← Chapters

(သန့်စင်နယ်မြေရဲ့ ဒီတာအိုသားတော်က ဘာလို့နတ်ဆိုးနဲ့ ပိုတူနေရတာလဲ)

Vol. 15 Ch. 143

(သန့်စင်နယ်မြေရဲ့ ဒီတာအိုသားတော်က ဘာလို့နတ်ဆိုးနဲ့ ပိုတူနေရတာလဲ)

Vol. 15 Ch. 143

ရက်ပေါင်းများစွာ ကြာပြီးနောက်တွင်...

သေးငယ်သော ကျင့်ကြံရေး မိသားစုတစ်စု၏ ပင်မခန်းမအတွင်း၌…

အဘက်ဘက်သို့ ပြန့်ကြဲနေသော စားပွဲခုံ၊ ထိုင်ခုံနှင့် အလှဆင်ပစ္စည်းပေါင်း များစွာသည် ရှုပ်ထွေးပွေလီနေကာ မြေပြင်ပေါ်တွင်လည်း အလွန်ထိတ်လန့်သော မျက်နှာထားများဖြင့် သေဆုံးလျက်ရှိသော မိသားစုဝင် အများကြီး ရှိနေခဲ့သည်။

ကြမ်းပြင်တွင် ပျံ့နှံ့နေသော လတ်ဆတ်သည့် သွေးစက်ပေါင်းများစွာက အသက်ဝင်နေသည့် အစီအရင်ပုံစံခွက် တစ်ခုလိုမျိုး ဝေဝါးစွာ ခံစားရစေ၏။

အစီအရင် ပုံစံခွက်၏ အလယ်ရှိ အနက်ရောင် ဝတ်စုံ၊ အနက်ရောင် ဦးခေါင်းစွပ်ကို ဝတ်ဆင်ထားသော လူတစ်ဦးက လက်ဟန်ပြုရင်း မန္တာန်ကို အသက်သွင်းလိုက်သည်။

အစီအရင် အသက်ဝင်လာသည်နှင့် ကြမ်းပြင်ပေါ်ရှိ သွေးအဆီအနှစ်များက တဖြည်းဖြည်း စုဝေးလာကာ ထူထဲသော သွေးမြွေတစ်ကောင်နှယ် အလယ်တွင် ရပ်နေသည့် လူရွယ်ထံသို့ ဝင်ရောက် ပျောက်ကွယ်သွားလေ၏။

တစ်ချိန်တည်းမှာပဲ ထိုလူ၏ အရှိန်အဝါက လျင်မြန်စွာ မြင့်တက်လာခဲ့ကာ ချီသန့်စင်ခြင်း အဆင့်၉အထိ ရောက်သည့်တိုင်အောင် မရပ်သေးဘဲ အဆက်မပြတ် တိုးမြင့်နေခဲ့သည်။

အသက်၁၂ကြိမ်ခန့် ရှုချိန်အပြီးလောက်မှသာ မြင့်တက်နေသော ထိုသူ၏ ကျင့်ကြံမှုက တည်ငြိမ်လာကာ အခြေခံ တည်ထောင်ခြင်း အလယ်အဆင့်သို့ တက်လှမ်းနိုင်ဖို့ ခြေတစ်လှမ်းသာ လိုအပ်တော့သည့် အနေအထားမှာ ရပ်တန့်သွားခဲ့သည်။

ခန်းမအတွင်းရှိ အလောင်းများ အားလုံးကတော့ အရိုးကောင်များအဖြစ် ပြောင်းလဲသွားကာ ခြေရာလက်ရာပင် မမြင်ရတော့ချေ။

"အင်အားကြီးလာတဲ့ ခံစားချက်က တစ်ကယ်ကို ခံစားလို့ ကောင်းတာပဲ"

