စစ်ကြေငြာခြင်း
Vol. 18 Ch. 188
ကျန်းယန် သူ့လူများကိုဦးဆောင်ကာ တိုက်ပွဲကွင်းပြင်၀င်ပေါက်ဆီ ချီတက်လာခဲ့၏။
ထိုအခိုက်တွင် တိုက်ပွဲကွင်းပြင်ပိတ်ဖို့က ၂လသာ ကျန်ရှိတော့သည်။
အတိတ်တုန်းကဆိုလျှင် ဤကာလက ဂိုဏ်းကြီး ၉ဂိုဏ်းမှ ပါရမီရှင်များ ဗဟိုခန်းမတွင် စုဝေးကာ လောင်းကြေးထပ်၍ တိုက်ခိုက်ကြချိန် ဖြစ်၏။
သို့သော် အခုတော့ ကျန်းယန်၏လုပ်ရပ်များကြောင့် ဘယ်သူမှ ထိုတိုက်ပွဲကိုစိတ်မ၀င်စားတော့ပေ။
ဂိုဏ်းကြီး ၉ ဂိုဏ်းမှ ပါရမီရှင်များ ကောင်းကင်နှလုံးသားကျွန်းခံတပ်သို့ရောက်ရှိလာခဲ့ပြီး ထိုခံတပ်လည်း ဖျက်ဆီးခံလိုက်ရသည်ကိုတွေ့မှ စိတ်အေးသွားခဲ့ကြသည်။
တော်သေးတယ် အခုတော့ အားလုံးရဲ့ခံတပ်တွေပျက်ဆီးသွားပြီ!
“ငါတို့ဘာလို့ ၀မ်လင်းဂိုဏ်းခံတပ်ကိုတစ်ချက်လောက် သွားမကြည့်ကြတာလဲ” ကျိရှု ၀မ်လင်းဂိုဏ်းကလူများကိုကြည့်ကာ ပြောလိုက်၏။
“သူတို့အဲ့ဒီခံတပ်ကို ဖျက်ဆီးမသွားတာ ဖြစ်နိုင်တယ်လေ”
ခုနက ၀မ်လင်းဂိုဏ်းကလူများ ဘယ်လောက်မောက်မာနေလဲဆိုတာ သူမမေ့နိုင်သေးပေ။ ထို့ကြောင့် ထိုခံတပ်လည်းဖျက်ဆီးခံရ မခံရ သွားအတည်ပြုချင်နေခဲ့သည်။
ထိုအခိုက်တွင် ၀မ်လင်းဂိုဏ်းကလူများတွင်လည်း ယုံကြည်မှု ရှိမနေတော့ပေ။
အသန်မာဆုံးဟူသော ဂိုဏ်းကြီး ၈ ဂိုဏ်းလုံး၏ ခံတပ်များပျက်ဆီးသွားချိန်တွင် သူတို့ကခံတပ်က မည်သို့မပျက်ဆီးဘဲ ကျန်နေနိုင်ပါတော့မည်နည်း။
သူတို့၀င်္ကပါက အတော်လေးသန်မာသော်လည်း အခြားဂိုဏ်းကြီးများတွင်လည်း ထိုကဲ့သို့ သန်မာသောအကာအကွယ်များရှိနေခဲ့ခြင်း မဟုတ်ပါလော။
ကုန်းရှို့ပင်း ကျိုးလင်ကိုကြည့်ကာ အေးအေးဆေးဆေးပြောလိုက်၏။
“ငါတို့မှာလည်း အခြားလုပ်စရာမှမရှိတော့ဘဲ ၀မ်လင်းဂိုဏ်းခံတပ်ကို တစ်ချက်သွားကြည့်ကြတာပေါ့ ၀မ်လင်းဂိုဏ်းက သူတို့ရဲ့ နောက်ဆုံးပစ်မှတ်လည်း ဖြစ်နေနိုင်တာပဲ”
“သွားကြစို့” ကျိုးလင်လည်း သွားကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။
