← Chapters

ငါ့ကို အားကိုးလိုက်စမ်းပါ

Vol. 15 Ch. 207

ငါ့ကို အားကိုးလိုက်စမ်းပါ

Vol. 15 Ch. 207

“ဒီသောက်တော်ရေခွက်မှာပါတဲ့ သွေးကြောပုံစံတွေက အရင်တစ်ခုကနဲ့ မတူတော့ဘူး။ ပုံစံအသစ် ဖြစ်လာပြီး အရင်တစ်ခုနဲ့ လုံးဝကို ကွဲထွက်နေတယ်”

လျှိုချင်ဟွမ်သည် သူမ၏ လက်ချောင်းများအား သောက်တော် ရေခွက်ပေါ်တွင် ပြေးလွှားလျက်နှင့် ဖြည်းညင်းစွာ ပြောလေသည်။

“ဒီသွေးကြောပုံစံတွေရဲ့ နောက်မှာ တခြားအဓိပ္ပာယ်တွေ ရှိနေသေးလား”

အန်လင်းသည် စွမ်းအင်ဖြည့်တင်းခြင်း ဆေးလုံးအား အသုံးပြုလိုက်ပြီးနောက် သိလိုစိတ်ဖြင့် မေးလိုက်သည်။

“နောက်ထပ် သောက်တော်ရေခွက်တွေ ထပ်ရမယ်ဆိုရင်တော့ ဘာပုံစံလဲဆိုတာ သိနိုင်မယ်ထင်တယ်”

လျှိုချင်ဟွမ် သွားဖြီးပြလိုက်သည်။

“ဟိဟိ နောက်ထပ် နည်းနည်းလောက် ထပ်ရရင် ငါတို့က ထိပ်ဆုံးနေရာကို ရောက်နေလောက်ပြီ။ အဲဒီအချိန်ကျရင် ဒီပုံစံတွေ ဖော်နိုင်တာ မဖော်နိုင်တာက ဘာများအရေးကြီး ဦးမှာလဲ”

အန်လင်းသည် ပခုံးတွန့်လိုက်ပြီးနောက် ဝမ်ရွှမ်ကျန့်ထံသို့ လျှောက်လှမ်းသွား လိုက်သည်။ တတွတ်တွတ် ပြောဆိုလျက်ရှိသည့် လျှိုချင်ဟွမ်အား တစ်ချက်ကလေးမျှပင် မကြည့်တော့ချေ။

သောက်တော်ရေခွက် ကိုးခုထဲ သုံးခုမှာ သိမ်းပိုက်ခံလိုက်ရပြီး ဖြစ်သည်။ ကျန်ရှိနေသေးသည့် ခြောက်ခုမှာ လျှို့ဝှက်စွာရှိနေဆဲ ဖြစ်သည်။

အန်လင်းတို့ သုံးဦးသားသည် ကျုံးလုံတောင်းတန်တခွင် ဦးတည်ရာမဲ့ လှည့်လည်သွားလာလျက ရှိကြသည်။

ညနေစောင်းလာပြီ ဖြစ်သဖြင့် ကောင်းကင်သည်လည်း ဆည်းဆာရောင် တောက်ပလာသည်။

အန်လင်းသည် တွင်းအောင်းသတ္တဝါ တစ်ကောင်အား ဖမ်းဆီးလိုက်သည်။

ထိုသတ္တဝါသည် သူ၏ခါးလောက်သာမြင့်ပြီး အလွန်အသံကျယ်လှသည်။ ယင်း၏အသားမှာ အရသာရှိပြီး နူးညံ့လှသည်။

အန်လင်းသည် ထိုသတ္တဝါကို ကင်လိုက်သည်။ အသားမှာ ကျွတ်ဆတ်ပြီး အနံ့အရသာနှင့် ပြည့်စုံလှသည်။ လျှိုချင်ဟွမ်နှင့် ဝမ်ရွှမ်ကျန့်တို့သည် အပြည့်အဝ ချီးကျူးလိုက်ပြီးနောက် အငမ်းမရ စားသုံးတော့သည်။

အစားအသောက် ယူဆောင်ခွင့် မရှိသည့်အတွက် ကောင်းကင်ပြာရင်ပြင်မှ ကြည့်ရှုနေကြသူများသည် ဆာလောင်မှုကို ဖြေဖျောက်နိုင်ရန် အဆာခံဆေးလုံးများ သုံးစွဲလိုက်ကြသည်။

