အမှောင်သခင်က… သခင်ကြီးကို သိပ်ကို သတိရနေခဲ့တာပါ
Vol. 16 Ch. 226
"မဖြစ်နိုင်ဘူး"
မဟာဝူနတ်ဘုရားသည် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်လို့နေသည်။
သူ၏ လက်သီးသည် တိုက်ပွဲတောက်လျှောက် ဆိုးဆိုးရွားရွား ဖြစ်လို့သွားချေသည်။ စူးရှသော နာကျင်မှုကြောင့် သူ တုန်ယင်နေကာ မျက်လုံး၌ အလွန် တုန်လှုပ်နေဟန်များ ပေါ်လွင်နေ၏။
ယဲ့ဖန်ကဲ့သို့ ဆရာသခင် တစ်ပိုင်းအဆင့် ပညာရှင်က ဒဏ္ဍာရီအဆင့်မှ သူအား ဖိနှိပ်နိုင်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ခဲ့ပါ။ ယခုတော့ ယဲ့ဖန်က အလွန် ထူးဆန်းသောသူမှန်း သူ သိသွားချေပြီ။
အံ့ဩစရာကောင်းလိုက်ပါဘိ။
ယဲ့ဖန်က ဆရာသခင် ဖြစ်ခါနီးအဆင့်သို့ အဆင့်တက်သွားသည်ကို သူ မြင်လိုက်ရပြီး ကြက်သီး တဖြန်းဖြန်း ထသွားသည်။
"မဖြစ်ဘူး"
ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခုက စက္ကန့်ပိုင်းအတွင်း ဖြစ်ပေါ်လာသည်။
ရုတ်တရက် ယဲ့ဖန်ရှိရာ ဘက်မှ အေးစိမ့်စိမ့် လေတစ်ချက် တိုက်ခတ်လာသည်ကို သူ ခံစားလိုက်မိသည်။ ထို့ကြောင့် သူ ချက်ချင်း နောက်လှည့်၍ ထိုအရာကို ရှောင်တိမ်းရန် ကြံစည်လိုက်သည်။
ထိုစဉ် ဒုန်းခနဲ အသံနှင့်အတူ မဟာဝူနတ်ဘုရားသည် သူ့ပခုံးမှ အကြီးအကျယ် နာကျင်လာသည်ကို ခံစားလိုက်မိသည်။
သူ့လက်ပြင်ရိုးသည် ချက်ချင်း ဆုတ်ပြဲသွားလေသည်။
မဟာဝူနတ်ဘုရားသည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ လေထဲ ဆယ်မီတာခန့် လွင့်ထွက်သွားလေသည်။
တစ်ချိန်တည်းမှာပင် မဟာဝူနတ်ဘုရားသည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်မိပြီး သူ့မျက်လုံး၌လည်း အကြီးအကျယ် သွေးပျက်နေဟန်များ ပေါ်လွင်နေသည်။
သူ ရှုံးသွားပြီ။
သူ့လက်ပြင်ရိုးသည်လည်း လက်သီးတစ်ချက်တည်းဖြင့် ကျိုးသွားချေပြီ။
ဤတိုက်ခိုက်မှုက အလွန် မယုံချင်စရာ ကောင်းလှသည်။
ဆယ့်ရှစ်ထပ်မြောက် အဝင်ဝမှ ဝူပီတ၊ ယွမ်ထျန့်ထျန်းရီနှင့် အခြားသူများ အကြောက်တရားကြောင့် လိပ်ပြာလွင့်မတတ် ဖြစ်သွားရသည်။
