နိုင်ပွဲ၏ မနှစ်မြို့ဖွယ်ရာအကျိုးဆက်များ
Vol. 18 Ch. 193
ဒြပ်စင်ငါးမျိုးပြောင်းပြန်၀င်္ကပါထဲ ပြန်ရောက်မှသာ ကျန်းယန် နောက်ဆုံးတွင် အနားယူနိုင်ခဲ့သည်။
သူအနားယူလိုက်သည်နှင့် သူ့မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်နေသော အမူအရာများ ပေါ်ပေါက်လာခဲ့၏။
သူ့ခန္ဓာကိုယ်က ပင်ပန်းနေခြင်းတော့ မဟုတ်ပေ။ သူ့ဝိညာဉ်က ပင်ပန်းနွမ်းနယ်နေခြင်း ဖြစ်သည်။
တစ္ဆေနှင့်နတ်ဘုရားများ၏သက်ပြင်း ပညာရပ်ကိုအသုံးပြုရခြင်းက အတော်လေး ပင်ပန်းနွမ်းနယ်လွန်းလှပြီး သူ့တွင် ဝိညာဉ်စွမ်းအင်မကျန်တော့သလောက် ဖြစ်သွားခဲ့၏။
“စီနီယာအစ်ကိုကြီး အဆင်ပြေရဲ့လား” စစ်ထူမင်ယွဲ့ စိတ်ပူနေဟန်ဖြင့် မေးလိုက်လေသည်။
“ဘာဖြစ်သွားတာလဲ”
သူ့အမြင်တွင် ကျန်းယန်သည် လန်ချင်းဖုန်းကိုအလွယ်တကူ အနိုင်ယူခဲ့ခြင်း မဟုတ်ပါလော။
ကျန်းယန်လက်ကာပြကာ ပြောလိုက်၏။
“၀င်္ကပါကိုသေချာစောင့်ကြပ်နေ အနားမယူလိုက်နဲ့ ငါအရင်ဆုံး ကုသလိုက်ဦးမယ်”
ထို့နောက်သူစိတ်ဝိညာဉ်ဖြည့်တင်းဆေးနှစ်လုံးသောက်ကာ သူ့ကုန်ဆုံးသွားသော စိတ်ဝိညာဉ်စွမ်းအားများကို ပြန်ရယူနေခဲ့သည်။
သူ့ဘေးက လူလေးယောက် သူ့အခြေအနေကိုကြည့်ကာ သူ့ကိုမနှောင့်ယှက်ရဲတော့ဘဲ ၀င်္ကပါကိုသာ သတိထား၍ စောင့်ကြပ်နေခဲ့ကြ၏။
အကယ်၍ ကျန်းယန်သာတစ်ခုခုဖြစ်သွားလျှင် သူတို့လည်း ဒုက္ခရောက်တော့မည် မဟုတ်ပါလော။
စောင့်ကြပ်နေရင်း သူတို့အားလုံး
စိတ်ထဲတွင် အတွေးကိုယ်စီ ဖြစ်ပေါ်နေခဲ့ကြသည်။
စစ်ထူမင်ယွဲ့ စိတ်ထဲတွင်တော့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့၏။ သူမအစ်ကိုကြီးသည် ဂိုဏ်းကြီးများမှ ထိပ်တန်းပါရမီရှင်နှစ်ယောက်ကို တစ်ရက်တည်းဖြင့် အနိုင်ယူပြခဲ့ခြင်းဖြစ်ပြီး ဒီကမ္ဘာပေါ်က ဘယ်သူ့တွင် ထိုကဲ့သို့သော စွမ်းအားမျိုး ရှိနေနိုင်ပါမည်နည်း။
သူ့စီနီယာအစ်ကိုကြီးသည် အရာရာပြည့်စုံသူဖြစ်ပြီး သူ့တွင်အားနည်းချက်ဟူ၍ အချစ်ရေးအချစ်ရာကိစ္စများကို နားမလည်ခြင်းသာ ရှိသည်။
ဟူတလီလည်း ကျန်းယန်ကိုထူးဆန်းစွာ ကြည့်ရှုနေခဲ့၏။ သူ့အစ်ကိုကြီးသည် အံ့အားသင့်စရာကောင်းလောက်အောင် သန်မာသူဖြစ်မှန်း သူသိရှိသွားခဲ့ရသည်။
