အခန်း (၂၇၁-၂၇၂)
Vol. 25 Ch. 271-272
အခန်း (၂၇၁)။
ဟုန်ယွိသည် သူ ဟုန်ခမ်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသည့်ကြောင်း တိုက်ရိုက်ပင် ဖော်ပြောလိုက်သည်။ ဤသည်မှာ သူ၏ရှေ့တွင် ရပ်နေသော ကျောက်တုံးနှလုံးသားပိုင်ရှင် ဟုန်ရွှန်ကျိကို ပြင်းပြင်ထန်ထန် တိုက်ခိုက်ရန် ဖြစ်သည်။
ဟုန်ယွိသည် သူ၏လျှို့ဝှက်ချက် ထုတ်ဖော်ခံရမည်ကို အနည်းငယ်မျှပင် မကြောက်ခဲ့ပေ။
တော်ဝင်ချန် အင်ပါယာတရားရုံး၏ ဥပဒေအရ တာအိုပညာကို အသုံးပြု၍ အရာရှိတစ်ဦးအား သတ်ဖြတ်ခြင်းသည် ခွင့်မလွတ်နိုင်သော ရာဇဝတ်မှုကြီးတစ်ခု ဖြစ်ပါသည်။
သို့သော် ဟုန်ယွိသည် ဟုန်ရွှန်ကျိအနေဖြင့် ထိုသတင်းကို လူသိရှင်ကြား ထုတ်ပြောရဲမည် မဟုတ်ဟု အသေချာ သိနေသည်။ အဘယ်ကြောင့်ဆို သော် အင်ပါယာတရားရုံးတစ်ခုလုံးတွင် သူနှင့် ဟုန်ရွှန်ကျိတို့ကြား ဆက်ဆံရေး မည်သို့ပင် ရှိစေကာမူ အပြင်လူများ၏ အမြင်တွင် သူတို့သည် သားအဖများ ဖြစ်ကြသည်။
အကယ်၍, သားဖြစ်သူက တာအိုပညာကို အသုံးပြု၍ အရာရှိတစ်ဦးကို သတ်ဖြတ်ပြီး ထိုသူသည် သူ့အစ်ကို ဖြစ်နေလျှင် အင်ပါယာတရားရုံး တစ်ခုလုံးနှင့် သာမန်ပြည်သူများ၏ အမြင်များသည်ပင် အရာအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်ပါသည်။
မည်သို့ပင်ဆိုစေ၊ ဟုန်ယွိသည် သူ့အမေအတွက် လက်စားချေနိုင်ရန် မည်သည့်အရာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ သို့သော် ဟုန်ရွှန်ကျိသည် ထိုသတင်းကို ပျံ့နှံ့အောင် လုပ်မည်မဟုတ်ဘဲ ဖုံးကွယ်ရန် နည်းလမ်းမျိုးစုံကိုပင် စဉ်းစားလိမ့်မည်ဟု သူ သေချာပြောနိုင်သည်။ ဟုန်ရွှန်ကျိ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် သူ့မိသားစုတွင် ဤသို့ဖြစ်ပျက်ခြင်းကို သူ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ယခု ဟုန်ယွိ သိရှိထားသည်မှာ ဟုန်ရွှန်ကျိ၏ တစ်ခုတည်းသော ဖြေရှင်းချက်မှာ သူ့ကို လုံးဝ သတ်ပစ်ရန်သာ ဖြစ်သည်။ ထိုအခါ အရာအားလုံးကို ဖုံးကွယ်သွားလိမ့်မည်။
သို့သော် ဟုန်ယွိအတွက် ဤသည်မှာ အရေးမကြီးတော့ပေ။
ယခုအခါ အခြေအနေက ဤအဆင့်သို့ပင် ရောက်ရှိလာပြီဖြစ်ရာ ဟုန်ယွိသည် ဟုန်ရွှန်ကျိအပေါ် ဆက်ဆံရေးနှင့်ပတ်သက်၍ မည်သည့် တွန့်ဆုတ်မှု သို့မဟုတ် မည်သည့်ချုပ်တည်းမှုမျှ မရှိတော့ပေ။ သူ့မိခင်အုတ်ဂူရှေ့တွင် သူ့မိခင်ကို အဆင့်အတန်း နိမ့်ကျသူဟု ခေါ်ဆိုဝံ့ခြင်းသည် ဟုန်ယွိ လုံးဝ သည်းမခံနိုင်သောအရာ ဖြစ်သည်။
ဟုန်ယွိသည် ဟုန်ရွှန်ကျိက သူ့ကို 'ခွေးမသားလေး' ဟု ခေါ်ဆိုသည်ကို လျစ်လျူရှုနိုင်သော်လည်း သူ့မိခင်အုတ်ဂူရှေ့တွင် သူ့မိခင်ကို အဆင့်အတန်း နိမ့်ကျသူဟု ဆဲဆိုခြင်းသည် ဟုန်ယွိ၏ သတ်ဖြတ်လိုစိတ်ကို လုံးဝ နိုးဆွလိုက်သည်။ ၎င်းသည် အကျင့်စာရိတ္တနှင့် ကျင့်ဝတ်စည်းကမ်းများအားလုံးကို ဖြိုခွဲပစ်လိုက်သည့် သတ်ဖြတ်လိုစိတ် ဖြစ်သည်။
ဟုန်ယွိ၏ မျက်လုံးထဲတွင် သူ၏ မိခင်သည် တိုင်ရှန်တာအိုဂိုဏ်း၏ သူတော်စင် မိန်းမပျိုဖြစ်ပြီး၊ ဟုန်ရွှန်ကျိထက် အဆပေါင်းတစ်သောင်း ပိုမို မြင့်မြတ်သည်။
ဟုန်ရွှန်ကျိ၏ 'အဆင့်အတန်း နိမ့်ကျသူ' ဟူသော စကားလုံးက ဟုန်ယွိ၏ နှလုံးသားကို ထိခိုက်စေခဲ့သည်။ ထိုနာကျင်မှုသည် သူ ဖုံးအုပ်ထားခဲ့သည့် ပြည်တည်နာ ရုတ်တရက် ပေါက်ကွဲကာ၊ သွေးပုပ်နှင့် ပြည်များ စီးကျလာသကဲ့သို့ ဖြစ်သည်။
"မင်း ဘာပြောလိုက်တာလဲ"
ဟုန်ယွိ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော အကန့်အသတ်မဲ့ သတ်ဖြတ်လိုစိတ်က ရုတ်တရက် ပြောင်းလဲသွားသည်။ ၎င်းသည် အနည်းငယ် လျှော့ပါးသွားသည်ဟု ထင်ရသည်။
ဟုန်ယွိသည် ယခင်က သူ၏ လေးလံသော အတွေးများ ဖြည်းညှင်းစွာ လည်ပတ်လာကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ယခုလေးတင် ဟုန်ရွှန်ကျိ၏ သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာချိန်တွင်, သူ၏အတွေးတစ်ချက်ဖြင့် လေဟာနယ်တစ်ခုလုံးကို ဝေဝါးစွာ လွှမ်းခြုံထား ကာ၊ လူတစ်ဦး၏ ဝိညာဉ်ကိုပင် ပုံပျက်သွားစေနိုင်သည်။
ဟုန်ရွှန်ကျိနှင့် တကယ်ရင်ဆိုင်ရမှသာ, ဟုန်ယွိသည် သူ၏ နှလုံးသားမရှိသော ဖခင်၏ ကြောက်မက်ဖွယ် စွမ်းအားကို နားလည်ခဲ့သည်။ တစ်ချိန်တည်းမှာပင် လူသားအင်မော်တယ်၏ ကြောက်မက်ဖွယ်စွမ်းအားကိုလည်း ခံစားခဲ့ရသည်။ သူသည် အတိတ်တုန်းက ဘုန်းတော်ကြီး ယန်ယွဲ့သည် အဘယ်ကြောင့် ကမ္ဘာပေါ်တွင် လွှမ်းမိုးနိုင်ပြီး လှည့်လည်သွားလာကာ တိုက်ပွဲဝင်ခဲ့ကြောင်း နားလည်ခဲ့သည်။ မိုးကြိုးကပ်ဘေးအဆင့် ကျွမ်းကျင်သူများပင် သူ့ကို ဘာမှ မလုပ်နိုင်ပေ။ (မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူ, ပညာရှင်ကို မိုးကြိုးကပ်ဘေးအဆင့်ဟု ပြောင်းလဲပြန်ဆိုပါမည်။ ထိုအသုံးနှုန်းက ပို၍နားထောင်ကောင်းမည် ထင်သည်)။
လူသားအင်မော်တယ်တစ်ပါး၏ ဝိညာဉ်နှင့် သွေးတို့သည် လုံးဝ ပေါင်းစပ်ထားသည်။ သူ၏ အော်ရာအောက်တွင် တဖက်ရန်သူ၏ ကမ္ဘာအပေါ် နားလည်မှုကိုပင် ပုံပျက်သွားအောင် လှည့်စားနိုင်သည်။
ဟုန်ရွှန်ကျိသည် သူ၏ သိုင်းလက်သီးဆန္ဒနှင့် ကောင်းကင်ဘုံသေမင်းဘီး လက်သီးပညာကို မထုတ်သုံးရသေးမီကပင် ဟုန်ယွိသည် သူ၏ ဝိညာဉ်ကို လည်ပတ်နိုင်စွမ်းမရှိအောင် ဖိအားပေးခံနေရသည်ဟု ခံစားနေရသည်။
တဖက်လူက သူ့စွမ်းအားကို အပြည့်အဝ အသုံးချမည်ဆိုလျှင်, မည်သည့်အတိုင်းတာအထိ ကြောက်စရာကောင်းမည်နည်း။
"ဉဒေါင်းဘုရင်လို လူမျိုးတောင် ဟုန်ရွှန်ကျိအနား ကပ်နိုင်မှာ မဟုတ်ဘူး။ အခု ဟုန်ရွှန်ကျိဟာ အတားအဆီးကို ဖြတ်ကျော်ပြီး၊ အလင်းဝင်ပေါက်တစ်ခု ဖွင့်လိုက်တဲ့အခါ အလင်းဝင်ပေါက်အားလုံး ဖွင့်သွားခဲ့ပြီ။ လွန်ခဲ့တဲ့တစ်နှစ်ကစာရင်, အခု သူက ဆယ်ဆ ပိုမို အားကောင်းလာပြီ။"
လွန်ခဲ့သော တစ်နှစ်က ဟုန်ရွှန်ကျိ၏ သွေးနှင့် စွမ်းအင်သည် ပြင်းထန်သော နေမင်းနှင့်တူပြီး နတ်ဆိုးများပင် အနားမကပ်နိုင်ခဲ့ပေ။
