← Chapters

မင်း သေလို့မရနိုင်ဘူး

Vol. 16 Ch. 232

မင်း သေလို့မရနိုင်ဘူး

Vol. 16 Ch. 232

"ငါ့မျက်လုံးထဲမှာတော့ မင်းက သေလူ ဖြစ်သွားပြီ"

ထိုစကားကို ကုန်းကျန့်ထျန်းတစ်ယောက် တွေ့လိုက်ရသည့် အချိန်တွင် တစ္ဆေသရဲတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံလိုက်ရသကဲ့သို့ ခေါင်းမွေးတွေ ထောင်လာသလို ရုတ်တရက် ခံစားလိုက်ရသည်။

သူ့တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်းထသွားရသည်။

"မဖြစ်ဘူး"

ကုန်းကျန့်ထျန်း ခြေဆောင့်နင်း၍ မဆိုင်းမတွပင် နောက်သို့ လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။

ရွှစ်!

ထိုစဉ် မှိန်မျဖျ အလင်းတစ်ချက်က ဖျတ်ခနဲ ဖြတ်ပြေးသွားပြီး လက်မောင်းတစ်ဘက် ပြက်ထွက်သွားလေသည်။

"အား…အား…အား"

ကုန်းကျန့်ထျန်း မြန်နိုင်သမျှ မြန်မြန် နောက်ဆုတ်နေမိသည်။ သူ့လက်မောင်းတစ်ဘက် ပြတ်သွားသဖြင့် သွေးများက မြေကြီးပေါ်သို့ တစက်စက် ကျလို့နေ၏။

တစ်ချက်တည်းနှင့် သူ့ရန်သူက သူ့လက်မောင်းကို ဖြတ်လိုက်လေသည်။

*ဒါ…. လုံးဝ မဖြစ်နိုင်ဘူး*

ဒဏ္ဍာရီအဆင့်တစ်ယောက်၏ လက်မောင်းတစ်ဘက်ကို တစ်စုံတစ်ယောက်က တစ်ချက်တည်းနှင့် ဖြတ်လိုက်နိုင်မည်ဟု ကုန်းကျန့်ထျန်း လုံးဝ ထင်မှတ်မထားခဲ့မိပါ။

သို့သော် သူ့ရန်သူကို သူ သေချာ မြင်လိုက်ရသည့်အခါတွင်တော့ သူ လုံးဝ မှင်တက်သွားရသည်။

*ယဲ့ဖန်*

ကုန်းကျန့်ထျန်း ကိုယ့်မျက်လုံးကိုယ် မယုံသလို ဖြစ်သွားရသည်။ သူ့လက်မောင်းကို ဖြတ်လိုက်သည့်သူက ယဲ့ဖန် ဖြစ်နေပါလား။

*အံ့ဩစရာပါလား*

အခြားသူများ အားလုံးလည်း မှင်တက်သွားကြသည်။

"သခင်ကြီး"

"ဖန်"

….

အလွန် တက်ကြွပျော်ရွှင်လာသည့် အသံများ ထွက်ပေါ်လာ၏။ ဝိညာဉ်ရိုင်းနှင့် အန်းရှီတို့ တစ်ဖွဲ့လုံး အလွန် ထိတ်လန့်နေကြသည်။

ယဲ့ဖန် ပြန်ရောက်လို့လာပြီ။ တကယ့် သေရေးရှင်ရှေး အခြေအနေမှာမှ သူ ပြန်ရောက်လာခဲ့သည်။

သို့သော် ယခုအချိန်တွင် ယဲ့ဖန်၏ မျက်နှာက အလွန် ခက်ထန်လို့နေ၏။

လမ်းမပေါ်၌ ပြည့်နှက်နေသော မပြည့်မစုံ ဖြစ်နေသည့် အလောင်းများကို ကြည့်ပြီး ယဲ့ဖန်က အလွန် ဖိနှိပ်နိုင်သော ချီဓာတ်ကို ထုတ်လွှတ်လာသည်။