ဆရာသခင် ဖြစ်ခါနီးအဆင့် သိုင်းပညာရှင်က ဒဏ္ဍာရီအဆင့်မှ သိုင်းပညာရှင်၏ လက်ပြင်ရိုးကို လက်သီးတစ်ချက်တည်းနှင့် ကျိုးအောင် လုပ်လိုက်သည်တဲ့လား။
နတ်ဆိုးတစ်ကောင်သာ ဤကဲ့သို့ ကိစ္စကို လုပ်ဆောင်နိုင်သည်။
သို့သော် ဤသည်ကား အစသာ ရှိချေသေးသည်။
အလွန် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဒေါသထွက်နေသော မျက်လုံးများနှင့် ယဲ့ဖန်သည် ရှေ့သို့ လှစ်ခနဲ ပြေးသွားပြီးနောက် မဟာ ဝူနတ်ဘုရား၏ အနား၌ တစ္ဆေတစ်ကောင်ကဲ့သို့ ရုတ်ခြည်း ပေါ်လာသည်။
ထို့နောက် သူက မဟာဝူနတ်ဘုရား၏ ခြေထောက်ကို ဖမ်းဆွဲလိုက်သည်။
"ခင်ဗျား ရွှင်းအာရဲ့ အဆိပ် ခန္ဓာကိုယ်ကို ချိတ်ပိတ်ခဲ့တယ်"
ထို့နောက် ယဲ့ဖန်က သူ့ခြေထောက်အား ဆတ်ခနဲ ဆောင့်ဆွဲလိုက်သောကြောင့် ဂျွတ်ခနဲ မြည်သံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
"ခင်ဗျား ရွှင်းအာကို ကြောက်အောင် လုပ်ခဲ့တယ်"
ဂျွတ်!
နောက်ထပ် ခြေထောက်တစ်ဘက် ပြုတ်သွားချေသည်။
"ခင်ဗျား ရွှင်းအာရဲ့ အသက်ကို ခြိမ်းခြောက်ခဲ့တယ်"
နောက်ထပ် ဂျွတ်ခနဲ အသံနှင့်အတူ မဟာ ဝူနတ်ဘုရား၏ လက်မောင်းတစ်ဘက် ပြုတ်ထွက်သွားပြီး သွေးများ ဝေါခနဲ ပန်းထွက်လာသည်။
"ခင်ဗျား ရွှင်းအာကို ယဇ်ကောင်အဖြစ် အသုံးချခဲ့တယ်"
နောက်ထပ် ဂျွတ်ခနဲ အသံနှင့်အတူ ကျန်လက်မောင်းတစ်ဘက်လည်း ပြုတ်ထွက်လို့ သွားလေသည်။
ဤမျှ ရက်စက်သော မြင်ကွင်းကြောင့် ကြည့်နေသူများ မှင်တက်သွားကြသည်။
သူတို့ နေရာမှ ရပ်မြဲအတိုင်း ရပ်နေကာ ယဲ့ဖန်၏ အပြုအမူကို တွေဝေစွာ ငေးကြည့်နေမိသည်။
"ဘယ်လိုလုပ် …. ဆရာသခင် ဖြစ်ခါနီးအဆင့်က ဒဏ္ဍာရီအဆင့်ကို ဆွဲဖြဲနိုင်နေရတာလဲ …. ဒါ … လုံးဝ မဖြစ်နိုင်ဘူး"
"ငါ ဘာတွေ မြင်နေရတာလဲ …. လူထူးလူဆန်းလား …. ရက်စက်တဲ့ နတ်ဘုရားလား … သူက လူထူးလူဆန်းပဲ"
"မဟုတ်ဘူး …. ဒါ အံ့ဩစရာပဲ … ဆရာသခင် ဖြစ်ခါနီးအဆင့်က ဒဏ္ဍာရီအဆင့်ကို ဆွဲဖြဲနေတယ် … ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ"