သို့သော် ယခုအခါ ဟုန်ရွှန်ကျိသည် ကောင်းကင်နှင့် မြေကြီး၏ နတ်ဘုရားများ၊ ကောင်းကင်နှင့် မြေကြီး၏ သေမင်းဘီးကို ထိန်းချုပ်ထားသည်ဟု ခံစားရသည်။ ဤခံစားချက်သည် သူ၏ စွမ်းအားကြောင့် မဟုတ်ဘဲ သူ့ဝိညာဉ်၏ နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာသော အလိုအလျောက် ဗီဇအသိဖြစ်သည်။
"ဟုတ်တယ်၊ အဲဒါ အမှန်ပဲ။"
ဤအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ဟုန်ယွိသည် ဟိန်းဟောက်လိုက်သည်။ သူ၏ ဦးခေါင်းနောက်တွင် ခုနစ်ရောင်ခြယ် အလင်းရောင်စဉ်ဝိုင်း ပေါ်လာသည်။ ဤအလင်းရောင်စဉ်ဝိုင်းသည် ညကောင်းကင်ယံတွင် တောက်ပနေပြီး သုံးမိုင်မှ လေးမိုင် အကွာအဝေးရှိ မြေပြင်ကိုပင် လင်းထိန်စေသည်။
ခုနစ်ရောင်ခြယ် အလင်းရောင်စဉ်ဝိုင်းသည် ညလေနှင့်အတူ ဟုန်ယွိ၏ ဦးခေါင်းနောက်တွင် ယိမ်းထိုးနေသည်။ တစ်ခါတစ်ရံ အလင်းအမြီးရှည်များ ဆွဲထုတ်သွားသဖြင့် ဟုန်ယွိသည် နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ထင်ရသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ ခြေထောက်များသည် မြေပြင်မှ ခွာပြီး အမှန်ပင် မြင့်တက်လာသည်။ ချက်ချင်းဆိုသလို သူသည် မြေပြင်အထက် ပေရာပေါင်းများစွာသို့ ရောက်ရှိသွားပြီး တဖန် ပြန်ကျခြင်း မရှိတော့ပေ။
သူသည် မည်သူ့အကူအညီမျှမပါဘဲ လေထဲသို့ ကိုယ်တိုင် မြင့်တက်လာခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းသည် စိတ်ဝိညာဉ်မဟုတ်ဘဲ အသက်ရှိသော ရုပ်ခန္ဓာကိုယ် ဖြစ်သည်။
သူသည် အခြားအရာများကို အားကိုးခြင်းမဟုတ်ဘဲ ခုနစ်ရောင်ခြယ် အလင်းရောင်စဉ်ဝိုင်း၊ မဟာနတ်ဘုရားခုနစ်ပါး၏ စွမ်းအားကိုသာ အားကိုးနေခြင်း ဖြစ်သည်။
ဝူယွမ်ပြည်နယ်မြို့တော် အချုပ်ခန်း၌ ရှိစဉ်တုန်းက ထာဝရ မိခင်သည် သူမ၏ ကိုယ်ပိုင်ခွန်အားကို အားပြုပြီး လေထဲသို့ ပျံတက်ခဲ့သည်။ ၎င်းသည် မဟာဝိညာ နတ်ဘုရား ခုနစ်ပါး၏ စွမ်းအားပင် ဖြစ်သည်။
နတ်ဘုရား ခုနစ်ပါးသည် လူတစ်ဦး၏ ရုပ်ခန္ဓာကိုယ်ကို တွယ်ကပ်စရာ မလိုဘဲ ထိုသူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရစ်ပတ်ကာ ပျံသန်းနိုင်ပြီး၊ စိတ်ကြိုက် နေရာပြောင်းလဲနိုင်စွမ်းလည်း ရှိသည်။
၎င်းသည် အသက်မဲ့ အနာဂတ်ကျမ်း၏ စွမ်းအား၊ ယုံကြည်ခြင်း၏ စွမ်းအားတို့ ဖြစ်သည်။ ကျင့်ကြံရန် ခက်ခဲသော်လည်း ကျွမ်းကျင်ပိုင်နိုင်ပြီဆိုလျှင် အကျိုးကျေးဇူးများစွာ ရရှိသည်။
ဟုန်ရွှန်ကျိသည် လူသားအင်မော်တယ်တစ်ပါး ဖြစ်နေစေကာမူ, သူသည် လေထဲတွင် ပျံသန်းနိုင်စွမ်း မရှိပေ။ ဟုန်ယွိသည် သူပျံသန်းနိုင်သရွေ့ သူ့ကို တိုက်ခိုက်ရန် ယုံကြည်မှု ရှိနေဦးမည် ဖြစ်သည်။
ဟုန်ယွိသည် သူ့အမေအုတ်ဂူရှေ့တွင် ဟုန်ရွှန်ကျိကို မြင်သောအခါ နောက်ပြန်မဆုတ်ရခြင်း၏ အကြောင်းရင်းမှာ သူသည် မဟာဝိညာဉ် နတ်ဘုရားခုနစ်ပါးကို ကျွမ်းကျင်ပြီး အချိန်မရွေး ပျံသန်းနိုင်သည့် နည်းလမ်းကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။
ယခုလေးတင် ဟုန်ရွှန်ကျိနှင့် စကားပြောနေစဉ် ဟုန်ယွိသည် တဖက်လူ၏ ဝိညာဉ်စွမ်းအင်က သူ့ကို ခိုင်မြဲစွာ ချုပ်နှောင်ထားသဖြင့် သူသည် တာအိုပညာကို အသုံးပြုရန် နည်းလမ်းမရှိဟု ခံစားမိခဲ့သည်။
သို့သော် သူသည် ဝူအိမ်တော်ထိန်း၊ ယန်ကျင့်ကျုံး၊ ဟုန်ခမ်းတို့၏ သေဆုံးမှုများကို ဖော်ထုတ်လိုက်သည့်အခါ ဟုန်ရွှန်ကျိ၏ စိတ်သည် ထိခိုက်သွားခဲ့ ပြီး လေထဲသို့ ပျံတက်ရန် အခွင့်အရေး ရခဲ့သည်။
ထိုသို့မဟုတ်ဘဲ, သူသည် မြေပြင်ပေါ်တွင်သာ ရှိနေမည်ဆိုလျှင်, ဟုန်ယွိသည် မည်မျှ အစွမ်းထက်သော မှော်စွမ်းအားကို ပိုင်ဆိုင်ထားစေကာမူ, မိုးကြိုးကပ်ဘေးဒဏ် ငါးကြိမ်မှ ခြောက်ကြိမ်အထိ ခံယူပြီးဖြစ်စေကာမူ, သူသည် ဟုန်ရွှန်ကျိ၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပေ။
"စိတ်ဝိညာဉ်အတွေး ခွဲထုတ်ခြင်း။ စိတ်ဝိညာဉ်အတွေး အရာဝတ္ထုကို ထိမ်းချုပ်ခြင်း… သတ်။"
ဟုန်ယွိသည် လေထဲသို့ တက်ရောက်သွားသည်နှင့် သူသည် သူ၏ တာအိုပညာကို ထုတ်သုံးလိုက်သည်။
နွေးထွေးသော လေပြင်းတစ်ချက်သည် ဟုန်ယွိ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ရုတ်တရက် ၎င်းသည် ကွဲထွက်သွားပြီး ပတ်ဝန်းကျင်ရှိ ကျောက်တုံးများ၊ မြက်ပင်များ၊ သစ်ပင်များနှင့် ဆီးနှင်းများပေါ်သို့ ကျရောက်သွားသည့် ရေပွက်ကလေးများအဖြစ် ပေါက်ကွဲသွားသည်။
ထို့နောက် ဖျစ်..ဖျစ်.. ဟူသော ပေါက်ကွဲသံများ ပဲ့တင်ထပ်လာသည်။ ဟုန်ရွှန်ကျိကို ဗဟိုပြု၍ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများနှင့် သစ်ပင်များသည် ကွဲအက်ကာ ပြိုကျကုန်သည်။ သစ်ပင်များနှင့် ကျောက်တုံး မြောက်မြားစွာ လွင့်စင်လာပြီး ဟုန်ရွှန်ကျိဆီသို့ ဦးတည်ကာ ကျရောက်လာသည်။
ဟုန်ယွိ၏ ဤလှုပ်ရှားမှုကို အစွမ်းထက်ခြင်းမရှိဟု မဆိုသာပေ။ ၎င်းသည် သူ့စိတ်ဝိညာဉ် အတွေးများကို ခွဲထုတ်ပြီး၊ နေရာတိုင်းသို့ ပျံ့နှံ့စေကာ ကျောက်တုံးများနှင့် ကျိုးပဲ့သော သစ်ပင်များဖြင့် ဟုန်ရွှန်ကျိကို တိုက်ခိုက်ရန် စုစည်းလိုက်ခြင်း ဖြစ်သည်။
အကယ်၍, သူသည် သံမဏိ သို့မဟုတ် ကြေးနီဖြင့် ပြုလုပ်ထားလျှင်ပင် ဤထိုးနှက်ချက်ကို ခံရပါက ကြေမွသွားပေလိမ့်မည်။
"အော်…၊ အမွှေးနံ့သာနဲ့ ယုံကြည်ခြင်းစွမ်းအားပါလား။ နတ်ဘုရားခုနစ်ပါး။ ခွေးမသား..။ အောက်ကို ဆင်းခဲ့စမ်း။"
ဟုန်ယွိသည် လေထဲသို့ အပေ ၂၀ အထိ မြင့်တက်သွားသောအခါ ဟုန်ရွှန်ကျိသည် ဟုန်ယွိ၏ ဦးခေါင်းနောက်တွင် ခုနှစ်ရောင်ခြယ် သက်တံအလင်း ရောင်စဉ်ဝိုင်း ပေါ်လာသည်ကို မြင်လိုက်ရသည်။ သူ၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ရုတ်တရက် ဟိန်းဟောက်လိုက်သည်။
ဤဟိန်းဟောက်သံက မြေကြီးကို တုန်ခါစေသည်။ တောင်တန်းကြားမှ မိုးခြိမ်းသံ ထွက်ပေါလာသည့်အလား ထင်မှတ်ရသည်။ အသံလှိုင်းများသည် ဟုန်ရွှန်ကျိကို ဗဟိုပြု၍ လှိုင်းလုံးသဖွယ် ရိုက်ခတ်ကာ ပျံ့နှံ့သွားခဲ့သည်။
ဘန်း…၊ ဘန်း…၊ ဘန်း…၊ ဘန်း…၊ ဘန်း…၊ ဘန်း!
