← Chapters

(ပုံစံကြီးကရွံစရာကြီး)

Vol. 15 Ch. 150

(ပုံစံကြီးကရွံစရာကြီး)

Vol. 15 Ch. 150

ရက်ပေါင်းများစွာ ကြာပြီးနောက်တွင် အဆုံးမဲ့ လေဟာနယ်အတွင်း၌...

ချီယွမ်သည် လေထဲတွင် တန့်နေရင်း တာအိုနတ်ဆိုး၏ နေထိုင်ရာ လိုဏ်ဂူအနီးရှိ အတွင်းပိုင်းတွင် အနက်ရောင်ဖြစ်နေသော အေးစက်စက် မြူခိုးတိမ်ကို စိုက်ကြည့်လိုက်သည်။

ချီယွမ်ကို ရှုပ်ထွေးစေခြင်းက ဤနေရာသို့ ရောက်သည့်တိုင်အောင် တာအိုသားတော် ထူနဲ့ တာအိုသားတော် ကျွမ်းကို မတွေ့ရခြင်းပင်။

(သူတို့နှစ်ယောက် ဝင်သွားကြတာလား)

ချီယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ အထဲဝင်ဖို့ ပြင်လိုက်ချိန်မှာပဲ သိပ်မဝေးသော နေရာတွင် ရှိနေသည့် ထိုအနက်ရောင် မြူခိုးတိမ်က ချက်ချင်းပင် တုန်ယင်လာကာ အထဲမှ ရင်းနှီးသော ပုံရိပ်နှစ်ခု ထွက်လာခဲ့သည်။

အသစ်ရောက်လာသော သူနှစ်ဦးက ထာဝရရှင်သန်ခြင်း သန့်စင်နယ်မြေ၏ တာအိုသားတော် ထူရို့ရှုနှင့် အဆုံးမဲ့ သန့်စင်နယ်မြေ၏ တာအိုသားတော် ကျွမ်းချင်းယွမ်မှအပ မဖြစ်နိုင်ချေ။

ထိုနှစ်ယောက်လုံး၏ ဝတ်စားဆင်ယင်ပုံသည် များစွာ ပြောင်းလဲသွားလေ၏။ မြေကြီးရောင် ဝတ်ရုံရှည်ကြီးကို အပေါ်ကနေ ထပ်ခြုံထားကာ အရောင်တူ ဝါးဦးထုပ်ကို ဆောင်းထားသည်။ လက်နှစ်ဖက်တွင်လည်း မြေကြီးရောင် လက်အိတ်ရှည်များ စွပ်ထားသည့်အတွက် အသားတစ်စက်မှ မမြင်တွေ့ရချေ။

ထိုနှစ်ယောက်သာ ပင်ကို အရှိန်အဝါများကို မပိတ်သိမ်းခဲ့ပါက ရုပ်ကို ကြည့်လိုက်တာနှင့် ချီယွမ် မှတ်မိမှာ မဟုတ်ပေ။

"တာအိုသားတော်ချီ၊ ဘယ်လိုနေလဲ"

ချီယွမ်ကို မြင်သည်နှင့် ထူရို့ရှုက ဝါးဦးထုပ်ကို ချက်ချင်း ဖယ်လိုက်ပြီး လေးစားသော ပုံစံဖြင့် နှုတ်ဆက်လိုက်သည်။

ထူးဆန်းသော အောက်သိုးသိုး အနံ့ကြီး ထွက်ပေါ်နေသော ထိုနှစ်ယောက်ကို ချီယွမ် အထက်အောက် စစ်ဆေးလိုက်ရင်း မနေနိုင်စွာ အံ့သြလာလေတော့၏။

"တာအိုသားတော်ထူ၊ ဘာကြောင့် ဒီလိုမျိုးကြီး ဝတ်ထားရတာလဲ"

ထူရို့ရှု မဖြေနိုင်ခင်မှာဘဲ ကျွမ်းချင်းယွမ်က မြေကြီးရောင် အပေါ်ဝတ်ကို ဆွဲချွတ်လိုက်ရင်း ဂုဏ်ယူစွာ ရှင်းပြလိုက်သည်။

