(နတ်သမီးချင်ပျော်သွားအောင် ဂျွမ်းထိုးပြလိုက်)
Vol. 15 Ch. 145
ချီယွမ် မျက်လုံးများ ကျဉ်းမြောင်းလိုက်ပြီး မျက်စိရှေ့က ဒဏ္ဍာရီလာ နံပါတ်တစ် ကျင့်ကြံသူကို အသေးစိတ် အကဲခတ်လိုက်သည်။
ရှေးအချိန်ကတည်းက ကျယ်ပြန့်သော ကျင့်ကြံရေးလောက၏ အရင်းအမြစ်များစွာကို မတူညီသည့် ဂိုဏ်းအသီးသီးကပဲ လက်ဝါးကြီး အုပ်ထားလေရာ၊ သာမာန်ကျင့်ကြံသူများအတွက် အသက်ရှင်နိုင်ဖို့ အလွန် ခဲယဉ်းခဲ့သည်။ အလွတ်တန်း ကျင့်ကြံသူများအတွင်းတွင် အဆင့်မြင့် ကျင့်ကြံမှုပိုင်းသို့ ရောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။
( ဒီကောင်က အလွတ်တန်း ကျင့်ကြံသူတစ်ယောက် အနေနဲ့ တာအိုစုစည်းခြင်း နယ်ပယ်အထိ ရောက်နိုင်ခဲ့တယ်ဆိုတော့တော်တော်လေး အရည်အချင်းရှိတာပဲ။ ကောင်းကောင်း ထိန်းကျောင်း ပေးလိုက်မယ်ဆိုရင် သူ့ရဲ့တန်ဖိုးက ငတုံးစနစ်ရဲ့ တာဝန်ဆုလာဘ်တွေထက် မနိမ့်ကျလောက်ဘူး)
( ဒါပေမယ့် ဒီဟန်လဲ့က မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိပြီး လူမဆန်တဲ့ကောင်ပဲ။ အခု နာခံချင်ယောင်ဆောင် နေတာကလည်း ရှင်သန်ရေး ဗျူဟာတစ်ခုပဲ ဖြစ်ရမယ်။ အနာဂတ်ကျရင် ဒီကောင်က သစ္စာဖောက်ဦးမှာ)
ချီယွမ် တိတ်ဆိတ်နေသေးသောကြောင့် ချင်လင်ရှူး အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်းပြောလိုက်သည်။
“တာအိုသားတော်ချီ ရှင် သတိထားရမယ်။ ဒီလူက အရမ်းကို အန္တရာယ်များတဲ့ လူပဲ။ တာအိုနတ်ဆိုးက လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက သူ့ရဲ့ရက်စက်မှုတွေကြောင့် အင်အားကြီး ကျင့်ကြံသူ တစ်ယောက်အဖြစ် ကျော်ကြားတယ်။ သူကသွေးဆာပြီး လူသတ်တဲ့ နည်းလမ်းတွေကလည်း ပြင်းထန်တယ်။သန့်စင်နယ်မြေကြီး ခုနှစ်ခုကတောင်မှ သူ့ကို ပူးပေါင်းတိုက်ခိုက်ခဲ့ရတာ”
“တာအိုနတ်ဆိုးရဲ့ ကျင့်ကြံမှုကအရမ်းမြင့်ပြီးတော့ သူ့ရဲ့ နည်းလမ်းတွေကလည်း မှန်းဆလို့မရဘူး။ ကောင်းကင် တာအိုအစီအရင်နဲ့ ပိတ်သိမ်းခဲ့တာတောင်မှ အခွင့်အလမ်း ရှာပြီးတော့ လွတ်မြောက်နိုင်ခဲ့တာပါ.. သူ့ကိုသာ အသက်ရှင်ရက် ထားလို့ကတော့ သေချာပေါက် အဆုံးမရှိတဲ့ ပြဿနာတွေကို သယ်ဆောင်လာမှာပဲ”