"လူတစ်ရာ … ငါ့ညီအစ်ကို အယောက် တစ်ရာ"

ယဲ့ဖန်က အလွန်အမင်း ဒေါသထွက်နေသည့် မျက်နှာထားဖြင့် ပြောဆိုလိုက်ပြီး သူ့မျက်လုံးမှလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် သွေးဆာနေသည့်ဟန်များ ပေါ်လွင်နေသည်။

ဝိညာဉ်ရိုင်းက ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်ကာ အလွန် နောင်တရကာ မျက်ရည်များနှင့် ပေကျံနေသော မျက်နှာထားနှင့် ပြောလိုက်သည်။

"သခင်ကြီး … ဒါ ကျွန်တော့်အမှားပါ … ကျွန်တော် အရင်တစ်ခေါက်က ကုန်းကျန့်ထျန်းကို မသတ်နိုင်ခဲ့ပါဘူး … အဲ့လိုသာ မဖြစ်ခဲ့ဘူးဆိုရင် ညအဖွဲ့က ကျွန်တော်တို့ ညီအစ်ကိုတွေ ဒီလို ဆိုးဆိုးရွားရွား သေခဲ့မှာ မဟုတ်ဘူး"

ယခုအချိန်တွင် ဝိညာဉ်ရိုင်း အလွန် ခံပြင်းနေ၏။ တစ်အောင့်မျှ အကြာတွင် တိုက်ပွဲ၏ အခြားတစ်ဘက်မှ တင်းမာသော အသံတစ်သံ ထွက်လာသည်။

"ယဲ့ဖန် … ငါ မင်းကို လိုက်ရှာနေတာ"

ကုန်းကျန့်ထျန်းက အလွန် နာကျည်း မုန်းတီးဟန်ဖြင့် ပြောလိုက်သည်။

"အခု မင်း ဒီကို ရောက်လာပြီဆိုတော့ ငါ မင်းရဲ့ ညီအစ်ကိုတွေနဲ့ မိန်းမတွေကို ဘယ်လို ခေါင်းဖြတ်မလဲဆိုတာကို မင်း ကြည့်လို့ရပြီပေါ့"

"ငါဆုံးရှုံးခဲ့ရတဲ့ အရာအားလုံးကို သူတို့ရဲ့ သွေးနဲ့ ယဇ်ပူဇော်ပြီး ငါ့မိသားစုရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် လက်စားချေပြမယ်"

ကုန်းကျန့်ထျန်း အလွန် ဒေါသထွက်နေသည်။ သူ့လက်မောင်းတစ်ဘက်က ယဲ့ဖန်ကြောင့် ပြတ်သွားခဲ့သော်လည်း ဒါ သူ သတိလွတ်သွားခဲ့၍ ဖြစ်ကြောင်း သူ သိနေသည်။

သူ့မျက်လုံးထဲတွင် ယဲ့ဖန်သည် ပမွှားမျှသာ ဖြစ်နေသေးသည်။

ကုန်းကျန့်ထျန်းက လက်ဝှေ့ယမ်းကာ လှောင်ရယ်ပြီး အမိန့်ပေးလိုက်သည်။

"သူ့ကိုသတ်…"

သူ့စကားအဆုံးတွင် ကြောက်မက်ဖွယ် ကောင်းသော ဟိန်းသံများက ခပ်လှမ်းလှမ်းမှ ထွက်ပေါ်လာသည်။

"ငါ့သခင်ကြီးကို ဘယ်သူ ထိရဲသလဲ"

ကျယ်လောင်သော ကြုံးဝါးသံများနှင့်အတူ ကျန်းရှီတစ်မြို့လုံး တုန်လှုပ်သွားသည်။

ဒုန်း! ဒုန်း! ဒုန်း!

