(ငါက ကျင့်ကြံရေးလောကရဲ့ လူတိုင်းကြောက်ရတဲ့ တာအိုနတ်ဆိုးပဲ)
Vol. 15 Ch. 144
(ငါဘာလုပ်ရတော့မလဲ)
အခုအချိန်တွင် ဟန်လဲ့တစ်ယောက် လုံးဝမတည်ငြိမ်နိုင်တော့ပေ။ သူ၏မျက်နှာက ကြောက်ရွံ့နေမှုကြောင့် အလွန်အမင်း ဖြူဖတ်နေကာ သင့်တော်သည့် ဖြေရှင်းချက်တစ်ခု ရဖို့အတွက် ဦးနှောက်က အသည်းအသန် အလုပ်လုပ်နေသည်။ နှလုံးသားကလည်း ရင်ဘက်ထဲမှ ပေါက်ထွက်မတတ် ခုန်ပေါက်နေလေ၏။
လက်ရှိ အခြေအနေတွင် အရှေ့၌ရပ်နေသော လူနှစ်ယောက်လုံးကို မယှဥ်ပြိုင်နိုင်လေရာ တိုက်ရိုက် တိုက်ခိုက်လိုက်ပါက ရလဒ်ကို မေးခွန်းထုတ်ဖို့ လိုအပ်နေလိမ့်မည်ပင် မဟုတ်ပေ။
( ပိုပြီး ကြောက်ဖို့ကောင်းတာက ငါ့ကိုအခု လက်ပူးလက်ကြပ် မိထားတယ်။ ဒီလိုမျိုး သက်သေ ခိုင်လုံနေတဲ့အချိန်မှာ ငါလိမ်လို့လည်း မရတော့ဘူး )
အတွေးပေါင်း ရာချီဖြင့် ဟန်လဲ့၏ စိတ်ထဲတွင် ယောက်ယက်ခက်နေသော်ငြား အပြင်ဖက်ပိုင်းမှာတော့ တည်ငြိမ်သော မျက်နှာထားကိုသာ ဖော်ထုတ်ထားခဲ့သည်။
"ကျွန်တော့်ရဲ့ ပြစ်မှုတွေက ပြင်းထန်ပြီးတော့ ညှာတာမှုနဲ့ မထိုက်တန်ဘူးဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ မေးခွန်းတစ်ခုရှိတယ်။ အဲ့ဒီမေးခွန်းကို ရှင်းလင်းအောင် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော် သေရင်တောင်မှ ဖြောင့်ဖြောင့် သေရမှာ မဟုတ်ဘူး"
ချီယွမ် မျက်ခုံးတစ်ဖက် ပင့်သွားကာ ပြောလိုက်လေ၏။
“ပြောကြည့်လေ”
ဟန်လဲ့ အသက်ပြင်းပြင်း တစ်ချက် ရှုသွင်းပြီးမှ သက်ပြင်းချရင်းပြောလိုက်သည်။
"ဒီတစ်ခေါက် ကျွန်တော် လူသတ်တဲ့ အချိန်မှာ အရမ်းကို သတိထားခဲ့တယ်။ ပြီးတော့ ကျွန်တော် ဘယ်နေရာကိုပဲ သွားသွား ခြေရာ ချန်ခဲ့တာတော့ မဟုတ်ဘူး။ ဘယ်လိုပဲဆိုဆို ဒီနေရာက လီယွမ် သန့်စင်နယ်မြေနဲ့ မိုင်ပေါင်းထောင်ချီပြီး ဝေးကွာတဲ့ နေရာတစ်ခုပဲ။ ဘယ်လိုလုပ် ကျွန်တော့်ကို အလွယ်လေး ရှာတွေ့သွားရတာလဲ"
ထိုအချက်ကို ဟန်လဲ့ နားမလည်နိုင်ဆုံး ဖြစ်နေလေ၏။ သူ၏အရင် ဘဝတုန်းက တစ်ဘဝလုံး လိုက်သတ်ခံနေရလေရာ ထွက်ပြေး လွတ်မြောက်ခြင်းတွင် ဆရာတစ်ပါးလို ဖြစ်နေခဲ့ပြီပင်။
