(ငါ့ကိုလာဖမ်းလေ)
Vol. 15 Ch. 149
ကြောက်ရွံ့ဖွယ် မြူခိုးများ ပျောက်ကွယ်သွားသည်နှင့် ကောင်းကင်သည် နဂိုရှင်းလင်းသော အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။
ချင်းဖင်မြို့တစ်ခုလုံး အလွန်အမင်း တိတ်ဆိတ်နေပြီး လေထုပင် အေးခဲသွားဟန် ရှိ၏။ အဖြစ်အပျက်များက အလွန်အမင်း မြန်ဆန်ပြင်းထန်နေလေရာ မြို့ထဲက လူတိုင်းစေ့မကျန် ခဏမျှ ပြောစရာ ပျောက်ဆုံးသွားတော့သည်။
အစောပိုင်းကတင် နတ်ဆိုးကျင့်ကြံသူတစ်ဦးက ရုတ်တရက် ပေါ်လာခဲ့ပြီး ကြောက်ဖို့ကောင်းသော စကားလုံးများစွာနှင့် မြို့ထဲကလူတိုင်းကို အမုန်းတရားများ ပြည့်နေသော ဝိညာဉ်များအဖြစ် ပြောင်းလဲပစ်မည်ဟု ခြိမ်းခြောက်လာခဲ့သည်။ ထိုအချိန်မှာပဲ ဘယ်နေရာကမှန်းမသိ ရောက်ရှိလာသော အလင်းတစ်ချက်ကြောင့် ထိုသူခမျာ အပိုင်းအပိုင်း ကွဲကြေသွားလေရဲ့။
ထို့အပြင် အပိုင်းအပိုင်းပြတ်သွားသော လူတစ်ဦးအနေဖြင့် ဘာ ဆိုသော နောက်ဆုံးစကားလုံးကိုသာ ပြောဆိုနိုင်ခဲ့လေသည်။
ကြောက်ရွံ့ဖွယ် မြင်ကွင်းမျိုး ဖြစ်သင့်သည့် အစုလိုက်အပြုံလိုက် လူသတ်မြင်ကွင်းသည် အဆုံးမှာတော့ ပုံမှန်ဆန်စွာ ပြောင်းလဲသွားခဲ့သည်။
နတ်ဆိုးကျင့်ကြံသူ ရပ်ခဲ့သောနေရာကို လူပေါင်းများစွာသည် မျက်လုံးပြူးကြီးများဖြင့် ကြည့်နေရင်း မှင်သက်နေတော့သည်။
ထိုအချိန်မှာပဲ ချီယွမ်က ယင်ရှဂိုဏ်း၏ အတွင်းတပည့်တစ်ယောက်ဖြစ်သော နတ်ဆိုးကျင့်ကြံသူ၏ ချန်သွားခဲ့သော အနန္တဝိညာဉ်သိမ်းဆည်းခြင်းရတနာကို သိုလှောင်လက်စွပ်အတွင်းသို့ သိမ်းဆည်းလိုက်သည်။
အထဲတွင် ရှိနေသော ဝိညာဉ်အရေအတွက်ကို ကြည့်ရသလောက် ထိုသူသည် လူရှစ်သောင်းခန့် သတ်ပြီးသွားပြီပင်။ ဤမြို့အတွင်းကိုပါ အောင်မြင်စွာ သတ်ဖြတ်နိုင်ပါက လူအယောက်တစ်သိန်း ပြည့်သွားတော့မည် ဖြစ်သည်။
ထိုအချိန်ကျလျှင် အနန္တဝိညာဉ်စုစည်းခြင်းရတနာက ပိုမိုအဆင့်တက်လာပြီး အလယ်အဆင့်မှော်လက်နက်တစ်ခု ဖြစ်လာနိုင်သည်။
"အတွင်းတပည့်တစ်ယောက်ကတောင်မှ ဒီလောက်အထိ ရက်စက်ပြီး ကြောက်ဖို့ကောင်းနေတာဆိုတော့ ယင်ရှဂိုဏ်းပီသပါပေတယ်"
[အင်း၊ ငါတွေးကြည့်တော့မှ ကျိချန်အာရဲ့ ပုံစံက မောက်မာတယ်ဆိုပေမယ့် သူမ မလိုအပ်ဘဲနဲ့ လူသတ်တာတော့ မတွေ့ဖူးဘူး၊ ပြောရမယ်ဆိုရင် သူမက နတ်ဆိုးဂိုဏ်းရဲ့ လတ်ဆတ်တဲ့ လေပြေလေးတစ်ခုနဲ့ ဆင်တူတယ်]
