နတ်ဆိုးတွေကို ခန့်အပ်ခဲ့သည့်သူ
Vol. 16 Ch. 227
ထိုအချိန်တွင် ဆယ့်ရှစ်ထပ် တစ်ထပ်လုံး လုံးဝကို တိတ်ကျနေပြီး အပ်ပြုတ်ကျသွားသည့် အသံကိုတောင်မှ ကြားရလောက်သည်။
မဟာ ဝူနတ်ဘုရား ၊ ဝူပီတ ၊ ယွမ်ထျန့်ထျန်းရီ ၊ ရွမ်ကျုံးမို့ ၊ ရွမ်ဟုန်တို့ …. ဆယ့်ရှစ်ထပ်မှ ပြိုင်ဘက်ကင်း ကြမ်းကြုတ်သည့် နတ်ဘုရားများတောင်မှ ဆွံ့အကာ တောင့်တင်းသွားကြသည်။
သူတို့ အမြင်တွေများ ဖမ်းစားခံထားရသလား ဟုတောင် သံသယဝင်မိကြသည်။ သူတို့ အကြားအာရုံနှင့် ပတ်သက်၍ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုတောင် သံသယဝင်မိကြသည်။
*သ…သခင်ကြီးတဲ့လား*
သူတို့ ဘာတွေ ကြားလိုက်ရတာပါလိမ့်။
နတ်ဆိုးတောင်ကြား၏ အရှင်သခင်က ယဲ့ဖန်ကို သခင်ကြီးလို့ ခေါ်လိုက်တာလား။
"မဖြစ်နိုင်ဘူး … ဒါ လုံးဝ မဖြစ်နိုင်ဘူး" မဟာ ဝူနတ်ဘုရားတောင်မှ တွေဝေသွားရသည်။
သူ့ဝိညာဉ်တောင်မှ ကြောက်လန့်ပြီး တုန်ယင်နေသည်။
သူ၏ အရှင်သခင် တစ်ဖြစ်လည်း နတ်ဘုရားက သူ့ရန်သူရှေ့ ဒူးထောက်လို့ နေပြီး မိသားစုနှင့် အခုမှ ပြန်ဆုံရသည့် ကလေးသဖွယ် အော်ဟစ် ငိုယိုနေသည်။
ဒါ…. လုံးဝ မဖြစ်နိုင်ဘူး။
*နတ်ဆိုးတောင်ကြားရဲ့ အရှင်သခင် … ကမ္ဘာတစ်ဝှမ်းက ဒဏ္ဍာရီများစွာကို ဖန်တီးခဲ့တဲ့ ထိပ်တန်း ဒဏ္ဍာရီအဆင့်က ဘေးဘက်ထောက် ဝပ်တွားပြီး တစ်စုံတစ်ယောက်ကို သူ့သခင်ကြီးလို့ ခေါ်နေတာလား*
*ဒါ… အံ့ဩဖို့ကောင်းလိုက်တာ*
ကြည့်နေသူများ အလွန် စိတ်ရှုပ်သွားကြသည်။ သူတို့ အလွန် ထိတ်လန့်သွားသဖြင့် မျက်ရည်တောင် ကျချင်လာသည်။
သို့သော် ယဲ့ဖန်နှင့် အမှောင် မိစ္ဆာသခင်တို့၏ ကမ္ဘာထဲတွင်တော့ သူတို့မှလွဲ၍ အခြားသူများ ရှိမနေကြပါ။
ယဲ့ဖန်ရှေ့ ဝပ်တွားနေရင်း အမှောင် မိစ္ဆာသခင်က နှပ်တရှုံ့ရှုံ့နှင့် ငိုချလာသည်။
နှစ်တစ်သောင်းအတွင်း ပူဆွေးမှုများ ၊ နှစ်တစ်သောင်းအတွင်း ခံစားခဲ့ရသည့် အထီးကျန်မှုများနှင့် နှစ်တစ်သောင်းအတွင်း ခံစားခဲ့ရသည့် ပျော်ရွှင်မှုများအဆုံးတွင် သူ၏ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သည့် မိသားစုဝင်နှင့် သူ ပြန်ဆုံခဲ့ရလေပြီ။
