အခန်း (၂၀၆)
Vol. 20 Ch. 206
စနစ်က ထုတ်ပြန်ပေးတဲ့ အချက်အလက်တွေမှာ လူတစ်ယောက်တည်းရဲ့ အချက်အလက်ကိုပဲ ပြသနေတာကြောင့် ဒါဟာ သီးခြားပုဂ္ဂိုလ်နှစ်ယောက် မဟုတ်ဘူးဆိုတာ ရှောင်ယွီ ချက်ချင်း သဘောပေါက်လိုက်သည်။
ဤအမွှာခန္ဓာကိုယ်နှစ်ခုမှာ အမွှာယင်တာအိုခန္ဓာကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း သူတို့နှစ်ဦးကို ခွဲခြား၍မရခြင်းဖြစ်သည်။ အနှစ်သာရအားဖြင့် သူတို့သည် လူတစ်ယောက်တည်းပင် မဟုတ်ပါလား။
သန့်စင်သော ယင်ဓာတ် ဝိညာဉ်မြစ်ဆိုသည်မှာ အမှန်တကယ်ပင် ထူးခြားဆန်းပြားလှပြီး သူ၏ ဆရာသခင်၏ ပါရမီထက်ပင် သာလွန်နေသည်။ အစပိုင်းတွင် ဝိညာဉ်မြစ်များမှာ ရုပ်ဝတ္ထုဓာတ်များဖြင့်သာ ဖွဲ့စည်းသည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယင်နှင့်ယန်သည် အရာခပ်သိမ်းကို ဖန်တီးသော အခြေခံစွမ်းအားများဖြစ်ရာ ဤကဲ့သို့ရှိနေခြင်းမှာလည်း မဆန်းတော့ပေ။
သို့သော် နတ်ဆိုးဘုရားသခင်၏ စစ်မှန်သော သွေးမျိုးဆက်ဆိုသည့်အချက်က သူ့ကို ပို၍သတိထားစေသည်။ လီယောင်၏ စေတီတော်အတွင်း ဖြစ်ရပ်များအရ ဤအဆင့်သို့ ရောက်ရန် သွေးမျိုးဆက် အနှစ်သာရအမြောက်အမြားကို စားသုံးခဲ့ရပေလိမ့်မည်။ စစ်မှန်သော သွေးအဆင့်သို့ ရောက်ရှိမှသာ ထိုမျိုးနွယ်စုဝင်အဖြစ် တရားဝင် သတ်မှတ်၍ရပေသည်။
ဤမျှ စွမ်းအားကြီးသော်လည်း ရှောင်ယွီကမူ တည်ငြိမ်နေဆဲပင်။ သူသည် စိတ်ထဲမှ တိုက်ပွဲပုံရိပ်ယောင်ကို အမြန်တွက်ချက်ကြည့်ပြီးပြီဖြစ်သည်။ မေလင်ကို အနိုင်ယူသကဲ့သို့ တစ်ချက်တည်းနှင့် မဟုတ်စေဦးတော့ အသက်ရှူအကြိမ်အနည်းငယ်အတွင်းမှာပင် သူ ဧကန်မုချ အနိုင်ရမည်ဖြစ်သည်။
"မင်းတို့နှစ်ယောက်က အဆောင်စာရွက်နဲ့ အစီအရင်ကျောင်းတွေရဲ့ ဥက္ကဋ္ဌတွေ ဖြစ်လာမယ်"
သူက ကြေညာလိုက်သည်။
အမွှာနှစ်ဦးစလုံးက တပြိုင်နက်တည်း ဟန်ချက်ညီစွာ ဦးညွှတ်လိုက်ကြသည်။
ထို့နောက် သူက လျူချင်းဘက်သို့ လှည့်ကာ "မင်းကတော့ ကျောင်းများအားလုံးရဲ့ ဥက္ကဋ္ဌချုပ်အဖြစ် တာဝန်ယူရမယ်။ ကျောင်းအားလုံးကို ကြီးကြပ်ပြီး ဥက္ကဋ္ဌတွေနဲ့ ဆက်သွယ်ရမယ်။ ငါကတော့ မင်းကတစ်ဆင့်ပဲ အဓိက ပြောဆိုသွားမှာပါ"
