← Chapters

စျေးနှုန်းကမ်းလှမ်းခြင်း

Vol. 5 Ch. 60

စျေးနှုန်းကမ်းလှမ်းခြင်း

Vol. 5 Ch. 60

ထိုလူသုံးယောက်ကိုမြင်သောအခါ ဝမ်ကူ၏မျက်နှာသည် သိသိသာသာပြောင်းလဲသွားခဲ့သည်။

သူသည် လက်ရေးလှစာတန်းနှင့် ပန်းချီကားကို အလျင်စလိုဖုံးအုပ်ရင်း အော်ဟစ်လိုက်သည်။

"ငါ့ဆိုင်ကိုမရောင်းဘူးလို့ ငါဘယ်နှစ်ခါပြောရမှာလဲ...မနေ့ကပဲ ငါ့အဘိုးကြီးက ဆိုင်ကိုအခြားတစ်ယောက်ဆီလွဲပြောင်းပြီးပြီ...မင်းဘယ်လောက်ပြောပြော အသုံးမဝင်တော့ဘူး"

သူသည် ထိုသို့အော်ဟစ်ခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။ဝမ်ကူသည် ထိုလူသုံးယောက်အား ကြည့်လိုက်ချိန်တွင် ရှေ့ဆုံး၌ရပ်နေသောဝူစန်းရီ၏ ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်နေကြောင်း တွေ့လိုက်ရသည်။

နောက်ကွယ်မှ လူငယ်နှစ်ယောက်ဖြစ်သော ကျန်းချီထျန်းနှင့်ဖန်ရှန့်ချန်တို့၏မျက်လုံးများကလည်း ပို၍ပင်တောက်ပနေခဲ့သည်။

"အဘိုးကြီးဝမ်...မင်းရဲ့လက်ရေးလှစာတန်းနဲ့ပန်းချီကားက ဘယ်ကရလာတာလဲ...ဒါကတကယ်ကြည့်ကောင်းတာပဲ"

ဝူစန်းရီသည် ထိတ်လန့်တုန်လှုပ်နေသော်လည်း ဝမ်ကူ၏ရှုပ်ထွေးနေသော အကြည့်များကို သတိထားမိပြီးနောက် ချက်ချင်းမေးမြန်းလိုက်သည်။

ဝမ်ကူသည် အိမ်ထောင်မပြုရသေးသာ မိန်းမပျိုတယောက်သဖွယ် အလွန်သတိထားနေသည့်လေသံဖြင့် ပြောလိုက်သည်။

"ဒါတွေကို မင်းသိစရာမလိုပါဘူး"

"အဟွတ်...အဟွတ်"

ဝူစန်းရီသည် နှစ်ကြိမ်ခန့်ချောင်းဟန့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

"အဘိုးကြီးဝမ်...ငါကရှေးဟောင်းပစ္စည်းတွေ အရောင်းအဝယ်လုပ်တယ်...ပြီးတော့ လက်ရေးလှစာတန်းတွေ၊ပန်းချီကားတွေလို ရှေးဟောင်းပစ္စည်းတွေအားလုံးကို ငါကတော်တော်လေးနက်နက်ရှိင်းရှိင်းလေ့လာထားတယ်...ငါကဒီနယ်ပယ်မှာအထူးပြုတဲ့ ကျွမ်းကျင်ပညာရှင်တွေထက် မနိမ့်ကျဘူး...ဒီလက်ရာနှစ်ခုက ငါ့အတွက်အရမ်းကိုအဆင့်အတန်းမြင့်မားလွန်းတယ်...မင်းက ဝမ်ရှီကျစ်ရဲ့လက်ရာကို အတုယူပြီး ပြန်လည်ရေးဆွဲထားတာ ဖြစ်နိုင်မလား"

"ဟုတ်တယ်...ဒါကဝမ်ရှီကျစ်ရဲ့ လက်ရာနဲ့အတူတူပဲ"

ကျန်းချီထျန်းက ကမန်းကတမ်းဝင်ရောက်ပြောဆိုလိုက်သည်။

"အဘိုးကြီးဝမ်က တကယ်တော်တာပဲ...ဘာလို့ဒီလိုအရည်အချင်းမျိုးကို လျှို့ဝှက်ထားရတာလဲ"