ပတ်ဝန်းကျင်တွင် လွင့်မျောလာနေသော ကျောက်တုံးများနှင့် ကျိုးပဲ့သော သစ်ပင်များသည် ရုတ်တရက် အရှိန်သေသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ၎င်းတို့သည် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်၏ ပေ ၁၀၀ ပတ်လည်ပင် မရောက်နိုင်ခဲ့ပေ။
"မကောင်းတော့ဘူး။"
တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ ဦးခေါင်းနောက်ရှိ အလင်းရောင်စဉ်ဝိုင်း ခုနစ်ခုသည် ဟုန်ရွှန်ကျိ၏ ကျယ်လောင်သော ဟိန်းဟောက်သံကြောင့် တုန်ခါသွားသည်။ ကွဲအက်သည့် အသံများပင် ထွက်ပေါ်လာသည်။ အလင်းရောင်စဉ်ဝိုင်းများသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး၊ အပိုင်းများစွာ အဖြစ် ကွဲထွက်သွားခဲ့သည်။
ဤကွဲထွက်မှုကြောင့် လေထဲတွင် ရပ်တန့်နေသော ဟုန်ယွိ၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သော စွန်ကဲ့သို့ နှစ်ချက် ယိမ်းယိုင်သွားပြီး ပြုတ်ကျတော့မည့် အနေအထား ဖြစ်သွားခဲ့သည်။
နတ်ဘုရားခုနစ်ပါး။ တစ္ဆေအင်မော်တယ်များ၏ စွမ်းအားနှင့် နှိုင်းယှဉ်နိုင်သော၊ အမွှေးနံ့သာနှင့် ယုံကြည်ခြင်းစွမ်းအားတို့မှ ဖြစ်ပေါ်လာသော ခုနစ်ရောင်ခြယ် နတ်ဘုရားအလင်း ရောင်စဉ်ဝိုင်းများသည် ဟုန်ရွှန်ကျိ၏ ဟိန်းဟောက်သံအောက်တွင် ပြိုကွဲသွားခဲ့သည်။
သူ၏ ခွန်အားအားလုံး ပျောက်ဆုံးသွားပြီ။
"အတိတ်နဲ့ အနာဂတ်၊ အတွေးတစ်ခု၊ လေဟာနယ်၏ ဥပဒေအားလုံး၊ အသက်မဲ့ပြီး မပျက်စီးနိုင်။"
ဤအခိုက်အတန့်တွင် ဟုန်ယွိ၏ အတိတ်ကျမ်းသည် နောက်ဆုံးတွင် အနာဂတ်ကျမ်းဖြင့် ဖန်တီးထားသော နတ်ဘုရားခုနစ်ပါးနှင့် ပေါင်းစပ်သွားသည်။ အတွေးတစ်ချက်ဖြင့် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် နတ်ဘုရား ခုနစ်ပါးသည် ချက်ချင်း ပြန်လည် စုစည်းသွားသည်။ အလင်းရောင်စဉ်ဝိုင်း ခုနစ်ခုသည် ပို၍ တောက်ပလာသည်။ ၎င်းတို့သည် ဟုန်ယွိကို ဝန်းရံထားပြီး ပေ ၅၀၀ အထိ ပိုမို မြင့်တက်သွားခဲ့သည်။ သူသည် လေထဲသို့ ခုန်တက်သွားခဲ့ပြီ။
"ကျင်းရွှမ်အာ၊ သတိထား!"။
ထိုအချိန်တွင် တောင်အောက် သုံးမိုင်မှ လေးမိုင်အကွာ၌ ချန်ယင်းရှာသည် ဟုန်ရွှန်ကျိ၏ ဟိန်းဟောက်သံကို ကြားပြီး သူမ၏ မျက်လုံးများက ပြောင်းလဲသွားပါသည်။ သူမသည် လက်တဖက်ကို ဝှေ့ယမ်းလိုက်ပြီး အတွေးတစ်ခုကို ပို့လွှတ်လိုက်သည်။ ထိုအတွေးသည် လျှပ်စီးကြောင်းတစ်ခု အဖြစ် စုစည်းသွားကာ ကျင်းရွှမ်အာကို ဝန်းရံထားသည့် အချင်းဝက် ငါးပေရှိ ဥခွံပုံစံ လျှပ်စီးလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ဤသည်မှာ မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်း၏ မြင့်မြတ်ကောင်းကင်ဘုံ လျှပ်စီးတံတိုင်း ဖြစ်ပြီး၊ ပြင်ပနတ်ဆိုးများ လူတစ်ယောက်ဝိညာဉ်ထဲ ကျူးကျော် ဝင်ရောက်မှုကို ခုခံရာတွင် အထူးပြုထားသည်။
ချန်ယင်းရှာသည် ဤပညာကို အသုံးပြုလိုက်သည်နှင့် ပြင်းထန်သော သွေးနီရောင်အော်ရာသည် အသံနှင့်အတူ ဖြတ်သန်းလာသည်။
ဖျစ်…၊ ဖျစ်…။
တစ်ပေခွဲ အကျယ်ရှိသော မြင့်မြတ်ကောင်းကင်ဘုံ လျှပ်စီးတံတိုင်းသည် အပိုင်းပိုင်း ကြေမွသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် တံတိုင်းအတွင်း ရှိနေသည့် ရွှေပင့်ကူ၏ ခန္ဓာကိုယ်သည် လေရဟတ်ကဲ့သို့ လည်ပတ်သွားပြီး စူးစူးဝါးဝါး အော်သံကို ထွက်ပေါ်စေသည်။
အခြားသူများမှာမူ မည်သည့် ပြဿနာမှ မရှိဘဲ အသံကြောင့်သာ တုန်လှုပ်သွားကြသည်။
သိုင်းပညာ ကျင့်ကြံသူများဖြစ်သော ချီဇီယန်နှင့် လီလဲ့တို့၏ မျက်နှာများ ဖြူဖျော့သွားသည်။ သူတို့သည် အသက်အနည်းငယ် ရှူသွင်းပြီးနောက် ပြန်လည်ကောင်းမွန်လာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် တာအိုပညာကို ကျင့်ကြံသူများ မဟုတ်ကြသဖြင့် အသံက ပို၍ ကျယ်လောင်သည်ဟုသာ ခံစားရပြီး သိသာထင်ရှားသော ထိခိုက်မှုမျိုး မရှိခဲ့ပေ။
သိုင်းပညာကျင့်စဉ် အားနည်းသူများမှာမူ ခြေလှမ်းများ မတည်မငြိမ်ဖြစ်ကာ မြေပြင်ပေါ်သို့ ပြိုလဲကျလုနီးပါး ဖြစ်ခဲ့ရသည်။ သူတို့ ယူဆောင်လာသော ပူဇော်ဖွယ်ရာ အသီးအနှံများနှင့် နံ့သာတိုင်အချို့သည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။
ဟုန်ရွှန်ကျိ၏ ဟိန်းဟောက်သံသည် တောင်တန်းများကြားမှ မိုးခြိမ်းသံကဲ့သို့ အမှန်တကယ်ပင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရုတ်တရက် သူ့ရှေ့ရှိ တောင်တန်းပေါ်မှ မိုးခြိမ်းသံတွေ ပေါက်ကွဲထွက်လာပြီး မြေပြင်သည် တုန်ခါသွားပြီး၊ လေထုတစ်ခုလုံးလည်း တုန်ခါသွားသည်! ဤသည်မှာ ဟုန်ရွှန်ကျိ၏ ဟိန်းဟောက်သံ၏ စွမ်းအားပင် ဖြစ်သည်။
"စီနီယာ ဧကရာဇ်အကြံပေးဟုန်က အရမ်း အစွမ်းထက်တာပဲ။ တကယ်ကို ပြိုင်ဘက်ကင်းပဲ။ အံ့သြစရာ မရှိဘူး၊ နှစ် ၂၀ လုံး နန်းတော်မှာ ဘယ်နတ်ဆိုးမှ ပြဿနာ မရှာရဲတာ။ အရင်တုန်းက ငါ ဝူဝမ်မြို့စားအိမ်တော်ကို တာအိုနည်းပညာနဲ့ စူးစမ်းချင်ခဲ့မိတယ်။ ကံကောင်းလို့ မလုပ်ဖြစ်ခဲ့ဘး။ မဟုတ်ရင်, ငါ သေနေလောက်ပြီ။"
သခင်ကျိုး၏ မျက်နှာက ဖြူဖျော့နေပြီး သူ၏ စိတ်ဝိညာဉ်က တုန်ခါနေပါသည်။
"ချိုးဖျက်စမ်း…။"
ချန်ယင်းရှာသည် အသံလှိုင်းက သူမ၏ လျှပ်စီးတံတိုင်းကို ချိုးဖျက်ပြီး၊ ရွှေပင့်ကူကို ထိမှန်ကာ၊ ရွှေပင့်ကူသည် လေရဟတ်ကဲ့သို့ လည်ပတ်နေသည်ကို မြင်သောအခါ သူမ၏ မျက်နှာက အေးစက်သွားခဲ့သည်။ သူမသည် ရွှေပင့်ကူကို ရပ်တန့်ရန် သူမမျက်ခုံးများကြားမှ ပြင်းထန်သော အတွေးတစ်ခုကို ထုတ်လွှတ်လိုက်သည်။
သို့သော် ထိုအတွေး ထွက်ပေါ်လာသည်နှင့် ချန်ယင်းရှာသည် ဟုန်ရွှန်ကျိရှိရာ တောင်စောင်းမှ အလွန်ကြီးမားသော "ရှင်းခြင်း သေခြင်းဘီး" တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည်ကို မြင်လိုက်ရသည်။
ဤကြီးမားသော "ရှင်ခြင်း သေခြင်းဘီး" ကို နတ်ဘုရား မည်မျှက ထောက်ပံ့ပေးထားသည်ကို သူမ မသိနိုင်ပေ။
ဤကြီးမားသော "ရှင်ခြင်း သေခြင်းဘီး" လည်ပတ်နေသည့်အခါ ချန်ယင်းရှာ၏ အတွေးများသည် ပျားများအုံသကဲ့သို့ တဝီဝီ မြည်ဟည်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရွှေပင့်ကူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း သေးငယ်သော "ရှင်ခြင်း သေခြင်းဘီး" တစ်ခု ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်နှင့် တင်းကျပ်စွာ ကပ်နေကာ အားကောင်းစွာ လည်ပတ်နေသည်။
စကြာဝဠာတစ်ခုလုံးတွင် ပြင်းထန်သော ယန်ချီစွမ်းအားက နေရာတိုင်းသို့ ပျံ့နှံ့စီးဆင်းနေသည်။
ဤခံစားချက်သည် ချန်ယင်းရှာအနေဖြင့် သူမ ပထမဆုံးအကြိမ် တာအိုကျင့်ကြံစဉ် နေ့လမ်းလျှောက်ခြင်းနယ်ပယ်ကို ကြိုးစားခဲ့စဉ်တုန်းက အရာအားလုံးက လင်းထိန်နေသည့်အတွက် သူမစိတ်ဝိညာဉ် နာကျင်ခံစားရသည့် အခိုက်တန့်ကို ပြန်လည် သတိရစေသည်။
ကျယ်လောင်သော ဟိန်းဟောက်သံဖြင့် ဆယ်မိုင် ပတ်လည်ရှိ အရာအားလုံးနီးပါးသည် သွေးနီရောင်အော်ရာ အတွေးများဖြင့် ပြည့်နှက်သွားခဲ့သည်။ ဤသည်မှာ ချန်ယင်းရှာ၏ စိတ်ဝိညာဉ်ကို မည်သည့် တာအိုပညာကိုမျှ အသုံးမပြုနိုင်အောင် ဖြစ်ရစေသည်။