အန်လင်းတို့ စားသောက်နေသည်ကို ကြည့်ရင်းနှင့် သူတို့အားလုံးတို့မှာ မနာလိုဖြစ်လာကြလေသည်။

စားသောက်ပြီးစီးသည့် အခါတွင် သုံးဦးသား ခရီးဆက်ကြပြန်သည်။

သောက်တော်ရေခွက် တိုက်ပွဲအတွက် အရေးကြီးသည့် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်ကြောင့် ညအချိန်တွင် အနားမယူရန် ဆုံးဖြတ်လိုက်ကြပြီး သောက်တော် ရေခွက်များအား ဆက်လက်ရှာဖွေကြလေသည်။

“ဟမ် ... ဟိုဘက်ကိုကြည့်ဦး ငါးကောင်တို့”

လျှိုချင်ဟွမ်သည် အရှေ့အရပ်သို့ ညွှန်ပြလာသည်။

“အဲဒီမှာ မီးလောင်နေသလိုပဲ”

အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့၏ အမူအရာမှာ ခက်ထန်လာလေသည်။ အရှေ့အရပ်သို့ ကြည့်လိုက်သည့်အခါ အလင်းရောင် ဝိုးတဝါးအား မြင်လိုက်ရသည်။

“သွားကြည့်ကြတာပေါ့”

ဝမ်ရွှမ်ကျန့်သည် စိတ်မရှည်စွာဖြင့် အလင်းရောင် ရှိသည့်ဘက်သို့ ပြေးသွားလေသည်။

လျင်မြန်စွာ ပြေးလွှားနေရင်းနှင့်ပင် သူတို့၏ အော်ရာများအား အတတ်နိုင်ဆုံး ကြိုးစားဖုံးကွယ်လျက် ရှိကြသည်။ အခြားသော ကိုယ်စားလှယ် အဖွဲ့တစ်ခုနှင့် ဆုံတွေ့နိုင်ချေရှိသည် မဟုတ်ပါလား။

“ဟမ် ဟိတိုဒါးမ လား”

(ဟိတိုဒါးမ _ အသံထွက်မှားနိုင်သည်။ ဂျပန်ရိုးရာ ပုံပြင်များထဲတွင် ဟိတိုဒါးမ ဆိုတာ မီးဘောလုံးများလို့ ဆိုလိုပါတယ်။ ညအချိန် လေထဲမှာ လွင့်မျောနေတတ်တယ်။ သူတို့ကို

“သေဆုံးသူများရဲ့ ခန္ဓာကိုယ်မှ ခွဲထွက်လာတဲ့ ဝိညာဉ်များ” လို့ ပြောကြပြီး အဲဒီကနေမှ ဟိတိုဒါးမ ဆိုတဲ့ အမည် ဖြစ်လာတယ်လို့ ဆိုပါတယ်_)

အလင်းရောင်နှင့် နီးကပ်လာသည့် အခါတွင် အန်လင်း သတိထားမိသည်မှာ ထိုမီးဘောလုံးများသည် အပြာရောင်ဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။

ထိုမီးတောက်များသည် ဖြည်းညင်းစွာ လောင်ကျွမ်းနေပြီး လေထုအလယ်တွင် ညင်သာစွာ မျောလွင့်နေခြင်း ဖြစ်သည်။ တိတ်ဆိတ်ကာ ဆိုးယုတ်သည့်ပုံပေါ်သည်။

“ခဏလေး။ အဲဒီမီးတောက်တွေက ပုံမှန်မဟုတ်ဘူး”

ဝမ်ရွှမ်ကျန့်သည် တုန်လှုပ်နေမိပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“ဂရုစိုက်ကြ”

သူ၏အော်သံအဆုံး၌ အပြာရောင် မီးဘောလုံးများစွာသည် မြေပြင်မှာ ဖြည်းညင်းစွာ မြင့်တက်လာကာ သူတို့အား ဝိုင်းပတ်ထားလေသည်။