သူတို့ခံတပ်ကိုသွားကြည့်ပြီး ပျက်ဆီး မဆီး အတည်ပြုလိုက်ခြင်းက အကောင်းဆုံးရွေးချယ်မှုသာ ဖြစ်၏။ အကယ်၍ ပျက်ဆီးမသွားလျှင်တော့ သူတို့အတွက်အကောင်းဆုံးဖြစ်ပြီး ကျန်းယန်တို့တိုက်ခိုက်နေချိန်နှင့်ကြုံလျှင်လည်း ကယ်တင်နိုင်ဦးမည် ဖြစ်သည်။
ဤသို့ဖြင့် သူတို့အဖွဲ့ ၀မ်လင်းဂိုဏ်းခံတပ်ဆီထွက်ခွာလာခဲ့ကြ၏။
လမ်းတစ်လျှောက်လုံးတွင် ထိုပါရမီရှင်များ၏ မျက်နှာအမူအရာများက တစ်ယောက်တစ်မျိုးဖြစ်နေခဲ့ကြသည်။
သူတို့ထဲတွင် လန်ကျားအထွတ်အမြတ်မြေမှ ကုန်းရှို့ပင်းနှင့် မဟာနှင်းတောင်ဂိုဏ်းမှ လန်ချင်းဖုန်းတို့၏မျက်နှာများကတော့ သုန်မှုန်နေခဲ့၏။
အဘယ်ကြောင့်ဆိုသော် ဒီတစ်ခေါက်တွင် သူတို့ဂိုဏ်းများက အများဆုံး ဆုံးရှုံးခဲ့ရ၍ ဖြစ်သည်။
အခြားဂိုဏ်းများက ရတနာများသာဆုံးရှုံးရချိန်တွင် သူတို့ကအဘယ်ကြောင့် လူများပါ ဆုံးရှုံးလိုက်ရသလဲဆိုတာ သူတို့နားမလည်နိုင်ဖြစ်နေခဲ့၏။ အဇူရာတိမ်ဂိုဏ်းသည် သူတို့ကို တမင်သက်သက် ပစ်မှတ်ထားနေခြင်းပေလော။
အခြားဂိုဏ်းများကတော့ သူတို့လောက် အခြေအနေမဆိုးခဲ့ပေ။
သူတို့က ရတနာများသာဆုံးရှုံးလိုက်ရခြင်းဖြစ်ပြီး ထိုရတနာများကိုလည်း တိုက်ပွဲကွင်းပြင်အပြင်ဘက်သို့ရောက်သွားလျှင် ဘေးကင်းကင်းဖြင့် ပြန်ယူလာနိုင်ဦးမည် ဖြစ်သည်။ ထိုယုံကြည်မှုကြောင့် သူတို့အတွက် ဆုံးရှုံးမှုက သိပ်တော့ မကြီးလှပေ။
တိုက်ပွဲကွင်းပြင်ထဲတွင် အနိုင်မယူနိုင်ဘူးဆိုလျှင်တောင် ပြင်ပတွင်စောင့်ဆိုင်းနေသော သူတို့လူများစွာရှိနေသေးသည် မဟုတ်ပါလော။
ထို့ကြောင့်သူတို့ကအတော်လေးစိတ်အေးနေခဲ့ကြ၏။
အားလုံး ၀မ်လင်းဂိုဏ်းတောအုပ်ဆီဦးတည်နေကြချိန်တွင် ကျန်းယန်တို့ ငါးယောက်ကတော့ တိုက်ပွဲကွင်းပြင်၀င်ပေါက်ဆီ ရောက်ရှိလာခဲ့ကြလေသည်။
“ငါတို့၀င်ပေါက်မှာပဲ ပုန်းနေလို့ မရနိုင်ဘူး ဂိုဏ်းကြီးကလူတွေရောက်လာပြီး ဒီနေရာကို ပိတ်ဆို့ထားလိုက်ရင် ငါတို့လွတ်နိုင်မှာ မဟုတ်ဘူး ဒီနေရာမှာပဲ ၂လလုံးလုံးပုန်းနေဖို့က မဖြစ်နိုင်ဘူး” ကျိယန် စိတ်ပူနေဟန်ဖြင့် ပြောလိုက်၏။
