← Chapters

မြင့်မြတ်မင်းဆက်ဆီ ဦးတည်ခြင်း

Vol. 26 Ch. 251

မြင့်မြတ်မင်းဆက်ဆီ ဦးတည်ခြင်း

Vol. 26 Ch. 251

တတိယသူတော်စင်နတ်ဘုရား မုရုံရမ်ယန် သည် တစ်ချိန်က ဝတ်ရုံနက် အဖွဲ့အစည်းဆီသို့ သွားရောက်ကာ ရှန်းချန်ကောနှင့် တွေ့ဆုံခဲ့ဖူးရာ သူ့ကို အလွန် လေးစားသဘောကျခဲ့ပေသည်။

ထို့ကြောင့် သူမသည် ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်လေသည်။

သူမ၏အမြင်တွင် ရှန်းချန်ကော၏အရေးပါမှုသည် ဤနေရာမှလူအားလုံးထက်ပင် ပိုမို မြင့်မားနေချေ၏။

ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ယခုလို ကျင့်ကြံခြင်း နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ့ကို ကောင်းကင်အလိုကို ဖီဆန်သောဖြစ်တည်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

အချိန်ကာလ တစ်ခုသာ ပေးလိုက်လျှင် ရှန်းချန်ကောသည် ဖန်ဆင်းခြင်းအကြီးစား နယ်ပယ် သို့ သေချာပေါက် တက်လှမ်းနိုင်မည် ဖြစ်ပြီး ဖန်ဆင်းခြင်းအန္တိမနယ်ပယ် သို့ ရောက်ရှိရန်ပင် အခွင့်အလမ်း များစွာ ရှိနေသည်ဟု သူမ အခိုင်အမာ ယုံကြည်ထားလေသည်။

ရှန်းချန်ကော၏အလားအလာသည် အလွန် အားကောင်းလွန်းလှပေသည်။

သူသည် သူတော်စင်နတ်ဘုရားကျောင်းတော်၏ အနာဂတ် ဖြစ်ရာ သူ့တွင် မည်သည့် အမှားအယွင်းမျှ ဖြစ်၍ မဖြစ်ချေ။

ထို့အပြင် သူ့အသက်အန္တရာယ် စိုးရိမ်ရမည့် အခြေအနေများ ရှိလာနိုင်သဖြင့် မုရုံရမ်ယန်က တဲ့တိုးပင် ပြောဆိုလိုက်ခြင်း ဖြစ်လေသည်။

ရှန်းချန်ကောကို မြင့်မြတ်မင်းဆက် ထံ သွားခွင့်ပြုရန် သူမ ငြင်းဆန်လိုက်ပေသည်။

ခန်းမဆောင်ထဲတွင် မုရုံရမ်ယန် ပြောပြီးနောက် အခြား သူတော်စင်နတ်ဘုရား အားလုံးကလည်း သူတို့၏သဘောထားများကို ထုတ်ဖော်ပြောကြားလာကြသည်။

သူတို့၏ သဘောထားများသည် ထူးဆန်းစွာပင် တစ်ညီတစ်ညွတ်တည်း ဖြစ်နေကြချေ၏။

သူတို့အားလုံး ငြင်းပယ်လိုက်ကြပေသည်။

ရှန်းချန်ကော မြင့်မြတ်မင်းဆက်ထံ သွားရောက်မည့် ဆုံးဖြတ်ချက်ကို သူတို့အားလုံး သဘောမတူခဲ့ကြချေ။

"ဒီကိစ္စမှာ ကာယကံရှင်က ရှင်လေ... ရှင်ဘယ်လိုသဘောရလဲ..."