လျူချင်းက ရိုသေစွာ ဦးညွှတ်ရင်း "အကြီးအကဲချုပ် ခိုင်းတဲ့အတိုင်း လုပ်ဆောင်ပါ့မယ်"
ရှောင်ယွီက ကျေနပ်စွာ ပြုံးလိုက်ပြီး "ကဲ... အားလုံး ပြန်လို့ရပြီ"
တပည့်များက စကားတပြောပြောနှင့် လူစုခွဲသွားကြသည်။ အမွှာနှစ်ယောက်ကလည်း လူအုပ်နှင့်အတူ ထွက်ခွာရန် ပြင်လိုက်စဉ် ရှောင်ယွီက သူ၏လက်မောင်းများကို ဆန့်ထုတ်လိုက်ပြီး ထိုနှစ်ယောက်၏ ပုခုံးကို သာသာယာယာ လှမ်းဖက်လိုက်သည်။
"မင်းတို့နှစ်ယောက်ကလွဲလို့ပေါ့။ ငါ မင်းတို့နဲ့ စကားခဏ ပြောချင်တယ်"
သူက လေသံအေးအေးဖြင့် ပြောလိုက်သည်။
ခန္ဓာကိုယ်ကျင့်ကြံမှု ၁၅ ထပ်ဆင့်ရှိနေသော်လည်း အမွှာနှစ်ဦးမှာ ရှောင်ယွီ၏ ဖက်ထားမှုအောက်တွင် လုံးဝ ရုန်းမရတော့ဘဲ ငြိမ်သက်သွားရသည်။ သူတို့သည် ထိတ်လန့်တကြားဖြင့် ရုန်းကန်ကြည့်သော်လည်း အချည်းနှီးသာ ဖြစ်သည်။
'မဖြစ်နိုင်တာ... သူ့ဆီက ဘာကျင့်ကြံမှုမှ ငါ မခံစားရပါဘူး။ သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ။ ငါ လုံးဝ ရွှေ့လို့မရဘူး'
အဆောင်စာရွက်အမွှာက သူ၏ တစ်ခြမ်းတည်းသော အမွှာထံသို့ စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။
'ငတုံးရဲ့... ကျင့်ကြံရေးဂိုဏ်းမှာ ဘယ်သူက ကျင့်ကြံမှု မရှိဘဲ နေမှာလဲ။ မင်းကြောင့် ငါတို့ အဖမ်းခံရတော့မယ်လို့ ငါ သိနေသားပဲ'
အစီအရင်အမွှာက စိတ်တိုတိုဖြင့် ပြန်ပြောသည်။
'ဒါက ဘာလို့ ငါ့အပြစ်ဖြစ်ရတာလဲ'
'အပြစ်ဖြစ်လို့ ဖြစ်တာပေါ့'
"ငါ့နောက်ကို ခဏလိုက်ခဲ့ပေးလို့ ရမလား"
ရှောင်ယွီက ပုံမှန်စကားပြောသကဲ့သို့ မေးလိုက်သည်။
"ဒါပေမဲ့ မလိုက်ချင်လည်း ရပါတယ်"
ထိုသို့ သူပြောကာ ပြုံးပြလိုက်သေးသည်။
'ခင်ဗျားက ကျွန်တော်တို့ကို အဲဒီလိုမျိုး ကြည့်နေမှတော့ ဘယ်လိုလုပ် မလိုက်ဘဲ နေလို့ရမှာလဲ တကယ့်ကို ကြောက်စရာကောင်းတဲ့ လူသားပဲ။ ညဘက်တွေမှာ ဘယ်လိုများ အိပ်ပျော်ပါလိမ့်'
သူတို့နှစ်ဦးက တပြိုင်နက်တည်း တွေးလိုက်ကြသော်လည်း လက်တွေ့တွင်မူ ခေါင်းကိုသာ ငြိမ်သက်စွာ ညိတ်ပြလိုက်ရသည်။
