အခန်း (၂၇၃-၂၇၄)
Vol. 25 Ch. 273-274
အခန်း (၂၇၃)။
"ဖျစ်….။"
ချန်ယင်းရှာ၏ လက်ထဲရှိ ကောင်းကင်တုန်ခါလေးထံမှ ကွဲအက်သံတစ်ချက် ထွက်ပေါ်လာပြီး ကျိုးပျက်တော့မည့်သဖွယ် ဖြစ်လာသည်။ ထို့နောက် ကောင်းကင်တုန်ခါလေး၏ အစွန်းနှစ်ဖက်ရှိ သားရဲခေါင်းများ၏ ပြင်းထန်သော မျက်လုံးများက တချက်စီ လင်းလက်သွားပြီးနောက် အနီရောင်အလင်းက မှိန်သွားခဲ့သည်။
"ဟုန်ရွှန်ကျိက အကန့်သတ်မဲ့မြှားလေးစင်းကို တကယ် ဖျက်ဆီးလိုက်တာပဲ။" ချန်ယင်းရှာသည် ဤအခြေအနေကို မြင်သောအခါ နတ်ဘုရားလက်နက်တစ်ခု ဖျက်ဆီးခံရခြင်းကြောင့် စိတ်ပျက်အားငယ်နေသည့်အလား သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါသည်။
"သူ့ရဲ့ ကျင့်စဉ်အဆင့်က တကယ်ကို ကြောက်မက်ဖွယ် ကောင်းပေမယ့် သူ ငါ့ကို မသတ်နိုင်ခဲ့ဘူး။" ဟုန်ယွိက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လေဟာနယ်တွင် အက်ကြောင်းတစ်ခု ပေါ်လာကာ ချန်ယင်းရှာအား ကောင်းကင်တုန်ခါလေးနှင့် ကျန်ရှိသော အကန့်သတ်မဲ့မြှား ငါးစင်းကို ထိုအက်ကြောင်းထဲသို့ ထည့်ခိုင်းလိုက်သည်။
ဤအချိန်တွင် ဟုန်ယွိ၏ နောက်လိုက် နှစ်ဆယ်မှ သုံးဆယ်ခန့်ရှိသော အဖွဲ့သည် မိုင်ငါးဆယ်အကွာရှိ မြင့်မားသော တောင်ထိပ်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
တောင်သည် ဗလာဖြစ်ပြီး အောက်တွင် ချောက်ကမ်းပါးတစ်ခု ရှိသည်။ ပတ်ဝန်းကျင်သည် ချောမွေ့နေပြီး၊ ကျောက်တုံးများ၏ အက်ကြောင်းများတွင် သစ်ပင်ငယ်လေးများ ပေါက်နေသည်ကို ရံဖန်ရံခါ တွေ့ရတတ်သည်။ ချောက်ကမ်းပါးသည် မြေပြင်အထက် ပေရာချီ မြင့်မားနေသဖြင့် မည်သူမျှ တက်၍မရနိုင်ပေ။
ဤတောင်ပေါ်တွင် အဝေးမှာရပ်နေသော ဟုန်ယွိသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို တိတ်တဆိတ် လှည့်ပတ်လိုက်ပြီးနောက် ဆောင်းဦးလ ဘုရားကျောင်းကို ဝိုးတဝါး မြင်နိုင်သည်။ သူ့မိခင်၏ အုတ်ဂူအနီးတွင် ကြီးမားသော ယန်စွမ်းအင်သည် ဝန်းရံနေဆဲ ဖြစ်သည်။ တောင်တန်းလေပြင်းသည် ပြင်းပြင်းတိုက်ခတ်နေချိန်တွင်ပင် ၎င်းသည် အနည်းငယ်သာ လှုပ်ခါသွားပြီး လွင့်စင်မသွားသေးပေ။
ဟုန်ရွှန်ကျိသည် ထိုနေရာတွင် မရှိတော့ပေ။ ကျိုးပျက်သွားသော ဆောင်းဦးလ ဘုရားကျောင်း၊ အုတ်ဂူပတ်လည်တွင် ကျိုးပဲ့နေသော ကျောက်တုံးများနှင့် ကျိုးကြေနေသော သစ်ပင်များသာ ကျန်တော့သည်။
"ငါ့အမေရဲ့ ဝိညာဉ်ဟာ ကောင်းကင်ဘုံကနေပြီး သူမအုတ်ဂူရှေ့မှာ ငါနဲ့ ဟုန်ရွှန်ကျိတို့ တိုက်ခိုက်နေတာကို မြင်ရင် ပျော်ရွှင်နေမလား၊ ဝမ်းနည်းနေမလား မသိဘူး။ ဟင်း……"
ဟုန်ယွိသည် သက်ပြင်းကို နက်နက်ရှိုင်းရှိုင်း ချလိုက်မိပါသည်။ သူ၏ လေသံသည် ညလေထဲတွင် ဖော်ပြမရနိုင်အောင် အထီးကျန်ဆန်နေပြီး လူတို့၏ စိတ်နှလုံးသားကို အေးစိမ့်စေသည်။
အမှန်ပင် ဖခင်နှင့် သားကြား မြေကြီးတုန်ခါ၊ ကောင်းကင်ပြိုလဲသည့် တိုက်ပွဲကို ကြည့်ပြီးနောက် ချီဇီယန်၊ သခင်ကျိုး၊ လီလဲ့နှင့် အခြားသူများသည် တိတ်ဆိတ်နေကြပြီး သူတို့၏ နှလုံးသားထဲတွင် ခံစားချက်ကိုယ်စီ အမျိုးမျိုး ရှိနေကြသည်။
ဖခင်နှင့်သားကြား ဤတိုက်ပွဲတွင် အနိုင်ရသူ မရှိသော်လည်း၊ ၎င်းသည် သမိုင်းတွင် အကျင့်သိက္ခာ အကင်းမဲ့ဆုံး တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။
သို့သော် ထိုနေရာတွင် ရှိနေသူများ၏ နှလုံးသားထဲတွင် ဟုန်ယွိနေရာ၌ ကိုယ်ချင်းစာ ခံစားကြည့်သောအခါ ဖော်ပြမရနိုင်သော ဝမ်းနည်းမှုတစ်ရပ်ကို ခံစားခဲ့ရသည်။ ကိုယ့်အဖေရင်းကိုယ်တိုင်က ကိုယ့်အမေကို သေစေခဲ့သည်။ သားတစ်ယောက်အနေဖြင့် လက်စားချေသင့်သလား၊ မချေသင့်ဘူး လား။ ဤအနောက်ခံ အကြောင်းရင်းကို ခေတ်အဆက်ဆက် မည်သူမျှ အမှန်တကယ် ရှင်းပြနိုင်ခြင်း မရှိခဲ့ပါ။
