← Chapters

(ဒီကောင်မလေးက အမြင်ကောင်းတော့ ရှိသေးသားပဲ)

Vol. 15 Ch. 146

(ဒီကောင်မလေးက အမြင်ကောင်းတော့ ရှိသေးသားပဲ)

Vol. 15 Ch. 146

"တင်၊ ချီအိမ်တော်ကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားကို အောင်မြင်စွာ လက်စားချေနိုင်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ဆုလာဘ် ၁၅၀၀အမှတ်၊ ထိပ်သီးအဆင့် ခုခံရေး မှော်လက်နက်ဖြစ်တဲ့ ရွှေလိပ်ခွံ ခေါင်းလောင်းနဲ့ တာအိုနှလုံးသား ရှင်းလင်းခြင်းဆိုတဲ့ စွမ်းရည်အသစ်ကို ရရှိပါပြီ"

ရင်းနှီးသော အေးစက်စက် အသံကို ကြားလိုက်ရသည့်အတွက် ချီယွမ်တစ်ယောက် ပိုမို စိတ်သက်သာသွားခဲ့သည်။

သူ၏ စိတ်ဝိညာဥ်က ရှင်းလင်းသွားကာ အတွေးများ ကင်းစင်ပြီး မမြင်ရသော အတားအဆီးတစ်ခု ကွဲကြေသွားသည့်နှယ် သက်သာမှုကို ခံစားလိုက်ရသည်။ ထို့အပြင် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်နိုင်စွမ်းက ပိုမို ချောမွေ့လာသလိုမျိုး သိမ်မွေ့စွာ ခံစားရစေ၏။

တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်အတွင်းတွင် ရှိနေသော စိတ်ဝိညာဥ် စွမ်းအင်က ပိုမိုသန့်စင်လာကာ ကောင်းကင်တာအို ဝိညာဉ်သန္ဓေ၏ တာအိုအရှိန်အဝါက ပြင်းထန်လာရင်း နောက်ဆုံးတော့ ဝိညာဉ် အခြေတည်နယ်ပယ် အလယ်အဆင့် ထိပ်ပိုင်းသို့ ရောက်ရှိသွားခဲ့သည်။

ထို့ကြောင့် နောက်တစ်ခေါက် ကျင့်ကြံချိန်တွင် လွယ်ကူသော ကျင့်စဥ်တစ်ချို့ကို အသုံးပြုရုံဖြင့် ဝိညာဉ် အခြေတည်နယ်ပယ် အလယ်အဆင့်မှ နှောင်းပိုင်းအဆင့်သို့ အောင်မြင်စွာ အဆင့်တက်နိုင်လိမ့်မည်ဟု ဝေဝါးစွာ ခံစားနေရ၏။

ထိုအချိန်မှာပဲ ချီယွမ်တစ်ယောက် ရှာဖွေတွေ့ရှိခဲ့သော အချက်အလက် တစ်ချို့ကို ပိုမိုအံ့သြနေခဲ့သည်။

တစ်ချိန်က လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့သော ရက်စက်သည့် တာအိုနတ်ဆိုး ဆိုသည့်ဂုဏ်ပုဒ် ရှိတဲ့အတိုင်းပင် ထိုသူ၏ မှတ်ဥာဏ်များက အရမ်းကို ပြင်းထန်လှသည်။