ဖန်ရှန့်ချန်ကလည်း စတင်ချီးမွမ်းလာခဲ့သည်။

သို့သော်လည်း ထိုစကားများအားပြောချိန်တွင် သူတို့၏နှလုံးသားထဲ၌ ကွဲပြားသည့်ခံစားချက်များ ဖြစ်ပေါ်နေခဲ့သည်။

သူတို့သည် ဝမ်ရှီကျစ်၏ဂူသချိုင်းကိစ္စနှင့်ပတ်သက်၍ ဤရှေးဟောင်းမြို့သို့ရောက်ရှိလာခြင်းဖြစ်သည်။ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် သူတို့သည်လုံလောက်သောပြင်ဆင်မှုများကို ပြုလုပ်ခဲ့ကြရပြီး ဝမ်ရှီကျစ်၏လက်ရာများနှင့်ပတ်သက်၍ နက်နက်နဲနဲသုတေသနပြုလုပ်ခဲ့ကြသည်။

ပြခန်းအဝင်ဝ၌ ဝမ်ကူချိတ်ဆွဲထားသော လက်ရေးလှပန်းချီကားသည် ဝမ်ရှီကျစ်၏လက်ရာနှင့် အလွန်ဆင်တူပေသည်။ယခုလိုပြခန်းငယ်မျိုး၌ ဤသို့လက်ရေးလှပန်းချီကားကို တွေ့မြင်ရသည်မှာ သူတို့အတွက်အလွန်ထူးဆန်းလှပေသည်။

သူတို့၃ယောက်သည် ဤစကားများကိုပြောဆိုနေချိန်၌ အနည်းငယ်ထိတ်လန့်နေခဲ့ကြသည်။ဤအဘိုးကြီးသည် ဝမ်ရှီကျစ်၏ဂူသချိုင်းအားတွေ့ရှိတူးဖော်လိုက်၍ ဤလက်ရာကိုရှာတွေ့ခဲ့ခြင်းလား...

"ဒါက စစ်မှန်တဲ့လက်ရာတစ်ခုပဲ...ငါကပုံတူရေးဆွဲတာကိုကျွမ်းကျင်နေရင် ဘာလို့ခုလိုပန်းချီဆက်ဆွဲနေအုံးမှာလား..."

ဝမ်ကူသည် ဤလူသုံးယောက်၏ပုံစံကို သဘောမကျသော်လည်း လက်ရေးလှပန်းချီ၏တန်ဖိုးကိုသိရှိနေကြသည့်အတွက် ဝမ်ကူက ဂုဏ်ယူဝင့်ကြွားစွာပြောဆိုလိုက်သည်။

ဝူစန်းရီသည် ဝမ်ကူ၏စကားကြောင့် မျက်မှောင်ကြုတ်မိလိုက်ကာ အနည်းငယ်စိတ်ရှုပ်ထွေးနေသော လေသံဖြင့်ပြောလိုက်သည်။

"အဘိုးကြီးဝမ်...မင်းဘာတွေပြောနေတာလဲ...မင်းရဲ့ပစ္စည်းတွေကို ငါတို့ခိုးယူသွားမှာမင်းကြောက်နေတာလား...ငါအကြံတစ်ခုပေးမယ်...ငါတို့ကရှေးဟောင်းပစ္စည်းတွေကိုရောင်းဝယ်တာလေ...မင်းရဲ့လက်ရေးလှပန်းချီကားကို ငါတို့ဆီရောင်းလိုက်...မင်းအဆင်ပြေမယ့်စျေးကိုပြောလို့ရတယ်"

ဝမ်ကူသည် ထိုလူသုံးယောက်အား အထင်အမြင်သေးစွာ စိုက်ကြည့်လိုက်သည်။သူအလိုရှိသည်မှာ သေချာသည့်အထောက်အထားဖြစ်ကာ ငွေကြေးများကိုအလိုမရှိပေ။ထို့ကြောင့် ချက်ချင်းပင် ငြင်းဆန်စကားဆိုလိုက်သည်။

