အခန်း (၂၁၅)
Vol. 21 Ch. 215
ပုကျိုရှောင်သည် ယီပိုင်မင်း၏ မျက်နှာပျက်ယွင်းနေသည်ကို သတိပြုမိသဖြင့် သူ၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။ ထိုအခါ သူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်လွန်းသဖြင့် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်မိသည်။
"ယန်ချန်းလန် သိုင်းသူတော်စင် စစ်သူကြီးအိမ်တော်က ယန်ချန်းလန် မဟုတ်လား။ သူ့ရဲ့ စိတ်ရူးပြန်ဝေဒနာက ပျောက်သွားပြီလား"
ပုကျိုရှောင် ယခုအခါ သေသေချာချာ မြင်လိုက်ရပြီဖြစ်သည်။ ယွင်ရှန်း၏ ရှေ့တည့်တည့်တွင် ထိုင်နေသော ပိန်ပါးပါးအမျိုးသားမှာ တကယ့်ကို ယန်ချန်းလန်ပင်။ ယီပိုင်မင်းနှင့် ချန်ပိုင်တို့ကဲ့သို့ အစဉ်အလာအရ စာပေအရာရှိ မိသားစုမှ ဆင်းသက်လာသူများ သို့မဟုတ် ယီပိုင်မင်းကဲ့သို့ ငယ်စဉ်က မျက်စိကွယ်နေသူများနှင့် မတူဘဲ ပုကျိုရှောင်မှာမူ တစ်ချိန်က မဟာကျိုးမြို့တော်တွင် အလွန်ထင်ရှားခဲ့သော ယန်မိသားစု၏ ဒုတိယသခင်လေး ယန်ချန်းလန်ကို မှတ်မိနေခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်များစွာက စစ်သူကြီးအိမ်တော်တွင် ပါရမီရှင်များ ပေါများခဲ့သည်။ ယန်ခန်းဟိုင်မှာ မဟာကျိုး၏ အငယ်ဆုံး ကောင်းကင်မှော်ဆရာဖြစ်ခဲ့သလို သူ၏ညီ ယန်ချန်းလန်မှာလည်း မဟာကျိုး၏ အငယ်ဆုံး စစ်သူကြီး ဖြစ်ခဲ့သည်။ စစ်သူကြီးဟောင်း ယွင်ဘာဟေ အသက်ကြီးလာချိန်နှင့် ဝေယွမ်နယ်စားကြီးက ယွီကျင်မြို့ကို အုပ်ချုပ်နေချိန်တွင် ယန်ချန်းလန်မှာ အရှိန်အဟုန်ဖြင့် နာမည်ကျော်ကြားလာခဲ့သည်။
သူသည် အသက် ၁၂ နှစ်သားကတည်းက စစ်မြေပြင်သို့ ထွက်ခဲ့ပြီး အသက် ၂၅ နှစ်အရွယ်တွင် သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ ယှဉ်ဖက်ကင်းမဲ့နေပြီဖြစ်သည်။ ထိုစဉ်က ပုကျိုရှောင်မှာ ၅ နှစ် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးသာ ရှိသေးသော်လည်း သူ၏ ငယ်ဘဝအမှတ်တရများထဲတွင် ယန်ချန်းလန်'ဆိုသည့် နာမည်မှာ သူရဲကောင်းဆိုသည့် စကားလုံးနှင့် ထပ်တူကျနေခဲ့သည်။
ယန်ချန်းလန်၏ မသန်စွမ်းဖြစ်သွားမှုနှင့် မဟာကျိုးစစ်တပ်မှ ထွက်ခွာသွားမှုတို့မှာ ပုကျိုရှောင်ကို ကာလအတန်ကြာ စိတ်မကောင်းဖြစ်စေခဲ့သည်။ သူ၏ ငယ်ဘဝစံပြပုဂ္ဂိုလ်ကို ဤဘဝတွင် တစ်ခါမျှ ပြန်တွေ့ရတော့မည် မဟုတ်ဟု ထင်ထားခဲ့သော်လည်း အခုတော့ ပေအနည်းငယ်အကွာတွင် ပြုံးရွှင်စွာ စကားပြောနေသည်မှာ တကယ့်ကို ယန်ချန်းလန်ပင်။
