အခန်း (၂၇၉-၂၈၀)
Vol. 25 Ch. 279-280
အခန်း (၂၇၉)။
"ဒီဝူဝင်မြို့စားစံအိမ်က သိပ် အရေးမပါပါဘူး။ နောက်ဆုံးတော့ သူတို့ရဲ့ ပိုင်ဆိုင်မှု အားလုံး သိမ်းဆည်းခံရတယ့် ကံကြမ္မာကို ခံစားရအောင် ငါ လုပ်ပစ်မှာပဲလေ။... ဒါပေမဲ့ အခုက အချိန် မဟုတ်သေးဘူး။ မဒမ်ကျောက် နိုးပြီလား မသိဘူး။ အခုချိန်ဆို သူမ မနက်စာ သောက်နေလောက်ပြီ... ဒီခွေးမရဲ့ မနက်စာဟာ အရမ်း ဈေးကြီးတယ်။..."
ဝူဝင်မြို့စားစံအိမ်ဘေးရှိ လမ်းပေါ်တွင် ရပ်နေပြီး၊ တကိုယ်လုံးကို ဝံပုလွေသားရေ ဝတ်ရုံကြီးဖြင့် လွှမ်းခြုံထားသည့် ဟုန်ယွိသည် မြို့စားစံအိမ်ကို ကြည့်ရင်း အေးစက်သော အပြုံးများဖြင့် ပြည့်နေပါသည်။
ဤအချိန်တွင် ဝူဝင်မြို့စားစံအိမ်၏ တံခါးများ ပွင့်နေပြီ ဖြစ်သည်။ သေသပ်စွာ ဝတ်ဆင်ထားသော အစေခံများ၊ ကျွန်များနှင့် အမှုထမ်း သုံးဆယ်မှ လေးဆယ်ကျော်သည် နှင်းများကို လှဲကျင်းနေကြသည်။ တစ်ချိန်တည်းမှာပင် လမ်းမပေါ်တွင် ခိုင်မာပြီး အားကောင်းသော ခြေရာများက အဆင့်ဆင့် ကျန်ရစ်နေခဲ့သည်။ ထိုခြေရာများသည် ဟုန်ရွှန်ကျိ နံနက်ခင်း အင်ပါယာတရားရုံးသို့ သွားစဉ် ဆီဒင်ထမ်းသူများ ချန်ထားရစ်ခဲ့သည့် ခြေရာများ ဖြစ်သည်။
ဟုန်ရွှန်ကျိ၏ ဆီဒင်ထမ်းသူများသည် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
မြို့စားစံအိမ်၏ အဝေးတစ်ဖက်တွင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ အစားအသောက်အတွက် သီးသန့် မွေးမြူထားသော အရှင်လတ်လတ် ဝက်များ၊ သိုးများနှင့် နွားများပါသည့် လှည်းများကိုလည်း ဆွဲသွင်းနေကြသည်။
"ဟင်... အဲဒီ အမျိုးသမီးက ဘယ်သူလဲ။"
ဟုန်ယွိ ကြည့်နေစဉ် ရုတ်တရက် အစေခံများနှင့် ကျွန်အများအပြား အပြင်သို့ ထွက်လာကြပါသည်။ နှင်းလှဲကျင်းနေသော ကျွန်များလည်း သူတို့ လုပ်နေသည့်အရာကို ရပ်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် နံရံခြေရင်းတွင် ရိုသေစွာ ဦးညွှတ်ရင်း ရပ်နေကြသည်။
တစ်ချိန်တည်းမှာပင် အစေခံအချို့သည် တောက်ပသော ပိုးထည်အချို့ကို မြေပြင်ပေါ်တွင် ဖြန့်ခင်းလိုက်ကြသည်။
ပိုးထည်များ ဖြန့်ခင်းပြီးနောက် အမျိုးသမီးတစ်ဦးသည် ပင်မတံခါးမှ ထွက်ပေါ်လာပါသည်။ ဤအမျိုးသမီး၏ ဆံပင်ပုံစံသည် တိမ်တိုက်များကဲ့သို့ မြင့်မားစွာ စုစည်းထားပြီး သူမ၏ ရုပ်ဆင်းအသွင်ပြင်မှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသည်။ သူမသည် သဘာဝလွန် အခြားကမ္ဘာ၏ အငွေ့အသက်ကို ပိုင်ဆိုင်ထားပါသည်။
ထိုအမျိုးသမီးသည် မြေပြင်ပေါ်ရှိ ပိုးသားအဝတ်ပေါ်သို့ ခြေချကာ အစိမ်းရောင် ပန်းထိုးထားသော လူထမ်းဆီဒင်တစ်ခုထဲသို့ ဝင်သွားပါသည်။
ဤလူထမ်းဆီဒင်သည် အလွန် ခမ်းနားပြီး လက်ရာမြောက်သည်။ ဟုန်ယွိသည် ယခုအခါ ရတနာများစွာကို မြင်ဖူးနေပြီဖြစ်သည်။ သူ အနံ့ခံလိုက်သည်နှင့် ထိုလူထမ်းဆီဒင်သည် ရွှေပိုးချည်နန်မူသစ်သားထက်ပင် ပို၍ တန်ဖိုးရှိသော အကျော်သစ်သားဖြင့် ပြုလုပ်ထားကြောင်း သိလိုက်သည်။ (Agarwood - ရေမွှေး၊ ဆေးဖက်ဝင်ပစ္စည်းနှင့် ဇိမ်ခံပရိဘောဂပြုလုပ်ရာတွင် အသုံးပြုသော အဖိုးတန်ပြီး မွှေးရနံ့ရှိသည့် သစ်သား။)
"ဒီအမျိုးသမီး... သူမက ကျောက်ဖေးရုန်နဲ့ နည်းနည်း ဆင်နေတယ်။ သူမက ကျွမ်းကျင်သူတစ်ဦးများလား။ ဖြစ်နိုင်တာက... သူမက ကောင်းကင်အထွဋ်အထိပ်နယ်မြေရဲ့ ခေါင်းဆောင်များလား။"
ဟုန်ယွိသည် ထိုအမျိုးသမီး လူထမ်းဆီဒင်ထဲသို့ ဝင်သွားသည်ကို ကြည့်နေစဉ်မှာ, သူမ၏ မျက်လုံးများက သူ့ကို ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ လျင်မြန်စွာ ရှောင်တိမ်းပြီး ထောင့်တစ်နေရာသို့ ဝင်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ပြင်းထန်စွာ ရှောင်တိမ်းပြီး နှစ်မိုင် သုံးမိုင်အကွာရှိ လမ်းကြားတစ်ခုသို့ လျင်မြန်စွာ လျှောက်သွားသည်။
"ဟမ့်... မင်းရဲ့ စွမ်းရည်တွေက မဆိုးပါဘူး။ ဒါပေမဲ့ မင်းက ဇုံရှီးအဆင့် (မဟာဆရာသခင်အဆင့်) ပဲ ရှိသေးတယ်။ ဘာလို့ ခိုးကြောင်ခိုးဝှက် လျှောက်လုပ်နေတာလဲ။ ပြော၊ မင်း ဘယ်သူလဲ။ မင်း ပြောရင် ငါ မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်။ ပြောစမ်း၊ မင်း ဘာလို့ ဝူဝမ်မြို့စားစံအိမ်ကို ချောင်းကြည့်နေတာလဲ။"
ဟုန်ယွိ၏ ပုံရိပ်သည် လျှပ်တစ်ပြက်အတွင်း နှစ်မိုင်သုံးမိုင်ခန့်အကွာရှိ လမ်းကြားတစ်ခုသို့ ရောက်ရှိသွားချိန်တွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။ ရုတ်တရက် သူတို့ရှေ့တွင် လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ ဤယန်လေပြင်းသည် သူ့ရှေ့တွင် အစစ်အမှန် လူတစ်ဦး၏ပုံရိပ်အဖြစ် စုစည်းသွားသည်။ ၎င်းသည် ယခုလေးတင် စံအိမ်ထဲမှ ထွက်လာခဲ့သော အမျိုးသမီး၏ ရုပ်အသွင်ပြင်အတိုင်းပင် ဖြစ်သည်။
"ခင်ဗျား ဘယ်သူလဲ။"
ဟုန်ယွိသည် သူ့ရှေ့ရှိ အမျိုးသမီးကို ကြည့်လိုက်ရင်း၊ သူ့မျက်လုံးများ ကျဉ်းသွားပါသည်။ သူသည် ငါးတစ်ကောင်ကို စိုက်ကြည့်နေသော ကြောင်တစ်ကောင်ကဲ့သို့ သူမကို စိုက်ကြည့်နေသည်။
