရပ်တန့်နိုင်စွမ်းမရှိခဲ့ပေ။
"ဧည့်သည်...ဒီလက်ရေးလှနဲ့ပန်းချီကို မင်းကိုယ်တိုင်ရေးဆွဲခဲ့တာလား"
သူ၏လေသံက အလွန်ပင်လေးနက်နေခဲ့သည်။
"ဟုတ်တယ်..."
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။
"ဒါက မယုံနိုင်စရာပဲ...ဒါကတကယ့်ကိုမယုံနိုင်စရာပဲ...ငါသာကိုယ့်မျက်စိနဲ့ကိုယ်မမြင်ရရင် ဒီလိုအခြေအနေမျိုးကို ဘယ်တော့မှစိတ်ကူးယဉ်မိမှာမဟုတ်ဘူး...ဒီလိုလက်ရေးလှနဲ့ပန်းချီကားကို အပြင်မှချိတ်ဆွဲထားလိုက်ရင် ကြီးမားတဲ့တုန်လှုပ်ခြောက်ခြားမှုကို ဖြစ်စေရမယ်လို့ ငါအာမခံနိုင်တယ်..."
ယဲ့ပိုင်ထံမှ အပြုသဘောဆောင်သည့်အဖြေကို ရရှိပြီးနောက်တွင် ဝမ်ကူသည် ကလေးတစ်ယောက်သဖွယ် အလွန်ပင်ပျော်ရွှင်နေခဲ့သည်။
နောက်တွင် သူသည်ပြခန်းထဲ၌ ဘောင်တစ်ခုအား တွေ့ရှိလိုက်သည်။ဝမ်ကူ၏အမူအရာသည် ပျော်ရွှင်မှုမှ လေးနက်မှုအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားခဲ့ကာ သူ၏မျက်လုံးများက ဤပန်းချီကားနှင့်လက်ရေးလှကို အလှဆင်ရာ၌ အပြည့်အဝအာရုံစိုက်ထားခဲ့သည်။မည်သို့ပင်ဆိုစေ ဤအရာများအားရေးဆွဲခဲ့သူသည် လက်ရေးလှနှင့်ပန်းချီကားများထက် ပို၍အဖိုးတန်ကြောင်း သူလုံးဝမသိခဲ့ပေ။
နာရီဝက်ခန့်ကြာပြီးနောက်....
လက်ရေးလှနှင့်ပန်းချီကားကို အလှဆင်ထားပြီးပြီဖြစ်သည်။
ဝမ်ကူသည် ပြခန်းတံခါးကို စိတ်လှုပ်ရှားစွာ ဖွင့်လှစ်လိုက်သည်။
"သစ်ခွပွဲကြည့်စင်၏နိဒါန်း"ဟူသော လက်ရေးလှစာတန်းနှင့် ပန်းချီကားကို ပြခန်းအဝင်ဝ၌ တပြိုင်နက်တည်း ချိတ်ဆွဲထားခဲ့ပေသည်။
ယနေ့တွင်သူသည် ယခင်ကလို စုတ်တံကိုင်၍ ပန်းချီမဆွဲတော့ပေ။ထို့အစား ဝါးကုလားထိုင်လေးကို လက်ရေးလှစာတန်းနှင့်ပန်းချီကားဘေးနားတွင် နေရာချ၍ ထိုင်ချလိုက်သည်။ထို့နောက် ဤပန်းချီကားနှင့်လက်ရေးလှကို သဘောကျနှစ်ခြိုက်မည့်သူများ ရောက်လာလိမ့်မည်ဟု မျှော်လင့်၍ လမ်းသွားလမ်းလာများအား စိုက်ကြည့်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးထောင့်စွန်းက စူးရှတောက်ပနေခဲ့ကာ ထိုအရာနှစ်ခုအား မကြာခဏဆိုသလို အကြည့်ရောက်နေခဲ့သည်။ဤအရာနှစ်ခုသည် လွန်စွာအဖိုးတန်သည့်အရာများဖြစ်ပေရာ လေထုထဲ၌အချိန်မရွေး ပျောက်ကွယ်သွားမည်ကို သူစိုးရိမ်နေ၍ဖြစ်သည်။
မနက်စောစောအချိန်၌ တောက်ပသည့်မနက်ခင်းအလင်းရောင်သည် ကောင်းကင်ထက်မှ ကျဆင်းလာခဲ့သည်။
နေရောင်ခြည်သည် ရှေးဟောင်းမြို့၏လမ်းများပေါ်နှင့် စဉ့်ကြွေပြားများပေါ်၌ဖြာကျနေခဲ့ကာ တိတ်ဆိတ်ငြိမ်းချမ်းသော ရှုခင်းကိုထင်ဟပ်စေခဲ့သည်။