ချီယွမ် ခပ်ဖွဖွ ရယ်လိုက်ကာ ခေါင်းယမ်းလိုက်သည်။
“နတ်သမီးချင် မင်းမှားနေပြီ။ မင်း ဒီဆိုရိုးစကားကို ကြားဘူးလား။ သားသတ်ဓားကို လွတ်ချပြီးတော့ ဘုန်းကြီးတစ်ယောက် ဖြစ်လာပါဆိုတဲ့ လူကြီးတွေပြောတဲ့ အတိုင်းပဲ.. ဒီကညီအကိုက သူ့အပြစ်ကို သိသွားပြီလို့ ဝန်ခံခဲ့တယ်လေ။ ကျွန်တော်တို့လည်း သူ့ကို အခွင့်အရေး ပေးသင့်တာပေါ့ မဟုတ်ဘူးလား”
ထိုအချိန်မှာပဲ ချီယွမ်သည် ဘေး၌ သေချင်ယောင်ဆောင်နေသော နင်ယွမ်ဓားကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“ကြည့်လိုက် ဒီနတ်ဆိုးဓားလည်း အခုဆိုရင် တော်တော်လေး လိမ္မာသွားတယ်မလား”
ထိုအချိန်မှာပဲ နင်ယွမ်ဓားသည် ခေါင်းပုတ် ခံလိုက်ရသော ဘောလုံးတစ်ခုနှယ် ခုန်ပေါက်ရင်းအထပ်ထပ် အခါခါ ဖြေကြားလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ် ဟုတ်ပါတယ်။ သခင်ချီက ဉာဏ်အကောင်းဆုံးပဲ။ အခုဆိုရင် ဒီဓားက ဘဝသစ် စနေပြီ။ အရင်တုန်းက မကောင်းတဲ့ နည်းလမ်းတွေအားလုံးကို စွန့်လွှတ်လိုက်ပြီ။ အခုကစပြီး ဒီဓားက စစ်မှန်တဲ့လမ်းကြောင်းပေါ်က ဓားတစ်ချောင်းပဲ”
ထိုအချိန်မှာ ဟန်လဲ့လည်း လျင်မြန်စွာဖြင့် တုံ့ပြန်လိုက်သည်။
“ဟုတ်တယ် ဒါမှန်တယ်။ တစ်ကယ်တော့ ကျွန်တော်ဟန်လဲ့က စစ်မှန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းဖို့ အမြဲတမ်း ဆန္ဒရှိခဲ့တာပါ။ အရင်တုန်းကဆိုရင် အရိုးမဲ့သန့်စင်တဲ့မြေကို ဝင်ရောက်ဖို့အတွက် တပည့် စစ်ဆေးခွင့်ကိုတောင် ဖြေခဲ့သေးတယ်။ ဒါပေမယ့် မထင်မှတ်ပဲ ကျသွားခဲ့တယ်။ ဒါကြောင့် အပြင်ဘက်မှာ လေလွင့်ခဲ့ရတာပေါ့။ ဒီလိုနဲ့ပဲ ဒီလိုမျိုး မဖြစ်သင့်တဲ့ကိစ္စတွေ အများကြီးကို ကျူးလွန်ခဲ့မိတယ်။ သခင်ချီသာ ကျွန်တော့်ရဲ့အသက်ကို ချမ်းသာပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်က တုန့်ဆိုင်းခြင်းမရှိဘဲ ဒီကျင့်ကြံရေး လမ်းကြောင်းအပေါ်မှာ ခွေးလိုနွားလို ကြိုးစားမှာပါ”
ချီယွမ်တစ်ယောက် နှုတ်ခမ်းများပင် တွန့်လိမ်လာတော့သည်။
( သေစမ်း လျှာအရိုးမရှိလိုက်တာ၊ ဒီကောင်မပြောတတ်တဲ့ စကား မရှိတော့ဘူးလား )