ထိုအချိန်တွင် လော့ယွင်ရှီး၏အေးစက်ပြီး ခမ်းနားထည်ဝါသော အသံသည် ခန်းမဆောင် အထက်မှ ထွက်ပေါ်လာပေသည်။

ထို့နောက် သူမသည် ရှန်းချန်ကောကို ငုံ့ကြည့်လိုက်လေသည်။

ရှန်းချန်ကောသည် သူ၏ခန့်ညားသော မျက်နှာကို မော့လိုက်ပြီး တောက်ပသော မျက်ဝန်းများဖြင့် လော့ယွင်ရှီးကို ကြည့်လိုက်၏။

ကြယ်တာရာ ကောင်းကင်ကဲ့သို့ ကျယ်ပြောပြီး လူတစ်ယောက်၏နှလုံးသားကို နစ်မြုပ်သွားစေနိုင်လောက်အောင် အေးစက်နက်ရှိုင်းသော မျက်ဝန်းတစ်စုံကို သူ မြင်တွေ့လိုက်ရပေသည်။

ထိုအခိုက်အတန့်တွင်...

ရှန်းချန်ကော၏ နှလုံးသား တုန်ခါသွားလေသည်။

သူ့ရှေ့မှ မြင်ကွင်းသည် ရုတ်ခြည်း ပြောင်းလဲသွားချေ၏။ ကြယ်တာရာများ ရွေ့လျားသွားပြီး ပင်လယ်မျက်နှာပြင်များပြောင်းလဲသွားသကဲ့သို့ ဖြစ်ပေသည်။

သူသည် အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်နေပြီး ရှင်းပြ၍ မရနိုင်သော ထူးဆန်းသည့် ဟင်းလင်းပြင် တစ်ခုထဲတွင် ရောက်ရှိနေလေသည်။

ရှန်းချန်ကော၏မျက်လုံးများ တောက်ပသွားသည်။ သူ ဝေ့ဝဲကြည့်လိုက်သောအခါ ပတ်ဝန်းကျင် ရှုခင်းများ အကြီးအကျယ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရပေသည်။

သူသည် ခန်းမဆောင်ထဲတွင် ရှိနေတော့ပုံ မရချေ။

အရပ်မျက်နှာ အသီးသီးတွင် တောက်ပသော ကြယ်များ လင်းလက်နေသည့် ကျယ်ပြောလှသော ကြယ်တာရာ ကမ္ဘာကြီးတစ်ခုကိုသာ မြင်တွေ့နေရပြီး အခြား မည်သည့်အရာမျှ မရှိတော့ပေ။

"ဝှစ်..."

ရှန်းချန်ကောသည် သူ၏အတွေးများကို စုစည်းလိုက်လေသည်။တောက်ပသော အလင်းတန်းတစ်ခု သူ၏မျက်လုံးများထဲမှ ထွက်ပေါ်လာသည်။

ကြယ်တာရာကမ္ဘာထဲတွင် မရေမတွက်နိုင်သော ကြယ်များ လင်းလက်နေပြီး ကောင်းကင်ယံရှိ ကြယ်များ ယက်လုပ်ထားသကဲ့သို့ ဖြစ်ပေါ်နေသော အထွတ်အထိပ် ပလ္လင်တစ်ခု ပေါ်လာချေ၏။

လော့ယွင်ရှီး၏ခမ်းနားသော ပုံရိပ်သည် ထိုပလ္လင်ထက်တွင် ထိုင်လျက်သား ပေါ်လာလေသည်။

"ဒါ ဘယ်နေရာလဲ..."

ရှန်းချန်ကောသည် ထူးဆန်းသော အမူအရာဖြင့် မမေးဘဲ မနေနိုင်တော့ချေ။

ဤကဲ့သို့သော နည်းလမ်းသည် သူ၏နားလည်မှုကို ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ ရှိနေပေသည်။

ထို့အပြင် လော့ယွင်ရှီး၏ ရည်ရွယ်ချက်က မည်သို့နည်း။

လူတိုင်းရှေ့တွင် ပြော၍မရသော အရာများ ရှိနေသလော။

သူမသည် သူ့ကို ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်သည့် နည်းလမ်းတစ်ခုကို အသုံးပြုချင်နေခြင်း ဖြစ်ပေသည်။

"ဒါက ကျွန်မရဲ့ကမ္ဘာလေ... ရှင် ဖန်ဆင်းခြင်းအန္တိမ နယ်ပယ်ကို ရောက်ရင် နားလည်လာလိမ့်မယ်..."