"သခင်ကြီး … နှစ်တစ်သောင်း … နှစ်တစ်သောင်းတောင် ရှိခဲ့ပြီ … အမှောင်သခင်က သခင်ကြီးကို သိပ်သတိရနေခဲ့တာ … အမှောင်သခင်က နတ်ဆိုးဂြိုဟ်၊ နတ်ဆိုးတောင်ကြားနဲ့ နတ်ဆိုး ညီအစ်ကို အစ်မတွေ အားလုံးကို သတိရပါတယ်"
"နတ်ဆိုးတွေအားလုံးက မိသားစုတွေပဲလို့ သခင်ကြီး တစ်ခါက ပြောခဲ့ဖူးတယ်နော် … ကျွန်တော်တို့ မိသားစုက နတ်ဆိုးဂြိုဟ်ပေါ်မှာ ရှိတယ် …. ကျွန်တော်တို့ရဲ့ အရင်းအမြစ်က နတ်ဆိုး တောင်ကြားပဲ"
"လွန်ခဲ့တဲ့ နှစ်တစ်သောင်းကျော်တုန်းက ကျွန်တော်က အိမ်ခြေရာမဲ့ ကလေးတစ်ယောက်လိုပဲ … ကျွန်တော်တို့ ရန်သူတွေကို ချေမှုန်းပြီး စကြဝဠာထဲမှာ သွေးတွေ ဖြန်းပက်ခဲ့တာကို သတိရမိတယ် … ကျွန်တော်တို့ ညီအစ်ကိုတွေနဲ့ ပျော်စရာကောင်းတဲ့ ဘဝလေးကို သတိရတယ်"
"သခင်ကြီး ကျွန်တော် စောင့်နေခဲ့တာ နှစ်တစ်သောင်းတောင် ရှိသွားခဲ့ပြီ"
အမှောင် မိစ္ဆာသခင်က မျက်ရည်များနှင့် ပြောလာသည်။ ထို့နောက် သူသည် ရင်ကွဲမတတ် ဝမ်းနည်းပူဆွေးကာ အော်ငိုလေတော့သည်။
နတ်ဆိုးတစ်ကောင်၏ မျက်ရည်တွေပါလား။
နှစ်တစ်သောင်းကြာအောင် စောင့်နေခဲ့ပြီးနောက် သူ၏ အထီးကျန်မှုတွေကို သူ ဖွင့်ထုတ်ချင်ခဲ့သည်။
ယဲ့ဖန်သည် သူ၏ လက်ပါးစေလည်းဖြစ် ညီအစ်ကိုလည်း ဖြစ်သည့် အမှောင် မိစ္ဆာသခင်အား ကြည့်ရင်း လည်ချောင်းထဲ စို့နင့်လာရသည်။
သူတို့ အတူ ငိုခဲ့၊ ရယ်ခဲ့သည်။ တစ်ယောက်အတွက် တစ်ယောက် ဒဏ်ရာတွေ ရခဲ့ရင်း ကျင့်ကြံမှုတွေကို ဆုံးရှုံးခဲ့ရသည်။
ယဲ့ဖန်က ချက်ချင်း အမှောင် မိစ္ဆာသခင်အား ထူမ၍ ဖက်လိုက်သည်။
"သခင်ကြီး"
ယောက်ျားရင့်မာကြီး နှစ်ယောက်က အချိန်အတော်ကြာ ဝေးကွာခဲ့ရသည့် မိသားစုဝင် နှစ်ယောက်ကဲ့သို့ ဖက်နေကြလေ၏။
မည်မျှ နွေးထွေးလိုက်သည့် မြင်ကွင်းပါလိမ့်။
မည်မျှ ရင်ထဲ ထိခိုက်ခံစားရစေသည့် မြင်ကွင်းပါလိမ့်။
"သခင်ကြီး …. နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် အမှောင်သခင်က ကျွန်တော်တို့ ရန်သူတွေရဲ့ သွေးကို သုံးပြီး နတ်ဆိုးတောင်ကြားရဲ့ နံရံတွေမှာ နတ်ဆိုးတွေရဲ့ သမိုင်းကြောင်းကို ရေးဆွဲခဲ့တာပါ"
"နတ်ဘုရားတွေရဲ့ စွန့်ပစ်ခြင်းကို ခံရပြီးတဲ့နောက်မှာ ကျွန်တော်တို့ နတ်ဆိုးတွေ ဖြစ်လာကြတယ်"