မရေမတွက်နိုင်သော လူသတ်မှုများအတွက် တာဝန်ရှိသော ဂုဏ်သရေရှိ ဗီလိန်ကြီးက စစ်မှန်လမ်းကြောင်း အပေါ်မှာ ကျွန်တစ်ယောက်လိုမျိုး ကြိုးစားပါ့မယ်ဟု အထပ်ထပ် ပြောဆိုနေခြင်းကြောင့် ချင်လင်ရှူး၏ မျက်နှာထားသည် အနည်းငယ် ထူးဆန်းလာတော့သည်။ ထို့ကြောင့် သူမ ခဏတာမျှ ပြောစရာ ပျောက်ဆုံးသွားလေတော့၏။
နောက်ဆုံးတော့ သူမသည် ချီယွမ်ရှိရာသို့ လှည့်ကြည့်လိုက်သည်။
“တာအိုသားတော်ချီ ကျွန်မတို့ အရင်တုန်းက သဘောတူထားတဲ့ အတိုင်းပဲ ဒီလူက ရှင့်အပိုင်ပါ”
ချီယွမ်သည် ချင်လင်ရှူးကို အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် ဟန်လဲ့ကို စနောက်လိုသော မျက်နှာထားဖြင့် လှမ်းကြည့်လိုက်၏။
“စိတ်မပူပါနဲ့ နတ်သမီးချင်၊ ဒီလိုမကောင်းတဲ့ ကျင့်ကြံသူတွေက ပုံစံကြည့်ရင်သာ ကြောက်ဖို့ကောင်းသလို ထင်ရတာ၊ တစ်ကယ်တော့ စည်းကမ်းလေး နည်းနည်း လိုအပ်နေတာပါ။ သင်ပေးလိုက်ရင် ကောင်းကောင်း ပြုမူတတ်သွားလိမ့်မယ်”
ဟန်လဲ့တစ်ယောက် အလွန်အမင်း ဒေါသထွက်နေသော်ငြား လက်ရှိအခြေအနေကို စဉ်းစားမိသောကြောင့် အတင်းအကြပ် ပြောလိုက်သည်။
“ဟုတ်တယ် အခုကစပြီး ကျွန်တော်က သခင်ချီရဲ့ အမိန့်ကို ခွန်းတုံ့ပြန်ခြင်း မရှိနာခံမှာပါ။ သခင်ချီကသာ ကျွန်တော်ကို အရှေ့ဘက်အရပ်ကို သွားဖို့ပြောရင် သေချာပေါက် အနောက်အရပ်ကို မသွားဘူး”
ချီယွမ် ရယ်မောလိုက်တော့သည်။
“ဟုတ်ပြီ၊ ကဲ ဒါဆိုရင် မင်းရဲ့ ရိုးသားမှုကို သက်သေပြနိုင်ဖို့ ငါ တာဝန်တစ်ခု ပေးမယ်။ နတ်သမီးချင် သွားတော့မှာဆိုတော့ သူမ စိတ်ပျော်သွားအောင် မင်း ဂျွမ်းထိုးပြလိုက်”
(ဘာ၊ ဂျွမ်းထိုးပြရမယ် )
ဟန်လဲ့ ခဏတာ စွံ့အသွားတော့သည်။ သို့သော် တစ်ဖက်သူက စနောက် နေသည့်ပုံမပေါ်ပါချေ။ ချက်ချင်းပင် ဒေါသကြောင့် အဆုတ်များပေါက်ထွက်မတက် ဟန်လဲ့ ခံစားလိုက်ရ၏။
( ဟိုအရင်တုန်းက ငါဆိုတဲ့ လူက နတ်ဆိုးဓားကို ကိုင်ဆောင်ပြီး ကျင့်ကြံရေး လောကတစ်ခွင်ကို လှည့်ပတ် စိုးမိုးခဲ့တဲ့သူပဲ။ ငါ သတ်ခဲ့တဲ့သူတွေက မင်း မျက်တောင်ခပ်ခဲ့တဲ့ အကြိမ် အရေအတွက် ထက်တောင် များနေဦးမယ်။ မင်းက ငါ့ကို ဂျွမ်းထိုးပြ စေချင်နေတာလား )
ဟန်လဲ့၏ တွန့်ဆုတ်နေမှုကြောင့် ချီယွမ် အေးစက်စွာမျက်နှာကို မဲ့လိုက်သည်။