သူသည် မည်သို့ မမြင်ဘဲ နေမည်နည်း။ သူ့ရှေ့က ဤအမျိုးသမီးသည် သူမ၏အတွေးတစ်ခုဖြင့် စုစည်းမှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုအတွေးတွင် သန့်စင်သော ယန်ချီ ပါဝင်နေသည်။ ဤသည်မှာ သူ့ရှေ့က ဤအမျိုးသမီးသည် မိုးကြိုးကပ်ဘေးအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း ဆိုလိုသည်။
သို့သော် ဤအတွေး၏ ဖိအားသည် သိပ်မပြင်းထန်ပေ။ ဥဒေါင်းဘုရင်တို့လို ပုဂ္ဂိုလ်များနှင့် ကွာခြားသည်။ သူတော်စင်တူယွမ်ထက်ပင် အားနည်းသည်။ ဟုန်ယွိ ချက်ချင်း ကောက်ချက်ချလိုက်သည်။ ဤအမျိုးသမီးသည် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်သည့် ထိပ်တန်း တာအိုပညာရှင်တစ်ဦး ဖြစ်သော်လည်း၊ သူမသည် အခုမှ ပထမဆုံး မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားသူ ဖြစ်သည်။
"သူမက ကျောက်ဖေးရုန်နဲ့ တကယ်ကို တူတယ်။ ပြီးတော့ ဝူဝမ်မြို့စားစံအိမ်က ထွက်လာတာ... သူမက တကယ်ပဲ ကောင်းကင်အထွဋ်အထိပ်နယ်မြေရဲ့ ခေါင်းဆောင်များ ဖြစ်နိုင်မလား" ဟုန်ယွိ တွေးလိုက်သည်။
သူ့ရှေ့က ဤအမျိုးသမီးသည် ဟုန်ယွိ၏ အတွေးများကို ဂရုမစိုက်ပုံမရပေ။ ယင်းအစား သူမက စိတ်ဝင်တစားဖြင့် ပြောသည်။ "ငါလား ... မင်း သိဖို့ မလိုဘူး။ ဒါက ငါ့အတွေးတစ်ခုရဲ့ ပုံပန်းသဏ္ဍာန် သက်သက်ပဲ။ ဒါပေမဲ့ ဒီအတွေးနဲ့တောင် မင်း ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ပြောစမ်း၊ မင်း မနက်စောစော ဝူဝမ်မြို့စားစံအိမ်ကို ဘာလို့ ချောင်းကြည့်နေတာလဲ။ မင်း ဘယ် ဂိုဏ်းကလဲ။ ဘယ် ဂိုဏ်းကရော လက်သီးပညာမှာ မဟာဆရာသခင်အဆင့်ရောက်နေတဲ့ လူတစ်ဦးကို သူလျှိုအဖြစ် ခိုင်းဖို့ ဆန္ဒရှိနေတာလဲ။"
"အရှက်ဖွယ်မဲ့ ကြွားဝါနေလိုက်တာ။ အတွေးတစ်ခုတည်းနဲ့ ကျုပ်ကို ရင်ဆိုင်ဖို့ ကြိုးစားမယ်ပေါ့။"
ဤအနေထားတွင် ဟုန်ယွိသည် ဤအမျိုးသမီးက ကောင်းကင်အထွဋ်အထိပ်နယ်မြေ၏ ခေါင်းဆောင် ဖြစ်ကြောင်း သေချာပေါက် ခန့်မှန်းမိသွားပြီ။ ချက်ချင်းဆိုသလို မုန်းတီးမှုက သူ့ရင်ထဲတွင် တဟုန်ထိုး လှိုင်းထန်လာခဲ့ပါသည်။ သို့သော် အခုက လှုပ်ရှားဖို့ အချိန် မဟုတ်သေးပေ။ ထို့အပြင် ကောင်းကင်အထွဋ်အထိပ်နယ်မြေ၏ ခေါင်းဆောင်ဖြစ်သော ဤအမျိုးသမီးသည် အဆင့်မြင့် ကျင့်စဉ်အဆင့်ကို ပိုင်ဆိုင်ထားသည်။ အချိန်တိုအတွင်း သူမကို မကိုင်တွယ်နိုင်ဘဲ အုတ်အုတ်ကျွတ်ကျွတ် ဖြစ်ပွားပါက မကောင်းလှပေ။
သို့သော် ဤအချိန်တွင် ဟုန်ယွိသည် နောက်ဆုတ်မည် မဟုတ်ပေ။ သူ လှောင်ပြုံး ပြုံးပြီး နှာခေါင်းရှုံ့အသံ ထွက်ပေါ်လာသည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုအမျိုးသမီး၏ ခေါင်းပေါ်တွင် ချီဝိညာဉ်ဝဲဂယက်ကြီးတစ်ခု ပေါ်လာသည်။
ကြီးမားလှသော ချီဝိညာဉ်ဝဲဂယက်ကြီးသည် ထိုအမျိုးသမီးကို ဝှီးခနဲအသံဖြင့် စုပ်ယူလိုက်သည်။ ကွဲအက်သံနှင့်အတူ သူမသည် အစိတ်စိတ်အမွှာမွှာ ကြိတ်ချေခံလိုက်ရသည်။
"ဖျက်ဆီးစမ်း။"
ဟုန်ယွိက သူ့လက်နှစ်ဖက်ကို ပူးကပ်လိုက်ပါသည်။ ထို့နောက် ချီဝိညာဉ်ဝဲဂယက်သည် လည်ပတ်ပြီး မီးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။ အလင်းပေါက်ကွဲမှုဖြင့် ထိုအမျိုးသမီးသည် လုံးဝရှိမနေသကဲ့သို့ပင် အရိပ်အယောင်ပင်မကျန်ဘဲ ပျောက်ကွယ်သွားသည်။
"ဒီနေ့ ခင်ဗျား ကံကောင်းသွားတယ်။ မင်းနဲ့ ငါကျမှ ဒီစာရင်းကို ထပ်ရှင်းမယ်။"
မျက်စိတစ်မှိတ်အတွင်း ဟုန်ယွိသည် သူ့အတွေးများကို ဖယ်ရှားလိုက်သည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် အရိပ်အယောင်မျှမကျန်ဘဲ ပျောက်ကွယ်သွားသည်။ သူသည် သူ့ကိုယ်သူ လေဟာနယ်ပုံရိပ်ယောင်ဖြင့် အရင် ဖုံးအုပ်လိုက်ပြီးနောက် နတ်ဘုရားခုနစ်ပါး၏ စွမ်းအားကို အသုံးပြု၍ ပျံသန်းထွက်ခွာသွားခဲ့ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် နှစ်မိုင် သုံးမိုင်ခန့်အကွာရှိ လမ်းမပေါ်တွင် လူထမ်းဆီခင်ထဲတွင် ထိုင်နေသော အမျိုးသမီးသည် တုန်လှုပ်သွားခဲ့သည်။ ခိုင်ခံ့သော လူထမ်းဆီဒင်သည် ကျွီကျွီမြည်အသံများ ထွက်ပေါ်လာသည်။
လူထမ်းဆီဒင်ထဲက အမျိုးသမီးအပေါ် ဟုန်ယွိ၏ ခန့်မှန်းချက်က မှန်ကန်ပါသည်။ သူမသည် ကောင်းကင်အထွဋ်အထိပ်နယ်မြေ၏ ခေါင်းဆောင်ဖြစ်ပြီး ဟုန်ရွှန်ကျိက 'ဖေးအာ' ဟု ခေါ်သော အမျိုးသမီး ဖြစ်သည်။
ကောင်းကင်အထွဋ်အထိပ်နယ်မြေ ခေါင်းဆောင် 'ဖေးအာ' သည် ယနေ့ စံအိမ်မှ ထွက်ခွာလာစဉ် သူမ၏ ထူးခြားသော စွမ်းရည်များဖြင့် ဝူဝမ်မြို့စားစံအိမ်၏ ဝင်ပေါက်ကို အဝေးမှ စိုက်ကြည့်နေသော ဟုန်ယွိကို သဘာဝအတိုင်း သတိထားမိခဲ့သည်။
ဟုန်ယွိသည် ဝံပုလွေသားရေ ဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး လွှမ်းခြုံထားသည်။ ကြည့်ရသည်မှာ သူ့ပုံစံက ခိုးကြောင်ခိုးဝှက် ဖြစ်နေပုံရသည်။
ကောင်းကင်အထွဋ်အထိပ်နယ်မြေ ခေါင်းဆောင်သည် ဟုန်ယွိ၏ သိုင်းပညာ ကျင့်ကြံမှုကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်လိုက်သည်။ ထို့ကြောင့် သူမသည် ဟုန်ယွိကို ဖမ်းဆီးရန် အတွေးတစ်ခုကို ခွဲထုတ်လိုက်သည်။
မိုးကြိုးကပ်ဘေးအဆင့် ကျွမ်းကျင်သူ၏ ကျင့်စဉ်အဆင့်ဖြင့် အတွေးတစ်ခုတည်းပင်လျှင် သိုင်းတာအိုမှာ မဟာဆရာသခင်တစ်ဦးကို ဖမ်းဆီးရန် လုံလောက်သည်။