ချီယွမ်အနေနှင့် ထိုသူကို ရှင်သန်ခွင့်ပေးဖို့ အစကတည်းက မစီစဥ်ထားပါချေ။

(ငါ့ရဲ့လက်အောက်မှာ လက်အောက်ခံ နည်းနေတာလည်း မဟုတ်ဘူး။ အင်အားအရ ပြောရမယ်ဆိုရင် လင်လုံ သန့်စင်နယ်မြေရဲ့ ရှောင်ရွှမ်ကျိက ဟန်လဲ့ထက် နိမ့်ကျနေလို့လား။ ဟန်လဲ့လိုမျိုး ဘာမှန်းမသိ ယုတ်မာတဲ့ ကောင်တစ်ကောင်ကို ချိန်ကိုက်ဗုံး တစ်ခုလိုမျိုး ငါ့ရဲ့ဘေးမှာ ထားထားစရာလား။ ဟန်လဲ့လို လူစားမျိုးက ဘယ်သူ့ကိုမှ တစ်ကယ်သစ္စာရှိမှာ မဟုတ်ဘူး။ အဆုံးကျရင် အခွင့်အရေး ရလာတာနဲ့ တွေဝေခြင်းမရှိ သစ္စာဖောက်သွားလိမ့်မယ်။ ခြိမ်းခြောက်မှု တစ်ခုအနေနဲ့ ခံစားရအောင်လို့ဆိုပြီး သူ့ကို ရှင်သန်ခွင့်ပေးမယ့်အစား သတ်ပစ်လိုက်ပြီး ငတုံးစနစ်ရဲ့ ဆုလာဘ်ကိုပဲ ယူလိုက်မှာပေါ့။ ဒါပေမဲ့ သတ်တဲ့အချိန်မှာတော့ အဲ့ဒီကောင်ဆီကနေ ရသလောက် အမြတ်ထုတ်ရမယ်မလား)

ခဏမျှ တွန့်ဆုတ်ပြီးနောက်တွင် ချီယွမ် အတွေးများကို ရုပ်သိမ်းလိုက်ပြီး ငတုံးစနစ် မူရင်းပိုင်ရှင်၏ အလောင်းကို မြေပြင်ပေါ် ပြန်ချလိုက်ကာ ချင်လင်ရှူးကို အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

"နတ်သမီးချင်၊ နတ်ဆိုးကို ကျွန်တော် သတ်ပြီးသွားပြီ။ ဒါပေမဲ့ ဒီအလောင်းက တစ်ချိန်တုန်းက မင်းရဲ့ သတို့သားလောင်း ဖြစ်ခဲ့ဖူးတယ်။ ဒါကြောင့် မင်း ဖြေရှင်းတာ အကောင်းဆုံးလို့ ထင်ပါတယ်"

ချီယွမ်သည် ယုတ်ညံ့သော ကျင့်ကြံသူတစ်ဦး မဟုတ်ပါချေ။ မူရင်းပိုင်ရှင် ချီယွမ်၏ အလောင်းက သူ့အတွက် တန်ဖိုးမရှိဘူး။ မူရင်းပိုင်ရှင်နှင့် သက်ဆိုင်သော ချင်လင်ရှူးထံကို ပေးပြီး ကောင်းမွန်စွာ မြှုပ်နှံခွင့်ပေးလို့ ရနိုင်ပါသည်။

ချင်လင်ရှူး၏ ပုံစံက အေးစက်ကာ တစ်ယောက်တည်း နေတတ်သော်ငြား တစ်ကယ်တော့ သူမက တော်တော်လေး ကြင်နာတတ်သည်။ ချင်လင်ရှူးလို မိန်းကလေးမျိုးထက် ချီယွမ်က လှည့်စားတတ်ပြီး အကျိုးရှိသော မိန်းကလေးမျိုးကိုသာ ပိုပြီး ကြိုက်နှစ်သက်သည်။

(ပြီးတော့ ဒီရက်ပိုင်းအတွင်း သူမက ဓားထိန်းချုပ် နည်းလမ်းတွေ အများကြီး ငါ့ကို သင်ပေးသွားခဲ့တယ်။ သူမကို နည်းနည်းလေးတော့ မျက်နှာသာ ပြန်ပေးရမှာပေါ့)

ခံစားချက်မဲ့နေသော မြေပြင်ပေါ်က အလောင်းကို ချင်လင်ရှူး ရှုပ်ထွေးစွာ ကြည့်လိုက်ရင်း လှပသော မျက်လုံးများအတွင်း၌ အနည်းငယ် နောင်တရိပ် သန်းလာခဲ့သည်။

အတွေးတစ်ခု ရသွားသည့်နှယ် သူမက နူးညံ့စွာ သက်ပြင်းချလိုက်၏။ ထို့နောက်တွင် သွယ်လျသော လက်တစ်ဖက်ကို လှုပ်ရှားရင်း စိတ်ဝိညာဥ် မီးတောက်ဖြင့် အလောင်းကို ပြာအဖြစ် လောင်ကျွမ်းစေလိုက်သည်။

