အခန်း (၂၀၁)
Vol. 20 Ch. 201
ယခုတစ်ကြိမ် နေ့လယ်စာစားပွဲတွင် ရှောင်ယွီသည် သူ၏ အဒေါ်ဆရာမနှင့် ဂျူနီယာညီမလေးတို့ပါ ဝိုင်း၌ လာရောက်ပူးပေါင်းသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားရသည်။ သူ ထင်မှတ်ထားသကဲ့သို့ သူမတို့သည် စာရွက်စာတမ်း အလုပ်အကိုင်များနှင့် ပျက်စီးမှုများအား ပြန်လည်ရှင်းလင်းရေး တာဝန်များအောက်တွင် နစ်မြုပ်နေခြင်း မရှိကြပေ။
"မင်းတို့တွေ ရှင်းလင်းရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေကြမယ် ထင်နေတာ"
သူက မေးလိုက်သည်။
"အင်း... အလုပ်ရှုပ်ရမှာပေါ့"
လီယောင်က အစာကို ဝါးရင်း ပြန်ဖြေသည်။
"ဒါပေမဲ့ ကံကောင်းတာက တခြားဂိုဏ်းတွေက သူတို့မပြန်ခင် ငါတို့ဘက်က ရှင်းလင်းရေးတွေကို ဝိုင်းကူပေးသွားကြလို့"
ရှောင်ယွီက နားလည်ကြောင်း ခေါင်းငြိတ်ပြလိုက်သော်လည်း သူ၏ နှုတ်ခမ်းဖျားတွင်မူ သိသာသော အပြုံးတစ်ခု ပေါ်လာသည်။ အမှန်စင်စစ် သူတို့အားလုံးသည် တိုက်ပွဲတွင် ပါဝင်ခဲ့ကြသူများဖြစ်ရာ မိုးပြာရောင်တိမ်တိုက်ဂိုဏ်းကိုသာ နောက်ဆက်တွဲကိစ္စများ အကုန်ပုံချထားခဲ့ပါက အလွန်ယဉ်ကျေးမှုကင်းမဲ့ရာ ရောက်ပေလိမ့်မည်။ သို့သော်လည်း သူတို့သည် စေတနာထက် ကြောက်ရွံ့မှုကြောင့်သာ ဝိုင်းကူခဲ့ကြခြင်းဖြစ်မည်ဟု သူ တွေးနေမိသည်။ လီယောင်၏ မယုံနိုင်လောက်အောင် ပြင်းထန်သော စွမ်းအားကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးနောက် သူမအား အငြိုးအတေးဖြစ်စေမည့် အလုပ်မျိုးကို လုပ်ဝံ့ကြမည်မဟုတ်ပေ။ သူမသာ ထိုမျှလောက် စွမ်းအားကို ထုတ်မပြခဲ့ပါက သူတို့သည် ရှင်းလင်းရေးတွင် ကူညီရန် ဂရုစိုက်ကြမည် မဟုတ်ချေ။
ဂိုဏ်းကြီး ၅ ဂိုဏ်း၏ မဟာမိတ်ပြုမှုနှင့် လီယောင်၏ အံ့မခန်းစွမ်းအားတို့ ပေါင်းစပ်လိုက်ပါက သူတို့၏ မိုးပြာရောင်တိမ်တိုက်ဂိုဏ်းသည် အရှေ့ဘက်တိုက်ကြီး၏ အထွတ်အထိပ် အင်အားကြီးအဖြစ် ရောက်ရှိရန် မဝေးတော့ပြီဟု သူ တွေးတောမိသည်။
"နေပါဦး... သူတို့က ပြန်သွားကြပြီလား"
သူက မေးလိုက်သည်။
"အင်း... အခုလေးတင်ပဲ ထွက်သွားကြပြီ"
ဤတစ်ကြိမ်တွင် အကြီးအကဲဟွမ်က ပြန်ဖြေသည်။
"စိတ်မပူပါနဲ့ စာချုပ်အားလုံးကို ငါ အချောသတ် လက်မှတ်ထိုးခဲ့ပြီးပြီ။ ပထမဆုံးအသုတ် ကုန်ကြမ်းတွေကိုတောင် လက်ခံရရှိထားပြီးပြီလေ"
