(အသက်ကိုတန်ဖိုးထားပြီး နတ်ဆိုးဂိုဏ်းနဲ့ ဝေးဝေးနေရမယ်)
Vol. 15 Ch. 141
နောက်တစ်နေ့တွင် ယုံလီမြို့၏ ခမ်းနားသော စားသောက်ဆိုင်တစ်ခု အတွင်း၌…
အခန်းအတွင်းရှိ တိမ်ပုံစံ လိုက်ကာစသည် လေအဝေ့တွင် ဖြည်းညှင်းစွာ လှုပ်ရှားနေသည်။ နံရံပေါ်က ညလင်းပုလဲလုံးများ၏ ခပ်ဖျော့ဖျော့ အလင်းရောင်ကြောင့် ဝေဝါးသော ပုံရိပ်နှစ်ခုက ဘဲငှက်များရေကူးနေပုံ ချည်ထိုးထားသော လိုက်ကာစပေါ်တွင် အရိပ်အဖြစ် ထင်ဟပ်နေလေ၏။
အဝေးကြီး ခရီးနှင်လာပြီး နောက်ဆုံးတော့ ချီယွမ် ရှုတ်ထွေးနေသော ခံစားချက်များနှင့် နူးညံ့သော ထိုင်ခုံပေါ် သက်တောင့်သက်သာ ထိုင်ချလိုက်တော့သည်။
(ဒီနတ်ဆိုးမက ငါ့ကိုထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်ချီလို့တော့ သံသယ မဝင်လောက်ပါဘူးနော့်… အဲ့လိုဆို ငါဘာလုပ်ရတော့မလဲ)
ထိုအချိန်မှာပဲ ကျိချန်အာက သိပ်မဝေးသော ထိုင်ခုံပေါ်တွင် နွဲ့လျစွာ မှီထိုင်လိုက်ရင်း မက်မွန်ပွင့် မျက်လုံးများအတွင်း၌ နူးညံ့သော ဆွဲဆောင်မှုကို ဖော်ထုတ်လိုက်သည်။ သူမ၏ ကျောက်စိမ်းပါးပြင်နှစ်ဖက်က အရက်မူးနေသည့်နှယ် အနည်းငယ် နီစွေးနေသည့်အတွက် ပိုမို ဆွဲဆောင်မှု ပြင်းနေတော့၏။
ချီယွမ် တစ်ယောက် စိတ်ဓာတ်များ နိုးကြားသော်ငြား လာရင်းကိစ္စကို သတိရသွားသည့်အတွက် ပုံမှန်လိုသာ မေးလိုက်တော့သည်။
“ အဲ့ဒီလူလိမ်ကောင်ကို နတ်သမီးကျိ ဘယ်လိုထင်လဲ”
အလွန်မောပန်းနေမှုကြောင့် ချီယွမ်၏ လေသံပင် အနည်းငယ် ကြမ်းရှနေခဲ့သည်။
ထိုမေးခွန်းကြောင့် ကျိချန်အာ သတိဝင်သွားသည်။ မျက်နှာပေါ် ကျနေသော ဆံစတစ်ချို့ကို သိမ်မွေ့စွာ နားရွက်ရောက်သိမ်းယူရင်း ပုံမှန်လိုမျိုးဖြေလိုက်လေသည်။
“ ငါ့ရဲ့ဝိညာဥ်ရှာဖွေသိုင်းကို တောင့်ခံနိုင်တဲ့အတွက် အရည်အချင်းတော့ ရှိတယ်ပြောရမယ်”
“ပြီးတော်တော်လည်း ခေါင်းမာတယ်။ သူက ယင်ရှဂိုဏ်းရဲ့ ဝိညာဥ်ကိုလောင်ကျွမ်းစေပြီး အရိုးချေမွ နည်းလမ်းကို အမွှေးတိုင်တစ်တိုင်စာ တောင့်ခံနိုင်ခဲ့တယ်။ ဒီလောက်ဆို ကျင့်ကြံရေးလောကတစ်ခုလုံးမှာ တော်တော် အကြမ်းခံနိုင်တဲ့သူလို့ ပြောလို့ရနေပြီ”
“ဒါပေမဲ့ ယင်ရှဂိုဏ်းရဲ့ နည်းလမ်းတွေနဲ့ဆိုရင် အကြမ်းခံနိုင်တဲ့သူ မပြောနဲ့၊ ကျောက်တုံးဆိုရင်တောင် အမှုန့်အဖြစ် ပြောင်းလဲရမှာပဲ။ သူလဲနောက်ဆုံးတော့ ငိုယိုတောင်းပန်ပြီး အမှန်တိုင်း ပြောလာတယ်”
(သေစမ်း..ကြောက်ဖို့ကောင်းလိုက်တာ)
ထိုကံမကောင်း အကြောင်းမလှသော လူငယ်အတွက် ချီယွမ် မတတ်နိုင်စွာဖြင့် သုံးစက္ကန့်မျှ ငြိမ်သက်ပေးလိုက်ပါသည်။