သိုလှောင်လက်စွပ်အတွင်းမှ ကောင်းမွန်စွာ ပြင်ဆင်ထားသော အိုးငယ်တစ်ခုကို ထုတ်ယူရင်း မြေပြင်ပေါ်ရှိ ပြန့်ကြဲနေသော ပြာမှုန့်များကို သေချာသိမ်းဆည်းလိုက်၏။

ဖြစ်စဥ်အားလုံး ပြီးသည့်နောက်တွင် ချင်လင်ရှူး၏ မျက်နှာထားက အနည်းငယ် ပြေလျှော့သွားလေတော့သည်။ သူမက သက်ပြင်းတစ်ချက်ချရင်း ပြောလာသည်။

"ချီယွမ်ရဲ့ ဘဝက တော်တော်လေး သနားဖို့ ကောင်းတာပဲ။ သေပြီးတာတောင်မှ ကောင်းကောင်း အနားမယူရဘဲ အခုလို မကောင်းတဲ့လူဆီကနေ အခွင့်ကောင်းယူခံရပြီး ပျက်စီးမှုကြီး ကြုံနေရဦးမယ်လို့ ထင်မထားမိဘူး။ ဒီလိုကိစ္စတွေ ထပ်မဖြစ်အောင်လို့ ကောင်းကောင်း ဖြေရှင်းလိုက်တာ အကောင်းဆုံးပဲ။ ဒီနေရာကနေ ထွက်သွားပြီးတာနဲ့ ဒီပြာအိုးကို မြှုပ်နှံဖို့အတွက် လှပတဲ့ နေရာတစ်ခုကို ရှာဖွေမှာပါ။ ဒါဆိုရင် ချီယွမ် ကောင်းမွန်စွာ အနားယူလို့ ရသွားပြီ..."

ထို့နောက်တွင် သူမက တည်ငြိမ်သွားသော မျက်နှာထားဖြင့် ချီယွမ်ကို နက်ရှိုင်းစွာ ကျေးဇူးတင်လိုက်သည်။

"အခုလိုမျိုး တာအိုနတ်ဆိုးက တစ်ခြားသူရဲ့ ခန္ဓာကိုယ်ကို ဝင်ပူးပြီး ပြန်ရှင်သန်လာတာက ကြီးမားတဲ့ အနှောင့်အယှက် ဖြစ်မသွားခဲ့ပေမဲ့ အန္တရာယ်တော့ တော်တော်လေးရှိတဲ့ ကိစ္စပါ။ သူသာ သန်မာလာမယ်ဆိုရင် ကျွန်မတို့ ခြေတစ်လှမ်း မှားသွားတာနဲ့ ကျင့်ကြံရေးလောကရဲ့ သက်ရှိတွေအားလုံး ထိခိုက်ရလိမ့်မယ်။ ကံကောင်းလို့ တာအိုသားတော်ချီ ရှေ့ထွက်ပြီး ကောင်းကင်ဘုံကိုယ်စား ရှင်းလင်းပေးခဲ့လို့ပေါ့။ ကျွန်မ ချင်လင်ရှူး တစ်ကယ်ပဲ ကျေးဇူးတင်ရပါတယ်။ အနာဂတ်မှာ သေချာပေါက် ကျေးဇူးပြန်ဆပ်ပါမယ်"

ချီယွမ် အပြုံးတစ်ခုနှင့် လက်ယမ်းပြလိုက်သည်။

"နတ်သမီးချင်၊ ဒီလိုမျိုး ယဥ်ကျေးနေဖို့ မလိုပါဘူး။ ဒါက ကျွန်တော့်ဘက်က သေးငယ်တဲ့ ကူညီပေးမှုလေး တစ်ခုပါ"

"ကျေးဇူးတင်ပါတယ်"

ချင်လင်ရှူး၏ မှင်သက်ရှုမောဖွယ် မျက်နှာထက်တွင် အပြုံးတစ်ခု ဝင်ရောက်လာခဲ့သည်။ သူမက ထွက်သွားတော့မယ့် အချိန်မှာပဲ ရုတ်ချည်း ရပ်တန့်သွားလေကာ...