ချီယွမ် အတွေးလွန်နေစဉ်မှာပဲ စနစ်၏ အသံပေါင်းများစွာကို ကြားလိုက်ရသည်။
"ချင်းဖင်မြို့ကို ကယ်တင်နိုင်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်၊ အမှတ် တစ်ထောင့်ငါးရာနဲ့ ထိပ်သီးအဆင့် ချီစုစည်းခြင်းဆေးလုံး အလုံး ၂၀ ကို ရရှိပါပြီ၊ ဒီဆုလာဘ်တွေကို စနစ်ရဲ့ ပုံမှန်နေရာထဲမှာ ပို့ပေးထားပါတယ်၊ ပိုင်ရှင်ရဲ့ မူရင်းစွမ်းအင်ဖြစ်တဲ့ ရူးချင်ယောင်ဆောင်ပြီး ရန်သူကို တိုက်ခိုက်ခြင်းစွမ်းရည်ကို အဆင့်မြှင့်တင် ပေးလိုက်ပါပြီ၊ စွမ်းအင်အသစ်အတွက် သင်ယူဖို့ လိုအပ်မှာ မဟုတ်ပါဘူး၊ အလိုအလျောက် တတ်မြောက်သွားမှာပါ"
"မြို့ရဲ့ ရှင်သန်သူတွေကိုလည်း အတည်ပြုပြီးပါပြီ၊ ပိုင်ရှင်က အပိုဆောင်းတာဝန်ကို ဆောင်ရွက်နိုင်တဲ့အတွက် အပိုဆောင်းတာဝန်တွေကိုလည်း တွက်ချက်နေပါတယ်"
……
"တွက်ချက်မှုအရ မြို့ထဲမှာ ရှိနေတဲ့ ကျင့်ကြံသူ အရေအတွက်က ၂၇၈၂ ယောက် ဖြစ်တဲ့အတွက် အပိုဆောင်းဆုလာဘ်အနေနဲ့ ၁၃၉၂၀အမှတ် ရရှိပါမယ်၊ ပြီးတော့ ကျင့်ကြံသူ မဟုတ်တဲ့ သာမန်သေမျိုး အယောက် ၁၈၀၀၀ ရှိနေတဲ့အတွက် ပိုင်ရှင် စုစုပေါင်းအမှတ် ၃၂၂၀၀ ရရှိပါမယ်"
[အမှတ် ၃ သောင်းတောင် ရလိုက်တာလား… တစ်ချီတည်းနဲ့လေ]
ချီယွမ် ချက်ချင်း ပျော်ရွှင်သွားသော်ငြား နောင်တတစ်ချို့ဖြင့် သက်ပြင်းချလိုက်သည်။
[ဒါပေမဲ့ ဒီငတုံးစနစ်ရဲ့ ဒီတစ်ခေါက်တာဝန်အတွက် ပေးတဲ့အချိန်က အရမ်းကို နည်းလွန်းတယ်၊ ငါသာ အပြင်ရောက်နေလို့ မဟုတ်ဘူးဆိုရင် ဟာကွက်ရှာပြီးတော့ ဂိုဏ်းကနေ ခိုးထွက်နေရဦးမယ်၊ ကြည့်လိုက်လေ၊ ငါ့ကို နေ့တစ်ဝက်တောင် အချိန်ပေးတာ မဟုတ်ဘူး]
တာအိုသားတော်ဖြစ်သော သူတောင်မှ ဤမျှဝေးကွာသော ခရီးကို လာဖို့အတွက် ပိုက်ဆံအမြောက်အများ သုံးလိုက်ရသည်။ တစ်ခြားသာမန်သူဆိုရင် ဤအချိန်တွင် ဘယ်လိုမှ လာဖို့ မဖြစ်နိုင်ပါချေ။ တစ်ကယ့်ချီယွမ်သာဆိုလို့ကတော့ လူတွေအများကြီး သေနေလောက်ပြီပင်။
စနစ်၏ အမှတ်များကလည်း အရမ်းကို အဖိုးတန်သည်။ လူပေါင်းများစွာ သေသွားရင် ထိုအမှတ်တွေကို ဆုံးရှုံးရမည် မဟုတ်လား။ အဲ့ဒီအမှတ်တွေနဲ့ ကျင့်ကြံရေးသိုင်းပညာများကို အလင်းပွင့်မှု ရနိုင်ရုံတင်မက၊ စနစ်ဈေးဆိုင်အတွင်းမှာ တစ်ခြားသော ပစ္စည်းများနှင့်ပါ လဲလှယ်လို့ရသည်။ ထိုအထဲက ပစ္စည်းတစ်ချို့ဆိုလျှင် အလွန်အမင်း အဖိုးတန်လေ၏။ ဥပမာပြောရလျှင် ရှောင်ရွှမ်ကျိအတွက် အသုံးပြုခဲ့သော သခင်အစေခံစာချုပ်မျိုးပင်။