ဘေးပတ်ပတ်လည်မှ လူတိုင်း သူတို့ တစ်ဘဝလုံး၌ ကြောက်စရာအကောင်းဆုံးသော မြင်ကွင်းအား မြင်နေရသလို ခံစားနေရသည်။
ဆရာသခင် တစ်ပိုင်းအဆင့်က ဤမျှ ရက်စက်လိမ့်မည်ဟု သူတို့ ဘယ်သောအခါကမှ ထင်မှတ်မထားမိပါ။
လူတစ်ယောက်က ဤမျှ ရူးသွပ်၍ နှိပ်စက်ညှင်းပန်းနိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
သူတို့ မျက်လုံးထဲတွင် ယဲ့ဖန်အား နတ်ဘုရားတစ်ပါး သို့မဟုတ် နတ်ဆိုးတစ်ကောင်ဟု ထင်မှတ်နေမိသည်။ သို့သော် သူက လူသားတော့ လုံးဝ မဖြစ်နိုင်ဟု ယူဆထားမိကြသည်။
"အား…အား…အား"
စူးရှသော အော်ဟစ်သံများက ဆယ့်ရှစ်ထပ် တစ်ထပ်လုံး၌ ပဲ့တင်ထပ်နေသည်။
ထိုအချိန်တွင် မဟာဝူနတ်ဘုရားသည် ကြောက်စိတ်ကြောင့် မျက်ရည်တောင် ကျချင်လာသည်။
သူ ယဲ့ဖန်ကို အမှန်တကယ် ကြောက်လာပြီ ဖြစ်သည်။ ယခင်တုန်းက သူ ကြောက်သည့်သူဆို၍ သူ့အရှင်တစ်ယောက်သာ ရှိခဲ့သည်။
သို့သော် ယခုအချိန်တွင် ယဲ့ဖန်က သူ့အရှင်ထက် အဆ တစ်ထောင်၊ တစ်သောင်းမက ပို၍ ရက်စက်နေသည်ကို သိလိုက်ရသည်။
သူ့ပြိုင်ဘက်သည် အလွန် မိုက်တိမိုက်ကန်းနိုင်သော သူ ဖြစ်နေပါလား။
"အရှင် …. ကျွန်တော်မျိုးရဲ့ အရှင် …. ကျွန်တော်မျိုးကို ကယ်ပါဦးဗျာ"
မဟာ ဝူနတ်ဘုရားသည် ဆယ့်ရှစ်ထပ်၏ အခန်းလွတ်အား ကြည့်ကာ ရုန်းကန်နေသော သားရဲရိုင်းတစ်ကောင်ကဲ့သို့ ဟစ်အော်လိုက်သည်။
သူ၏ နောက်ဆုံး မျှော်လင့်ချက်အား သူ့အရှင်ထံ၌သာ ပုံ၍ အားထားလိုက်မိသည်။
ထိုစဉ် လေတိုးသံနှင့်အတူ အလွန်ပြင်းထန်သော လေပြင်းတစ်ခုက ရုတ်တရက် ရိုက်ခတ်လာသည်။
ဆယ့်ရှစ်ထပ် တစ်ထပ်လုံး အလွန် ဖိနှိပ်နိုင်သော အနက်ရောင် ချီဓာတ်များဖြင့် ပြည့်နှက်သွားသည်။ ထိုကြမ်းကြုတ်သော ချီဓာတ်ကြောင့် ရှိနေသည့် သူများအားလုံး ကြမ်းပြင်ပေါ် ပုံလျက်သား လဲကျမတတ် ဖြစ်သွားရသည်။
"ငါ့ကို ဘယ်သူခေါ်တာလဲ"
ထိုဖိနှိပ်နိုင်သော အနက်ရောင် ချီဓာတ်မှ ခက်ထန်သော အသံတစ်သံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
ထိုအသံသည် ကြားလိုက်ရသည့် သူတိုင်းအား အရိုးကွဲမတတ် အေးစိမ့်သွားစေကာ တုန်ယင်သွားစေသည်။
