← Chapters

တိုက်ကွက်အခိုးခံရခြင်း

Vol. 18 Ch. 196

တိုက်ကွက်အခိုးခံရခြင်း

Vol. 18 Ch. 196

ကျန်းယန် တံဆိပ်ပြားငါးပြားကို ထုတ်ကာ စည်းဝိုင်းဘေးသို့ ပစ်ချထားလိုက်သည်။

တစ်လအတွင်း သူပါရမီရှင်လေးများနှင့်တိုက်ခိုက်ရင်း အကျိုးအမြတ်များရရှ်ိခဲ့သော်လည်း ထိုအကျိုးအမြတ်များက လန်ချင်းဖုန်း ကျိရှုတို့နှင့်တိုက်ခိုက်တုန်းက ရရှိခဲ့သော အကျိုးအမြတ်များလောက် မများခဲ့ပေ။

ထိုထိပ်တန်းပါရမီရှင်တစ်ယောက်ချင်းစီတိုင်းသည် သူတို့ဂိုဏ်းများတွင် တုနှိုင်းမဲ့သူများ ဖြစ်ကြသောကြောင့် ကျန်းယန်သူတို့ထံမှ သင်ယူစရာများစွာ ရှိနေခဲ့၏။

“မင်းစလို့ရပြီ” ကျန်းယန် ကုန်းရှို့ပင်းကို ပြောလိုက်သည်။

နောက်ဆုံးတစ်ခေါက်တွင် ကုန်းရှို့ပင်း ဖိနှိပ်မန္တာန်သုံး၍ ကျန်းစာလုံးဖြင့် သူ့ကိုဖိနှိပ်ခဲ့စဉ်က သူ‌ရှုပ်ထွေးနေသောကြောင့် ထိုစွမ်းအားကို မလေ့လာလိုက်ရပေ။ အခုကတော့ ထိုစွမ်းအားအရင်းအမြစ်ကို လေ့လာရတော့မည့်အချိန်ပင်။

အကယ်၍သူသာ ထိုအရာကိုအဖြေရှာနိုင်ခဲ့လျှင် သူ့စွမ်းအားက ထောင်တက်သွားပေလိမ့်မည်။

“ကျန်း!”

ကုန်းရှို့ပင်း အချိန်ဆွဲမနေတော့ဘဲ ချက်ချင်း ကျန်းစာလုံးကို ထုတ်သုံးလိုက်၏။

ထိုအခါ ကောင်းကင်နှင့်မြေပြင်၏ကျယ်ပြန့်လှသော စွမ်းအားများသည် ကျန်းယန်အား အရပ်မျက်နှာနေရာပေါင်းစုံမှ ဖိအားပေးလေတော့သည်။

ကုန်းရှို့ပင်းကို သေချာအကဲခတ်နေသော ကျန်းယန် အကူအညီမဲ့သွားခဲ့ရ၏။ သူထိုစွမ်းအားဘယ်နေရာကလာသလဲဆိုတာ အဖြေမရှာနိုင်ခဲ့ပေ။

လွန်ခဲ့သောတစ်လအတွင်း သူကောင်းကင်နှင့်မြေပြင်၏မရှိမဖြစ်စွမ်းအင်များကို အသေးစိတ်လေ့လာခြင်းစာအုပ်အား လေးပုံတစ်ပုံအထိ ဖတ်ပြီးသွားပြီ ဖြစ်သည်။

ထိုအရာက လေးပုံတစ်ပုံသာဖြစ်သော်လည်း သူ့စွမ်းအင်များအပေါ်နားလည်မှုက အလွန်နက်ရှိုင်းလာခဲ့၏။ သို့သော်လည်း ထိုသို့နက်ရှိုင်းသောအသိပညာနှင့်ပင် ကုန်းရှို့ပင်း၏စွမ်းအားအရင်းအမြစ်ကို အာရုံမခံနိုင်ခဲ့သေးပေ။

ထိုအရာက ကုန်းရှို့ပင်း၏စွမ်းအားသည် သူသုံးသော တစ္ဆေနည်းစနစ်လိုပင် ကောင်းကင်စွမ်းအင်ပြင်ပမှအစပြုသော နည်းစနစ်တစ်ခုမှန်း ညွှန်ပြနေခဲ့၏။

“ဖုန်း”

