ငါ့မျက်လုံးထဲမှာတော့ မင်းက သေပြီးသားလူပဲ
Vol. 16 Ch. 231
မဟူရာ ကြက်ခြေခတ်အဖွဲ့ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပဲ ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။
"နတ်ဆိုးတွေက ဘယ်တော့မှ မသေဘူး …. နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ"
ညအဖွဲ့မှ ဆရာသခင်အဆင့် သိုင်းပညာရှင် လေးယောက်သည် မဟူရာ ကြက်ခြေခတ်အဖွဲ့မှ ဒဏ္ဍာရီတစ်ပိုင်းအဆင့် သိုင်းပညာရှင်နှင့်အတူ ပေါက်ကွဲသွားသည်။
ဝုန်း!
ဝမ်းနည်းဖွယ်ကောင်းသော ပေါက်ကွဲမှုကြီးကြောင့် လမ်းမပေါ်၌ ဧရာမ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ဒဏ္ဍာရီတစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက် ဘာဖြစ်သွားသလဲဆိုတာကို လိမ့်ပတ်လည်အောင် မသိလိုက်ခင်မှာပဲ တစ်စစီ ပေါက်ကွဲထွက်သွားရသည်။
ဤသည်ကား အစသာ ရှိချေသေးသည်။
စက္ကန့်ပိုင်းမျှ အကြာတွင် ကုန်းကျန့်ထျန်းနှင့် သူ့လူများ၏ အံ့ဩနေသော အကြည့်များရှေ့မှာတင် ညအဖွဲ့မှ များစွာသော ဆရာသခင်အဆင့် သိုင်းပညာရှင်များက ရှေ့သို့ အရူးအမူး ပြေးတက်လာကြသည်။
သူတို့ကိုယ်သူတို့ စတေးခံရန် စိတ်ပိုင်းဖြတ်ထားကြသည်။
လေးယောက်တစ်ဖွဲ့နှုန်းနှင့် သူတို့ သေဆုံးသွားကြလေသည်။
ညအဖွဲ့မှ ဆရာသခင်အဆင့် သိုင်းပညာရှင်များက မဟူရာ ကြက်ခြေခတ် အဖွဲ့မှ ဒဏ္ဍာရီတစ်ပိုင်းအဆင့် သိုင်းပညာရှင်များအား ဖမ်းဆွဲပြီး သူတို့၏ မူလ သလင်းကျောက်များကို ဆွဲထုတ်လိုက်ကြသည်။
ထိုစဉ် သူတို့အားလုံးက မဟူရာ ကြက်ခြေခတ်အဖွဲ့မှ သိုင်းပညာရှင်များအား ဟစ်ကြွေး၍ ပြောဆို လိုက်သည်။
"နတ်ဆိုးတွေက ဘယ်တော့မှ မသေဘူး …. နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ"
ဝုန်း!
မဟူရာ ကြက်ခြေခတ်အဖွဲ့မှ ဒုတိယမြောက် ဒဏ္ဍာရီတစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက် တစ်စစီ ပေါက်ကွဲထွက်သွားပြန်သည်။
"နတ်ဆိုးတွေက ဘယ်တော့မှ မသေဘူး …. နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ"
ဝုန်း!