ရှန်းချန်ကော ဘာတွေးနေသည်ကို သိနေသည့်အလား လော့ယွင်ရှီးက ပြန်ဖြေလိုက်လေသည်။

"ကျွန်မက ရှင့်ကို မြင့်မြတ်မင်းဆက်ဆီ သွားစေချင်တယ်..."

"ဘာလို့လဲ..."

ရှန်းချန်ကောသည် ထူးဆန်းသော မျက်ဝန်းများဖြင့် မမေးဘဲ မနေနိုင်ပေ။

"မြင့်မြတ်မင်းဆက်က အဆုံးမရှိတဲ့ မဟာပျက်စီးခြင်း နယ်မြေရဲ့နက်ရှိုင်းတဲ့ နေရာတွေကို အုပ်ချုပ်ထားတာ... အဲဒီမှာ တိမ်တိုက်တွေလို များပြားတဲ့ ကျွမ်းကျင်သူတွေ ရှိသလို ကမ္ဘာပေါ်က ပါရမီအရှိဆုံး ကျွမ်းကျင်သူတွေလည်း စုဝေးနေကြတာ... ရှင် အဲဒီကို သွားတာက အကျိုးပဲ ရှိပြီး အဆိုး မရှိနိုင်ပါဘူး... ရှင့်ရဲ့အမြင်အာရုံကျယ်ပြန့်လာစေမယ့်အပြင် ခရီးသွားရင်း ကမ္ဘာပေါ်က အထူးချွန်ဆုံး ပုဂ္ဂိုလ်တွေနဲ့ယှဉ်ပြိုင်ရတဲ့ ခံစားချက်ကိုလည်း ရရှိစေလိမ့်မယ်... အဲဒါက ရှင့်ရဲ့ ကျင့်ကြံမှုအတွက် တိုးတက်မှု တစ်မျိုး ဖြစ်လာမှာပါ..."

ကြယ်တာရာအလင်းများဖြင့် ယက်လုပ်ထားသော ပလ္လင်ထက်တွင် ထိုင်နေသည့် လော့ယွင်ရှီး၏ ခန္ဓာကိုယ်သည် ကြယ်တာရာများဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေလေသည်။

သူမသည် တောက်ပသော အလင်းရောင်များ ထုတ်လွှတ်နေပြီး ကမ္ဘာလောကကို မှင်သက်စေကာ တောင်များနှင့် မြစ်များကို အရောင်မှိန်သွားစေနိုင်လောက်အောင် လှပနေချေ၏။

"နောက်ထပ် ရှိသေးတယ် မဟုတ်လား..."

ရှန်းချန်ကော၏မျက်လုံးများ လက်သွားလေသည်။ ယခုပြောနေသောစကားများက နားထောင်ကောင်းသော်လည်း လက်တွေ့ကျသော အဓိပ္ပာယ် မရှိချေ။

ရိုးရိုးရှင်းရှင်း ပြောရလျှင်...