ခပ်တိုးတိုး ပြောလိုက်သော ဟန်လဲ့၏ ပြူးကျယ်ကျယ် မျက်လုံးများအတွင်း၌ သွေးဆာမှုနှင့် ရက်စက်သော အလင်းတန်းတစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။

"ဒီမိသားစုက တော်တော် အားနည်းတယ်။ အမြင့်ဆုံး ကျင့်ကြံသူကတောင်မှ အခြေခံ တည်ထောင်ခြင်း အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ အရင်တစ်ခေါက်က ချီအိမ်တော်လောက်တောင် မသန်မာဘူး။ ထားပါလေ။ ငါ့ရဲ့ ကန့်သတ်ချက်ကလည်း ရှိနေသေးတော့ ဒီလိုမျိုး သေးငယ်တဲ့ ကျင့်ကြံရေး အိမ်တော်တွေကိုပဲ သတ်လို့ရနေသေးတယ်။ အရေအတွက် များသွားရင် နောက်ကျ အင်အားတိုးလာမှာကိုပဲ အားကိုရတော့မယ်”

"ဒါပေမဲ့ လီယွမ် သန့်စင်နယ်မြေရဲ့ ဓားနတ်မိမယ် ချင်လင်ရှူးက ငါ့ကို သံသယ ဝင်နေတာတော့ စိတ်ပျက်စရာပဲ။ ရွှေအမြုတေနယ်ပယ်ကို ဆင့်တက်နိုင်တာနဲ့ အရင် အခွင့်အရေးတစ်ခုရှာပြီး သူမကို ချုံခိုတိုက်ခိုက်ရမယ်"

အရင်တစ်ခေါက်က နတ်ဆိုးမ ကျိချန်အာထံမှ လွတ်မြောက်သွားသည့်တိုင်အောင် ဟန်လဲ့သည် သက်ရှိများ၏ သွေးအဆီအနှစ်ကို စုဆောင်းပြီး သန်မာမှု တိုးမြင့်ချင်သော စိတ်ဆန္ဒကို ဖြည့်တင်းဖို့အတွက် မလုပ်နိုင်သေးဘဲ ချင်လင်ရှူး၏ စောင့်ကြည့်မှုကို များစွာ သတိထားခဲ့ရ၏။

"ဒီခန္ဓာကိုယ်အသစ်က သွေးလမ်းစဥ်နဲ့ ကျင့်ကြံဖို့အတွက် တော်တော်လေး ကိုက်ညီနေတယ်။ သွေးစွမ်းအင်စုစည်းပေးနိုင်တဲ့ နင်ယွမ်ဓား မပါတာတောင်မှ ငါ့ရဲ့ သွေးစုဝေးခြင်း သိုင်းတစ်ခုတည်းနဲ့ သန်မာမှုကို တိုးမြင့်ပေးနိုင်တယ်။ ဒီနှုန်းနဲ့ဆို မကြာခင်မှာပဲ ငါ အောင်မြင်လာတော့မယ်။ ငါသန်မာလာလို့ကတော့ ဟိုနတ်ဆိုးမကို သေချာပေါက် ပြန်သွားရှာပြီး ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်မယ်။ ငါ့ရဲ့ ကိုယ်ပိုင်အစွမ်းနဲ့ နေ့တိုင်း နှိပ်စက်ပြီးပဲ နှလုံးသားထဲက အမုန်းတရားတွေကို ချေဖျောက်ရတော့မယ်”

ခန္ဓာကိုယ်အတွင်းက ပေါများလာသော စွမ်းအင်များကြောင့် ဟန်လဲ့၏ အပြုံးက ပိုမိုကြီးမားလာကာ စိတ်လှုပ်ရှားမှုနှင့် လောဘများပါ ဝင်ရောက်လာတော့သည်။

ထိုအချိန်မှာပဲ ခန်းမအပြင်ဘက်မှ အမျိုးသား အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။

"ညီနောင်ရေ၊ မင်း ခုနက ဘယ်သူ့ကို နှိပ်စက်မယ်လို့ ပြောလိုက်တာလဲ"

