မိတ်ဆွေကောင်းများနှင့် ပူးပေါင်းခြင်း
Vol. 15 Ch. 206
ဩဂတ်စ်၏ မွန်မြတ်ပေးဆပ်ခြင်း နည်းစနစ်သည် အချိန်ကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်သည်။ ပုလဲဘုံကျောင်း ပျက်စီးသွားပြီးသည့် နောက်တွင် သူ၏ နည်းစနစ်မှာလည်း အချိန်စေ့သွားပြီ ဖြစ်သည်။
ခန္ဓာကိုယ်များ ပြန်ပေါ်လာပြီးနောက်တွင် ပေါက်ကွဲမှု ပြင်းအားများနှင့် ရင်ဆိုင်ကြရပြန်သည်။
စွမ်းအင်ပေါက်ကွဲမှု အတော်များများ ပျောက်ကွယ်သွားပြီး ဖြစ်သော်လည်း ပေါက်ကွဲမှု စွမ်းအားများသည် ကြောက်မက်ဖွယ် ကောင်းနေဆဲပင် ဖြစ်သည်။ ခြောက်ဦးစလုံးသည် အညှာအတာမဲ့စွာ နောက်သို့ လွင့်စဉ်သွားကြသည်။
အန်လင်းသည် သွေးများအန်ကာဖြင့် မြေပြင်တွင် လဲကျနေလေသည်။
သူတို့၏ပတ်လည်တွင် မီးခိုးနှင့်ဖုန်မှုန့်များ ထောင်းထောင်းထနေပြီး နာကျင်စွာ ညည်းညူသံများ မချိတင်ကဲ ငိုကြွေးသံများ ပဲ့တင်ထပ်နေလေသည်။
လေအေးများ တိုက်ခတ်လာပြီး မီးခိုးနှင့် ဖုန်မှုန့်များ လွင့်ပါးသွားပြီး ကြီးမားသည့် ချိုင့်တွင်းတစ်ခု ပေါ်လာသည်။
အန်လင်းသည် ချိုင့်နှင့် အနီးဆုံးနေရာတွင် ရှိနေပြီး ခက်ခက်ခဲခဲ မတ်တတ်ရပ် လိုက်ရသည်။ ပတ်ဝန်းကျင်အား သတိကြီးစွာဖြင့် ရှာဖွေနေမိသည်။ အနီးအနားတွင် ဖန်တီးခြင်းခန်းမ၏ ပြိုင်ပွဲဝင်များ ရှိနေဆဲဖြစ်သည့်အတွက် သတိလျော့၍ မရနိုင်ပေ။
ရှယ်လီသည် သတိမေ့နေသည့် ဩဂတ်စ်အား ပွေ့ပိုက်ထားပြီး သူမ၏လက်မှ အဖြူရောင်အလင်းများ ထုတ်လွှတ်ကာ ဩဂတ်စ်၏ ပြင်ပဒဏ်ရာများအား ကုသပေးလျက် ရှိသည်။
ချိုင့်၏ အလယ်ဗဟိုတွင် မျက်လုံးများမှ လျှပ်စီးများ ထွက်ပေါနေသော ရွှေရောင်သတ္တဝါ တစ်ကောင်သည် ဒူးတစ်ဖက်ထောက်ကာဖြင့် ရှိနေသည်။
ယင်း၏ မီးခိုးတလူလူ ခန္ဓာကိုယ်မှာ တုန်ယင်လျက်ရှိပြီး အသက်ပြင်းပြင်း ရှူရှိုက်နေလေသည်။ ယင်း၏အရေပြားမှ ရွှေရောင်သွေးများ စီးကျနေလေသည်။
ထိုသတ္တဝါအား မြင်လိုက်သည့်အခါတွင် အန်လင်းသည် တင်းမာကာဖြင့် သူ၏ မိစ္ဆာရှင်းဓားအား ဆွဲထုတ်လိုက်သည်။
