(ဇာတ်ဝင်ခန်းတစ်ခုရပြီးသည်နှင့် ပျောက်ကွယ်သွားရသော ဗီလိန်ကောင်)
Vol. 15 Ch. 148
နှစ်ရက်ကြာပြီးနောက်တွင် ချင်းဖင်မြို့၏ တိတ်ဆိတ်သော အခန်းတစ်ခုအတွင်း၌...
အနည်းငယ် တောက်ပနေသော ချီယွမ်၏ ခန္ဓာကိုယ်မှ အပြင်ဘက်သို့ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းတစ်ချို့ ဖြာထွက်နေ၏။ ထိုစွမ်းအင်လှိုင်းက အဘက်ဘက်သို့ သက်ရောက်နေရင်း အခန်းအတွင်းရှိ အစီအရင်များကိုပင် အနည်းငယ် တုန်ယင်စေခဲ့သည်။
အချိန်အကြာကြီး နေပြီးနောက်မှသာ အဆင့်တက်မှုကြောင့် ပြင်းထန်လာသော စွမ်းအင်များကို ချီယွမ် နောက်ဆုံးတော့ တည်ငြိမ်အောင် ပြုလုပ်နိုင်ပြီး ကျင့်ကြံမှုမှ ဖြည်းညင်းစွာ နိုးထလာခဲ့သည်။
စစ်ဆေးလိုက်သည်နှင့် ခန္ဓာကိုယ်အတွင်းရှိ ပိုမိုသန့်စင်သိပ်သည်းလာသော ကောင်းကင်တာအို ဝိညာဉ်သန္ဓေကို မြင်လိုက်ရသည်။ နတ်အရှိန်အဝါများ ဝန်းရံထားသော ထိုဝိညာဉ်သန္ဓေက လူတစ်ဦး၏ အမြင်ကိုပင် ခြိမ်းခြောက်စေနိုင်သည့် ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် ခပ်ဖျော့ဖျော့ အလင်းတန်း ထုတ်ပေးနေသည်။
(ဝိညာဉ်အခြေတည်နယ်ပယ် နှောင်းပိုင်းအဆင့်ပဲ)
ပိုမိုသန်မာလာသော စွမ်းအင်ကို ခံစားနေရင်း ချီယွမ် အသက်ရှူသွင်း ရှူထုတ် ပြုလုပ်လိုက်သည်။ သူ့၏ မျက်နှာထက်တွင် ကြီးမားသော အပြုံးတစ်ခု ချက်ချင်းပင် ဝင်ရောက်လာတော့သည်။
ဝိညာဉ်အခြေတည်နယ်ပယ် နှောင်းပိုင်းအဆင့်အထိ ခုန်တက်သွားခဲ့သော သမိုင်းတွင်တစ်ခါမျှ မမြင်ဖူးသည့် သူ့၏ ကျင့်ကြံမှုအရှိန်အဟုန်သည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို အံ့ဩအောင်လုပ်နိုင်ဖို့ လုံလောက်နေပြီပင်။
ငတုံးစနစ်နှင့် မတွေ့ခင်က ချီယွမ်သည် ထိပ်သီးအဆင့် ပါရမီရှင်တစ်ဦးဖြစ်ပြီးသားပင်။ သို့သော် ထိုအခြေအနေမှာတုန်းကတောင်မှ အခြေခံတည်ထောင်ခြင်းနယ်ပယ်တွင် အစောပိုင်းအဆင့်မှ နှောင်းပိုင်းအဆင့်သို့ ရောက်နိုင်ဖို့အတွက် တစ်နှစ်ကျော် အချိန်ယူခဲ့ရသည်။