"ငါ ဟုန်ရွှန်ကျိကို မသတ်ရင်တောင် သူက ငါ့ကို သတ်မှာပဲ။ သူ ငါ့ကိုသတ်ချင်လို့ ကျောက်ဖေးရုံကို ငါ သတ်ခဲ့ရတာ။ သူ ငါ့ကို သတ်ချင်လို့ ယန်ကျင့်ကျုံကို ငါ သတ်ခဲ့ရတာ။ သူက ငါ့ရဲ့သိုင်းပညာကို ဖျက်ဆီးချင်လို့ ဝူအိမ်တော်ထိန်းကို ငါ သတ်ခဲ့ရတာ။"
ဟုန်ယွိသည် ရှေ့သို့ ကြည့်လိုက်ပြီး အတွေးနက်နဲနေသည့်အလား သူ၏ မျက်ခုံးများက ရှုံ့မဲ့နေသည်။
ခုနက ဟုန်ရွှန်ကျိနှင့် တိုက်ခိုက်သောအခါ ဟုန်ယွိသည် လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။ သို့သော် တိုက်ပွဲပြီးနောက် သူ၏ နှလုံးသားထဲတွင် အမျိုးမျိုးသော စိတ်ခံစားမှုများ ခံစားနေရသည်။ သူသည် ကိုယ့်ဖခင်နှင့် တိုက်ခိုက်ခဲ့သောကြောင့် အပြစ်ရှိသည်ဟု ခံစားရခြင်း မဟုတ်ဘဲ အရာအားလုံးသည် အလွန် ထူးဆန်းပြီး သူ၏ဘဝသည် အလွန် ရှုပ်ထွေးသည်ဟု ခံစားရခြင်း ဖြစ်သည်။
သူ၏မိခင် သေဆုံးသွားခဲ့ပြီ၊ သူ့ဖခင်က သူ့ကို သတ်ချင်နေသည်။ သူ၏ တစ်ဦးတည်းသော ဦးလေးသည် အစွမ်းထက်ပြီး၊ ပြိုင်ဘက်ကင်းပုဂ္ဂိုလ် တစ်ဦးဖြစ်သော်လည်း အနာဂတ်တွင် သူ၏ရန်သူ ဖြစ်လာမည်ကို သူ စိုးရိမ်နေရသည်။
သူ၏ ဆွေမျိုးအားလုံးသည် သူ၏ ရန်သူများ ဖြစ်နေသည်။ ဤကဲ့သို့သော ဘဝအတွေ့အကြုံမျိုးက ဟုန်ယွိကို သူ၏ နှလုံးသားထဲတွင် ရယ်ရမလား၊ ငိုရမလား မသိအောင် ဖြစ်စေသည်။ လောကီအရေးများနှင့်ပတ်သက်၍ အဓိပ္ပာယ်မဲ့သည့် ခံစားချက်တစ်ခုက သူ၏ နှလုံးသားထဲတွင် ရိုက်ခတ်လာခဲ့ သည်။
"ဟုန်ယွိ၊ သိပ်ကြီးလည်း ခံစားမနေပါနဲ့။ ငါတို့ ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာ တကယ်တော့ လူ့စိတ်ခံစားချက်တွေနဲ့ ပတ်သက်ရင် အရမ်းကို အားနည်းပါတယ်။ မင်း တစ်ကြိမ်သေပြီး ပြန်လည် မွေးဖွားပြီးတာနဲ့ လောကီနယ်ပယ်ကို လွန်မြောက်သွားတဲ့ ငါတို့တစ္ဆေအင်မော်တယ်တွေကြားမှာ မိတ်ဆွေနဲ့ ရန်သူ ဒီလူနှစ်မျိုးပဲရှိတယ်ဆိုတာ မင်း နားလည်သွားလိမ့်မယ်။ ဒါကလွဲရင် တခြား ဘာမှ မရှိဘူး။"
ဟုန်ယွိ သက်ပြင်းရှည်ကြီး ချနေသည်ကို မြင်သောအခါ ချန်ယင်းရှာက မပြောဘဲ မနေနိုင်ဘဲ ပြောလိုက်သည်။
"အာယွိ၊ နင် ဟုန်ရွှန်ကျိနဲ့ သားအဖ ဆက်ဆံရေးအကြောင်းကို တွေးနေတာလား။ အများဆုံး, နင် တစ်ကြိမ် ပြန်လည် မွေးဖွားပြီးရင်, နင်ဒီအကြောင်းကို တွေးနိုင်တော့မှာ မဟုတ်ဘူး။ ဒါမှမဟုတ် နင် ဒီခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး ဟုန်ရွှန်ကျိ သတ်တာကို နင်ခံယူပြီး သူ့ကို ပြန်ပေးလိုက်ပေါ့။ ဒီခန္ဓာကိုယ်ကို သူ့ကို ပြန်ပေးလိုက်ရင် အားလုံး ပြေလည်သွားမယ်။ အချိန်ရောက်ရင်, နင် သူ့ကို ပြန်သတ်နိုင်ပြီ။ သူ ဘာပြောစရာ ရှိသေးလဲ ကြည့်ရသေးတာပေါ့။ လောကီလူတွေလည်း ဘာမှ ပြောစရာ ရှိမှာ မဟုတ်ဘူး။"
ဤအခိုက်အတန့်တွင် ရွှေပင့်ကူက အော်ဟစ်ပြောလိုက်ပါသည်။
"တဖန် မွေးဖွားဖို့လား… ... " ဟုန်ယွိသည် ချန်ယင်းရှာနှင့် ရွှေပင့်ကူတို့၏ စကားများကို နားထောင်ပြီးနောက် သေချာ စဉ်းစားလိုက်ပါသည်၊ "လူနှစ်မျိုးနှစ်စားပဲ ရှိတယ်။ တစ်မျိုးက မိတ်ဆွေ၊ နောက်တစ်မျိုးက ရန်သူလား။ ကိုယ်ကျင့်တရားနဲ့ ဖြောင့်မတ်ခြင်းကို လျစ်လျူရူရမှာလား၊ ကျေးဇူးတရားနဲ့ ရန်ငြိုးကိုရော လျစ်လျူလိုက်ရမှာလား။ ဒါက ငါ ကောင်းတာ လုပ်ချင်စိတ်ရှိရင် ငါ ကောင်းတာလုပ်မယ်။ ငါ မကောင်းတာ လုပ်ချင်စိတ် ရှိလာရင်လည်း ငါ မကောင်းတာ လုပ်မယ်' ဆိုတဲ့ ရှေးရိုးစွဲ ရှေးဟောင်းတာအို ဂိုဏ်းတွေရဲ့ စစ်မှန်တဲ့ လမ်းစဉ်ပဲ။ ငါ့စိတ်ဆန္ဒက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒဖြစ်ပြီး ငါ့ကို ဆန့်ကျင်သူတွေကလည်း ကောင်းကင်ဘုံကို ဆန့်ကျင်နေတဲ့ သူတွေပဲ။ ငါ အကြိမ်ပေါင်းများစွာ ပြန်လည် မွေးဖွားရင်တော့, ဒီလိုစိတ်အခြေအနေမျိုးကို ရကောင်းရနိုင်မယ်။ ဒါပေမယ့်, ငါ တစ်ခါမှ ပြန်လည် မမွေးဖွားရသေးဘူး။ ဒီဘဝမှာ ငါကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ 'အကြောင်းတရား' ကို ငါကိုယ်တိုင် အဆုံးသတ်ရမယ်။ မဟုတ်ရင်, အကျိုးတရား, ဒါမှမဟုတ် ကိုယ်ကျင့်သီလ မရှိဘဲ ငါ နောက်ဘဝ တစ်ခုကို ဘယ်လိုလုပ် ပြန်လည် ဝင်စားနိုင်မှာလဲ။ တကယ်လို့, ငါ့စိတ်က မသက်မသာ ဖြစ်နေပြီး ဆက်ကျင့်ကြံနေရင်, ငါ့ကျင့်ကြံမူက တိုးတက်ဖို့ ခက်ခဲနေမှာ စိုးရတယ်။ ကျင့်ကြံသူတွေအနေနဲ့, ငါတို့ဟာ အကျိုးတရားကို ကျင့်ကြံရမယ်။ ကိုယ်ကျင့်သီလကို မဟုတ်ဘူး။ လောကလူတွေ ငါ့ကို ဘယ်လိုပဲ ထင်မြင်နေပါစေ, ငါ ဂရုမစိုက်တော့ဘူး။ ဒီဘဝက ကိစ္စရပ်တွေကို ဒီဘဝမှာပဲ အပြီးအတိုင် ဖြေရှင်းရမယ်။ ဟုန်ရွှန်ကျိကို အဖြူအမဲ ရောထွေးပြီး အမှန်ကို အမှားဖြစ်စေခြင်းရဲ့ အကျိုးဆက်တွေကို ကောင်းကောင်းကြီး မြင်စေရမယ်။"
ထိုသို့ပြောပြီးနောက် ဟုန်ယွိသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "ပြန်သွားပြီး အုတ်ဂူရှေ့မှာ သန့်ရှင်းရေး လုပ်ကြစို့။ ငါ့အမေရဲ့ အရိုးပြာကို တူးဖော်ပြီး တခြားနေရာမှာ ပြန်မြှုပ်နှံမယ်။"
"အုတ်ဂူကို အရင် မသွားနဲ့ဦး။ ဟုန်ရွှန်ကျိ အနီးအနားမှာ ပုန်းနေနိုင်တယ်။ ငါတို့ အလျင်စလို သွားရင်, သူ့ရဲ့ ခြုံခိုတိုက်ခိုက်မူကို ခံရမှာ သေချာတယ်။ သူဟာ တကယ်ကို လူသားအင်မော်တယ် ဖြစ်အောင် ကျင့်ကြံခဲ့ပြီးပြီ။ သူ့ရဲ့ လက်သီးဆန္ဒက ဆယ်မိုင်အထိ ရောက်နိုင်တယ်။ တကယ်လို့, သူ တစ်နေရာကို အာရုံစူးစိုက်ပြီး သူ့နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်တာနဲ့ တစ္ဆေအင်မော်တယ်ကို အနိုင်ယူဖို့ လုံလောက်တယ်။"
ချန်ယင်းရှာသည် ဟုန်ယွိ၏ လုပ်ရပ်ကို အလျင်အမြန် တားဆီးလိုက်သည်။
"တကယ်လို့, ဟုန်ရွှန်ကျိသာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရတဲ့ အဆင့်အထိ ကျဆင်းသွားပြီဆိုရင်, သူဟာ သိပ်ကြောက်စရာ မကောင်းတော့ဘူး။ ခုနက ငါ သူ့နဲ့ တိုက်ခိုက်တုန်းက သူဟာ အစွမ်းကုန် မထုတ်သုံးခဲ့ဘူးလို့ ခံစားမိတယ်။ လက်ရှိ မြို့တော်မှာ အခြေအနေက အရမ်း တင်းမာနေတယ်လို့ ငါ ခန့်မှန်းတယ်။ အကျပ်အတည်းတွေနဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ချေရှိတယ်။ သူက ငါ့ကို ဒဏ်ရာရရုံလောက် တိုက်ခိုက်ပြီး၊ သူ့ခွန်အားကို ထိခိုက်စေမှာ စိုးလို့ အစွမ်းကုန် ထုတ်မသုံးချင်တာ ဖြစ်နိုင်တယ်။ ဒါ့အပြင်, ငါက တစ္ဆေအင်မော်တယ် ဖြစ်အောင် ကျင့်ကြံခဲ့ပြီဆိုတာ သူ သိနေပြီ။ သူ ငါ့ခန္ဓာကိုယ်ကို သတ်လိုက်ရင်တောင် ငါ့စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ဖို့ ခက်ခဲလိမ့်မယ်။ ပိုအရေးကြီးတာက သူက ငါ တကယ်ပဲ ဝူဝမ်မြို့စားအိမ်တော်ကို သွားပြီး အဲဒီ မိန်းမယုတ် မဒမ်ကျောက်ကို သတ်မှာကို ကြောက်နေတာပဲ။"
ဟုန်ယွိသည် ခုနက မထွက်ခွာမီ မဒမ်ကျောက်ကို သတ်တော့မည်ဟု ဟုန်ရွှန်ကျိကို ပြောခဲ့သည်။ သဘာဝအတိုင်း ဤအရာက ဟုန်ရွှန်ကျိကို အဆောင်တလျင် လှုပ်ရှားရာဖို့ တုံ့ဆိုင်းသွားစေနိုင်သည်။
သို့သော် ဟုန်ယွိသည် မဒမ်ကျောက်ကို သတ်ရန် ဝူဝမ်မြို့စားအိမ်တော်သို့ သေချာပေါက် တိုက်ရိုက် သွားမည် မဟုတ်ပေ။ ဝူဝမ်မြို့စားအိမ်တော်တွင် အခြား ကျွမ်းကျင်သူများ ရှိနေနိုင်သည်ဆိုသည်ကို မပြောနှင့်ဦး, မဒမ်ကျောက်ကို သတ်ရင်တောင် အလွန်မင်း ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်စေမည် ဖြစ်ပြီး သူ့အတွက် အကျိုးမရှိပေ။