သူ၏အရှေ့တွင် ရှိနေသူမှာ ဖန်တီးခြင်းခန်းမ၏ ကိုယ်စားလှယ် ခေါင်းဆောင် ဟွမ်ရှန့် ဖြစ်လေသည်။
“ကံကောင်းတာက ငါ့ဆီမှာ ကာကွယ်ရေး စိတ်ဝိညာဉ်ပစ္စည်း ရှိနေလို့ပေါ့။ မဟုတ်ရင် သေနေလောက်ပြီ။ အဟွတ် အဟွတ်”
ပါးစပ်နှင့်အပြည့် သွေးအလုပ်အချို့ အန်လိုက်ပြီးနောက် ဟွမ်ရှန့်သည့် နေရာတစ်ခုသို့ အေးစက်စွာဖြင့် စိုက်ကြည့်လိုက်သည်။ ထိုနေရာတွင် ကျောက်ဘီလူး တစ်ကောင် လဲကျလျက်ရှိသည်။
ဝှစ်
ရွှေရောင် လျှပ်စီးကြောင်းများ ဖြစ်ပေါ်လာပြီးနောက်တွင် ဟွမ်ရှန့်သည် ဟုန်သို၏ဘေးသို့ ရောက်ရှိသွားသည်။ ထို့နောက်တွင် ဟုန်သိုအား ရက်ရက်စက်စက် ကန်ကြောက်ပစ် လိုက်သည်။
ဘုန်း
ဟုန်သိုသည် နာနာကျင်ကျင် ငိုကြွေးလိုက်ပြီးနောက် သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ ကောင်းကင်သို့ ရောက်ရှိသွားလေသည်။
ကောင်းကင်သို့ ကြည့်လိုက်ပြီးနောက် ဟွမ်ရှန့်သည် နောက်တစ်ဖန် ကန်ကြောက်လိုက် ပြန်သည်။ အေးစက်စက် အငွေ့အသက်များ ထုတ်ဖော်ကာဖြင့် မည်းနက်လောင်ကျွမ်း နေသော ကျောက်ဘီလူးကောင်သည် ကောင်းကင်ထက်တွင် ပျံသန်းသွားတော့သည်။
အန်လင်း : “…”
“အန်လင်း” ဝမ်ရွှမ်ကျန့် အော်ဟစ်လိုက်သည်။
“အဲဒီကောင်တွေကို ထွက်မပြေးစေနဲ့”
အန်လင်းသည် ရုတ်တရက်ဆိုသလို နားလည်သွားပြီ ဖြစ်သည်။ ဟွမ်ရှန့်သည် သူ၏အသင်းသားအား အပြစ်တင်ကာ ထိုးနှက်နေသည်နှင့် တူသော်လည်း တကယ်တမ်းတွင် ထိုသည်ကို အခွင့်ကောင်းယူကာဖြင့် ထွက်ပြေးနေခြင်း ဖြစ်သည်။
သူ၏ အုတ်ခဲပေါ်သို့ ခုန်တက်လိုက်ပြီးနောက် တုန်ယန်အား လိုက်လံဖမ်းဆီး လေသည်။ ဝမ်ရွှမ်ကျန့်အား လှည့်ကြည့်လိုက်မိသည့် အခါတွင် ဝမ်ရွှမ်ကျန့်မှာ စွမ်းအားကြီးသည့် စပါးအုံးနှင့် ရင်ဆိုင်တိုက်ခိုက်နေပြီး ပြိုင်ဘက်ဟုပင် မဆိုနိုင်ချေ။
“ဟမ် ... အဲဒီသုံးကောင်ကို ကျွန်တော် တစ်ယောက်တည်း လိုက်ဖမ်းရမှာလား”
အန်လင်းမှာ စိတ်ရှုပ်ထွေးစွာဖြင့် မျက်နှာမဲ့လိုက်မိသည်။
“အဲဒါက သေဖို့လမ်းကြောင်း ရှာနေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား”