သို့သော် သူမသည် ဟုန်ယွိက ဤမျှ အစွမ်းထက်မည်ဟု မမျှော်လင့်ခဲ့ပေ။ လှုပ်ရှားမှုတစ်ခုတည်းဖြင့် သူမ၏ အတွေးကို ဖျက်ဆီးပစ်လိုက်သည်။
"ဒီလူက ဘယ်သူလဲ။ ကျောက်စိမ်းမြို့တော်မှာ ဒီလို ကျွမ်းကျင်သူတစ်ဦး တကယ်ပဲ ရှိနေတာလား။"
လူထမ်းဆီဒင်ထဲတွင် ထိုင်နေသော ကောင်းကင်အထွဋ်အထိပ်နယ်မြေ ခေါင်းဆောင်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူမသည် လှုပ်ရှားမှု၏ပစ်မှတ်ကို လက်လွတ်သွားရုံမျှမက သူမ၏ အတွေးသည် ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။ သူမသည် အကြီးအကျယ် ဆုံးရှုံးမှု ခံစားခဲ့ရပြီ။
ဟုန်ယွိသည် ချီဝိညာဉ်ဝဲဂယက်ကို အသုံးပြုခဲ့စဉ်က သူမသည် ၎င်း၏ စွမ်းအားကို ခံစားခဲ့ရသည်။ သူမသည် မျက်မှောင်ကုပ်လျက် လူထမ်းဆီဒင်ထဲတွင် ထိုင်နေသည်။
ထို့နောက် သူမ၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ လက်ဖဝါးကို လှန်လိုက်ရာ ခုနစ်လက်မမြင့်သော သစ်သားရုပ်သေးတစ်ခု ပေါ်လာသည်။
ဤသစ်သားရုပ်သေးသည် အသားရောင်ရှိပြီး မျက်ခုံးနှင့် မျက်လုံးများသည် အလွန် ထင်ရှားပေါ်လွင်သည်။ ၎င်း၏ လက်ခြေနှင့် ကိုယ်ခန္ဓာသည် ဝဖိုင့်ပြီး ဆန့်နိုင်ကျုံ့နိုင်စွမ်းအားဖြင့် ပြည့်ဝနေသည်။ ရုပ်သေးပုံစံက မွေးကင်းစ ကလေးတစ်ဦးနှင့် အလွန်တူသည်။
ဤရုပ်သေးကို ထုတ်ယူပြီးနောက် ၎င်း၏ လက်ခြေများသည် အနည်းငယ် လှုပ်ရှားသွားသည်။ ရုတ်တရက် ၎င်းသည် မျက်လုံးဖွင့်ပြီး ကောင်းကင်အထွဋ်အထိပ်နယ်မြေ ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ကလေး၏ မျက်လုံးများသည် အလွန် ကြည်လင်ပြီး သန့်စင်သည်။
၎င်းသည် အလွန် ထူးဆန်းသည်။
သစ်သားရုပ်သေးတစ်ခုသည် သက်ရှိတစ်ဦးကဲ့သို့ ဖြစ်နေသည်။ ၎င်းသည် အလွန်သေးငယ်သော ကလေးတစ်ဦးနှင့် တူသော်လည်း ၎င်း၏ ခန္ဓာကိုယ်တွင် သစ်သားဖြင့် ဖွဲ့စည်းထားပုံက ရှင်းရှင်းလင်းလင်း ရှိနေသည်။
"မလှုပ်နဲ့၊ မလှုပ်နဲ့။ မင်းကို စားစရာတစ်ခု ပေးမယ်" ကောင်းကင်အထွဋ်အထိပ်နယ်မြေ၏ ခေါင်းဆောင်သည် သစ်သားရုပ်သေး မျက်လုံးဖွင့်လာသည်ကို မြင်သောအခါ အနည်းငယ် ပြုံးလိုက်ပါသည်။ သူ၏ လက်ချောင်းမှ သွေးတစ်စက် စိမ့်ထွက်လာပြီး ခုနစ်လက်မအရွယ် သစ်သားကလေး၏ ပါးစပ်ထဲသို့ စက်ချလိုက်သည်။
ကလေးသည် နို့သောက်နေသကဲ့သို့ သွေးကို လုံးဝ သောက်လိုက်သည်။ ထို့နောက် ၎င်းသည် မတ်တပ်ရပ်သည်။
"သွား။"
ကောင်းကင်အထွဋ်အထိပ် နယ်မြေခေါင်းဆောင်က လက်ညှိုးထိုးလိုက်ရာ သစ်သားရုပ်သေးသည် အော်ဟစ်လိုက်သည်။ ထို့နောက် ပြင်းထန်စွာ ခုန်ပျံပြီး ၎င်းသည် လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
"ဒီအမျိုးသမီး၊ ကောင်းကင်အထွဋ်အထိပ်နယ်မြေ ခေါင်းဆောင်ဟာ တကယ်ပဲ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ထိပ်တန်း ကျွမ်းကျင်သတစ်ဦး ဖြစ်နေတယ်။ သူမက ဝူဝမ်မြို့စားစံအိမ်မှာ ဘာလို့ ဒီလောက် ပေါ်ပေါ်ထင်ထင်ကြီး ပေါ်လာရတာလဲ။"
ဤအချိန်တွင် ဟုန်ယွိသည် ကျန့်ယန်လမ်း၏ ဝင်ပေါက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤနေရာသည် လမ်းကျယ်တစ်ခုဖြစ်ပြီး လမ်းဘေးတွင် တံတားငယ်နှင့် စမ်းချောင်းတစ်ခု စီးဆင်းနေသည်။ ဤသည်မှာ မင်းမျိုးမင်းနွယ်ဝင်များ နေထိုင်ရာ နေရာဖြစ်သည်။
ဟုန်ယွိသည် ရပ်တန့်ပြီး မင်းသားယုစံအိမ်ဆီသို့ လမ်းလျှောက်သွားသည်။
ဤအချိန်တွင် ရုတ်တရက် ကျယ်လောင်သော အသံပေါက်ကွဲအားတစ်ချက်က ကောင်းကင်မှ ထွက်ပေါ်လာသည်။ ၎င်းသည် အလွန် အားကောင်းသောကြောင့် မြေပြင်ပေါ်ရှိ နှင်းများသည် လွင့်ပျံတက်သွားခဲ့ပြီး ကွဲအက်သံများ ထွက်ပေါ်လာသည်။
ဟုန်ယွိသည် လမ်းလျှောက်နေစဉ် သူ၏ခန္ဓာကိုယ်ကို မူလကတည်းက အတွေးများဖြင့် ဝန်းရံထားခဲ့သည်။ လျှို့ဝှက်တိုက်ခိုက်မှု တစ်ခုခု ရှိပါက မည်သည့် တာအိုပညာမျိုးမဆို အသက်ဝင်လာမည် ဖြစ်သည်။
ဤအသံပေါက်ကွဲအားသည် လုံးဝ မမျှော်လင့်ထားသော အရာ ဖြစ်သည်။ သို့သော် ဟုန်ယွိ၏ အတွေးတစ်ခုဖြင့် သူ၏ခန္ဓာကိုယ်သည် ချက်ချင်း ကြီးမားသော မှင်ရောင် ဥခွံအလွှာဖြင့် ဝန်းရံသွားသည်။
ဤသည်မှာ ဆန်းကြယ်သစ်သားလက်စွပ်၏ တာအိုပညာ ဖြစ်သည်။
သို့သော် မဟူရာသလင်းကျောက် ဥခွံအလွှာ ကျယ်ပြန့်လာချိန်တွင် ၎င်းသည် လေပြင်းနှင့် ထိတွေ့သွားသည်။ ထို့နောက် ကွဲအက်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး ၎င်းသည် ကြက်ဥကဲ့သို့ ကွဲအက်သွားပါသည်။
ထို့နောက် ခုနစ်လက်မခန့် အရွယ်ရှိ ကလေးငယ်တစ်ဦး ဟုန်ယွိ၏ မျက်လုံးများရှေ့တွင် ပေါ်လာသည်။
ဤကလေးငယ်၏ ကိုယ်ခန္ဓာသည် သစ်သားအမှတ်အသားများဖြင့် ဖုံးလွှမ်းနေပြီး၊ မက်မွန်နတ်ဘုရားဓားကဲ့သို့ ဖြစ်သည်။ သို့သော် အမှတ်အသား များသည် ပို၍ ထင်ရှားပြီး လက်ရာမြောက်သည်။
ဤကလေးငယ်သည် သူ၏လက်ထဲတွင် အနီရောင်ချင်မျှည်များ ရစ်ပတ်ထားသော လှံငယ်တစ်ချောင်းကို ကိုင်ထားသည်။ ၎င်းသည် နူးညံ့သော အရုပ်လေးတစ်ခုနှင့် တူသော်လည်း ဟုန်ယွိ ထိုကလေးငယ်၏ မျက်လုံးများကို ကြည့်လိုက်သောအခါ ဝူအိမ်တော်ထိန်းနှင့် နင်ဂျာဘုန်းတော်ကြီးတို့ ထက်ပင် ပို၍ စူးရှသော အကြည့်ကို မြင်လိုက်ရသည်။
ခုနစ်လက်မအရွယ် အရုပ်ကလေးက အနီရောင်ချင်မျှည်များ ရစ်ပတ်ထားသော လှံလေးတစ်ချောင်းကို ကိုင်ထားခြင်း၊ ထိုမြင်ကွင်းက မည်သူ့ကိုမဆို အလွန်ရယ်စရာကောင်းသည်ဟု ခံစားရစေလိမ့်မည်။