"တာအိုသားတော်ချီ… “

ချင်လင်ရှူး၏ နှုတ်ခမ်းက တစ်ခုခုကို ပြောချင်နေသည့်နှယ် အနည်းငယ် ပွင့်ဟနေခဲ့သည်။

ချီယွမ် ရှုပ်ထွေးစွာ မေးလိုက်၏။

"ဘာဖြစ်လို့ပါလဲ"

"တစ်ကယ်တော့... ကျွန်မ မေးချင်နေတာ ရှိတယ်"

ချင်လင်ရှူး နှုတ်ခမ်းကိုက်ရင်း ခဏမျှ တွန့်ဆုတ်နေပြီးနောက်မှသာ အားတင်းရင်း ပြောလိုက်သည်။

"အမှန်တိုင်းပြောရမယ်ဆိုရင် လီရွှမ်းဓားကို လက်ခံပြီးကတည်းက ကျွန်မရဲ့ ကျင့်ကြံမှုက အများကြီး မြင့်တက်လာခဲ့တယ်။ ဓားထဲမှာရှိတဲ့ အေးခဲနိုင်တဲ့ အစွမ်းက ကျွန်မကို ထောက်ပံ့ပေးနေတယ်ဆိုပေမဲ့ ကျွန်မရဲ့ ခံစားချက်တွေကလည်း အဲဒီအေးခဲမှုကြောင့် ဖြည်းဖြည်းချင်း ပျောက်ပျက်လာရတယ်။ အဲ့လိုနဲ့ပဲ ကျွန်မရဲ့ပုံစံက အေးစက်ပြီး သူများနဲ့ မတူတော့တာပေါ့။ ကျွန်မနဲ့ အရမ်းရင်းနှီးတဲ့ သူတွေတောင်မှ ကျွန်မကို ခံစားချက် ဖြစ်ပေါ်စေဖို့ အရမ်းကို ခဲယဥ်းခဲ့တယ်။ အမှန်တော့ ဒါကြောင့်ပဲ စေ့စပ်ကြောင်းလမ်းထားတဲ့ ကိစ္စကို ကျွန်မက မဖျက်သိမ်းဘဲ နေခဲ့တာပါ။ ငယ်ဘဝက မှတ်ဥာဏ်တွေနဲ့ ခံစားချက်တစ်ချို့ကို ထိန်းသိမ်းထားချင်ခဲ့တယ်။ အဲ့ဒီခံစားချက်တွေကို ဖက်တွယ်နေမိပြီး ဖျက်သိမ်းဖို့အတွက် ကျွန်မ တွန့်ဆုတ်နေမိခဲ့တယ်။ ဒါပေမဲ့ အကျိုးသက်ရောက်မှုက အဲ့လောက်ထိ မထူးခဲ့ဘူးရယ်... နတ်ဆိုးကောင် ဝင်ပူးထားတဲ့ ချီယွမ် တစ်ကယ်ကြီး ကျွန်မအရှေ့ကို ရောက်လာပြီးတော့ စေ့စပ်ကြောင်း ဖျက်သိမ်းခဲ့တာတောင်မှ ကျွန်မ ဘာစိတ်လှုပ်ရှားမှုကိုမှလည်း မခံစားခဲ့ရသလို ဝမ်းလည်း ဝမ်းမနည်းခဲ့ဘူး။ ဒါကြောင့် ကျွန်မ ကြောက်မိတာက..."

သူမ၏ လှပသော မျက်လုံးအတွင်းတွင် အခက်တွေ့မှု အနည်းငယ် ဝင်ရောက်လာခဲ့သည်။

"ဒီလိုမျိုး ဆက်ဖြစ်နေမယ်ဆိုရင် တစ်နေ့ကျရင် ကျွန်မက လူသားဆန်တဲ့ ခံစားချက်တွေအားလုံးကို ပျောက်ဆုံးသွားခဲ့ပြီး သွေးအေးတဲ့ ဝတ္ထုပစ္စည်းကြီး တစ်ခုလိုမျိုး ဖြစ်လာမှာ စိုးရွံ့မိတယ်။ ခံစားချက် မရှိမှတော့ လူသားလို့ ခေါ်လို့ရနိုင်ဦးမှာလား"

ထိုစကားကြောင့် ချီယွမ်၏ မျက်နှာသည်လည်း တည်ငြိမ်သွားကာ နက်ရှိုင်းစွာ ပြောလိုက်သည်။