"ဘာ အဲဒီလူလတ်ပိုင်းအမျိုးသားက ယန်ချန်းလန်လား။ အဲဒါ ငါ့ဆရာရဲ့ သွေးသောက်ညီအစ်ကိုပဲ။ ငါ့ဆရာ အခုတလော ဘာလို့ စိတ်ကြည်လင်နေတာလဲလို့ စဉ်းစားနေတာ အခုတော့ သူက နတ်သမားတော်လေးကို ယန်ချန်းလန်နဲ့ မိတ်ဆက်ပေးလိုက်တာကိုး"
ချန်ပိုင်ကလည်း ယန်ချန်းလန်မှန်း သိသွားသောအခါ စိတ်အားထက်သန်စွာဖြင့် လှမ်းကြည့်လိုက်သည်။
ယန်ချန်းလန်သည် လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်မှာ ကြာလှပြီဖြစ်ရာ ယွီကျင်မြို့ရှိ သာမန်ပြည်သူအများစုမှာ တစ်ချိန်က ခမ်းနားခဲ့သော မဟာကျိုးစစ်သူကြီးကို မမှတ်မိကြတော့ပေ။
ဆေးကုသမှု ခံယူနေခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ယီပိုင်မင်းမှာ သက်ပြင်းချကာ ရင်ထဲမှ အလုံးကြီး ကျသွားရသည်။
ယွင်ရှန်းနှင့် ယန်ချန်းလန်တို့ ရောက်ရှိနေသော စားသောက်ဆိုင်မှာ ယွီကျင်မြို့၏ နာမည်ကြီးနေရာတစ်ခုဖြစ်ရာ အလွှာစုံမှ လူများဖြင့် စည်ကားနေသည်။ ထိုလူများထဲတွင် အနုပညာပြသသူများနှင့် ဝမ်းရေးအတွက် သီချင်းဆို အသက်မွေးသူများလည်း ပါဝင်သည်။
သူတို့ စားသောက်နေစဉ် တစ်ဝက်ခန့်တွင် အသက် ၁၃၊ ၁၄ နှစ်အရွယ်ခန့်ရှိသော နုနယ်သည့် အဆိုတော်မလေးတစ်ဦး ချဉ်းကပ်လာသည်။ သူမသည် လုစောင်းတစ်လက်ကို ရင်ခွင်တွင် ပိုက်ထားပြီး တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။
"သခင်တို့ရှင်... ဟွမ်ချွဲကို သီချင်းလေးတစ်ပုဒ် ဆိုပြခွင့်ပြုမလားရှင့်။ အကယ်၍ သဘောကျတယ်ဆိုရင် ဟွမ်ချွဲကို ကြေးပြားအချို့လောက် ဆုချီးမြှင့်ပေးပါဦးရှင့်"
ထိုမိန်းကလေးမှာ အလွန်ပင် ရိုးသားဖြူစင်ပုံရပြီး စကားပြောလျှင်လည်း အသံများ အနည်းငယ် တုန်ယင်နေသည်။ သူမ၏ အဝတ်အစားများမှာ ရိုးရှင်းသော်လည်း အမူအရာမှာ သာမန် လမ်းဘေးသီချင်းဆိုသူမျိုးနှင့် မတူပေ။ ဤကဲ့သို့သော မိန်းကလေးများမှာ များသောအားဖြင့် မိသားစု စီးပွားပျက်သွားသဖြင့် အိမ်ထောင်စုအတွက် လူမြင်ကွင်းတွင် ဖျော်ဖြေရေးလုပ်ငန်းကို မဖြစ်မနေ လုပ်ကိုင်နေကြရသူများ ဖြစ်တတ်သည်။
ဤကဲ့သို့သော စားသောက်ဆိုင်မျိုးတွင် လူအမျိုးမျိုး ရှိတတ်ရာ သိုးငယ်လေးကဲ့သို့ နုနယ်သော အဆိုတော်မလေးတစ်ဦးအတွက် ဘဝမှာ အလွန်ပင် ခက်ခဲကြမ်းတမ်းမည်မှာ သေချာသည်။ ယန်ချန်းလန်က ခေါင်းငြိမ့်ပြကာ ငွေပြားငါးပြား ထုတ်ယူ၍ ဟွမ်ချွဲကို ပေးလိုက်သည်။ ဟွမ်ချွဲသည် ကျေးဇူးတင်လွန်းသဖြင့် ဒူးထောက်ရန် ပြင်သော်လည်း ယွင်ရှန်းက ချက်ချင်းပင် လှမ်းဆွဲကာ တားလိုက်သည်။