သန့်စင်နယ်မြေကြီး ခုနစ်ခုက ပူးပေါင်းပြီး သတ်ဖြတ်ခဲ့တာတောင်မှ အမြဲလိုလို ရှင်သန်နိုင်ခဲ့၏။
သို့သော် ပြန်လည် မွေးဖွားလာပြီး ခက်ခက်ခဲခဲဖြင့် သန်မာမှုကို စုဆောင်းနေချိန်မှာ ယခု ထိုနှစ်ဦးထံ ကျရောက်သွားပြီး မလွဲသာသော အခြေအနေကို ကြုံခဲ့ရသည်။သူ တစ်ကယ်ကို ကံဆိုးနေတာပဲ။
သူသည် မကြာသေးခင်ကမှ နတ်ဆိုးမ တစ်ယောက်နှင့် တွေ့ဆုံခဲ့ပြီး အသေအလဲ နှိပ်စက်ခံရကာ နင်ယွမ်ဓားကိုတောင်မှ ဆုံးရှုံးခဲ့ရသည်။ မနည်းလွှတ်မြောက်လာပြီးနောက် အနည်းငယ် ကြိုးစားခဲ့ရုံရှိသေးသည်.. ထပ်မံပြီး သေရေးရှင်ရေး အခြေအနေအား ကြုံတွေ့ရပြန်၏။
( ငါ ဒီလောက်တောင် ကံဆိုးနေတာလား )
( ဘာလဲ ကောင်းကင်ဘုံက ငါ့ကို ဒီလိုမျိုးနှိပ်စက်ဖို့ ပြန်မွေးဖွားခိုင်းတာလား )
“အင်း..မေးခွန်းကောင်းပဲ”
ထိုအချိန်မှာပဲ ချီယွမ်က အလွန်ဖြောင့်မှန်သော မျက်နှာဘေးဖြင့် သိုလှောင် လက်စွပ်အတွင်းမှ ဓားနက် တစ်ချောင်းကို ထုတ်ယူလိုက်သည်။
“တစ်ကယ်တော့ ရိုးရှင်းပါတယ်။ ကျုပ် ပညာပေးလိုက်တော့ ဒီနတ်ဆိုးဓားက တော်တော်လေး လိမ္မာသွားတယ်လေ။ အရင်တုန်းက သူ့ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို နက်နက်ရှိုင်းရှိုင်း နောင်တရခဲ့တာမို့ ပြုပြင်ဖို့ ဆန္ဒရှိခဲ့တယ်။ ဒါကြောင့် ဒီကောင်က ရှေ့ထွက်လာပြီး ပြစ်မှုတွေကို ပေးဆပ်တဲ့အနေနဲ့ မင်းကို ရှာဖွေဖို့ ကူညီခဲ့တာပဲ။ ဒီဓားရဲ့ အဖော်ပြုပေးမှုကြောင့် မင်းလည်းအခု သင့်တော်တဲ့ ဆုံးဖြတ်ခံရမှုကို ရသွားပြီမလား”
ချီယွမ်၏ စကားဆုံးသည်နှင့် နင်ယွမ်ဓားက မှင်သက်နေသော ဟန်လဲ့၏ မျက်နှာတည့်တည့်သို့ နာခံစွာဖြင့် ချိန်အရွယ်လိုက်သည်။
ဓားကို မြင်လိုက်ရသောကြောင့် ချင်လင်ရှုး အံ့သြသွားကာ မနေနိုင်စွာ မေးခွန်ထုတ်လိုက်၏။
“တာအိုသားတော်ချီ ဒီဓားကို ဘယ်နေရာက ရခဲ့တာလဲ”
ချီယွမ် ပုံမှန်လို နှာခေါင်းကိုအနည်းငယ် ပွတ်သပ်လိုက်ရင်း တည်ငြိမ်စွာ ဖြေလိုက်သည်။