ချင်းရှုခေါင်းညိတ်ပြလိုက်သည်။
“မှန်တယ် ငါတို့သရုပ်မှန်တွေပေါ်သွားတာနဲ့ အန္တရာယ်ရှိလာလိမ့်မယ်”
“စီနီယာအစ်ကိုကြီး ဘာလို့ညီမလေးတို့ တိုက်ပွဲကွင်းပြင်ပိတ်တဲ့အချိန်ထိ တစ်နေရာရာမှာ ပုန်းမနေရတာလဲ” စစ်ထူမင်ယွဲ့ ကျန်းယန်ကို နားချဖို့ ကြိုးစားလိုက်၏။
ဟူတလီကတော့ အားလုံးကိုကြည့်ကာ ပြောလိုက်သည်။
“ငါကတော့ မင်းတို့ဘာဆုံးဖြတ်ဖြတ် လိုက်လုပ်မယ်”
ကျန်းယန် ခေါင်းယမ်းလိုက်ကာ
“ငါတို့ပုန်းလည်း ခဏပဲရမှာ အမြဲတန်းပုန်းနေဖို့ မဖြစ်နိုင်ဘူး
တိုက်ပွဲကွင်းပြင်က ရတနာတွေရှာတဲ့နေရာသက်သက်တင်မဟုတ်ဘူး ဒီနေရာက လူတစ်ယောက်ရဲ့အရည်အသွေးကို ထက်လာအောင် သွေးပေးတဲ့နေရာပဲ ပြီးတော့ အခြားဂိုဏ်းကြီးတွေက ပါရမီရှင်တွေနဲ့ တိုက်ခိုက်ဖို့ အကောင်းဆုံးနေရာဆိုလည်း ဟုတ်တယ်”
“အဲ့ဒီလူတွေက ဂိုဏ်းကြီးတွေရဲ့ နောက်ခေတ်တစ်ခေတ်အတွက် အကြီးမားဆုံး ထောက်တိုင်တွေပဲ သူတို့အကြောင်းကို ကုံလုံအောင်သိထားဖို့ လိုအပ်တယ်
ငါတို့တိုက်ပွဲကွင်းပြင်ထဲမှာ ရတနာတွေရပြီးပြီဆိုပေမယ့် ငါတို့အရည်အသွေးကို သွေးဖို့ လိုနေသေးတယ်
အဲ့တာကြောင့် ငါဒီနေရာမှာ သူတို့နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာ”
တခဏရပ်ပြီးနောက် သူပြုံးကာ ဆက်ပြောလိုက်၏။
“ငါ ငါ့ဆရာကို တိုက်ပွဲကွင်းပြင်မှာ ပထမနေရာယူပြီး ပြန်လာခဲ့မယ်လို့ ကတိပေးထားတယ် အခုက အဲ့ဒီကတိကို တည်ရမယ့် အချိန်ပဲ
ဂိုဏ်းကြီးတွေက လောင်းကြေးထပ်ပြီး တိုက်ခိုက်ရတာကြိုက်တယ်မဟုတ်လား
ဒါဆို ဒီနေရာမှာ တိုက်ခိုက်ပြီး ဒီကောင်တွေရဲ့ တံဆိပ်ပြားတွေအကုန်လုံးကို သိမ်းလိုက်ကြတာပေါ့
တိုက်ပွဲကွင်းပြင်အပြင်ဘက်မှာ ငါတို့ကိုစောင့်နေတဲ့ သန်းချီတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရတနာတွေ ဆေးဝါးတွေ ရှိနေသေးတယ်ဆိုတာ မမေ့လိုက်ကြနဲ့ဦး”
စစ်ထူမင်ယွဲ့ ခါးသက်သက်ပြုံးလိုက်ကာ
