← Chapters

မင်း သေချင်နေတာပဲ

Vol. 15 Ch. 224

မင်း သေချင်နေတာပဲ

Vol. 15 Ch. 224

"ဝေးဝေးသွားမလား အသတ်ခံမလား"

ယဲ့ဖန်၏ အသံက ဆယ့်ခြောက်ထပ် တစ်ထပ်လုံးသို့ ပဲ့တင်ထပ်သွားပြီးနောက် အားလုံး တိတ်ကျသွားသည်။

အရှေ့တောင်အာရှသား အဖွဲ့တစ်ဖွဲ့လုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

ဆရာသခင် တစ်ပိုင်းအဆင့် တစ်ယောက်က ဆရာသခင်အဆင့် လူ အယောက်နှစ်ဆယ်ကျော်၏ ရှေ့၌ မောက်မာစွာ ပြုမူရလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိပါ။

အထူးသဖြင့် ရွမ်ဟုန်၏ ချစ်စရာကောင်းသော မျက်နှာလေးက အံ့ဩသွားဟန် ပေါ်နေသည်။

သူ့စကားကြောင့် သူမက အလွန် လှောင်ပြောင်သရော်သံဖြင့် ပြောလာသည်။

"အရူး …. နင်က တကယ့်ကို တစ်ကမ္ဘာလုံးမှာ အရူးဆုံးပဲ … ခွင့်လွှတ်ဖို့ မတောင်းပန်ပဲ အရှက်မရှိ လေလုံးထွားနေသေးရဲတယ်ပေါ့လေ … နင် တော်တော် သေချင်နေတာပဲ"

ရွမ်ဟုန်နှင့် အခြား အရှေ့တောင်အာရှသားများ၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် သေသွားပြီးသားသူ ဖြစ်သည်။

ယဲ့ဖန်၏ စကားကြောင့် ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့၏ မျက်လုံးများမှ အေးစက်စက် အလင်းတန်းများ လှစ်ခနဲ ဖြတ်ပြေးလာသည်။

"သောက်ရူးကောင် …. မင်းက ငါ့ညီကို သတ်ရဲတာလား … ငါ မင်းကို နုတ်နုတ်စင်းပစ်မယ်ကွ"

"အမှိုက်ကောင် …. အားနည်းတဲ့ ဟွာရှကောင် … မင်း သေချင်နေတာပဲ"

ထို့အတူ ရက်စက် ကြမ်းကြုတ်သော သိုင်းပညာရှင် နှစ်ယောက်က သူတို့၏ အင်အားအပြင်းဆုံး ချီဓာတ်များအား တတ်နိုင်သလောက် ထုတ်လွှတ်လိုက်ကြသည်။

သို့သော် သူတို့၏ အပြုအမူများနှင့် ရင်ဆိုင်နေရသော်လည်း ယဲ့ဖန်က ယခင်အတိုင်း ခပ်တည်တည်ပင်။

သူက လူတိုင်းကို သူ အဖတ်လုပ်ရန် မထိုက်တန်သည့် ကြက်ကလေး၊ ငှက်ကလေးသဖွယ် သဘောထား၍ ဆယ့်ခုနစ်ထပ်မြောက်သို့ သွားသည့် ဝင်ပေါက်ထံသို့သာ ဆက်လျှောက်နေသည်။

"အမှိုက်ကောင်"

ဤသည်ကို ကြည့်ပြီး ဂျပန်လူမျိုး ဆရာသခင်အဆင့် သိုင်းပညာရှင်က ဒေါသူပုန်ထသွားသည်။

ထို့နောက် သူ လက်ဖဝါးကို တစ်ချက်လှုပ်လိုက်ပြီး သူ၏ ဆာမူရိုင်းဓားအား ယဲ့ဖန်၏ ခေါင်းသို့ အရှိန်အဟုန်နှင့် ထိုးခွင်းသွားအောင် ပြုလုပ်လိုက်သည်။

"သေပေတော့"