"ဒါက ငါတို့ဆိုင်ရဲ့အဖိုးတန်ဆုံးစုဆောင်းမှုတစ်ခုပဲ...မင်းတို့ပိုက်ဆံဘယ်လောက်ပေးနေပါစေ မရောင်းနိုင်ဘူး...ဒါကငါတို့ဘိုးဘေးတွေလက်ထက်ကတည်းက ထိန်းသိမ်းလာတဲ့အရာတစ်ခုပဲ...မင်းတို့တွေအတင့်မရဲကြနဲ့...ဒါသာပျက်စီးသွားရင် မင်းတို့လျော်နိုင်မှာမဟုတ်ဘူး"

ဘိုးဘေးတွေကပေးခဲ့တာ...အဲ့ဒါဝမ်ရှီကျစ်လား...

ဝမ်ကူ၏စကားကိုနားထောင်ပြီးနောက် ဝူစန်းရီသည် အလွန်ပင်ဝမ်းသာသွားခဲ့သည်။

ဝမ်ကူသည် ထိုစကားများအား မရည်ရွယ်ဘဲပြောလိုက်သော်လည်း နားထောင်သူက ရည်ရွယ်ချက်ရှိပေသည်။ဝမ်ကူ၏ရိုးရှင်းသောစကားလုံးများက အချက်အလက်များစွာကို ဖော်ပြနေခဲ့သည်။

ပထမဆုံးအနေဖြင့် ဤလူအိုကြီး၏စကားမှတဆင့် သူ၏ခြံဝင်းအောက်၌ ရှေးဟောင်းဂူသချိုင်းတစ်ခုရှိကြောင်း ဝူစန်းရီအတည်ပြုနိုင်ခဲ့သည်။ထို့ပြင် အရေးအကြီးဆုံးအချက်မှာ ဤလူအိုကြီးနှစ်ယောက်သည် ပြခန်းအားအခြားတစ်ယောက်ထံ လွဲပြောင်းပြီးပြီဟုဆိုလာ၍ ထိုလူအိုကြီးများနှင့်ထပ်မံဆက်သွယ်ရန် မလိုအပ်တော့ခြင်းဖြစ်သည်။

"အဘိုးကြီးဝမ်...မင်းမရောင်းတော့ ဘာဖြစ်မှာမလို့လဲ...ဒါကအစစ်အမှန်မဟုတ်မှတော့ ပိုက်ဆံအများကြီးပေးစရာမလိုတော့ဘူးပေါ့...ဒါဆို ဒီပြခန်းကိုဘယ်သူ့ဆီလွဲပြောင်းပေးလိုက်လဲဆိုတာ ငါ့ကိုပြောပြပါအုံး...သူ့ဆီကနေပြီး ပြခန်းကိုတဆင့်ဝယ်လို့ အဆင်ပြေနိုင်မလား"

ဝူစန်းရီ၏အကြည့်များက စူးရှသွားကာ ဝမ်ကူအားမေးမြန်းလိုက်သည်။

"ပြခန်းပိုင်ရှင်က ဟိုမှာပဲ"

ဝူစန်းရီ၏စကားကိုနားထောင်ပြီးနောက် ဝမ်ကူသည် ပြဿနာအနည်းငယ်ရှိနေသည်ဟု ခံစားမိလိုက်သည်။သို့သော်လည်း သူသည် ပြခန်းတွင်းရှိ စားပွဲ၌ထိုင်နေသေည ယဲ့ပိုင်အား ညွန်ပြလိုက်သည်။

ဝူစန်းရီ ၊ ကျန်းချီထျန်းနှင့်ဖန်ရှန့်ချန်တို့သည် ပြခန်းထဲသို ချက်ချင်းလှမ်းကြည့်မိလိုက်ကြသည်။

သူတို့သည် စားပွဲ၌ထိုင်နေသော ဝတ်စုံဖြူဝတ်လူငယ်ကို သတိထားမိလိုက်ကြသည့်အချိန်တွင် ချက်ချင်းပင်မျက်မှောင်ကြုတ်မိလိုက်ကြသည်။