ရှောင်ယွီက ရှေ့မှ လျှောက်သွားပြီး ထိုနှစ်ယောက်က တင်းမာသော တိတ်ဆိတ်မှုဖြင့် နောက်မှ လိုက်ပါလာသည်။ တပည့်များနှင့် ဝေးရာသို့ ရောက်သောအခါ သူသည် ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သည်။ အမွှာနှစ်ဦးမှာလည်း သူ ဘာလုပ်တော့မလဲဟု စိုးရိမ်တကြီးဖြင့် ရပ်စောင့်နေကြသည်။
သူတို့ ဖော်ထုတ်ခံလိုက်ရပြီလား။
"ထွက်လာခဲ့တော့"
ရှောင်ယွီက ရုတ်တရက် လှမ်းပြောလိုက်လေသည်။
"ငါ သိသားပဲ သူ အကုန်သိနေတာပဲ။ မြန်မြန်... ဟိုကြောက်စရာကောင်းတဲ့ မိန်းမကြီး မရောက်ခင် ထွက်ပြေးကြစို့"
အဆောင်စာရွက်အမွှာက သူတို့၏ စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် အသည်းအသန် ပြောလိုက်သည်။
"ငတုံးရဲ့... သူက ငါတို့ကို အကဲခတ်နေတာ ရှင်းနေတာပဲ။ မင်းက ငါတို့အကြောင်းကို တမင်တကာ အသိပေးချင်နေတာလား"
အစီအရင်အမွှာက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပက်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင်ပင် သူတို့၏ နောက်ကျောဘက်၌ တစ်စုံတစ်ယောက် သာသာယာယာ ဆင်းသက်လိုက်သည်ကို ခံစားလိုက်ရသည်။ သူတို့၏ သွေးများကို ခဲသွားစေနိုင်လောက်သည့် ရင်းနှီးသော အသံတစ်ခုက နားထဲသို့ တိုးဝင်လာခဲ့သည်။
"စီနီယာအစ်ကို... အစ်ကို ရိပ်မိနေတာလား"
ထိုအသံကို ကြားလိုက်ရသည်နှင့် တပြိုင်နက် ခန္ဓာကိုယ်နှစ်ခုလုံးမှာ ကျောက်ရုပ်ကဲ့သို့ အေးခဲသွားပြီး မျက်နှာထက်မှ သွေးရောင်များ အကုန်လွင့်ပြယ်သွားတော့သည်။
'ဟိုကြောက်စရာကောင်းတဲ့ မိန်းမကြီးပဲ။ ငါတို့တော့ သွားပြီ'
အဆောင်စာရွက်အမွှာက ညည်းတွားလိုက်သည်။
'ငါသာ အသက်မရှင်တော့ရင် ငါတို့ မိဘတွေကို ငါ သူတို့ကို ချစ်ပါတယ်လို့ ပြောပေးပါဦး'
သူက ဆက်ပြောသည်။
'ငါတို့မှာ မိဘမှမရှိတာ ငတုံးရဲ့။ မင်းကလည်း ငါတို့ ဘယ်လိုဖြစ်ပြီး ဒီဘဝရောက်လာလဲဆိုတာကို မေ့နေတာလား'
အစီအရင်အမွှာက ပြန်အော်လိုက်သည်။
'ဪ... အေး ဟုတ်သားပဲ။ ငါ မေ့သွားလို့'
အဆောင်စာရွက်အမွှာက ရှက်ကိုးရှက်ကန်း ပြန်ဖြေရှာသည်။