သူက ဒေါသမီး တဟုန်းဟုန်းတောက်လောက်နေသော မျက်လုံးများဖြင့် ကြုံးဝါးလိုက်သည်။

သို့သော် သူ၏ ဆာမူရိုင်းက ယဲ့ဖန်၏ ခေါင်းနားသို့ နီးကပ်လုနီးပါး ဖြစ်နေစဉ်တွင် အလင်းတန်းတစ်ခုက လှစ်ခနဲ ဖြတ်ပြေးသွားသည်။

ဘေးမှ ကြည့်နေသူများ၏ အံ့ဩနေသော မျက်ဝန်းများအောက်တွင် ဂျပန်လူမျိုး ဆရာသခင်အဆင့် သိုင်းပညာရှင်၏ ဦးခေါင်းသည် သူ၏ လည်ပင်းမှ တိခနဲ ပြတ်ကျသွားသည်။

ဂလု!

သူ့ဦးခေါင်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အခါ၌ ဆယ့်ခြောက်ထပ် တစ်ထပ်လုံး လုံးဝ တိတ်ကျသွားသည်။

ရှိနေသည့်သူများအားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြသည်။

*သူ တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတယ်*

*ဒါ…. လုံးဝ မဖြစ်နိုင်ဘူး*

….

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် တောင်အမေရိကား လူမျိုးများနှင့် ဂျပန်လူမျိုး ဆရာသခင်အဆင့်များကြား၌ ဆူညံ ပွက်လောရိုက်သွားသည်။

ထို့နောက် သူတို့ ယဲ့ဖန်ထံသို့ အရူးအမူး ခုန်ဝင်သွားကြသည်။

သူတို့သည် အသံထက် မြန်သော နှုန်းဖြင့် ရှေ့သို့ ပြေးတက်လာကြသည်။ ထို့နောက် သူတို့သည် သူတို့၏ စုပေါင်းအားနှင့် မယုံနိုင်သော ခွန်အားတို့ဖြင့် ယဲ့ဖန်အား အတူတကွ ထိုးခုတ်လိုက်ကြသည်။

သို့သော် ယဲ့ဖန်က သူ၏ ဓားကျိုးကို ဝှေ့ယမ်းရင်း ရှေ့သို့ ဆက်လျှောက်နေသည်။ ကျွိခနဲ မြည်သံနှင့်အတူ ဆရာသခင်အဆင့် တောင်အမေရိကားသား တစ်ယောက် ကိုယ်နှစ်ခြမ်း ကွဲသွားလေတော့သည်။

ဆရာသခင်အဆင့် ဂျပန်လူမျိုး တစ်ယောက် ခေါင်းပြတ်သွားလေသည်။

ယဲ့ဖန်သည် သေမင်းနတ်ဘုရားကဲ့သို့ ထင်မှတ်နေရပြီး အလောင်းများက တစ်လောင်းပြီးတစ်လောင်း လဲကျသွားသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူက အသက်တစ်သက်ကို နုတ်ယူပြီးသား ဖြစ်လို့နေ၏။

သူ၏ တိုက်ကွက်တစ်ခုချင်းစီတိုင်းက မရဏလမ်းသို့ ခေါ်ဆောင်သွားတာချည်းပင်။

သူတို့၏ အံ့ဩနေသော မျက်ဝန်းများ အောက်မှာပင် ….

တစ်ယောက်။

နှစ်ယောက်။

ငါးယောက်။

ဆယ်ယောက်။

….

အလောင်းများ တစ်လောင်းပြီးတစ်လောင်း လဲကျလာသည်။ ဆရာသခင်အဆင့် သိုင်းပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် အသက်ဆုံးရှုံးသွားရသည်။

မည်သူမျှ တစ်ချက်ကလေးတောင် မတွန်းလှန်နိုင်ကြပေ။

….