သို့သော် ယခုအခါ ဟုန်ယွိ၏ အမြင်တွင် ဤကလေးငယ်သည် အထွဋ်ထိပ် သိုင်းသူတော်စင် ကျွမ်းကျင်သူတစ်ဦး ကောင်းကင်ယံမှ ဆင်းသက်လာသ ကဲ့သို့ ထင်မှတ်ရပြီး၊ ၎င်း၏ပုံရိပ်သည် နတ်ဘုရားတစ်ပါးကဲ့သို့ နှိုင်းယှဉ်၍ မရနိုင်အောင် မြင့်မားနေပါသည်။
၎င်း၏အော်ရာဖြင့် လွှမ်းခြုံခံထားရသဖြင့် ဟုန်ယွိ၏ အတွေးများပင် အလုပ်မလုပ်နိုင်တော့ပေ။
"ဒါက ဘာလဲ။ ဒါဟာ မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ ဆန်းကြယ်ဆုံးရတနာ၊ စိတ်ဝိညာဉ် ဖြိုခွဲရုပ်သေးများလား။ အနှစ်တစ်သောင်း မိုးကြိုးထိခံထားတဲ့ ကောင်းကင်မက်မွန်သစ်သားကနေ မွေးဖွားလာတဲ့ ကလေးလား။" (ရှေ့မှာတုန်းက နတ်ဘုရားဖြိုခွဲရုပ်သေးဟု ပြန်ဆိုခဲ့ပါသည်။ ယခုအခန်းမှစ၍ စိတ်ဝိညာဉ် ဖြိုခွဲရုပ်သေးဟု ပြန်ဆိုပါမည်)။
ဤကလေးရုပ်သေးသည် ဆန်းကြယ်သစ်သားလက်စွပ်ကို ချက်ချင်း ဖောက်ထွင်းသွားပြီး တူတစ်ချောင်းသာသာ အရှည်ရှိသည့် အနီရောင်ချင်မျှည်များ ရစ်ပတ်ထားသော လှံသည် ဟုန်ယွိ၏ နဖူးကို ချိန်ရွယ်လိုက်သည်။
သို့သော် ဤရှင်ခြင်းနှင့် သေခြင်း အခိုက်တန့်တွင် ဟုန်ယွိ၏ ဦးခေါင်းနောက်ဘက်မှ သက်တံရောင် အလင်းများ ပေါက်ကွဲထွက်လာပြီး လက်ဖဝါးကြီးအဖြစ် ပြောင်းလဲကာ အနီရောင်ချင်မျှည်များ ရစ်ပတ်ထားသော လှံကို ပြင်းထန်စွာ ဖမ်းဆုပ်ပြီး ရှေ့သို့ ရိုက်ချလိုက်ပါသည်။
အခန်း (၂၈၀)။
နတ်ဘုရားခုနစ်ပါးမှ ဖြစ်ပေါ်လာသော လက်ဖဝါးကြီးသည် ခုနစ်လက်မအရွယ် ရုပ်သေးလေးကို ဖမ်းဆုပ်လိုက်ပြီး၊ ရုပ်သေးလေးသည် ကျွီကျွီအံကြိမ်ကာ ပါးစပ်ဖွင့်လိုက်သည်။ ပါးစပ်ထဲတွင် သစ်သားသွားများ အပြည့်ရှိနေကို တွေ့လိုက်ရပါသည်။
"ဒါက ကောင်းကင်အထွဋ်ထိပ်နယ်မြေရဲ့ ခေါင်းဆောင် မက်မွန်နတ်ဘုရားဂိုဏ်းကနေ လုယက်ထားတဲ့ မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ အဆန်းကြယ်ဆုံး ရတနာ စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေး ဖြစ်ရမယ်။ ဒီလို ပုံစံမျိုး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါက တကယ်ကို အစွမ်းထက်လွန်းတယ်။ ပျံသန်းနိုင် တဲ့ သိုင်းသူတော်စင်တစ်ဦးလိုပဲ။ ငါ့ရဲ့ ဆန်းကြယ် နတ်ဘုရားသစ်သားလက်စွပ်ကို လှံချက်တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တာပဲ။ တကယ်လို့, ငါသာ နတ်ဘုရားခုနစ်ပါးကို ကျင့်ကြံမထားခဲ့ရင်၊ ဒီပိစိကွေးရုပ်လေးရဲ့ လှံထိုးချက်နဲ့ သေဆုံးရလိမ့်မယ်။"
မဟာလေဟာနယ်လက်ဝါးကို အသုံးပြု၍ ခုနစ်လက်မအရွယ် ရုပ်သေးကလေးကို ဖမ်းဆုပ်ပြီးနောက်၊ ၎င်းသည် ပြင်းထန်စွာ ရုန်းကန်နေသည်ကို သူ ခံစားလိုက်ရသည်။ ထို့ပြင် ရုပ်သေးကလေးမှ ထွက်လာသော ခွန်အားသည် နင်ဂျာဘုန်းတော်ကြီးနှင့် ဝူအိမ်တော်ထိန်းတို့ထက်ပင် များစွာ ပိုအားကောင်းနေသည်။ ဟုန်ယွိသည် အတော်လေး အံ့အားသင့်သွားသည်။
အမှန်စင်စစ်၊ နတ်ဘုရားဝိညာဉ်ခုနစ်ပါး၏ အကာအကွယ် မရှိခဲ့ပါက ထိုလှံ၏ ရုတ်တရက် တိုက်ခိုက်မှုသည် ဟုန်ယွိ၏ ရုပ်ခန္ဓာကို သေချာပေါက် ဖျက်ဆီးပစ်နိုင်ပြီး၊ သူ သေဆုံးသွားရနိုင်ပါသည်။
ဤရုပ်သေးသည် ခုနစ်လက်မသာ ရှိပြီး အရုပ်တစ်ခုနှင့်တူသော်လည်း ၎င်း၏ ရုတ်တရက် တိုက်ခိုက်မှုသည် အထွဋ်အထိပ် သိုင်းသူတော်စင် တစ်ဦး ၏ တိုက်ခိုက်မှုထက် မလျော့ကျပေ။ ထိုရုပ်သေးလေးသည် သူ့ထံသို့ ခိုးကြောင်ခိုးဝှက် ချဉ်းကပ်ကာ ရုတ်တရက် လျှို့ဝှက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မိုးကြိုးကပ်ဘေးအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ကြီးမားသော ဆုံးရှုံးမှုကို ခံစားရမည်ဖြစ်ရာ သာမန် တစ္ဆေအင်မော်တယ်များဆိုလျှင် ထည့်ပြော ပြောစရာပင် မလိုပါချေ။
"ငါ ကောင်းကင်တုန်ခါလေးနဲ့ အကန့်သတ်မဲ့မြားကို ထိန်းချုပ်နိုင်ခဲ့ပြီ။ ဒီစိတ်ဝိညာဉ်ဖြိုခွဲရုပ်သေးကိုရော မထိန်းချုပ်နိုင်ဘူးလား။"
ကောင်းကင်အထွဋ်ထိပ် နယ်မြေ ဂိုဏ်းခေါင်းဆောင်သည် အစောပိုင်းက ရှုံးနိမ့်မှု ခံစားခဲ့ရပြီးနောက် သူ၏ စွမ်းအားကို သိရှိသွားခဲ့ကာ သူ့ကို သတ်ရန်အတွက် စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေးကို စေလွှတ်လိုက်သည်ဟု ဟုန်ယွိက ခန့်မှန်းမိပြီး ဖြစ်သည်။ ဟုန်ယွိ၏ ရင်ထဲတွင် အမျက်ဒေါသများ ဆူပွက်လာပြီး စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေးကို အနိုင်ယူရန် သူ၏ စွမ်းအားကို အပြည့်အဝကို အသုံးပြုရန် ပြင်ဆင်လိုက်ပါသည်။
သူသည် မက်မွန်နတ်ဘုရားဂိုဏ်း၏ ရတနာခုနစ်ပါးတွင် နံပါတ်တစ်အဆင့်ရှိသော ကောင်းကင်တုန်ခါလေးနှင့် အကန့်သတ်မဲ့မြားတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်သည်။ ဤ စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေးကို ထိန်းချုပ်နိုင်မည့်ကိစ္စကိုလည်း သူ သိပ်ဂရုမစိုက်ပေ။