ကုန်းရှု့ပင်း ဖုန်း(ချိတ်ပိတ်ခြင်း)နည်းစနစ်ကို သုံးလိုက်ပြန်သည်။

နောက်ဆုံးတစ်ခေါက်ကျန်းယန်နှင့်တိုက်ခိုက်တုန်းက သူသတိမထားမိ၍ ရှုံးနိမ့်ခဲ့ရသောကြောင့် ယခုအခါ ထိုအမှားမျိုး ထပ်မဖြစ်မခံနိုင်တော့ပေ။ သူစတိုက်ကတည်းက အားကုန်သုံး၍ တိုက်ခိုက်နေခဲ့၏။

“ခွန်”

ကုန်းရှို့ပင်း ခွန်နည်းစနစ်(ချုပ်နှောင်ခြင်း)ကို ထပ်သုံးလိုက်ပြန်သည်။

တခဏအတွင်းတွင် စွမ်းအားကြီး ချုပ်အားသုံးခုက ကျန်းယန်ကို၀န်းရံလိုက်ကြ၏။

ကျန်းယန် ဒေါသထွက်နေသည်မှာ သူထိုစွမ်းအား၏အရင်းအမြစ်ကို လုံး၀အာရုံမခံနိုင်သောကြောင့်ဖြစ်ပြီး ကုန်းရှို့ပင်းနည်းစနစ်ကို သူနားလည်းမလည်နိုင်ခဲ့ပေ။ ထို့ကြောင့် သူဘယ်လိုတန်ပြန်တိုက်ခိုက်ရမလဲဆိုတာလည်း မသိခဲ့ပေ။

ကျန်းစာလုံးက သူ့ကိုလှုပ်မရအောင်ဖိနှိပ်ထားခဲ့ပြီး ဖုန်းစာလုံးက သူ့စိတ်ဝိညာဉ်စွမ်းအားနှင့် အသက်ဓာတ်ကိုချိတ်ပိတ်ထားသလို ဖြစ်နေခဲ့ကာ တုပ်နှောင်စကားလုံးကတော့ သူ့ခြေလက်များကို တုပ်နှောင်ထားသလိုနှင့် သူ့ကိုလှုပ်ရှားရခက်အောင် ပြုလုပ်ထားခဲ့သည်။

ပွဲကြည့်နေသူများကတော့ အသက်ပြင်းပြင်းတစ်ချက်သာ ရှုလိုက်မိကြ၏။

“ဒီကောင်က တကယ်ပဲ လန်ကျားအထွတ်အမြတ်မြေသခင်ရဲ့ သားဖြစ်ထိုက်တယ်” ကုန်းပိုင်ဟေး ကျိုးယိကိုပြောလိုက်သည်။

“မင်းသူ့ကို တိုက်ရိုက်ရင်မဆိုင်တာ ပိုကောင်းလိမ့်မယ် မဟုတ်ရင် ငါတို့နည်းစနစ်တွေအကုန် ကန့်သတ်ခံလိုက်ရလိမ့်မယ်”

ကျိုးယိမျက်မှောင်ကြုံ့သွားခဲ့၏။

“စီနီယာအစ်ကိုကြီး အစ်ကိုကြီးရဲ့ မိုးကြိုးနည်းစနစ်တောင် ဒါကိုမချိုးဖြတ်နိုင်ဘူးလား”

ကုန်းပိုင်ဟေး ခါးသက်သက်ပြုံးလိုက်ကာ

“ငါ့မိုးကြိုးနည်းစနစ်က ကမ္ဘာပေါ်က နိယာမအတော်များများကို တန်ပြန်တိုက်ခိုက်နိုင်တယ် အထူးသဖြင့် ဆိုးယုတ်တဲ့ အမျိုးအစားတွေကိုပဲ ဒါပေမယ့် သူတော်စင်သခင်ရဲ့ ဒီနည်းစနစ်က ဘယ်နိယာမပေါ်မှာမှ အခြေခံထားတာ မဟုတ်ဘူး”