များစွာသော ရှေးဦးသားရဲများကဲ့သို့ လူများက တိုက်ပွဲဆီသို့ ပြေးလာနေကြသည်။ ကမ္ဘာကိုတောင် တုန်ခါစေသည့် လှုပ်ရှားမှုကြောင့် လူတိုင်း သေမတတ် ကြောက်ရွံ့သွားကြသည်။

သိပ်မကြာခင်မှာပင် များစွာသော သိုင်းပညာရှင်များသည် တိုက်ပွဲတွင်းသို့ မော်တယ်ကမ္ဘာသို့ နတ်ဘုရားများ ရောက်ရှိလာသကဲ့သို့ ရောက်ချလာကြသည်။

တစ်ယောက်။ နှစ်ယောက်။ ဆယ်ယောက်။ အယောက် ငါးဆယ်။

….

ဖိနှိပ်နိုင်သော ချီဓာတ်များနှင့်အတူ သိုင်းပညာရှင်များစွာ ရောက်ရှိလို့လာ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိပ်တန်း သိုင်းပညာရှင် အယောက်တစ်ရာကျော်က တစ်လမ်းလုံးအား ပိတ်ဆို့ထားလိုက်ကြသည်။

ကြောက်မက်ဖွယ်ကောင်းလှ၏။

ထိတ်လန့်ဖွယ် ကောင်းလှပါဘိ။

မဖိတ်ဘဲ ရောက်ချလာသော ဧည့်သည်များကို မြင်လိုက်ရသည့် တစ်ခဏမှာပင် သူတို့ အကြီးအကျယ် ထိတ်လန့်သွားကြသည်။

ဒဏ္ဍာရီအဆင့် ရှစ်ယောက်။

ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဆယ့်ခြောက်ယောက်။

ဆရာသခင် အထွတ်အထိပ်အဆင့် တစ်ရာလေးဆယ့်‌ခြောက်ယောက်။

ကုန်းကျန့်ထျန်း တအံ့တဩဖြစ်သွားရသည်။ မဟူရာ ကြက်ခြေခတ်အဖွဲ့၏ ဆရာသခင်အဆင့် သိုင်းပညာရှင်များကတော့ ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ သေးထွက်ကျမတတ် ဖြစ်နေသည်။

ဝိညာဉ်ရိုင်းနှင့် အန်းရှီတို့ အဖွဲ့တောင်မှ အံ့ဩသွားကြသည်။

*ဘယ်လိုလုပ် …. ဘယ်လိုလုပ် ဒီလောက်များတဲ့ ထိပ်တန်း သိုင်းပညာရှင်တွေ ရောက်လာရတာလဲ*

သူတို့၏ ချီဓာတ်များက နတ်ဆိုးများကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။

ကုန်းကျန့်ထျန်းသည် နှစ်ပေါင်းများစွာ အင်အာကြီးသူ တစ်ယောက် ဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် ထိုထိပ်တန်း သိုင်းပညာရှင်များအား ချက်ချင်း မှတ်မိသွားခဲ့သည်။

သူ့စိတ်ဝိညာဉ်တောင်မျ တုန်လှုပ်လာသည်။

"နယ်သာလန်က မြေအောက်ဘုံသခင် ရှနိုက်ဒါ … သွေးစုပ် လူသတ်သမား ဖိလစ် … ကြေးစားဧကရာဇ် ဝုဒ် …. ဉာဏ်များသော သွေးစွန်း သားသတ်သမား ဟန်ဒယ်လ်"

"သူတို့…သူတို့က နှစ်ပေါင်းများစွာ ပျောက်နေခဲ့တဲ့ ဒဏ္ဍာရီအဆင့် လူအိုကြီးတွေပဲ … ဘယ်လိုလုပ် … ဘယ်လိုလုပ် သူတို့က ဒီကို ရောက်လာတာလဲ"

ကုန်းကျန့်ထျန်း မယုံသင်္ကာ မျက်ဝန်းများဖြင့် တုန်လှုပ်လာသည်။

ထိုဒဏ္ဍာရီအဆင့် လူအိုကြီး ရှစ်ယောက်လုံးသည် ဆယ်စုနှစ်များစွာ ကျော်ကြားခဲ့သည့် သူများ ဖြစ်သည်။ သူတို့သည် သာမန်ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များထက် ပို၍ သန်မာလေ၏။