"ဒါက ဘုန်းတော်ကြီး ယန်ယွဲ့ ထက်တောင် ပိုပြီး အားကောင်းနေတယ်။ အရင်တုန်းက ဘုန်းတော်ကြီး ယန်ယွဲ့ သူ့ရဲ့ သွေးနီရောင်အော်ရာ အတွေး ကို အသုံးပြုတုန်းကတောင် ငါ ဒီလောက် စိတ်မသက်မသာ မဖြစ်ခဲ့ဘူး။ အခု ငါ့စိတ်ဝိညာဉ် စွမ်းအားက အများကြီး တိုးတက်လာပြီး မိုးကြိုးကပ်ဘေးတစ်ပိုင်း ခံယူပြီးသား ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီ။ ဘာလို့ ဒီလို ဖြစ်နေရတာလဲ။ ဟုန်ရွှန်ကျိက ဒီလောက်တောင် အစွမ်းထက်တာလား။"
ချန်ယင်းရှာသည် သူမ၏အတွေးများကို ခိုင်ခံအောင် ကြိုးစားပြီး ရွှေပင့်ကူကို ဝန်းရံကာ ပျံသန်းထွက်သွားသည်။
"အနန္တတန်းခိုးရှင် ကောင်းကင်နဂါး၊ ဖိနှိပ်စမ်း။"
တစ်ချိန်တည်းမှာပင် ရွှေပင့်ကူသည်လည်း အနန္တတန်းခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းကို အသုံးပြုလိုက်သည်။ သူမ၏ စိတ်ဝိညာဉ်သည် ဗောဓိသတ္တအဖြစ် ပြောင်းလဲသွားပြီး ၎င်းကို ဆုတ်ဖြဲလိုက်သည်။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်နှင့် ကပ်နေသော သေးငယ်သည့် ရှင်ခြင်း သေခြင်းဘီးသည် ကွဲကြေသွားပြီး သူမ၏ စိတ်ဝိညာဉ်သည်လည်း လည်ပတ်နေခြင်းမှ ရပ်တန့်သွားခဲ့သည်။
ယခုအချိန်တွင် ရွှေပင့်ကူသည် စိတ်ဝိညာဉ်ပုံစံဖြင့် ရှိနေပြီး လူသားအင်မော်တယ်၏ ဟိန်းဟောက်သံကို ဆန့်ကျင်ရသဖြင့် သဘာဝအတိုင်း အားနည်းချက် ရှိသည်။
"သေစမ်း။ ဒါက မိုးကြိုးပစ်တာနဲ့ တူတူပဲ။"
လည်ပတ်နေသော သူမခန္ဓာကိုယ် ရပ်တန့်သွားပြီးနောက် ရွှေပင့်ကူသည် ချန်ယင်းရှာဘေးသို့ အလျင်အမြန် ပြေးသွားပြီး လည်ချောင်းသံဖြင့် မေးလိုက်သည်။ "အာယွိ ဘယ်လိုလဲ။ ငါ့ရဲ့ ဒီအခြေအနေနဲ့ မမြင်ရဘူး။"
ရွှေပင့်ကူသည် ယခုအခါ ဝိညာဉ်ပုံစံဖြင့် ရှိနေပြီး၊ သုံးလေးမိုင်ဧရိယာအတွင်း ဟုန်ရွှန်ကျိ၏ ဟိန်းဟောက်သံကြောင့် ကျန်ရစ်သော သွေးနီရောင်အတွေးများနှင့်၊ ရှင်ခြင်းသေခြင်းဘီးများဖြင့် ပြည့်နေသည်။ ထို့ကြောင့် ရွှေပင့်ကူ၏ မြင်ကွင်းထဲတွင် ကျယ်ပြန့်သော အလင်းရောင်များသာ မြင်နေရပြီး မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူမ၏ တာအိုပညာများလည်း ပြင်းထန်စွာ ဖိနှိပ်ခံထားရသည်။
"ဟုန်ယွိရဲ့ တာအိုပညာတွေက အရမ်း နက်ရှိုင်းတယ်။ သူ မကျရှုံးနိုင်ပါဘူး။"
ထိုအချိန်တွင် ချန်ယင်းရှာသည် ရွှေပင့်ကူ၏ မေးခွန်းကို ဂရုမစိုက်နိုင်ဘဲ ကောင်းကင်သို့ တည့်တည့် စိုက်ကြည့်နေသည်။
ချန်ယင်းရှာ၏ စိတ်ဝိညာဉ်သည် သူမ၏ရုပ်ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သဖြင့် ကောင်းကင်ရှိ သွေးနီရောင်အော်ရာ အတွေးလှိုင်းများ၏ သက်ရောက်မှုကို မခံရတော့ပေ။ ထို့ကြောင့် သူမသည် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ဟုန်ယွိသည် လေထဲသို့ ခုန်တက်သွားပြီးနောက် ဟုန်ရွှန်ကျိ၏ ဟိန်းဟောက်သံကြောင့် အလင်းရောင်စဉ်ဝိုင်း ခုနစ်ခုစလုံး ပေါက်ကွဲသွားခဲ့သည်။ သူ ပြုတ်ကျတော့မည့် အချိန်တွင် ၎င်းတို့သည် ချက်ချင်း ပြန်လည် ပုံဖော်ကာ လေထဲသို့ ထပ်မံ ပျံတက်သွားသည်။
"ခွေးမသားလေး! မင်း အောက်ကို ဆင်းမလာသေးဘူးလား။"
ဟုန်ယွိသည် လေထဲသို့ ပေ ၅၀၀ အထိ ခုန်တက်သွားသည်ကို မြင်သောအခါ ဟုန်ရွှန်ကျိ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူက လက်သီးဆုပ်ပြီး လက်သီးတံဆိပ်တစ်ခုကို ပုံဖော်ကာ ဟုန်ယွိကို ချိန်ရွယ်လျက် စကားလုံးတစ်လုံးကို ထုတ်ပြောလိုက်ပါသည်။
" စကြာဝဠာ။"
ဘန်း..။
ဟုန်ယွိသည် သူ၏ခန္ဓာကိုယ်က တည်ငြိမ်သွားခါစ ဖြစ်သည်။ အောက်ကို ငုံ့ကြည့်လိုက်တော့, မြေပြင်ပေါ်ရှိ ဟုန်ရွှန်ကျိသည် လက်သီးတံဆိပ်တစ်ခုကို ပုံဖော်ပြီး စကားလုံးတစ်လုံးကို ရေရွတ်ကာ သူ့ဆီသို့ လက်သီးဖြင့် ထိုးလိုက်သည်ကို မြင်တွေ့ရသည်။
ဘန်း…။
ထိုစကားလုံး ထွက်လာသည်နှင့် အချင်း ပေတစ်ရာခန့်ရှိသော လုံးဝန်းသည့် အဖြူရောင် အငွေ့လုံးကြီးသည် အပေါ်သို့ ပစ်လွှတ်လာသည်။ ဤသည်မှာ ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် ချီကို ပြင်းထန်စွာ လည်ပတ်လိုက်ခြင်း၏ ရလဒ်ဖြစ်သည်။ သူ၏ အသက်ရှူသံသည် မိုးခြိမ်းသံနှင့် ရေနွေးငွေ့ကဲ့သို့ ဖြစ်နေပြီး၊ အရှိန်ဟုန်က အမှန်တကယ် ပြင်းထန်ကာ သိပ်သည်းလွန်းသည်။ အနှိုင်းမဲ့ အစွမ်းထက်သော တန်ခိုးအစွမ်းကို ပြသလျက် ရှိသည်။
သာမန်မျက်စိဖြင့် ကြည့်လျှင်, ၎င်းတို့သည် ပူနွေးသော အသက်ရှူလေထုတ်မှုနှင့် လေအေးတို့ကြောင့် ဖြစ်ပေါ်လာသည့် အဖြူရောင် အငွေ့များ ဖြစ်သည်။ သို့သော် ဟုန်ယွိ၏ စိတ်ထဲတွင် ဤအဖြူရောင် အငွေ့များသည် ပြင်းထန်သော နေတစ်စင်းကဲ့သို့ ရှိနေသည်။ ထိုအဖြူရောင် အငွေ့အများသည် ပြင်းထန်သော သွေးနီရောင်အငွေ့အသက်ကို သယ်ဆောင်လာပြီး သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေပါသည်။
တစ်ချိန်တည်းမှာပင် ပြင်းထန်သော အသံတစ်ခု အပေါ်သို့ ပဲ့တင်ထပ်လာသည်။ ဟုန်ယွိ၏ စိတ်ထဲတွင် အောက်ဘက်ရှိ တောင်တန်းများမှ နွေဦးမိုးခြိမ်းသံထက်ပင် ပိုမိုကျယ်လောင်သော နောက်ထပ် မိုးခြိမ်းသံ ပေါက်ကွဲထွက်ပေါ်နေသကဲ့သို့ ဖြစ်နေပါသည်။ တုန်ခါမှု လှိုင်းများက ကောင်းကင်ယံသို့ ပျံ့နှံ့လာသည်။
ဤတုန်ခါမှုကြောင့် သူ ယခုလေးတင် ပြန်လည် ပုံဖော်ထားသော စိတ်ဝိညာဉ်သည် တစ်ဖန် ပေါက်ကွဲသွားခဲ့သည်။
ထို့အပြင် ၎င်းသည် ကြီးမားပြီး ပြင်းထန်သော လက်သီးဆန္ဒကလည်း အရပ်မျက်နှာအားလုံးမှ အလယ်ဗဟိုသို့ ဖိအားပေးလာနေသည်။ ဤလက်သီးဆန္ဒသည် သန့်စင်ပြီး၊ အသေးစား စကြာဝဠာ၏ ကြည်လင်သော အလင်းရောင်နှင့် တူသည်။ သို့သော် ပို၍ တူသည့်အရာမှာ ဆုမူ၏ တိုင်ရှန်တာအိုဂိုဏ်းက ပညာရပ်ဖြစ်သော အနန္တစကြာဝဠာစေတီတော်၏ ဆန္ဒနှင့် တူနေခြင်း ဖြစ်သည်။
"ဟုန်ရွှန်ကျိဟာ အထွဋ်အထိပ်အဂ္ဂိရတ်ကျမ်းရဲ့ 'စကြာဝဠာ' နဲ့ 'ကမ္ဘာ' အခန်းတွေကိုပါ တကယ် ဖတ်ဖူးခဲ့တာပဲ။ သိုင်းသူတော်စင်နဲ့ လူသားအင်မော်တယ်ကြားက အတားအဆီးတွေကို သူ ဖြတ်ကျော်နိုင်လဲဆိုတာ အံ့သြစရာ မရှိဘူး။ အမေရယ်၊ အမေ၊ အမေ ဘာလို့ သူ့ကို အထွဋ်အထိပ်အဂ္ဂိရတ်ကျမ်းရဲ့ တာအိုပညာအခန်းတွေကိုပါ ပြခဲ့ရတာလဲ။"
ဟုန်ရွှန်ကျိသည် လက်သီးဖြင့် ထိုးလိုက်ပြီး 'စကြာဝဠာ' ဟူသော စကားလုံးကို ထုတ်ပြောလိုက်သည်နှင့် ဟုန်ယွိသည် ဟုန်ရွှန်ကျိအနေဖြင့် အထွဋ်အထိပ်အဂ္ဂိရတ်ကျမ်း၏ အမြင့်ဆုံး တာအိုနည်းပညာဖြစ်သော 'စကြာဝဠာ' နှင့် 'ကမ္ဘာ' အခန်းများကိုပါ ဖတ်ဖူးကြောင်း ချက်ချင်း သိလိုက်ရသည်။ ၎င်းတို့ကို သိုင်းပညာတွင် ပေါင်းစပ်လိုက်သည့်အခါ သူ၏ စွမ်းအားသည် ပြိုင်ဘက်ကင်းပြီး၊ တားဆီး၍ မရနိုင်တော့ပေ။