ဘေးမှ လူများ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြ၏။

ဆရာသခင် တစ်ပိုင်းအဆင့် တစ်ယောက်က ဆရာသခင်အဆင့် အယောက်နှစ်ဆယ်ကျော်ကို တစ်ဖက်သတ် အနေအထားနဲ့ သတ်လိုက်နိုင်တယ်တဲ့လား။

*မဖြစ်နိုင်ဘူး*

ရွမ်ဟုန်သည် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားသည်။

အလွန်ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာနှင့် သူမသည် တစ္ဆေတစ်ကောင်ကို ကြည့်နေရသည်ဟု ခံစားနေရသည်။

အခြား အရှေ့တောင်အာရှသူများသည်လည်း မျက်ခုံးတလှုပ်လှုပ်နှင့် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထနေသလို ခံစားနေရသည်။

"မဟုတ်ဘူး …. မဖြစ်နိုင်ဘူး … သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ"

ရွမ်ဟုန်သည် နဖူးမှ ချွေးတဒီးဒီး ကျနေရင်း ရေရွတ်လိုက်မိသည်။

ယခင်တုန်းက ယဲ့ဖန်က ဝူပီခို့နှင့် အခြားသူများ တိုက်ခိုက်ပြီး အကြီးအကျယ် ဒဏ်ရာရနေတုန်း ချောင်းမြောင်းတိုက်ခိုက်ခဲ့သည်ဟု သူမ ယုံကြည်ထားခဲ့မိသည်။

သို့ပင်မယ့် အခု သူမ မြင်တွေ့နေရသည့် ယဲ့ဖန်၏ ဆောင်ရွက်မှုကြောင့် မှင်တက်လို့နေရသည်။

ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတိုတောင်မှ အကြီးအကျယ် အလဲထိုးခံလိုက်ရသလို ဖြစ်သွားသည်။

ရွှစ်!

နောက်ဆုံး ဆရာသခင်အဆင့် တစ်ယောက်၏ ရင်ဘတ် ထုတ်ချင်းဖောက်သွားပြီးနောက် ဆယ့်ခြောက်ထပ် တစ်ထပ်လုံး တိတ်ကျသွားသည်။

တစ်နေရာလုံး သွေးနံ့များ လှိုင်လှိုင်ထနေသည်။ ကျန်နေသေးသည့် ဆရာသခင်အဆင့် သိုင်းပညာရှင်များသည်လည်း ကြမ်းပြင်ပေါ်မှ ရုပ်ပျက်ဆင်းပျက် အလောင်းများကို ကြည့်ပြီး ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်နေကြသည်။

"ခွေးမသား"

ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့တောင်မှ ဘာဖြစ်ခဲ့သည်ကို သတိထားမိသွားဟန်ဖြင့် ဒေါသကြောင့် မျက်လုံးများ ပြုတ်ကျလာမလားဟုတောင် မှတ်ရသည်။

*သေပြီ*

*ငါတို့လူတွေ အားလုံး သေကုန်ပြီ*

ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့ ထိတ်လန့်သွားသလို ဒေါသလည်း ထွက်သွားကြသည်။

တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ကြည့်ပြီးနောက် နှစ်ယောက်သား ယဲ့ဖန်အား ဆက်တိုက် တိုက်ကွင်ဆင်ကြတော့သည်။

ဓားမော့တစ်ချောင်းနှင့် ဓားတစ်လက်တို့က ယဲ့ဖန်ထံသို့ တန်းနေအောင် ပစ်ဝင်သွားသည်။

"သေပေတော့"

သူတို့ အားကုန်ထုတ်သုံးထားကြခြင်း ဖြစ်သည်။

သို့သော် ရွှစ်ခနဲ အသံနှင့်အတူ လက်မောင်း နှစ်ဘက်က လေထဲ လွင့်ထွက်သွားသည်။

ချွင်!

သူတို့၏ လက်မောင်းနှင့် လက်နက်များ ကြမ်းပြင်ပေါ် လွတ်ကျလာပြီးနောက် ကျန်ရှိနေသော သိုင်းသမားများ၏ အခုန်မြန်နေသော နှလုံးခုန်သံမှ လွဲ၍ အခြားအသံများ မကြားရတော့ပေ။

သူတို့လည်းပဲ ကျရှုံးသွားသည်ပဲ။

နတ်ဆိုးတောင်ကြားတွင် အရက်စက်ဆုံး နှစ်ယောက်က အတူတကွ ပူးပေါင်း တိုက်ခိုက်သော်လည်း တစ်ချက်တည်းနှင့် တိုက်ပွဲ၌ အရေးနိမ့်သွားကြသည်။