သို့သော် သူပဟေဠိဖြစ်နေသည်မှာ လူသားဖြစ်သော သူ့အစ်ကိုကြီးက အဘယ်ကြောင့် သူတို့မျိုးနွယ်၏ ကျားဖြူနတ်သိုင်းကိုအသုံးပြုနိုင်နေရပါသနည်း။ သူ့အစ်ကိုကြီးသည် သူနှင့်မျိုးတူသောသူတစ်ယောက်ပေလော။
ဟူတလီ ကျန်းယန်နောက်ကျောကို စောင့်ကြည့်နေပြီး အမြီးများရုတ်တရက်ထွက်လာမလားဟု စစ်ဆေးကြည့်ရှုနေခဲ့၏။
ချင်းရှုလည်းကျန်းယန်ကို စိတ်ကျေနပ်စွာ ကြည့်ရှုနေခဲ့သည်။
ကျန်းယန်နှင့်ဆက်ဆံရခြင်းက သူ့အတွက်အတော်လေး ကျေနပ်စရာကောင်းလှပြီး သူ့ဆီက အတွေးအမြင်အသစ်များကိုလည်း ရရှ်ိတတ်သေး၏။
ထို့အပြင် ကျန်းယန်သည် စွမ်းအားကြီးသလို သူ့ကိုလေးလေးစားစား ဆက်ဆံပေသည်။ ထိုထက်ကောင်းသော မိတ်ဆွေဘယ်နေရာတွင် ရှိပါတော့မည်နည်း။
ကျိယန်ကတော့ ကျန်းယန်ကိုကြည့်မနေခဲ့ပေ။ သူမခံစားချက်များက ရှုပ်ထွေးနေခဲ့၏။
အရင်က တာအိုပညာရှင်ကောင်းကင်ဒဏ္ဍာရီသည် သူမကို သူတို့ဂိုဏ်းမဟာမိတ်အတွက် ကျန်းယန်နှင့်လက်ထပ်ပေးရန် စီစဉ်ပေးခဲ့စဉ်က သူမ ကျန်းယန်ကို လက်မထပ်လိုခဲ့ပေ။ သူ့ဆရာဘိုးဘိုးစကားကို မငြင်းဆန်ချင်၍ဟာ လက်ခံခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တုန်းက သူမသည် ဝိညာဉ်အခြေတည်အဆင့်ဖြစ်ပြီး ကျန်းယန်ကတော့ ရွှေအမြုတေအဆင့်သာ ရှိသေး၏။
ပိုစိတ်တိုစရာကောင်းသည်မှာ သူမလို ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ကို ကျန်းယန်လို ရွှေအမြုတေအဆင့်က ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။
ထိုအချက်က သူမကို ဒေါသထွက်သွားစေခဲ့၏။
အဇူရာတိမ်ဂိုဏ်းပျောက်ကွယ်နေချိန်တွင် သူမတို့ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်တွင် လျှို့ဝှက်စွာပင် နံပါတ်၁ဂိုဏ်းဖြစ်လာခဲ့သည်။
ထို့ကြောင်လည်း ကျိယန်က သူမကိုယ်သူမ ကောင်းကင်ရွေးချယ်ခံတစ်ယောက်ဟု သတ်မှတ်ထားခဲ့ခြင်း ဖြစ်၏။
အခုလို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်တွင် တကယ့် ရွေးချယ်ခံများနှင့်တွေ့လိုက်ရသောအခါတွင်တော့ ကျိယန်၏ ယုံကြည်မှုများ တစ်စဆီပျက်ဆီးသွားခဲ့ရသည်။