“အဲ့တာကို သူတော်စင်သခင်က ကွန်ဖြူးရှပ်တာအိုအပေါ်မှာ အခြေခံထားခဲ့တာ ကောင်းကင်နဲ့မြေပြင်ရဲ့လမ်းမှန် စွမ်းအားကိုသုံးပြီး ရန်သူတွေကို နှိမ်နှင်းတဲ့နည်းစနစ်မျိုးပဲ လမ်းမှန်စွမ်းအင်‌ဆိုတာ ဒီကမ္ဘာပေါ်မှာ အသန့်စင်ဆုံးနဲ့ ဉာဏ်အကြီးဆုံးစွမ်းအင်တစ်မျိုးပဲ အဲ့တာက စိတ်နဲ့ပဲဆိုင်တာ ငါ့မိုးကြိုးနည်းစနစ်က အဲ့ဒီစွမ်းအင်ကို တန်ပြန်မတိုက်ခိုက်နိုင်ဘူး”

“ကုန်းရှို့ပင်း သုံးတဲ့ ကျန်း ဖုန်းနဲ့ခွန်စာလုံးတွေကို အခုလိုနေရာကျဉ်းကျဉ်းလေးမှာဆိုရင် ငါတောင်ရှောင်နိုင်မှာမဟုတ်ဘူး အမိခံလိုက်ရမှာ သေချာတယ် ငါ့မိုးကြိုးစွမ်းအားကလည်း တစ်၀က်ကျော်အထိ လျှော့ချခံလုိက်ရလိမ့်မယ် အဲ့ကောင်သာ ပို(ချိုးဖျက်)စကားလုံးကို တတ်မြောက်ထားရင် ငါတိုက်နေစရာတောင်လိုမှာမဟုတ်ဘူးရှုံးမှာသေချာတယ် တိုက်ပွဲကွင်းပြင်ကြီးကြီးမရှိရင် ငါတောင်သူ့ကိုမနိုင်နိုင်ဘူး”

အကယ်၍ တိုက်ပွဲကွင်းပြင်ကြီးကြီးဖြစ်နေလျှင်တော့ သူ့စာလုံးများကိုရှောင်၍ရသောကြောင့် သူ့အတွက်တိုက်ခိုက်ရတာ အများကြီး ပိုလွယ်သွားစေနိုင်ပေသည်။

ကျိုးယိအခြေအနေကိုချက်ချင်းနားလည်သွားခဲ့၏။ သူ့မျက်ခုံးများတွန့်ကွေးနေကာ ဤနည်းစနစ်ကိုတန်ပြန်နိုင်မယ့် နည်းလမ်းစဉ်းစားနေခဲ့သည်။

လန်ချင်းဖုန်းလည်း မျက်မှောင်ကြုံ့နေကာ တွေးတောနေခဲ့၏။

အခုလို နေရာကျဉ်းကျဉ်းလေးထဲတွင် ဘယ်သူက ကုန်းရှို့ပင်း၏ ကျန်း ဖုန်း ခွန် နည်းစနစ်များကို ရှောင်နိုင်ပါတော့မည်နည်း။

ကျန်းယန် အတန်ကြာအောင်တွေးပြီးနောက်တွင် အဖြေကိုရှာ‌တွေ့သွားခဲ့သည်။ အကယ်၍ သူသာ အစကတည်းက ဤနေရာကို ရေခဲကမ္ဘာဖြစ်အောင်ပြောင်းလဲထားနိုင်ခဲ့လျှင် သူကုန်းရှို့ပင်းကို အနိုင်ယူနိုင်၏။

ရေခဲကမ္ဘာထဲတွင် ဆိုလျှင် ထိုစွမ်းအားကိုသုံးဖို့နေနေသာသာ ကုန်းရှို့ပင်း ရေခဲစွမ်းအားများအောက်တွင် သူ့ကိုယ်သူ ကာကွယ်ဖို့တောင် မနည်းကြိုးစားနေရပေလိမ့်မည်သာ။

ထိုအချိန်ရောက်သွားလျှင် ဘယ်သူက ကြာကြာတောင့်ခံနိုင်သလဲ ဆိုတာပေါ် မူတည်ပြီး အနိုင်အရှုံးက ကွဲပြားသွားပေလိမ့်မည်။

“စီနီယာအစ်ကိုကြီး ဘယ်လိုထင်လဲ သူကုန်းရှို့ပင်းရဲ့ ဖိနှိပ်မှုကနေ ချိုးဖြတ်နိုင်လောက်လား” ကျိရှု လင်းရှုကို စိတ်၀င်တစားမေးလိုက်၏။