ထို့အပြင်, သူ မဒမ်ကျောက်ကို သတ်ဖြတ်ရန် သွားပါက ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာမှာ ဖြစ်ပြီး၊ ဘေးမှ လူများကို ထိခိုက်စေမည်မှာ သေချာသည်။ ရန်သူကို သတ်ခြင်းသည် သဘာဝကျသော ကိစ္စဖြစ်သည်။ သို့သော် အပြစ်မဲ့သူများကို ထိခိုက်စေခြင်းသည် ဟုန်ယွိ လိုချင်သောအရာ မဟုတ်ပေ။ ပိုဆိုးသည်မှာ တော်ဝင်ချန် တော်ဝင်နန်းတော်တွင် ကျွမ်းကျင်သူများစွာ ရှိနေရမည်။ သူ လှုပ်ရှားပါက အလွန်အကျွံ ရုတ်ရုတ်သဲသဲ ဖြစ်ပေါ်လိမ့်မည်။ အကယ်၍, သူသာ ပစ်မှတ်ထားခံရပါက သူ၏ အစီအစဉ်အားလုံးကို အကောင်အထည်ဖော်ရန် ခက်ခဲလိမ့်မည်။
ကျောက်စိမ်းမြို့တော်တွင် ပုန်းနေသော နဂါးများနှင့် ဝပ်နေသော ကျားများ ရှိသည်။ အကယ်၍, ဟုန်ယွိသည် ကျောက်စိမ်းမြို့တော်တွင် အင်ပါယာ တရားရုံးမှ အရေးပါသော အရာရှိတစ်ဦး၏ အိမ်တော်ကို တိုက်ခိုက်ပြီး သူ၏ဇနီးကိုပါ သတ်ခဲ့ပါက, ဤကိစ္စ ပျံ့နှံ့သွားပြီး၊ ဟုန်ယွိအတွက် ဤလောက ၌ နေစရာမရှိတော့ဘဲ မင်းသားယုကို ကူညီရန် ပို၍ ဝေးသွားလိမ့်မည်။
သို့သော် သူ၏စကားများသည် ဟုန်ရွှန်ကျိအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း ဟုန်ယွိ သိသည်။ ၎င်းသည် ဟုန်ရွှန်ကျိကို အချိန်တိုင်း အမြဲတစေ စိတ်ပူပန်စေမည် ဖြစ်သည်။
ဟုန်ယွိ စကားပြောနေစဉ် သူသည် နတ်ဘုရားခုနစ်ပါး၏ စွမ်းအားကို အသုံးပြု၍ လူတိုင်းနှင့် သူ့ကိုယ်သူ လွှမ်းခြုံလိုက်သည်။ ထို့နောက် သူသည် ဂူသင်္ချိုင်းဆီသို့ တဖန် ပျံသန်းသွားခဲ့သည်။
အမှန်ပင် ဂူသင်္ချိုင်းတွင် မည်သူမျှ မရှိတော့ပေ။ ဟုန်ရွှန်ကျိသည် ထွက်ခွာသွားခဲ့ပြီ။ မြေပြင်ပေါ်တွင် ကျိုးပဲ့နေသော အကန့်သတ်မဲ့မြှား လေးစင်း ရှိနေသည်။
အကန့်သတ်မဲ့မြှားများသည် လုံးဝ ပျက်စီးသွားခဲ့ပြီ။ ဤမြင်ကွင်းကို မြင်သောအခါ လူတိုင်း သူတို့၏ နှလုံးသားထဲတွင် အေးစက်မှုကို ခံစားလိုက်ရသည်။ လူသားအင်မော်တယ်၏ စွမ်းအားသည် မည်မျှ နက်နဲကြောင်း သူတို့ သိသွားကြသည်။
သို့သော် ဟုန်ယွိသည် ကျိုးပဲ့နေသော အကန့်သတ်မဲ့မြှား လေးစင်းကို ကြည့်ပင်မကြည့်ဘဲ သူ့ မိခင်အုတ်ဂူကိုသာ ကြည့်နေသည်။ သူ၏ မျက်လုံးများက မီးရှူးတိုင်များကဲ့သို့ တောက်ပပြီး၊ စိတ်ခံစားချက်များ အပြည့်အဝ ရှိသည်။
ထို့နောက် ဟုန်ယွိသည် မြေပြင်ဆီသို့ ကိုယ်ကို ကွေးညွှတ်လိုက်ပြီး သုံးကြိမ် ဒူးထောက်၊ ကိုးကြိမ် ဦးညွတ်ကာ အမွှေးနံ့သာတိုင်နှင့် ဖယောင်းတိုင်များကို ထွန်းညှိသည်။ သူသည် သူ၏ နှလုံးသားထဲတွင် တိတ်တဆိတ် နှုတ်ဆက်နေမိသည်။ တစ်နာရီခန့် စကားပြောပြီးနောက် သူသည် မတ်တပ်ထရပ်ကာ သံတူရွင်းတစ်လက်ကို ယူလိုက်သည်။ သူသည် အုတ်ဂူ၏ အစွန်းမှ စတင်၍ ဂူတစ်ခုလုံးကို တူးဖော်လိုက်ပါသည်။
အခန်း (၂၇၄)။
ဟုန်ယွိသည် မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး၊ သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားက ကြီးမားသောကြောင့် တူးဖော်ရန် မခက်ခဲပေ။ မကြာမီ ဂူတစ်ခုလုံးကို အပြည့်အဝ တူးဖော်လိုက်ပြီး အဖြူရောင် ကြွေထည်အိုးကြီးတစ်လုံး ပေါ်လာသည်။
အဖြူရောင် ကြွေထည်အိုးသည် မြေကြီးထဲတွင် အချိန်ကြာမြင့်စွာ မြှုပ်နှံထားခဲ့သဖြင့် မြေလွှာအထပ်ထပ် ကပ်နေသည်။
ဤအဖြူရောင် ကြွေထည်အိုးကို မြင်သောအခါ ဟုန်ယွိသည် ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ သူ ဝမ်းနည်းပူဆွေးမှုကို မထိန်းချုပ်နိုင်ခဲ့ပေ။ သူသည် တစ္ဆေအင်မောတယ်တစ်ဦး ဖြစ်ပြီး ရှင်ခြင်း သေခြင်းအတားဆီးကို ကျော်လွန်ခဲ့သော်လည်း မျက်ရည်များက မထိန်းနိုင်ဘဲ စီးကျလာခဲ့သည်။
ဤအဖြူရောင် ကြွေထည်အိုးတွင် သူ့မိခင်၏ အရိုးပြာများ ပါဝင်သည်။
လွန်ခဲ့သော ရှစ်နှစ်က, ဤအိုးထဲရှိ အရိုးပြာများသည် နှစ်ဆယ့်ငါးနှစ်အရွယ် လှပသော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူမသည် နူးညံ့သိမ်မွေ့ပြီး ချစ်ခင်တတ်သည်။ စာအုပ်များ၏ ရနံ့ဖြင့် ဝန်းရံထားပြီး တည်ငြိမ်ပြီး လှပသည်။