"တာအိုသားတော်ချီ မသိလောက်သေးဘူး။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ စူးစမ်းလေ့လာဖို့အတွက် တာအိုသားတော်ထူ အထူးဖန်တီးထားတဲ့ အကာအကွယ် ဝတ်ရုံပဲ။ ဒီဝတ်စုံကို မိုးမြေနဲ့ နက်ရှိုင်းစွာ ပေါင်းစပ်ထားတဲ့ အဝါရောင် ဝတ်စုံတွဲလို့ ခေါ်တယ်"

"ဒီရတနာက လူတစ်ယောက်ရဲ့ အရှိန်အဝါကို ပိတ်သိမ်းနိုင်တယ်။ ဒါပေမဲ့ ဒါတင်မကသေးဘူးနော်။ ဓားတွေ လှံတွေကိုလည်း ခံနိုင်ရည်ရှိတယ်။ ရေတွေ မီးတွေနဲ့ တွေ့ရင်လည်း တုံ့ပြန်မှု မရှိဘူး။ ပိုပြီး အရေးကြီးတဲ့အချက်က ကျိန်စာတွေ အားလုံးကို တောင့်ခံနိုင်တယ်။ ဘယ်လိုလဲ။ အရမ်းကောင်းတဲ့ နတ်ပစ္စည်းပဲမလား"

ချီယွမ် စောက်ရမ်း လေးစားသွားတော့သည်။

"ဪ ဒီလိုလား။ တာအိုသားတော်ထူက တစ်ကယ်ပဲ လေးစားဖို့ ကောင်းလိုက်တာ"

ချီးကျူးမှုကို ထူရို့ရှုက ဣန္ဒြေရရ အပြုံးလေးနှင့် ရင်ဆိုင်လိုက်သော်လည်း တောက်ပသွားသော မျက်လုံးကို ကြည့်လိုက်သည်နှင့် အလွန်အမင်း ကျေနပ်နေမှန်း သိနိုင်ပါသည်။

"ဒီကောင်းကင်နဲ့ မြေကြီးကို ချိတ်ဆက်ထားတဲ့ အဝါရောင် အကာအကွယ် ဝတ်စုံက ရှေးစာလိပ် တစ်ခုထဲက ရတနာပစ္စည်းကို အတုယူပြီးတော့ ကျွန်တော်တို့ ထာဝရရှင်သန်ခြင်း သန့်စင်နယ်မြေရဲ့ ဆရာတွေ အများကြီး ပူးပေါင်းဖန်တီးထားတာ။ ဒီဝတ်စုံမှာ ပြစ်ချက်တွေ ရှိနေဆဲပဲဆိုပေမဲ့ အခုအခြေအနေအတွက်တော့ အများကြီး လုံလောက်နေပါပြီ။ ကျွန်တော်တို့ ထာဝရရှင်သန်ခြင်း သန့်စင်နယ်မြေက လူ၃ယောက်အတွက် ထုတ်လုပ်ထားတယ်။ ရော့ ဒါက တာအိုသားတော်ချီအတွက်ပါ"

ပြောပြီးသည်နှင့် ထူရို့ရှုသည် သိုလှောင်လက်စွပ်အတွင်းမှ နောက်ထပ် အဝါရောင် ဝတ်စုံကြီးကို ထုတ်ယူကာ ချီယွမ်ကို ပေးလိုက်သည်။

မျက်စိရှေ့က အဝါရောင် ဝတ်စုံကြီးကို ကြည့်နေရင်း ချီယွမ် ရွံရှာနေသော်ငြား တစ်ခြားသူ၏ ကြင်နာမှုကို စဥ်းစားမိသောကြောင့် တွန့်ဆုတ်စွာဖြင့် လက်ခံလိုက်ရသည်။