ရာထောင်ချီသော အပြာရောင် မီးတောက်များသည် သူတို့၏ပတ်လည်တွင် တိတ်ဆိတ်စွာ လောင်မြိုက်နေကြသည်။ ထိုမီးတောက်များသည် အရှိန်ပြင်းစွာ လောင်ကျွမ်းနေကြခြင်း မရှိသော်လည်း အရေအတွက်နှင့်ပင် စိတ်မသက်မသာဖြစ်ကာ စိုးရိမ်ကြောင့်ကြခြင်းအား ခံစားမိစေသည်။

“ဟီးဟီး လာကစားပါလား”

ရုတ်တရက်ဆိုသလို ကလေးတစ်ဦး၏အသံ ကြားလိုက်ရသည်။

ထိုအသံသည် အဝေးမှ ရောက်လာခြင်းဖြစ်ပြီး ဝိုးတဝါးနှင့်ဖြစ်သည်။ နားနားတွင်ကပ်ကာ တီးတိုးပြောသယောင်လည်း ရှိသည်။ ထိုအသံအား ကြားလိုက်သည့် အခါတွင် ကြက်သီးများပင် ထလာမိကြလေသည်။

ဂွက် ဂွက်

ရဲရဲနီနေသော အရိုးစု လျှောက်လှမ်းလာပြီး သူတို့၏မြင်ကွင်းထဲသို့ ရောက်ရှိလာလေသည်။

ထိုအရိုးစုအား မြင်လိုက်ရသည့်အခါ အန်လင်း၏မျက်လုံးများ ပြူးကျယ်လာလေသည်။ ထိုအရိုးစုသည် သူ၏ခါးလောက်သာမြင့်ပြီး အရိုးများနှင့် ပြည့်နေလေသည့်အတွက် ဝဖိုင့်ဖိုင့်အသွင် ရှိသည်။ သူ၏ဦးခေါင်းမှာ အရိုးခေါင်းသာလျှင် ဖြစ်သော်လည်း အပြစ်ကင်းစင်သည့် မျက်လုံးဝိုင်းဝိုင်း တစ်စုံလည်း ရှိလေသည်။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဗလာသက်သက် ဖြစ်နေမည့် ဦးခေါင်းခွံထက်စာလျှင် ထိုမျက်လုံးဝိုင်းဝိုင်းများ ရှိနေခြင်းအား ပိုမိုသဘောကျမိသည်။ ဦးခေါင်းခွံအတွင်း တလက်လက် တောက်ပနေသည့် မျက်လုံးတစ်စုံသည် ထိုအရိုးစုအား အတော်လေး ထူးဆန်းသည့်ဟန် ရှိလာစေသည်။

ထို့အပြင် ယင်း၏ ဦးခေါင်းထက်တွင် တော်ဝင်သရဖူ တစ်ခုရှိပြီး ၎င်းမှာ ငွေသောက်တော်ရေခွက် ဖြစ်လေသည်။

ထောင်နှင့်ချီသော ဟိတိုဒါးမများသည် အထက်အောက် မျောလွင့်ကာဖြင့် လှိုင်းလုံးများနှင့်ပင် တူလေသည်။ ယင်းတို့သည် တဖျစ်ဖျစ်မြည်သံများ ထုတ်လွှတ်လျက်ရှိပြီး ထိတ်လန့်ကြောက်ရွံ့မှုကို ပေးစွမ်းလေသည်။

“ဟီးဟီး လာကစားပါလား”

ထိုပုဝဝ အရိုးသုသည် မပီပြင်ဝိုးတဝါးအသံ ထွက်ပေါ်လာပြန်သည်။

“ကောင်းပြီ။ ငါနဲ့အတူ League of Valor ဆော့ကြမယ်”

ပန်းရောင်ဆံပင်နှင့် မိန်းမငယ်လေးသည် သူမ၏ဖုန်းအား မြှောက်လိုက်ပြီးနောက် အနီရောင် အရိုးစုအား ဝမ်းမြောက်စွာ ဖိတ်ခေါ်လေသည်။

ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားလေသည်။

ဝမ်ရွှမ်ကျန့် : “…”

အန်လင်း : “…”

ပုဝဝ အရိုးစု: “…”

ခေတ္တမျှ သေချာစွာ စဉ်းစားပြီးသည့်နောက်တွင် အရိုးစုသည် မှန်တစ်ချပ်အား ထုတ်ကာဖြင့် ကြည့်လိုက်သည်။