တိုင်ရှန်တာအိုဂိုဏ်း၏ 'စကြာဝဠာ' နှင့် 'ကမ္ဘာ' အခန်းများသည် အတိတ်ကျမ်း၊ ပစ္စုပ္ပန်ကျမ်းနှင့် အနာဂတ်ကျမ်းများကိုပါ နှိုင်းယှဉ်နိုင်သော တည်ရှိမူများ ဖြစ်သည်။ ဟုန်ရွှန်ကျိသည် ၎င်းတို့ကို အရင်ကတည်းက ဖတ်ရှုဖူးခဲ့ဖူးသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် မိုနိုဂိုတာရီက ဟုန်ရွှန်ကျိကို အဘယ်ကြောင့် လာမသတ်ရသည့် အကြောင်းရင်းကို သိလိုက်ရသည်။ ဟုန်ယွိသည် မူလက ဟုန်ရွှန်ကျိအနေဖြင့် အထွဋ်အထိပ်အဂ္ဂိရတ်ကျမ်း၏ သိုင်းပညာ အခန်းများကိုသာ ဖတ်ဖူးသည်ဟု ထင်ခဲ့ပြီး၊ ဟုန်ရွှန်ကျိသည် တာအိုပညာ အခန်းများကိုပါ ဖတ်ဖူးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"မင်းလို ကိုယ့်ဖခင်ကိုတောင် မရိုသေတဲ့ သားမိုက်၊ မင်း အောက်ကို ဆင်းမလာသေးဘူးလား။ မင်းက တာအိုပညာကို ဒီအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ တယ်။ မင်းကို ဒီလို ဖြစ်အောင်လုပ်ခဲ့တာ မိုနိုဂိုတာရီလား။" ဟုန်ရွှန်ကျိသည် မြေပြင်ပေါ်တွင် တည်ငြိမ်စွာ ရပ်နေပြီး ကောင်းကင်သို့ မော့ကြည့် လိုက်သည်။ သူ၏ လက်သီးချက်ကြောင့် သက်တံရောင် အလင်းရောင်စဉ်ဝိုင်းများ ပျောက်ကွယ်သွားပြီးနောက် ဟုန်ယွိသည် မြေပြင်သို့ ပြုတ်ကျတော့မည် ဖြစ်သည်။
"အရင်တုန်းက မန်ပိုင်ယွန်ဟာ မိုနိုဂိုတာရီရဲ့ အမိန့်အရ အထွဋ်အထိပ်အဂ္ဂိရတ်ကျမ်းရဲ့ သိုင်းပညာ အခန်းတွေကိုပဲ ငါ့ကို ဖတ်ခွင့်ပေးခဲ့တယ်။ ငါက 'စကြာဝဠာ' နဲ့ 'ကမ္ဘာ' တာအိုကျမ်းတွေရဲ့ လျှို့ဝှက်ချက်တွေကို သိနေတော့၊ မန်ပိုင်ယွန်ကို လျှို့ဝှက်ပြခိုင်းခဲ့တယ်။ ဒီအကြောင်းကို ဆုမူနဲ့ မိုနိုဂိုတာရီတို့တောင် သိကြမယ်မထင်ဘူး။ ကိုယ့်အဖေကို မရိုသေတဲ့ သားမိုက်၊ မင်းကို မိုနိုဂိုတာရီက ကျောထောက်နောက်ခံ ပေးထားလို့ ငါ ဘာမှ မလုပ်နိုင်ဘူးလို့ မထင်လိုက်နဲ့။ ဒီနေ့ ငါ မိသားစု စည်းမျဉ်းအတိုင်း ဆောင်ရွက်မှာပဲ။ နောင်ပိုင်း မိုနိုဂိုတာရီ ကိုယ်တိုင် လာခဲ့ရင်တောင် ငါ သူ့ကို အနိုင်ယူမယ်။ ငါက သူ့ရဲ့ လူသားအင်မော်တယ် ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့ပြီးသား။ သူ့မှာ ယန်စိတ်ဝိညာဉ် (ယန်နတ်ဘုရား) ဖြစ်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး။ ဒါပေမဲ့ ငါကတော့ လေဟာနယ်ကို ချိုးဖျက်နိုင်ဖို့ မျော်လင့်ချက်ရှိတယ်။ ငါ သူ့ကို အနိုင်ယူဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတယ်။"
ဟုန်ရွှန်ကျိသည် လက်ချောင်းများကို ဖြန့်ကားလိုက်သည်။ သူ စကားပြောနေချိန်တွင် သူ၏ အသံက မြေပြင်ကို ပြင်းထန်စွာ တုန်ခါစေသည်အထိ ကျယ်လောင်နေသည်။
"ဘယ်လောက်တောင် ရက်စက်ပြီး အတ္တကြီးလိုက်လဲ။"
ရုတ်တရက် ဟုန်ယွိသည် အတိတ်ကျမ်းကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်စေသည်။ သူ၏ ဦးခေါင်းနောက်ရှိ အလင်းဝိုင်းသည် တုန်ခါသွားပြီး ပြန်လည် ပုံဖော်လိုက်သည်။ ထို့နောက် အောက်သို့ ပြင်းထန်စွာ ကျဆင်းလာသော ကြီးမားသော လက်ဝါးပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။
မဟာလေဟာနယ်လက်ဝါး….။
အခန်း (၂၇၂)။
ဟုန်ယွိ၏ အဆုတ်များသည် ဒေါသကြောင့် ပေါက်ကွဲတော့မတတ် ဖြစ်နေပါသည်။
မဟုတ်ပါက သူသည် သူ၏ အပြင်းထန်ဆုံး တာအိုပညာဖြစ်သော မဟာလေဟာနယ်လက်ဝါးကို ဟုန်ရွှန်ကျိအပေါ် အစွမ်းကုန် အသုံးပြုမည် မဟုတ်ပေ။
မဟာလေဟာနယ်လက်ဝါးသည် ဒိုင်ဇန်ဘုရားကျောင်း၏ နံပါတ်တစ် တာအိုပညာဖြစ်ပြီး၊ ၎င်း၏ စွမ်းအားသည် ဟုန်ယွိ ဖန်တီးခဲ့သည့် ချီဝိညာဉ်ဝဲဂယက်ထက် ပိုမိုမြင့်မားသည်။ အထူးသဖြင့် ချီဝိညာဉ်ဝဲဂယက်သည် ဝိညာဉ်၏ စွမ်းအားကို အထူးပစ်မှတ်ထားသော လှုပ်ရှားမှုဖြစ်ပြီး စွမ်းအားကြီးမားသော်လည်း ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများတွင် အားနည်းသည်။
ဟုန်ယွိ၏ ချီဝိညာဉ်ဝဲဂယက် အသုံးပြုမှုသည် သိုင်းသူတော်စင်များ၏ စိတ်ကို ယိမ်းယိုင်စေနိုင်ပြီး မဟာဆရာသခင်အဆင့်ရှိ ကျွမ်းကျင်သူများကိုဆိုလျှင်, တစ်ချက်တည်းဖြင့်ပင် သူတို့၏ ဝိညာဉ်ကို ထုတ်ယူနိုင်သည်။
သို့သော် လူသားအင်မော်တယ်တစ်ပါးကို ရင်ဆိုင်ရာတွင်မူ လုံးဝ စွမ်းအားမရှိပေ။
မဟာလေဟာနယ်လက်ဝါးသည် ဝိညာဉ်ဖြစ်စေ၊ ရုပ်ခန္ဓာကိုယ်ဖြစ်စေ အရာအားလုံးကို ဖျက်ဆီးနိုင်သည့်အပြင် လေဟာနယ်ကိုပါ ဖျက်ဆီးနိုင်သော စွမ်းအားရှိသည်။
ထို့အပြင် မဟာလေဟာနယ်လက်ဝါးကို ဒိုင်ဇန်ဘုရားကျောင်းက ဖန်တီးခဲ့ပြီး၊ တိုင်ရှန်တာအိုဂိုဏ်း၏ စကြာဝဠာနှင့် ကမ္ဘာကျမ်းများကို တန်ပြန်ရန် အထူးရည်ရွယ်ခဲ့သည်။ ယခုအခါ ဟုန်ရွှန်ကျိ၏ လက်သီးဆန္ဒသည် တိုင်ရှန်တာအိုဂိုဏ်း၏ တာအိုပညာ၏ စစ်မှန်သော အဓိပ္ပာယ်ကို သယ်ဆောင်လာသဖြင့် ၎င်းကို တန်ပြန်ရန် မဟာလေဟာနယ်လက်ဝါးကို အသုံးပြုခြင်းသည် အဖက်ဖက်မှ ပြည့်စုံစေသည်ဟု ဆိုနိုင်သည်။
တကယ်တော့ ဟုန်ယွိသည် ကျောက်စိမ်းမြို့တော်သို့ ပြန်လာသောအခါ ဟုန်ရွှန်ကျိကို မြန်မြန်ဆန်ဆန် တွေ့ဆုံလိုခြင်းမရှိသေးသလို, သူ၏ အထူးဝှက်ဖဲကိုလည်း ဟုန်ရွှန်ကျိရှေ့တွင် ထုတ်ဖော်လိုခြင်း လုံးဝ မရှိခဲ့ပေ။ သို့သော် ယခုအခါ ဟုန်ရွှန်ကျိက သူ့ကို အကျဉ်းကြပ်ထဲအထိ ရောက်အောင် တွန်းပို့ခဲ့သည်။
ဟုန်ရွှန်ကျိသည် ကျောက်စိမ်းမြို့တော်သို့ သူ ပြန်ရောက်သည်နှင့် သူ့မိခင်၏ အုတ်ဂူရှေ့တွင် ထွက်ပေါ်လာရန် ရွေးချယ်ခဲ့ခြင်းက လှပသော မဟာဗျူဟာမြောက် လှုပ်ရှားမှုတစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။
ဤမဟာဗျူဟာတွင် ဟုန်ယွိသည် တစ်လှုပ်ရှားဖြင့် ရှုံးနိမ့်ခဲ့သည်။
သို့သော် ကနဦး ရှုံးနိမ့်ခဲ့ပြီးနောက် ဟုန်ယွိသည် အခြေအနေကို ပြန်လည် ထိန်းချုပ်ရန်နှင့် သူ၏ စွမ်းရည်အားလုံးကို အသုံးပြုရန် အကောင်းဆုံး ကြိုးစားရတော့မည်။
မဟုတ်ပါက ယနေ့ ဟုန်ရွှန်ကျိသာ သူ့ကို ဤနေရာတွင် ဖမ်းဆီးနိုင်ခဲ့ပါက သူ့မိခင်အတွက် လက်စားချေရန် မပြောနှင့်၊ သူ၏အသက်ပင် ဆုံးရှုံးသွားဖွယ် ရှိသည်။
ဟုန်ယွိသည် သူနှင့် ဟုန်ရွှန်ကျိ၊ သူတို့ သားအဖကြားတွင် ပြန်လည်သင့်မြတ်ရန် အခွင့်ရေးရှိသေးသည်ဟု ထင်ရလောက်အောင် မတုံးအပေ။
"ခင်ဗျား ကျုပ်ကို ဒေါသထွက်အောင်လုပ်ဖို့ ကျုပ်အမေရဲ့ အတွေ့အကြုံတွေကို အသုံးချဖို့ ကြိုးစားနေတာလား။ ဟုန်ရွှန်ကျိ၊ ခင်ဗျား အိပ်မက်မက်နေတာပဲ။ ဟုတ်တယ်၊ ခင်ဗျား ကျုပ်ကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျုပ် ဒေါသထွက်လေလေ၊ ဖျက်ဆီးခြင်း မင်စီလာဘုရင်ရဲ့ ဖျက်ဆီးစွမ်းအားက ပိုကြီးမားလေပဲ။ ဒါပေမဲ့ ကျုပ်က ကျုပ်ရဲ့ ဒေါသကို လုံးဝ ထိန်းချုပ်နိုင်တယ်။ ခင်ဗျား ထင်သလောက်, ကျုပ်က အားနည်းတဲ့လူ မဟုတ်ဘူး။ ကျုပ်က ကျုပ်ကိုယ်ပိုင် စိတ်ဓာတ်ကို အားကိုးပြီး ရှင်ခြင် သေခြင်းရဲ့ အတားအဆီးကို ဖြတ်ကျော်ပြီး၊ တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာခဲ့သူပဲ။ ငါ့ကို ကူညီပေးဖို့ ဘာမိုနိုဂိုတာရီမှလည်း မရှိခဲ့ဘူး။"
ဟုန်ရွှန်ကျိသည် သူ့မိခင်က သူ့ကို တိုင်ရှန်တာအိုဂိုဏ်း၏ အထွဋ်အထိပ် အဂ္ဂိရတ်ကျမ်းကို ပြသခဲ့သည်ဟု ပြောသောအခါ ဟုန်ယွိသည် အမှန်ပင် ဒေါသထွက်ခဲ့သည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဤဒေါသသည် သူ၏စိတ်ဝိညာဉ်အတွင်းရှိ ဖျက်ဆီးခြင်းမင်စီလာဘုရင်ကို ဖျက်ဆီးဖို့အတွက် လှုံ့ဆော်ရန် ဖျက်ဆီးခြင်းမျိုးစေ့အဖြစ် ပြောင်းလဲသွားသည်။