"ဘယ်သူလဲ"

ဟန်လဲ့၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး တံခါးပေါက်ရှိရာကို လှည့်ကြည့်လိုက်သည်။

မကြာမီမှာပဲ ခြံဝင်းအတွင်းသို့ ဆင်းသက်လာသော ယောက်ျားတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရ၏။

ထိုမည်းမှောင်နေသော မျက်နှာထားနှင့် လှပသည့် မိန်းကလေးက ဟန်လဲ့ အလွန်အမင်း ကြိုးစားကာ မျက်ခြည်ဖြတ်ထားသော လီယွမ် သန့်စင်နယ်မြေ၏ ဓားနတ်မိမယ် ချင်လင်ရှူးမှအပ မဖြစ်နိုင်ပါချေ။

ချင်လင်ရှူး၏ဘေးတွင် ရပ်နေသော လူငယ်ကို ဟန်လဲ့ မသိပါသော်ငြား ထိုသူ၏ အရှိန်အဝါကို ကြည့်လိုက်ရုံဖြင့် ချင်လင်ရှူးထက် ကျင့်ကြံဆင့် မနိမ့်မှန်း သိသာပါသည်။

(ဘာတွေဖြစ်နေတာလဲ)

မျက်စိရှေ့က ရုတ်တရက်ဆန်လွန်းသော မြင်ကွင်းကြောင့် ဟန်လဲ့ အလွန်အမင်း အံ့အားသင့်နေခဲ့သည်။

ခန်းမအတွင်းရှိ ရက်စက်လွန်းသော မြင်ကွင်းကို ကြည့်နေရင်း ချင်လင်ရှူး၏ လှပသော မျက်လုံးအတွင်း၌ လူသတ်လိုစိတ်များ ဝင်ရောက်လာတော့သည်။

ဤချီယွမ်ထံတွင် ပြဿနာရှိနေမှန်း သူမ ရိပ်စားမိတာ ကြာပြီပင်။ ထို့ကြောင့် အမှန်တရားကို ရှာဖွေနိုင်ရန်အတွက် ချီယွမ်နောက်သို့ သူမ လိုက်နေခဲ့တာဖြစ်သည်။

သို့သော် မထင်ထားစွာပင် ထိုသူက အလွန်အမင်း ဥာဏ်များသည့်အပြင် လျှို့ဝှက်သိုင်းများစွာကိုလည်း တတ်မြှောက်လေရာ၊ သူမ သတိတစ်ချက် လွတ်နေတုန်းမှာပဲ လွတ်မြောက်သွားခဲ့သည်။

ထိုအချိန်မှာပဲ ထိုသူကို ခြေရာခံနေသော တာအိုသားတော်ချီနှင့် တွေ့ဆုံခဲ့ပြီး အကြောင်းအရင်းကို နားလည်သွားတော့သည်။

ရုတ်တရက် သေရာကနေ ပြန်ရှင်လာခဲ့သော သူမ၏ သတို့သားလောင်းက တစ်ကယ်တော့ ဝိညာဉ်ပြောင်းထားသော တစ်ခြားတစ်ယောက်ဖြစ်နေလေ၏။

သူမက ကျားကို တောအတွင်းသို့ ပြန်လွှတ်ခဲ့မိသည့်အတွက် အပြစ်မဲ့သော ကျင့်ကြံသူများစွာ အသတ်ခံလိုက်ရသည်။ ထို့ကြောင့် သူမအနေနှင့် ငြိမ်ပြီးနေနေလို့ မဖြစ်နိုင်တော့ဘူး။