ထိုထိပ်တန်းဂိုဏ်းတပည့်များနှင့်ယှဉ်ပါက သူမသည် ပါရမီရှင်ဟုပင်ခေါ်ထိုက်သောသူ မဟုတ်ဝောာ့ပေ။
အထူးသဖြင့် ကျန်းယန်နှင့်လန်ချင်းဖုန်းတို့၏တိုက်ပွဲကို ကြည့်ရှုပြီးသောအခါ သူမယုံကြည်မှုများ ပျက်ဆီးသွားခဲ့ရ၏။ နောက်ဆုံးတော့ ထိပ်တန်းဂိုဏ်းကြီးများတွင်ဆိုလျှင် သူမပါရမီက သာမန်ထက်အနည်းငယ်ပိုရုံသာဖြစ်မှန်း သူမနားလည်သွားခဲ့လေသည်။
တစ်ဖက်တွင် သူမအရင်က အထင်သေးခဲ့သောသူကတော့ ထိုထိပ်တန်းပါရမီရှင်များကိုပင် နင်းချေနေသောသူ ဖြစ်လာခဲ့၏။
သူမကျန်းယန်ကိုတိတ်တဆိတ်တစ်ချက်ကြည့်လိုက်မိပြီး သူမအကြည့်ကို ပြန်လွှဲခဲ့လိုက်သည်။
အရင်က သူတို့မင်္ဂလာပွဲသာတကယ်ကြီးဖြစ်မြောက်ခဲ့လျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု သူမတွေးဘဲ မနေနိုင်ခဲ့ပေ။
သို့သော် ကံဆိုးစွာဖြင့် သူမကသဘောတူလျှင်တောင် ကျန်းယန်က သဘောတူမည် မဟုတ်ပေ။
ထိုအခိုက်တွင် အပြင်ဘက်တွင်တော့ ဂိုဏ်းကြီးမှလူများ ကျန်းယန်ကိုဘယ်လိုရင်ဆိုင်ရမလဲ ဆွေးနွေးနေခဲ့ကြသည်။
ကျန်းယန် ကုန်းရှို့ပင်းကိုအနိုင်ရခဲ့ခြင်းကို အလစ်အငိုက်တိုက်ခိုက်၍ အနိုင်ရခဲ့ခြင်းဟု သတ်မှတ်နိုင်ပါသော်လည်း လန်ချင်းဖုန်းနှင့်တိုက်ပွဲကတော့ သူ့စွမ်းအားအစစ်အမှန်ကို ထုတ်ပြခဲ့သော တိုက်ပွဲဖြစ်၏။
ထို့အပြင် ကျန်းယန်ကနောက်ဆုံးတွင် လန်ချင်းဖုန်းကို ဘယ်သူမှနားမလည်နိုင်သောအကွက်ဖြင့် အနိုင်ယူခဲ့လေရာ ထိုအချက်က ပိုကြောက်စရာကောင်းနေခဲ့သည်။
ကျန်းယန်သည် စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်၏။
ထိုအချက်က ကြောက်စရာကောင်းလွန်းလှသည်။
“သူ့လို ရွှေအမြုတေအဆင့်လေးတစ်ယောက်က နတ်ဝိညာဉ်အဆင့်စွမ်းအားကို နားလည်နိုင်မယ်လို့ ကိုယ်တော်မယုံဘူး” ဟွေ့ယွမ် ခေါင်းယမ်းကာ ပြောလိုက်၏။
“သူသုံးလိုက်တာက ကွေ့ယွမ်ဘုရားကျောင်းရဲ့ သိုင်းတစ်မျိုးဖြစ်တဲ့ ထျန်းလုံအသံရှစ်မျိုးသိုင်းလို အသံလှိုင်းကိုသုံးပြီး ဝိညာဉ်ကိုတိုက်ခိုက်တဲ့နည်းမျိုးပဲဖြစ်ရမယ် လန်ချင်းဖုန်းက အဲ့ဒီလိုပညာရပ်ကို မကျွမ်းကျင်လို့ ဒါမျိုးပုံကြီးချဲ့ပြောနေတာပဲ ဖြစ်မယ်”