လီယွမ်သန့်စင်နယ်မြေကို လှည့်စားနိုင်ပြီးကတည်းက ထိုသူ၏ ဖုံးကွယ်နိုင်စွမ်းက အောင်မြင်ကြောင်း သက်သေပြပြီးသားပင်။ သို့သော် ခေါင်းကြောမာသော နတ်ဆိုးမနှင့်တွေ့ပြီးနောက်မှာ နှိပ်စက်ခံရပြီး အပြတ်သတ်ရှုံးနိမ့်သွားလေတော့သည်။
သို့သော်ထိုသူက တစ်ကယ်ပဲ အယောင်ဆောင်တစ်ယောက် ဖြစ်နေခဲ့သည်။ ငတုံးစနစ်၏ မူရင်းပိုင်ရှင်ချီယွမ်နှင့် ဆက်စက်မှုတစ်ခုမှမရှိသော သာမာန် အလွတ်တမ်းကျင့်ကြံသူတစ်ဦး ဖြစ်နေလေ၏။
နည်းလမ်းများက ရက်စက်သော်ငြား အဆုံးမှာတော့ သူမက အမှန်တရားကို ရှာပေးခဲ့တာဖြစ်သည်။ ကံကံ၏အကျိုးကို မလွတ်မြောက်နိုင်ဘူး ဟူသည့် ဆိုရိုးစကား အတိုင်းပင် ထိုသူ့ခဗျာ လျင်မြန်စွာ အကျိုးခံစားလိုက်ရရှာသည်။
“ချီအိမ်တော်ကို ဖျက်ဆီးခဲ့တာသူပဲ.. သူ့နာမည်က ဟန်လဲ့”
ကျိချန်အာက ပြောနေရင်းဖြင့် ခန္ဓာကိုယ်ကို ပြန်မတ်လိုက်လေရာ ဆံနွယ်ရှည်များအားလုံးက ကျောနောက်လျှောကျသွားသောကြောင့် ပြီးပြည့်စုံသည့် သွယ်လျလျ လည်ပင်းနှင့် ပုခုံးဖွေးဖွေးက ထင်ရှားသွားရင်း ဆွဲဆောင်မှုရှိသောမျက်နှာလေးက အထင်းသား ပေါ်လာခဲ့သည်။
“ နင့်ရဲ့ သတို့သမီးလောင်းလေး ချင်လင်ရှူး ဝင်မရှုတ်ရင် ငါအဲ့ကောင်ကို နင့်ရှေ့ခေါ်လာပေးနေပြီ”
“ ငါထွက်မပြေးခင်တုန်းက ဟန်လဲ့ရဲ့ကိုယ်ပေါ်ကို ကောင်းကင်နတ်ဆိုး အမှတ်အသားထားခဲ့သေးတယ်။ ဒါပေမဲ့ ဘာကြောင့်လဲမသိ အဲ့ဒီအမှတ်အသားကို ဒီနေ့မနက်မှာ အာရုံခံလို့မရတော့ဘူး”
“ဒီတော့ ငါခြေရာပျက်သွားပြီ။ နင့်မိသားစုကို သတ်ခဲ့တဲ့သူကို သိချင်ရင် နင့် ချင်လင်ရှူးကိုသာ သွားမေးလိုက်တော့”
ကျိချန်အာက အပေါ်ဝတ်တစ်ထည် လှမ်းယူကာ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အပေါ် လွှားခြုံလိုက်သည်။ ပြီးသည်နှင့် အတွေးများနေဟန်ရသော မျက်နှာလှလှလေးက ချီယွမ်ကို လှမ်းကြည့်လာပြီး အေးစက်စက် ပြောလာလေ၏။
“ ချီယွမ်၊ ငါကတိပေးခဲ့တာက ချီအိမ်တော် အသတ်ခံရတဲ့ကိစ္စကို ဖြေရှင်းဖို့ပဲ။ အခုဖြေရှင်းပြီးပြီဆိုတော့ ကျန်တာ ငါနဲ့ မဆိုင်တော့ဘူး”
“ဟန်လဲ့က ဘယ်လောက် ထူးဆန်းနေပါစေ၊ သာမာန် ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲ။ နင်က အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပါ။ ဟန်လဲ့ကိုမှ မဖြေရှင်းနိုင်ရင် နင်က ကျိချန်အာရဲ့ ယောက်ျားဖြစ်ဖို့ မထိုက်တန်တော့ဘူး။ အဲ့လိုဆိုမှတော့ သေဖို့ပဲတန်တယ်”
.