"ဒီစိတ်ဝိညာဉ် ဖြိုခွဲရုပ်သေးဟာ သိုင်းသူတော်စင်တစ်ပါးရဲ့ ခွန်အားကို ပိုင်ဆိုင်ပြီး ပျံသန်းနိုင်တယ်။ ဒါက စုန်းတစ္ဆေဂိုဏ်းက ဖန်တီးထားတဲ့ ဧကရာဇ် အလောင်းတွေထက် အဆပေါင်း တစ်ရာ ပိုအားကောင်းတယ်။ ဒီရုပ်သေးကရော တာအိုမှော်ပညာ တိုက်ခိုက်ရေးနည်းလမ်းတွေကို သိမလား မသိဘူး။ အနှစ်တစ်သောင်း ကောင်းကင်မက်မွန်သစ်သားထဲမှာ ဒီလိုကလေးပုံစံအရာတစ်ခုအဖြစ် ကြီးထွားလာနိုင်တယ်။ ဒီကမ္ဘာလောကကြီးရဲ့ ကျယ်ပြန့်နက်ရှိုင်းတွေမှုဟာ တကယ်ကို အံ့ဖွယ်ပဲ။ ငါ အရင်က ထူးဆန်းတဲ့အရာတွေအကြောင်း ဖတ်တုန်းကလည်း ကျောက်တုံးနဲ့ သစ်ပင်တွေက နေ မွေးဖွားလာတဲ့ သန္ဓေသားတွေအကြောင်းကို ကြားဖူးတယ်။ ငါ့မျက်လုံးနဲ့ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးတာတော့ ဝမ်းနည်းစရာပဲ။ အခုတော့ နောက်ဆုံး မြင်ခွင့်ရလိုက်ပြီး၊ ကလေးလေး၊ ထွက်ပြေးဖို့ လုံးဝ မစဉ်းစားနဲ့။"
ဟုန်ယွိက သူ့စွမ်းအားကို ထပ်မံ တိုးမြှင့်လိုက်ပါသည်။
သက်တံရောင် လက်ဖဝါးကြီးသည် ပုံမှန်မဟုတ်တော့ဘဲ သိပ်သည်းလာပြီး ကလေးရုပ်သေးကို တင်းကျပ်စွာ ညှစ်ထားသည်။ တစ်ချိန်တည်းမှာပင် ကြည်လင်သော အလင်းတန်းတစ်ခုက ကွဲအက်အဖြစ် ပွင့်လာခဲ့ပါသည်။
ထိုအက်ကြောင်းသည် စကြာဝဠာအိတ်၏ ဝိညာဉ်ကမ္ဘာ ကွဲအက်ပြီး ပွင့်သွားခြင်း ဖြစ်သည်။
ဟုန်ယွိသည် ကလေးရုပ်သေးကို ဖမ်းဆုပ်ကာ စကြာဝဠာအိတ်၏ ဝိညာဉ်ကမ္ဘာထဲသို့ ဆွဲသွင်းပြီး ဖိနှိပ်ရန် ကြံရွယ်ထားသည်။
ဤရုပ်သေးသည် ဝိညာဉ်ကမ္ဘာထဲသို့ ဝင်ရောက်သွားပါက ဖိနှိပ်ရန် ပိုမို လွယ်ကူသွားမည်။
"မင်းက အစစ်အမှန် သိုင်းသူတော်စင် ဖြစ်နေရင်တောင် ဘယ်လိုလုပ် ငါ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ။ မင်းက အစစ်အမှန် သိုင်းသူတော်စင်တစ်ပါးလို လက်သီးဆန္ဒကို စုစည်းလို့ မရဘူး။ မင်းမှာ အားကောင်းတဲ့ ချီနဲ့ သွေးစွမ်းအင်လည်း မရှိဘူး၊ ခြိမ်းခြောက်နိုင်တဲ့ အသက်စွမ်းအင်လည်း မရှိဘူး။ မင်းက ခွန်အားနည်းနည်းလေး ပိုကောင်းပြီး ပျံသန်းကာ လုပ်ကြံသတ်ဖြတ် နိုင်တာပဲရှိတယ်။ ငါ မင်းကို ဘာလို့ မဖမ်းဆီးနိုင်ရမှာလဲ" ဟုန်ယွိက လှောင်ပြုံး ပြုံးလိုက်ပါသည်။
ဟုန်ယွိ၏ စကားများကို တုံ့ပြန်သည့်အလား ကလေးရုပ်သေးသည် ပြင်းထန်စွာ အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ၎င်း၏ အနီရောင်ချည်မျှင်များ ရစ်ပတ်ထားသော လှံသည် လည်ပတ်သွားပြီး၊ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ သစ်သားပုံစံမှ အက်ကွဲသံ ထွက်ပေါ်လာသည်။ ထို့နောက် ပြင်းထန်သော ချီနှင့် သွေးတို့သည် ပြင်းထန်သော နေမင်းကဲ့သို့ ၎င်း၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပါသည်။
"ရူးသွပ်မီးတောက် မြက်ခင်းပြင် လောင်ကျွမ်းစေ။"
ကလေးရုပ်သေး၏ ပါးစပ်မှ စကားလုံး လေးလုံး ဝိုးတဝါး ထွက်ပေါ်လာသည်။ ထို့နောက် ၎င်း၏ လက်ထဲရှိ လှံသည် ပြောင်းလဲသွားပြီး ကျယ်ပြန့်လာပြီး အဖွင့်အပိတ်အဖြစ် ပြောင်းလဲသွားပါသည်။
ပြင်းထန်သော ချီနှင့် သွေးတို့သည်၊ ၎င်း၏ပါးစပ်မှ ထွက်ပေါ်လာသော အသံ၏ တုန်ခါမှုနှင့်အတူ လှံ၏ ပြင်းထန်သော အရှိန်ဟုန်တို့ ပေါင်းစပ်လိုက် ရာ ရူးသွပ်စွာ လောင်ကျွမ်းနေသော မီးတောက်သည် မြက်ခင်းပြင်ကို လောင်ကျွမ်းနေသကဲ့သို့ မမျှော်လင့်ဘဲ အံ့မခန်း စွမ်းအားကို ချက်ချင်းပင် ထုတ်ဖော်လိုက်သည်။
"နင်ဂျာဘုန်းတော်ကြီးတောင် ဒီလောက် ပြင်းထန်တဲ့ တိုက်ခိုက်မူကို ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး။"
ကလေးရုပ်သေး ပေါက်ကွဲထွက်လာသည့် အခိုက်တန့်တွင်, ဟုန်ယွိ၏နှလုံးသားထဲမှာ အချက်ပေး ခေါင်းလောင်းသံတွေ အဆက်မပြတ် ထွက်ပေါ်လာပါသည်။ ပြင်းထန်သော အန္တရာယ်ခံစားချက်က တဟုန်ထိုး မြင့်တက်လာခဲ့သည်။
ထို့နောက် သူ၏ နတ်ဘုရားခုနစ်ပါးသည် ထပ်မံ စုစည်းသွားပြီး လက်ဖဝါး၏ သက်တံရောင် တောက်ပမှုက ဆယ်ဆ ပိုမို အားကောင်းလာသည်။
"လေဟာနယ် ဥပဒေသအားလုံး၊ အသက်မဲ့ခြင်းနှင့် အနန္တ...။"
ဤတစ်ကြိမ်တွင် လက်ဖဝါးကြီးသည် ဖမ်းဆုပ်ခြင်း မပြုတော့ဘဲ တိုက်ရိုက် ရိုက်ပစ်လိုက်သည်။ လက်ဖဝါးကြီးသည် တောင်များ ပြိုလဲပြီး၊ ပင်လယ်ပြင်းကို မှောက်လှန်လိုက်သကဲ့သို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။
ဤသည်မှာ မဟာလေဟာနယ် လက်ဝါးခွန်အား၏ အစွမ်းအထက်ဆုံး တိုက်ခိုက်မှု ဖြစ်သည်။
"ဘုန်း..။"
ဟုန်ယွိကို ဗဟိုပြု၍ ပေတစ်ရာ ပတ်လည်ရှိ နှင်းများသည် လေပြင်းများကြောင့် လွင့်စဉ်သွားပြီး လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
မဟာလေဟာနယ်လက်ဝါး ခွန်အား၏ တိုက်ခိုက်မှုသည် ကလေးရုပ်သေး၏ လှံပညာရပ်နှင့် ထိတွေ့ကာ ဖိနှိပ်သံ 'ဖောက်' ဟူသော အသံ ထွက်ပေါ် လာသည်။ ထို့နောက် ကလေးရုပ်သေးထံမှ ညည်းညူသံတိုးတိုး ထွက်ပေါ်လာပြီး အပေါ်သို့ ပစ်လဲကျသွားသည်။ ထို့နောက်, ကလေးရုပ်သေးသည် မျက်စိတစ်မှိတ်အတွင်း ကောင်းကင်မှ ပျောက်ကွယ်သွားကာ မြေပြင်ပေါ်တွင် ဟုန်ယွိတစ်ယောက်သာ ကျန်ရစ်သည်။
ဟုန်ယွိသည် အလျင်အမြန် အတွေးတစ်ခုကို ကောင်းကင်သို့ စေလွှတ်ပြီး ပတ်ပတ်လည်ကို ကြည့်ရူစစ်ဆေးသော်လည်း ကလေးရုပ်သေး၏ အရိပ်ကို မတွေ့ရတော့ပေ။
"ခုနက ငါ့မဟာလေဟာနယ် လက်ဝါးခွန်အား ထိမှန်သွားပြီးနောက် ဒီစိတ်ဝိညာဉ်ဖြိုခွဲရုပ်သေး နည်းနည်းလေး ထိခိုက်သွားပုံရတယ်။ ကံမကောင်းစွာပဲ, သူထွက်ပြေးတာ အရမ်းမြန်တယ်။" ဟုန်ယွိသည် ကိုယ့်ဘာသာ တွေးလိုက်သည်။