ဒဏ္ဍာရီအဆင့် ရှစ်ယောက်ထဲမှ တစ်ယောက်တည်းနှင့်တောင် ကုန်းကျန့်ထျန်းတို့ အဖွဲ့အား အရေခွံနွှာလို့ရနေပြီ ဖြစ်သည်။

ဒဏ္ဍာရီအဆင့် ရှစ်ယောက်လုံးကို တစ်ချိန်တည်း မြင်လိုက်ရခြင်းက သူ မှန်းထားတာထက်ကို လွန်နေပြီ ဖြစ်သည်။

ထို့အပြင် …

*သူတို့က ယဲ့ဖန်ကို … သခင်ကြီးလို့ ခေါ်လိုက်တာမလား*

ကုန်းကျန့်ထျန်းတစ်ယောက် သူ့နှလုံးခုန်နှုန်းက အစာအိမ်အထိ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

မဟူရာ ကြက်ခြေခတ်အဖွဲ့သည်လည်း မရှူနိုင်မကယ်နိုင် ဖြစ်နေကြသည်။

ဝိညာဉ်ရိုင်းနှင့် အန်းရှီတို့ အဖွဲ့တောင်မှ တုန်လှုပ်သွားကြရသည်။

သည်လို လူထူးလူဆန်း များစွာကို ယဲ့ဖန် ဘယ်လို သိမ်းသွင်းလိုက်မှန်း သူတို့ နားမလည်နိုင်ပါ။

သို့သော် ယဲ့ဖန်က လူအုပ်ကြီး၏ တုံ့ပြန်မှုကို လျစ်လျူရှုထားသည်။ ထိုအစား သူက လမ်းမပေါ်၌ ပြန့်ကျဲနေသော ဟိုတစ်စ ဒီတစ်စ အလောင်းများကို ဒေါသတကြီး ကြည့်နေမိသည်။

"မင်းတို့က ငါ့ရဲ့ ကျေးကျွန်တွေပဲ … မင်းတို့ကို ငါ အသက်ရှင်စေချင်ရင် မင်းတို့ ရှင်ရမယ် … မင်းတို့ ငါ့ခွင့်ပြုမိန့်မရဘဲ သေခွင့်မရှိဘူး"

ယဲ့ဖန်၏ အသံက ရက်စက်၍ ကြမ်းကြုတ်လှသည်။ ထိုအနီးအနားမှ လူတိုင်း တွေဝေသွားကြရ၏။

*ဘာ*

ဘာကြောင့် ယဲ့ဖန်က လမ်းမကို စိုက်ကြည့်နေမှန်း သူတို့ နားမလည်နိုင်သလို ဖြစ်ကာ သံသယ ဝင်လာကြသည်။

တစ်ခဏမျှကြာသော် ယဲ့ဖန်က လက်တစ်ချက် လက်တစ်ဘက် လှုပ်လိုက်သဖြင့် ဆေးဖက်ဝင် အပင်တစ်ပင်က သူ့လက်ထဲ ပေါ်လာသည်။

စိတ်ဝိညာဉ် အားဖြည့်ဆေးပင်။

"ငါ စိတ်ဝိညာဉ်အားဖြည့် ဆေးပင်နဲ့ မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲကို မင်းတို့ရဲ့ စိတ်ဝိညာဉ်တွေ ပြန်လာအောင် လုပ်နိုင်တယ်"

"ဒါပေမယ့် မင်းတို့က မင်းတို့ရဲ့ သွေးနဲ့ အသားကို ဆုံးရှုံးသွားခဲ့ပြီးပြီ"

ယဲ့ဖန်က ဒေါသတကြီး ထပ်ပြောလာသည်။

"မင်းတို့က ငါ့အတွက်နဲ့ သေခဲ့ရတယ်"

"ဒါကြောင့် ငါ့အသွေးအသားကို သုံးပြီး မင်းတို့ရဲ့ အသွေးအသားတွေကို ပြန်ကောင်းလာအောင် လုပ်ပေးမယ်"