သူမ၏စကားများထဲတွင် သူရနိုင်မည့် အကျိုးအမြတ် ပါမလာသကဲ့သို့ ရှိနေပေသည်။

ထို့ဆိုလျှင် သူက ဘာကိစ္စ မြင့်မြတ်မင်းဆက်အထိ အဝေးကြီး သွားရမည်နည်း။ ဒုက္ခသွားခံရုံ သက်သက် မဟုတ်ပါလော။

ရှန်းချန်ကော၏ဆိုလိုရင်းမှာ အလွန် ရိုးရှင်းလှပေသည်။ ခင်ဗျား ဘာပဲပြောပြော အကျိုးအမြတ် မရှိရင် ကျွန်တော် မသွားဘူး ဆိုသည့် သဘောပင်။

ကြယ်တာရာအလင်းများအောက်တွင် လော့ယွင်ရှီး တစ်ကိုယ်လုံး တောက်ပနေလေသည်။ သူမသည် ကြည်လင်နေပြီး နတ်သမီးတစ်ပါးကဲ့သို့ မြင့်မြတ်နေချေ၏။

သို့သော် ရှန်းချန်ကော၏စကားကို ကြားသောအခါ သူမ၏လှပသော မျက်နှာတွင်ပြောစရာစကားမဲ့သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

ထို့နောက် သူမသည် ဖီးနစ် မျက်ဝန်းများဖြင့် ရှန်းချန်ကောကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

ခဏကြာပြီးနောက် သူမက ပြောလိုက်လေသည်။

"မြင့်မြတ်မင်းဆက်က မဟာပျက်စီးခြင်း နယ်မြေမှာ စည်ကားပြီး အင်အားအကြီးဆုံး နေရာ ဖြစ်ရုံသာမကဘူး... ကမ္ဘာအနှံ့က အံ့မခန်း ပါရမီရှင်တွေ စုဝေးရာ နေရာလည်း ဖြစ်တယ်... မြင့်မြတ်မင်းဆက်ထဲကို ဝင်ရောက်လာတဲ့ အဲဒီလူတွေမှာ ကမ္ဘာလောကကြီး စိတ်ကူးမယဉ်နိုင်တဲ့ နည်းလမ်းတွေ ရှိကြတယ်..."

လော့ယွင်ရှီး ခဏ ရပ်လိုက်သည်။

ရှန်းချန်ကောသည် ယုန်ကို မမြင်ရမချင်း ဒီချုံကိုထွင်မည့်လူမျိုး မဟုတ်မှန်း၊အကျိုးအမြတ်အကြောင်းမကြားရမချင်း စကားအများကြီး ပြောနေရုံဖြင့် အရာထင်မည် မဟုတ်မှန်း သူမ သိနေသည့်အလား ရှိလေသည်။

သူမသည် တိုက်ရိုက်ပင် ပြောလိုက်တော့၏။

"မြင့်မြတ်မင်းဆက်က ကျွမ်းကျင်သူ တစ်ယောက်က ကမ္ဘာကို တုန်လှုပ်စေမယ့် ဓားသိုင်းစနစ် တစ်ခုကို ဖော်ထုတ်ထားတယ်လို့ သတင်းရထားတယ်... အဲဒီ ဓားသိုင်းရဲ့စွမ်းအားက ပြိုင်ဘက်ကင်းပြီး အစွမ်းအထက်ဆုံး ဖြစ်တဲ့ သတ်ဖြတ်ခြင်း ဓားသိုင်း ထက်တောင် သာလွန်တယ်လို့ ဆိုကြတယ်..."

"ရှီး..."

ထိုစကားကို ကြားသောအခါ ရှန်းချန်ကော တုန်လှုပ်သွားပြီး အသက်ပြင်းပြင်း ရှူလိုက်မိလေသည်။

သူ၏မျက်ဝန်းနက်များထဲတွင် မယုံကြည်နိုင်သကဲ့သို့သော ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာချေ၏။

သတ်ဖြတ်ခြင်း ဓားသိုင်း ဆိုသည်မှာ အဘယ်နည်း။

သတ်ဖြတ်ခြင်း ဓားသိုင်း ဆိုသည်မှာ နာမည်နှင့်လိုက်အောင်ပင် သတ်ဖြတ်ခြင်းအတွက် ဖန်တီးထားသော ဓားသိုင်းပညာ ဖြစ်ပေသည်။