သူ၏မေးခွန်းအား မည်သူကမျှ ပြန်ဖြေခြင်းမရှိချေ။
သူလက်ခံရရှိသည့် တုံ့ပြန်ချက်မှာ အဝေးမှနေ ပစ်ခတ်လိုက်သည့် ရွှေရောင် လျှပ်စီးကြောင်းသားလျှင် ဖြစ်လေသည်။
ဝုန်း
အန္တရာယ်အခြေအနေတွင် သူ၏အုတ်ခဲအား ရှေ့တွင်ကာ ကာဖြင့် ရုတ်တရက် တိုက်ခိုက်လာမှုကို ကာကွယ်တားဆီး လိုက်သည်။
လျှပ်စီးကြောင်း၏ ပေါက်ကွဲအားသည် အုတ်ခဲ၏အဟုတ်အား တုံ့ဆိုင်းသွားစေသည်။
အန်လင်း ခေါင်းပြူကြည့်လိုက်သည့် အခါတွင် သူ့ထံသို့ ရာနှင့်ချီသည့် ရေခဲဓားများ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
ချက်ချင်းဆိုသလို ခေါင်းငုံ့ကာဖြင့် သူ၏အုတ်ခဲနောက်တွင် ပြန်လည်ကာ ပုန်းအောင်းလိုက်သည်။
ရေခဲဓားများသည် အုတ်ခဲအား ပြင်းထန်စွာ ရိုက်ခတ်မိကြသည်။ ပတ်ဝန်းကျင်တွင် အေးစက်စက် အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။ အေးစက်မှုကြောင့် အန်လင်းမှာ ထိန်းချုပ်မရနိုင်အောင် တုန်ယင်လာလေသည်။
ဖာ့ခ် ဒီလိုမျိုးသာဆို ဘယ်လိုလုပ်ပြီး လိုက်ဖမ်းရမတုန်း။
“Final Spark”
ထိုအချိန်မှာပင် အန်လင်း၏ နောက်ကျောဘက်မှ ပန်းရောင် အလင်းလုံးတစ်ခု ထွက်ပေါ်လာသည်။
ဝုန်း
ကျောက်ဘီလူးကောင်၏ စိတ်မချမ်းမြေ့ဖွယ်ရာ အော်ဟစ်သံ ထွက်ပေါ်လာလေသည်။
“ဟိတ် အလှလေးက သားရဲရုပ်ဆိုးကောင်ကို ကယ်တင်ဖို့ ရောက်ရှိလာပါပြီ”
လျှိုချင်ဟွမ်သည် သူမ၏ အမွေး ၆ ခု နှင်တံထိပ်တွင် ပျံသန်းနေပြီး သူမ၏ ပခုံးထိသာ ရှည်လျားသည့် ပန်းရောင်ဆံပင်များမှာ လေထဲတွင် လွင့်လူးနေလေသည်။ သူမ၏ နူးညံ့လှပသည့် မျက်နှာလေးတွင် အပြုံးကြီးကြီးတစ်ခု ဖြစ်ထွန်းနေလေသည်။
သားရဲကောင်နှင့် နှိုင်းယှဉ် ခံလိုက်ရသည်ကြောင့် အန်လင်းမှာ နှလုံးကွဲကြေရသလို ခံစားမိလေသည်။ လျှိုချင်ဟွမ်အား ကြည့်ပင် မကြည့်တော့ချေ။ ထို့အစား တုန်ယန် ထွက်ပြေးနေသည့် အရပ်သို့သာ ကြည့်လိုက်သည်။
အခြားသော အရည်အချင်းများကို ထည့်သွင်းစဉ်းစားခြင်း မရှိလျှင် ဖန်တီးခြင်းခန်းမ၏ ပြိုင်ပွဲဝင်များသည် ‘ထွက်ပြေးခြင်းအနုပညာ’ ၌ ထိပ်တန်းအဆင့်များ ဖြစ်ကြသည်။