အဘယ်ကြောင့်ဆိုသော် ဟုန်ရွှန်ကျိ၏ စကားများက သူ့ကို ဒေါသထွက်စေရန် ရည်ရွယ်ပြီး သူ့အတွေးများကို ထိန်းချုပ်မှု လျော့နည်းကာ မြေပြင်ပေါ်သို့ ပြုတ်ကျစေရန် ရည်ရွယ်ကြောင်း သူ ကောင်းစွာသိသောကြောင့် ဖြစ်သည်။ သို့သော် ဟုန်ယွိသည် ဒေါသကို ဦးစားပေးမည့်သူ မဟုတ်ပေ။
သူ့အတွက် ဒေါသပိုကြီးလေ၊ ဖျက်ဆီးခြင်းမင်စီလာဘုရင်၏ ဖျက်ဆီးခြင်း စွမ်းအားက ပိုကြီးလာလေ ဖြစ်သည်။
ဖျက်ဆီးခြင်းမင်စီလာဘုရင်၏ ဖျက်ဆီးခြင်း စွမ်းအားသည် ဟုန်ရွှန်ကျိကို တိုက်ခိုက်ရန် မလုံလောက်သေးသော်လည်း အဝေးတော့သည့် အနာဂတ်တွင်….။
သိပ်မဝေးတော့သည့် အနာဂတ်တွင် ဟုန်ယွိသည် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးသည့်အခါ သူ၏ စိတ်ဝိညာဉ်က ပိုမို သန့်စင်လာပြီး၊ သူ၏အတွင်းနတ်ဆိုးများကို ပိုမို ခွဲထုတ်နိုင်မည်ဖြစ်ကာ ဖျက်ဆီးခြင်းမင်စီလာဘုရင်က စုစည်းပေးမည့် ဖျက်ဆီးခြင်းအမျက်ဒေါသသည် တိုးမြင့်လာမည် ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းသည် ခိုင်မာသော ခန္ဓာကိုယ်အဖြစ် စုစည်းကာ မီးလျှံနဂါးကိုးကောင်ကဲ့သို့သော သတ္တဝါတစ်မျိုးအဖြစ် တည်ရှိလာမည် ဖြစ်သည်။
ဘန်း…။
ဧရာမ သက်တန့်ရောင် လက်ဝါးပုံနှိပ်သည် ကောင်းကင်ယံမှ အရှိန်အဟုန်ဖြင့် ရိုက်ချလာသည်။ လက်ဝါးပုံရိပ်ကြီးသည် လေဟာနယ်ကို ဖြတ်သန်းသွားစဉ် မှန်များ အက်ကွဲနေသကဲ့သို့ တကျွီကျွီအသံများ ထွက်ပေါ်လာသည်။
ဤအသံသည် လေထုကို ပြင်းထန်စွာ ဖိသိပ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဤသည်မှာ မဟာလေဟာနယ်လက်ဝါးကို ရိုက်ချလိုက်သည့်အခါ, ပတ်ဝန်းကျင် အရပ်ရပ်မှ လေထုသည် ဝန်းရံသိမ်းကျုံးကာ ရစ်ပတ်ခံရပြီး၊ ရောင်စုံဖန်ခွက်ကဲ့သို့ စုစည်းပြီးနောက် ကျယ်လောင်သောအသံဖြင့် အစိတ်စိတ်မွှာမွှာ ပေါက်ခွဲလိုက်ခြင်းကြောင့်သာ ဤကဲ့သို့ တကျွီကျွီအသံများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဤအချက်က နတ်ဘုရားခုနစ်ပါး၏ ဧရာမ မဟာလေဟာနယ်လက်ဝါးသည် မည်မျှ ပြင်းထန်သည်ကို ပြသနေသည်။
ဟုန်ယွိသည် ဧရာမ မဟာလေဟာနယ်လက်ဝါးကို အသုံးပြုလိုက်သည်နှင့် ချက်ချင်းဆိုသလို ဟုန်ရွှန်ကျိ၏ မျက်လုံးများက ပြူးကျယ်လာပြီး သူ၏ မျက်နှာပေါ်တွင် အံ့သြမှု အရိပ်ယောင်များ ထပ်မံ ပေါ်လာသည်။
သူသည် ဟုန်ယွိ၏ လှုပ်ရှားမှုမှ ကြီးမားသော စွမ်းအားကို အံ့သြမိရုံသာမက, ဟုန်ယွိသည် မဟာလေဟာနယ်လက်ဝါးနှင့် အမွှေးနံ့သာတိုင် မီးရှို့ခြင်းနှင့် ယုံကြည်ခြင်းစွမ်းအား၏ အတွေးများကို ကောင်းစွာ ထိန်းချုပ်နိုင်ခြင်းကို ပို၍ပင် အံ့သြမိသည်။ သူသည် ၎င်းကို အလွန် ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
သာမန် တာအိုပညာရှင်များသည် အမွှေးနံ့သာတိုင် မီးရှို့ခြင်းနှင့် ယုံကြည်ခြင်းစွမ်းအားများကို ထိတွေ့၍ပင် မရပေ။ သို့မဟုတ်ပါက သူတို့သည် မိမိကိုယ်ကို ချက်ချင်း ပျောက်ဆုံးသွားပြီး မရေမတွက်နိုင်သော လူတို့၏ မှတ်ဉာဏ်များထဲတွင် ကျရောက်သွားကာ၊ မိမိကိုယ်ကို မည်သူမည်ဝါ ဖြစ်သည်ကို မခွဲခြားနိုင်တော့ပေ။
သို့သော် အံ့သြမှုမှလွဲ၍ ဟုန်ရွှန်ကျိ၏ လုပ်ရှားမူများက လုံးဝ မနှေးကွေးခဲ့ပေ။
သူ၏ လက်သီးတစ်ဖက်သည် လက်သီးတံဆိပ်ကို ထပ်မံ ပုံဖော်ခဲ့သည်။ ဤတစ်ကြိမ်တွင်, သူသည် သူ၏ လက်ငါးချောင်းကို ပုလင်းတစ်လုံးကဲ့သို့ ကုတ်ဆွဲလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် လေထဲသို့ ခုန်တက်ကာ လက်သီးဖြင့် ထိုးလိုက်ပြီး အသက်ရှူထုတ်ကာ ဟစ်ကြွေးလိုက်သည်။
"ချိုးဖျက်စမ်း။"
ဤတိုက်ခိုက်မှုတွင် ဟုန်ယွိသည် ဟုန်ရွှန်ကျိ၏ လက်ကောက်ဝတ်ရှိ အလင်းဝင်ပေါက်အချို့မှ ကြည်လင်သော စိတ်ဝိညာဉ်များစွာ ထွက်ပေါ်လာသည်ကို ချက်ချင်း မြင်လိုက်ရသည်။
ဤစိတ်ဝိညာဉ်များသည် ဝူအိမ်တော်ထိန်း၏ စိတ်ဝိညာဉ်များထက် များစွာ ပို၍ ကြည်လင်ပြီး ၎င်းတို့၏ စွမ်းအင်သည် လက်တွေ့အနေဖြင့် ထိတွေ့ကိုယ်တွယ်နိုင်လုနီးပါး ဖြစ်သည်။
ဘုန်း…၊ ဘုန်း…၊ ဘုန်း..။
ကြီးမားသော လက်သီးဆန္ဒနှင့် နတ်ဘုရား စိတ်ဝိညာဉ်ဆန္ဒတို့သည် မဟာလေဟာနယ်လက်ဝါးကို ချက်ချင်း ထိမှန်သွားသည်။
ဟုန်ရွှန်ကျိ၏ မျက်လုံးများက တစ်ဖန် လက်ခနဲ လင်းလက်သွားခဲ့ပြီး၊ သူ၏ လက်ကောက်ဝတ်ပေါ်မှ ထွက်ပေါ်လာသော စိတ်ဝိညာဉ်များသည် ပြင်းထန်စွာ လည်ပတ်သွားခဲ့သည်။ ထို့နောက် ကြီးမားသော ရှင်ခြင်းသေခြင်းဘီး ထွက်ပေါ်လာပြီး မဟာလေဟာနယ်လက်ဝါး၏ သက်တန့်ရောင် လက်ဝါးကို ပိတ်ဆို့လိုက်သည်။
မဟာလေဟာနယ်လက်ဝါးသည် ရှင်ခြင်း သေခြင်းဘီး၏ လက်သီးဆန္ဒနှင့် ထိတွေ့သည့်အခါ ရပ်တန့်သွားသည်။ ၎င်းသည် လေဟာနယ်တွင် လည်ပတ်နေရင်း လေထဲတွင် ရပ်တန့်နေသည်။
"ခင်ဗျားရဲ့ အဖြူနဲ့အမဲကို ရောထွေးစေပြီး၊ အမှန်ကို အမှားဖြစ်စေတဲ့ ဒီဘီးစုတ်ဘီးပျက်ကို ကျုပ် ဘယ်လို ချိုးဖျက်မလဲ ကြည့်ထား။ အတိတ်နဲ့ အနာဂတ်၊ အနန္တလေဟာနယ်။" ဟုန်ယွိသည် သူ၏ မဟာလေဟာနယ်လက်ဝါးကို ဟုန်ရွှန်ကျိ၏ ကောင်းကင်ဘုံ သေမင်းဘီး လက်သီးဆန္ဒက ပိတ်ဆို့ထားသည်ကို မြင်သောအခါ သူ၏နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားကို အမြင့်ဆုံးအထိ ထုတ်လွှတ်ပြီး၊ ကန့်သတ်ချက်ရောက်သည်အထိ ကျယ်ပြန့်လာခဲ့သည်။
ချက်ချင်းဆိုသလို သူ၏ နှလုံးသားထဲတွင် မရေမတွက်နိုင်သော ကျမ်းစာလုံးများ စီးဆင်းသွားပါသည်။
အတိတ်ကျမ်းနှင့် ထာဝရ မိခင်ထံမှရရှိခဲ့သည့် မပြည့်စုံသေးသော အနာဂတ်ကျမ်းတို့သည် ပေါင်းစပ်ရန် လက္ခဏာများ ပြသလာခဲ့သည်။
ဤဉာဏ်အလင်း ပွင့်လင်းသွားသော အခိုက်အတန့်တွင် မဟာလေဟာနယ်လက်ဝါးသည် တစ်ဖန် စုစည်းသွားသည်။ ၎င်းသည် ပြင်းထန်စွာ ကျုံ့ဝင်သွားခဲ့ပြီး ကောင်းကင်ဘုံ သေမင်းဘီး၏ လက်သီးဆန္ဒကို ဆုပ်ကိုင်ကာ ပြင်းထန်စွာ ဖိညှစ်ချလိုက်ပါသည်။
ဟုန်ယွိသည် ဟုန်ရွှန်ကျိ၏ အဖြူအမဲ ရောထွေးစေပြီး အမှန်ကို အမှားဖြစ်စေသော ကောင်းကင်ဘုံ သေမင်းဘီး၏ လက်သီးဆန္ဒကို ချိုးဖျက်လိုသည်။
လူသားအင်မော်တယ် တစ်ဦးအတွက် သူ၏ လက်သီးဆန္ဒကို မချိုးဖျက်နိုင်ပါက သူ၏ ခန္ဓာကိုယ်ကို မည်သည့်အခါမျှ ထိခိုက်စေနိုင်မည် မဟုတ်ပေ။
"အင်း…၊ ဟုန်ယွိရဲ့ တာအိုပညာနဲ့ နက်နဲလှတဲ့ ပညာရပ်တွေက ဒီလောက်အထိ အစွမ်းထက်နေတာလား။"
တစ်ချိန်တည်းမှာပင် မိုင်ပေါင်းအကွာဝေးမှ တာအိုပညာရှင်နှင့် သိုင်းတာအို လူသားအင်မော်တယ်တို့၏ တိုက်ပွဲကို စောင့်ကြည့်နေသူများသည် အံ့အားသင့် မှင်သက်နေကြသည်။
ချီဇီယန်၏ မျက်လုံးများတွင် ဟုန်ယွိ၏ ခန္ဓာကိုယ်သည် သက်တန့်ရောင် ရောင်စဉ်ဝိုင်းများ ဝန်းရံလျက် ကောင်းကင်သို့ ပျံတက်သွားသည်ကိုသာ မြင်ရသည်။ သူ လက်ဝှေ့ယမ်းလိုက်သည်နှင့် ဧရာမ သက်တန့်ရောင် လက်ဝါးကြီးသည် အရှိန်အဟုန်ဖြင့် ရိုက်ချလာသော်လည်း မမြင်နိုင်သော စွမ်းအားတစ်ခုက ပိတ်ဆို့လိုက်သည်။
ဤပုံသဏ္ဌာန်မဲ့ စွမ်းအင်သည် ကြီးမားသော ဓမ္မဘီးကဲ့သို့ တည်ရှိနေပြီး၊ သက်တန့်ရောင် လက်ဝါးကြီးကို ဆုပ်ကိုင်ထားစဉ် မထိန်းချုပ်နိုင်ဘဲ တုန်ခါနေသည်။