ထို့နောက်တွင် သူမက သိုလှောင်လက်စွပ် အတွင်းမှ ဓားနက်တစ်ချောင်းထုတ်ယူပြီး ချီယွမ်ကို ပစ်ပေးလိုက်သည်။
“ဒီဓားက ဟန်လဲ့ဆီကရတာ.. ကြည့်ရတာ ကျင့်ကြံသူတစ်ယောက်ရဲ့ သွေးနဲ့အဆီအနှစ်ကို စုပ်ယူနိုင်ပုံပဲ။ သာမာန်လက်နက်နဲ့လည်း မတူဘူး.. နတ်ဆိုးလက်နက် ဖြစ်နိုင်တယ်”
“ နင်သုံးချင်လည်းသုံး၊ ဖျက်ဆီးချင်လည်း ဖျက်ဆီးလိုက်။ ပုံမှန်အတိုင်းဆို နိမ့်ကျတဲ့နင့်အရည်အချင်းနဲ့ ကျွမ်းကျင် ကျင့်ကြံသူတစ်ဦးဖြစ်လာဖို့က တစ်သက်လုံးကြာမဲ့ပုံပဲ ဆိုမှတော့ နောက်တစ်နည်း ကြိုးစားကြည့်ပေါ့”
ထို့နောက်တွင် ခဏရပ်လိုက်ပြီးမှ သူမက ဆက်ပြောသည်။
“ သေချာပေါက် သုံးမယ်ဆိုလဲ သတိထားအုံး။ ဓားရဲ့နတ်ဆိုးဗီဇက နင့်ကို မဖုံးလွှမ်းသွားစေနဲ့”
ချီယွမ်၏ မျက်နှာထားက အနည်းငယ် ထူးဆန်းလာတော့သည်။
(နတ်ဆိုးလက်နက် ဟုတ်လား)
(ဘုရားရေ)
(ဒီနတ်ဆိုးမက တစ်ကယ်ကြီး ငါ့ကိုမွေးရာပါ နတ်ဆိုးလို့ ထင်နေတာတော့မဟုတ်ဘူးမလား)
သို့သော်ငြား ချီယွမ် ဘယ်လိုပဲ ဓားရှည်ကို ခိုင်မာစွာ စုတ်ကိုင်ရင်း အသေးစိတ် စစ်ဆေးကြည့်ပါစေ၊ ဘာစွမ်းအင် တုံ့ပြန်မှုကိုမှ မခံစားရဘဲ သာမာန်လက်နက် တစ်ခုလို့သာ ခံစားရသည်။
( ဒီဓားက ဈေးကွက်ပေါ်တင်ရောင်းရင်တောင် ချိန်ရောင်းခံရလောက်တယ်။ ဘာမှ ထူးခြားတဲ့ပုံလည်း မပေါ်ပါဘူး)
ထိုဓားကို ပုံမှန်လိုမျိုး ဘေးချလိုက်ရင်း ချီယွမ်ပြုံးကာ ပြောလိုက်သည်။
“ ကျေးဇူးပါ နတ်သမီးကျိ၊ ကျုပ် သေချာပေါက် အနာဂတ်မှာ ကျေးဇူးပြန်ဆပ်ပါ့မယ်”
ပြောနေရင်းဖြင့် ချီယွမ်၏ ကြီးမားသော လက်ဖဝါးတစ်ဖက်က ကျိချန်အာ၏ သေးသွယ်သော ခါးပေါ်ရောက်သွားခဲ့သည်။
ကျိချန်အာက လှမ်းကြည့်လာသော်ငြား မတွန်းတော့ဘဲ ထိုအစား တိတ်တဆိတ် အနားယူရင်း နူးညံ့စွာပြောလာလေ၏။
“ နောက်နှစ်လနေရင် ငါတို့ ကျိအိမ်တော် ဘိုးဘေးရဲ့ အသက်ရှစ်သောင်းပြည့် မွေးနေ့လာတော့မယ်”