'ဒါနဲ့ ငါက ဘယ်လိုလုပ် သတင်းစကားပါးနိုင်မှာလဲ။ ငါတို့ထဲက တစ်ယောက်သေရင် နှစ်ယောက်လုံး သေမှာလေ'
အစီအရင်အမွှာက ထပ်လောင်းပြောပြောလိုက်သည်။
'အေးနော်... အဲဒါလည်း ဟုတ်တာပဲ။ အဲဒါဆိုရင်တော့... နှုတ်ဆက်ခဲ့ပါတယ် သူငယ်ချင်းရာ'
အဆောင်စာရွက်အမွှာက လက်လျှော့လိုက်သည့် လေသံဖြင့် ပြောလိုက်လေသည်။
"ဒါပေါ့... သိတာပေါ့"
ရှောင်ယွီက ပြုံးလျက် ပြန်ဖြေလိုက်သည်။ လီယောင်၏ ဝိညာဉ်အာရုံမှာ တစ်စက္ကန့်လျှင် အနည်းဆုံး တစ်ကြိမ်နှုန်းဖြင့် သူ့ဆီသို့ လှမ်း၍ အာရုံခံနေသည်ကို သူ ဘယ်လိုလုပ် သတိမထားမိဘဲ နေမှာလဲ။ သူမမှာ ဒီလောက်တောင် အားနေတာလားဟု သူ တွေးနေမိသည်။ နေ့လယ်စာ စားပြီးကတည်းက သူမသည် သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသာ ဝိညာဉ်အာရုံကို မရရှိထားခဲ့ပါက သူမ၏ စောင့်ကြည့်မှုကို လုံးဝ သတိထားမိလိမ့်မည် မဟုတ်ပေ။ သူမသည် သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ခြင်းလော။ သူက ဂိုဏ်းအတွက် အသည်းအသန် အလုပ်လုပ်နေချိန်တွင် သူမကမူ... သူ့ကို အသာလေး အကဲခတ်နေခဲ့ခြင်း ဖြစ်သည်။
"စီနီယာအစ်ကို... ဒီနှစ်ယောက်က..."
လီယောင်က စကားစလိုက်သည်။
"သူတို့က ဂိုဏ်းသားတွေအဖြစ် ဟန်ဆောင်နေတဲ့ နတ်ဆိုးတွေပဲ ငါ ဖမ်းမိထားတာ"
ရှောင်ယွီက ပုံမှန်အတိုင်းပင် ပြောလိုက်သည်။
ထိုလူငယ်နှစ်ဦးမှာ ချက်ချင်းပင် ထိတ်လန့်သွားကြပြီး သူတို့၏ တည်ငြိမ်မှုများ အကုန်ပြိုလဲသွားတော့သည်။
'ငါ သိသားပဲ သူ ငါတို့အကြောင်း သိပြီးသားပဲ။ အခွင့်အရေးရတုန်းက ငါတို့ ထွက်ပြေးခဲ့သင့်တာ'
အဆောင်စာရွက်အမွှာက စိတ်ထဲမှ အော်ဟစ်ငိုယိုနေသည်။
'ပြေးတော့ရော ဘယ်လောက်ဝေးဝေး ရောက်မယ် ထင်လို့လဲ'
အစီအရင်အမွှာက လှောင်ပြောင်သလို ပြန်မေးလိုက်သည်။
ငါတို့ အခု ဘာဆက်လုပ်ရမလဲ။
ဤကြောက်စရာကောင်းသော မိန်းမကြီး ရှိနေသရွေ့ သူတို့ ဘာမှမတတ်နိုင်ပေ။ သူမနှင့် ဂိုဏ်းချုပ်ကြီးတို့၏ တိုက်ပွဲကို သူတို့ မျက်ဝါးထင်ထင် တွေ့ခဲ့ရပြီးဖြစ်ရာ ထိုစဉ်က သူမ၏ အမူအရာကို ပြန်တွေးမိရုံနှင့်ပင် အိပ်မက်ဆိုးများ မက်နေကြဆဲ ဖြစ်သည်။