ထို့နောက်တွင် ယင်း၏ဦးခေါင်းထက်ရှိ တော်ဝင်သရဖူအား သတိပြုမိသွားပြီး အတော်လေး ကြောက်ဖို့ကောင်းသည်ကို သိလိုက်မိသည်။

“နင်ပဲ ကစားမလားဆိုပြီး မေးနေတာ မဟုတ်ဘူးလား။ အခုက ကစားမှာလား မကစားဘူးလား”

လျှိုချင်ဟွမ်မှာ မကျေမနပ် ဖြစ်လာလေသည်။

ပုဝဝ အရိုးစု၏ မျက်လုံး တောက်တောက်များသည် တွေဝေကာဖြင့် …

“ဘာဆော့ကြမှာလဲ”

“League of Valor ပေါ့ဟ။ သောက်ရမ်းမိုက်တယ်”

လျှိုချင်ဟွမ်သည် မိုဘိုင်းဖုန်းနှစ်လုံးအား ထုတ်ယူလိုက်ပြီးနောက် ရယ်မောလိုက်သည်။

“ငါနိုင်မယ်ဆိုရင် နင့်ခေါင်းပေါ်ကဟာ ပေးရမယ်နော်”

ပုဝဝ အရိုးစုသည် မိုဘိုင်းဖုန်းအား နားမလည်နိုင်စွာ စိုက်ကြည့်နေလေသည်။

“ဒါက အရုပ်အသစ်လား။ တကယ်လို့ နင်ရှုံးသွားရင်ကော”

လျှိုချင်ဟွမ်သည် အေးစက်စွာ ရယ်မောလိုက်ပြီးနောက် သူမ၏ နူးညံ့လှပသည့် မျက်နှာတွင် အထင်သေးမှုများ ပေါ်လာသည်။

“ဟာသတွေ ပြောနေပါ့လား။ ငါက ရှုံးမယ်တဲ့လား။ အဟက်”

ထိုစကားအား ကြားသည့်အခါ ပုဝဝ အရိုးစုသည် နောက်တဖန် တွေဝေသွားပြီး ပတ်ဝန်းကျင်ရှိ ဟိတိုဒါးမများသည် ရုတ်တရက်ဆိုသလို တောက်ပလာကြသည်။

အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့သည် သတိအနေအထား ရှိနေကြသည်။ မျှော်လင့်ထားသလိုပင် တိုက်ပွဲစတော့မည် ဖြစ်သည်။

“အရမ်းကောင်းတယ်”

အရိုးစုသည် အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။

“နင်က ငါ့ရဲ့ ယှဉ်ပြိုင်လိုစိတ်ကို တောက်လောင်စေလိုက်တာပဲ။ နင့်ကို ဘယ်လိုမျိုး အပိုင်းပိုင်း ဖြဲပစ်မလဲ ကြည့်လိုက်။ မြန်မြန်လေး ဒီအရှင်မင်းကြီးကို စည်းမျဉ်းတွေပြောပြစမ်း”

အန်လင်း : “…”

ဝမ်ရွှမ်ကျန့် : “…”

“ဟက် ကိစ္စမရှိဘူး”

လျှိုချင်ဟွမ်သည် ယုံကြည်မှုရှိစွာ ပြောလေသည်။

“စည်းမျဉ်းတွေ ပြောပြီးရင် နင့်ကို အကြိမ်နည်းနည်းလောက် လေ့ကျင့်ပေးမယ်။ အဲဒါဆိုရင် ငါက အားနည်းတဲ့သူကို အနိုင်ကျင့်ပါတယ်လို့ ပြောလို့မရတော့ဘူး”

ထိုသို့ဖြင့် ပုဝဝ အရိုးစုနှင့် လျှိုချင်ဟွမ်တို့သည် မြေပြင်တွင် ဆောင့်ကြောင့် ထိုင်လိုက်ကြသည်။ လက်ထဲတွင် မိုဘိုင်းဖုန်းကိုယ်စီ ကိုင်ဆောင်ထားပြီး လျှိုချင်ဟွမ်သည် အရိုးစုအား မည်သို့ကစားရမည်ကို သင်ကြားပေးနေလေသည်။

အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မျက်နှာတွင် မယုံကြည်နိုင်မှု ကိုယ်စီနှင့်ဖြစ်သည်။