“ လမ်းမှာကောက်ရခဲ့တာ”
“လမ်းမှာ ကောက်ရခဲ့တာ ဟုတ်လား”
မယုံကြည်နိုင်စွာဖြင့် ချင်လင်ရှုး အနည်းငယ် ပါးစပ်ဟသွားသည်။ သို့သော် ချီယွမ်၏ လုပ်ရပ်က မှန်ကန်နေသည့်အတွက် အများကြီး မေးခွန်းမထုတ်ခဲ့ချေ။
ထို့အပြင် ဤဓားသည် လီယွမ် သန့်စင်နယ်မြေနှင့် မသက်ဆိုင်တော့သည့်အတွက် သူမအနေနဲ့ ဝင်မစွက်ဖက်သင့်ပေ။
ထိုအချိန်မှာ ဟန်လဲ့ ကတော့ အလွန်အမင်း ကမ္ဘာပျက်နေလေရဲ့…
“ဘာ ဘာတွေ ဖြစ်ကုန်တာလဲ။ လူတွေအများကြီးကို သတ်ခဲ့တဲ့ အဆုံးမဲ့ နတ်ဆိုးဓား နင်ယွမ်က တစ်ကယ်ကြီး ပြုပြင်ချင်နေတယ်။ သူ့ကိုယ်သူ ပြင်ဆင်ပြီးတော့ ဓားကောင်းတစ်လက် ဖြစ်လာမယ်ဟုတ်လား”
“မိတ်ဆွေဟောင်း နင်ယွမ်..”
အံ့ဩမူမှ သက်သာလာသည်နှင့် ဟန်လဲ့ ခက်ခဲစွာဖြင့် တံတွေးမျိုချလိုက်ကာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။
“တစ်ကယ်ကြီး ကျွန်တော့်ကို သစ္စာဖောက်လိုက်တာလား”
နင်ယွမ်ဓားက အနည်းငယ် တုန်ယင်သွားရင်း ခပ်ပြတ်ပြတ် ပြောလိုက်၏။
“သွားစမ်း၊ ဘယ်သူ့ကို မိတ်ဆွေဟောင်းလို့ ခေါ်နေတာလဲ။ ဒီသခင်ချီ ပြောသွားတာအရဆိုရင် ငါက မင်းကို သစ္စာဖောက်နေတာ မဟုတ်ဘူး။ ငါကအမှန်တရားဘက်က ရပ်တည်နေတာပဲ နားလည်ပြီလား”
ချင်လင်ရှုး ထပ်မံ အံ့ဩသွားပြန်သည်။
“ဒီဓားက တစ်ကယ်ကြီး စကားပြောနိုင်တာလား”
သူမ၏ လီရွှမ်းဓားသည်လည်း ဉာဏ်ရည် မြင့်မားကာ သူမ၏ အသိစိတ်နှင့် ချိတ်ဆက်နိုင်သည် ဆိုသော်ငြား တုန့်ပြန်မှု တစ်ချို့ကိုသာ ပေးစွမ်းနိုင်၏။ သာမန်လူတစ်ဦးလို စကားမပြောနိုင်ပေ။ သူမအနေနှင့် စကားပြောတတ်သော ဓားကို ပထမဦးဆုံး တွေ့ဖူးခြင်းဖြစ်သည်။
( ဖြစ်နိုင်တာ......ဒီဓားက အာရုံခံစားနိုင်စွမ်းလည်း ရှိနေလောက်လား )
ချီယွမ် ခပ်ဖွဖွ ပြုံးလိုက်ပြီး နင်ယွမ်ဓားကို ညွှန်ကြားလိုက်သည်။
“ကြည့်ရတာ ဒီကောင်က အခုထိ နားလည်သေးပုံ မပေါက်ဘူး။ သွားပြီးတော့ ဓားနဲ့ သွားထိုးလိုက်၊ အဲ့ဒါမှ နိုးလာအောင်”
“ဟုတ်ကဲ့”
ဟူး