သခင်အစေခံစာချုပ်များကို ရှေးခေတ်ကတည်းက ကန့်သတ်ခဲ့သည့်အတွက် ဤကျင့်ကြံရေးလောကတွင် ပျောက်ဆုံးနေတာ ကြာပြီဖြစ်သည်။ သို့သော် အမှတ် ၂၀၀၀ တည်းနှင့် ဈေးဆိုင်အတွင်းမှ ဝယ်ယူ၍ ရခဲ့လေ၏။
အခုတော့ အမှတ် ၃ သောင်း ရလိုက်သည့်အတွက် လုံလောက်သော ရိတ်သိမ်းမှုဟု ချီယွမ် ဂုဏ်ယူ၍ ရနေပြီပင်။ ထို့အပြင် စွမ်းအင်ပါ မြှင့်တင်ခံလိုက်ရသည့်အတွက် ငတုံးစနစ်၏ ဆုလာဘ်က ရှားပါးအခွင့်အရေးတစ်ခု ဖြစ်နေတော့သည်။
"စနစ်၊ ဒီတာဝန်က တော်တော်လေး ကောင်းတယ်။ အခုကစပြီး ဒီလိုတာဝန်ကောင်းတွေပဲ ပေးမယ်ဆိုရင် ငါမင်းနဲ့ပတ်သက်ပြီး ရီဗျူး ကောင်းကောင်းပေးမယ်လို့ ကတိပေးတယ်၊ ဒါက ငါတို့နှစ်ယောက်အတွက် ကောင်းတယ်လေ မင်းဘယ်လိုထင်လဲ"
စနစ်ကို အကြိမ်ရေတစ်ချို့ အားပေးပြီးသည်နှင့် ချီယွမ် တည်ငြိမ်အောင် ပြုလုပ်လိုက်ရင်း အလင်းတန်းအဖြစ် ပြောင်းလဲကာ ကောင်းကင်အထက်သို့ တက်သွားလိုက်သည်။
သူသည် ထာသရရှင်သန်ခြင်း သန့်စင်နယ်မြေ၏ တာအိုသားတော် ထူရို့ရှုနှင့် ၇ ရက်အတွင်း တွေ့မည်ဟု ကတိပေးခဲ့သည်။ အခုတော့ ၃ ရက် ကုန်လွန်သွားသည့်အတွက် အခုမှ မသွားဘူးဆိုလျှင် နောက်ကျတော့မည်ပင်။
တဖြည်းဖြည်း အံ့ဩမှုမှ သက်သာလာခဲ့သော ချင်းဖင်မြို့၏ မြို့သားများအားလုံးသည် ရုတ်တရက် ပေါ်လာခဲ့သော ကောင်းကင်အထက်က အလင်းတန်းကို ကြည့်နေရင်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားတော့သည်။
"ကြည့်လိုက်၊ ကြည့်ရတာ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်က ဖြေရှင်းသွားတာနေမယ်၊ မဟုတ်ဘူးဆိုလို့ကတော့ ငါတို့ရဲ့ ချင်းဖင်မြို့တစ်ခုလုံး အလောင်းကောင်တွေနဲ့ ပြည့်သွားတော့မှာပဲ၊ မြို့ထဲက မြို့သားတွေအကုန်လုံး နှိပ်စက်ခံရပြီး ဝိညာဉ်တွေ ဆွဲထုတ်ခံရလိမ့်မယ်"
"အရမ်းအင်အားကြီးလိုက်တာ၊ ဝိညာဉ်အခြေတည်နယ်ပယ် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို တစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တယ်၊ မြို့ထဲမှာ ဒီလောက်အင်အားကြီးတဲ့ ဆရာသခင်ကြီးတစ်ယောက် ပုန်းနေမယ်လို့ ထင်မထားဘူး၊ ငါ့ရဲ့အသက်ကို မျက်စိတစ်မှိတ်အတွင်းမှာ ကယ်တင်သွားခဲ့တာပဲ"
"ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် သခင်ကြီး၊ ကျွန်တော်ရဲ့ လေးစားလွန်းတဲ့ ဦးညွတ်အလေးပြုမှုကို ခံယူပါ"
"အဲ့ဒီသခင်ကြီးရဲ့ နာမည်က ဘာလဲမသိဘူး၊ ဒီလောက်ကြီးမားတဲ့ ကြင်နာမှုမျိုးက သေချာပေါက် ပြန်ပေးဆပ်မှ ဖြစ်မယ်"
"ဒီပုံရိပ်ဖမ်းမန္တာန်စာရွက်မှာ သခင်ကြီးရဲ့ မျက်နှာကို ဖမ်းမိထားတယ်၊ အရည်အသွေး သိပ်မကောင်းဘူးဆိုပေမယ့် သူ့ရဲ့သရုပ်မှန်ကိုတော့ ရှာတွေ့နိုင်လောက်ပါတယ်"
"တစ်ကယ်လား၊ အဲ့ဒီပုံရိပ်ဖမ်းမန္တာန်စာရွက်ကို ငါ့အတွက် ကူးပေးလို့ရမလား"
"ဟုတ်တယ်၊ ငါလည်း လိုချင်တယ်"
"ငါရောပဲ"
မြို့အတွင်းရှိ ကျင့်ကြံသူများ အချင်းချင်း ဆွေးနွေးနေကြချိန်တွင် ဘာမှမသိသော သာမန်သူများက ရုတ်တရက် ရောက်လာခဲ့သော ကယ်တင်ရှင်ကို ဒူးထောက်ဦးညွတ်နေကြလေ၏။
ချင်းဖင်မြို့တစ်ခုလုံး ရှုပ်ထွေးနေချိန်မှာပဲ မြို့အပြင်ရှိ နက်ရှိုင်းသော သစ်တောတစ်ခုအတွင်းတွင်..
"အကိုချူ၊ သူ ဒီအတိုင်း သေသွားတာလား"
အနက်ရောင်ဝတ်စုံနှင့် အနက်ရောင်ဦးထုပ်ကို ဝတ်ဆင်ထားသော အမျိုးသားကျင့်ကြံသူတစ်ဦးသည် မယုံကြည်နိုင်မှုများ ပြည့်နေသော ဖြူဖျော့နေသည့် မျက်နှာနှင့် မြို့ကို လှမ်းကြည့်လိုက်သည်။
ထိုမျှရိုးရှင်းသော အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသည် အဆုံးတွင် အခုလိုမျိုး ရလဒ်ကို ထုတ်ပေးလာလိမ့်မည်ဟု သူဘယ်လိုမှ မျှော်လင့်မထားခဲ့ပေ။
ယင်ရှဂိုဏ်း၏ ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ဦးကို ဓားချက်တစ်ချက်တည်းနဲ့ သတ်ပစ်ရုံတင်သာမက ဖန်တီးထားသော ဝိညာဉ်သန္ဓေနှင့် မူရင်းခန္ဓာကိုယ်ကိုပါ သတ်ဖြတ်ခဲ့သည်။
[ဂိုဏ်းတူအကိုချူဆိုတာ ဘယ်သူမလို့လဲ]
[သူက ထိပ်သီးဆရာသခင်ကိုယ်တိုင် လေ့ကျင့်ပေးထားတဲ့ တစ္ဆေထိန်းချုပ်ထိပ်သီးဆရာသခင်ရဲ့ ရာစုနှစ်တစ်ခုအကြာမှ အသိအမှတ်ပြုခြင်း ခံရတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ၊ သူ့ရဲ့ကျင့်ကြံမှုက အရမ်းကို အရည်အချင်းရှိလွန်းလို့ မကြာခင်မှာ စစ်မှန်တပည့်တစ်ယောက် ဖြစ်လာတော့မယ်လို့ လျာထားခြင်းခံရတာလေ၊ ဒါပေမယ့် အခုတော့ ဒီလိုမျိုး လူမသိသူမသိနဲ့ ခြေရာလက်ရာမကျန်အောင် သေဆုံးသွားရတာလား]
[ငါထွက်ပြေးရမယ်]
ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသည်နှင့် ထိုသူသည် ပြောင်းလဲသွားသော မျက်နှာထားဖြင့် တုံ့ဆိုင်းမှုမရှိ တောနက်အတွင်းသို့ ဝင်ပြေးလေတော့သည်။
ထိုအချိန်တွင် ထိုလူခဗျာ ဂိုဏ်းတူအကိုအတွက် လက်စားချေဖို့ မတွေးနိုင်တော့ဘဲ လွတ်မြောက်ဖို့အတွက်သာ ဆုတောင်းမိတော့သည်။
ယင်ရှဂိုဏ်းအတွင်းရှိ အတွင်းပြိုင်ဆိုင်မှုများသည် အလွန်အမင်း ရက်စက်ပါသည်။ ထို့ကြောင့် တပည့်များကလည်း များသောအားဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး ရက်စက်ကာ လှည့်စားတတ်ကြသည်။ သူသည် သေဆုံးသွားသော ချူယန်၏ နောက်လိုက်တစ်ယောက်သာဖြစ်ပြီး သေဆုံးသွားသည့်အတွက် သူ့အသက်ကိုပါ စတေးကာ ကူညီဖို့ မလိုအပ်ပါချေ။
သို့သော် ခပ်ဝေးဝေးမပြေးနိုင်ခင်မှာပဲ အနည်းငယ် ရင်းနှီးသော ပုံရိပ်က တည်ငြိမ်စွာဖြင့် သူ၏ လမ်းကြောင်းကို ပိတ်ပင်လိုက်သည်။
[ငါတော့ သွားပြီလား]
ရောက်လာသူကို မြင်သည်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော နတ်ဆိုးကျင့်ကြံသူ အလွန်အမင်း ထိတ်လန့်သွားတော့သည်။ ပျော့ခွေသွားသော ဒူးခေါင်းများက မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားကာ အသနားခံလေတော့၏။
"သခင်ကြီး၊ ကျေးဇူးပြုပြီး ကျွန်တော်ကို ချမ်းသာပေးပါ၊ ချူယန်က ကျွန်တော့်ကို ဖမ်းခေါ်လာခဲ့တာပါ၊ ဒီလိုမျိုး မကောင်းတဲ့ လုပ်ရပ်ကို ကျွန်တော် ဘယ်တော့မှ မပါဝင်ခဲ့ပါဘူး၊ ကျေးဇူးပြုပြီး သနားညှာတာမှု ပြပြီးတော့ ကျွန်တော်ရဲ့ အသက်ကို ချမ်းသာပေးပါ"
[ရန်သူကို မြင်တာနဲ့ ဒူးထောက်အသနားခံတယ်တဲ့လား၊ ဖြစ်စဉ်တစ်ခုလုံးက ချောမွေ့နေတာပဲ၊ ယင်ရှဂိုဏ်းရဲ့ ထူးချွန်တဲ့ အရည်အချင်းကို ပြသနေတာလားဟ၊ ဒီကောင်ရဲ့ ပြောင်းလဲနိုင်စွမ်းက ကောင်းမွန်လိုက်တာ]
ချီယွမ် ခေါင်းငြိမ့်ပြုံးပြလိုက်ပြီး နူးညံ့သော အသံဖြင့် ပြောလိုက်သည်။
"မင်းက ဉာဏ်ရှိသားပဲ၊ ငါ ဒီလိုမျိုး ဉာဏ်ရှိတဲ့သူတွေနဲ့ စကားပြောရတာ ကြိုက်တယ်၊ မင်းရဲ့နာမည်က ဘာလဲ"
ထိုအရာကြောင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော နတ်ဆိုးကျင့်ကြံသူခဗျာ ပိုမိုတုန်ယင်သွားတော့သည်။ တစ်ဖက်သူ၏ ပုံစံက ဖော်ရွေနေရုံဖြင့် လွယ်ကူလိမ့်မည်ဟု မမှန်းဆရဲပါချေ။ ပိုဆိုးရွားသည်မှာ တစ်ဖက်သူက ဖော်ရွေလေလေ အခြေအနေက ပိုပြီးကြောက်ရွံ့ဖွယ် ကောင်းလေလေဖြစ်သည်။