တုန်ယန်သည် Final Spark ဖြင့် ပစ်ခတ်ခြင်း ခံလိုက်ရသော်လည်း လေအလျင်အတိုင်း ပျံသန်းနေဆဲဖြစ်ကာ အချိန်တိုလေး အတွင်းမှာပင် သူတို့၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။
“သွားကြစို့။ ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်ကြမယ်”
လျှိုချင်ဟွမ်သည် သူမ၏လက်များကို ဝှေ့ယမ်းကာဖြင့် ပြောလေသည်။
“ဝမ်ရွှမ်ကျန့်ကို ကူပြီးတော့ စပါးအုံးကောင်ကို တိုက်ခိုက်ကြမယ်”
ဖန်တီးခြင်းခန်းမ၏ ကိုယ်စားလှယ်များ အလွန်လျင်မြန်စွာ ထွက်ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် သူတို့အား လိုက်လံဖမ်းဆီးလိုစိတ် မရှိတော့ချေ။
ဧဒင်ဥယျာဉ်နှင့် ကောင်းကင်ဘုံပိုင်နက်၏ ကိုယ်စားလှယ်များ အတူတကွ ပူးပေါင်းကာဖြင့် ဘုံကျောင်းအား ချိုးဖြတ်လိုက်ကြသည်ကို မြင်တွေ့လိုက်ရသည့်အခါ ကောင်းကင်ပြာရင်ပြင်ရှိ လေထုသည် နောက်တဖန် အမြင့်ဆုံးသို့ ရောက်ရှိလာပြန်သည်။
“နတ်ဘုရား အန်ကတော့ လုပ်ချလိုက်ပြန်ပြီ။ နျူလျှပ်လက်သီးကို ဘယ်နှစ်ကြိမ်ပဲ မြင်ရမြင်ရ မြင်ရတဲ့အခါတိုင်းမှာ လုံးဝကို မှင်တက်သွားမိတယ်”
“ဩဂတ်စ်လည်း သောက်ရမ်းကြမ်းတယ်။ သူတို့နှစ်ယောက်စလုံးက ဘုံကျောင်း ဖောက်ထွင်းတဲ့ လုပ်ဆောင်ချက်မှာ အဓိကနေရာက ပါဝင်ခဲ့ကြတာ”
“ဟဟ ... ဖန်တီးခြင်းခန်းမက ကိုယ်စားလှယ်တွေကို ကြည့်ပါဦး။ သူတို့စိုက်ပျိုးခဲ့တဲ့ အသီးခါးခါးတွေကို သူတို့ပဲ ပြန်စားနေရတယ်”
ပုလဲဘုံကျောင်း ပေါက်ကွဲမှုကြောင့် ဖန်တီးခြင်းခန်းမ၏ ကိုယ်စားလှယ်များ ဒဏ်ရာရရှိသွားသည်ကို မြင်လိုက်ရသဖြင့် ကြည့်ရှုနေကြသူများသည် လက်ခုပ်လက်ဝါး တီးကာဖြင့် ဩဘာပြုကြလေသည်။
“ရှက်ဖို့ကောင်းတာကွာ ထွက်ပြေးနေသေးတယ်”
“ဟုန်သိုလေးရေ ဒီကိုလာပြီး ချစ်ဖို့ကောင်းတဲ့ အမူအရာလေးတွေ လုပ်ပြပါဦး”
“အခုလိုမျိုး လုပ်လိုက်တော့ကော ဘာများထူးခြားသွားလဲ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးက နောက်ဆုံးပဲ”