ထိုသို့ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ရှေးဟောင်းမြို့သည် ခရီးသွားမြို့တစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။နံနက်ခင်းစောစောတွင်ပင် ခရီးသွားဧည့်သည်များ ပြတ်လတ်ခြင်းမရှိခဲ့ပေ။
လမ်းမပေါ်၌ မရေမတွက်နိုင်သော အမျိုးသား၊အမျိုးသမီးများ ရယ်ရယ်မောမောသွားလာလှုပ်ရှားနေကြသည်။
သို့သော်လည်း ပြခန်းအဝင်ဝ၌ လက်ရေးလှစာတန်းနှင့်ပန်းချီကားနှစ်ခုအား ထုတ်ဖော်ပြသပြီးနောက်တွင်ပင် ဝမ်ကူမျှော်လင့်ထားသလို ဖြစ်ပေါ်မလာခဲ့ပေ။
အချိန်များ တဖြည်းဖြည်းကုန်လွန်လာသည်နှင့် ပန်းပွင့်ဝတ်စုံဝတ်ဆင်ထားသည့် မိန်းမပျိုလေးတစ်ယောက်က ပထမဆုံးရပ်တန့်သွားခဲ့သည်။
သူမသည် လက်ရေးလှစာတန်းနှင့်ပန်းချီကားရှေ့၌ရပ်ကာ သေသေချာချာစိုက်ကြည့်နေသည့်အတွက် ဝမ်ကူ၏အမူအရာသည် ပြေလျော့သွားခဲ့ကာ သူမအားကျွမ်းကျင်သူတစ်ယောက်အဖြစ် သတ်မှတ်၍ ရှင်းပြရန်ပြင်ဆင်ခဲ့သည်။သို့သော်လည်း ကောင်မလေးသည် သူမ၏ဖုန်းကိုထုတ်ယူ၍ ဓာတ်ပုံနှစ်ပုံရိုက်ပြီးနောက် ချက်ချင်းထွက်ခွာသွားခဲ့သည်။
ဒုတိယရောက်ရှိလာသူမှာ သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ဖြစ်သည်။သူသည် လက်နှစ်ဖက်အားနောက်ကျောပိုက်ထားကာ သူ၏မျက်လုံးများက အလင်းရောင်တောက်ပနေခဲ့သည်။
သူသည် လက်ရေးလှစာတန်းနှင့်ပန်းချီကားအနီးသို့ ချည်းကပ်လာကာ သေသေချာချာစစ်ဆေးနေခဲ့သည်။
ဝမ်ကူ၏အမြင်တွင် ထိုလူကြီးသည် ပန်းချီကားများအကြောင်းကို သေချာသိရှိသူဖြစ်ကြောင်း မှတ်ယူလိုက်ပြီး စကားပြောဆွေးနွေးရန် အစပြုလိုက်သည်။
သို့သော်လည်း ထိုလူကြီးသည် ရုတ်တရက်ခေါင်းခါယမ်းလိုက်ပြီး ပန်းချီကားများကိုထပ်မကြည့်တော့ဘဲ နောက်သို့လှည့်ထွက်သွားခဲ့သည်။သူသည် ခြေလှမ်းဆယ်လှမ်းခန့် လျှောက်အပြီးတွင် ပဟေဠိဆန်သောလေသံဖြင့် ရေရွတ်လိုက်သည်။
"ဒီပြခန်းက စီးပွားရေးကိုဒီလိုလုပ်နေတာလား...သူတို့ကဒီလိုဘာမှမဟုတ်တဲ့ဟာတွေကို ပိုက်ဆံနဲ့ရောင်းချင်နေတာလား..ဟမ့် ငါရေးတာတောင်သူတို့ထက်ပိုကောင်းအုံးမယ်"
ဝမ်ကူသည် ထိုစကားကိုကြားသောအခါတွင် သူ၏မျက်နှာပေါ်ရှိကြွက်သားများက တုန်ခါသွားခဲ့ကာ သူ၏နှလုံးသားကဒေါသကြောင့် ပေါက်ကွဲလုမတတ်ဖြစ်သွားခဲ့သည်။
တတိယရောက်ရှိလာသူမှာ အဘိုးကြီးတစ်ယောက်ဖြစ်သည်။သူသည် ကြင်နာသောအပြုံးတစ်ခုကို ဖော်ဆောင်ထားသော်လည်း သူ့ထံတွင်သွားအနည်းငယ်မရှိတော့ပေရာ အနည်းငယ်ထူးဆန်း၍ ရယ်ရွှင်ဖွယ်ကောင်းပေသည်။
သူသည် လက်ရေးလှစာတန်းနှင့်ပန်းချီကားထံလျှောက်လာကာ ငုတ်တုတ်ထိုင်ချ၍ ဂရုတစိုက်ကြည့်ရှုနေခဲ့သည်။
"ဧည့်သည်...ဒီလက်ရေးလှစာလုံးတွေရဲ့ မူလအစက တကယ်ကိုမရိုးရှင်းဘူး..."