သို့သော်ငြား မျှော်လင့်တကြီး စိုက်ကြည့်နေဆဲဖြစ်သော မျက်ဝန်းကြီးများကြောင့် နှလုံးသားထဲက မသက်မသာ ဖြစ်မှုများကို အတင်းအကျပ် ဖိနှိပ်ရင်း ထိုဝတ်စုံကို အတင်းဝတ်လိုက်ရတော့၏။

(ထာဝရရှင်သန်ခြင်း သန့်စင်နယ်မြေက သူ့ဟာနဲ့သူတော့ သန်မာပါတယ်။ သူတို့ရဲ့ တာအိုသားတော်အတွက် ဖန်တီးထားတယ်ဆိုမှတော့

အရည်အချင်းက စုတ်ပြတ်သတ် မနေလောက်ဘူး။ အနည်းဆုံးတော့ မှော်အဆင့် ခုခံလက်နက်တစ်ခုအဖြစ် အသုံးပြုလို့ရတာပဲ။ ရုပ်ဆိုးနေတာကလွဲရင် ဝတ်ထားလည်း မဆိုးပါဘူးလေ)

(ပြီးတော့ ငါ ဝတ်ထားရမှာဆိုတော့ ငါကိုယ်တိုင် မြင်ရမှာ မဟုတ်ဘူး။ ငါ မမြင်ရဘဲ တခြားသူတွေ မြင်ရမှာဆိုတော့ ငါ စိတ်ပျက်စရာ မလိုတော့ပါဘူး)

ကိုယ့်ကိုယ်ကို တိတ်တဆိတ် နှစ်သိမ့်ပြီးသည်နှင့် ချီယွမ်သည် လက်နှစ်ဖက်ယှက်ရင်း ထူရို့ရှုကို ကျေးဇူးတင်လိုက်သည်။

"ဒီလိုမျိုး ရက်ရောတဲ့ လက်ဆောင်အတွက် တာအိုသားတော်ထူကို ကျေးဇူးတင်ပါတယ်။ တာအိုသားတော်ထူက အကုန်လုံး ပြင်ဆင်လာခဲ့တာပဲ"

"တာအိုသားတော်ချီ၊ ဒီလိုမျိုး ယဥ်ကျေးနေဖို့ မလိုပါဘူး။ ကျွန်တော်တို့ နှစ်ယောက်လုံးက လမ်းကြောင်းတူညီတဲ့ လူတွေပဲလေ။ အချင်းချင်း ကူညီဖေးမကြရမယ်ဆိုတာ ဖြစ်သင့်တဲ့ကိစ္စပဲ မဟုတ်ဘူးလား"

ထူရို့ရှုက လက်တစ်ဖက်ကို ပေါ့ပါးစွာ ယမ်းပြလိုက်ရင်း အင်္ကျီအတွင်းမှ ကျောက်စိမ်းပုလင်း တစ်ခုကို ထုတ်ယူလိုက်သည်။

"ဒီအကာအကွယ် ဝတ်ရုံသာ ရှိထားမယ်ဆိုရင် ဂူထဲမှာ ရှိနေတဲ့ အန္တရာယ်အများစုကို ကျွန်တော်တို့ လျစ်လျူရှုလို့ရတယ်။ ဒါပေမဲ့ အထဲမှာ အဆိပ်ရှိတဲ့ သတ္တဝါတွေ ရှိမနေဘူးလို့ အာမမခံနိုင်ဘူး"

"ဒီပုလင်းထဲမှာ ထိပ်သီးအဆင့် အဆိပ်ခုခံ ဆေးလုံး၃လုံး ပါတယ်။ ဒီဆေးလုံး ဆောင်ထားမယ်ဆိုရင် အနည်းဆုံး ၇ရက်လောက်တော့ အဆိပ်တွေကနေ အကာအကွယ် ကင်းနိုင်တာပေါ့"

ပြောပြီးသည်နှင့် ထူရို့ရှုသည် ဘယ်နေရာကမှန်းမသိ ထူးခြားသော ကြောင်လျှာသီးပုံစံ အလုံးကြီး၃ခုကို ထုတ်ယူလိုက်သည်။