ကောင်းကင်ဘုံပိုင်နက်မှ ကျောင်းသားများနှင့် အလင်းတောင်ပံ မျိုးနွယ်စုဝင်များ၏ စိတ်လှုပ်ရှားနေမှုနှင့် နှိုင်းယှဉ်မည်ဆိုပါက ဖန်တီးခြင်းခန်းမ အဖွဲ့ဝင်များ၏ ခံစားချက်များမှာ ပို၍ဆိုးဝါးလျက်ရှိလေသည်။
ကြီးမားစွာ အားထုတ်ပြီးသည့် နောက်တွင် သူတို့သည် အင်အားကြီး နှစ်ရပ်၏ ကိုယ်စားလှယ်များကို ထောင်ချောက်ဆင်နိုင်ခဲ့ကာ အောင်မြင်မှုအုတ်မြစ် ချနိုင်ခဲ့သည်။ အံ့အားသင့်မိသည်မှာ ဧဒင်ဥယျာဉ်နှင့် ကောင်းကင်ဘုံ ပိုင်နက်တို့သည် ပူးပေါင်းလိုက်ကြခြင်း ဖြစ်သည်။ သူတို့သည် ပုလဲဘုံကျောင်းအား ချိုးဖြတ်လိုက်သည်သာမက ဖန်တီးခြင်းခန်းမ ကိုယ်စားလှယ်များ၏ လက်ဖျားထိပ်သို့ ရောက်ရှိနေပြီးဖြစ်သည့် သောက်တော်ရေခွက်ကိုပါ လုယူသွားခြင်းဖြစ်သည်။
ခြင်္သေ့မင်းသည် စားပွဲအား ဒေါသတကြီး ရိုက်လိုက်သည်။
“ဟုန်သို သောက်ရူးကောင်”
ခြင်္သေ့မင်းသည် ဖြစ်ပျက်ခဲ့သည်များအပေါ် အလွန်မချင့်မရဲ ဖြစ်နေမိသည့်အတွက် မည်သူ့ကို အပြစ်တင်ရမှန်း မသိချေ။ ထို့ကြောင့် သူ၏ ဒေါသများကို ဟုန်သိုအပေါ်သို့ ပုံချလိုက်တော့သည်။
ကျုံးလုံတောင်တန်း အလယ်တွင် ထွက်ပြေးနေသော ဟုန်သိုမှာ ကျောရိုးတစ်လျှောက် အေးစက်လာသည်ကို ခံစားမိလိုက်သည်။
ခေါင်းလှည့် ကြည့်လိုက်သည့် အခါတွင် ဟွမ်ရှန့်သည့် အေးစက်စက် အမူအရာဖြင့် သူ့အားစိုက်ကြည့် နေသည်ကို တွေ့လိုက်ရသည်။
ဟုန်သို : “…”
ဟွမ်ရှန့်သည် အပြုံးတုတစ်ခု တပ်ဆင်ကာဖြင့်…
“ဟဟ ... ဟုန်သိုလေးရေ ... မင်းနဲ့အကြွေးကို နောက်ကျမှ ရှင်းမယ်နော်”
ထိုစကားကို ကြားသည့်အခါ ဟုန်သိုမှာ တဆတ်ဆတ် တုန်ယင်လာလေသည်။ သူ၏ ခန္ဓာကိုယ်ကြီးမှာ ယုန်ငယ်သဖွယ် ကျုံ့ဝင်သွားပြီး မျက်ရည်များ ရစ်ဝဲလာလေသည်။
သူရင်ဆိုင်ရမည့် အခြေအနေမှာ မည်မျှဝမ်းနည်းဖွယ် ကောင်းလှသည်ကို မြင်ယောင်၍ပင် ရလေသည်။
တိုက်ပွဲပြင်တွင် တိုက်ပွဲဆန္ဒများ တောက်လောင်နေကြဆဲ ဖြစ်သည်။