မဟူရာ ကြက်ခြေခတ်အဖွဲ့မှ တတိယမြောက် ဒဏ္ဍာရီတစ်ပိုင်းအဆင့် သိုင်းပညာရှင် သေသွားပြန်သည်။
သူတို့ မျက်စိရှေ့မှောက်မှ ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းသော မြင်ကွင်းကို ကြည့်ပြီး မဟူရာ ကြက်ခြေခတ်အဖွဲ့မှ သိုင်းပညာရှင်များ ကြောက်လန့်ကာ တုန်လှုပ်သွားကြသည်။
ညအဖွဲ့မှ ဆရာသခင်အဆင့် သိုင်းပညာရှင်များသည် လေးယောက်တစ်ဖွဲ့ ဖွဲ့၍ သူတို့ကိုယ်သူတို့ စတေးကာ မဟူရာ ကြက်ခြေခတ်အဖွဲ့မှ ဒဏ္ဍာရီတစ်ပိုင်းအဆင့် သိုင်းပညာရှင်များအား တစ်ယောက်ပြီးတစ်ယောက် ဖောက်ခွဲပစ်နေသည်။
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော သွေးများက ထိုနေရာအနှံ့ ဖုံးလွှမ်းလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဆယ်ယောက် ပြာဖြစ်ကာ ပျောက်ကွယ် သွားကြသည်။
ထို့အတူ ညအဖွဲ့မှ ဆရာသခင်အဆင့် သိုင်းပညာရှင် အယောက်လေးဆယ်တို့ ပေါက်ကွဲသွားပြီ ဖြစ်သည်။
ထိုအချိန်တွင် ညအဖွဲ့မှ ဆရာသခင်အဆင့် သိုင်းပညာရှင်များက ဆယ်ယောက်တစ်ဖွဲ့နှုန်းနှင့် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များထံသို့ ပြေးဝင်သွားကြသည်။
သူတို့သည် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များအား ဝိုင်းလိုက်ပြီးသည်နှင့် သူတို့၏ မူလ သလင်းကျောက်များအား ထုတ်၍ ကြီးမားသော ပေါက်ကွဲမှုတစ်ခုကို ဖြစ်ပွားစေသည်။
မည်မျှ ဝမ်းနည်းဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါလိမ့်။
အန်းရှီတို့အဖွဲ့နှင့် ကုန်းကျန့်ထျန်းတို့ အဖွဲ့တို့ မယုံကြည်နိုင်သော စိတ်များဖြင့် အံ့ဩတုန်လှုပ်နေကြသည်။
*ရူးနေပြီ*
*ညအဖွဲ့က ဆရာသခင်အဆင့် သိုင်းပညာရှင်တွေ တော်တော်ရူးနေတာပဲ*
*သူတို့က သူတို့ရဲ့ အင်အားကြီးတဲ့ ရန်သူတွေနဲ့အတူ စတေးခံလိုက်တာပဲ*
စက္ကန့်ပိုင်းမျှ ကြာသည့် အချိန်လေးအတွင်းမှာပင် တစ်လမ်းလုံး၌ သွေးများ အသားစများနှင့် ပြည့်နှက်သွားသည်။
"နတ်ဆိုးတွေက ဘယ်တော့မှ မသေဘူး …. နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ"
ညအဖွဲ့မှ ဆရာသခင်အဆင့် အယောက်တစ်ရာကျော်နီးပါးက ဒဏ္ဍာရီတစ်ပိုင်းအဆင့်နှင့် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များထံသို့ သူတို့အသက်ကိုရင်းကာ ဆက်တိုက် ပြေးဝင်သွားခဲ့ကြသည်။
"ခွေးသားတွေ"
ကုန်းကျန့်ထျန်းနှင့် အခြား မဟူရာ ကြက်ခြေခတ်အဖွဲ့သားများ သေမတတ် ထိတ်လန့်သွားကြသည်။
ဤသို့ သွေးပျက်ဖွယ်ကောင်းသော တိုက်ပွဲကြောင့် သူတို့တွေ မျက်ခုံး တလှုပ်လှုပ်ဖြစ်လာကြသည်။
သူတို့က အင်အားကြီးမားသူများ ဖြစ်သော်လည်း သူတို့ နဖူး၌ ချွေးများ စို့နေသေးသည်။
မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် သူ့လူများက သည်လောက် ပြတ်သားလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိပါ။
ဒဏ္ဍာရီတစ်ပိုင်းအဆင့် သိုင်းပညာရှင်အားလုံး သေသွားလေပြီ။
ဒဏ္ဍာရီအဆင့် လူအိုကြီးတစ်ယောက်လည်း ပေါက်ကွဲကာ သေသွားခဲ့ပြီ။
နောက်ထပ် ဒဏ္ဍာရီအဆင့် လူအိုကြီး နှစ်ယောက်၏ လက်မောင်းများသည်လည်း ပြတ်ထွက်လို့ သွားသည်။
"အံ့ဩစရာပဲ …. ဘာလို့ သူတို့ ဒီလောက်ထိ ရူးသွပ်နေရတာလဲ"
အမြှီးတက်နင်းခံရသည့် ကြောက်ကဲ့သို့ ကုန်းကျန့်ထျန်း ဒေါသူပုန်ထကာ ရှေ့သို့ ပြေးတက်လာပြီး တိုက်ပွဲအခြေအနေကို မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။
ဝုန်း! ဝုန်း! ဝုန်း!