ထိုအချိန်မှာပဲ ဟန်လဲ့ ရုတ်တရက် သတိဝင်လာခဲ့သည်။ များစွာသော မုန်တိုင်းများကို ကျော်ဖြတ်ခဲ့သည့် ကျွမ်းကျင် ကျင့်ကြံသူတစ်ဦးဖြစ်သော ဟန်လဲ့က လျင်မြန်စွာဖြင့် အံ့သြမှုကို ထိန်းချုပ်လိုက်ရင်း အဖက်မလုပ်သော မျက်နှာပေးကို တပ်ဆင်လိုက်သည်။

"တစ်ကယ်တော့ ဒါတွေအားလုံးက နားလည်မှု လွဲနေတာပါ။ ကျွန်တော်က ဒီနေရာကို ဖြတ်သွားတဲ့အချိန်မှာ အရမ်းကို လွှမ်းမိုးနိုင်တဲ့ သွေးအရှိန်အဝါကို ခံစားလိုက်ရလို့ စုံစမ်းဖို့အတွက်ဆိုပြီး ရောက်လာခဲ့တာ။ ဒါပေမဲ့ အထဲကို ဝင်လိုက်တာနဲ့ ဒီလို ကြောက်စရာ မြင်ကွင်းနဲ့ ရင်ဆိုင်လိုက်ရတာပဲ"

"အဲဒီနတ်ဆိုး ကျင့်ကြံသူတွေက ဒီလောက်ထိ ရက်စက်ပြီး ယုတ်မာကြမယ်လို့ လုံးဝ ထင်မထားဘူး"

"အိုး အဲ့လိုလား"

ချင်လင်ရှူး မတုံ့ပြန်နိုင်ခင်မှာဘဲ ဘေးမှာ ရပ်နေသော ထူးဆန်းသည့် လူရွယ်က ခပ်ဖွဖွ ပြုံးလိုက်ရင်း စနောက်လိုသော လေသံဖြင့် ပြောလိုက်သည်။

"မင်း လုပ်ခဲ့တာဖြစ်စေ မလုပ်ခဲ့ဘူးဖြစ်စေ ဒါမင်းပြောရမယ့်ကိစ္စ မဟုတ်ပါဘူး။ နစ်နာသွားတဲ့ သူတွေကိုပဲ မေးကြည့်ရအောင်လေ"

ထိုအချိန်မှာပဲ ချင်လင်ရှူး၏ဘေးတွင် ရပ်နေသော လူငယ်က အင်္ကျီလက်ကို ခေါက်လိုက်ရင်း များစွာသော အလင်းတန်းများကို အဘက်ဘက်သို့ ပျံ့နှံ့စေလိုက်သည်။

ချက်ချင်းဆိုသလို ခန်းမတစ်ခုလုံး ချမ်းစိမ့်လာတော့၏။ မကြာမီကမှ ခြောက်သွေ့စွာ သေဆုံးခဲ့ရသော နစ်နာသူများ၏ ဝိညာဉ်များစွာသည် ရုတ်တရက် ပေါ်ပေါက်လာကာ အရိပ်များသဖွယ် ပြေးလွှားနေကြသည်။

ကြမ်းတမ်းစွာ သေဆုံးခဲ့ရသည့်အတွက် ထိုဝိညာဉ်များ အားလုံးက နက်ရှိုင်းသော အမုန်းတရားများကို သယ်ဆောင်ထားလေရာ ထွက်ပေါ်လာတာနှင့် လူသတ်သမား ရှိရာကို ဦးတည်လိုက်ကြသည်။

"နင်ပဲ။ ငါတို့မိသားစု တစ်ခုလုံးကို နင် သတ်ခဲ့တာ။ ဒါကို နင် ငြင်းရဲသေးတာလား"

"ဂါး ငါ မလိုအပ်ဘဲနဲ့ သေခဲ့ရတာ"

"မကောင်းတဲ့ကောင်၊ အယုတ်တမာကောင်၊ ငါ တစ္ဆေဖြစ်နေရင်တောင်မှ နင့်ကို သတ်ပစ်မယ်"

ထိုဝိညာဉ်များအားလုံးသည် တရားခံ ဟန်လဲ့ကို အမျိုးမျိုး ကျိန်ဆဲကြသော်ငြား ဟန်လဲ့ထံမှ ထွက်ပေါ်လာသော အခြေခံ တည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ ပြင်းထန်သည့် အရှိန်အဝါများကြောင့် နေရာမှာတင် တွန့်ဆုတ်စွာ ရပ်နေကြသည်။

...