သူမက အင်္ကျီလက်ထဲမှ သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်၍ သူ့အား ကမ်းပေးလိုက်သည်။
ရှောင်ယွီသည် ထိုလက်စွပ်ကို လက်ခံလိုက်ရင်း ပြုံးလိုက်မိသည်။ ပထမဆုံးအသုတ် ကုန်ကြမ်းများကို တောင်းရန် သူပင် မေ့နေခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာပင် သူ၏ အဒေါ်ဆရာမမှာ အမြဲတမ်း ယုံကြည်အားကိုးထိုက်သူ ဖြစ်နေဆဲပင်။
"အဒေါ်ဆရာမ... တကယ်လို့ ကျွန်မတို့တွေ အသက်ရှင်ကျန်ခဲ့ရင် မင်္ဂလာဆောင်မယ်လို့ ပြောခဲ့တယ် မဟုတ်လား"
လီယောင်က ရုတ်တရက် စကားစလိုက်ရာ သူမ၏ မျက်ဝန်းများမှာ အကြီးအကဲဟွမ်နှင့် အကြီးအကဲကောင်းတို့ကြားသို့ ကြည့်ရင်း တောက်ပနေလေတော့သည်။
"ကျွန်မ ကတိတည်ခဲ့တယ် မဟုတ်လား"
လီယောင်က နောက်ပြောင်ကျီစယ်သော အပြုံးဖြင့် ပြောလိုက်သည်။
သူမသည် ဤမင်္ဂလာပွဲ အခမ်းအနားကို အသေအချာ ကြည့်ရှုလိုစိတ် ပြင်းပြနေမိသည်။ နောင်တစ်ချိန်တွင် ပေါ်ပေါက်လာမည့် သူမကိုယ်တိုင်၏ မင်္ဂလာပွဲအတွက် အတုယူစရာ တစ်ခုတလေ ရရှိနိုင်လိမ့်မည်ဟု သူမ ခံစားနေရသည်။ အမှန်စင်စစ် ထိုနေ့ရက်မှာလည်း အလွန်အလှမ်းဝေးတော့မည် မဟုတ်ပေ။ သူမ လုပ်ဆောင်ရန် ကျန်ရှိသည်မှာ ကမ္ဘာကြီးကို သိမ်းပိုက်ရန်နှင့် စီနီယာအစ်ကို ပြောခဲ့သည့်အတိုင်း လူသားအားလုံးကို စီနီယာအစ်ကို့ရှေ့တွင် ဒူးထောက် အရှုံးပေးစေရန်သာ ဖြစ်သည်။
[သူ အဲဒီလို မပြောခဲ့ပါဘူးအေ]
ဧကရီ၏ အသံမှာ လီယောင်၏ အတွေးများကို စိတ်ပျက်လက်ပျက်ဖြင့် ဖြတ်ပြောလိုက်သော်လည်း လီယောင်ကမူ ဂရုမစိုက်ဘဲ လျစ်လျူရှုထားလိုက်သည်။
အကြီးအကဲဟွမ်၏ ပါးပြင်လေးများမှာ အနည်းငယ် ပန်းရောင်သန်းသွားပြီး သူမသည် အစားကိုသာ ဘာမှမသိသလို ငုံ့စားနေသော အကြီးအကဲကောင်းအား တစ်ချက်လှမ်းကြည့်လိုက်သည်။ "မနက်ဖြန် ကျင်းပမယ်လို့ စိတ်ကူးထားတာ။ ဒါပေမဲ့ သဘက်ခါမှပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်"
သူမက ပြောလိုက်သည်။
"ဘာလို့ ရက်ရွှေ့လိုက်တာလဲ"
ရှောင်ယွီက မေးလိုက်သည်။
"ငါ့ရဲ့ ကျင့်ကြံမှုက အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုကို ရောက်နေလို့ပါ..."
သူမက စကားစလိုက်သည်။
"အဲဒါဆိုရင်..."