"အဘိုးကြီးဝမ်...မင်းနောက်နေတာလား...ဘာလို့ဒီဆိုင်ကိုသူ့ကိုရောင်းလိုက်တာလဲ...သူကဘယ်လောက်တောင်ပေးခဲ့လို့လဲ"

ဝူစန်းရီသည် စိတ်မထိန်းနိုင်ဖြစ်ကာ မေးမြန်းလိုက်သည်။

ဝူစန်းရီ၏စကားအဆုံးတွင် ယဲ့ပိုင်၏အသံက တိုးတိုးလေးထွက်ပေါ်လာခဲ့သည်။

"ဒီဆိုင်ကငါ့ဆိုင်ပဲ...မင်းတို့၃ယောက် ဒီကိုလာရတဲ့အကြောင်းရင်းကို ငါသိထားတယ်"

ဝူစန်းရီ၏မျက်နှာအမူအရာသည် ရုတ်ချည်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

ကျန်းချီထျန်းနှင့်ဖန်ရှန့်ချန်တို့သည်လည်း ယဲ့ပိုင်၏စကားကိုကြားလိုက်ရချိန်၌ လွန်စွာထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

ဝမ်ကူသည်ကား သူ၏မျက်နှာပေါ်၌ နားမလည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"မင်းကဘယ်သူလဲ..."

ဝူစန်းရီသည် အနည်းငယ်စိတ်မသက်မသာဖြစ်ကာ ယဲ့ပိုင်အား ထူးဆန်းစွာစိုက်ကြည့်လိုက်သည်။

ကျန်းချီထျန်းနှင့်ဖန်ရှန့်ချန်တို့သည်လည်း ဤအခြေအနေကိုတုံ့ပြန်သည့်အနေဖြင့် သူတို့၏အရှိန်အဟုန်များကို ထုတ်ဖော်လိုက်ကြပြီး ခြိမ်းခြောက်နေသကဲ့သို့ ဟန်ဆောင်ကာ ယဲ့ပိုင်အားစိုက်ကြည့်လိုက်ကြသည်။

"အထဲဝင်ခဲ့ကြ..."

ယဲ့ပိုင်သည် စားပွဲဝိုင်း၌ထိုင်နေဆဲဖြစ်ကာ ထူးခြားမှုမရှိသည့်ဟန်ပန်ဖြင့် အေးအေးဆေးဆေးပြောလိုက်သည်။

ဝူစန်းရီတို့၃ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း သူတို့မျက်လုံးများ၌ ရှုပ်ထွေးသောအရိပ်အယောင်များ ဖြစ်ပေါ်လာသည်ကို သတိထားမိလိုက်ကြသည်။

"ဝင်ကြည့်ကြတာပေါ့..."

သူတို့၃ယောက်သည် ပြခန်းထဲသို့ဝင်လိုက်ချိန်တွင် ပြခန်းတံခါးသည် အလိုအလျောက် တရွတ်တိုက်ပိတ်ဆို့သွားခဲ့သည်။

ဝူစန်းရီက ပြခန်းတံခါးကို ဝမ်ကူပိတ်လိုက်သည်ဟုယူဆ၍ ဂရုမစိုက်ခဲ့ပေ။သို့သော်လည်း ဝမ်ကူကိုယ်တိုင်က ဝမ်စန်းရီတံခါးပိတ်လိုက်သည်ဟု ယူဆထားသည်ကို ဝမ်စန်းရီမသိလိုက်ပေ။

ပြခန်းထဲရှိ နံရံများတွင် လှပသော ပန်းချီကားများနှင့် အခြားသောရှေးဟောင်းပစ္စည်းများအပြည့်ချိတ်ဆွဲထားကာ အနုပညာအငွေ့အသက်အပြည့်ကို ရရှိပေသည်။

သို့သော်လည်း ဤလူသုံးယောက်သည် ထိုအနုပညာများကို ခံစားရန်အတွက် ရည်ရွယ်ချက်လုံးဝမရှိပေ။အထူးသဖြင့် ဝူစန်းရီ၏အမူအရာသည် ဆိုးရွားနေခဲ့သည်။