“ကြည့်ရတာ မင်းရဲ့ နတ်ဆိုးဗီဇက မပျောက်သေးတဲ့ ပုံပဲ။ ဒီလိုဆိုမှတော့ အသက်ရှင်ဖို့ မလိုအပ်တော့ဘူး”
ပြီးသည်နှင့် ချီယွမ်က အင်္ကျီလက်ကို ပင့်တင်ရင်းတိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။
“နေဦး နေဦး…လုပ်ပါ့မယ် ကျွန်တော်လုပ်ပါ့မယ်”
ထိတ်လန့်စွာဖြင့် ဟန်လဲ့ အလျင်အမြန် အော်ဟစ်ရတော့သည်။ ထို့နောက်တွင် ပေါင်ထက်က နာကျင်မှုကို တောင့်ခံရင်း လက်သီးနှစ်ဖက် စုပ်လိုက်ကာ ဂျွမ်းထွန်းဖို့ ပြင်ဆင်လိုက်သည်။
( ဒါ အရမ်းကို စော်ကားလွန်းနေပြီ )
သူ၏ နှလုံးသားတစ်ခုလုံး ခါးသက်စွာ နာကျင်နေရလေတော့သည်။
( ခဏပဲစောင့်နေလိုက်စမ်းပါ၊ ငါ့ရဲ့ အရက်စက်ဆုံး နည်းလမ်းတွေနဲ့ မင်းကိုအသက်ရှင်လျက် အရေခွံခွာပစ်မယ်။ ပြီးတာနဲ့ အဲ့ဒီအသားတွေကို အပိုင်းပိုင်း လှီးပစ်ပြီးတော့ ခွေးစာ ကျွေးပစ်မယ်ကွ )
( မဟုတ်ဘူး မဟုတ်ဘူး ဒီလိုမျိုးသေရတာက မင်းအတွက် အရမ်းကို လွယ်ကူ လွန်းနေသေးတယ်။ မင်းမသေမချင်း ငါ ဂျွမ်းထိုးခိုင်းမှာ.. ပြီးတော့ သေသွားတဲ့ မင်းရဲ့ဝိညာဉ်ကို ဆွဲထုတ်ပစ်မယ်၊ ဝိညာဉ်သန့်စင် မီးဖိုထဲမှာ နှစ်တစ်သန်းလောက် ကျွမ်းနေအောင် ပစ်ထားပစ်မယ်။ မင်းနဲ့သက်ဆိုင်တဲ့ သူတွေအားလုံးကိုလည်း တစ်ယောက်မကျန် ငါ အဲ့ဒီနည်းလမ်းအတိုင်း သတ်ပစ်မယ်)
အဆုံးမရှိသော အရှက်ရမှုကို ဟန်လဲ့ ခံစားနေရစဉ်မှာ ချီယွမ်ကတော့ ခပ်ဖွဖွပြုံးလိုက်ရင်း ညင်သာသော လေသံဖြင့် ပြောလိုက်သည်။
“မင်းပုံစံ ကြည့်ရတာ တစ်ကယ်တော့ ပြင်ဆင်စိတ်လေး အနည်းငယ် ရှိသေးသားပဲ။ ဒါပေမယ့် ငါတို့ ကျင့်ကြံသူတွေအတွက် ကောင်းကင်တာအို ကျိန်ဆိုခြင်းက ချည်နှောင်ဖို့ လိုအပ်တယ် ဆိုပေမယ့် အဲ့ဒါက ပစ်ချက်မရှိတာတော့ မဟုတ်ဘူး။ လျှို့ဝှက်နည်းလမ်း တစ်ချို့ တတ်ထားမယ်ဆိုရင် ကောင်းကင်တာအို ကျိန်ဆိုခြင်းကနေ လွတ်မြောက်နိုင်တယ်။ ဒါကြောင့် နောက်ထပ် နည်းလမ်းတစ်မျိုး ကြိုးစားကြည့်ရအောင်လေ။ ကောင်းကင်တာအို ကျိန်ဆိုခြင်းအပြင် မင်းရဲ့ သစ္စာရှိမှုကို သက်သေပြတဲ့အနေနဲ့ မင်းရဲ့ကနဦး ဝိညာဉ်ထဲက တစိတ်တပိုင်း ငါ့ကိုပေးရမယ်။ အဲ့ဒီအချိန်ကျမှပဲ ငါ မင်းကို အပြည့်အဝ ယုံကြည်နိုင်မယ်”
“မင်း....”