ချက်ချင်းပဲ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် နင်ယွမ်ဓားက ရုတ်ခြည်း ပြေးသွားကာ ဟန်လဲ့၏ ပေါင်တစ်ဖက်ကို ထိုးဖောက် ဝင်ရောက်သွားသည်။ ပတ်ပတ်လည်သို့ သွေးများပင် ဖြာကနဲ စင်သွား၏။
“အား”
နာကျင်မှုကြောင့် အော်ဟစ်မိသည်နှင့် တစ်ပြိုင်နက်တည်း ဒဏ်ရာကို အားနှင့် ဖိထားရင်း ဟန်လဲ့တစ်ယောက် ထိတ်လန့်စွာဖြင့် ခြေလမ်းများစွာ အနောက် ဆုတ်သွားခဲ့သည်။ ထို့နောက်တွင် ဒေါသတကြီး အော်ဟစ်လိုက်လေ၏။။
“မိတ်ဆွေဟောင်း နင်ယွမ် ခင်ဗျား ရူးသွားပြီလား”
“မဟုတ်ဘူး”
နောက်တစ်စက္ကန့်မှာပဲ ဟန်လဲ့၏ မျက်လုံးက ပြူးကျယ်လာပြီး မယုံကြည်နိုင်စွာ ပြောလာခဲ့ပြန်သည်။
“ခင်ဗျား... ခင်ဗျားဘာလို့ သွေးမသောက်တော့တာလဲ”
နင်ယွမ်ဓားဆိုတာ အလွန်အမင်း သွေးဆာတတ်သည့် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးလက်နက် တစ်ခုဖြစ်သည်။ ရက်စက်သော သဘာဝနှင့် သွေးကို လိုအပ်သောကြောင့် သွေးမသောက်ရပဲ မရှင်သန်နိုင်ပါချေ။
ထို့ကြောင့် ဓားကို ကိုင်ဆောင်ချင်လျှင် ကိုင်ဆောင်သူသည် သူ၏ သွေးအဆီအနှစ်ကို ပုံမှန် တိုက်ကျွေးရင်း သန်မာအောင် ပြုလုပ်ပေးရတတ်၏။
သို့သော် ယခု မြင်တွေ့လိုက်ရသော မြင်ကွင်းက သူ့၏ အသိစိတ်ကို ပြောင်းပြန်လှန်လိုက် တော့သည်။ နင်ယွမ်ဓားသည် ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သော်ငြား သွေးမသောက်ခဲ့ပဲ မတူညီသော ဓားတစ်လက်လို ပြုမူနေလေရဲ့။
နင်ယွမ်ဓားက ခဏမျှ ရပ်သွားခဲ့ပြီးမှ ခပ်ဖြေးဖြေး ပြောလိုက်သည်။
“ငါမပြောခဲ့ဘူးလား။ ငါက အခုတရားမျှတတဲ့ ဓားတလက်ဖြစ်လာပြီ။ သခင်ချီရဲ့ ခွင့်ပြုချက်မရှိဘူးဆိုရင် ဒီဓားက ဘယ်တော့မှ သွေးမသောက်ဘူးကွ”
သို့သော် နင်ယွမ်ဓားခမျာ လူမသိသူမသိ မျက်ရည် သုတ်လိုက်လေ၏။
လွန်ခဲ့သော ရက်တစ်ချို့က ကိစ္စများကို စဉ်းစားလိုက်မိသည်နှင့် နင်ယွမ်ဓားလည်း ပြန်သာ သေဆုံးချင်မိသည်။
ကိုယ့်ကိုယ်ကိုယ်စစ်မှန်သော ကျင့်ကြံသူဟု အာပေါင်အာရင်း သန်သန် ပြောနေသော ထိုသူက စင်စစ်မှာတော့ နတ်ဆိုးများထက် အဆပေါင်း ရာချီပြီးယုတ်မာလေသည်..