"နတ်သမီးချင် တစ်ကယ်ပဲ ဒီလိုဖြစ်နေတယ်ဆိုရင် အဲ့ဒီဓားကို အမြန်ဆုံး စွန့်လွှတ်လိုက်ဖို့ ကျွန်တော် အကြံပေးချင်ပါတယ်။ ပြောရရင် ကျွန်တော်တို့အနေနဲ့ ကျင့်ကြံမှု တိုးတက်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ်။ နတ်သမီးချင်ရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် တစ်ခြားကျင့်ကြံရေး နည်းလမ်းတွေကို ကြိုးစားကြည့်လို့ သေချာပေါက် ရပါတယ်။ ဓားတစ်ချောင်းအတွက်နဲ့ ကိုယ့်ကိုယ်ကို ဆုံးရှုံးရမှာ မတန်ဘူးလားလို့"

သို့သော် ချင်လင်ရှူးက တည်ငြိမ်စွာဖြင့် ခေါင်းခါလိုက်သည်။

"တာအိုသားတော်ချီ၊ ရှင့်ရဲ့ ဆိုလိုရင်းကို ကျွန်မ နားလည်ပါပြီ။ ဒါပေမဲ့ လီရွှမ်းဓားရဲ့ အသိအမှတ်ပြုခြင်းကို လက်ခံလိုက်ရပြီးကတည်းက လီယွမ် သန့်စင်နယ်မြေကြီး တစ်ခုလုံးရဲ့ မျှော်လင့်ချက်တွေအားလုံးကို ကျွန်မ ထမ်းပိုးလိုက်ရတယ်။ လီယွမ် သန့်စင်နယ်မြေမှာ ကျွန်မအတွက် အရမ်းကို နှိုင်းဆလို့မရတဲ့ ကျေးဇူးတွေ ရှိနေတယ်။ ဒီလိုမျိုး မဖြစ်စလောက် ကိစ္စနဲ့ ကျွန်မက ဓားကို စွန့်လွှတ်ပြီးတော့ သန့်စင်နယ်မြေကို သစ္စာဖောက်လိုက်မယ်ဆိုရင်... အဲ့ဒါကိုရော လူသားတစ်ယောက်လို့ ခေါ်လို့ရဦးမှာလား"

ထို့နောက်တွင် သူမက ချီယွမ်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။

"တာအိုသားတော်ချီ၊ ရှင့်ရဲ့ လုပ်ရပ်တွေ အားလုံးက အမြဲတမ်း မှန်းဆဖို့ မလွယ်ကူဘူး။ ဒီနှစ်ရက်အတွင်းမှာ ရှင် ကျွန်မကို အများကြီး အံ့သြမှင်သက်စေခဲ့တယ်။ ကျွန်မ တစ်ခါမှ မကြုံဖူးတဲ့ ကိစ္စတွေကို တွေ့ကြုံစေခဲ့တယ်။ ဒါကြောင့် ရှင့်ဆီကနေ ကျွန်မရဲ့ ပြဿနာကို ရှင်းလင်းဖို့ အကြံဥာဏ် တောင်းခဲ့တာပါ။ ကျွန်မရဲ့ အခြေအနေနဲ့ သာမန်ခံစားချက်တွေကို ဘယ်လိုမျိုး ပြန်ရနိုင်မယ်လို့ ရှင်ထင်လဲ။ ဒီအခြေအနေကို ဆိုးရွားမသွားအောင် တားဆီးနိုင်ရင်ကို ကျွန်မ ကျေနပ်ပါပြီ"

ထိုအချိန်မှာပဲ သူမက စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်မှုများ ရောနှောနေသော မျက်ဝန်းရွှဲကြီးများနှင့် မော့ကြည့်ရင်း ချီယွမ်ကို ကျက်သရေရှိစွာ အရိုအသေ ပေးလိုက်သည်။

ချီယွမ် ချက်ချင်းပင် သဘောပေါက်သွားသည်။

(ဘုရားရေ။ ဒါဆိုရင် သူမက ငါ့ရဲ့ အရည်အချင်းနဲ့ ဥာဏ်ပညာကို အထင်ကြီးသွားပြီးလို့ အခုလို လာအကြံဥာဏ်တောင်းနေတာလား။ ဟားဟား မဆိုးဘူး။ ဒီကောင်မလေး အမြင်ရှိတယ်လို့တော့ ပြောရမယ်)

…….

All Chapters