ဟန်လဲ့၏ မျက်ခွံများသည်ပင် အနည်းငယ် လှုပ်လာတော့သည်။
အကယ်၍သူသာ သဘောတူလိုက်ပါက တစ်စုံတစ်ယောက်၏ စဉ့်နီတုံးပေါ်က ငါးတစ်ကောင် ဖြစ်သွားကာ ထိုလူ မသတ်မခြင်း အသနားခံနေရတော့ မည်ပင်။
တစ်ခြား နည်းလမ်းဆိုလျှင် သူ့အနေနှင့် လွတ်မြောက်ဖို့ မျှော်လင့်ချက်အနည်းငယ် ရှိနေနိုင်သေးသော်ငြား အခုတော့ ဖြစ်နိုင်ခြေအားလုံး ပိတ်သိမ်းခံလိုက်ရလေပြီ..
သူ့အတွက်တော့ ထာဝရ အကျဉ်းချခံရခြင်းသည် လျင်မြန်စွာ သေဆုံးရခြင်းထက် ပိုမို ဆိုးရွားပါ၏။
သို့သော် အစောပိုင်းက ခံစားခဲ့ရသော အရှက်ရမှုများကို တွေးမိသည်နှင့် ဟန်လဲ့ သေဆုံးပစ်ဖို့ တွန့်ဆုတ်သွားခဲ့သည်။
(ငါ့ရင်ထဲက ဒေါသတွေကို တောင့်ခံရင်း သူခိုင်းတဲ့အတိုင်း အရှက်ကွဲခံခဲ့ရပြီးပြီ.. ဒီအခြေအနေမှာ ငါသေပေးလိုက်လို့ကတော့ ဘာထူးမှာလဲ။ ကိုယ့်ကိုယ်ကို အရှက်ခွဲပြီးမှ သေပေးရမှာလား..မဖြစ်နိုင်ဘူး)
ဟန်လဲ့၏ မျက်နှာက ပိုမို ဖြူဖွေးလာကာ သွေးအန်ချင်စိတ် ပေါက်လာတော့သည်။
ဟန်လဲ့ တွန့်ဆုတ်နေစဉ်မှာပဲ ချီယွမ်၏ မျက်နှာထားကလည်း တဖြည်းဖြည်း မဲမှောင်လာလေ၏။
“ငါ သုံးအထိ ရေမယ်။ ဒါကိုမှ မင်း ဆုံးဖြတ်ချက် မချရသေးဘူးဆိုရင် ငါ မင်းကို အခုပဲ ရှင်သန်ခြင်းမြစ်ကို ပို့ပေးရတာပေါ့”
ဟန်လဲ့ မတုံ့ပြန်နိုင်ခင်မှာပဲ ချီယွမ် မျက်လုံးများ ကျဉ်းမြောင်းသွားရင်း အေးစက်စွာ ပြောလိုက်သည်။
“သုံး”
ပြောပြီးသည်နှင့် ချီယွမ်သည် ဖိနှိပ်လိုသော အရှိန်အဝါကို ချက်ချင်း ဖော်ထုတ်ရင်း တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။
“ဟမ်”
ဟန်လဲ့ မှင်သက် သွားတော့သည်။
( ဘာကိစ္စ ဒီကောင်က စည်းမျဉ်းအတိုင်း မလုပ်ရတာလဲ။ သုံးအထိ ရေရမှာ မဟုတ်ဘူးလား )
“နေဦး နေဦး သဘောတူပါတယ်၊ ကျွန်တော်သဘောတူတယ်။ ကျွန်တော့်ရဲ့ ကနဦးဝိညာဉ်ထဲက တစိတ်တပိုင်း ခွဲပေးပါ့မယ်”
သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်မှသာ ဟန်လဲ့ တွန့်ဆုတ်မနေရဲတော့ဘဲ လျင်မြန်စွာ အော်ဟစ်လာခဲ့သည်။
ခဏမျှကြာပြီးနောက်တွင်..