“ငါလည်းမသိဘူး” လင်းရှု ခေါင်းခါလိုက်သည်။

“ငါသူ့ကိုလေ့လာနေတာ တစ်လရှိပြီ…သူ့စွမ်းအားတွေက ဖရိုဖရဲဖြစ်နေတယ် …သူက နောက်ထပ်ဟွမ်ယွမ်ရွှေအမြုတေရှင်တစ်ယောက်လို့တောင် ငါသံသယဖြစ်မိတယ်”

“သူက ဟွမ်ယွမ်ရွှေအမြုတေရှင်လား”

“ဖြစ်နိုင်ချေများတယ်” ကုန်းရှု ခေါင်းညိတ်ပြလိုက်၏။

“သူ့ဆရာက စွမ်းအားအမျိုးမျ်ိုးကို အသုံးပြုနုိင်တဲ့ ဟွမ်ယွမ်ရွှေအမြုတေရှင်ဆိုရင် သူ့တပည့်က ဟွမ်ယွမ်ရွှေအမြုတေရှင်ဖြစ်နေတာလည်း ထူးဆန်းတာတော့ မဟုတ်ဘူး ဒါပေမယ့် သူတော်စင်သခင်ရဲ့ နည်းစနစ်တွေက ထူးခြားလွန်းတယ် အဲ့တာကို လွယ်လွယ်နဲ့ချိုးဖြတ်ဖို့ မဖြစ်နိုင်ဘူး”

“စီနီယာအစ်ကိုကြီးဆိုရင်ရော” ကျိရှု လင်းရှုကို မေးလိုက်ပြန်သည်။

လင်းရှု အေးအေးဆေးဆေးပြောလိုက်၏။

“ငါက ရှို့ယိဘုရားကျောင်းမှာ စိတ်ငြိမ်းအေးမှုကို အောင်မြင်ပြီးသွားပြီ ဒီနည်းစနစ်က ငါ့အပေါ်မှာ သက်ရောက်စေမှာမဟုတ်ဘူး”

အကယ်၍ သူ့အပေါ်မသက်ရောက်လျှင် ဘာချိုးဖြတ်စရာလိုပါဦးမည်နည်း။

အလားတူပင် ကွေ့ယွမ်ဘုရားကျောင်းမှ ဘုန်းကြီးအချို့လည်း ကုန်းရှို့ပင်းနည်းစနစ်ကိုကြည့်၍ ပြုံးလိုက်မိကြသည်။

ထိုကဲ့သို့သော ထူးဆန်းသည့်စွမ်းအားမျိုးက သာမန်လူတွေအပေါ်သက်ရောက်မှုရှိနိုင်သော်လည်း သူတို့လို ငြိမ်းမ‌အး‌ေသာစိတ်ဝိညာဉ်နှင့် ဥပဒေသများအပေါ်နားလည်မှု ရှိသူများအပေါ်တော့ သက်ရောက်မှု ရှိမည် မဟုတ်ပေ။

ကျန်းယန် လုံး၀ တည်ငြိမ်နေခဲ့သည်။

သူသားရဲနည်းစနစ်များကိုလှည့်ပတ်ကာ ကုန်းရှို့ပင်း၏နည်းစနစ်များကို သူ့ခန္ဓာကိုယ်အားဖြင့် တောင့်ခံနေခဲ့၏။

သူထိုစွမ်းအား၏အရင်းအမြစ်ကိုနားလည်လိုသော်လည်း အခုထိ နားမလည်သေးပေ။

သူ့နတ်အာရုံက လေထဲရှိ ထူးဆန်းသောစွမ်းအားတစ်မျိုးကို အာရုံခံမိသော်လည်း ထိုအရာက ဘာလဲဆိုတာ သေချာမဖမ်းဆုပ်နိုင်ခဲ့ပေ။

“မင်းလှုပ်မရတော့မှတော့ ငါမင်းကိုမေးစရာမေးခွန်းတစ်ခုရှိတယ်” ကုန်းရှို့ပင်း ကျန်းယန်ကိုစိုက်ကြည့်ကာ အေး‌ေအး‌ေဆး‌ေဆးပြောလိုက်သည်။