မီးတောက်စပါးအုံးသည် ခန္ဓာကိုယ်အား လျှောတိုက်သွားလာနေပြီး အားကောင်းသည့် မီးမုန်တိုင်းများ မီးဆင်နှာမောင်းများ တိုက်ခတ်လျက်ရှိသည်။ မီးတောက်များမှ ထွက်ပေါ်လာသော အလွန်မြင့်သည် အပူရှိန်သည် မြေပြင်အား လောင်ကျွမ်းပျော်ကျ သွားစေသည်။
ဝမ်ရွှမ်ကျန့်သည် ကာကွယ်ရေး ရေစက်လုံးအား အသုံးပြုလိုက်သည်။ နောက်ဆုတ်ရမည့်အစား မီးမုန်တိုင်းထံသို့ ပြေးဝင်သွားလေသည်။
သူ၏ ငွေရောင်လှံမှာ လျှပ်စီးကြောင်းများ တဖြောက်ဖြောက် မည်ကာဖြင့် မီးတောက်များ လောင်ကျွမ်းနေသည့် စပါးအုံးထံသို့ လျှပ်စီးတန်းသဖွယ် ပြေးဝင်ကာ ထိုးသွင်းလိုက်လေသည်။
ဘုန်း
မီးတောက်စပါးအုံးသည် အလွန်လျင်မြန်လှသည်။ အံ့ဩဖွယ်ကောင်းလှစွာပင် ယင်းသည် ဝမ်ရွှမ်ကျန့်၏ တိုက်ခိုက်မှုအား ရှောင်တိမ်းလိုက်နိုင်သည်။
ထိုအချိန်မှာပင် ရွှေရောင် မြားတစ်စင်းသည် လေကိုခွင်းကာ ရောက်ရှိလာသည်။ အသံ၏အမြန်နှုန်းဖြင့် ရောက်ရှိလာပြီးနောက် စပါးအုံး၏ ဦးခေါင်းခွံအား ထိုးစိုက်သွားလေသည်။
ရှဲ…
သွေးများ ပန်းထွက်လာပြီးနောက် စပါးအုံးသည် မချိတင်ကဲဖြစ်စွာဖြင့် အော်မြည်နေလေသည်။
“Light Binding”
လျှိုချင်ဟွမ်သည် သူမ၏ အမွေး ၆ ခု နှင်တံအား ဝှေ့ယမ်းလိုက်ပြီးနောက် သန့်စင်သည့် အလင်းတန်းများသည် စပါးအုံးအား ချုပ်နှောင် လိုက်လေသည်။
“Lucent Singularity, Final Spark”
သူမ၏ နှင်တံမှ အဖျက်အဆီး အလင်းတန်းများ ဆက်တိုက် ထွက်ပေါ်လာပြီး အလင်းလုံးနှင့် လေဆာအလင်းတန်းသည် စပါးအုံး၏ဦးခေါင်းအား ဦးတည်ပစ်ခတ် လိုက်လေသည်။
အလင်းလုံး ပေါက်ကွဲသွားသည့်အခါ စပါးအုံး အနည်းငယ် မူးဝေသွားလေသည်။ မရှေးမနှောင်းမှာပင် လေဆာအလင်းတန်းနှင့် ထိခတ်မိသဖြင့် ယင်းတွင်ပါဝင်သော အဖျက်အဆီး စွမ်းအားသည် စပါးအုံး၏ ဦးခေါင်းအား ဖောက်ထွက်လုနီးနီးပင် ဖြစ်သည်။
“ရှူး”
စပါးအုံးသည် ဒုက္ခတကြီး မြည်တွန်လိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် အနီရင့်ရောင်အဖြစ် ပြောင်းလဲလာသည်။
ထိုအချိန်တွင် အန်လင်းသည် သူ၏ အုတ်ခဲပျံပေါ်မှ ခုန်ဆင်းလာသည်။
တောင်ခွင်းလျှပ်စီး လက်သီး။