သို့သော် သူ၏အတွေးများကို ပြန်ရုပ်သိမ်းပြီး ရှာဖွေခြင်းကို ရပ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် မင်းသားယုစံအိမ်၏ ဝင်ပေါက်တွင် လူအချို့ လှုပ်ရှားလာသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
လက်နက်အပြည့်အစုံနှင့် ဝတ်ရုံကြီးများ ဝတ်ဆင်ထားသော စစ်သည် ခုနစ်ဦးရှစ်ဦးခန့်သည် အလျင်အမြန် ပြေးလာနေကြသည်။
ဟုန်ယွိသည် ပုံရိပ်ယောင်လေဟာနယ်ကို အသုံးပြုထားသဖြင့် သာမန်လူများ မမြင်နိုင်သော်လည်း၊ အခုနက ကလေးရုပ်သေးသည် "မြက်ခင်းပြင် လောင်ကျွမ်းစေခြင်း မီးတောက်" တိုက်ခိုက်မှုကို အသုံးပြုသည့်အခါ ၎င်းထံမှ ပေါက်ကွဲထွက်လာသော ပြင်းထန်သော သွေးချီသည် ပုံရိပ်ယောင် လေဟာနယ်ကမ္ဘာကို လုံးဝ ချိုးဖျက်လိုက်သည်။ ထို့ကြောင့် မင်းသားယုစံအိမ်၏ ဝင်ပေါက်ရှိ အစောင့်များအားလုံး မြင်လိုက်ရသည်။
"မင်း ဘယ်သူလဲ။ ဘာလို့ စံအိမ်ဝင်ပေါက်မှာ ပြဿနာရှာနေတာလဲ။"
အစောင့်စစ်သည် ခုနစ်ဦး ရှစ်ဦးစလုံးသည် အထွဋ်အထိပ် သိုင်းသခင်များ ဖြစ်ကြပြီး၊ သူတို့သည် စူးရှသော မျက်လုံးများကို ပိုင်ဆိုင်ထားကြပါသည်။ သူတို့သည် ချက်ချင်း ပြေးလာပြီး မေးခွန်းများ မေးကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် တိုက်ခိုက်နိုင်သလို ဆုတ်ခွာနိုင်သည့် စတုရန်းပုံစံ ဝင်္ကပါတစ်ခုကို သိမ်မွေ့စွာ ဖွဲ့စည်းထားကြသည်။
ဟုန်ယွိသည် စံအိမ်နံရံ၏ မျှော်စင်ပေါ်တွင် ပုန်းကွယ်နေသော လေးသည်တော် အချို့ကလည်း သူ့အား ချိန်ရွယ်နေသည်ကို ဝိုးတဝါး မြင်လိုက်ရသည်။
"ကျောက်စိမ်းမြို့တော်ရဲ့ အခြေအနေက ဒီလောက်အထိ တင်းမာလာတာလား။"
ဟုန်ယွိသည် သူ့ကိုယ်သူ တွေးလိုက်ပြီး သူ၏ဝတ်ရုံကြီးကို ချွတ်လိုက်သည်။ "ငါက ဟုန်ယွိပါ။ မင်းသားကို လာတွေ့တာပါ။ အကြောင်းကြားပေးပါ။"
"အော်၊ သခင်လေးယွိကိုး။ မနေ့ကတည်းက အရှင်မင်းသားက ကျွန်တော်တို့ကို တံခါးဝမှာ စောင့်ခိုင်းထားတာပါ။ တကယ်ဆိုရင်, အရှင်မင်းသားက သခင်လေးယွိကို အစိမ်းရောင် မိုးမခစံအိမ်ကို ကိုယ်တိုင်ကိုယ်ကျ သွားဖိတ်ချင်နေတာ။ သခင်လေးယွိက ဒီလောက် မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ အခုနက ဘာဖြစ်သွားတာလဲ..." စစ်သည်အချို့သည် ဟုန်ယွိ၏ နာမည်ကို ကြားသောအခါ သူ့ကို မျက်လုံးများဖြင့် စစ်ဆေး ကြည့်ရှုကြသည်။ ထို့နောက် ၎င်းတို့သည် ချက်ချင်း တုန်ယင်သွားကာ အရိုအသေပေးကြသည်။
"ဘာမှ မဟုတ်ပါဘူး..." ဟုန်ယွိက ခုနက ကိစ္စကို ဖုံးကွယ်လိုက်သည်။ သူသည် ဤစစ်သည်များအား ရှင်းပြရန် အကြောင်းမရှိသလို ရှင်းပြရန်လည်း မလိုအပ်ပေ။ "ငါ့ကို မင်းသားနဲ့ တွေ့ရအောင် ခေါ်သွားပေးပါ။"
စစ်သည်များသည် ထက်မြက်သူများ ဖြစ်ကြပြီး မေးခွန်းများ ထပ်မမေးကြပေ။ ၎င်းတို့သည် ဟုန်ယွိကို အလျင်အမြန် အတွင်းသို့ ဖိတ်ခေါ်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် အစေခံအချို့ကို ညွှန်ကြားလိုက်သည်၊ "ဒီနေရာက နှင်းတွေကို ရှင်းလင်းပြီး ဒီကိစ္စကို လျှို့ဝှက်ထား။"
တစ်ချိန်တည်းမှာပင် ဝူဝမ်မြို့စားစံအိမ် ရှေ့ရှိ လမ်းပေါ်ရှိ လူထမ်းဆီဒင်ထဲတွင် ကောင်းကင်အထွဋ်ထိပ်နယ်မြေ ဂိုဏ်းခေါင်းဆောင် ဖေးအာသည် သူမမျက်လုံးများကို မှိတ်ထားပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်စွန်းတစ်စ ပေါ်လာသည်။
"မင်း ဘယ်လို ပညာရှင်မျိုးပဲ ဖြစ်နေပါစေ၊ ငါ့ရဲ့ စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေး လှုပ်ရှားတာနဲ့ မင်းရဲ့ရုပ်ခန္ဓာကိုယ် သေချာပေါက် ဖျက်ဆီးပစ်ပြီး၊ မင်းရဲ့ဝိညာဉ်ကို ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရစေလိမ့်မယ်။ မင်းက ငါခေါင်းဆောင်ရဲ့ အတွေးတစ်စကို ဖျက်ဆီးပစ်ရဲတယ်။ ဒီ ခေါင်းဆောင်က မင်းကို ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲ။ ဟမ့်၊ ကျောက်စိမ်းမြို့တော်ဟာ အခုဆိုရင် လူကောင်းတွေရော လူဆိုးတွေရော ရောနေပြီ။ အားလုံးက အစွမ်းထက်တဲ့ နဂါးတွေပဲ။ ငါ ဟုန်ရွှန်ကျိအတွက် ဒီအသေးမွှားယင်ကောင်လေးအချို့ကို ဖယ်ရှားပေးရတော့မယ်။"
သူမက အေးစက်စွာ ပြုံးလိုက်ပြီး၊ သူမ၏ ဖြူဖွေးသော လက်များကို စိုက်ကြည့်ကာ ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
"ဟင်..၊ ဘာဖြစ်နေတာလဲ။"
ထိုအချိန်တွင် လူထမ်းဆီဒင်၏ လိုက်ကာက လှုပ်ရှားသွားပြီး အခုနက ပျံထွက်သွားသော စိတ်ဝိညာဉ်ဖြိုခွဲ ကလေးရုပ်သေးသည် ပြန်လည် ပျံသန်းလာခဲ့ပြီး၊ သူမလက်ထဲကို ရောက်ရှိလာပါသည်။ ၎င်း၏မျက်လုံးများက မှိတ်တုပ်မှိတ်တုပ် ဖြစ်ပြီး ပင်ပန်းနွမ်းနယ်နေသည့် အမူအရာ ပေါ်လွင်နေသည်။
"ဒီလူက ဘယ်သူလဲ။ စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေးရဲ့ တိုက်ခိုက်မှုကတောင် သူ့ကို ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ပြီးတော့ စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေးရဲ့ အသက်စွမ်းအားကိုတောင် ဒဏ်ရာရအောင် လုပ်လိုက်တယ်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