“အဲ့ဒီဂိုဏ်းကြီးတွေက စည်းကမ်းကိုမလိုက်နာတော့ဘဲ သူတို့လူအင်အားကိုအားကိုးပြီးတိုကိခိုက်လာမှာကို ညီမလေးက ကြောက်မိတာပါ”
ကျန်းယန် ခေါင်းညိတ်ပြလိုက်သည်။
“အဲ့တာကြောင့် ငါတို့ပြင်ဆင်ဖို့လိုတာပဲ
ချင်းရှု ဒီပစ္စည်းတွေကိုသုံးပြီး မှော်ရတနာသန့်စင်ဖို့ မင်းကိုပဲဒုက္ခပေးရတော့မှာပဲ ငါဒီနေရာမှာ ၀င်္ကပါတစ်ခု ဆောက်မယ်
ပြီးတော့ ချင်းရှုမျှော်စင်ရဲ့စွမ်းအားနဲ့ဆိုရင် သူတို့ မိုက်မိုက်ကန်းကန်း ပြုမူရဲမှာ မဟုတ်တော့ဘူး
ဟူတလီ ဒီတစ်ခေါက်ငါမင်းရဲ့သွေးနည်းနည်းပိုလိုတယ် ငါတို့ အဆောင် ၃၀၀ ၄၀၀ လောက် ရေးထားရမယ် အဲ့ဒါတွေနဲ့ဆို ဘာကိုကြောက်နေစရာလိုတော့မှာလဲ”
ဟူတလီ နှဖူးမှချွေးများစီးကျလာခဲ့ပြီး
“ငါ…ငါတို့တကယ်ကြီး အဲ့လောက်အများကြီးလိုတာလား”
ကျန်းယန် ခပ်ဟဟရယ်မောလိုက်ပြီး နှစ်သုံးထောင်သက်တမ်းရှိသော စိတ်ဝိညာဉ်ဆေးပင်တစ်ပင် ထုတ်လိုက်လေသည်။
“ငါမင်းကို ဒီဆေးပင်ပေးမယ်လေ ဘယ်လိုလဲ”
“ငါ…ငါမင်းအတွက် စိတ်ဝိညာဉ်သစ်သားတွေ ရှာပေးမယ်” ဟူတလီ ချက်ချင်းပင် အဆောင်များရေးဆွဲရန် စိတ်ဝိညာဉ်သစ်ပင်တစ်ပင်ကိုခုတ်လှဲ၍ သစ်သားတုံးလေးများ ထုတ်ယူလေတော့၏။
ချင်းရှု ကျန်းယန်၏ရည်ရွယ်ချက်ကို ကောင်းကောင်းကြီး နားလည်ပေသည်။ ထို့ကြောင့် သူကျန်းယန်ညွှန်ကြားသည့်အတိုင်း ၀င်္ကပါပြားများကို သန့်စင်ပေးနေခဲ့၏။
ထို့နောက် ကျန်းယန် ၀င်္ကပါကို သူကိုယ်တိုင်တပ်ဆင်လေတော့သည်။
ချင်းရှုမျှော်စင်ကို ၀င်္ကပါ၏ အူတိုင်အဖြစ်ထားရှိပြီး ၀င်္ကပါပြား ၂၅ ပြားကို အုတ်မြစ်အဖြစ်ချပြီး သူဒြပ်စင်ငါးမျိုးပြောင်းပြန်၀င်္ကပါကို တည်ဆောက်လိုက်၏။
၀င်္ကပါတည်ဆောက်ပြီးသွားချိန်တွင် သူဟူတလီ၏သွေးများနှင့် အဆောင်များ စတင်ရေးဆွဲခဲ့လေသည်။
ကျန်းယန်တို့ ပြင်ဆင်နေချိန်တွင် ဂိုဏ်းကြီးကိုးဂိုဏ်းမှလူများ ၀မ်လင်းဂိုဏ်းခံတပ်ဆီ ရောက်ရှိလာခဲ့ကြ၏။
ပြောင်သလင်းခါနေသော ခံတပ်ကိုတွေ့လိုက်ရသောအခါ အားလုံး စိတ်အေးသွားခဲ့ကြသည်။