သူမသည် စောင်းကြိုးများကို အသာအယာ ခတ်လိုက်ရာ စမ်းချောင်းလေး စီးဆင်းသကဲ့သို့ သာယာသော စောင်းသံမှာ စားသောက်ဆိုင်အတွင်း ပျံ့လွင့်သွားတော့သည်။ အဆိုတော်မလေး ဟွမ်ချွဲသည် စောင်းတီးရာတွင် အလွန်အမင်း မကျွမ်းကျင်သေးသော်လည်း သူမ၏ အသံမှာမူ အလွန်ချိုသာကြည်လင်ပြီး သဘာဝအတိုင်း ထူးခြားသော အသံပါရမီကို ပိုင်ဆိုင်ထားသည်။
ယွင်ရှန်းသည် သူမ၏ အတိတ်ဘဝတွင် ဤကဲ့သို့သော တိုက်ရိုက်ဖျော်ဖြေမှုမျိုးကို တစ်ခါမျှ မခံစားဖူးသဖြင့် ယခုအခါတွင်မူ ထူးခြားသော ရသတစ်ခုကို ခံစားနေရသည်။ ယန်ချန်းလန်၏ မျက်နှာတွင်လည်း ချီးကျူးနှစ်သက်သည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။
သီချင်းဆိုခြင်း အထွတ်အထိပ်သို့ ရောက်ရှိလာချိန်တွင် ရွှေပြားအချို့မှာ ကောင်းကင်မှ ကျလာသကဲ့သို့ ဟွမ်ချွဲ၏ ခြေရင်းသို့ ကျလာတော့သည်။
ရုတ်တရက် လန့်သွားသဖြင့် ဟွမ်ချွဲ၏ သီချင်းသံမှာ ရပ်တန့်သွားပြီး သူမလက်ထဲမှ လုစောင်းမှာလည်း ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် ကျသွားတော့သည်။
မကြာမီမှာပင် ရုန့်ရင်းကြမ်းတမ်းသော အသံတစ်ခု နောက်ဆက်တွဲ ထွက်ပေါ်လာသည်။
"မိန်းကလေး... မင်းအသံက မဆိုးဘူးပဲ ငါတို့ သခင်လေးတွေရဲ့ ရင်ကို တုန်လှုပ်စေတယ်။ ဒီဘက်ကိုလာပြီး ငါတို့အတွက် သီချင်းဆိုစမ်းပါ မင်းအတွက် ရွှေပြားတွေ အများကြီး ရှိတယ်"
ထိုစကားနှင့်အတူ ပြောင်ချော်ချော် လေချွန်သံများလည်း ဆက်တိုက် ထွက်ပေါ်လာတော့သည်။
ယွင်ရှန်းက ခေါင်းမော့ကြည့်လိုက်ရာ စားသောက်ဆိုင်၏ အပေါ်ထပ် သီးသန့်ခန်းတစ်ခုမှ ပြတင်းပေါက်မှာ ကျယ်လောင်စွာ ပွင့်နေပြီး ထိုနေရာမှ အသံများ ထွက်ပေါ်လာခြင်းဖြစ်သည်။ လှောင်ပြောင်ရယ်မောသံများ ရပ်သွားသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ရံတော်အချို့ အပေါ်ထပ်မှ ဆင်းလာပြီး မျက်နှာဖြူလျော့နေသော ဟွမ်ချွဲကို အတင်းအဓမ္မ ဆွဲခေါ်ကာ အပေါ်ထပ် သီးသန့်ခန်းဆီသို့ ခေါ်ဆောင်သွားကြတော့သည်။
ဟွမ်ချွဲ၏ အကူအညီတောင်းသံများက စားသောက်ဆိုင်ရှိ လူအားလုံးကို အာရုံစိုက်စေသော်လည်း မည်သူမျှ လက်ဖျားနှင့်ပင် တို့၍ ကူညီခြင်းမရှိကြပေ။ ဆိုင်အတွင်းရှိ လူများအားလုံးမှာ ဤမြင်ကွင်းမျိုးကို ရိုးအီနေသကဲ့သို့ ထုံထိုင်းသော အမူအရာများဖြင့်သာ ကြည့်နေကြသည်။ အားကိုးရာမဲ့သော မိန်းကလေးငယ်တစ်ဦးမှာ ထိုကာမရူး သခင်လေးများ၏ လက်ထဲသို့ ရောက်သွားပါက ကံကောင်းခြင်းထက် ကံဆိုးခြင်းနှင့်သာ ရင်ဆိုင်ရမည်မှာ သေချာသည်။