လီယောင်၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။
"ဟုတ်တယ် မနက်ဖြန်မှာ ငါ ရွှေအမြုတေနယ်ပယ်ထဲကို ဝင်ရောက်နိုင်ဖို့ ကြိုးစားတော့မယ်"
အကြီးအကဲဟွမ်က ကြေညာလိုက်လေသည်။
"ဂုဏ်ယူပါတယ် အဒေါ်ဆရာမ"
ရှောင်ယွီနှင့် လီယောင်တို့ နှစ်ဦးစလုံးသည် ထိုင်ခုံမှ ချက်ချင်းထရပ်ကာ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ကြသည်။ သူမ၏ အောင်မြင်မှုအတွက် သူတို့၏ မျက်နှာထက်တွင် စစ်မှန်သော ဝမ်းမြောက်မှုများ အထင်းသား ပေါ်လွင်နေသည်။
"ကျေးဇူးပါပဲ"
သူမကလည်း သူတို့၏ တက်ကြွသော အားပေးကူညီမှုများကြောင့် စိတ်လှုပ်ရှားစွာဖြင့် နွေးထွေးစွာ ပြုံးပြလိုက်သည်။
ရှောင်ယွီသည် ဤသတင်းကြောင့် အမှန်တကယ်ပင် အံ့အားသင့်သွားရသည်။ သူ၏ အဒေါ်ဆရာမမှာ ဤမျှအထိ မြင့်မားသော ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိနေပြီဟု သူ မထင်ထားခဲ့ပေ။ နေ့စဉ် ထိတွေ့ဆက်ဆံမှုများတွင် သူသည် သူတို့အပေါ် ချီအာရုံခံနိုင်စွမ်းကို အသုံးပြုလေ့မရှိသဖြင့် သူတို့၏ ကျင့်ကြံမှု တိုးတက်မှု အခြေအနေအတိအကျကို သတိမပြုမိခဲ့ခြင်း ဖြစ်သည်။
"မင်းက ဘာတွေ အဲဒီလောက် အံ့ဩနေတာလဲ။ မင်းရဲ့ ဝိညာဉ်အစားအစာတွေနဲ့ဆိုရင် ဒီထက်တောင် စောပြီး အဆင့်တက်သင့်တာ"
အကြီးအကဲကောင်းက ဝင်ပြောလေသည်။
ရှောင်ယွီကလည်း ထိုစကားသည် မှန်ကန်ကြောင်း တွေးတောမိသည်။ ကျင့်ကြံရာတွင် အထောက်အကူပစ္စည်းများ အသုံးပြုခြင်းက အဆင့်တက်ရန် များစွာ လွယ်ကူစေသည်မဟုတ်ပါလား။
စတုတ္ထအဆင့် ဝိညာဉ်အစားအစာများသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ပညာရှင်များအတွက်ပင် အသုံးဝင်လှရာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤကဲ့သို့သော အရည်အသွေးမြင့် အစားအစာများကို မှန်မှန်စားသုံးပြီးနောက် ရွှေအမြုတေအဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်ခြင်းမှာ အမှန်တကယ်ပင် ယုတ္တိရှိလှသည်။ အမှန်စင်စစ် သူမ၏ စားသုံးမှုနှုန်းနှင့်ဆိုလျှင် ဤတိုးတက်မှုမှာ အနည်းငယ်ပင် နှေးကွေးသည်ဟု ဆိုနိုင်သည်။
အကြီးအကဲကောင်းမှာမူ စိတ်ထဲတွင် ပြုံးနေမိသည်။
'ဟင်း... မင်း ရွှေအမြုတေ အဆင့်ကို ရောက်သွားလည်း ဘာဖြစ်လဲ။ ငါလည်း တိတ်တဆိတ်နဲ့ အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေပြီပဲ။ မကြာခင်မှာ ငါလည်း ရွှေအမြုတေ အဆင့်ကို တက်မှာပါဟု သူက ကျေနပ်အားရစွာ တွေးနေမိသည်။ အဲဒီအချိန်ကျရင်တော့ ညဘက်တွေမှာ မင်း ငါ့ကို အရင်လို အနိုင်ကျင့်လို့ မရတော့ဘူးဟူသော အတွေးဝင်လာသည့်အခါ သူ၏ ယုံကြည်ချက်မှာ အနည်းငယ် ယိုင်နဲ့သွားပြီး 'ကောင်းပြီလေ... အရင်လောက်တော့ အနိုင်ကျင့်လို့ မလွယ်တော့ဘူးပေါ့' ဟု ပြန်လည် ပြင်ဆင်တွေးတောလိုက်ရသည်။