ထိုအသံသည် ဧကရာဇ်တစ်ပါး၏ အသံနှင့် ဆင်တူလှသဖြင့် တစ်ထပ်လုံးက တုန်ခါသွားစေ၏။
"အရှင်"
မဟာ ဝူနတ်ဘုရား ချက်ချင်း တက်ကြွလာသည်။
သူ့အရှင်က ကိုယ်ထင်ပြလာချေပြီ။ သူ နောက်ဆုံးတော့ အသက်ရှင်ခွင့် ရလာပြီ။
မဟာ ဝူနတ်ဘုရားက အခန်းလွတ်သို့ ချက်ချင်း ဟစ်အော်ကာ ပြောဆိုလိုက်သည်။
"အရှင် …. ဒီလူက သွေးယဇ်ပူဇော်ပွဲကို ဖျက်ဆီးနေပါတယ် … သူ့ကို သတ်လိုက်ပါ … မြန်မြန် သူ့ကို သတ်လိုက်ပါ"
မဟာ ဝူနတ်ဘုရားက ရက်စက်စွာ ပြောဆိုလိုက်သည်။
သူ့အရှင် အကြောင်းကို သူ ကောင်းကောင်း သိသည်။ သူ နိုးထလာသည်နှင့် သူ၏ ယဇ်ပူဇော်ပွဲကို ခြိမ်းခြောက်လာသည့် သူတိုင်းကို သူ သေချာပေါက် ပြာအဖြစ်သို့ ပြောင်းလဲပစ်လိမ့်မည်။
မဟာ ဝူနတ်ဘုရားသာမက ဆယ့်ရှစ်ထပ်မြောက်၏ ဝင်ပေါက်မှ ဝူပီတနှင့် အခြားသူများပါ တက်ကြွ ပျော်ရွှင်လာသည်။
"သူ နောက်ဆုံးတော့ ပေါ်လာပြီပဲ … နတ်ဆိုးတောင်ကြားရဲ့ အရှင်သခင်က နောက်ဆုံးတော့ ပေါ်လာပြီ"
ဝူပီတက မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုးနှင့် ပြောလိုက်သည်။
နတ်ဆိုးတောင်ကြား၏ အရှင်သခင်နှင့် ပတ်သက်သော ဒဏ္ဍာရီများစွာကို သူ ကြားခဲ့ဖူးသည်။ ဤ နတ်ဘုရား အရှင်သခင်၏ ရှေ့မှောက်၌ လူတိုင်းက ပုရွက်ဆိတ်သာသာ အဆင့်သာ ရှိသည်။
"သူ သေတော့မှာလား … အဲ့ကောင် သေတော့မှာပဲ"
ရွမ်ဟုန်က စိတ်သက်သာရာ ရကာ သက်ပြင်းချလိုက်သည်။
ယဲ့ဖန်က သူမကို အံ့ဩစရာတွေ များစွာ ယူဆောင်လာခဲ့သည်ကိုတော့ သူမ ဝန်ခံပါသည်။
ယခုအခါမှသာ ယဲ့ဖန် မုချ သေတော့မည်ဟု သူမ သတ်မှတ်လိုက်သည်။
ထင်ထားသည့်အတိုင်းပင် ဝူနတ်ဘုရားနှင့် အခြားသူများ၏ ပျော်ရွှင်နေသော အကြည့်အောက်မျာပင် အနက်ရောင် ချီဓာတ်များမှ အရပ်ရှည်ရှည်နှင့် သန်မာတောင့်တင်းသော လူတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။
ကြောက်မက်ဖွယ် ကောင်းလှပါဘိ။ သန်မာလှသည်။
ထိုပုဂ္ဂိုလ်၏ အရေပြားတိုင်းက ကြေးချွတ်သန့်စင်ဘုံမှ တန်း၍ ထွက်လာပုံပေါက်သည်။
အနက်ရောင် ချီဓာတ်များက သူ့ခန္ဓာကိုယ်တစ်ဝိုက် စက်ဝိုင်းသဖွယ် ရစ်ဝဲနေသည်။