ဝမ်ကူသည် ထိုမြင်ကွင်းကိုကြည့်၍ အခွင့်အရေးတစ်ခုသဖွယ် သတ်မှတ်ကာရှင်းပြလိုက်သည်။
"သူငယ်ချင်းလေး...ဒီလူကြီးကစာမတတ်ဘူးဆိုတော့ မင်းရေးထားတာကိုဘယ်လိုသိနိုင်မှာလဲ...ဒီစကားလုံးတွေက လိမ်ကောက်နေပြီး ထူးဆန်းနေတယ်...ဒီလိုဟာတွေနဲ့ဆိုရင် မင်းရဲ့စီးပွားရေးကအရမ်းအဆင်မပြေနိုင်ဘူး...ဒီဟာနှစ်ခုကိုဖယ်ထုတ်လိုက်ဖို့ ငါအကြံပေးတယ်...မဟုတ်ရင်မင်းရဲ့စီးပွားရေးက ကျဆင်းသွားလိမ့်မယ်"
အဘိုးအိုသည် ထိုသို့အကြံပေးပြီးနောက် ပညာရှင်တစ်ယောက်လို ပြုံးပြလိုက်ကာ သွေးအန်လုနီးပါးဖြစ်နေသော ဝမ်ကူကိုကြည့်၍ နောက်လှည့်ထွက်ခွာသွားခဲ့သည်။
၃နာရီခန့်ကြာမြင့်သွားသော်လည်း ဤလက်ရာနှစ်ခုအား မှတ်မိနိုင်သူမရှိသေးပေ။
ကမ္ဘာကြီးတိုးတက်ပြောင်းလဲလာမှုနှင့်အတူ ခရီးသွားအများစုသည် ဖက်ရှင်ကိုသာ အာရုံစိုက်လာကြသည်။ဤအရာသည် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်ကာ လက်ရေးလှနှင့်ပန်းချီကားကို မည်သူကမှဂရုမစိုက်ကြတော့ပေ။
ဝမ်ကူသည် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး လက်ရေးလှနှင့်ပန်းချီကားများကို ပြန်လည်သိမ်းဆည်းတော့မည့်အချိန်တွင် တစ်ဖက်ရှိရှေးဟောင်းပစ္စည်းဆိုင်မှ လူ၃ယောက်ထွက်ပေါ်လာခဲ့သည်။
သူတို့၏မျက်နှာသည် အေးစက်နေကာ အားမာန်အပြည့်ဖြင့် ဝမ်ကူဆီသို့ တန်းတန်းမတ်မတ်ရောက်ရှိလာခဲ့ကြသည်။
သူတို့၃ယောက်အား တွေ့မြင်လိုက်ရချိန်တွင် ဝမ်ကူသည် ထိတ်လန့်သွားခဲ့ကာ ပန်းချီကားနှင့်လက်ရေးလှစာတန်းအား သူ၏ကလေးနှစ်ယောက်သဖွယ် စောင့်ရှောက်ထားလိုက်သည်။
ရှေ့ဆုံးမှလျှောက်လာနေသော အဘိုးအိုသည် စကားစပြောရန်ကြံလိုက်သော်လည်း လက်ရေးလှနှင့်ပန်းချီကားထံ အကြည့်ရောက်သွားချိန်တွင် သူ၏ခန္ဓာကိုယ်က တုန်ခါသွားခဲ့ကာ သူ၏မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။သူ၏ခန္ဓာကိုယ်ပေါ်၌ မူလကထွက်ပေါ်နေသည့် ကြီးစိုးခြယ်လှယ်နိုင်သော အရှိန်အဝါသည် ချက်ချင်းပျောက်ကွယ်သွားကာ အံ့သြတုန်လှုပ်နေသည့်ခံစားချက်က လှိုင်းလုံးကြီးသဖွယ် တိုးဝင်လာခဲ့သည်။
ပြခန်းထဲရှိ စားပွဲတစ်ခု၌ ငြိမ်သက်စွာထိုင်နေသောယဲ့ပိုင်သည် ခန်းမအပြင်ဘက်ရှိ ခရီးသွားများကို ကြည့်ရှုနေသည်ဖြစ်ရာ အပြင်ဘက်ရှိဖြစ်ရပ်အား သဘာဝကျစွာဖြင့် သတိထားမိလေသည်။
သို့သော် သူ၏မျက်လုံးထဲ၌ ပျော်ရွှင်မှုနှင့်စိုးရိမ်မှုများကို မခံစားမိဘဲ ထိုလက်ရေးလှနှင့်ပန်းချီကားသည် သူနှင့်လုံးလုံးမသက်ဆိုင်သကဲ့သို့ အလွန်ပင်အေးဆေးကာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။