သို့သော်အခုတော့ အရာအားလုံး ပြောင်းလဲလာခဲ့ပြီ။ အခြေခံတည်ထောင်ခြင်းနယ်ပယ်မှ ဝိညာဥ်အခြေတည်နယ်ပယ်ကို အောင်မြင်စွာ အဆင့်တက်နိုင်ဖို့ဆိုတာ မလွယ်ကူပါချေ။ သို့တိုင်အောင် သူ၏တိုးတက်မှုက မြန်ဆန်လွန်းခဲ့ပြီး ဝိညာဥ်သန္ဓေကိုလည်း အကောင်းဆုံး ကောင်းကင်တာအိုဝိညာဥ်သန္ဓေကို ဖန်တီးနိုင်ခဲ့သည်။
ထို့အပြင် သူဖန်တီးခဲ့သော ကောင်းကင်တာအိုဝိညာဉ်သန္ဓေသည် သန့်စင်သည့် စိတ်ဝိညာဉ်စွမ်းအင်ကိုသာ လက်ခံနိုင်သည်ဖြစ်လေရာ၊ အဆင့်တက်နိုင်နှုန်းက ပိုမိုခက်ခဲရမည်ပင်။ သို့သော် မထင်ထားစွာ လျင်မြန်နေ၏။
"စနစ်က လုံးဝ ငတုံးစနစ်ဆိုပေမယ့် အကျိုးတော့ ရှိသေးသားပဲ။"
အနည်းငယ် ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ချီယွမ် ခပ်တိုးတိုးရေရွတ်လိုက်သည်။
"ဒါပေမယ့်.. ပြောမယ့်သာပြောနေတာ ငတုံးစနစ်ရဲ့ အကူအညီမပါဘဲနဲ့ ငါတစ်ယောက်တည်းကြိုးစားရမယ်ဆိုရင် ဒီအချိန်မှာ ငါ ဝိညာဉ်အခြေတည်နယ်ပယ်ကိုတောင် ရောက်အုန်းမှာ မဟုတ်ဘူး။"
ထိုအချိန်မှာပဲ တွေးဆဆ မျက်နှာထားဖြင့် ချီယွမ် မျက်မှောင်ကျုံ့လိုက်သည်။
"ဒါဆိုရင် လက်ရှိနှုန်းထားအရ ငါ နောက်သုံးလအတွင်းမှာပဲ ဝိညာဉ်အခြေတည်နယ်ပယ် ထိပ်သီးအဆင့်ကို ရောက်တော့မယ်။ ဒါဆိုရင် မကြာခင်မှာ နတ်အသွင်ပြောင်းခြင်းနယ်ပယ်ကို အဆင့်တက်နိုင်တော့မှာပဲ။ ဒါပေမယ့် ကောင်းကင်တာအိုချီစွမ်းအင်ကို ရမှ ငါပြီးပြည့်စုံတဲ့ အဆင့်တက်ခြင်းကို ဖန်တီးနိုင်မှာ။ ကောင်းကင်တာအိုချီစွမ်းအင်ကို ရဖို့အတွက် ငတုံးစနစ်ဆီကနေ ထိုင်စောင့်နေမယ့်အစား ငါ့ဟာငါကြိုစားကြည့်မှ ရတော့မယ်နဲ့တူတယ်။ ကောင်းကင်အဆင့် ပြုပြင်ဖန်တီးခြင်းဆေးလုံးကို မရှာခင် တာအိုနတ်ဆိုးရဲ့ လှိုဏ်ဂူထဲက ရတနာတွေကို သွားလုတာ အကောင်းဆုံးဖြစ်လောက်မယ်။"
"တာအိုနတ်ဆိုးရဲ့ ဝိညာဉ်ကို ရှာဖွေကြည့်တုန်းက သူ့ မှတ်ဉာဏ်တွေကို တွေ့ခဲ့ရတယ်။ အဲ့ဒီ့ မှတ်ဉာဏ်တွေအရဆိုရင် အဲ့ဒီ့ကောင်က သူ့ရဲ့ ဂိုဏ်ဂူကို ကာကွယ်ဖို့အတွက် အစီအရင်တွေ အထပ်ထပ် ချခဲ့တာ.. တစ်ယောက်တည်းသွားလို့ကတော့ သေချာပေါက် အန္တရာယ်များမှာပဲ”
“ ဟားဟား၊ ငါမေ့နေတာ ငါ့ကိုကူညီမယ့် ကြင်နာတတ်တဲ့ ကောင်နှစ်ကောင်ရှိနေသေးတယ်လေ။"
"ဒါဆိုရင် ငါလုပ်ဖို့လိုတဲ့ တစ်ခုတည်းသောအရာက ငတုံးစနစ် ထပ်ပေးထားတဲ့တာဝန်ပဲ ကျန်တော့တယ်။"