ကောင်းကင်အထွဋ်ထိပ်နယ်မြေ ဂိုဏ်းခေါင်းဆောင် ဖေးအာသည် စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေး၏ အခြေအနေကို မြင်သောအခါ သူမ၏ မျက်လုံးများ တွင် အံ့အားသင့်မှုကို ထပ်မံ ဖုံးကွယ်ထား၍ မရတော့ပေ။
သူမ၏ လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ သူမ၏ လက်ချောင်းထိပ်မှ လတ်ဆတ်သော သွေးများစိမ့်ထွက်လာပြီး စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေး၏ ပါးစပ်ထဲကို စက်ချလိုက်သည်။ ခုနစ်လက်မအရွယ် ကလေးရုပ်သေးသည် သွေးကို စုပ်ယူစားပြီးနောက် သူ့မျက်ခွံတွေက ကျလာခဲ့ပြီး၊ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားကာ တိုးတိုးလေး ဟောက်သံကိုပင် ကြားနိုင်ပါသည်။
ယခုချိန်တွင် စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေးသည် အမှန်ပင် ဗိုက်ပြည့်ပြီး အိပ်မောကျနေသော ကလေးတစ်ယောက်နှင့် တူနေပါသည်။
"သူက ငါ့ရဲ့အတွေးတစ်စကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တယ်။ ပြီးတော့ စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေးရဲ့ လျှို့ဝှက်တိုက်ခိုက်မှုကိုလည်း ကျရှုံးစေပြီး၊ စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေးကိုပါ ဒီလောက်အထိ ပင်ပန်းသွားအောင် လုပ်နိုင်ခဲ့တယ်။ စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေးဟာ အနှစ်တစ်သောင်း ကောင်းကင်မက်မွန်ပင်ကနေ မွေးဖွားလာတဲ့ သစ်သားလူသား မဟုတ်ခဲ့ရင် ဖျက်ဆီးခံခဲ့ရလောက်ပြီ။ ဒီလူဟာ ဒီကမ္ဘာကြီးရဲ့ ထိပ်တန်း ကျွမ်းကျင်သူ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ သူ ဘယ်သူလဲ။ စုံစမ်းသင့်လား၊ မစုံစမ်းသင့်လား။ ဒါပေမဲ့ စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေးကတောင် သူ့ကို ဘာမှ မလုပ်နိုင်ခဲ့ရင် စုံစမ်းနေလို့လည်း ဘာမှ တွေ့မှာ မဟုတ်ပါဘူးလေ။ မေ့လိုက်ပါ။ ရွှန်ကျိ နန်းတော်ကနေ ပြန်လာတဲ့အထိ စောင့်မယ်။ ပြီးတော့ ဒီကိစ္စကို သူ့ကို ပြောပြမယ်။ ဒါမှ သူ ပိုပြီး သတိထားနိုင်မှာ။ ရွှန်ကျိ ပြောတာ မှန်နေပုံရတယ်။ မြို့တော်တစ်ခုလုံး ကျွမ်းကျင်သူတွေနဲ့ ပြည့်နေတယ်၊ ငါ သတိထားရမယ်။"
လူသားအင်မော်တယ်တစ်ပါး၏ ခွန်အားကပင် စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေးကို ဖျက်ဆီး၍ မရနိုင်ပေ။ ခွန်အားကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်ရုံသာ ရှိလိမ့် မည်။ ထို့အပြင်, ခဏ အနားယူပြီးနောက် ပြန်ကောင်းလာလိမ့်မည်။
"လူထမ်းဆီဒင်ကို ပြန်လှည့်။ စံအိမ်ကို ပြန်မယ်။"
ထိုအတွေးဖြင့် ကောင်းကင်အထွဋ်ထိပ်နယ်မြေ ဂိုဏ်းခေါင်းဆောင်၏ မျက်လုံးများက လျှပ်တစ်ပြက် လင်းလက်သွားခဲ့ပြီး၊ သူမက အမိန့်ပေးလိုက် သည်။
"ဂိုဏ်းခေါင်းဆောင်၊ ကျွန်တော်တို့ ပန်းကြဲပြည့်တန်ဆာရုံကို မသွားတော့ဘူးလား။" အပြင်က အစေခံက မေးသည်။
"မသွားဘူး။ စံအိမ်ကို အရင်ပြန်မယ်။"
ကောင်းကင်အထွဋ်ထိပ်နယ်မြေ ဂိုဏ်းခေါင်းဆောင် ဖေးအာက ဟမ့်ခနဲ အသံပြုလိုက်ရာ အပြင်ရှိ အစေခံများသည် အလျင်အမြန် လူထမ်းဆီဒင်ကို လှည့်ပြီး စံအိမ်သို့ ပြန်သွားကြသည်။
"ဟင်း…၊ ဒီကောင်းကင်အထွဋ်ထိပ်နယ်မြေ ခေါင်းဆောင်က အရမ်း သတိကြီးတယ်။ သူမက သေဆုံးသွားတဲ့ သူမခင်ပွန်း ယန်ကျင့်ကျုံထက် အဆပေါင်းတစ်ရာ ပိုသတိကြီးတယ်။ ကျောက်ဖေးရုန်နဲ့ နှိုင်းယှဉ်ရင် သူမက ပိုပြီး အတွေ့အကြုံများတယ်။ သူမရဲ့ အတွေးတစ်စကို ဖယ်ရှားပြီးတဲ့ နောက် သူမက ငါနဲ့ အသေအကြေ တိုက်လိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ။ သူမက စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေးကို အသုံးပြုပြီး ငါ့ကို လျှို့ဝှက်တိုက်ခိုက် ကာ ငါ့စွမ်းအားကို စမ်းသပ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။"
ဟုန်ယွိသည် အစောင့် အနည်းငယ်နှင့်အတူ မင်းသားယုစံအိမ်ထဲသို့ လိုက်ပါသွားပြီး သူ့ကိုယ်သူ တွေးလိုက်ပါသည်။
"ဒါပေမဲ့ ခင်ဗျားမှာ စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေး ရှိရင်တောင် ဘာမှ မထူးပါဘူး။ ကုျပ် အပ်စိုက်အမှတ် တစ်ရာ့ရှစ်ခုလုံးကို ကျင့်ကြံပြီးရင် ကျုပ်ခန္ဓာကိုယ်က သိုင်းသူတော်စင်တစ်ပါး ဖြစ်လာလိမ့်မယ်။ ကျုပ်ရဲ့သွေးက ပိုမို အားကောင်းလာမယ်။ ကျုပ်ရဲ့ ဝိညာဉ်နဲ့ စိတ်ဝိညာဉ် နှစ်ခုလုံးကို ကျင့်ကြံနိုင်မယ်။ ပြီးတော့ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်ပြီ။ ခင်ဗျားကို သတ်ဖို့ဆိုတာက ကြက်သတ်သလို လွယ်သွားလိမ့်မယ်။ ခင်ဗျားကို နောက်ထပ် ရက်အနည်းငယ် အသက်ရှင်ခွင့် ပေးလိုက်ဦးမယ်။"
မင်းသားယုစံအိမ်သည် အရင်ကအတိုင်း ရိုးရှင်းပြီး ကျယ်ဝန်းသော်လည်း၊ ကြွယ်ဝမှုကြားတွင် ခမ်းနားသော အငွေ့အသက်နှင့် အပြင်အဆင်များ ရှိသည်။
"ဟုန်ယွိ! မင်း နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ဒီရက်တွေမှာ ငါ အရမ်းကို လောနေတာ။ မင်း ငါ့ကို ပင်မကျောရိုးအဖြစ် ကူညီပေးနိုင်ရင် အများကြီး ပိုလွယ်ကူလိမ့်မယ်။"
ဟုန်ယွိ စံအိမ်ကြီး၏ ဧည့်ခန်းမစင်္ကြံသို့ ခြေချလိုက်စဉ်မှာပင် မင်းသားယု၏ ဝမ်းမြောက်ဝမ်းသာ အသံကို ကြားလိုက်ရသည်။