လူမြင်ကွင်းတွင် ဤကဲ့သို့ ရဲရဲတင်းတင်း ကျူးလွန်ရဲခြင်းမှာ သူတို့နောက်ကွယ်တွင် ကြီးမားသော အာဏာရှိနေကြောင်း သက်သေပြနေသည်။ ဟွမ်ချွဲမှာ အကာအကွယ်မဲ့သော အဆိုတော်မလေးမျှသာဖြစ်ရာ သူမအတွက်နှင့် ယွီကျင်မြို့မှ အာဏာရှိ လူလေလူလွင့်များကို ဆန့်ကျင်ရန် မထိုက်တန်ဟု အားလုံးက ယူဆထားကြသည်။ ဆိုင်ရှင်ကိုယ်တိုင်ပင် သက်ပြင်းချကာ ခေါင်းခါရုံမှအပ ဘာမှမတတ်နိုင်ပေ။
"ဒါကတော့ လွန်လွန်းပြီ"
ယွင်ရှန်းသည် သူမ၏ မှော်တောင်ဝှေးကို ထုတ်ယူကာ အရေးယူရန် ပြင်လိုက်သည်။
သို့သော် သူမ လှုပ်ရှားရန် ပြင်လိုက်ချိန်မှာပင် သူမဘေးရှိ ယန်ချန်းလန်၏ ထူးဆန်းသော အခြေအနေကို သတိပြုမိသွားသည်။ သူ၏ ဘယ်လက်မောင်းမှာ ဒေါသကြောင့် တဆတ်ဆတ် တုန်ယင်လာနေခြင်း ဖြစ်သည်။
သူ့လက်က... လှုပ်ရှားနိုင်နေပြီလား။
ဤသည်ကို မြင်လိုက်ရသောအခါ ယွင်ရှန်းက သူမ၏ မှော်တောင်ဝှေးကို ပြန်လည်နှိမ့်ချလိုက်သည်။
"ဘယ်သူမှ ငါ့ကိုမထိနဲ့ ငါ... ငါက ယန်မိသားစုစစ်တပ်က သတ္တိခဲတပ်မှူး ဟွမ်ချန်းယုံရဲ့ သမီးပဲ"
ဟွမ်ချွဲသည် အတင်းအဓမ္မ ဆွဲခေါ်ခံနေရစဉ်အတွင်း သူမ၏ ဖြူဖျော့နေသော မျက်နှာထက်တွင် ဒေါသအရိပ်အယောင်များ ယှက်သန်းလာသည်။ ကြောက်လန့်တုန်ရီနေသော သူမ၏ ပခုံးများမှာ ရုတ်တရက် တင်းမာသွားပြီး မည်သည့်နေရာမှ ရရှိလာသော ခွန်အားမှန်းမသိဘဲ သူမကို ဖမ်းထားသော ကိုယ်ရံတော်ကို တွန်းထုတ်ကာ လှေကားထက်မှ အောက်သို့ ကယောင်ကတမ်း ပြေးဆင်းလာတော့သည်။
သူမသည် စစ်သည်တော်မိသားစုမှ ဆင်းသက်လာသော မိန်းကလေးဖြစ်ရာ နဂိုက ဘဝမှာ ပူပန်မှုကင်းခဲ့သူဖြစ်သည်။ သူမ၏ ဖခင်သာ ဖျားနာခြင်း မရှိခဲ့ပါက ဤကဲ့သို့ လူမြင်ကွင်းတွင် ဖျော်ဖြေကာ အာရုံစိုက်ခံရမည့် အခြေအနေမျိုးကို ရွေးချယ်ခဲ့မည် မဟုတ်ပေ။
ယန်မိသားစုစစ်တပ် ထိုအမည်ကို ကြားလိုက်ရချိန်တွင် ယန်ချန်းလန်၏ ဘယ်လက်မှာ ပို၍ပင် ပြင်းထန်စွာ တုန်ယင်လာတော့သည်။
စစ်သည်တော်တို့၏ သားသမီးဖြစ်သောကြောင့် သူမသည် စစ်တပ်၏ ဆွေမျိုးတော်စပ်သူ ဖြစ်သည်။ မဟာကျိုးနိုင်ငံ၏ ဥပဒေအရ တာဝန်ထမ်းဆောင်ဆဲ စစ်သည်များ၏ ဇနီးမယားနှင့် သားသမီးများကို အကာအကွယ်ပေးထားပြီး စစ်သည်မိသားစုဝင်တစ်ဦးကို ထိခိုက်နစ်နာအောင် လုပ်ဆောင်ပါက ပြစ်ဒဏ်ကို တစ်ဆင့်တိုး၍ ပေးလေ့ရှိသည်။
ဟွမ်ချွဲ၏ စကားကြောင့် ကိုယ်ရံတော်များမှာ ခဏမျှ တွန့်ဆုတ်သွားကြသည်။ သို့သော် သီးသန့်ခန်းအတွင်းမှ သခင်လေးများကမူ မဆုတ်မနစ်သည့်အပြင် ပို၍ပင် လှောင်ပြောင်
လိုက်ကြသည်။
"ဘာတွေ ကြည့်နေတာလဲ ဖမ်းစမ်း ယန်မိသားစုစစ်တပ်က မိသားစုဝင်ဆိုတဲ့သူက ဘယ်မှာလဲ ဒီမှာ သီချင်းဆိုနေတာက လမ်းဘေးမိန်းမတစ်ယောက်လိုပဲ မဟုတ်လား"