"ကျွန်တော်တို့ အနိုင်ကျင့်ခံရရင် ပြန်ချမယ် … ကျွန်တော်တို့ ရန်သူတွေကို သွေးသံတရဲရဲနဲ့ တိုက်ခိုက်ခဲ့ပြီး နတ်ဘုရားတွေရဲ့ နယ်မြေကို ရှင်းလင်းခဲ့တယ် …. ကျွန်တော်တို့ အင်မော်တယ်တွေကို သတ်ဖြတ်ခဲ့တယ်"
"ဒါ နတ်ဆိုးတွေအတွက် ဂုဏ်ယူစရာပါပဲ"
အမှောင် မိစ္ဆာသခင်၏ စကားများကို ကြားပြီး အခန်းထဲမှ လူတိုင်း စိတ်ထိခိုက် လှုပ်ရှားမှုကြောင့် ရင်တုန်လာကြသည်။
နံရံဆေးရေးပန်းချီတွေ။
ဟုတ်ပေစွ။
ထိုအခါမှသာ ဝူပီတနှင့် အခြားသူများသည် စင်္ကြံလမ်း၏ နံရံတိုင်း၌ သွေးစွန်း နံရံဆေးရေးပန်းချီများဖြင့် ပြည့်နှက်နေသည်ကို အမှတ်ရလိုက်သည်။
ထိုပန်းချီများသည် နတ်ဆိုးများ၏ အကြောင်းနှင့် နတ်ဘုရားများအား သုတ်သင်ခြင်းများကို ဖော်ပြထားခြင်း ဖြစ်သည်။
အဆုံးသတ်တွင် နတ်ဆိုးတို့၏ ဧကရာဇ်အဖြစ် သမုတ်ခြင်းခံရသော လူတစ်ယောက်အကြောင်း ရေးဆွဲထားသည်။
ပုလ္လင်အမြင့်ပေါ်တွင် ထိုင်နေသော သူ့အား နတ်ဆိုးများက လေးစား ကြည်ညိုနေကြသည်။
ယခင်တုန်းက ဝူပီတနှင့် အခြားသူများက ထိုသူသည် နတ်ဆိုးတောင်ကြား၏ အရှင်သခင်ဟု ထင်မှတ်ခဲ့ကြသည်။
ယခုအခါမှသာ ထိုသူက …. ယဲ့ဖန်ဖြစ်နေမှန်း သိလိုက်ရတော့သည်။
ဝူပီတနှင့် အခြားသူများ ချက်ချင်း တိတ်ဆိတ်သွားကာ ထိတ်လန့်မှုကြောင့် သတိလစ်မတတ် ဖြစ်သွားရသည်။
မဟာ ဝူနတ်ဘုရားတောင်မှ အလွန် အံ့ဩသွားရသည်။
ထိုသွေးနှင့် ရေးဆွဲထားသော ပန်းချီများအား သူ အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့ပြီး ထိုပန်းချီထဲမှ ဧကရာဇ်အကြောင်းကို နတ်ဆိုးတောင်ကြား၏ အရှင်သခင်အား သူ ကြိမ်ဖန်များစွာ မေးခဲ့ဖူးသည်။
သို့သော် သူ့အရှင်က တိတ်ဆိတ်မြဲ တိတ်ဆိတ်နေခဲ့သည်။
ယခုအခါမှသာ ထိုဧကရာဇ်က သူ့အရှင်၏ သခင်ကြီး ယဲ့ဖန် ဖြစ်နေသည်ကို သိလိုက်ရသည်။
ဒုန်းခနဲ အသံကျယ်နှင့်အတူ မဟာ ဝူနတ်ဘုရားသည် ခြေကုန်လက်ပမ်းကျကာ ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားသည်။
ထို့နောက် သူ့မျက်ရည်များကို အတင်းသုတ်၍ နတ်ဆိုးတောင်ကြား တစ်ခုလုံးကို ဝေ့ကြည့်ကာ အော်ဟစ်လိုက်သည်။
"မင်းတို့ ဘာတွေ စောင့်နေတာလဲ"
သူ့အော်သံကြောင့် ဘေးပတ်ဝန်းကျင်မှ လူများ အလွန် အံ့ဩသွားကြသည်။
ဒုန်း! ဒုန်း! ဒုန်း!