"နတ်ဆိုးတွေလား"
လီယောင်က မေးရင်း တုန်ရင်နေသော ထိုနှစ်ယောက်အား ကြည့်လိုက်ရာ သူမ၏ အကြည့်အောက်တွင် သူတို့မှာ ချွေးစေးများ ပြန်လာကြသည်။
"အင်း... သူတို့က နတ်ဆိုးဘုရားသခင်နဲ့ ပတ်သက်နေပုံရတယ်"
ရှောင်ယွီက ထပ်လောင်းပြောလိုက်သည်။
'ဒါ တကယ်ပဲလား'
လီယောင်က သူမ၏ စိတ်ထဲမှ ဧကရီကို မေးလိုက်သည်။
[မင်းရဲ့ စီနီယာအစ်ကိုက တကယ်ကို တော်တာပဲ။ သူတို့မှာ နတ်ဆိုးဘုရားသခင်ရဲ့ သွေးမျိုးဆက် အမှန်တကယ် ရှိတယ်။ ဒါပေမဲ့ သူတို့ လှည့်စားတာကိုတော့ မခံနဲ့ဦး။ သူတို့က တကယ်တော့ လူတစ်ယောက်တည်းပဲ။ သူတို့ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် နှစ်ယောက်ကွဲနေတာ]
ဧကရီက ရှင်းပြသည်။
'ခန္ဓာကိုယ်တည်ဆောက်ပုံ ဟုတ်လား'
လီယောင်က စိတ်ဝင်တစား မေးလိုက်သည်။
[ဟုတ်တယ်။ အဲဒါကို အမွှာယင်တာအိုခန္ဓာလို့ ခေါ်တယ်။ တိုက်ခိုက်ရေးစွမ်းရည်မှာတော့ အထူးတလည် မသန်မာပေမဲ့ သူ့မှာ ကိုယ်ပိုင် ထူးခြားတဲ့ အသုံးချမှုတွေ ရှိတယ်]
ဧကရီက အကျယ်တဝင့် ရှင်းပြလေသည်။
လီယောင်က အမွှာနှစ်ဦးကို နောက်တစ်ကြိမ် ကြည့်လိုက်ရာ သူမ၏ စိတ်ထဲတွင် အတွေးစများမှာ ပဟေဠိကွက်များ ဆက်သွားသကဲ့သို့ ချက်ချင်း ပေါ်လာတော့သည်။
'လှပတဲ့ မိန်းကလေးတွေ သန့်စင်တဲ့ ယင်ခန္ဓာကိုယ် ပြီးတော့ စီနီယာအစ်ကို...'
သူမ၏ မျက်ဝန်းများမှာ အန္တရာယ်ရှိစွာ မှေးစဥ်းသွားသည်။
'သူတို့က စီနီယာအစ်ကို့ကို ပစ်မှတ်ထားနေတာပဲ'
[ငါ အဲဒီလို မပြော….]
ဧကရီက ကြားဖြတ်ရှင်းပြရန် ကြိုးစားသော်လည်း လီယောင်ကမူ သူမ၏ ပြင်ဆင်ချက်ကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး ကိုယ်ပိုင်အတွေးများထဲတွင် နစ်မြောနေတော့သည်။
'ဒီနှစ်ယောက်က တကယ်ကို အန္တရာယ်များတာပဲ။ ငါက ဉာဏ်ကောင်းလို့သာ သူတို့ရဲ့ အကြံအစည်ကို ရိပ်မိတာ'
သူမ၏ မျက်နှာအမူအရာမှာ အေးစက်ကာ တွက်ကပ်မှုများရှိသော ပုံစံသို့ ပြောင်းလဲသွားပြီး ပိုမိုရက်စက်သော အတွေးတစ်ခု ဝင်လာသည်။ သူမအနေဖြင့် ဤနှစ်ယောက်ကို ဆက်ပြီး အသက်ရှင်ခွင့် မပေးနိုင်တော့ပေ။