ကမ္ဘာပျက်ကပ် စတင်လာသည့်အတိုင်း သို့မဟုတ် တစ္ဆေများ ပြန်လည်မွေးဖွားလာသည်ဟု ထင်မှတ်ရသည်။
ညအဖွဲ့၏ ရူးသွပ်မတတ် တိုက်ခိုက်မှုကြောင့် မဟူရာ ကြက်ခြေခတ်အဖွဲ့မှ ဆရာသခင်အဆင့် အယောက် ငါးဆယ်တို့ ဘောင်းဘီထဲ သေးထွက်ကျမတတ် ဖြစ်သွားကြသည်။
နောက်ထပ် ဝုန်းခနဲ အသံနှင့်အတူ ညအဖွဲ့မှ နောက်ဆုံးသော ဆရာသခင်အဆင့် ဆယ်ယောက်တို့သည် ဒဏ္ဍာရီအဆင့် လူအိုကြီးတစ်ယောက်နှင့်အတူ ပေါက်ကွဲ၍ သေသွားလေတော့သည်။
လမ်းမတစ်ခုလုံး တိတ်ဆိတ်လို့သွားသည်။ လေထုထဲတွင်လည်း သွေးနံ့များဖြင့် လှိုင်လှိုင်ထနေ၏။
မဟူရာ ကြက်ခြေခတ်အဖွဲ့ဘက်တွင်မူ ဒဏ္ဍာရီအဆင့် နှစ်ယောက်သေပြီး နောက်ထပ် ဒဏ္ဍာရီအဆင့် နှစ်ယောက် ကျိုးကန်းသွားသည်။ ထို့အပြင် ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဆယ်ယောက်လုံး အသတ်ခံလိုက်ရခြင်းကြောင့် ကုန်းကျန့်ထျန်းနှင့် အခြား ဆရာသခင် အထွတ်အထိပ်အဆင့် အယောက်ငါးဆယ်သာ ဘေးမသီ ရန်မခဘဲ ကျန်ရှိနေ၏။
တစ်ဘက် ညအဖွဲ့တွင်တော့ ဆရာသခင်အဆင့် အယောက်တစ်ရာလုံး သေဆုံးသွားပြီ ဖြစ်သည်။ မိစ္ဆာဝိညာဉ်ရိုင်း တစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
မည်မျှ အဖြစ်ဆိုးလိုက်သနည်း။
မည်သူမျှ ဤကဲ့သို့ ဆိုးရွားသော အဖြစ်အပျက်မျိုးနှင့် မကြုံဖူးပါ။
သူတို့စိတ်ထဲတွင် ညအဖွဲ့မှ ဆရာသခင်အဆင့် သိုင်းပညာရှင် အယောက်တစ်ရာလုံးသည် အကြောက်အလန့်မရှိသော အရူးများပင် ဖြစ်သည်။
"သေကုန်ပြီ …. မဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲလေးခုက အင်အားအကြီးဆုံးသူတွေ သေဆုံးကုန်ပြီ"
ကုန်းကျန့်ထျန်း တုန်တုန်ယင်ယင်နှင့် သတိလစ်မတတ် ဖြစ်နေသည်။
"ဝိညာဉ်ရိုင်း မင်း ရူးနေလား "
ကုန်းကျန့်ထျန်းက ဝိညာဉ်ရိုင်းအား ထိတ်လန့်တကြား မေးလိုက်သည်။
ဝိညာဉ်ရိုင်းနှင့် သူ့လူများက ယဲ့ဖန်ကို ကာကွယ်ရန် အဘယ်ကြောင့် ဤမျှ ပြင်းထန်သော ကိစ္စရပ်များ ပြုလုပ်ရသည်ကို နားမလည်နိုင်ဖြစ်နေသည်။
သူတို့၏ ရူးသွပ်လောက်သော တိုက်ခိုက်မှုက မယုံချင်စရာ ကောင်းလှသည်။
"ဟားဟား …. ကုန်းကျန့်ထျန်း … မင်း ငါတို့ကို ကြောက်နေတာလား"
ဝိညာဉ်ရိုင်းက ဟားတိုက်ရယ်မော၍ ပြောလိုက်သည်။
သူက ကုန်းကျန့်ထျန်းအား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်ပြီး အထင်သေးနေသော မျက်လုံးများဖြင့် ထပ်ပြောလိုက်သည်။
"မင်း နားလည်နိုင်မှာ မဟုတ်ဘူး … ငါတို့ သခင်ကြီးနဲ့ ငါတို့ ဆုံတွေ့ခွင့်ရခဲ့တာ တအား ကံကောင်းတယ် … နတ်ဆိုးတွေအတွက်က သူတို့သခင်အတွက် သေသည်အထိ တိုက်ခိုက်ခွင့်ရတာက ဂုဏ်ယူစရာ ကောင်းတဲ့ ကိစ္စပဲ … ဟားဟား …. မင်း နားလည်မှာ မဟုတ်ဘူး"