သို့သော် ယခုမူ သူမသည် အိုးတစ်လုံးထဲရှိ အရိုးပြာပုံမျှသာ ဖြစ်ပြီး မြေကြီးထဲတွင် အနားယူနေသည်။ အေးစက်ပြီး အထီးကျန်ကာ ကျောက်တုံးများနှင့် မြက်များကသာ အဖော်ပြုနေပြီး၊ သူမအုတ်ဂူရှေ့တွင် ပူဇော်ပသသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။
"အမေ၊ စိတ်မပူပါနဲ့။ တစ်နေ့မှာ ကျွန်တော် ဟုန်ရွှန်ကျိကို အမေ့ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ခိုင်းမယ်။ တစ်ချိန်တည်းမှာပဲ အဲဒီ မိန်းမယုတ် မဒမ်ကျောက်ကို အမေ့ဂူရှေ့မှာ သတ်ပြီး အမေ့အတွက် လက်စားချေပေးမယ်။"
အဖြူရောင် ကြွေထည်အိုးကို အချိန်အတော်အကြာ ပွတ်သပ်ပြီးနောက် ဟုန်ယွိသည် သက်ပြင်းရှည်ကြီး တစ်ချက် ထပ်မံ ချလိုက်ပြီး ၎င်းကို စကြာဝဠာအိတ်ထဲသို့ ထည့်လိုက်သည်။
"သွားကြစို့။ အစိမ်းရောင် မိုးမခစံအိမ်ကို ပြန်ကြစို့။ ဒီနေ့ ငါ ပင်ပန်းနေပြီ။"
လူအုပ်စုသည် အစိမ်းရောင် မိုးမခစံအိမ်သို့ ပြန်သွားကြသည်။
ကျောက်စိမ်းမြို့တော်ရှိ ဝူဝမ်မြို့စားအိမ်တော်တွင်။
လန်ဟွမ်း စာအုပ်တိုက်အတွင်းမှာ…။
ဟုန်ရွှန်ကျိသည် ပန်းထိုးအဝတ်အစားများကို ဝတ်ဆင်ထားပြီး၊ ဦးခေါင်းတွင် ခရမ်းရွှေရောင် သရဖူဆောင်းထားကာ မုတ်ဆိတ်မွေးလည်း မရှိပေ။ သူသည် ကုလားထိုင်ရှေ့တွင် ထိုင်နေသည်။ သူ့ပုံစံက တက္ကသိုလ် ဆရာတစ်ဦးနှင့်တူသလို အချစ် စာပေပညာရှင်တစ်ဦးနှင့်လည်း တူလှသည်။
သူသည် မလှုပ်မယှက် ထိုင်နေသည်။
အချိန်က ညဉ့်နက်နေပြီ။ ပြတင်းပေါက် အပြင်ဘက်ရှိ လမင်းကြီးသည်လည်း ဝင်သွားခဲ့လေပြီ။ အေးစက်သော ညလေပြင်းသည် အပြင်ဘက်မှ တိုက်ခတ်လာပြီး အထီးကျန်ဆန်သော အငွေ့အသက်ကို ဖန်တီးပေးနေသည်။
သို့သော် အပြင်ဘက်တွင် အထီးကျန်ဆန်နေချိန်တွင် စာကြည့်တိုက်သည် ဖယောင်းတိုင်မီးများဖြင့် ပြည့်နှက်နေပြီး အနီရောင် ဖယောင်းတိုင်မီးက တဖျပ်ဖျပ် လှုပ်ခတ်နေသည်။
စာပေပညာရှင်များ အမြတ်နိုးဆုံး အရာကား အဘယ်နည်း။
၎င်းသည် မင်္ဂလာဦးည မဟုတ်သလို၊ အင်ပါယာ စာမေးပွဲများလည်း မဟုတ်ပေ။ တိတ်ဆိတ်သော ညအချိန်တွင် ဖယောင်းတိုင်နှင့် နံ့သာဆီမီးအချို့ ထွန်းညှိပြီးနောက် မိန်းမလှလေးတစ်ဦးက သင်နှင့်အတူ အဖော်ပြုကာ၊ သင့်အတွက် မှင်သွေးပေးခြင်း၊ မီးအိမ်နှင့် ပန်းများကို ထွန်းညှိပေးခြင်း ဖြစ်သည်။
အနီရောင် ဖယောင်းတိုင်မီးနှင့်အတူ အမွှေးနံ့သာဖြင့် ညဘက် စာဖတ်ခြင်းသည် စာပေပညာရှင် အများအပြားအတွက် စံပြ စာဖတ်ပတ်ဝန်းကျင် ဖြစ်သည်။
ဤအချိန်တွင် ဟုန်ရွှန်ကျိသည် ထိုအရသာကို ခံစားနေသည်။
သူသည် တိတ်ဆိတ်စွာ ထိုင်နေစဉ် အရပ်မြင့်ပြီး သွယ်လျသော ကိုယ်နေဟန်၊ ဆံပင်များကို တိမ်လှိုင်းများသဖွယ် စည်းနှောင်ထားပြီး၊ မည်းနက်သော မျက်ခုံးနှင့် အစိမ်းရောင် ရေပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ရှိနေပါသည်။ သူမသည် သူ၏ ဘေးတွင် ရပ်နေပြီး ပါးလွှာသော ဆင်စွယ်ဆံထိုးကို အသုံးပြု၍ နံ့သာဆီမီးအိမ်ပေါ်ရှိ စုစည်းနေသော မီးလျှံအနည်းငယ်ကို ပွတ်ဆွဲလိုက်ပါသည်။
"ဘန်း။"
မီးလျှံများ ပေါက်ကွဲသွားပြီး အခန်းတစ်ခုလုံး သင်းရနံ့ဖြင့် ပြည့်နှက်သွားခဲ့သည်။
မီးအိမ်ကို ကျောက်စိမ်းဖြင့် ကြာပန်းပုံစံ ထွင်းထားပြီး မီးအိမ်ဆီသည် မွှေးရနံ့ဆီ၊ ပျားရည်နှင့် အခြား ဆေးဖက်ဝင်အပင်များ၊ အမွှေးအကြိုင်များစွာ ဖြင့် ပြုလုပ်ထားသည်။ ၎င်းကို "ကောင်းကင်မွှေးရနံ့ဆီ"ဟု ခေါ်သည်။
ဤ "ကောင်းကင်မွှေးရနံ့ဆီ" တစ်တုံးသည် ရွှေဒင်္ဂါးတစ်တုံးနှင့် ညီမျှသည်။ ၎င်းကို မီးရှို့သောအခါ မီးခိုးလုံးဝ မထွက်ဘဲ၊ စိတ်ကို လန်းဆန်းစေပြီး ခန္ဓာကိုယ်အတွက် အလွန် အကျိုးရှိသော သင်းရနံ့ မွှေးမွှေးလေးသာ ထွက်ပေါ်သည်။