တစ်ချိန်တည်းမှာပင် မမြင်နိုင်သော ဓမ္မဘီးကြီးသည် ပြင်းထန်စွာ လည်ပတ်နေသဖြင့် သက်တန့်ရောင် လက်ဝါးကြီးပေါ်ရှိ သက်တန့်ရောင် ရောင်စဉ်ဝိုင်းများသည် မြေပြင်ပေါ်သို့ ပြုတ်ကျနေသော မီးရှူးမီးပန်းများကဲ့သို့ အရပ်မျက်နှာအားလုံးသို့ ပြန့်ကျဲသွားသည်။
မျက်စိဖြင့် မြင်နိုင်သော သက်တန့်ရောင် ဧရာမလက်ဝါးကြီးကို မျက်စိဖြင့် မမြင်နိုင်သော ဓမ္မဘီးကြီးတစ်ခုက ပိတ်ဆို့ထားသည်။ ဤသည်မှာ ဟုန်ယွိနှင့် ဟုန်ရွှန်ကျိတို့၏ တိုက်ပွဲ မြင်ကွင်းဖြစ်သည်။
လူတို့သည် သိုင်းပညာ လက်သီးဆန္ဒကို မျက်လုံးဖြင့် မမြင်နိုင်သော်လည်း တာအိုပညာဖြင့် ထုတ်ဖော်ပြသထားသည့် ဧရာမ မဟာလေဟာနယ် လက်ဝါးကြီးကိုမူ မြင်နိုင်ကြသည်။
ဧရာမ သက်တန့်ရောင် လက်ဝါးကြီးသည် ပတ်ပတ်လည် ရိုက်ချနေသော်လည်း ဟုန်ရွှန်ကျိ၏ ပေ ၃၀၀ ပတ်လည်သို့ မရောက်နိုင်ခဲ့ပေ။
ဟုန်ရွှန်ကျိသည် မတ်မတ်ရပ်နေပြီး လက်သီးတစ်ဖက်ဖြင့် ကောင်းကင်ယံရှိ ဟုန်ယွိကို ချိန်ရွယ်ထားသည်။ သူ၏ လက်ချောင်းငါးချောင်းသည် လှုပ်ရှားနေပြီး သူ၏အသက်ရှူထုတ်မှုသည် စွန်ကို လွှတ်နေသကဲ့သို့ ဖြစ်နေသည်။ သူ၏ လက်ချောင်းငါးချောင်း လှုပ်ရှားတိုင်း ဟုန်ယွိ၏ သက်တန့်ရောင် ဧရာမလက်ဝါးသည် တစ်ကြိမ် ကွဲအက်သွားသော်လည်း နောက်တစ်ကြိမ် ပြန်လည် စုစည်းသွားသည်။
ဤအသွင်အပြင်မှ ကြည့်လျှင် ဟုန်ရွှန်ကျိသည် ယခုအခါ လုံးဝ အသာစီးရနေသည်ကို တွေ့နိုင်သော်လည်း ဟုန်ယွိကို မြေပြင်ပေါ့သို့ လှုပ်ခါချ၍ မရပေ။ ထို့အပြင်, သူသည် ဟုန်ယွိကို အမှန်တကယ် သတ်ဖြတ်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်း မပြုနိုင်သေးပေ။
"ဟုန်ရွှန်ကျိ၊ ဟုန်ရွှန်ကျိ၊ ခင်ဗျားက အရမ်း မာနကြီးနေတာပဲ။ ဒါပေမဲ့ ကျုပ်က ခင်ဗျား ကြိုက်သလို ချေမွပစ်လို့ရတဲ့လူ မဟုတ်ဘူးဆိုတာ အခု ခင်ဗျား နောက်ဆုံးတော့ သိသွားပြီ။ ကျုပ်ရဲ့ လက်ရှိ တာအိုပညာက ခင်ဗျားကို ဖမ်းဆီးဖို့ မလုံလောက်သေးရင်တောင်၊ ခင်ဗျားကို လက်နက်ချ အညံ့ခံစေဖို့ မလုံလောက်သေးရင်တောင်၊ ခင်ဗျားအနေနဲ့လည်း ကျုပ်ကိုသတ်ဖို့က ဒီလောက်မလွယ်ဘူး။ ဒါကို ခင်ဗျားရဲ့ နှလုံးသားထဲကနေ ကောင်းကောင်း သိနေပြီ။ မဟုတ်ရင်, ခင်ဗျား ခုနက ကျုပ်ဒေါသဆွဖို့ အမေကို အသုံးပြုမှာ မဟုတ်ဘူး။"
ဤအခိုက်အတန့်တွင် ဟုန်ယွိသည် တဖန် စကားပြောလာခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် အလွန် အေးဆေးတည်ငြိမ်နေသည်။
ထိုတခဏချင်းမှာပင် သူသည် အတိတ်ကျမ်းနှင့် အနာဂတ်ကျမ်းတို့ကို အသုံးပြုနိုင်သည့် နည်းလမ်းအချို့ကို တွေးဆနိုင်ခဲ့ပြီး မဟာလေဟာနယ် လက်ဝါးကို ပိုမို ကျွမ်းကျင်လာခဲ့သည်။
မူလက မဟာလေဟာနယ်လက်ဝါးသည် ထာဝရမိခင်၏ လက်ထဲတွင် အလွန်မင်း ထူးခြားခြင်း မရှိဘဲ ၎င်း၏ စွမ်းအား ၃၀ ရာခိုင်နှုန်းကိုသာ ပြသနိုင်ခဲ့သည်။ သို့သော် အတိတ်ကျမ်းကို ကျင့်ကြံခဲ့သော ဟုန်ယွိ၏ လက်ထဲတွင်မူ သုံးဆနီးပါး အားကောင်းလာခဲ့သည်။
ဟုန်ယွိသည် ဟုန်ရွှန်ကျိ၏ လက်သီးဆန္ဒကို ယခုအချိန်တွင် မချိုးဖျက်နိုင်သေးကြောင်း သိသော်လည်း အနည်းဆုံး သူသည် မိမိကိုယ်ကို အနည်းငယ် ကာကွယ်နိုင်ခဲ့သည်။ သူသည် လေးညှိုးသံကြောင့် ထိတ်လန့်သွားသော ငှက်တစ်ကောင်ကဲ့သို့ ဟုန်ရွှန်ကျိ၏ စိတ်သဘောရှိသလို ပြုမူခံရမည့်သူ မဟုတ်တော့ပေ။
"ခွေးမသားလေး။ မင်းက တာအိုပညာ နည်းနည်းပါးပါး သင်ယူထားရုံနဲ့ ပုန်ကန်မှုကို ကျူးလွန်ချင်နေတာလား" ရုတ်တရက် ဟုန်ရွှန်ကျိက အေးစက်စွာ ရယ်မောလိုက်သည်။
သူ အေးစက်စွာ ရယ်မောနေစဉ် ဟုန်ရွှန်ကျိသည် သူ၏ လက်ချောင်းငါးချောင်းကို ဖြေလျှော့လိုက်ပြီး လက်သီးဆန္ဒက ပျောက်ကွယ်သွားသည်။ ခုခံရန် လက်သီးဆန္ဒ မရှိတော့သဖြင့် မဟာလေဟာနယ်လက်ဝါးကြီးသည် တစ်ဖန် ရိုက်ချလာသည်။
သို့သော် မဟာလေဟာနယ်လက်ဝါးကြီဂသည် သူ၏ ဦးခေါင်းအထက် ခုနစ်ပေမှ ရှစ်ပေခန့်အကွာသို့ ရောက်ရှိလာစဉ် ဟုန်ရွှန်ကျိသည် သူ၏ လက်ချောင်းငါးချောင်းကို တစ်ဖန် မြှောက်လိုက်သည်။ လက်ချောင်းငါးချောင်းကြားတွင် တောက်ပသော အနီရောင်သွေးစက် ငါးစက်သည် ရုတ်တရက် စိမ့်ထွက်လာသည်။ ဤသွေးစက်ငါးစက်ကို ကောင်းကင်သို့ ပစ်တင်လိုက်သည်။ သွေးစက်ငါးစက်သည် မဟာလေဟာနယ်လက်ဝါး၏ အလယ်ဗဟိုကို ထိမှန်သွားသည်။
ဤသွေးစက်ငါးစက်သည် မူလက သတိမထားမိလောက်အောင် သေးငယ်သည်။ သို့သော်, ၎င်းတို့ မဟာလေဟာနယ်လက်ဝါးကို ထိလိုက်သည့်အခါ ဆီပင်လယ်ထဲသို့ မီးပွားတစ်စက် ကျသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
ဘန်း…။
မဟာလေဟာနယ်လက်ဝါးကြီးတစ်ခုလုံး ပြိုကျသွားသည်။ ဟုန်ယွိ၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံတွင် နှစ်ကြိမ် ပြင်းထန်စွာ တုန်ခါသွားပြီး နောက်တစ်ကြိမ် ပြုတ်ကျလုနီးပါး ဖြစ်ခဲ့ရသည်။
"မင်း အောက်ကို ဆင်းမလာသေးဘူးလား။"
ဟုန်ရွှန်ကျိ၏ လက်ချောင်းငါးချောင်းသည် အပေါ်သို့ တစ်ဖန် ဆုပ်ကိုင်လိုက်ပြန်သည်။ စကားလုံးတစ်လုံးစီသည် ပြင်းထန်ပြီး သူ၏ အသက်ရှူထုတ်မှုသည် မိုးခြိမ်းသံကဲ့သို့ ဖြစ်ကာ နှိုင်းယှဉ်၍မရအောင် ခမ်းနားထည်ဝါပြီး တောင်ကြားတစ်ခုလုံးကို တုန်ခါစေသည်။
မနီးမဝေးရှိ ဆောင်းဦးလ ဘုရားကျောင်း၏ နံရံတစ်ခုသည် အသံ၏ ပဲ့တင်သံကို မခံနိုင်ဘဲ ကျယ်လောင်သောအသံကြောင့် ပြိုကျသွားခဲ့သည်။
ဆောင်းဦးလ ဘုရားကျောင်းသည် အစကတည်းက ပျက်စီးနေပြီဖြစ်ပြီး ယခုအခါ ဟုန်ရွှန်ကျိ၏ ဒေါသတကြီး ဟိန်းဟောက်သံ၏ တုန်ခါမှုဒဏ်ကို မခံနိုင်တော့ဘဲ နံရံများ ပြိုကျသွားခဲ့သည်။
ရွှေပင့်ကူသည် မူလက လူတစ်ဦး၏ ခန္ဓာကိုယ်ကို တွယ်ကပ်၍ စောင့်ကြည့်နေခဲ့သော်လည်း ဤဟိန်းဟောက်သံကြောင့် သူမ၏ ဝိညာဉ်သည် ရုပ်ခန္ဓာကိုယ်မှ အတင်းအကြပ် လှုပ်ခါသွားကာ ခွဲထွက်သွားခဲ့ရသည်။ ထို့နောက် သူမ၏ဝိညာဉ်တစ်ခုလုံး အပိုင်းပိုင်း ကြေမွသွားသည်။ ပြန်လည် စုစည်း၍ မရနိုင်တော့ပေ။
ဟုန်ရွှန်ကျိ၏ အသံသည် ကျယ်လောင်ပြီး အရင်ကထက် နှစ်ဆ ပိုကျယ်သည်။ သိသာစွာပင် သူသည် ဟုန်ယွိကို အမှန်တကယ် ဒေါသထွက်နေပြီ ဖြစ်သည်။
"မကောင်းတော့ဘူး။"
ထိုဟိန်းဟောက်သံပြီးနောက် ချန်ယင်းရှာ၏ မျက်နှာအမူအရာက လုံးဝ ပြောင်းလဲသွားသည်။ သူမသည် သူမ၏ စိတ်ဝိညာဉ်အားလုံးကို နှိုးဆွလိုက်ပြီး ရုပ်ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်။ ပြင်းထန်သော လေပြင်းတစ်ချက်နှင့်အတူ သူမသည် ဟိန်းဟောက်သံ၏ ပဲ့တင်သံကို တွန်းလှန်ခဲ့သည်။ သူမသည် ကောင်းကင်သို့ ပျံတက်သွားပြီး စိတ်ဝိညာဉ် မတည်မငြိမ်ဖြစ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျတော့မည့် ဟုန်ယွိကို ဖမ်းဆီးလိုက်သည်။
ချန်ယင်းရှာ၏ တာအိုပညာရပ်များဖြင့်ပင် ဟုန်ရွှန်ကျိ ဟိန်းဟောက်လိုက်သည့် အခိုက်အတန့်တွင် သူမ၏ စိတ်ဝိညာဉ်သည်လည်း အပိုင်းပိုင်း ကွဲထွက်လုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော် ဤဟိန်းဟောက်သံ၏ ပဲ့တင်သံကိုမူ သူမ ခံနိုင်ရည်ရှိနေဆဲပင်။
"ငွေးငါးမန်းဘုရင်, မင်းက ဒီလို ဖခင်ကို မရိုသေမလေးတဲ့ ကျုပ်သားကို ကယ်တင်နိုင်မယ်လို့ တကယ်ထင်နေတာလား!"