"ညီလေး...မင်းဘာတွေပြောနေတာလဲ...မင်းဒီဆိုင်ကိုရဖို့ဘယ်လောက်ကုန်သွားလဲဆိုတာ ငါသိချင်တယ်...ငါနှစ်ဆပေးမယ်ကွာ...ငါ့ရဲ့ရှေးဟောင်းပစ္စည်းဆိုင်ကို တိုးချဲ့ချင်တယ်ဆိုရင် ဒါကအသင့်တော်ဆုံးနေရာပဲ"

"မင်းသာ စဉ်းစားဆင်ခြင်တတ်ရင် ရောင်းလိုက်သင့်တယ်"

ကျန်းချီထျန်းက လက်နှစ်ဖက်ကိုပိုက်၍ ခြိမ်းခြောက်လိုက်သည်။

ဖန်ရှန့်ချန်ကလည်း ဝင်ရောက်ဖျောင်းဖြလိုက်သည်။

"ဟုတ်တယ်ညီလေး...မင်းရဲ့ပုံစံကိုကြည့်ရတာ ဒီရှေးဟောင်းမြို့ကမဟုတ်လောက်ဘူး...ဒီနေရာမှာရေစီးကြောင်းတွေကအရမ်းနက်လွန်းတယ်...မင်းသာသတိမထားရင် ရေထဲနစ်သွားလိမ့်မယ်...ငါတို့ကမင်းကိုကူညီပေးနေတာပါ"

ပြခန်းထဲ၌ လူသုံးယောက်၏စကားသံများ ကျယ်လောင်စွာထွက်ပေါ်လာချိန်၌ ပတ်ဝန်းကျင်လေထုက ပိုမိုအေးစက်လာခဲ့သည်။

ထိုခဏတွင် လေထုအခြေအနေက လုံးဝတိတ်ဆိတ်နေခဲ့သည်၊

ထိုအခိုက်အတန့်တွင် ယဲ့ပိုင်သည် သူတို့၃ယောက်အား အာရုံစိုက်နေခြင်းမရှိပေ။သူ၏အကြည့်များသည် ကောင်းကင်ပေါ်သို့ရောက်ရှိနေကာ အတွေးထဲ၌နစ်မြောပျော်ဝင်နေပုံရပေသည်။

ယဲ့ပိုင်သည် အလွန်ငယ်ရွယ်သော်လည်း သူ့ထံမှထွက်ပေါ်နေသော အငွေ့အသက်များက လွန်စွာထူးဆန်းနေခဲ့သည်။ဝူစန်းရီတို့သည် ထိုမြင်ကွင်းကိုကြည့်၍ ယဲ့ပိုင်အားအနှောင့်အယှက်မပေးဝံ့ကြပေ။သူတို့သည် ပြခန်းထဲ၌ပင် မတ်တပ်ရပ်နေခဲ့ကြပြီး တယောက်ကိုတယောက် ကြည့်နေခဲ့ကြသည်။

အချိန်တစ်ခုကြာပြီးနောက် ယဲ့ပိုင်က တိုးတိုးလေးမေးမြန်းလိုက်သည်။

"မင်းတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ..."

"သန်း၂၀ပေးမယ်...ဒီဆိုင်ကိုအပြီးရောင်းလိုက်"

ဝူစန်းရီ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားခဲ့ကာ ယဲ့ပိုင်အား ဆက်လက်မဖျောင်းဖြတော့ဘဲ လျင်မြန်စွာစတင်ကမ်းလှမ်းလိုက်သည်။

"မရောင်းဘူး..."

ယဲ့ပိုင်၏အမူအရာသည် ပြောင်းလဲခြင်းမရှိဘဲ ခေါင်းယမ်းပြလိုက်သည်။

"၂၅သန်း..."

ဝူစန်းရီက ချက်ချင်းပင်စျေးမြင့်ပေးလိုက်သည်။

တစ်ဖက်တွင် ကျန်းချီထျန်းနှင့်ဖန်ရှန့်ချန်တို့သည် ခြိမ်းခြောက်ရန်ပြင်ဆင်လိုက်သော်လည်း ယဲ့ပိုင်၏တည်ငြိမ်သောသွင်ပြင်ကိုကြည့်၍ စကားမပြောနိုင်ခဲ့ကြပေ။

"မရောင်းနိုင်ဘူး..."