"ရွှန်ကျိ၊ ရှင် အခုမှ ပြန်လာတာလား။ အရမ်းနောက်ကျတယ်။ မြို့တံခါးတောင် ပိတ်နေပြီ။ ရှင် မြို့ပြင်ကို သွားခဲ့သေးတာလား။ အနောက်ဘက် တောင်တန်း၊ ဆောင်းဦးလ ဘုရားကျောင်း၊ မန်ပိုင်ယွန်ရဲ့ အုတ်ဂူကို သွားခဲ့သေးတာလား။"
အမျိုးသမီးသည် မီးအိမ်ထွန်းပြီးနောက် ဒေါသထွက်သည့် လေသံဖြင့် ပြောလိုက်သည်။
"ဖေးအာ၊ ငါ အနောက်တောင်ကို သွားခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ငါ ပြန်လာတာ နောက်ကျတာက တစ်ခုခု ဖြစ်ခဲ့လို့ပါ" ဟုန်ရွှန်ကျိသည် ထိုင်လျက်ပင် စကားပြောခဲ့သည်။ သူ စကားပြောနေစဉ် သူ၏ မျက်နှာက သံမဏိတုံးတစ်တုံးကဲ့သို့ ငြိမ်သက်နေ၏။
"ကျင့်ကျုံ သေသွားပြီ။ သူ ပင်လယ်ပြင်မှာ သေခဲ့တယ်။ သူ့ခန္ဓာကိုယ်ရော၊ စိတ်ဝိညာဉ်ပါ ဖျက်ဆီးခံခဲ့ရတယ်။"
အမျိုးသမီးသည် ဟုန်ရွှန်ကျိစကားကို တိတ်ဆိတ်စွာ နားထောင်နေသည်။ သူ့စကား နားထောင်ပြီးနောက်၊ ခဏရပ်ကာ စိတ်မဝင်စားသည့် လေသံ ဖြင့် ပြောလိုက်သည်။
"ဖေးရုံလည်း သေသွားပြီလေ။ သူမက ကျွန်မတို့ရဲ့ သမီးလေးပဲ။ ရှင်နဲ့ မန်ပိုင်ယွန်ရဲ့ သား ဟုန်ယွိက သတ်ပစ်လိုက်တာလေ။ ခမ်းအာက ငါ့ကို ဒီအကြောင်းတွေ ပြောပြခဲ့ပြီးပြီ။ ဒါကြောင့် ကျွန်မ ရှင်ရှိနေတဲ့ ကျောက်စိမ်းမြို့တော်ကို ရောက်လာခဲ့တာ။ ကျွန်မ ရှင့်ဆီကနေ ကတိတစ်ခုပဲ လိုချင်တယ်။ ရှင် ခေါင်းညိတ်လိုက်တာနဲ့ ကျွန်မ ဟုန်ယွိကို ချက်ချင်း ဒီကို ခေါ်လာနိုင်တယ်။ သူ မိုနိုဂိုတာရီရဲ့ အကာအကွယ် ရှိနေရင်တောင် အသုံးမဝင်ဘူး။"
ထိုအမျိုးသမီး ပြောနေစဉ် သူမ၏ အသံသည် အနည်းငယ် ကျယ်လောင်လာသော်လည်း သိမ်မွေ့ညင်သောသော အခြေအနေကို ထိန်းထားဆဲ ဖြစ်သည်။ ဤအမျိုးသမီးသည် ကောင်းကင်အထွဋ်အထိပ်နယ်မြေ၏ ခေါင်းဆောင် ဖြစ်သည်။
"ဖေးအာ၊ ဟုန်ယွိကို ငါကိုယ်တိုင် ကိုင်တွယ်မယ်။ နောက်ပိုင်း သူ့ကို မထိပါနဲ့တော့။ တစ်နေ့ကျရင် ငါ မင်းကို ရှင်းပြချက်တစ်ခု ပေးမယ်" ဟုန်ရွှန်ကျိ က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ လေသံက ဘာမှ မထူးခြားသည့် အတိုင်းပင်။
"ဒီဟုန်ယွိက ရှင့်ရဲ့သား။ ဖေးရုန်ကရော ရှင့်သမီး မဟုတ်လို့လား။ ရှင် ဘာလို့ ဟုန်ယွိကို သတ်ခွင့် မပေးလဲဆိုတာ ကျွန်မ တကယ်ကို နားမလည်နိုင် ဘူး။ မန်ပိုင်ယွန်က ရှင့်နှလုံးသားထဲမှာ ဒီလောက် အရေးပါတဲ့ နေရာကို ယူထားတာလား။ မဖြစ်နိုင်ဘူး။ မဟုတ်ရင် ရှင် လူသားအင်မော်တယ် နယ်ပယ်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ ကြည့်စမ်းပါဦး၊ နံရံပေါ်က အဖြူရောင်ဇီးပန်းပွင့် ပန်းချီကားလည်း ပျောက်နေပြီ။ ရှင် မီးရှို့ပစ်လိုက်တာ ဖြစ်ရမယ်။"
ကောင်းကင်အထွဋ်အထိပ်နယ်မြေ၏ ခေါင်းဆောင်၊ ဟုန်ရွှန်ကျိက "ဖေးအာ" ဟုခေါ်သော ထိုအမျိုးသမီးသည် ဒေါသထွက်တော့မည့်အလား သူမ၏ မျက်ခုံးများကို ပင့်လိုက်ပါသည်။ သို့သော် သူမသည် ပြန်လည် တည်ငြိမ်သွားပြီးနောက် ညင်သာစွာ ပြောလိုက်ခြင်း ဖြစ်သည်။
"ဖေးအာ၊ မင်းက ခမ်းအာဆီကနေ သတင်းရပြီးနောက် ချက်ချင်းပဲ ကျင့်ကျုံကို ပင်လယ်ပြင်ဆီ စေလွှတ်ပြီး ဟုန်ယွိကို သတ်ခိုင်းခဲ့တယ်။ မင်း ငါ့သဘောထားကိုတောင် မမေးခဲ့ဘူး ... အင်း..၊ ရန်ငြိုး မထားပါနဲ့တော့။ ငါ မင်းကို အပြစ်မတင်ပါဘူး။"
"ဖေးအာ" အသက်အနည်းငယ် ရှူသွင်းနေသည်ကို မြင်သောအခါ ဟုန်ရွှန်ကျိသည် သက်ပြင်းချလိုက်ပါသည်။ "အဲဒီတုန်းက မင်းဟာ ငါ မန်ပိုင်ယွန်နဲ့ အတူတူ ရှိနေတာကြောင့် စိတ်ဆိုးပြီး ကျင့်ကျုံကို လက်ထပ်ခဲ့တယ်။ အဲဒီအချိန်တုန်းက မင်းဟာ ဖေးရုန်ရဲ့ကိုယ်ဝန်ကို လွယ်ထားရပြီ။ ငါ မင်းကို အပြစ်မတင်ခဲ့ပါဘူး၊ အခုဆို ပိုလို့တောင် အပြစ်မတင်ရစ်တော့ပါဘူး။ မင်း စိတ်အေးအေးထားပါ။ ဟုန်ယွိကို ငါကိုယ်တိုင် ကိုင်တွယ်ပါ့မယ်။ အခုအချိန်မှာ မိုနိုဂိုတာရီကို မဖယ်ရှားရသေးဘူး။ နန်းတော်ထဲမှာလည်း နတ်ဆိုးအင်မော်တယ်တွေ ရှိနေတုန်းပဲ ... အိမ်ရှေ့စံမင်းသားကလည်း မတည်မငြိမ် ဖြစ်နေတယ်။ ပြဿနာတွေက အရမ်းများနေတယ်။ မင်း စိတ်အေးအေးထားပါ။ ... စိတ်အေးအေးထားစမ်းပါကွာ။ ပြီးတော့ မင်း ဟုန်ယွိနဲ့ တွေ့ရင်တောင် သူ့ကို ဘာမှ သွားမလုပ်ပါနဲ့။"