“ငါတို့လန်ကျားအထွတ်အမြတ်မြေက တပည့်တွေကိုသတ်တာမင်းလား မင်းမဟုတ်ရင်တော့ ငါမင်းကိုအရှုံးပေးခွင့်ပြုမယ် မင်းဆိုရင်တော့ မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်”

“ငါမဟုတ်ဘူးလို့ပြောရင်ရော မင်းကယုံမှာမလို့လား”ကျန်းယန် ပြန်ထေ့လိုက်၏။

ကုန်းရှို့ပင်း အေးအေးဆေးဆေးပြန်ပြောလိုက်သည်။

“မင်းကထုတ်ပြောရင်တော့ ငါကအမှားတွေကြားထဲက အမှန်ကို ကိုယ်တိုင်ရှာနိုင်တာပေါ့”

ထိုစဉ် ကျန်းယန်ကိုယ်ခန္ဓာရုတ်တရက် လှုပ်သွားခဲ့သည်။ကောင်းကင်နှင့်မြေပြင်၏ ကြီးမားလွန်းသော ဖိအားကြီးအောက်တွင် သူရှေ့သို့ နှစ်လှမ်းတိုးလာခဲ့လေသည်။

လူအုပ်ကြီး တုန်လှုပ်သွားခဲ့ကြ၏။ ဤအရာက ကျင့်ကြံသူရော ဟုတ်ပါသေးသလော။ ထိုလူသည် မွေးကတည်းက သာမန်မဟုတ်သောခွန်အားဖြင့် မွေးလာသူပေလော။

ကုန်းရှို့ပင်းအမူအရာမည်းမှောင်သွားကာ

“မင်းက တောင့်ခံနိုင်သေးတယ်လား”

“ကျန်း! ဖုန်း! ခွန်!”

သူထိုစွမ်းအားကို နောက်တစ်ကြိမ်အသုံးပြုလိုက်ပြန်သည်။

ကျန်းယန် ရယ်မောလိုက်၏။

“အောင်နိုင်သူတစ်ယောက်ရဲ့ မျက်နှာမျိုးကြီးနဲ့ မင်းကိုယ်မင်းနိုင်သွားပြီထင်နေတာလား ငါမင်းရဲ့စွမ်းအားအရင်းအမြစ်ကို အဖြေမရှာနိုင်ခဲ့ရုံပဲ ငါ၀န်ခံပါတယ် ငါချက်ချင်းတော့ မင်းစွမ်းအားကိုမချိုးဖြတ်နိုင်ခဲ့ဘူး ဒါပေမယ့် အဲ့တာနဲ့ပဲ ငါကမင်းကိုတန်ပြန်မတိုက်ခိုက်နိုင်တော့ဘူး ထင်နေတာလား”

“ငါ့မှာ ဒီတိုက်ကွက်သုံးခုပဲရှိတယ်လို့ မင်းထင်နေတာလား” ကုန်းရှို့ပင်း လှောင်ပြောင်လိုက်သည်။

“မင်းမှာ တိုက်ကွက်ဘယ်နှစ်ခုရှိရှိ ကိစ္စမရှိပါဘူး” ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။

“အခု ငါအခုမှနားလည်ထားတဲ့ နည်းစနစ်ကို ကြည့်ပေတော့”

“ဒီအကွက်ကို သေချာခုခံနော် မဟုတ်ရင် မင်းအဖေဒေါသထွက်သွားလိမ့်မယ်”

“သေမျိုးကမ္ဘာမှာ ကျတဲ့နှင်း!”

ရုတ်တရက်ဆိုသလို ကွင်းပြင်ထဲတွင် နှင်းများ ကျလာခဲ့လေသည်။

နှင်းလွှာများက လေထဲတွင်ဝဲလည်နေရင်း ရုတ်ချည်းဆိုသလို ကွင်းပြင်တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့၏။

လူတိုင်းအာရုံက လန်ချင်းဖုန်းဆီ ချက်ချင်းရောက်ရှိသွားခဲ့ကြလေသည်။

ထိုအကွက်က လန်ချင်းဖုန်း၏အကွက် မဟုတ်ပါလော။

သူတို့အကြည့်များက မင်းအကွက်တော့ အခိုးခံလိုက်ရပြီဟု ပြောနေသယောင်ပင်။

စာစဉ်ပြီး

All Chapters