“အထက်ကောင်းကင်ကို ကျွန်တော်ဟန်လဲ့ ကျိန်ဆိုပါတယ်…”
ကောင်းကင်တာအို ကျိန်ဆိုခြင်းပြီးသည်နှင့် ဟန်လဲ့ အံကြိတ်ရင်း ကနဦးဝိညာဉ်ထဲမှ တစိတ်တပိုင်းကို ချီယွမ်ထံ ပို့ပေးလိုက်သည်။ သူ၏ အရှိန်အဝါက သိသာစွာ အားနည်းသွားပြီး မျက်နှာက ဖြူဖတ်သွား၏။ ကနဦးဝိညာဉ်ထဲမှ တစိတ်တစ်ပိုင်း ဆုံးရှုံးလိုက်ရခြင်းက ကြီးမားသော အကျိုးဆက်ကို ဖြစ်ပေါ်စေမှန်း သိသာပါသည်။
ဖြူဖွေးနေသော မျက်နှာနှင့် ဟန်လဲ့စိတ်ပျက်ခြင်း ကြီးစွာ ပြောလိုက်သည်။
“ဒါဆိုရင် အခု ကျွန်တော့်ကို လွှတ်ပေးလို့ရပြီမလား”
ချီယွမ် အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေကာ..
“မင်းက အရင်တုန်းက တာအိုစုစည်းခြင်း နယ်ပယ်ရှိတဲ့ ကျင့်ကြံရေးလောကရဲ့ နံပါတ်တစ် ကျင့်ကြံသူပဲ။ သေချာပေါက် မင်းရဲ့ နည်းလမ်းတွေက ခန့်မှန်းရခက်ပြီး ကြောက်ဖို့ကောင်းနေမှာ။ ဒီလောက် ပမာဏလောက်နဲ့ ငါ မကျေနပ်နိုင်ဘူး။ မင်းကို ပြုပြင်ပေးမယ့် ကြားခံ လူတစ်ယောက်အနေနဲ့ ကနဦးဝိညာဉ်ထဲက အခု ပမာဏထက် ဆယ်ဆ ငါ လိုချင်တယ်”
“ဘာ”
ဟန်လဲ့၏ မျက်နှာက ချက်ချင်းပင် မဲမှောင်သွားတော့သည်။
( ချီးပဲ ငါ လူတွေ အနိုင်ကျင့်တာမြင်ဖူးပါတယ်။ ငါလည်း လူတွေကို အနိုင်ကျင့်ဖူးပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးထိ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး )
အကယ်၍ သူသာ ကနဦးဝိညာဉ်ထဲက အစိတ်အပိုင်းများစွာကို တစ်ချိန်ထဲမှာ ခွဲဝေပေးလိုက်ရပါက ဝိညာဉ်၏ သန်မာမှုသည် ပြင်းထန်စွာ လျော့ကျသွားသည့်အတွက် သာမန် အခြေခံ တည်ထောင်ခြင်းနယ်် ကျင့်ကြံသူတစ်ဦးထက်ပင် အားနည်းသွားနိုင်သည်။
သို့သော် တစ်ဖက်သူ၏ တိုက်ခိုက်မှုကိုလည်း စိုးရိမ်ရသေး၏။ ချီယွမ် တိုက်ခိုက်လာခဲ့လျှင် အသက်ရှင်ဖို့ တောင့်ခံခဲ့ရသော သူ၏ ကြိုးစားမှုအားလုံး အချည်းအနှီး ဖြစ်သွားနိုင်သည်။
( ဖြစ်ချင်ရာသာဖြစ်တော့ )
( အသက်ရှင်နေမှပဲ အလှည့်အပြောင်း ကြုံလာရဖို့ မျှော်လင့်နိုင်မှာ၊ သေသွားရင် ဘာမှလုပ်လို့မရတော့ဘူး )
ဟန်လဲ့ အသက်ပြင်းပြင်း တစ်ချက် ရှုသွင်းလိုက်ပြီး ကနဦးဝိညာဉ်ထဲမှ များပြားသော ပမာဏကို အတင်းအကျပ် ဆွဲယူကာ ချီယွမ်ထံကို ဒေါသတကြီး ပို့ပေးလိုက်သည်။