မင်းသားယုသည် အရာရှိဝတ်စုံ ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းခါးပတ် ပတ်ထားကာ ပုလဲများပါသည့် ခရမ်းရွှေရောင် သရဖူကို ဆောင်းထား သည်။ သူ နှုတ်ဆက်ရန် ထွက်လာခဲ့သည်။
"ကျောက်စိမ်းမြို့တော်ကို ရောက်လာကတည်းက ကျွန်တော် သိပြီးပါပြီ။ ကျောက်စိမ်းမြို့တော်ဟာ လူလိမ်တွေရော ရိုးသားသူတွေရော ရောနှောနေ တဲ့ နေရာတစ်ခုပဲ။ လျှို့ဝှက် ကျွမ်းကျင်သူတွေ အများကြီး ရှိနေတယ်။ ပြီးတော့ ကြီးမားတဲ့ မုန်တိုင်းကြီးတစ်ခု ဖြစ်တော့မယ်လို့ ထင်တယ်။ ဘာတွေ ဖြစ်နေတာလဲ။"
ဟုန်ယွိ မင်းသားယု စိုးရိမ်ပုံမရသည်ကို မြင်သောအခါ ခေါင်းညိတ်ပြီး အသံမြင့်ကာ မေးလိုက်သည်။
"ဒါက ချန်ပီယံမြို့စား ကျောက်စိမ်းမြို့တော်ကို ဂုဏ်ပြုဆုချီမြှင့်ခံဖို့ ရောက်လာတာနဲ့ ပတ်သက်နေတယ်။ သူက ပင်လယ်ပြင်မှာ ကြီးမားတဲ့ အောင်ပွဲကြီးတွေ ရရှိခဲ့တယ်လေ။ စိတ်ကူးနတ်ဘုရားလို့ခေါ်တဲ့ နိုင်ငံတော် စစ်သင်္ဘောကြီးကိုတောင် သိမ်းယူနိုင်ခဲ့တယ်။ ဒါက ရှေးခေတ်ကတည်း က ရှားပါးတဲ့ အောင်မြင်မှုပဲ။ ခမည်းတော်က သူ့ကို ယန်ဆိုတဲ့ မျိုးရိုးနာမည် ပေးလိုက်တယ်။ ပြီးတော့ သူ့လက်အောက်က စစ်သားတွေကိုလည်း ဆုချီးမြှင့်ချင်နေတယ်။ ဒါက အရမ်းကို အုတ်ကျော်သောင်းနင်း ဖြစ်နေတဲ့ကိစ္စပဲ။ ဒါကြောင့် ကျောက်စိမ်းမြို့တော်မှာ အခု ကျွမ်းကျင်သူတွေ အများကြီး ရောက်ရှိနေတာ။ ချန်ပီယံမြို့စားဟာ ခမည်းတော်နဲ့ နယ်စပ်မြို့လေးက မိန်းကလေးတစ်ဦးရဲ့ တရားမဝင်သား ဖြစ်မှန်း ငါ မသိခဲ့ဘူး။ အခု ခမည်းတော်က သူ့ကို ယန်ဆိုတဲ့ မျိုးရိုးနာမည် ပေးချင်တော့မှ ငါ သိရတယ်။"
မင်းသားယု ပြောနေစဉ် သူ၏ မျက်လုံးများက ကျဉ်းသွားခဲ့ပြီး သူ့ပတ်ဝန်းကျင်ရှိ စစ်သားများ ချက်ချင်း နောက်ဆုတ်သွားကြသည်။ ထို့နောက် သူက တိုးတိုးလေး ပြောလိုက်သည်။ "ထာဝရမိခင်ကို ငါ ကျောက်စိမ်းမြို့တော်ကို ခေါ်ဆောင်လာပြီးပြီ။ ပြီးတော့ ငါ့စံအိမ်ထဲမှာ အကျဉ်းချထားတယ်။ ဒါပေမဲ့ သူမလောက်နဲ့ အိမ်ရှေ့စံမင်းသားကို စွပ်စွဲဖို့ မလုံလောက်သေးဘူးလို့ ငါ ထင်တယ်။ ... အိမ်ရှေ့စံမင်းသားကို စွပ်စွဲတာက သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူး။ ငါတို့ ဖြည်းဖြည်းချင်း လုပ်ရမယ်။ ပြီးတော့ တုတ်နဲ့ တစ်ချက်တည်း ရိုက်သတ်ရမယ်။ မဟုတ်ရင် မင်းနဲ့ ငါ နှစ်ယောက်စလုံး ဒုက္ခရောက်လိမ့်မယ်။"
"ဟုတ်ပါတယ်။ အိမ်ရှေ့စံမင်းသားကို စွပ်စွဲတာက နန်းတော်တစ်ခုလုံးနဲ့ ကမ္ဘာလောကကြီးကိုတောင် တုန်လှုပ်စေမယ့် အရေးကြီးကိစ္စပဲလေ။ ဒါအပြင်, ဧကရာဇ်က အိမ်ရှေ့စံမင်းသားကို အပြစ်ပေးချင်တယ်လို့ ကျွန်တော် မထင်ဘူး။ ကျွန်တော့်တို့သာ ထာဝရမိခင်ကို အခုလို ပစ်ထုတ်လိုက် ရင် ပြဿနာတွေက ချက်ချင်း ရောက်လာလိမ့်မယ်။ ထာဝရမိခင်ကို ဆက်ထိန်းထားပြီး အိမ်ရှေ့စံမင်းသားရဲ့ အရေးကြီးသက်သေခံတွေကို ထုတ်ပြနိုင်တယ်။ သူ လျှော့ပေးဖို့ကလွဲပြီး အခြား ရွေးချယ်စရာ မရှိဘူး။ ကျွန်တော်တို့ ပိုအားကောင်းလာတဲ့အခါမှ သူ့ကို ယှဉ်ပြိုင်နိုင်လိမ့်မယ်။"
ဟုန်ယွိ၏ မျက်လုံးများက လျှပ်တစ်ပြက် လင်းလက်သွားပြီး အကြံပြုလိုက်သည်။
တကယ်တော့ သူ့မှာ နောက်ထပ် အတွေးတစ်ခု ရှိနေပါသေးသည်။ ထိုအတွေးက မင်းသားယုကို အိမ်ရှေ့စံမင်းသားနှင့် ညှိနှိုင်းခိုင်းပြီး၊ ထာဝရ မိခင်ကို ဖန်ဆင်းရှင်တာဂိုဏ်း၏ ရှေးဟောင်းကျမ်းစာအချို့နှင့် လဲလှယ်ဖို့ဖြစ်သည်။ မင်းသားယုသည် အိမ်ရှေ့စံမင်းသား မဟုတ်ပါဘူး။ ထို့ကြောင့် သူသည် ဖန်ဆင်းရှင် တာအိုဂိုဏ်း၏ အစစ်အမှန် ကောင်းကင်ကျမ်းစာကို ကြည့်ရူနိုင်မှာ မဟုတ်ပါဘူး။
"ကောင်းပြီ။ အိမ်ရှေ့စံမင်းသားဘေးမှာ သခင်လန် ရှိတယ်။ ညီတော် အဌမမင်းသားဘေးမှာ သခင်ကျိုး ရှိနေတယ်။ ပြီးတော့ ဝူဝမ်မြို့စားရဲ့ စံအိမ်မှာဆို သခင်ဝူ ရှိတယ်။ မင်းကတော့ ငါ့ရဲ့ ဘေးက သခင်ဟုန်ပဲ။"
မင်းသားယုသည် ဟုန်ယွိ၏ အကြံပြုချက်ကို နားထောင်ပြီး ခေါင်းငုံ့ကာ စဉ်းစားလိုက်သည်။ ထို့နောက် သူက ပြုံးလိုက်သည်။
သူ၏စိတ်သည်လည်း ကျောက်တုံးကို ဆီညှစ်ထုတ်ယူလိုသူတစ်ဦးကဲ့သို့ ဖြစ်လာခဲ့သည်။ အိမ်ရှေ့စံမင်းသားကို စွပ်စွဲရန် ထာဝရမိခင်ကို အသုံးပြုဖို့ အချိန်မကျသေးဘူးဆိုသည်ကို သူ သိသည်။ သူသည် အရင်ဆုံး သက်သေများကို လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်ရမည်။
သူတို့နှစ်ဦးသည် အမြင်များကို အကျဉ်းချုပ် ဖလှယ်ပြီးနောက် အခြေခံ ချဉ်းကပ်မှုကို ချက်ချင်း ဆုံးဖြတ်လိုက်ကြသည်။
"ဟုန်ယွိ၊ မင်း တကယ်ပဲ မိုးကြိုးကပ်ဘေးအဆင့် တာအိုသခင်တစ်ဦး ဖြစ်သွားပြီလား။" ဤအချိန်တွင် မင်းသားယု ထပ်မံ၍ တိုးတိုးလေး မေးလိုက်သည်။
"ဟုတ်ပါတယ်၊ မင်းသားအနေနဲ့ ဒါကို သံသယ ဝင်စရာ မလိုပါဘူး။ ဒါပေမဲ့ မင်းသားကရော ထာဝရ မိခင်ကို ကျောက်စိမ်းမြို့တော်ကို ဘယ်လိုလုပ် ဒီလောက် မြန်မြန် ခေါ်ဆောင်လာနိုင်တာလဲ။" ဟုန်ယွိက ပြန်မေးလိုက်သည်။
ဟုန်ယွိ ကိုယ်တိုင် ထာဝရမိခင်ကို ကျောက်စိမ်းမြို့တော်သို့ မခေါ်ဆောင်ရခြင်း၏ အကြောင်းရင်းမှာ မင်းသားယု၏ စွမ်းအားကို သိလို၍လည်း ဖြစ်သည်။ အခု ဤမင်းသားက အမှန်ပင် လုပ်နိုင်ခဲ့သည်။ ဤအချက်က ဟုန်ယွိကို အရမ်း စိတ်ဝင်စားသွားစေသည်။