၎င်းသည် သတ်ဖြတ်ဖို့ သက်သက်အတွက် ဖန်တီးထားသောဓားသိုင်း ဖြစ်လေသည်။

၎င်း၏သတ်ဖြတ်နိုင်စွမ်းသည် ကမ္ဘာလောကတွင် ပြိုင်ဘက်ကင်းပြီး ပင်လယ်လေးစင်းကို တုန်လှုပ်စေနိုင်လောက်အောင် ကျော်ကြားလှပေသည်။

၎င်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းပြီး ဓားလမ်းကြောင်း၏ အထွတ်အထိပ် ဓားသိုင်းစနစ် ဖြစ်ချေ၏။

စစ်မှန်ပြီး စွမ်းအားကြီးသော သတ်ဖြတ်ခြင်း ဓားသိုင်းအတွက်မူ...

လူများစွာသည် မိမိကိုယ်ကို ပါရမီ အလွန်ပါသည်ဟု ထင်မှတ်ကြသော်လည်း သူတို့သည် အပေါ်ယံကိုသာ သင်ယူခဲ့ကြရခြင်း ဖြစ်ပေသည်။

စွမ်းအားအကြောင်း မပြောနှင့်ဦး၊ သူတို့တွင် ပုံသဏ္ဍာန်သာ ရှိပြီး ဝိညာဉ်မရှိကြချေ။

ယခုအခါ မြင့်မြတ်မင်းဆက်မှ ကျွမ်းကျင်သူ တစ်ဦးသည် သတ်ဖြတ်ခြင်း ဓားသိုင်းထက် သာလွန်သော ဓားသိုင်းစနစ် တစ်ခုကို အမှန်တကယ် ဖော်ထုတ်နိုင်ခဲ့ပြီလော။

တုန်လှုပ်မှုမှ ပြန်လည် သတိဝင်လာပြီးနောက် ရှန်းချန်ကော၏မျက်နှာတွင် သံသယများ ပေါ်လာလေသည်။

သူသည် လော့ယွင်ရှီးကို စိုက်ကြည့်ပြီး မရေရာစွာ ပြောလိုက်၏။

"ဒါက မြင့်မြတ်မင်းဆက်ရဲ့ ထိပ်တန်း လျှို့ဝှက်ချက် ဖြစ်မှာပဲ... ခင်ဗျားက ဘယ်လိုလုပ် သိတာလဲ..."

အခြားမည်သူမျှရှိမနေသဖြင့် ရှန်းချန်ကော၏ အမူအရာသည် ပိုမိုပေါ့ပါးပြီးသက်သောင့်သက်သာဖြစ်လာချေ၏။

လော့ယွင်ရှီးသည် သူ့ကို အပြစ်မတင်ပေ။ သူမသည် ရှန်းချန်ကော၏စရိုက်ကို ကောင်းစွာ သိရှိထားလေသည်။

သူသည် ချော့ပြောလျှင် ရသော်လည်း ခြောက်ပြော၍ ရသူ မဟုတ်ပေ။

ရိုးရိုးရှင်းရှင်း ပြောရလျှင် အကျိုးအမြတ် မရှိပါက သူသည် စောစောထမည့်လူမျိုး မဟုတ်ချေ။

တစ်ခါတစ်ရံတွင်မူ အံ့သြဖွယ် ကောင်းလောက်အောင် လေးနက်တတ်ပြန်သည်။

သူမ၏အေးစက်သော အသံထဲတွင် မာန်အနည်းငယ်ပါနေပြီး ပြောလိုက်လေသည်။

"ကျွန်မက တစ်ချိန်က မြင်မြတ်မင်းဆက်ရဲ့ သူတော်စင်ဘုရင် ဖြစ်ခဲ့ဖူးပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် အုပ်ချုပ်ခဲ့ဖူးတာလေ... ဒီလို အသေးအမွှားလေးလောက်တောင် ကျွန်မ မသိနိုင်ရင် အနာဂတ်မှာ မြင့်မြတ်မင်းဆက်ကို ပြန်လည် ထိန်းချုပ်ဖို့နဲ့ ကမ္ဘာကြီးကို အုပ်စိုးဖို့ ဘယ်လိုလုပ်နိုင်မှာလဲ..."