“အိမ်သားဖြစ်တဲ့ငါက ချက်ချင်းပြန်ပြီး ပြင်ဆင်စရာတွေ ပြင်ဆင်ပေးရမှာ.. နင်ငါနဲ့ ပြန်လိုက်ခဲ့ပါ့လား”
(ဟမ်)
နူးညံ့သော အထိအတွေ့ကိုခံစားနေသော ချီယွမ်တစ်ယောက် ချက်ချင်း ထိတ်လန့်သွားကာ.မျက်နှာပင် ဖွေးဖြူသွားလေရဲ့….။
(လာနောက်နေတာလား)
(ဂုဏ်သရေရှိ ထိုက်ရွှမ်းတာအိုသားတော်က နတ်ဆိုးဂိုဏ်းက ဘိုးဘေးရဲ့ အသက်ရှစ်သောင်းပြည့် မွေးနေ့ကို သွားတက်ရမှာလား.. သိုးတစ်ကောင်ကို ကျားဂူထဲ ဝင်ခိုင်းနေတာလားဟ)
(ငါ့ရဲ့သရုပ်မှန်သာ ပေါ်သွားလို့ကတော့ ယင်ရှဂိုဏ်းက ရေဆုံးမြေဆုံးထိ လိုက်သတ်ကြမှာပဲ)
( မွေးနေ့ပွဲတော်မှာ တာအိုသားတော်ကို အနိုင်ယူခဲ့တယ်ဆိုတဲ့ သတင်းသာ ပျံ့သွားလို့ကတော့ ကျင့်ကြံရေးလောကတစ်ခုလုံး ဇောက်ထိုးဖြစ်သွားလောက်တယ်)
ချီယွမ် အနေခက်စွာ ပြုံးလိုက်ကာ ယဥ်ယဥ်ကျေးကျေး ငြင်းဆိုလိုက်သည်။
“နတ်သမီးကျိ၊ ချီအိမ်တော်အစား ကျုပ်လက်စားချေရအုံးမယ်.. ကျုပ်မှာ အချိန်မရှိဘူး”
“ပြီး နတ်သမီးကျိ ကျုပ်ကိုသိပါတယ်။ ကျုပ်က လူမသိသူမသိ နေရတာပဲ ကြိုက်တယ်။ မင်းလို တုနှိုင်းမမှီတဲ့ အလှလေးနဲ့ တည့်ကြီးဝင်သွားလို့ကတော့ အကုန် ဝိုင်းသတိထားကုန်မှာပေါ့”
“ ယင်ရှဂိုဏ်းရဲ့ အလှလေးပါးထဲက တစ်ပါးဖြစ်တဲ့ နတ်သမီးကျိနောက်ကို လိုက်နေတဲ့ယောက်ျားတွေ အများကြီးရှိမှာ ကျုပ်လောင်းရဲတယ်။ မင်းကိုကြိုက်နေတဲ့လူတွေကသာ ကျုပ်ကို ပစ်မှတ်ထားလိုက်ရင် အဲ့မှာပဲ သေနေအုံးမယ်”
ကျိချန်အာက မျက်ခုံးပင့်လိုက်ရင်း ခပ်ရွဲ့ရွဲ့ပြန်ပြောလာသည်။
“ ငါ့တစ်ကိုယ်လုံးကို သေမတက်အသားယူထားပြီး နင်က အခုမှ ကြောက်သလိုရွံ့သလို လာလုပ်ပြနေတာလား”
“မသေချင်ရင် ကော်လိုမျိုး ငါ့နားသာ ကပ်နေလိုက်။ ဘယ်သူမှ လက်တစ်ချောင်းနဲ့တောင် မထိစေရဘူး”
ချီယွမ် တစ်ယောက် ချွေးစို့လာတော့သည်။
(အပြောကတော့ လွယ်တာပေါ့။ အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေသာ ငါ့သရုပ်မှန်ကို သိသွားလို့ကတော့ မင်းက ဂိုဏ်းခေါင်းဆောင် ဖြစ်နေရင်တောင်မှ ငါလွတ်မှာမဟုတ်ဘူး။ နတ်ဆိုးကျင့်ကြံသူဆိုတာ သွားရှုတ်လို့မရဘူးနော်)