သို့သော် ဟန်လဲ့၏ နှုတ်ခမ်းများက အချိန်နဲ့အမျှ ရုပ်ဆိုးစွာ တွန့်လိမ်လာတော့၏။

(ဒီကောင်က ဘာကောင်လဲဟ)

(လက်ဖြောက်တစ်ချက် တီးလိုက်ရုံနဲ့ သေသွားတဲ့ သူတွေရဲ့ ဝိညာဉ်ကို ဆင့်ခေါ်နိုင်တာလား။ ဒါက အရမ်းကို မဖြစ်နိုင်စရာ ကောင်းလွန်းတယ် မထင်ဘူးလား)

( ဝိညာဥ်တွေရဲ့ သက်သေရပြီဆိုတော့ အခု ငါ လက်ပူးလက်ကြပ်မိသွားပြီလား..ငါ ဘယ်လို ငြင်းရတော့မှာလဲ)

ထို မဖြစ်နိုင်သော မြင်ကွင်းကြောင့် ချင်လင်ရှူးပင် အနည်းငယ် အံ့အားသင့်သွား၏။ သို့သော် သတိပြန်ဝင်လာသည်နှင့် သူမ၏ ကျောက်စိမ်းသဖွယ် မျက်နှာက ချက်ချင်း အေးစက်သွားကာ ကျောချမ်းဖွယ် လေသံနှင့် ပြောလိုက်သည်။

"ဒါဆိုရင် ရှင်က တစ်ကယ်ပဲ လူသတ်သမားပေါ့။ သေဖို့သာ ပြင်ပေတော့"

ပြောပြီးသည်နှင့် သူမက ဓားရှည်ကို မြှောက်လိုက်ရင်း ဓားချက်တစ်ချက်တည်းနှင့် ဟန်လဲ့ကို သတ်ဖို့ ပြင်လိုက်သည်။ သို့သော် ချီယွမ်က လျင်မြန်စွာ တားမြစ်လိုက်၏။

"နတ်သမီးချင်၊ ခဏစောင့်ပါဦး။ သူ့ကို ကျွန်တော့်ဆီ ပေးမယ်လို့ နတ်သမီးချင် ပြောထားတာ မဟုတ်ဘူးလား"

ပြောပြီးသည်နှင့် ချီယွမ်သည် ခန်းမအတွင်းက ဝိညာဉ်များကို လွယ်ကူစွာ ပျောက်ကွယ်စေလိုက်ရင်း ဟန်လဲ့ကို မရင်းနှီးသော မျက်နှာပေးဖြင့် လှည့်ကြည့်လိုက်သည်။

"ငါ့ကိုယ်ငါ မိတ်ဆက်ဖို့ မေ့သွားတယ်။ ငါက ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်ချီပဲ။ ပြီးတော့ တိုက်ဆိုင်စွာနဲ့ ငါ့ရဲ့နာမည်ကလည်း ချီယွမ်ဖြစ်နေတယ်။ မင်း ဒီရက်ပိုင်း လှည့်ပတ်ပြီး သွားနေတာ ငါနဲ့ပတ်သက်ပြီး တော်တော်လေးတော့ ရှာဖွေတွေ့ရှိထားမှာပဲ"

တစ်ကယ်တော့ ချီယွမ် ဒေါသထွက်နေခဲ့သည်။ ထိုသူက ငါးရှဥ့်တစ်ကောင်လိုမျိုး လမ်းတစ်လျှောက်လုံးတွင် နေရာပြောင်း အစီအရင်ကို ၄၊ ၅ကြိမ် ဆက်တိုက်အသုံးပြုခဲ့သည့်အတွက် ခြေရာခံဖို့ လွန်စွာခဲယဥ်းနေ၏။