ဟုန်ရွှန်ကျိသည် သူ၏သွေးကို အသုံးပြု၍ မဟာလေဟာနယ်လက်ဝါးကို ချိုးဖျက်ခဲ့ပြီးနောက် သူ၏ ဟိန်းဟောက်သံကို အသုံးပြု၍ ဟုန်ယွိ၏ စိတ်ဝိညာဉ်ကို ကြေမွစေခဲ့သည်ကို မြင်လိုက်ရသည်။ ဟုန်ယွိသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်နှင့် အင်မော်တယ်တစ်ပါးပင် သူ့လက်ထဲသို့ ကျရောက်ရလိမ့်မည်။
သို့သော် ယခုအခါ ချန်ယင်းရှာက သူ၏ နက်နဲသော ပညာရပ်ကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်စေခဲ့သည်။ ဟုန်ရွှန်ကျိ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး လူသားအင်မော်တယ်၏ ဟိန်းဟောက်သံအဖြစ် သူ၏ ချီစွမ်းအင်ကို တစ်ဖန် နှိုးဆွလိုက်သည်။
သို့သော် သူ၏ချီကို ပြောင်းလဲရန် ကြိုးစားနေစဉ် ရုတ်တရက် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူ၏ အထက်တွင် ကျယ်လောင်သော ကွဲအက်သံတစ်ခု ထွက်ပေါ်လာသည်။ မြှားလေးစင်းသည် သူ၏အကာကွယ် လက်သီးဆန္ဒကို လုံးဝ ဖောက်ထွင်းသွားခဲ့သည်။ မြှား၏ ရည်ရွယ်ချက် မှာ သူ့ကို ပစ်ခတ်ရန် ဖြစ်သည်။
သို့သော် သူ၏ခန္ဓာကိုယ်သည် ဘယ်ညာ လှုပ်ရှားသွားသည်နှင့် သူသည် ခြေလှမ်း ၅၀ ကျော် ကွာဝေးသွားခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မြှားကြီးလေးစင်းသည် လေကို ထိုးဖြတ်၍ တရွှီရွှီမြည်ကာ၊ သူ ယခုလေးတင် ရပ်နေခဲ့သော မြေပြင်သို့ စိုက်ဝင်သွားသည်။
"အယ်…။ ကောင်းကင်တုန်ခါလေး။ အကန့်သတ်မဲ့မြှား။ မဖြစ်နိုင်ဘူး။ ကောင်းကင်တုန်ခါလေးနဲ့ အကန့်သတ်မဲ့မြှားက ငါ့ရဲ့အကာကွယ် လက်သီးဆန္ဒကို ဖောက်ထွင်းနိုင်လောက်တဲ့ စွမ်းအားမျိုး မရှိဘူး။ အယ်…၊ မင်းရဲ့ ဒီမြှားလေးစင်းက တစ္ဆေအင်မော်တယ် လေးယောက်ကို သတ်ပြီးမှ ဒီအစွမ်းမျိုး ရလာတာပဲ။ ဒီလောက် အစွမ်းထက်နေတာ အံ့သြစရာမရှိဘူး။"
ဟုန်ရွှန်ကျိသည် မြှားလေးစင်းကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးများက လှုပ်ရှားသွားသည်။ ၎င်းတို့သည် ကန့်သတ်မဲ့မြှားများ ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ ဖြစ်သည်။
ဤမြှားလေးစင်းသည် ချန်ယင်းရှာက စုန်းတစ္ဆေဂိုဏ်းမှ အကြီးအကဲသုံးဦးနှင့် ဂိုဏ်းခေါင်းဆောင် ယုဝူဒေါင်တို့ကို သတ်ပြီးနောက် စုဆောင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် တစ္ဆေအင်မော်တယ် လေးယောက်၏ စွမ်းအားကို စုပ်ယူထားသောကြောင့် ဟုန်ရွှန်ကျိ၏ ကာကွယ်ထားသော လက်သီးဆန္ဒကို ဖောက်ထွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဟုန်ရွှန်ကျိသည် ၎င်းတို့ကို ရှောင်တိမ်းနိုင်ခဲ့သည်။
ဝှစ် ဝှစ်…။
ဟုန်ရွှန်ကျိသည် ထပ်မံ တိုက်ခိုက်ရန် မစတင်မီ မြေပြင်ပေါ်ရှိ မြှားလေးစင်းသည် တစ်ဖန် ပျံတက်လာပြီး သူ၏ ခန္ဓာကိုယ်ဆီသို့ ဦးတည်ကာ ပစ်ခတ်လာသည်။
ဟုန်ရွှန်ကျိသည် အံ့အားသင့်သွားသည်။ သူ၏ လက်များက တုန်ခါသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး လက်ဝါးရိပ်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ထို့နောက် လက်ဝါးများကို ပြန်ရုပ်သိမ်းလိုက်ပြီး၊ ပျံသန်းလာသော မြှားလေးစင်းကို သူ၏လက်ထဲတွင် ဖမ်းဆုပ်လိုက်သည်။
"ယင်းရှာ၊ အမေနှင့်သားမီးလျှံဘီးမိုးကြိုးဓားကို အချည်းနှီး မဖြုန်းတီးနဲ့တော့။ သူ့ကို သတ်လို့ သေမှာ မဟုတ်ဘူး။ မြှားတွေတောင် သူ့အနား ကပ်လို့ မရဘူး! ဒီနေ့ ငါ့တို့ခန္ဓာကိုယ်က ဒီမှာ ရှိနေတာဆိုတော့ သူ့နဲ့တိုက်ခိုက်ရင် အားနည်းချက် ရှိတယ်။ ကျွန်တော် ဝူဝမ်မြို့စားအိမ်တော်ကို သွားပြီး အဲဒီ မိန်းမယုတ် မဒမ်ကျောက်ကို သတ်နိုင်တဲ့အထိ စောင့်ရအောင်။ အဲဒီအခါကျရင် သူ ကျုပ်ကို တားနိုင်ဦးမလား ကြည့်ရသေးတာပေါ့။ သွားကြစို့။"
ဟုန်ရွှန်ကျိသည် အကန့်သတ်မဲ့မြှားကို ဖမ်းဆုပ်လိုက်ချိန်တွင် ဟုန်ယွိ၏ အသံက ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာသည်။ သက်တန့်ရောင် ရောင်စဉ်ဝိုင်းများသည် တောက်ပသော လေပြင်းတစ်ချက်အဖြစ် ရုတ်တရက် ရှေ့သို့ အရှိန်အဟုန်ဖြင့် ရွှေ့လျားသွဦးပြီး မိုင်အနည်းငယ်အကွာရှိ လူ သုံးဆယ်ကျော်ကို သိမ်းကြုံး ယူဆောင်သွားခဲ့သည်။ ၎င်းတို့သည် ချက်ချင်းဆိုသလို ဆယ်လီကျော် ကွာဝေးသော အနောက်တောင်သို့ ပျံသန်းသွားပြီး ပျောက်ကွယ်သွားသည်။
"မလိမ္မာတဲ့ သားမိုက်။" ဟုန်ရွှန်ကျိ၏ လက်များမှ ကြီးမားသော တုန်ခါမှုတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် အကန့်သတ်မဲ့မြှား၏ ခုခံနေသော စွမ်းအား ဖြစ်သည်။ ထိုတုန်ခါမှုစွမ်းအားကြောင့် သူသည် ဟုန်ယွိကို ဟိန်းဟောက်၍ ကောင်းကင်ယံမှ ပြုတ်ကျသွားစေရန် သူ့ခွန်အားကို အသုံးပြုနိုင်ခြင်း မရှိတော့ပေ။
တစ်ချိန်တည်းမှာပင် သူသည် အံ့သြစိတ်နှင့် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ဟုန်ယွိက သူ့ကို ယနေ့ အံ့အားသင့်စရာများစွာ ပေးခဲ့သည်။
"ယန်လေး (ယန်ကျင့်ကျုံ) တကယ် သေပြီ။" ဟုန်ရွှန်ကျိသည် ဟုန်ယွိ ထွက်ခွာသွားသည်ကို မြင်သောအခါ သူ၏ လက်ထဲရှိ အကန့်သတ်မဲ့မြှားသည် ပို၍ ပြင်းထန်စွာ တုန်ခါလာသည်။ သူ၏ လက်များကို ပစ်ထုတ်လိုက်ရာ မြှားလေးစင်းသည် စုစည်းသွားပြီး ပြင်းထန်စွာ ကျိုးပဲ့သွားသည်။
ဖျစ်…။
အကန့်သတ်မဲ့မြှား လေးစင်းသည် တစ်ဝက်စီ ကျိုးပဲ့သွားခဲ့သည်။
မက်မက်နတ်ဘုရားဂိုဏ်း၏ ရတနာ၊ ရွှေနှင့်သံမဏိကိုတောင် ထိုးဖောက်နိုင်သော အကန့်သတ်မဲ့မြှား လေးစင်းသည် ထိုကဲ့သို့ ဟုန်ရွှန်ကျိ၏ ချိုးပစ်ခြင်း ခံလိုက်ရပါတော့သည်။