လျှပ်စီးကြောင်းများ တဂျိန်းဂျိန်း မြည်ကာဖြင့် ရွှေရောင်လက်သီးသည် ကောင်းကင်မှ ဆင်းသက်လာပြီး စပါးအုံးဦးခေါင်းအား ဖိကြိတ်လိုက်လေသည်။
ဝုန်း
စပါးအုံးသည် နောက်တစ်ဖက် အဖျက်အဆီး စွမ်းအားနှင့် ရင်ဆိုင်လိုက်ရသည့်အတွက် မြေကြီးအတွင်းသို့ နစ်ဝင်သွားလေသည်။
“လျှပ်စီးသွား”
ဝမ်ရွှမ်ကျန့်၏ ခန္ဓာကိုယ်တွင် လျှပ်စီးကြောင်းများ ဖြစ်တည်လာပြီးနောက် စပါးအုံး၏ ခန္ဓာကိုယ်ထက်တွင် ပေါ်လာလေသည်။
သူ၏ခန္ဓာကိုယ်တွင် အကြေးခွံများ ဖုံးအုပ်လျက်ရှိပြီး သူ၏သွေးမျိုးဆက် စွမ်းအားကို အပြည့်အဝ အသက်သွင်းလိုက်ပြီ ဖြစ်သည်။ လျှပ်စီးနဂါး၏ သွားစွယ်ကဲ့သို့ သူ၏လှံတံသည် စပါးအုံး၏ လည်မျိုကို ထုတ်ချင်းပေါက် သွားလေတော့သည်။
ရွှပ်
ဝမ်ရွှမ်ကျန့်၏ လှံအောက်တွင် စပါးအုံး၏ ဧရာမဦးခေါင်းကြီးသည် နှစ်ခြမ်းကွဲသွားတော့သည်။
ရဲရဲနီနေသည့်သွေးများ ပန်းထွက်လာပြီးနောက် သွေးမြူခိုးများ ပေါ်လာလေသည်။
“ဂုဏ်ယူပါတယ်။ ကောင်းကင်ဘုံပိုင်နက် ရမှတ် ၁ မှတ် ရရှိပါတယ်”
ကြေညာသံ ထွက်ပေါ်လာပြန်သည်။
တိုက်ပွဲပြီးဆုံးသွားသည်နှင့် ဝမ်ရွှမ်ကျန့်သည် သောက်တော် ရေခွက်အား ကောက်ယူကာဖြင့် လျှိုချင်ဟွမ်အား ပစ်ပေးလိုက်သည်။
ထို့နောက်တွင် အာသာ အား ကျေးဇူးတင်စွာဖြင့် ပြောလေသည်။
“ကျေးဇူးပါပဲ”
မြားမှ အကူအညီကြီးစွာ ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းအား ပစ်လွှတ်လိုက်သည်မှာ အာသာမှလွဲ အခြားမရှိချေ။
အာသာသည် ခေါင်းညိတ်ကာဖြင့် အသိအမှတ် ပြုလေသည်။
ရှယ်လီနှင့်အတူ ဩဂတ်စ်အား တွဲကာဖြင့် ပျံသန်းထွက်ခွာ သွားတော့သည်။
အဝေးတွင် ပျောက်ကွယ်သွားသည့် ပုံရိပ်များအားကြည့်ကာ အန်လင်းသည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်း ချလိုက်မိသည်။
ထိုသူတို့နှင့်အတူ တွဲဖက်တိုက်ခိုက်ရခြင်းမှာ လွန်စွာအံ့ဩဖွယ်ရာ ဖြစ်သည်။ သူတို့သည် ကူညီတိုက်ခိုက် ပေးခဲ့သဖြင့် ထိုအဖွဲ့နှင့် နောက်တစ်ကြိမ် တွေ့ဆုံလာမည်ဆိုလျှင် မည်သည့် နှလုံးသားဖြင့် တိုက်ခိုက်နိုင် ပါ့မည်နည်း။
***