နင်ယွမ်ဓားနှင့် တိုက်ရိုက် ခြေရာခံနေသည့်တိုင်အောင် ချီယွမ်တစ်ယောက် ပစ်မှတ်ကို အကြိမ်ကြိမ် လွဲချော်ခဲ့ရသည်။ ထို့ကြောင့် အလွန်အမင်း ဒေါသထွက်နေခဲ့တာပင်။

(အခု ငါ မင်းကို မိပြီဆိုမှတော့ သေချာပေါက် ကောင်းကောင်းလေး နှိပ်စက်ပေးရမှာပေါ့။ မဟုတ်ဘူး။ ငါ ဒီကောင့်ကို သေချာမေးမှရမယ်။ စိတ်ဝင်စားစရာ ကိစ္စတစ်ချို့ကို ရှာတွေ့ရင်လည်း တွေ့နိုင်တာပေါ့)

ချီယွမ်သည် ထိုဟန်လဲ့ကို ထူးခြားသော ဇစ်မြစ်ရှိသည့် အလွတ်တမ်း ကျင့်ကြံသူတစ်ဦးဟု ဝေဝါးစွာ ခံစားနေရသည်။ ထို့ကြောင့် သေချာစွာ စစ်ဆေးကြည့်လျှင် မထင်ထားသော ရလဒ်ကို ရနိုင်လိမ့်မည်ဟု ခံစားနေရ၏။

(သေချာပေါက် ဒီကောင့်ဘက်က ကောင်းကောင်း မပူးပေါင်းရင် အရင်သတ်ပစ်ပြီး ဝိညာဉ်ကို စစ်ဆေးရမယ်ဆိုလည်း ငါက ပြဿနာ မရှိဘူး)

(ဘယ်လိုပဲဆိုဆို အရင်တစ်ခေါက် တာဝန်အပြီးတည်းက ငါက ဝိညာဉ်ခေါ်တဲ့သိုင်းမှာ စောက်ရမ်းတော်တဲ့ ဆရာကြီးတစ်ယောက် ဖြစ်လာခဲ့ပြီးသားပဲ။ အခုတင် ငါ့ရဲ့ အရည်အချင်းကို ပြသတဲ့အနေနဲ့ ဒီလောက် ဝိညာဉ်တွေ အများကြီး ခေါ်ပေးခဲ့တာပဲလေ)

ထို့ကြောင့် ချီယွမ် အေးစက်စွာ မဲ့ရွဲ့လိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်တော့သည်။

"စစ်မှန်ဂိုဏ်းရဲ့ ပါရမီရှင်တစ်ယောက်အနေနဲ့ ငါ အမုန်းဆုံးက ပြစ်မှုကျူးလွန်တဲ့ လူတွေပဲ။ ဒီလိုမျိုး နေ့ခင်းကြောင်တောင်ကြီးမှာ အပြစ်မရှိတဲ့ သူတွေကို မင်းက သတ်ရဲတယ်လား။ မင်းက သေဖို့ပဲ ထိုက်တန်တယ်။ ဒါပေမဲ့ မင်း မသေခင်မှာ နောက်ဆုံးစကား ပြောစရာရှိသေးလား"

(စစ်မှန်ဂိုဏ်း ဟုတ်လား)

ဟန်လဲ့၏ မျက်နှာထားသည် ပိုမို ထူးဆန်းလာတော့သည်။

(သေစမ်း.. ငါဘာကြောင့်များ ဒီသန့်စင်နယ်မြေရဲ့ တာအိုသားတော်ဆီကနေ နတ်ဆိုးအရှိန်အဝါကို ခံစားနေရတာလဲ)

……..

All Chapters