ထိုသို့ပြောပြီး ယဲ့ဖန်က စိတ်ဝိညာဉ်အားဖြည့်ဆေးပင်အား လေထဲသို့ ပစ်တင်လိုက်သည်။

တစ်ခဏအတွင်းမှာပင် နတ်ဆိုးချီစွမ်းအင် အမျှင်တန်းများက သူ့ကိုယ်ထဲမှ ထွက်လာပြီး စိတ်ဝိညာဉ်အားဖြည့် ဆေးပင်အား ဖျစ်ညှစ်၍ သန့်စင်လာသည်။

တောက်!

မျက်စိတစ်မှိတ်အတွင်းမှာပင် အစိမ်းရောင် အရည်တစ်စက်က လမ်းမပေါ်သို့ ကျလာသည်။

ချက်ချင်းဆိုသလိုပင် အလောင်းများ၏ ထိပ်ပေါ်၌ မှိန်ဖျဖျအလင်းတစ်ချက် လင်းလာသည်။

ထိုအရာကား … စိတ်ဝိညာဉ်ပင်။

အံ့ဩဖွယ်ကောင်းလောက်သော အဖြစ်အပျက်အား မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရသဖြင့် လူတိုင်း၏ မျက်လုံးတွင် အံ့ဩမှုများ၊ တွေဝေမှုများနှင့် ပြည့်နှက်လာသည်။

ထို့နောက် သွေးနှင့်အသားဖတ်တို့က စိတ်ဝိညာဉ် အနီးအနားတွင် ရစ်ဝဲလာပြီး မတ်တပ်ရပ်နေသော အလောင်းကောင်တစ်ခု ဖြစ်ပေါ်လာသည်။

အလောင်းက အပြည့်အစုံတော့ မဟုတ်။

ထို့နောက် ယဲ့ဖန် ပြုလုပ်လိုက်သော အပြုအမူကြောင့် လူတိုင်း အလွန်အမင်း ရင်သပ်ရှုမော ဖြစ်သွားရသည်။

ရွှစ်ခနဲ အသံနှင့်အတူ ယဲ့ဖန်က သူ့လက်မောင်းမှ အသားတစ်စအား သူ၏ ဓားကျိုးဖြင့် လှီး၍ အလောင်းထံသို့ ထိုအသားတစ်စအား ပစ်သွင်းလိုက်သည်။

တစ်ခဏအကြာတွင် ထိုအလောင်းသည် အပြည့်အစုံ ပြန်ဖြစ်လာ၏။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ကိုယ်လက် အပြည့်အစုံရှိသော ခန္ဓာကိုယ်တစ်ခု ပေါ်လာ၏။

"ဝူလူ"

ထိုသူကို မြင်လိုက်ရသည်နှင့် ဝိညာဉ်ရိုင်း မျက်လုံးအပြူးသား ဖြစ်သွားရသည်။

သူ…သူက ကိုယ့်ကိုယ်ကိုယ် စတေးခံလိုက်တဲ့ ဝူလူပါလား"

လူတိုင်း အကြီးအကျယ် ထိတ်လန့်သွားကြသည်။

ယဲ့ဖန်က လူတစ်ယောက်၏ ဝိညာဉ်ကို စုစည်း၍ လူတစ်ယောက်၏ ခန္ဓာကိုယ်အား ပြန်လည်ဖွဲ့စည်းနိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိပါ။

သို့သော် ဤသည်ကား အစသာ ရှိသေးသည်။

အစိမ်းရောင် အရည်များက ကောင်းကင်မှ တစက်စက်ကျလာပြီး ယဲ့ဖန်၏ လက်မောင်းမှ အသားစများက တစ်ဖတ်ပြီးတစ်ဖတ် ပြုတ်ကျလာသည်။

တစ်ချိန်တည်းမှာပင် ခြေလက်အင်္ဂါ စုံလင်သော အလောင်းများက လမ်းမပေါ်မှ ထလာကြသည်။

All Chapters