သူသည် မော်တယ်ကမ္ဘာသို့ ဆင်းသက်လာသော ဖျက်ဆီးခြင်း နတ်ဘုရားနှင့် ဆင့်တူလှသည်။
နတ်ဆိုးတောင်ကြား၏ အရှင်သခင် ပေါ်လာသည်နှင့် တစ်ထပ်လုံး ပွက်လောရိုက်သွားသည်။
"အရှင်"
"အရှင်"
"အရှင်"
ပြိုင်ဘက်ကင်း သိုင်းပညာရှင်တိုင်း၏ မျက်လုံးထဲတွင် နတ်ဆိုးတောင်ကြား၏ အရှင်သခင်သည် သူတို့၏ အရှင်သခင် ဖြစ်ပြီး နတ်ဘုရားလည်း ဖြစ်ပေသည်။
မြင်ကွင်းကား အလွန် ထိတ်လန့်ဖွယ်ကောင်းလှ၏။ တစ္ဆေလိုလို ပုံသဏ္ဌာန်က ရှေ့သို့ တစ်လှမ်းလှမ်းလိုက်တိုင်း အထပ်တိုင်းအား တုန်ခါသွားစေသည်။
ဂလု!
ဝူပီတနှင့် အခြားသူများ ကြောက်လန့်စိတ်ကြောင့် သတိလစ်မတတ် ဖြစ်ကာ မနည်းကို တံတွေးမြိုချလိုက်ရသည်။
"သူ…သူက နတ်ဆိုးတောင်ကြားရဲ့ အရှင်သခင်လား … ကြောက်ဖို့ ကောင်းလိုက်တာ … သူက တော်တော် ကြောက်ဖို့ကောင်းတာပဲ"
ကြည့်နေသူများသည် နတ်ဆိုးတောင်ကြား၏ အရှင်သခင်နှင့် ပတ်သက်ပြီး ဒဏ္ဍာရီများစွာ ကြားခဲ့ဖူးသည်။
သူ့ကို လူကိုယ်တိုင် တွေ့လိုက်ရသည့် အခါမှာတော့ သူတို့အားလုံး ဘောင်းဘီတွေ စိုရွှဲသွားရသည်။
အခန်းကျဉ်းလေးတွေထဲမှ ပြိုင်ဘက်ကင်း သိုင်းပညာရှင်များ၏ အော်ဟစ်သံကို ကြားလိုက်ရသည့် အခါမှတော့ ဝူပီတနှင့် ကျန်သူများ လဲကျမတတ် ဖြစ်သွားရသည်။
ထိုစဉ် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်သောင်းကျော်လောက်တုန်းက ဂြိုဟ်တစ်ခုမှ ခြေလက်မရှိတဲ့ လမ်းဘေး လေလွင့်လူငယ်လေး တစ်ယောက် ရှိခဲ့တယ်"
"သူက အမှိုက်ပုံက အမှိုက်တွေနဲ့ စားကြွင်းစားကျန်တွေကို နေ့တိုင်း စားခဲ့ရတယ် … သူက တိရစ္ဆာန်တွေရဲ့ အနိုင်ကျင့်ခြင်းကို ခံရပြီး သူ့နဲ့ သိတဲ့သူတိုင်းရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတယ်"
"နောက်တော့ သူက ငါ့ရဲ့ လက်ပါးစေ ဖြစ်လာပြီး ငါ့ကို သူ့သခင်ကြီးအဖြစ် ခံယူခဲ့တယ်"
"ငါတို့ညီအစ်ကိုတွေရဲ့ သေဆုံးမှုတွေအတွက် ငါနဲ့အတူ ငိုကြွေးခဲ့တယ် … ငါနဲ့အတူ အင်မော်တယ်တွေကို သတ်ဖြတ်ရင်း သူ ရယ်မောခဲ့တယ်"