ချီယွမ် အရင်ဦးဆုံး ကိုယ့်ကိုကိုယ်တည်ငြိမ်အောင် ပြုလုပ်ပြီးသည်နှင့် အနည်းငယ်ထူးဆန်းနေသော မျက်နှာထားနှင့် စနစ်ကို ဆင့်ခေါ်လိုက်သည်။
"တာဝန်အသစ် ခန့်အပ်ထားပါပြီ။ ပိုင်ရှင်က ချီအိမ်တော်ကို သတ်ခဲ့တဲ့ လူသတ်သမားကို လက်စားချေနိုင်ဖို့ အရမ်းကိုကြိုးစားခဲ့တယ်။ အောင်အောင်မြင်မြင် လက်စားချေနိုင်ခဲ့ပေမယ့် အဆုံးမှာတော့ ပိုင်ရှင် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့တယ်။ ဒဏ်ရာတွေကနေ သက်သာလာတဲ့တိုင်အောင် အဲ့ဒီ့စိတ်ဒဏ်ရာက ပိုင်ရှင့်ကို ဒုက္ခပေးနေတုန်းပဲ။ ဒါကြောင့် ပိုင်ရှင်က ကျင့်ကြံမှု တိုးတက်ဖို့အတွက် လင်လုံသန့်စင်နယ်မြေကို သွားမယ့် ခရီးစဉ်ကို လက်လျော့လိုက်ပြီးတော့ တခြားနေရာကနေ အခွင့်အရေးရှာဖို့ ဆုံးဖြတ်ခဲ့တယ်။"
"ဒီလိုနဲ့ တစ်ရက် ပိုင်ရှင် ဈေးထဲမှာ လှည့်ပတ်သွားလာနေတဲ့အချိန်မှာ ချင်းဖင်မြို့ရဲ့ ထူးဆန်းတဲ့ဖြစ်စဉ်အကြောင်းကို ကြားခဲ့တယ်။ ချင်းဖင်မြို့မှာ အဆင့်မြင့် ရတနာပေါ်ပေါက်လာတယ်ဆိုတဲ့ သတင်းကြောင့် ပိုင်ရှင်က သွားကြည့်ဖို့ စဉ်းစားလိုက်တယ်။ ဒါပေမယ့် ချင်းဖင်မြို့ကို ရောက်တဲ့အချိန်မှာ ပိုင်ရှင်တွေ့လိုက်ရတာက အရမ်းကို လူများနေတဲ့ မြို့တစ်ခုပဲ။ အဲ့ဒီ့သတင်းကိုကြားတဲ့ ကျင့်ကြံသူတွေအများကြီးက နေရာအသီးသီးကနေ ရောက်လာပြီးတော့ ရတနာကိုနေ့မအား ညမအားရှာနေကြတယ်။ ဒါပေမယ့် အဲ့ဒီ့ဖြစ်စဉ်က ရတနာရှာတဲ့ ကျင့်ကြံသူတွေကိုပဲ တိုးလာစေတာ။ ဒါတွေကိုကြည့်ရင်းနဲ့ ပိုင်ရှင်က ဒီကိစ္စက ထင်သလောက် မရိုးရှင်းနိုင်ဘူးဆိုတာ တန်းမှန်းဆမိသွားတာပေါ့”
"တာဝန်အကြောင်းအရာ...ဒီညနေမတိုင်ခင်မှာ ချင်းဖင်မြို့ကို သွားပြီးတော့ လာမဲ့ ကပ်ဘေးကိုကျော်လွှားပါ။"
"အပိုဆုလာဒ်အခြေအနေ...ပိုင်ရှင့်အနေနဲ့ အသက်ရှင်သူတွေကို ရနိုင်သလောက် အများဆုံး ကယ်တင်ပေးရမယ်။"
"တာဝန်၏ ခက်ခဲမှု...ကြယ်လေးပွင့် (ခက်ခဲသည်)"