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့ အကြီးအကျယ် ကြောက်လန့်ကာ တုန်ယင်နေကြသည်။

ဒဏ်ရာမှ သွေးများက တတောက်တောက်နှင့် ကျနေသော်လည်း သူတို့သည် တတ်နိုင်သလောက် နောက်သို့ မြန်မြန် ဆုတ်နေကြသည်။

"ပြန်ဆုတ်…ပြန်ဆုတ်…ပြန်ဆုတ်"

နှစ်ယောက်စလုံး ယဲ့ဖန်၏ မြင်ကွင်းထဲမှ သုတ်သုတ်ပျာပျာနှင့် ဝေးအောင် ပြေးနေကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ဆယ်မီတာ အကွာသို့ ရောက်နေပြီ ဖြစ်သည်။

သို့သော် ယဲ့ဖန်မျက်လုံးထဲတွင် သူတို့သည် ပုရွက်ဆိတ် နှစ်ကောင်သာ ဖြစ်သည်။ ယဲ့ဖန်သည် သူတို့ဘက်ကို စောင်းတောင် မကြည့်ဘဲ ဆယ့်ခုနစ်ထပ်မြောက်သို့သာ ဝင်ရောက်သွားသည်။

ယဲ့ဖန် ပျောက်ကွယ်သွားသည့် အခါမှသာ ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။

နှစ်ယောက်စလုံး ငရဲဝမှ ကပ်သီးလေး လွတ်လာသလို ခံစားလိုက်ရသည်။

"တော်…တော်တော် သန်မာတာပဲ … ဒီလောက် သန်မာတဲ့ ဆရာသခင်တစ်ပိုင်းအဆင့် သူမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး"

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်မိသောအခါ သူတို့မျက်လုံးထဲမှ အကြောက်တရားများကို အပြန်အလှန် မြင်နေရသည်။

ရွမ်ဟုန်နှင့် အခြား အရှေ့တောင်အာရှသားများသည်လည်း သူတို့ ကပ်သီးလေး လွတ်မြောက်လာမှုအတွက် ထိတ်လန့်နေကြသည်။

အကယ်၍ ယဲ့ဖန်သာ နောက်ပြန်လှည့်၍ သူတို့ကို လာခုတ်ပါက သူတို့ကို သူ အသာလေး သတ်နိုင်နေသည်။

"ထျန်းရီ …. အဲ့ကောင်လေးက ဆယ့်ရှစ်ထပ်မြောက်ကို ဦးတည်နေတာကွ … အရှင့်ရဲ့ အစေခံက အဲ့မှာ ယဇ်ကောင် ပူဇော်ဖို့ လုပ်နေတာလေ"

ဝူပီတက သူ အကြံတစ်ခု တွေးမိဟန်ဖြင့် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ယွမ်ထျန့်ထျန်းရီအား လှမ်းပြောလိုက်သည်။

ဝူပီတ၏ စကားကြောင့် ယွမ်ထျန့်ထျန်းရီ၏ မျက်လုံးက အရောင်တောက်လာကာ ပြန်ပြောလာသည်။

"မင်း ဆိုလိုချင်တာက ငါတို့အရှင်ရဲ့ အစေခံ လက်ထဲမှာ သူ့ကို သေစေချင်တာလား"

ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မကောင်းဆိုးဝါးဆန်သော အပြုံးမျိုး ပြုံး၍ ဆယ့်ရှစ်ထပ်မြောက်သို့ ဦးတည်သွားလိုက်သည်။ သူတို့နောက်မှ ရွမ်ဟုန်နှင့် အခြား အရှေ့တောင်အာရှသားများ လိုက်ပါလာကြသည်။

ဆယ့်ခုနစ်ထပ်မြောက်တွင် အခန်းကျဉ်း နှစ်ခန်းသာ ရှိသည်။ ထိုအခန်းထဲတွင်လည်း ထိပ်တန်း ဒဏ္ဍာရီအဆင့် လူအိုကြီး နှစ်ယောက် ရှိနေသည်။

ဆယ့်ခုနစ်ထပ်မြောက်ကို ဖြတ်ကျော်လာပြီးနောက် သူတို့ ကြောက်မက်ဖွယ် အကောင်းဆုံး ဆယ့်ရှစ်ထပ်မြောက်သို့ ရောက်လာသည်။