ဟွေ့ချင်းလည်း အသာအယာခေါင်းညိတ်ပြလိုက်ကာ
“အဲ့တာက အသံလှိုင်းပညာရပ်ပဲဆိုရင်တောင် စွမ်းအားကြီးလွန်းတယ် ထျန်းလုံးအသံရှစ်မျိုးသိုင်းကိုတောင် လူနည်းနည်းပဲ နားလည်သဘောပေါက်နိုင်ကြတာ”
ဟွေ့ယွမ်ပြုံးကာ ပြောလိုက်၏။
“စီနီယာအစ်ကိုတော် နောင်တော့်ရဲ့ ပါရမီကအရမ်းထူးခြားလွန်းလှပါတယ် အဲ့ဒီပညာရပ်ကိုတောင်နားလည်နိုင်ခဲ့တယ် အချိန်ကျလာတဲ့အခါ ထျန်းလုံအသံရှစ်မျိုးသိုင်းကို သုံးပြီး အဲ့ဒီကလေးကိုတကယ့်အသံနည်းစနစ်က ဘာလဲဆိုတာ ပြသပေးလိုက်ပါ”
“လောနေစရာမလိုပါဘူး အရင်ဆုံး နည်းနည်းထပ်ဆွေးနွေးလိုက်ကြတာပေါ့” ဟွေ့ချင်းခေါင်းယမ်းကာ ပြောလိုက်သည်။
ရှို့ယိဘုရားကျောင်းစခန်းထဲတွင်လည်း တပည့်များ ထိုအကြောင်းသာ ဆွေးနွေးနေခဲ့ကြ၏။
“မနက်ဖြန် ကျွန်မသွားမယ်” ကျိရှု လေးလေးနက်နက်ပြောလိုက်သည်။
“လောင်းကြေးအဖြစ် ချင်းရှုကိုပြန်ခေါ်ဖို့ လောင်းကြေးထပ်မယ် ရှင်တို့သူ့ကိုဘယ်လိုတွေးလဲမသိပေမယ့် ချင်းရှုရဲ့ ပါရမီက ကျွန်မတို့အတွက် အရမ်းအရေးကြီးတာ အမှန်ပဲ”
“သူကဘာများအရေးကြီးနေလို့လဲ ငါတော့မမြင်မိပါဘူး” ရှို့ယိဘုရားကျောင်းကတပည့်တစ်ယောက် ၀င်ပြောလိုက်၏။
ကျိရှု သူ့ကိုအေးစက်စက်တစ်ချက်ကြည့်လိုက်ကာ
“နင်အဲ့တာကို မမြင်ရင် နင်ရူးနေလို့ပဲ အခုထိမမြင်နိုင်သေးဘူးလား
ကျန်းယန်တို့တွေ သူတို့မှော်လက်နက်တွေကို ဘယ်ကရနေတယ် ထင်လဲ
ငါမမှားရင် အားလုံးကို ချင်းရှုသန့်စင်ပေးထားတာ
အဲ့ဒီမျှော်စင်ရဲ့စွမ်းအားကိုရော မြင်လား အဲ့တာက နတ်ဝိညာဉ်အဆင့်စွမ်းအားကို ထုတ်လွှတ်ပေးနိုင်တယ် အဲ့ဒီအချက်ကတင် ချင်းရှုရဲ့ လက်နက်သန့်စင်တဲ့ အရည်အချင်းကို သက်သေပြနေတယ်
ပြီးတော့ အဲ့တာတွေအကုန်လုံးကိုသူကအချိန်ခဏလေးအတွင်းမှာ သန့်စင်ထားတာ ဘယ်သူက သူ့လောက်စွမ်းဆောင်နိုင်မှာလဲ
အဲ့တာကြောင့် ချင်းရှုကို ရှို့ယိဘုရားကျောင်းကို ပြန်ခေါ်ဖို့ လိုကိုလိုတာ”
လင်းရှု အသာအယာခေါင်းညိတ်ပြလိုက်ကာ