"တာဝန်ဆုလာဒ်...အမှတ်တစ်ထောင့်ငါးရာ၊ ထိပ်သီးအဆင့် ချီစုစည်းခြင်း ဆေးလုံးနှစ်ဆယ်၊ ရန်သူကို ရူးချင်ယောင်ဆောင်ပြီး တိုက်ခိုက်ခြင်းဆိုတဲ့ ပင်ကိုယ်စွမ်းရည်ကို အဆင့်မြှင့်တင်ပေးမယ်။...အဲ့ဒီ့စွမ်းအင်ကို အသက်သွင်းလိုက်တာနဲ့ ပိုင်ရှင်က တစ်ဖက် ကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုနယ်ပယ်နဲ့ ဝိညာဉ်သွေးကြော စွမ်းဆောင်ရည်တွေကို ဖုံးကွယ်ပေးလို့ ရနိုင်တော့မယ်။"
"အပိုဆောင်းတာဝန်အခြေအနေ… ပိုင်ရှင့်ကြောင့် အသက်ရှင်သွားတဲ့ ကျင့်ကြံသူတစ်ဦးချင်းစီပေါ်မူတည်ပြီး လူတစ်ယောက်လျှင် အမှတ် ငါးမှတ်ပေးမယ်။ တစ်ကယ်လို့ ကျင့်ကြံသူမဟုတ်တဲ့ သာမန်သေမျိုးဆိုရင် အမှတ် တစ်မှတ်ရမယ်။"
တောက်ပစွာ လင်းနေသော အလင်းစာကြောင်းများကို ကြည့်နေရင်း ချီယွမ် အတွေးနက်သွားခဲ့သည်။
ချင်းဖင်မြို့တွင် တစ်မြို့လုံး လိုက်ရှာနေသော ရတနာသည် ကောင်းမွန်စွာ ဖန်တီးထားသော လိမ်ညာမှုတစ်ခုဟု စနစ်က ပြတ်ပြတ်သားသား ပြောပြသွား၏။
ချင်းဖင်မြို့သည် မြို့တစ်ခုဟု ဆိုနိုင်ပါသော်ငြား ဝေးလံခေါင်ခိုက်သော နေရာတွင် တည်ရှိပြီး လူဦးရေ နှစ်သောင်းတောင်မပြည့်သော မြို့ငယ်တစ်ခုပင်။
ပိုမိုစိတ်ဝင်စားဖို့ ကောင်းသည်မှာ ဤချင်းဖင်မြို့သည် အနီးဆုံးကျင့်ကြံရေးဂိုဏ်းတစ်ခုနှင့် မိုင်ပေါင်း သောင်းချီ ဝေးကွာပြီး ထိုကျင့်ကြံရေးဂိုဏ်းကတောင်မှ တိမ်ကြွေဂိုဏ်းထက် များစွာ အဆင့်နိမ့်ကာ ကျင့်ကြံရေးဂိုဏ်းများထဲမှ အနိမ့်ဆုံးဟု ခေါ်ဆို၍ရနိုင်ပါသည်။
ရတနာထွက်ပေါ်သည် ဟူသော သတင်းများ ထွက်လာလျှင်တောင်မှ ရောက်လာမည့် ကျင့်ကြံသူများထဲမှ လူအများစုသည် အလွတ်တန်းကျင့်ကြံသူများဖြစ်နိုင်ပြီး သေးငယ်သောဂိုဏ်းများအတွင်းမှ တပည့်ငယ်များလည်း ဖြစ်နိုင်သည်။
သံသယဝင်ဖွယ် အချက်အလက်များကို စုဝေးရင်း ချီယွမ် ဖြစ်စဉ်ကြီးတစ်ခုလုံး၏ အကြောင်းအရင်းနှင့် အကျိုးသက်ရောက်နိုင်စွမ်းကို အကြမ်းဖျင်း မှန်းဆလိုက်သည်။
(ကြည့်ရတာ မကောင်းတဲ့ နတ်ဆိုးဂိုဏ်းတစ်ခုက ဒီနေရာကို အခြေစိုက်နေရာတစ်ခုလိုမျိုး ဖန်တီးချင်နေပုံပဲ။ ဒါ့ကြောင့် ရတနာရှိတယ်ဆိုတဲ့သတင်း ထုတ်ပြီးတော့ အပြင်ဘက်က အလွတ်တန်းကျင့်ကြံသူတွေကို ဆွဲဆောင်ချင်နေတာ။ ဒါဆိုရင် ဖြစ်နိုင်ချေက နှစ်ခုပဲရှိတော့တယ်။ တစ်ခုက လူအများကြီးသတ်ပြီးတော့ သွေးစတေးမှုလုပ်မယ်။ နောက်တစ်ခုကတော့ ဓားပြတိုက်ဖို့ပဲ။ ဒါမှမဟုတ် နှစ်ခုလုံးလုပ်မှာလည်းဖြစ်နိုင်တယ်။)