"ရွှန်ကျိ၊ ရှင် ရှင့်သားကို ဘာလို့ ဒီလောက်တောင် ကာကွယ်ပေးနေရတာလဲ" ကောင်းကင်အထွဋ်အထိပ်နယ်မြေဂိုဏ်း ခေါင်းဆောင် 'ဖေးအာ' ဆို သော အမျိုးသမီးသည် နောက်ဆုံးတွင် အနည်းငယ် ပေါက်ကွဲထွက်လာခဲ့သည်။ "မန်ရှန်ကျီ (မိုနိုဂိုတာရီ) က သူ့နောက်မှာ ရှိနေရင်တောင် ကျွန်မက ပထမဆုံး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ခဲ့ပြီးပြီ။ ပြီးတော့ ကျွန်မရဲ့ နတ်ဘုရား စိတ်ဝိညာဉ် အားနည်းချက်ကို ပြန်လည် ကုစားဖို့ ဒိုင်ဇန်ဘုရား ကျောင်းရဲ့ စိတ်ဝိညာဉ် ပြန်လည်ကုစားခြင်း မဟာဗုဒ္ဓနံ့သာတိုင်ကိုတောင် ငှားရမ်းခဲ့တယ်။ ဒါ့အပြင် ကျွန်မမှာ နတ်ဘုရားဖြိုခွဲ ရုပ်သေးလည်း ရှိတယ်။ မန်ရှန်ကျီရဲ့ မီးလျှံနဂါးကိုးကောင်ကလည်း ပျက်စီးသွားပြီ။ သူ့ရဲ့ နတ်ဘုရားဝိညာဉ်လည်း ဒဏ်ရာရထားပြီ။ ဒီအချိန်မှာ သူက သူ့တူကို ကာကွယ်ပေးနိုင်သေးတယ်လို့ ရှင် ထင်နေတာလား။" (တကယ်ဆို မန်ရှန်ကျီဟူသော အမည်သည် အခြားဆိုက်တစ်ခုတွင် အစကတည်းက အသုံးပြုထားသည့် နာမည်ဖြစ်ပါသည်။ ကျွန်တော် အဓိကထားပြန်ဆိုသည့် ဆိုက်တွင် မိုနိုဂိုတာရီဟုသာ နေရာတိုင်းတွင် သုံးဆွဲနေခဲ့သဖြင့် ကျွန်တော်လည်း မပြောင်းဘဲ အသုံးပြုနေခြင်း ဖြစ်သည်။ ယခု ကျွန်တော် အဓိကထား ပြန်ဆိုနေမည့် ဆိုက်မှာပင် ဤနာမည်ကို အသုံးပြုလာခဲ့ သည်။ နောက်ပိုင်းတွင် နာမည်နှစ်မျိုး အသုံးပြုမိပါက တစ်ယောက်တည်းဟု မှတ်ထားပေးပါ။ ကျွန်တော်ကတော့ အသုံးပြုနေကျ မိုနိုဂိုတာရီကို အဓိက အသုံးပြုသွားပါမည်။)
"တော်ပြီ။" ဘာလိုပဲဖြစ်ဖြစ် ငါ ပြောတာကို မင်း သေချာ မှတ်ထားပါ။ ဟုန်ယွိဟာ ငါ့သားပဲ။ သူ့ကို ငါကိုယ်တိုင် ကိုင်တွယ်မယ်။ ဖေးအာ၊ မင်း ဝင်မပါနဲ့။ နောက်ပိုင်း ငါ မင်းကို ရှင်းပြချက်တစ်ခု ပေးမယ်" ဟုန်ရွှန်ကျိသည် လက်တင်ခုံကို ညင်သာစွာ ညှစ်လိုက်ပါသည်။ သူ၏ မျက်လုံးများက ခက်ထန်စွာ လင်းလက်သွားပြီး ပြောလိုက်သည်။ "ငါ့မှာလည်း ငါ့ရဲ့ အခက်အခဲတွေ ရှိတယ်။ မင်း နောင်ကျရင် နားလည်လာလိမ့်မယ်။ မန်ရှန်ကျီကို မပြောနဲ့ဦး၊ မင်း တိုင်ရှန်တာအိုဂိုဏ်းရဲ့ သူတော်စင် မိန်းမပျို ဆုမူနဲ့ ရင်ဆိုင်ရရင်တောင်, မင်းက ပထမ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားပေမယ့် သူမနဲ့ လက်ရေတူ ဖြစ်နေတုန်းပဲ။ မင်း သူမနဲ့ တိုက်ခိုက်ရင်တောင် အသာစီးရမှာ မဟုတ်ဘူး။ မင်း ကျောက်စိမ်းမြို့တော်ကို လာတာ ကောင်းပါ တယ်။ တောင်ပိုင်းဒေသမှာဆို ငါ မင်းရဲ့ လုံခြုံရေးကို စိုးရိမ်နေရဦးမယ်။ မင်း အခု ပြန်စရာမလိုတော့ဘူး။ ငါ့အိမ်မှာပဲ နေပါ။ မြို့တော်က ကိစ္စတွေ ပြီးသွားပြီး တော်ဝင်နန်းတော် အခြေကျသွားမှ ပြန်တော့။"
"ကျွန်မရဲ့လုံခြုံရေးလား။ ကျွန်မကို သတ်နိုင်တဲ့လူ ရှိသေးလို့လား။" ကောင်းကင်အထွဋ်အထိပ်နယ်မြေ၏ ခေါင်းဆောင် ဖေးအာက ရုတ်တရက် ရယ်မောလိုက်ပါသည်။ "တိုင်ရှန်တာအိုဂိုဏ်းရဲ့ သူတော်စင် မိန်းမပျို ဆုမူနဲ့ လက်ရည်တူတယ်လို့ ရှင် ပြောခဲ့တယ်မလား။ သူမမှာ ဘယ်လို နက်နဲတဲ့ ပညာရပ်တွေ ရှိလဲဆိုတာ ကျွန်မ မြင်ချင်မိတယ်။ ကျွန်မက သူမကို နာကျင်အောင်လုပ်မှာကို ရှင် စိုးရိမ်နေတာ မဟုတ်လား။ ရှင် အခုထိ လူငယ်တစ်ယောက်ရဲ့ စိတ်ဓာတ်မျိုး ရှိနေတုန်းပဲလား။ မန်ပိုင်ယွန်ကို နမူနာယူပြီး ရှင် ဒီဆုမူကိုလည်း ..."