“ချင်းရှုကို တကယ်ပဲ ပြန်ခေါ်ဖို့လိုတယ် ငါတို့သူ့ကို တပည့်စည်းမျဉ်းတွေအောက်ကနေ ကာကွယ်ပေးရမယ် အခုသူနဲ့ပတ်သက်ပြီးပြဿနာရှာရဲတဲ့လူရှိရင် ငါအဲ့ဒီလူကို တပည့်စည်းမျဉ်းတွေနဲ့အညီ အပြစ်ပေးကိုပေးမှာ”
ထို့နောက် သူကျိရှုကို ကြည့်လိုက်ကာ
“ဂျူနီယာညီမလေး လက်ရှိအရေးအကြီးဆုံးကိစ္စက ကျန်းယန်ဆိုတဲ့ ခွေးကောင်ကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာပဲ”
“ညီမလေး ခွန်အားနဲ့ပတ်သက်ပြီး ယုံကြည်မှုရှိတယ်” ကျိရှု လေးလေးနက်နက်ပြောလိုက်သည်။
“ညီမလေးအဆောင်ပညာကိုလေ့လာေနတာ နှစ်ပေါင်းများစွာကြာနေပြီ သူ့ကိုအနိုင်ယူနိုင်ဖို့က ပြဿနာမဟုတ်ဘူး”
ကုန်းရှု ရုတ်တရက်ပြောလိုက်၏။
“ဒါပေမယ့် ငါတို့ဂရုစိုက်ဖို့လိုသေးတယ် နင်အဲ့ဒီအဆောင်တွေကို တွေ့တယ်မလား သူတို့ထဲမှာ အဆောင်ပညာကိုနားလည်တဲ့သူ ရှိတယ်”
ကျိရှုခေါင်းညိတ်ပြလိုက်သည်။
“နားလည်ပါတယ် အဲ့ဒီအဆောင်တွေကိုလည်း ကြည့်ပြီးသွားပြီ အကုန်လုံးက မီးတောက်ပေါက်ကွဲအဆောင်တွေနဲ့ မိုးကြိုးအဆောင်တွေချည်းပဲ သူတို့က အဲ့ဒီအဆောင်တွေကို တိုက်ပွဲကွင်းပြင်အတွက်သက်သက်လေ့လာခဲ့ကြတာ သေချာတယ်”
သူမခါးသက်သက် မပြုံးဘဲ မနေနိုင်ခဲ့ပေ။
“အဇူရာတိမ်ဂိုဏ်းမှာ တကယ်ပဲ ပညာရှင်တွေရှိတယ် သူတို့က အဆောင်တွေတိုက်ရိုက်ရေးဆွဲဖို့ သားရဲတစ်ကောင်ကို တကယ်ကြီး တိုက်ပွဲကွင်းပြင်ထဲ ခေါ်လာခဲ့ကြတာ ညီမလေးတို့အားလုံး အရူးလုပ်ခံလိုက်ရတာပဲ အဲ့ဒီသားရဲကို စီးတော်သားရဲလို့ပဲ ထင်နေခဲ့မိတာ ဘာလို့ ဒီလောက်ရိုးရှင်းတဲ့အရာလေးတစ်ခုကို မမြင်နိုင်ခဲ့ရတာလဲ”
လင်းရှု သက်ပြင်းချလိုက်၏။
“ဘာလို့လဲဆိုတော့ ငါတို့က အဆင့်နိမ့်မှော်သားရဲတွေအပေါ် အထင်သေးခဲ့မိလို့ပဲ အဆင့်မြင့်သားရဲတွေကလည်း အထဲကို ၀င်ခွင့်မှမရှိတာ ဒါပေမယ့် နောက်ခေတ်တွေကျရင်တော့ ငါတို့ဂိုဏ်းတွေလည်း ဒီလိုလိုက်လုပ်လို့ရတယ်”
“ဒါပေမယ့် ဒါကအနာဂတ်ကျမှပါ အခုက ညီမလေးကျန်းယန်ကိုအနိုင်ယူပြီး ချင်းရှုကိုပြန်ခေါ်လာနိုင်ဖို့ ပြင်ဆင်ထားရမယ်” ကျိရှု အားလုံးကိုနှုတ်ဆက်ကာ ပြင်ဆင်ဖို့ ထွက်ခွာသွားခဲ့လေသည်။
မနက်ဖြန်တွင် သူမနိုင်ကိုနိုင်ရပေမည်။ အရှုံးသည် သူမအတွက် ရွေးချယ်စရာတစ်ခု မဟုတ်ခဲ့ပေ။