( ငါ့ရဲ့ ဓားအစွမ်းကိုအသုံးပြုပြီးတော့ စမ်းသပ်မှုတစ်ခုအနေနဲ့ ပိုးကောင် လှီးတာကို နားလည်ပေးလို့ ရသေးတယ်။ ဒါပေမယ့် ဘာကိစ္စ သွေးကုန်ခမ်းစေတဲ့ ဆေးလုံးကိုပါ သောက်ခိုင်းရတာလဲ။ ဒါဘယ်လို စမ်းသပ်မှုမျိုးကြီးလဲ )
( တွေးရင်းတွေးရင် စိတ်ပျက်လိုက်တာ။ သုတ်ပိုးတစ်စက်က သွေးဆယ်စက်နဲ့ ညီမျှတယ်ဆိုတဲ့ စကားကို ဘယ်သူတောင်းစားကများ အဲ့ကောင်ကို သွားပြောလိုက်လဲ ငါသိချင်မိတယ်။ တစ်ကယ်ကြီး ငါ့ကို အပျော်အိမ်ခေါ်သွားပြီး စမ်းသပ်ဖို့လုပ်ခဲ့သေးတာ..)
( အကယ်လို့ ငါသာ ကိုယ့်ကိုယ်ကိုယ် ချိုးပစ်ပြီး သက်သေပစ်မှာလို့ မခြိမ်းခြောက်ရင် ငါ့ရဲ့ ဘဝကြီးတော့ စုတ်ပြတ်သပ်သွားတော့မှာပဲ… တွေးလိုက်တိုင်း နှလုံးအောင့်တယ်)
ဖြစ်နိုင်လျှင် နင်ယွမ်ဓားသည် ဘေးမှာရပ်နေသော လီယွမ် သန့်စင်နယ်မြေ၏ မိန်းကလေးကို သန့်စင်နယ်မြေ၏ ဓားလှိုဏ်ဂူကိုအတွင်းသို့ ပြန်ခေါ်သွားပေးဖို့သာ တောင်းဆိုချင်မိတော့၏။
ထိုနေရာသည် အနည်းငယ် အေးစက်ပြီး ခြောက်ကပ်သည်ဆိုသော်ငြား အနည်းဆုံးတော့ သူ၏ဂုဏ်သိက္ခာကို ထိပါးမည့်သူ မရှိပါချေ။
…….
တဖက်ခြမ်းက ဟန့်လဲ့သည်လည်း နှလုံးသားတစ်ခုလုံး အကြမ်းပတမ်း တုန်လှုပ်နေရင်း ခြေဖျားမှ ဦးခေါင်းအထိ ချမ်းစိမ့်မှုကို ခံစားလိုက်ရသည်။
( ဘယ်လောက်တောင် ဆိုးရွားတဲ့ ဆက်ဆံမှုကို ခံလိုက်ရလို့ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ နတ်ဆိုးဓားက အခုလို လိမ္မာသွားရတာလဲ )
ထို့ကြောင့် ချီယွမ်ကို ကြည့်နေသော သူ၏အကြည့်သည်ပင် သိသာစွာ ပြောင်းလဲလာတော့သည်။
( ဘာကို စစ်မှန်ဂိုဏ်းလဲ။ ဒီကောင်လေးက သေချာပေါက် နင်ယွမ်ဓားထက်တောင်မှ နတ်ဆိုးဆန်နေလောက်တယ်။ မဟုတ်ရင် ဒီလို အခြေအနေကို ဘယ်လိုလုပ် ဖန်တီးနိုင်မှာလဲ )
ဟန်လဲ့က ချီယွမ်ကို နက်ရှိုင်းစွာကြည့်လိုက်ပြီး တည်ငြိမ်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဒီကညီအကိုက နင်ယွမ်ဓားကို ဒီလောက်ထိ နာခံအောင် လုပ်နိုင်တဲ့အတွက် ကျွန်တော် တစ်ကယ်ပဲလေးစားရပါတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံးက တူညီတဲ့လမ်းမှာ ရှိနေတဲ့အတွက် ကျွန်တော် စကားထိန်းမနေတော့ဘူး။ ညီအကိုသာ စိတ်ရှိမယ်ဆိုရင် ကျွန်တော် ကောင်းကင်ကို ကျိန်ဆိုရဲတယ်။ ကျွန်တော်ရဲ့ တဘဝလုံးကို အကို့နောက်လိုက်ပြီး အစေခံတစ်ယောက် အနေနဲ့ ခစားပါ့မယ်”