ရှန်းချန်ကော ခေါင်းအနည်းငယ် ညိတ်လိုက်လေသည်။

လော့ယွင်ရှီး၏စွမ်းရည်ကို သူမက သူတော်စင်နတ်ဘုရား အသင်းအဖွဲ့ကို အလွယ်တကူ တည်ထောင်ခဲ့ပြီး ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ ဆယ်ဦးကို ခေါ်ယူ စုဆောင်းနိုင်ခဲ့ခြင်းက သက်သေပြနေပေသည်။

စဉ်းစားကြည့်လျှင် မြင့်မြတ်မင်းဆက် အတွင်း၌ တစ်ချိန်က သူမအတွက် အလုပ်လုပ်ပေးခဲ့ဖူးသော အင်အားစု အကြွင်းအကျန်များ ရှိနေနိုင်ပြီး သူတို့သည် မြင့်မြတ်မင်းဆက်၏အဆင့်မြင့် ပုဂ္ဂိုလ်များ သို့မဟုတ် အာဏာပိုင်များဖြစ်နိုင်ချေရှိပေသည်။

သို့မဟုတ်ပါက သတ်ဖြတ်ခြင်း ဓားသိုင်းထက် သာလွန်သော ဓားသိုင်းစနစ် ဖော်ထုတ်ထားသည့် လျှို့ဝှက်ချက်ကို သာမန်လူများ သိရှိနိုင်မည် မဟုတ်ပေ။

"ကောင်းပြီလေ... ဒါဆိုရင်လည်း ကျုပ်မြင့်မြတ်မင်းဆက်ဆီ တစ်ခေါက်လောက် သွားလိုက်ပါ့မယ်..."

ရှန်းချန်ကော ပြောလိုက်လေသည်။သူက စိတ်ထဲတွင် တွေးလိုက်မိ၏။

"ခင်ဗျား စောစောကတည်းက ပြောသင့်တာ... သတ်ဖြတ်ခြင်း ဓားသိုင်းထက် ပိုကောင်းတဲ့ အထွတ်အထိပ် ဓားသိုင်းကို သင်ယူခွင့်ရမယ်ဆိုရင် ကျုပ် အစကတည်းက သဘောတူပြီးသား ဖြစ်မှာပေါ့..."

ရှန်းချန်ကော ခေါင်းညိတ်လိုက်ပြီးနောက် သူ့ရှေ့မှ မြင်ကွင်း ရုတ်ခြည်း ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်ပြီး ပင်မ ခန်းမဆောင်ထဲသို့ ပြန်ရောက်သွားသကဲ့သို့ ဖြစ်သွားလေသည်။

ပင်မ ခန်းမဆောင်ထဲတွင် သူတော်စင်နတ်ဘုရား အားလုံးသည် ရှန်းချန်ကောကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေကြပြီးနောက် ပလ္လင်ထက်တွင် ထိုင်နေသော လော့ယွင်ရှီးဘက်သို့ လှည့်ကြည့်လိုက်ကြပြန်သည်။

သူတို့၏ထူးဆန်းသော အကြည့်များသည် လော့ယွင်ရှီးနှင့် ရှန်းချန်ကောကြားတွင် ကူးလူးသွားလာနေကြလေသည်။

ပင်မ ခန်းမဆောင်ထဲရှိ လေထုသည်အလွန် ထူးဆန်းနေသဖြင့် ရှန်းချန်ကောဘာလုပ်ရမှန်း သိအောင်ဖြစ်သွားရပေသည်။

All Chapters