"ငါနဲ့အတူ တိုက်ခိုက်ရင်း တိုက်ပွဲမှာ သွေးမြေကျခဲ့တယ် … စကြဝဠာကြီးကို ပိုင်စိုးဖို့ သူ ငါနဲ့အတူ အဖော်လုပ်ပေးခဲ့တယ်"
"နတ်ဆိုးနဲ့ နတ်ဘုရားတွေရဲ့ တိုက်ပွဲတွေကြားမှာ သူက ငါ့အတွက် သေစေနိုင်တဲ့ တိုက်ကွက်ကို တားဆီး ပိတ်ဆို့ပေးရင်း တယွမ်ချောက်ထဲ ကျသွားခဲ့တယ်"
"သူ ပျောက်နေခဲ့တာ နှစ် တစ်သောင်းလောက် ရှိနေပြီ"
ယဲ့ဖန်က စိတ်မကောင်းဟန်ဖြင့် ဖြည်းဖြည်းချင်း ပြောနေသည်။
သူ့စကားကြောင့် အခြားသူများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။ သူတို့က ယဲ့ဖန်အား ဇဝေဇဝါဖြင့် အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေသည်။
အနက်ရောင် ပုံသဏ္ဌာန်ကသာ ယဲ့ဖန်၏ စကားကို နားထောင်ပြီး တုန်လှုပ်သွားသည်။ ထို့နောက် သူက ရုတ်တရက် နောက်လှည့်ကာ ယဲ့ဖန်အား စိုက်ကြည့်မိသည်။
ယဲ့ဖန်၏ အပြုံးကို မြင်သောအခါ နတ်ဆိုးတောင်ကြားမှ အရှင်သခင်၏ မျက်လုံးများက အလွန် တွေဝေနေဟန်များဖြင့် ပြည့်နှက်လာပြီးနောက် မျက်ရည်များ ရစ်ဝဲလာသည်။
ရင်းနှီးလှသော မျက်နှာကို ကြည့်ရင်း သူ့ခန္ဓာကိုယ်သည် လူအားရော စိတ်အားကြောင့်ပါ တုန်ယင်လို့လာသည်။
သူ နှစ်တစ်သောင်းကျော် စောင့်နေခဲ့ရသည့်သူ ၊ သူ ဒူးထောက်၍ နေ့တိုင်း ဆုတောင်းခဲ့ရသည့်သူက သူ့မျက်စိရှေ့၌ ရပ်နေသည်ကို မြင်နေရသဖြင့် သူ မယုံနိုင်သလို ဖြစ်နေသည်။
"အမှောင်သခင် မတွေ့ရတာ ကြာပြီနော်"
ယဲ့ဖန်က ထိုသို့ပြောလိုက်သည့်အခါတွင် နတ်ဆိုးတောင်ကြား၏ အရှင်သခင်က စိတ်လှုပ်ရှားလာပြီး တုန်ယင်လာပြီး အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလိုက်မိသည်။
"မင်း…မင်းက…"
ထို့နောက် သူက အခန်းကျဉ်းလေးအား ချိုးဖောက်၍ ယဲ့ဖန်ရှေ့သို့ လေကဲ့သို့ အလျင်ဖြင့် လှစ်ခနဲ ပြေးလာသည်။ ပြီးနောက် ကြမ်းပြင်ပေါ် လေးဘက်ထောက် ဝပ်တွားလိုက်သည်။
"ဂါရဝပြုပါတယ် သခင်ကြီး …. ကျွန်တော်က အမှောင်မိစ္ဆာသခင်ပါ … နတ်ဆိုးတွေက ဘယ်တော့မှ မသေနိုင်ဘူး …. နတ်ဆိုး ဧကရာဇ် အသက်ရှည်ပါစေ"
"သခင်ကြီး … အမှောင်သခင်က …. သခင်ကြီးကို သိပ်ကို သတိနေခဲ့တာပါ"