ဖြစ်နိုင်မည်သာဆိုလျှင် လုပ်ရပ်တွေကို မှန်းဆ၍ မရနိုင်သော ဤကြောက်ရွံ့ဖွယ် လူသားနှင့် ရင်ဆိုင်ရမည့်အစား သွေးဆာနေသည့် သားရဲတစ်ကောင်နှင့်သာ ကြုံတွေ့ချင်ပါ၏…
အနက်ရောင်ဝတ်စုံနှင့် နတ်ဆိုးကျင့်ကြံသူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး အတင်းတည်ငြိမ်အောင် ပြုလုပ်ပြီးမှ သတိကြီးစွာ ဖြေကြားလိုက်သည်။
"ကျွန်တော့်ရဲ့ နာမည်က ချန်ဟွေ့ပါ၊ ကျွန်တော်က ယင်ရှဂိုဏ်းရဲ့ အပြင်တပည့်ပဲ၊ အဲ့ဒီ ချူယန်နဲ့ ပတ်သက်မှု မရှိပါဘူး"
"သူ ဒီနေရာကို ခေါ်လာခဲ့တာကလည်း သူလူသတ်ပြီးတဲ့အချိန် အရှုပ်ရှင်းဖို့နဲ့ လွတ်သွားတဲ့သူ ရှိမရှိ စစ်ဆေးဖို့အတွက်ပါပဲ"
ချီယွမ် မျက်ခုံးတစ်ဖက် ပင့်သွားပြီး ထူးဆန်းသော အသံဖြင့် အမိန့်ပေးလိုက်သည်။
"ကောင်းပြီ၊ အခု သူ့ရဲ့ လူသတ်မှုကနေ လွတ်သွားတဲ့ အကောင်က မင်းအရှေ့မှာ ရပ်နေတယ်လေ၊ ငါ့ကို မြန်မြန်လာပြီး မဖမ်းဘူးလား"
ချန်ဟွေ့တစ်ယောက် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားရင်း အကြိမ်ကြိမ် ခေါင်းယမ်းလိုက်သည်။
"သခင်ကြီး၊ ကျွန်တော် မလုပ်ရဲပါဘူး၊ ကျွန်တော် မလုပ်ရဲပါဘူး"
"ဘာလဲ၊ ငါ့ကို နောက်နေတယ် ထင်နေတာလား"
ချီယွမ် အေးစက်စွာ ပြောလိုက်ပြီး ကြောက်ရွံ့ဖွယ် ခြိမ်းခြောက်မှုကို ဖော်ထုတ်လိုက်သည်။
"ငါပြောတဲ့အတိုင်း နာနာခံခံ လုပ်လိုက်တာ ကောင်းမယ်နော်၊မဟုတ်ဘူးဆိုလို့ကတော့ ငါမင်းကို အခုပဲ သတ်ပစ်မယ်"
ထို့နောက်တွင် ချီယွမ်၏ လေသံက ချက်ချင်းပင် တည်ငြိမ်သွားလေ၏။
"ငါ လုပ်စရာတစ်ခုခု ရှိနေတယ်၊ ဒီနေရာမှာ စောင့်နေပြီး လျှောက်မသွားနဲ့၊ ရက်တစ်ချို့နေရင် ငါ ဒီနေရာကို ပြန်လာခဲ့မယ်။ အဲ့ဒီကျရင် မင်း..."
"ဟမ်..."
ချီယွမ်၏ ရှင်းပြမှုအပြီးတွင် ချန်ဟွေ့ လုံးဝ ရှုပ်ထွေးသွားတော့သည်။
[ဒါ ဘယ်လိုတာဝန်မျိုးကြီးလဲ]
မျက်စိရှေ့က မှင်သက်နေသော နတ်ဆိုးကျင့်ကြံသူကို ကြည့်နေရင်း ချီယွမ်တစ်ယောက် သွေးအန်ချင်လာတော့သည်။
[ချီးပဲဟေ့၊ ငတုံးစနစ်၊ ငါမင်းကို အစောပိုင်းကမှ ချီးကျူးထားတာကို ဒီလောက်ရွံဖို့ကောင်းတဲ့ တာဝန်ကြီး ထုတ်ပေးရလား၊ မင်းက သကြားလုံးကျွေးပြီး မျက်နှာကို ဖြတ်ရိုက်ချင်နေတာလား၊ ဟမ်]
[သေစမ်း]
………