“အမှန်တိုင်း ပြောရမယ်ဆိုရင် ကျွန်တော်က အရင်တုန်းက တာအိုစုစည်းခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ဦးပဲ။ ကျင့်ကြံရေးလောကတစ်ခုလုံးမှာ တာအိုနတ်ဆိုး ဆိုတဲ့နာမည်ကို မသိတဲ့သူ မရှိဘူးလို့ ထင်ပါတယ်”
“ကျွန်တော့်ကို အချိန် အနည်းငယ်ပဲပေး။ သေချာပေါက် ထိပ်ဆုံးကျင့်ကြံမှုကို ပြန်ရလာစေရမယ်။ အဲ့ဒီအချိန်ကျရင် ကျင့်ကြံရေး လောကတစ်ခုလုံးကို အကောင်းဆုံး လွှမ်းမိုးမှုနဲ့ ထိန်းချုပ်ပစ်မယ်”
“ပြီးတော့ ကျွန်တော့်ဆီမှာ အမတ လမ်းစဉ်ကို တိုက်ရိုက် ရောက်စေနိုင်တဲ့ သွေးစုပ်ယူခြင်း သိုင်းကျမ်းတစ်ခုကိုလည်း အမွေရထားတယ်။ နင်ယွမ်ဓားနဲ့ ပူးပေါင်းလိုက်ရင် အဲ့ဒီ သိုင်းရဲ့အစွမ်းက အံ့မခန်းပဲ။ အဲ့ဒီသိုင်းပညာကို အသုံးပြုပြီးတော့ အဆင့်မြင့် ကျင့်ကြံသူတွေကို အလွယ်လေး သတ်ပစ်လို့ရတယ်”
“ဘာ”
ချင်လင်ရှူး၏ မျက်နှာထားသည် ပြောင်းလဲသွားရုံတင်သာမက ဘေးမှာရပ်နေသော ချီယွမ်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဟန်လဲ့ကို သိပါသော်ငြား ထိုဟန်လဲ့က တာအိုနတ်ဆိုး ဖြစ်နေလိမ့်မည်ဟု ချီယွမ် ထင်မထားခဲ့ချေ။ တာအိုနတ်ဆိုးက ကျင့်ကြံရေး လောကတစ်ခုလုံးကို လွှမ်းမိုးနေစဉ်တွင် ရန်သူများစွာ ဖန်တီးခဲ့သည့်အတွက် နာမည်အစစ်အမှန်ကို ဖော်ထုတ်ခြင်းမရှိခဲ့တာ ဖြစ်နိုင်ပါသည်။
ထိုအချိန်တုန်းကတောင် တာအိုနတ်ဆိုးရဲ့ နာမည်အစစ်ကို သိတဲ့သူ နည်းခဲ့လေရာ၊ အခု နှစ်သောင်းချီပြီး ကြာသွားသည့်အတွက် တာအိုနတ်ဆိုးရဲ့သရုပ်မှန်ကို ဘယ်သူမှ မသိနိုင်တော့ပေ။
ဟန်လဲ့၏ ဝန်ခံစကားကြောင့် တာအိုသားတော်နှစ်ယောက် ပြောသွားခဲ့သော တာအိုနတ်ဆိုး၏ လှိုဏ်ဂူအကြောင်းကို ချီယွမ် ချက်ချင်းပဲ စဉ်းစားမိသွားခဲ့သည်။
( ဟ ဟား ဘယ်လိုတောင် တိုက်ဆိုင်တာလဲ )
…….