ထိုအချိန်တွင် လူအိုကြီးတစ်ယောက်က စင်္ကြံလမ်း၌ ဒူးထောက်လို့နေသည်။

သူ့ရှေ့မှ ကျောက်စားပွဲပေါ်၌ ကောင်မလေးတစ်ယောက်ကို တင်ထားသည်။

သူမကတော့ ရွှင်းအာပင် ဖြစ်သည်။

ရွှင်းအာ၏ မျက်နှာသေးသေးလေးက အလွန် ဖြူရော်လို့ နေသည်။ မျက်လုံးကို မှိတ်ထားလျက်နှင့် သူမ၏ အသက်ရှူသံက အလွန် ဖျော့တော့နေသည်။

"ကျွန်တော်မျိုးရဲ့အရှင် … ဒီ ထိပ်တန်း အဆိပ် ခန္ဓာကိုယ်ရဲ့ သွေးကို သုံးပြီး အရှင့်ရဲ့လမ်းကို ဖောက်နိုင်ပါစေလို့ ကျွန်တော်မျိုး မျှော်လင့်ပါတယ်"

"အရှင် … အရှင်ရဲ့ သစ္စာရှိတဲ့ လက်ပါးစေက သခင့်ကို ယဇ်ပူဇော်ပါတယ်"

ပါးရည်နားရည်တွန့်နေသော အဘိုးအိုကြီးတစ်ယောက်က ဒူးထောက်လျက် ဗလာဖြစ်နေသော အခန်းကျဉ်းထံသို့ ဆုတောင်းလို့နေသည်။

ထိုအခန်းသည် လုံးဝကို ဗလာဖြစ်သည်။ သို့သော် ထိုအခန်းနံရံ၌ နံရံဆေးရေး ပန်းချီများ ရှိနေသည်။

ထိုနံရံဆေးရေး ပန်းချီများသည် သိုင်းသမားများ၏ သွေးကို သုံးထားသကဲ့သို့ သွေးဆာ၍ ဆိုးယုတ်လှသည်။

အရှင်၏ လက်ပါးစေက သွေးယဇ်ပူဇော်ပွဲအား မစခင် ခြေသံအချို့ကို သူ ကြားလိုက်ရသည်။

*ဟမ်*

ပါးရည်နားရည်တွန့်နေသော အဘိုးအိုကြီးက တစ်ခဏမျှ တွေဝေသွားသည်။ ထို့နောက် သူက ချက်ချင်း ဒေါသထွက်လာကာ အော်ဟစ်လိုက်သည်။

"သောက်ပုရွက်ဆိတ်လိုကောင်တွေ … ငါတို့ရဲ့ အရှင်က သွေးယဇ်ပူဇော်ပွဲပြီးသွားတာနဲ့ ငါတို့ကို ဆုချမယ်လို့ ငါ မင်းတို့ကို ပြောပြီးပြီလေ"

"အခုချက်ချင်း အဝေးကို သွားစမ်း … ငါတို့ အရှင်ရဲ့ အစာကို လာမနှောင့်ယှက်နဲ့"

ဒေါသထွက်နေသော အဘိုးအိုသည် ဝူနတ်ဘုရားတောင်မှ ဝူနတ်ဘုရား ဆယ့်နှစ်ယောက်၏ အဖေ ဖြစ်သူ ဒဏ္ဆာရီအဆင့်ရှိသည့် မဟာ ဝူနတ်ဘုရားပင် ဖြစ်သည်။

သို့သော် သူ့စကားအဆုံးတွင် အရိုးကွဲမတတ် အေးစက်လှသော အသံတစ်သံကို သူ ကြားလိုက်ရသည်။

"ယဇ်ကောင်"

"ဝူကလန်သားတွေကို မင်းရဲ့ သွေးအဖြစ်သုံးပြီး ဝူနတ်ဘုရားတွေကိုလည်း မင်းရဲ့ အစာအဖြစ် သုံးတယ် … မင်း တကယ် သေချင်နေတာပဲ"

All Chapters