"တော်ပြီ" ဟုန်ရွှန်ကျိသည် စကားလုံးနှစ်လုံးကို ထုတ်ပြောလိုက်ပြီး ကောင်းကင်အထွဋ်အထိပ်နယ်မြေ ဂိုဏ်းခေါင်းဆောင် ဖေးအာကို သူမ ဆက်ပြောမည့် စကားများကို တားဆီးလိုက်သည်။
"ကောင်းပါပြီ၊ ကျွန်မ ရပ်လိုက်မယ်။ ဒါပေမဲ့ ယောင်ချီဂိုဏ်းက ယောင်ချင်းဟွေနဲ့ သူမသမီးနှစ်ယောက်က ကျောက်စိမ်းမြို့တော်ကို ရောက်လာပြီ။ သူတို့ မကြာခင် ရှင့်ကို လာရှာကြလိမ့်မယ်။ ယောင်ယွဲ့ရူနဲ့ ယောင်ယွဲ့ရှင်းတို့လည်း ရှင့်ရဲ့သမီးတွေမှန်း ကျွန်မ သိတယ်။ ယောင်ယွဲ့ရူရဲ့ ကျင့်စဉ် အဆင့်က နက်ရှိုင်းပြီး ရှင်ခြင်းသေခြင်းရဲ့ အတားအဆီးကို ချိုးဖျက်ကာ တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်အောင် ကျင့်ကြံနိုင်ခဲ့ပြီ။ အဲဒီ ယွဲ့ရှင်းက လည်း သိုင်းပညာမှာ အထွဋ်အထိပ် မဟာဆရာသခင်အဆင့် တစ်ဦးပဲ။ သူမကလည်း အနှေးနဲ့အမြန် ပိတ်ဆို့မူကို ချိုးဖျက်ပြီး သွေးကို အောင်မြင်စွာ ပြောင်းလဲကာ သိုင်းသူတော်စင် နယ်ပယ်ကို ရောက်ရှိသွားလိမ့်မယ်။ ရှင့်ရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ရှီအာနဲ့ ခမ်းအာတို့က သူမတို့ထက် အများကြီး နိမ့်ကျတယ်။"
ကောင်းကင်အထွဋ်အထိပ်နယ်မြေ၏ ခေါင်းဆောင် ဖေးအာက ထပ်မံ ပြောလိုက်သည်။
"ဒါတွေဟာ အတိတ်တုန်းက ဖြစ်ပျက်ခဲ့တာတွေပါ" ဟုန်ရွှန်ကျိသည် သူ၏ မျက်ခွံများကို ချလိုက်ပါသည်။ "ဒီနှစ်ပေါင်းများစွာ ကြာပြီးနောက် မင်းတစ်ယောက်တည်းကပဲ ငါ့ရှေ့မှာ ဒီအကြောင်းတွေကို ပြောရဲခဲ့တယ်။ ဒါပေမဲ့ ဖေးအာ၊ ခုနက ငါ ပြောတာကို သေချာ မှတ်ထားပါ။ မင်း ဟုန်ယွိကို လိုက်မရှာပါနဲ့။ ဟုန်ယွိကို ငါကိုယ်တိုင် ကိုင်တွယ်မယ်။ ပြီးရင် ငါ မင်းကို ရှင်းလင်းချက် ပေးမယ်။ မင်း ဆုမူနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် ငါ မတားဘူး။ ဒါပေမဲ့, တိုင်ရှန်တာအိုဂိုဏ်းရဲ့ တာအိုပညာတွေကို လျှော့မတွက်သင့်ဘူးဆိုတာ မင်း သိထားသင့်တယ်။ ငါ မင်းကို ကျမ်းစာတစ်အုပ် ပေးမယ်။ မင်း ဒီကျမ်းစာကို နားမလည်မချင်း ငါ့အိမ်ကနေ ထွက်မသွားပါနဲ့။"
ပြောနေစဉ် ဟုန်ရွှန်ကျိသည် စာအုပ်မှ စုတ်တံကို ကောက်ယူပြီး စက္ကူကို ဖြန့်လိုက်ပါသည်။
"ဖေးအာ၊ ငါ့ကို မှင်သွေးပေးပါ။ မင်း ငါ့အတွက် ဒါကို မလုပ်ပေးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။"
"ဒါ ...။"
ကောင်းကင်အထွဋ်အထိပ်နယ်မြေ ခေါင်းဆောင် ဖေးအာသည် မွှေးကြိုင်သော မှင်တုံးကို သူမ၏ လက်ထဲတွင် ကိုင်ထားသည်။ မှင်သွေးပေးပြီး နောက် သူမသည် ဟုန်ရွှန်ကျိ ရေးသည်ကို ကြည့်နေသည်။ သို့သော် ဟုန်ရွှမ်ကျိသည် အရင် မရေးဘဲ စက္ကူပေါ်တွင် လေးထောင့်စေတီ ပုံစံကို စုတ်ချက် အနည်းငယ်ဖြင့် ပုံဖော်လိုက်ပါသည်။
စုတ်ချက် အနည်းငယ်ဖြင့်သာ ရေးဆွဲထားသော်လည်း ဤလေးထောင့်စေတီသည် ဤကမ္ဘာ၏ အရပ်လေးမျက်နှာကို ဝန်းရံထားသည့် ခံစားချက်၊ ကျယ်ပြန့်သော စကြာဝဠာ၏ ခံစားချက်ကို ပေးစွမ်းနေသည်။
"ဒါက ..."
"ဒါဟာ တိုင်ရှန်တာအိုလမ်းစဉ်ရဲ့ တာအိုပညာတစ်ခုပဲ။ အထွဋ်အထိပ် အဂ္ဂိရတ်ကျမ်းက ငါ့လက်ထဲမှာ ရှိမနေခဲ့တာ ဝမ်းနည်းစရာပဲ၊ ဒါကြောင့် ငါ့ရဲ့ တာအိုနှလုံးသားကို အသုံးပြုပြီး ဒီစကြာဝဠာစေတီပုံကိုပဲ ဖော်ပြနိုင်တော့တယ်။ ဒါဟာ အထွဋ်အထိပ် အဂ္ဂိရတ်ကျမ်းထဲက စစ်မှန်တဲ့ စေတီပုံနဲ့ ယှဉ်လို့မရပေမယ့် မင်းရဲ့ တာအိုပညာ ကျင့်ကြံမှုကို အများကြီး တိုးတက်စေပါလိမ့်မယ်။ မင်း ဒါကို နားလည်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ဒီ 'စကြာဝဠာ' အခန်းကို ငါ မင်းကို ပေးလိုက်မယ်။ ဖေးရုန်ကိစ္စကို စိတ်ထဲ မထားပါနဲ့တော့။"
ဟုန်ရွှန်ကျိ၏ စိတ်ခံစားမှု ကင်းမဲ့သော အသံက သူ၏နှုတ်ခမ်းများမှ ထွက်ပေါ်လာပါသည်။