ဟန်လဲ့၏ မျက်နှာက ချက်ချင်းပဲ မီးခိုးပြာမှုန့်လို ဖြူဖွေးသွားသည်။ အလွန်အမင်း အားနည်းသွားသော ခန္ဓာကိုယ်ကြောင့် မတ်မတ်တောင် မရပ်နိုင်တော့ပေ။
သို့သော် နောက်တစက္ကန့်မှာပဲ
ဟူး
ချီယွမ်သည် တွန့်ဆုတ်ခြင်းမရှိပဲ ထိုသူ အစောပိုင်းကမှ ပေးခဲ့သော အနက်ရောင် ကနဦးဝိညာဉ်အလင်းတန်းကို ထုတ်ယူကာ တိုက်ရိုက် ခွဲချေပစ်လိုက်သည်။
“မင်း... ထွီး…”
ချီယွမ်၏ လှုပ်ရှားမှုကို မြင်သည်နှင့် ဟန်လဲ့ ထိတ်လန့်သွားသော်ငြား မတုန့်ပြန်နိုင်ခင်မှာပဲ သွေးတစ်ဗွက်အန်ချကာ မေ့လဲသွားလေတော့သည်။
တစ်ဖက်တွင် ရပ်နေသော ချင်လင်ရှူးသည်လည်း ချီယွမ်၏ လုပ်ရပ်ကို ရှုပ်ထွေးနေကာ သူမ၏ မျက်နှာတစ်ခုလုံး ထိတ်လန့်လာတော့သည်။
“တာအိုသားတော်ချီ ရှင်ပဲ သူ့ကို လမ်းမှန်ရောက်အောင် ပြုပြင်ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ သူ့ရဲ့ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်ရတာလဲ”
ပုံမှန်လိုမျိုး ချီယွမ်က နှာခေါင်းကို တို့ထိလိုက်ရင်း အပြုံးတစ်ခုဖြင့် ရှင်းပြလိုက်သည်။
“ဒီတာအိုနတ်ဆိုးမှာ မရေမတွက်နိုင်တဲ့ အသက်ကြွေးတွေ ရှိနေတယ်။ သူက အရမ်းကို ကောက်ကျစ် ယုတ်မာပြီး ပြုပြင်လို့ မရတော့တဲ့ လူပဲ။ ကျွန်တော့်လိုမျိုး စစ်မှန်တဲ့ လူတစ်ယောက်က ဒီလိုမျိုး သေသင့်တဲ့လူကို ဘယ်လိုနည်းလမ်းနဲ့ ပြုပြင်ပေးနိုင်မှာလဲ။ သူ အားနည်းနေတာနဲ့ပဲ အထင်သွားမသေးနဲ့။ သူ့ရဲ့ ဝိညာဉ်ထဲမှာ တာအိုစုစည်းခြင်း နယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေ ရှိနေသေးတယ်။ သူ့ရဲ့ဝိညာဉ်ကို အားနည်းအောင်လုပ်ဖို့ အခွင့်အရေး မရှာဘူးဆိုရင် နောက်ပိုင်းရှေ့ဆက်ဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ဒါကြောင့် အခြေအနေ ကောင်းသွားအောင်လို့ သူ့ကို စိတ်ငြိမ်အောင်လုပ်ရင်း ဝိညာဉ် ထုတ်ပေးလာအောင် ကျွန်တော် ကြိုးစားခဲ့တာ”
ထို့နောက်တွင် ချီယွမ်သည် ရှေ့တလှမ်းတိုးလိုက်ပြီး ဟန်လဲ့ကို စွဲယူရင်း ဝိညာဉ်ရှာ သိုင်းပညာကို ကျွမ်းကျင်စွာ အသုံးပြုလိုက်သည်။
နတ်ဆိုးတွေကိုမုန်းတီးသော ချင်လင်ရှူးပင် ထိုနတ်ဆိုးအတွက် အနည်းငယ် သနားသွားလေတော့၏။
( ဒီ ထိုက်ရွှမ်း တာအိုသားတော်က ဘယ်လိုကြောင့် ဒဏ္ဍာရီလာ တာအိုနတ်ဆိုးထက် ပိုပြီး ရက်စက်နေရတာလဲ)
……….