လွန်ခဲ့သော ဆယ်နှစ်ခန့်ကဆိုလျှင် ယန်မိသားစုစစ်တပ်မှာ မဟာကျိုးနိုင်ငံ၏ ကျော်ကြားသော အင်အားစုဖြစ်ခဲ့သော်လည်း အခုတော့ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ယန်မိသားစုစစ်တပ်မှာ အချိန်အတော်ကြာကတည်းကပင် အရှိန်အဝါ ကျဆင်းနေခဲ့ပြီ ဖြစ်သည်။
ဤသည်ကို ကြားသောအခါ ကိုယ်ရံတော်များမှာ ပို၍ပင် ရဲတင်းလာကြသည်။ သိမ်းငှက်က ကြက်ကလေးကို ထိုးသုတ်သကဲ့သို့ ဟွမ်ချွဲ၏ ဆံပင်ကို ဆွဲကိုင်ကာ အပေါ်ထပ်သို့ အတင်းဆွဲခေါ်သွားကြပြန်သည်။ ဟွမ်ချွဲ၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျလာပြီး သူမ၏ သိက္ခာအညစ်အကြေး အတင်ခံရမည့်အစား သေလိုက်ရခြင်းက ပို၍မြတ်သည်ဟု တွေးတောကာ လျှာကိုကိုက်၍ အဆုံးစီရင်ရန် ပြင်လိုက်သည်။
ထိုစဉ်မှာပင်….
"သူ့ကို လွှတ်လိုက်စမ်း"
ယန်ချန်းလန်သည် ဒေါသအမျက်ခြောင်းခြောင်း ထွက်လျက် ဝုန်းခနဲ မတ်တပ်ရပ်လိုက်သည်။
ယန်ချန်းလန်သည် မသန်စွမ်းဖြစ်နေသော်လည်း စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ လေ့ကျင့်ယူခဲ့သော သူ၏ လူသတ်ငွေ့အရှိန်အဝါမှာ အိမ်မှ ထုတ်လိုက်သော ဓားတစ်စင်းအလား ထွက်ပေါ်လာသည်။ သူ၏ ဟိန်းဟောက်သံကြောင့် စားသောက်ဆိုင်တစ်ခုလုံး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်ခါသွားပြီး လူတိုင်း ထိတ်လန့်သွားကြသည်။
ဟွမ်ချွဲကို ဆွဲနေသော ကိုယ်ရံတော်များမှာလည်း သူတို့၏ သိုင်းဝိညာဉ်များ တုံ့ခနဲ ဖြစ်သွားပြီး ရင်ဘတ်ကို လက်သီးဖြင့် အထိုးခံလိုက်ရသကဲ့သို့ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြရသည်။ သီးသန့်ခန်းအတွင်းမှ ရယ်မောသံများမှာလည်း ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
"ဘယ်က မျက်စိမပါတဲ့ ကောင်လဲ ငါတို့ သခင်လေးရဲ့ အပျော်ကို လာနှောင့်ယှက်ရဲတာ"
အပေါ်ထပ်မှ အော်ဟစ်သံနှင့်အတူ ဇိမ်ခံအဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်သိုင်းသမားတစ်စု လှေကားပေါ်မှ ဆင်းလာကြသည်။
ယွင်ရှန်းမှာမူ ဤမြင်ကွင်းကို ကြည့်ရင်း လည်ချောင်းထဲမှ ယားကျိကျိ ဖြစ်လာကာ ချောင်းမဆိုးမိအောင် အနိုင်နိုင် ထိန်းထားရသည်။ တကယ်ပင် နဂါးမင်းကျောင်းတော်ကို ရေကြီးမှုက လွှမ်းမိုးလိုက်သလို တစ်အိမ်တည်းသားချင်း မမှတ်မိကြသည့် ဖြစ်ရပ်ပင်။
ထိုဇိမ်ခံဝတ်စုံဝတ် လူငယ်များထဲတွင် တစ်ဦးမှာ အလွန်ပင် ရင်းနှီးနေသည်။ သူကတော့ ယန်ချန်းလန်၏ ချစ်လှစွာသောတူဖြစ်သူ ထန်ယုပင်။