အချုပ်အနှောင်များ တစ်ခုပြီးတစ်ခု ကျိုးပျက်သွားသလို အခန်းကျဉ်းများလည်း ပျက်ဆီးသွားသည်။
ဆယ့်ခုနစ်ထပ်မြောက်မှ အခန်းကျဉ်းများတွင် ပြိုင်ဘက်ကင်း ရက်စက်ကြမ်းကြုတ်သည့် နတ်ဘုရားများ ရှိနေကြသည်။ သူတို့အားလုံး အချုပ်အနှောင်မှ အလျင်အမြန် ပစ်ခွာ၍ သူတို့ အခန်းကျဉ်းအား ဖျက်ဆီး၍ ဆယ့်ရှစ်ထပ်မြောက်သို့ တစ်ဟုန်ထိုး ဝင်ရောက်လာသည်။
ဆယ့်ရှစ်ထပ်မြောက်ရှိ မဟာဝူနတ်ဘုရားနှင့် အခြားသူများ၏ အံ့ဩနေသော အကြည့်များ အောက်မှာပင် ထို ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရက်စက်သည့် နတ်ဘုရားများက လျင်မြန်စွာ ရောက်ရှိလာသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဆယ့်ရှစ်ထပ်မြောက်သို့ ရောက်ရှိလာသော အယောက် တစ်ရာ့ခုနစ်ဆယ်သော နတ်ဘုရားများ၌ ဆရာသခင် အထွတ်အထိပ်အဆင့် တစ်ရာလေးဆယ့်ခြောက်ယောက်၊ ဒဏ္ဍာရီအဆင့် ဆယ့်ခြောက်ယောက်နှင့် ဒဏ္ဍာရီအဆင့် ရှစ်ယောက်တို့ ပါဝင်သည်။
သူတို့အားလုံးသည် ကမ္ဘာတစ်ဝှမ်းမှ အကြမ်းတကာ့ အကြမ်းဆုံး သိုင်းပညာရှင်များ ဖြစ်ကြသည်။
သူတို့အားလုံး စုစည်းပြီးနောက် သူတို့၏ ကြမ်းကြုတ်သော ချီဓာတ်များက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး တလက်လက် တောက်ပနေသော အလင်းများ ဖြစ်ပေါ်လာသည်။
ထို့နောက် ဒုန်းခနဲ အသံနှင့်အတူ သူတို့အားလုံးက ယဲ့ဖန်ရှေ့ ဒူးထောက်ကာ ရင်ဘက်ပေါ် လက်တင်၍ နှုတ်ဆက်လိုက်ကြသည်။
"ဂါရဝပြုပါတယ် သခင်ကြီး ကျွန်တော်က နတ်ဆိုးတောင်ကြားက သခင်ရဲ့ အစေခံပါ"
သူတို့၏ အသံများက လွန်စွာ ပြင်းထန်လှသဖြင့် သတ္တုနှင့် ကျောက်တုံးများကိုတောင် အရည်ပျော်သွားနိုင်စေသည်။
ထို့ကြောင့် ကြမ်းပြင်တစ်ခုလုံး တုန်ခါနေ၏။ သူတို့အားလုံး အလွန် အရူးအမူး ဖြစ်နေကြသည်။
မဟာ ဝူနတ်ဘုရားနှင့် အခြားသူများ အလွန် ထိတ်လန့်သွားကာ ဘောင်းဘီထဲ သေးထွက်ကျမတတ် ဖြစ်နေသည်။
နတ်ဆိုးတောင်ကြား၏ အခန်းကျဉ်းလေးထဲမှ ထိပ်တန်း သိုင်းပညာရှင်များက ယဲ့ဖန်ထံသို့ အညံ့ခံလာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