ယဲ့ပိုင်က ခေါင်းခါပြနေဆဲဖြစ်ကာ ညင်သာစွာစကားဆိုလိုက်သည်။

"သန်း ၃၀ ပေးမယ်ကွာ"

ဝူစန်းရီသည် အံကိုတင်းတင်းကြိတ်လိုက်ကာ ရေရွတ်လိုက်သည်။ဤပြခန်းအောက်၍ ဝမ်ရှီကျစ်၏ဂူသချိုင်းရှိမည်ဟူသော ခန့်မှန်းချက်ကြောင့် သူအလောင်းအစားလုပ်နေခြင်းဖြစ်သည်။

ထိုအခိုက်အတန့်တွင် ငွေသည် ယဲ့ပိုင်အတွက် အဓိပ္ပါယ်မရှိတော့ကြောင်း သူတို့မသိကြပေ။အမှန်တော့ ယဲ့ပိုင်အားစိတ်ဝင်စားအောင် လုပ်ဆောင်နိုင်သောအရာသည် ဤကမ္ဘာ၌မရှိတော့ပေ။

ပြန်လည်ဝင်စားခြင်းအောက်၌ ကျဆင်းသွားသည့် အနီရောင်ဖုန်မှုန့်များစွာရှိပေသည်။

ပြခန်းအောက်ရှိ သချိုင်းဂူသည်လည်း ထိုထဲမှတစ်ခုအဖြစ် ယူဆနိုင်ပေသည်။အဆုံးသတ်တွင် ၎င်း၌ကွယ်ဝှက်ထားသောအရာသည် လွန်ခဲ့သောနှစ်ပေါင်းထောင်ချီခန့်ကဖြစ်သည်။အချိန်ကာလများသည် အလွန်ကြာမြင့်စွာကုန်ဆုံးခဲ့ပြီဖြစ်ရာ ထိုအိုမင်းသောအရာကို နောက်ထပ်တကြိမ်ထပ်မံတွေ့မြင်နိုင်ပါက ကံကြမ္မာဟုပင် သတ်မှတ်ရမည်ဖြစ်သည်။

ယဲ့ပိုင်က ပြန်မဖြေသည်ကိုတွေ့မြင်ပြီးနောက် ယဲ့ပိုင်ကငြင်းဆန်လိုက်သည်ဟု ထင်မှတ်ကာ ဝူစန်းရီက စျေးတိုးတော့မည့်အချိန်တွင် ယဲ့ပိုင်က တိတ်တိတ်လေးပြောလိုက်သည်။

"မင်းတို့ကို ဂူသချိုင်းထဲဝင်ခွင့်ပေးလို့ရတယ်...အသံတော့အရမ်းမထွက်စေနဲ့..."

ယဲ့ပိုင်၏စကားသည် အလွန်တည်ငြိမ်ကာနူးညံ့ပေသည်။သူသည် ဂူသချိုင်းအားဖွင့်ရန်ကြံစည်နေချိန်တွင် လွတ်လွတ်လပ်လပ်လုပ်အားပေးရန်အတွက် လူ၃ယောက်က အချိန်ကိုက်ရောက်ရှိလာခဲ့သည်။

သို့သော်လည်း ဝူစန်းရီ၊ကျန်းချီထျန်းနှင့်ဖန်ရှန့်ချန်တို့က တစ်စုံတစ်ခုမှားယွင်းနေကြောင်း ထင်မှတ်လိုက်ကြသည်။သူတို့သည် ထိုစကားကိုကြားသောအခါ သူတို့၏မျက်လုံးများပြုးကျယ်သွားပြီး အလွန်ပင်ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

"ငါတို့ကို ဂူသချိုင်းထဲဝင်ခွင့်ပေးမှာလား..."

ဒီလူက အရာအားလုံးကို ငါတို့ဆီပေးမှာလား...

All Chapters