*ဘာ*
သူ့စကားကြောင့် ကုန်းကျန့်ထျန်း၏ မျက်နှာက မည်းမှောင်သွားသည်။
သူ ယဲ့ဖန်၏ နောက်ကြောင်း ရာဇဝင်အား သိချင်မိသွားသည်။ ယဲ့ဖန်က ဝိညာဉ်ရိုင်းနှင့် အခြား ဆရာသခင်အဆင့် သိုင်းပညာရှင် အယောက် တစ်ရာကျော်၏ လေးစား ကြည်ညိုခြင်းအား ဘယ်လိုလုပ် ရသွားခဲ့တာပါလိမ့်။
"ကောင်းတယ် … သိပ်ကောင်းတယ်"
ကုန်းကျန့်ထျန်းက အလွန် ဒေါသထွက်နေရင်းနှင့် ထပ်ပြောလိုက်သည်။
"အဲ့ဒီတော့ကော ဘာဖြစ်လဲ … မင်းလူတွေ အကုန်သေသွားတာတောင်မှ ငါက အခုထိ အသက်ရှင်နေသေးတယ်လေ"
မဟူရာ ကြက်ခြေခတ်ဘက်တွင် သူတို့ အကြီးအကျယ် နစ်နာသွားခဲ့ရသော်လည်း သူတို့ဘက်တွင် ကုန်းကျန့်ထျန်း ၊ လက်မောင်းပြတ်သွားသော ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် နှစ်ယောက် နှင့် ဆရာသခင် အထွက်အထိပ်အဆင့် သိုင်းပညာရှင် အယောက် ငါးဆယ် ကျန်နေသေးသည်။
သူတို့၏ စုပေါင်းအင်အားနှင့်ဆိုလျင် ဝိညာဉ်ရိုင်းတို့ အဖွဲ့အား သူတို့ အသာလေး ဖိနှိပ်နိုင်၏။
ညီညာသော ခြေသံတို့နှင့်အတူ ကုန်းကျန့်ထျန်းတို့ အဖွဲ့က ကြမ်းကြုတ်သော ချီဓာတ်နှင့်အတူ ရှေ့သို့ တက်လာကြသည်။
သူတို့၏ အပြုအမူကြောင့် ဝိညာဉ်ရိုင်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရင်း တိုးတိုးလေး လှမ်းပြောလိုက်သည်။
"မမလေး အန်းရှီ … မမလေးတို့ အခုထွက်သွားတာ ပိုကောင်းမယ် … သွားကြပါတော့"
သူ့၏ ပြတ်သားသော မျက်လုံးများအရ သူသည် သေသည်အထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားပြီးကြောင်း သိသာလှပေသည်။
သူ့စကားကြောင့် အန်းရှီတို့ တစ်ဖွဲ့လုံး မျက်ရည်ကျလာသည်။
ယခုအချိန်တွင် အန်းရှီတို့အဖွဲ့သည် အလွန် အားနည်းပြီး အရည်အချင်း မပြည့်မီသည့်အတွက် သူတို့ကိုယ်သူတို့ မုန်းမိကြသည်။
*ငါတို့ကိုယ်တိုင်ကိုက မသန်မာရင် ငါတို့ချစ်ရတဲ့သူတွေကို ငါတို့ ကာကွယ်မပေးနိုင်ဘူး … ငါတို့ မသန်မာဘဲနဲ့ ယဲ့ဖန်ကို ငါတို့ ကာကွယ်ပေးလို့ မရပါလား*
ခွန်အားကြီးလိုသည့် စိတ်ဆန္ဒက အန်းရှီ၊လင်းလန်၊ ညအဖွဲ့မှ အရှင်သခင် သုံးယောက်၊ နတ်ဆိုး အလောင်းကောင် အားစစ်နှင့် ကလေးငယ်များ၏ ရင်ထဲ၌ ကိန်းအောင်းသွားသည်။
ရွှစ်!
ထိုစဉ် ခပ်ရေးရေး အလင်းတန်းတစ်ချက် နှင့်အတူ ကုန်းကျန့်ထျန်းက ဝိညာဉ်ရိုင်း၏ ခန္ဓာကိုယ်အား ခုတ်ပိုင်းသဖြင့် သွေးများက လေထဲသို့ ပန်းထွက်လာသည်။
ဝိညာဉ်ရိုင်းက ကုန်းကျန့်ထျန်းအား မခုခံနိုင်သဖြင့် မျက်မှောင်ကြုတ်၍ မျက်မှောင်ကြုတ်မိသွားသည်။
"သေလိုက်တော့…"
ဝိညာဉ်ရိုင်းက သူ၏ သုံးမြှောင့်ဓားချွန်အား ဆုပ်ကိုင်၍ သူ့ရှေ့မှ ရန်သူများအား ထိုးနှက် တိုက်ခိုက်လိုက်သည်။
ရွှစ်! ရွှစ်! ရွှစ်!