လခွမ်းဟေ့။ အဲဒီလိုလုပ်လို့ ရတယ်လား။

ဒီအရိုးစုကလည်း မမျှတတဲ့ ပြိုင်ပွဲကို လက်ခံလိုက်တယ်ပေါ့။ ဦးနှောက်မရှိဘူးလား။

အန်လင်းသည် ရုတ်တရက် တစ်စုံတစ်ခုအား သဘောပေါက်လိုက်မိသည်။

ဪ ... သူက ဦးခေါင်းခွံချည်းပဲဆိုတော့ တကယ်ကို ဦးနှောက်မရှိတာပဲ။

“ဟမ် ဒီကစားစရာက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ငါအခု နားလည်သွားပြီ” အရိုးစု၏ မျက်လုံးများတွင် ပြတ်ပြတ်သားသား အကြည့်များ ပေါ်လာပြီး League of Valor အား စိတ်ဝင်စားမှု အပြည့်ဖြင့် ဆော့ကစားတော့သည်။

Bot များနှင့် ပွဲတချို့ ကစားပြီးသည့်နောက်တွင် အရိုးခေါင်းသည် လွန်စွာကျွမ်းကျင် သွားပြီဟု ခံစားမိလိုက်သည်။ ယုံကြည်မှုပြည့်ဝစွာဖြင့် လျှိုချင်ဟွမ်အား စိန်ခေါ်လိုက်တော့သည်။

အန်လင်းနှင့် ဝမ်ွရှမ်ကျန့်တို့မှာ ပြောစရာစကားပင် ပျောက်ဆုံးနေမိကြပြီး ထိုအခြင်းအရာကိုသာလျှင် မမှိတ်မသုန် ကြည့်နေမိကြသည်။ ဘေးတွင်ထိုင်နေကြပြီး မည်သည့်စကားမျှပင် ပြောလိုစိတ် မရှိကြချေ။

ရလဒ်မှာ ခန့်မှန်းရန် လွယ်ကူပေသည်။ ငနုကောင်နှင့် ဟက်ကာအကြား ပြိုင်ပွဲမှာ တစ်ဖက်စောင်းနင်း နိုင်လှပြီး ငနုကောင် ရှုံးနိမ့်မည်မှာ အသေအချာပင်။

၁ - ၀

“လက်မခံနိုင်ဘူး။ နင်ကဘာလို့ အရမ်းကို စွမ်းအားကြီးနေတာလဲ”

ဖန်သားပြင်ပေါ်ရှိ “ရှုံးနိမ့်သည်” ဟူသော စာလုံးအား ကြည့်ကာဖြင့် အရိုးစုသည် ဖုန်းအား တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။ ယင်း၏မျက်နှာတွင် တုန်လှုပ်မှုများ အတိုင်းသား ဖြစ်သည်။

“မဖြစ်နိုင်ဘူး။ နင့်ကို သေချာပေါက် အနိုင်ယူမယ်။ ငါတို့ကြားမှာ ကွာခြားချက် ကြီးကြီးမားမား မရှိဘူး”

အရိုးစုသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ဒုတိယပွဲစဉ်အား စတင်တော့သည်။

အန်လင်းမှာ ရှုံ့မဲ့နေမိသည်။

တစ်ယောက်က အခါ ၃၀ သတ်လိုက်ပြီး တစ်ယောက်က တစ်ကြိမ်တောင်မှ မသတ်နိုင်ဘူး။ အဲဒါကို ကွာဟချက် ကြီးကြီးမားမား မရှိဘူးလို့ ဘယ်လိုများ ပြောရဲရတာလဲ။

၂ - ၀

ပုဝဝ အရိုးစုသည် “ရှုံးနိမ့်သည်” ဟူသည့် စာတန်းအား ကြောင်အစွာ ကြည့်နေခြင်းဖြင့် တုန်လှုပ်နေဆဲ ဖြစ်သည်။

ခေတ္တမျှကြာပြီးသည့်နောက်တွင် အထစ်ထစ် အငေါ့ငေါ့ဖြင့် …

“အ ... အရမ်း တော်လိုက်တာ”

လျှိုချင်ဟွမ်သည် သူမ၏လက်သွယ်သွယ်အား ဆန့်ထုတ်ကာဖြင့် …

“ပေးတော့ ပေးတော့။ အဟေးဟေး”