စားသောက်ပြီးနောက် ရှောင်ယွီသည် သူ၏ အင်္ကျီလက်ထဲမှ သိုလှောင်လက်စွပ်အချို့ကို ထုတ်ယူလိုက်ပြီး "ဒါတွေက ဒီနေ့အတွက် အရင်းအမြစ်တွေပါ အရင်အတိုင်းပဲ စီမံပေးပါ" ဟု ပြောကာ သူ၏ အဒေါ်ဆရာမထံသို့ ကမ်းပေးလိုက်သည်။
"ဒါတွေက အဒေါ်ဆရာမ အဆင့်တက်တဲ့နေရာမှာ အထောက်အကူဖြစ်မှာပါ"
ထိုသို့ပြောကာ ဆေးလုံးအချို့ကိုလည်း သူမအား ပေးလိုက်သည်။
သူသည် အမျိုးမျိုးသော ကုန်သွယ်ရေး သဘောတူညီချက်များအတွက် ဆေးလုံးမျိုးစုံကို ဖော်စပ်ထားခဲ့ရာ ရွှေအမြုတေအဆင့်သို့ တက်လှမ်းရာတွင် အထောက်အကူပြုမည့် ဆေးလုံးအချို့လည်း အဆင်သင့် ပါဝင်နေခြင်း ဖြစ်သည်။
သူ၏ အဒေါ်ဆရာမက ထိုဆေးလုံးများကို ဂရုတစိုက် သိမ်းဆည်းနေစဉ် ရှောင်ယွီသည် အရေးကြီးသော အချက်တစ်ခုကို ရုတ်တရက် သတိရလိုက်သည်။ ရွှေအမြုတေအဆင့်သို့ တက်လှမ်းချိန်တွင် ကောင်းကင်ဘေးဒဏ်တစ်ခု ကျရောက်လာမည် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘေးဒဏ်ကို ခုခံရာတွင် အထူးအထောက်အကူပြုမည့် ပဉ္စမအဆင့် ဆေးလုံးတစ်မျိုးကို သန့်စင်ရန် သူ စိတ်ထဲမှ မှတ်သားထားလိုက်သည်။
ကောင်းကင်ဘေးဒဏ်အတွက် အထောက်အကူပြုသော အခြား အဆင့်နိမ့်ဆေးလုံးများ ရှိသော်လည်း သူ၏ အဒေါ်ဆရာမအတွက်မူ အကောင်းဆုံးအရာကိုသာ ပေးအပ်သင့်သည်ဟု သူ ယူဆထားသည်။
ညစာစားပြီးနောက် ရှောင်ယွီသည် အစီအရင်များ ပြုလုပ်ခြင်းအပေါ် အာရုံစိုက်လိုက်သည်။ ဂိုဏ်း၏ ကာကွယ်ရေးစနစ်ကို နောက်တစ်ကြိမ် အဆင့်မြှင့်တင်ရန် အချိန်ကျရောက်ပြီ ဖြစ်သည်။ ယခင်ကကဲ့သို့ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွါးစေလိုပေ။
သူသည် ပဉ္စမအဆင့်ရှိ အစီအရင် နှစ်ခုကို ဖန်တီးရန် ဆုံးဖြတ်လိုက်ပြီး တစ်ခုမှာ တိုက်စစ်အတွက်ဖြစ်ကာ နောက်တစ်ခုမှာ ကာကွယ်ရေးအတွက် ဖြစ်သည်။
ရှောင်ယွီသည် သူ၏ လုပ်ငန်းခွင်၌ နေရာယူကာ အစီအရင်များကို ဂရုတစိုက် စတင်ဖန်တီးတော့သည်။ သူ၏ ဝိညာဉ်ပင်လယ်အတွင်းမှ ဝိညာဉ်စွမ်းအင်များကို အစီအရင်ပြားများအား အတွင်းသို့ စီးဆင်းစေရင်း ပုံစံကြမ်းများကို အနုစိတ် ထွင်းထုနေစဉ် သူ၏လက်များမှာ တိကျစွာ လှုပ်ရှားနေသည်။ ဤလုပ်ငန်းစဉ်မှာ စိတ်ပင်ပန်းစရာ ကောင်းလှပြီး အပြည့်အဝ အာရုံစိုက်ရန် လိုအပ်လှသည်။ အချိန်များ ကုန်ဆုံးသွားသော်လည်း သူသည် မနားတမ်း ဆက်လက်လုပ်ဆောင်နေခဲ့ရာ ထိုမျှ မြင့်မားသော အဆင့်ရှိ အစီအရင်များအတွက် လိုအပ်သည့် ပြင်းထန်သော အာရုံစူးစိုက်မှုကြောင့် သူ၏ နဖူးထက်တွင် ချွေးစက်များ စို့လာလေသည်။
အလွန်တရာ စေ့စပ်သေချာစွာ ဖန်တီးခဲ့ရပြီးနောက် နောက်ဆုံးတွင် သူ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ အမြဲတမ်းလိုပင် ရလဒ်များမှာ သူ့ကို စိတ်ပျက်စေခြင်း မရှိဘဲ သူ၏ မျှော်လင့်ချက်ထက်ပင် များစွာ သာလွန်နေသည်။