ဂိုဏ်းကြီးကိုးဂိုဏ်း ခံတပ်ကြီးကိုးခု…တစ်ခုမှ မကျန်ရစ်တော့ပေ။
ဘယ်သူ့တွင်မှ ခံတပ်မရှိတော့သောကြောင့် နောက်တစ်ကြိမ် တိုက်ပွဲကွင်းပြင်ထဲသို့ ၀င်ရာတွင် အားလုံးသာတူညီမျှပင် အစမှ ပြန်စရပေတော့မည်။
သူတို့အတန်ကြာအောင် ခံတပ်ကိုကြည့်ရှုနေခဲ့ကြပြီး နောက်ဆုံးတွင် ကျိုးလင် ပြောလိုက်၏။
“ငါတို့မှာ လုပ်စရာတစ်ခုပဲ ကျန်တော့တယ် အဲ့တာက အဇူရာတိမ်ဂိုဏ်းကကောင်တွေကို အမဲလိုက်ဖို့ပဲ”
လူတိုင်း၏ခံတပ်များ ပျက်ဆီးသွားပြီဖြစ်သောကြောင့် သူတို့တွင် စိတ်ပူစရာရှိမနေတော့ပေ။
“ငါတို့ဂိုဏ်းက အကြီးအကဲတွေမှာထားတဲ့ကိစ္စကို အောင်မြင်အောင်လုပ်ချိန်တန်ပြီ” ကုန်းရှို့ပင်း အေးစက်စက်ပြောလိုက်သည်။
“ဒီတစ်ခေါက် ဘာပဲဖြစ်ဖြစ် ငါတို့အဇူရာတိမ်ဂိုဏ်းရဲ့ ကံကြမ္မာကို ဖြစ်တဲ့နည်းနဲ့ ဖျက်ဆီးပစ်ရမယ်”
“အဇူရာတိမ်ဂိုဏ်းကို အမြစ်ကလှန်ပစ် သူတို့အတွက် ဆက်ဆံသူတစ်ယောက်တောင် ချန်ထားမပေးနဲ့”
ကုန်းပိုင်ဟေး ဖြည်းဖြည်းချင်းပြောလိုက်၏။
“ငါတို့မှာ အခြားကိစ္စတစ်ခုရှိသေးတာ မမေ့ကြနဲ့ဦး ငါတို့ လောင်းကြေးထပ်ပြီး ယှဉ်ပြိုင်ရဦးမယ်
ဒီတစ်ခေါက် ပြိုင်ပွဲအတွက် အဇူရာတိမ်ဂိုဏ်းကကောင်တွေကို သုံးရအောင်
အဇူရာတိမ်ဂိုဏ်းကကောင်တစ်ကောင်ကောင်ကို အရင်ဆုံးရှင်းပစ်နိုင်တဲ့သူက ဂိုဏ်းကြီးတွေတုိင်းရဲ့ကံကြမ္မာ ၁၀ ရာခိုင်နှုန်းကို ရမယ် ဘယ်လိုလဲ”
“ကောင်းတယ် ငါတို့ကိစ္စနှစ်ခုကို တစ်ခုတည်းဖြစ်သွားအောင် ပေါင်းလိုက်လို့ရတယ်”
“ကောင်းပြီ ဒါဆိုအစီအစဉ်စကြမယ်”
“ကောင်းတယ် အဇူရာတိမ်ဂိုဏ်းကကောင်တွေကို သွားရှာကြတာပေါ့”
ဂိုဏ်းကြီးကိုးဂိုဏ်းမှလူများ အဇူရာတိမ်ဂိုဏ်းကိုရှာဖွေဖို့ ပြင်လိုက်ကြ၏။
ထိုအခိုက်တွင် ကောင်းကင်ပေါ်သို့ အလွန်ကြီးမားသော အလံကြီးတစ်ခု ပျံတက်လာခဲ့၏။
“ဂိုဏ်းအသီးသီးမှ တာအိုမိတ်ဆွေများအားလုံး အဇူရာတိမ်ဂိုဏ်းက အားလုံးနဲ့တိုက်ခိုက်ဖို့အတွက် တိုက်ပွဲကွင်းပြင် ၀င်ပေါက်မှာ စောင့်ဆိုင်းနေပါတယ်!”