သူ ပို၍ပို၍ ဒဏ်ရာများ ရလာသည်။
ဒဏ်ရာ တစ်ခုချင်းစီတိုင်းက ကြောက်မက်ဖွယ် ကောင်းလောက်အောင် နက်၍ ဆိုးရွားလှသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝိညာဉ်ရိုင်းသည် သွေးများနှင့် ပေကျံသွားသည်။
သို့သော် သူက ကြံ့ကြံ့ခံနေဆဲပင်။
"သွားတော့"
"ကျုပ်တို့ သခင်ကြီးကို လိုက်ရှာပြီး ဝိညာဉ်ရိုင်းက သူ့ဘဝတစ်လျှောက်လုံးရော၊ နောင်ဘဝမှာပါ နတ်ဆိုး ဧကရာဇ်ရဲ့ ကျေးကျွန် ဖြစ်ချင်ပါတယ်ဆိုတာကို ပြောပြပေးပါ"
ဝိညာဉ်ရိုင်းက အန်းရှီတို့ အဖွဲ့အား နှင်ထုတ်ရင်း အော်ဟစ်ပြောဆိုလိုက်သည်။
ထိုစဉ် ကုန်းကျန့်ထျန်းက သူ၏ ဆာမူရိုင်းဓားအား ဝင့်၍ ဝိညာဉ်ရိုင်း၏ ဦးခေါင်းတည့်တည့်သို့ ခုတ်ကျလိုက်သည်။
သူ၏ တိုက်ခိုက်မှုက သေစေနိုင်လောက်သည်။ ဝိညာဉ်ရိုင်း၏ အရေပြား ပွင့်ထွက်သွားသည်။
ဝိညာဉ်ရိုင်းသည် သူ၏ ခုခံနိုင်စွမ်းအား ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သော်လည်း သူက ညကောင်းကင်မှ များစွာသော ကြယ်တာရာများအား မော့ကြည်ရင်း နတ်ဆိုးဂြိုဟ်ကြီးအား တွေ့လိုတွေ့ငြား လိုက်ရှာမိသည်။
"သခင်ကြီး … ဝိညာဉ်ရိုင်းက တကယ်ကို … တကယ်ကို သခင်ကြီးနဲ့အတူ နတ်ဆိုးဂြိုဟ်ကို လိုက်ချင်ခဲ့တာပါ"
ဝိညာဉ်ရိုင်းက ထိုသို့ပြောလိုက်ပြီး နောင်တရနေသော မျက်ရည်များ စီးကျလာသည်။
ထို့နောက် သူက မျက်လုံးကို မှိတ်၍ သေခြင်းတရားကို ငြိမ်သက်စွာ စောင့်နေလိုက်သည်။
ရွှစ်!
သွေးများ ပန်းထွက်လာ၏။
ထူးဆန်းစွာပင် ဝိညာဉ်ရိုင်း မည်သည့် နာကျင်မှုမှ မခံစားရပေ၊ ထိုအစား သူ့မျက်နှာပေါ်မှ ပူနွေးနွေး အသားဖတ်ကြီး ဖွာခနဲ လွင့်စဉ်ထွက်သွားသည်။
*အမ်*
ဝိညာဉ်ရိုင်း ဇဝေဇဝါနှင့် မျက်လုံး ပြန်ဖွင့်ကြည့်လိုက်သည်။
သူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် တွေဝေသွားရသည်။ ကုန်းကျန့်ထျန်း၏ ဆာမူရိုင်းဓားက သူ့လည်ပင်းနှင့် ထိရန် သုံးစင်တီမီတာလောက်သာ ဝေးတော့သည်။
ထို့အပြင် ကုန်းကျန့်ထျန်း၏ လက်မောင်းက ဓားကျိုးတစ်လက်၏ ခုတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ထိုအချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံက ပဲ့တင်ထပ်လာသည်။
"မင်း ငါ့မိသားစုဝင်တွေကို ခြိမ်းခြောက်ပြီး ငါ့ညီအစ်ကိုတွေကို ထိခိုက်အောင် လုပ်တယ် … ငါ့မျက်လုံးထဲမှာတော့ မင်းက သေလူ ဖြစ်သွားပြီ"