ချီယွမ်၏ မျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွားရင်း အေးစက်စက်ပြုံးလိုက်သည်။
(ဒီနတ်ဆိုး ကျင့်ကြံသူတွေက ဒီလို မြို့သေးသေးလေးကို ပစ်မှတ်ထားရဲတယ်။ ဒါပေမယ့် သူတို့ရဲ့ရည်ရွယ်ချက်က သနားဖို့ ကောင်းလိုက်တာ။ ငါ့ရဲ့ သန်မာမှုက မလုံလောက်သေးလို့သာမဟုတ်ရင် မြို့မှာရှိတဲ့ သေမျိုးတွေရော မသေမျိုးတွေရော အားလုံးကို လက်ဖျောက်တစ်ချက်တည်းနဲ့ ထောက်ပံ့ပေးထားလိုက်ပြီ။ ဒါဆိုရင် ငါဒီနေရာထိလာပြီး ဒုက္ခခံဖို့ လိုမှာကိုမဟုတ်တော့ဘူး။)
စနစ်၏ အပိုဆုလာဒ်အတွက်တော့… ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်ဖြစ်သော သူကိုယ်တိုင်ရှိနေသည့် အတွက် မြို့ထဲကသူတစ်ဦးမှ သေဆုံးမည်မဟုတ်ဟု ယုံကြည်ချက်ရှိပါသည်။
(ငါဒီတစ်ခေါက် အမှတ်တွေအများကြီး ရှာပစ်လိုက်လို့ရတာပဲ။ ဒီတစ်ခေါက်တာဝန်ရဲ့ ဗီလိန်က တော်တော်လေး ငွေရှာပေးသွားတယ်လို့ ပြောလို့ရတယ်။)
စိတ်ပိုင်းဖြတ်ပြီးသည်နှင့် ချီယွမ် အချိန်မဆွဲတော့ဘဲ မတ်တပ်ရပ်လိုက်ကာ အခန်းအတွင်းမှ ပြန်ထွက်လိုက်သည်။
သိပ်မကြာခင်မှာပဲ...
ညနေခင်းနီးကပ်လာသော်ငြား လမ်းမတစ်ခွင်လုံး လူသွားလူလာများ ပြည့်နှက်နေကာ အစီအရင် ချိတ်ဆွဲထားသော မီးအိမ် အလင်းများကြောင့် အသက်ဝင်ပြီး ရှုပ်ထွေးသော မြင်ကွင်းကို ဖန်တီးပေးနေသည်။
သို့သော် စက္ကန့်ပိုင်းအတွင်းမှာပဲ ရှင်းလင်းသော အပြာရောင်ကောင်းကင်ထက်သို့ အမှောင်ထုက အစားထိုး ဝင်ရောက်လာရင်း မိုးတိမ်မည်းများ၏ အစားထိုးမှုကြောင့် လောကကြီးက မှောက်သထက် မှောင်လာကာ ကျောချမ်းဖွယ် လေထုက စတင်အရိုင်းဆန်လာခဲ့သည်။
ဖြတ်သွားဖြတ်လာလူများအားလုံး လုပ်နေသည်များရပ်တန့်သွားရင်း ရုတ်တရက် ပြောင်းလဲသွားသော ကောင်းကင်ကို ရှုပ်ထွေးသော မျက်နှာထားများဖြင့် မော့ကြည့်လိုက်ကြသည်။
"ဘာလို့ ဒီလောက်ထိ မဲမှောင်လာရတာလဲ။ မိုးရွာတော့မှာမလို့လား။"
"ကောင်းကင်က အရမ်းကြီးမှောင်မဲသွားတယ်နော်။ ဒီလိုမျိုး မဖြစ်ဖူးပါဘူး..."
"ဘာလဲ၊ ရတနာပေါ်လာတော့မှာလား။"
နောက်တစ်စက္ကန့်မှာပဲ...