သူတို့အားလုံးက ဆရာသခင် ဖြစ်ခါနီးအဆင့် သိုင်းပညာရှင်ကို အညံ့ခံနေကြသည်တဲ့လား။
မယုံနိုင်စရာကောင်းလိုက်ပါဘိ။
ထိုစဉ် ဝုန်းခနဲ အသံနှင့်အတူ ရွမ်ဟုန်တစ်ယောက် ဖြူဖပ်ဖြူရော် မျက်နှာနှင့် ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသည်။
ယခင်တုန်းက ယဲ့ဖန်က ပမွှားကောင်သာ ဖြစ်သည်ဟု သူမ ယုံကြည်ခဲ့မိသည်။
ထို့နောက် ယဲ့ဖန်၏ တိုက်ပွဲဝင်ခွန်အားက သူမအား လှုံ့ဆော်လိုက်သလိုပင်။
ယဲ့ဖန်က ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့အား တစ်ချက်တည်းနှင့် ရှုံးအောင် လုပ်ခဲ့သည်ကို မြင်ပြီးနောက် သူမ အကြီးအကျယ် ထိတ်လန့်သွားခဲ့ရသည်။
ယဲ့ဖန်က မဟာဝူနတ်ဘုရားအား ဆွဲဖြဲနေသည်ကို မြင်လိုက်ရသည့် အချိန်တွင် သူမ သွေးပျက်သွားခဲ့ရသည်။
ယခုတော့ သူမ စိတ်ဓာတ်ကျသွားချေပြီ။
သူမဘေးမှ ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့က သူမထက် ပို၍ အခြေအနေ ဆိုးနေသေးသည်၊ သူတို့သည် လိပ်ပြာလွင့်မတတ် ဖြစ်နေကြသည်။
"မဟုတ်ဘူး … မဖြစ်နိုင်ဘူး … သူက ဘယ်သူမို့လို့လဲ … သူ ဘာလို့ ဒီလောက် ငယ်နေရတာလဲ … သူက ဘယ်လိုလုပ် နတ်ဆိုးတောင်ကြားက အရှင်သခင်ရဲ့ သခင်ကြီး ဖြစ်နေရတာလဲ … ဘယ်လိုလုပ် သူက နတ်ဆိုးတောင်ကြားက ဒီလောက် များတဲ့ ထိပ်တန်း သိုင်းပညာရှင်တွေရဲ့ သခင်ကြီး ဖြစ်နေရတာလဲ … မဖြစ်နိုင်ဘူး … မဖြစ်နိုင်ဘူးကွာ"
ထိုအချိန်တွင် ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့ အလွန် တုန်လှုပ်နေကြသည်။
သူတို့ မြင်နေရသည်များကို မယုံနိုင်သလို ယုံဖို့လည်း ကြိုးစားချင်စိတ် မရှိကြပေ။
ထိုစဉ် ယဲ့ဖန်က ပါရမီရှင်နှစ်ယောက်အား ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည့်အခါတွင် သူတို့သည် သေမင်းနတ်ဘုရား၏ စိုက်ကြည့်ခြင်းကို ခံနေရသည်ဟု ခံစားလိုက်မိကြသည်။ တစ်ချိန်တည်းမှာပဲ တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်းထကာ ကတုန်ကယင် ဖြစ်လာကြသည်။