ချီယွမ် ဘယ်လိုပင် တွန့်ဆုတ်နေပါစေ.. သူမ၏ အားတက်သရော ခေါ်ဆိုနေမှုကြောင့် အဆုံးမှာတော့ အတင်းအကျပ် ပြုံးရင်း ပြောလိုက်ရတော့သည်။
“နတ်သမီးကျိပြောနေမှတော့ ကျုပ် ကြိုးစားကြည့်ပါ့မယ်”
“ဒါပေမဲ့ ကျုပ်က မင်းနဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်း ရှိထားခဲ့ပြီ။.ဘယ်သူမှ မသိဘူးဆိုရင်တောင် ယောက်ျားဖြစ်တဲ့ ကျုပ်က အိမ်တော်ဘိုးဘေးကို လက်ဗလာနဲ့တော့ သွားမတွေ့နိုင်ဘူး”
“ မင်းအရင် ပြန်နှင့်လိုက်ပါ။ လက်ဆောင်ပြင်ပြီးတာနဲ့ ယင်ရှဂိုဏ်းကို ကျုပ် လိုက်လာခဲ့ပါ့မယ်”
ကျိချန်အာ၏.မျက်နှာထားက ရုတ်ချည်း ပျော့ပြောင်းသွားကာ ချီယွမ့်ကို နက်နက်ရှိုင်းရှိုင်း မော့ကြည့်လိုက်သည်။
“ကျိအိမ်တော်က လက်ဆောင်မလိုပါဘူး။ ဒါပေမဲ့ နင်က ဒီလောက် ကြင်ကြင်နာနာနဲ့ တောင်းဆိုနေမှတော့ ငါလက်ခံလိုက်မယ်”
“ဒါပေမဲ့ အရမ်းတန်ဖိုးကြီးတာတွေ ယူခဲ့ဖို့ မလိုဘူး။ တတ်နိုင်တာပဲယူခဲ့ ကြားလား”
ပြီးသည်နှင့် သူမက အင်္ကျီအတွင်းမှ သိုလှောင်လက်စွပ်တစ်ကွင်းယူကာ ချီယွမ့်လက်ထဲ ထိုးထည့်လိုက်သည်။
“ဒီအရင်းအမြစ်တွေထဲက အရင်သုံးလိုက်။ ဒီသိုလှောင်လက်စွပ်ထဲမှာ ကျိအိမ်တော်ရဲ့ တံဆိပ်ပြားလည်း ပါတယ်”
“ယင်ရှဂိုဏ်းသားနဲ့တွေ့လို့ ဒီတံဆိပ်ပြား ပြလိုက်ရင် ဘယ်သူမှ နှောက်ယှက်တော့မှာ မဟုတ်ဘူး”
သိုလှောင်လက်စွပ်ကို ယူလိုက်ပြီးနောက်တွင် ချီယွမ် စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။
ဘယ်လိုဆိုဆို လက်ရှိအခြေအနေမှာ ယာယီတော့ လွတ်မြောက်သွားခဲ့ပြီမလား..
နောက်မှ မလာနိုင်လို့ ဆင်ခြေတစ်ခုနှင့် လက်ဆောင်ကို လူကြုံပါးပေးလိုက်လို့ ရသည်လေ။ သူ၏ အတွေးကတော့…
(ဘဝကိုတန်ဖိုးထား၊ နတ်ဆိုးဂိုဏ်းနဲ့ဝေးဝေးနေ)... ဟူ၍ပင်။
……