အရိုးစု၏ မျက်လုံးများမှာ ဝေခွဲမရနိုင်ဘဲ ရှိနေသည်။ သို့သော်လည်း အဆုံးတွင် သူ၏ဦးခေါင်းထက်ရှိ ငွေသောက်တော် ရေခွက်အား ဖြုတ်ယူလိုက်ပြီးနောက် တုန်ယင်နေသည့် လက်များဖြင့် လျှိုချင်ဟွမ်အား ကမ်းပေးလိုက်သည်။

“ငါ ... ငါက လူကောင်းပါ”

ရိုးသားစွာ ဆိုလေသည်။

“ဒီမှာ ယူလိုက်တော့”

လျှိုချင်ဟွမ်သည် သောက်တော်ရေခွက်အား ကျေနပ်မှုအပြည့်ဖြင့် လက်ခံလိုက်သည်။ သို့သော်လည်း ဒု-ကျောင်းအုပ် ယူဟွာ၏အသံ ထွက်ပေါ်လာခြင်း မရှိပေ။

“ဟမ် ... ဒီလိုက တရားမဝင်ဘူးလား”

သူမသည် မျက်မှောင် ကြုတ်ကာဖြင့် ကောင်းကင်သို့ ကြည့်လိုက်သည်။

ကောင်းကင်ပြာရင်ပြင်တွင် ဒု-ကျောင်းအုပ် ယူဟွာမှာ ဆွံ့အကာဖြင့် ဖန်သားပြင်အား ကြည့်နေမိသည်။

မယုံကြည်နိုင် ဖြစ်နေမိသည့်အတွက် ရလဒ်အား ကြေညာရန်ပင် မေ့လျော့နေလေသည်။ သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာလျှင် ရှိသည်။

လခွမ်း ဒီလိုလည်း ရတယ်လား။ လခွမ်း

ကြည့်ရှု့နေကြသူ များမှာလည်း အော်ဟစ်အားပေးဖို့ရန်ပင် မေ့လျော့သွားပြီး ဖန်သားပြင်ကိုသာလျှင် မှင်တက်ကာ ကြည့်နေမိကြသည်။ သူတို့အားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခုသာလျှင် ကြီးစိုးလျက်ရှိသည်။

လခွမ်း ဒီလိုလည်း ရတယ်လား။ လခွမ်း

“အားးး ငါ့ရဲ့ ကိုယ်ပိုင် အစွမ်းအစကိုသုံးပြီး ဒီဟာကို ရလာတာလေ။ ဘာလို့ အမှတ်မရတာလဲ”

လျှိုချင်ဟွမ်သည် ခေါင်းမော့ကာဖြင့် ကောင်းကင်သို့ ကြည့်လိုက်သည်။ ဒု-ကျောင်းအုပ် ယူဟွာ ကြည့်ရှုနေမည်ကို သူမသိသည်။ ထို့ကြောင့် မကျေနပ်စွာဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။

သူမ၏အသံကို ကြားသည့်အခါမှသာ ဒု-ကျောင်းအုပ် ယူဟွာ အသိပြန်လည် လာလေသည်။ အသက်ပြင်းပြင်း ရှူကာဖြင့် …

“ဂုဏ်ယူပါတယ်။ ကောင်းကင်ဘုံပိုင်နက် ရမှတ် ၂ မှတ် ရရှိပါတယ်”

သူ၏အသံမှာ အလွန်ကျယ်လောင် ပြတ်သားလေသည်။ ကောင်းကင်ပြာ ရင်ပြင်နှင့် ကျုံးလုံတောင်တန်း တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

ထိုကြေညာချက်အား ကြားသည့်အခါတွင် သောင်းနှင့်ချီသော ပွဲကြည့် ပရိသတ်များသည် ခိုက်ခိုက်တုန်လာ မိကြသည်။

သူတို့၏မျက်နှာတွင် လေးစားဂုဏ်ယူမှုများဖြင့် ဖန်သားပြင်ထက်တွင် ပေါ်နေသည့် အမျိုးသမီးလေးအား ကြည့်လိုက်ကြသည်။

အင်တာနက်စွဲနေတဲ့သူက ဒီလိုမျိုးလည်း ရတယ်ပေါ့။ ကြောက်ဖို့ကောင်းလိုက်တာ။

***

All Chapters