ဝူးဝူးဝူးဝူး
မျက်စိတစ်မှိတ်အတွင်းမှာပဲ များစွာသော မီးခိုးရောင် အငွေ့လုံးကြီးသည် ကောင်းကင်ကို ဖုံးလွှမ်းလိုက်သော ဧရာမလက်ဝါးကြီးတစ်ခုနှယ် လျင်မြန်စွာဖြင့် မြို့တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။
ကျင့်ကြံဆင့် မရှိသော သာမန်သူများတောင်မှ နှလုံးသားအတွင်း သက်ရောက်လာသော ထူထဲကာ ကျောချမ်းစေသော အရှိန်အဝါကို ခံစားနိုင်ပါသည်။
ထိုအချိန်မှာပဲ အနက်ရှိုင်းဆုံးငရဲထဲမှ ထိုးထွက်လာသည့်နှယ် ကြောက်ဖို့ကောင်းသော အေးစက်စက် အသံတစ်ခုသည် ချင်းဖင်မြို့ တစ်ခုလုံးတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ရုန်းကန်နေတာ ရပ်လိုက်တော့။ ငါ့ရဲ့ ဦးတည်ရာဆယ်မျိုး ဝိညာဉ်ဖမ်းချုပ် အစီအရင်က နောက်ဆုံးတော့ ပြီးသွားပြီ။ မင်းတို့တစ်ယောက်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ငါ့ရဲ့ ဝိညာဉ်တစ်ထောင်စုစည်းခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပျော်ပျော်ရွှင်ရွှင်ပါဝင်ပြီး ငါ့ရဲ့ ဝိညာဉ်စစ်သားတွေ ဖြစ်လာကြစမ်း။"
စကားသံဆုံးသည်နှင့် အနက်ရောင်ဝတ်စုံ၊ အနက်ရောင်ဦးထုပ်ကို ဝတ်ဆင်ထားသော နတ်ဆိုးကျင့်ကြံသူတစ်ဦးသည် တိမ်ဆိုင်တစ်ခုကိုစီးနေကာ ရုတ်တရက်ပေါ်လာခဲ့သည်။ ထိုသူ၏ ရုပ်သဏ္ဍာန်က စိတ်ပျက်စရာကောင်းလှကာ အဆိပ်သင့်နေသော အနက်ရောင်မြူခိုးများက ခန္ဓာကိုယ်နောက်မှ အဆက်မပြတ် ထွက်ပေါ်နေ၏။ ထိုသူက ဝိညာဉ်အခြေတည်နယ်ပယ် အစောပိုင်းအဆင့် နတ်ဆိုးကျင့်ကြံသူတစ်ဦး ဖြစ်နိုင်သည်။
ထိုသူက သေးငယ်သော အနက်ရောင်အလံတစ်ခုကို လက်ထဲမှာကိုင်ထားရင်း အဆက်မပြတ်လှုပ်ရမ်းလိုက်သည်။ အလံတိုင်လှုပ်ရမ်းလိုက်သည်နှင့် ကျောချမ်းဖွယ် လေထုနှင့် မြူခိုးတို့ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။
"သွားပြီ...ငါတို့အားလုံးသွားပြီ။ ဒါက ဦးတည်ရာဆယ်ပါး ဝိညာဉ်ဖမ်းချုပ် အစီအရင်ပဲ။"
"ဘာ...ဒီနေရာမှာ ဝိညာဉ်အခြေတည်နယ်ပယ် နတ်ဆိုးကျင့်ကြံသူတစ်ယောက် ရှိနေမယ်လို့ ငါမထင်ထားမိဘူး။ သွားပြီ။ ငါတို့တွေသေတော့မှာလား။"
"ချမ်းသာပေးပါ။ ကျွန်တော်မသေချင်သေးဘူး။ သခင်ကြီး… ကျေးဇူးပြုပြီး ချမ်းသာပေးပါ။"
ကြောက်ရွံ့သွားသော လူများစွာသည် အဘက်ဘက်သို့ ပြေးလွှားကြသော်ငြား မြို့တစ်ခုလုံးကို အစီအရင်က တင်းကြပ်စွာ ပိတ်နှောင်ထားခဲ့သည့်အတွက် မလွတ်မြောက်နိုင်ပေ။ ငိုယိုသံ၊ အသနားခံသံ၊ အော်ဟစ်သံများက အဘက်ဘက်သို့ ပျံ့နှံ့နေကာ ကမ္ဘာပျက်ကပ်တစ်ခုကဲ့သို့ ခြောက်ခြားဖွယ် ကောင်းနေလေရဲ့။
ထိုအချိန်မှာပဲ မြို့အတွင်းမှ ရှင်းလင်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"အော် ဒါဆိုရင်မင်းက ငါ့အတွက်အမှတ် ရှာပေးနေတဲ့သူပေါ့။ ဟေ့ တွေ့ရတာ ဝမ်းသာပါတယ်။"
"ဘာ"
ထိုနတ်ဆိုး ကျင့်ကြံသူခဗျာ မတုံ့ပြန်နိုင်ခင်မှာပဲ ဓားအလင်းကြောင့် အပိုင်ပိုင်းပြတ်သွားရင်း အဘက်ဘက်သို့ ပြန့်ကျဲသွားလေ၏။
…….