"ပြီးတော့ တာအိုစုစည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ လိုဏ်ဂူဆိုတော့ သေချာပေါက် ကျယ်ဝန်းလောက်တယ်။ ကျွန်တော်တို့ မြန်မြန် ရှာချင်ရင်တော့ လူစုခွဲပြီး ရှာမှရမယ်။ အထဲမှာ ရှိနေတဲ့ အခြေအနေက ပရမ်းပတာဖြစ်နေနိုင်တော့ သာမန်ဆက်သွယ်ရေး မန္တာန်စာရွက်က အသုံးမဝင်နေမှာ စိုးရတယ်။ ဒါကြောင့်မလို့ ဒါက အထူးဖန်တီးထားတဲ့ ဆက်သွယ်ရေး ကိရိယာပဲ။ ဒီမှာ စကားပြောလိုက်တာနဲ့ မင်းရဲ့အသံက အဆပေါင်းများစွာ ကျယ်သွားလိမ့်မယ်။ ဒါဆိုရင် မိုင်ပေါင်းထောင်ချီ ဝေးကွာနေရင်တောင်မှ ကျွန်တော်တို့အချင်းချင်း ကြားနိုင်တာပေါ့"

"ဒါဆိုရင် ကျွန်တော်တို့ လူစုမကွဲတော့ဘူး"

"ဒါကတော့ အတွင်းစိတ် မန္တာန်စာရွက်ပါ။ ဒါကို နောက်ကျောမှာ ကပ်ထားမယ်ဆိုရင် အနောက်ကနေ ချုံခိုတိုက်ခိုက်လာမယ့် အန္တရာယ်တွေအားလုံးကို ကြိုမြင်နိုင်တယ်"

"ဒါက မီးတုတ်ပဲ။ စိတ်ဝိညာဥ်စွမ်းအင် နည်းနည်းလေးတောင် မရှိတဲ့ နေရာမျိုးမှာတောင်မှ အလင်းထုတ်ပေးနိုင်တယ်။ ပြီးတော့ သူ့ရဲ့အလင်းက အရမ်းကို တောက်ပတာနော်"

"ဒါက..."

“ဒါက..”

သိုလှောင်လက်စွပ်အတွင်းမှ ထူရို့ရှု တစ်ခုပြီးတစ်ခု ထုတ်ပေးလာသော ထူးဆန်းသည့် ပစ္စည်းများကို ကြည့်နေရင်း အလွန်အမင်း အံ့သြမှုကြောင့် ချီယွမ်၏ ပါးစပ်သည် ပြူးကျယ်နေတော့သည်။ ပိုမို အထင်ကြီးဖို့ကောင်းသည်မှာ ထိုသူ ထုတ်လိုက်သော ပစ္စည်းအသစ်တိုင်းသည် မထင်ထားဖို့ ကောင်းလောက်အောင် အသုံးနည်းလေ၏။ အရေးပါသော အခြေအနေမျိုးမှာ စွမ်းဆောင်ရည် ထုတ်ပေးနိုင်မည် မဟုတ်ဘဲ ယုံကြည်နိုင်စွမ်းကလည်း စိတ်ပျက်ဖို့ကောင်းလှသည်။

ထိုအချိန်မှာပဲ ဘေးမှာရပ်နေသော ကျွမ်းချင်းယွမ်က အလွန်အမင်း အံ့အားသင့်စွာ ထူရို့ရှုကို ကြည့်လိုက်ရင်း ချီးကျူးလိုက်သည်။

"တာအိုသားတော်ထူက တစ်ကယ်ကို ဥာဏ်ပညာ မြင့်မားတာပဲ။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသလို အရင်းအမြစ်လည်း ပေါကြွယ်ဝတယ်။ ကျွန်တော်တို့အတွက် တစ်ကယ်ကို စံပြပုဂ္ဂိုလ် တစ်ယောက်ပဲ။ အကိုသာ ကျွန်တော့်အနားမှာ ရှိနေမယ်ဆိုရင် ဘယ်တော့မှ အသက်အန္တရာယ် ကြုံတွေ့ရမှာ မဟုတ်တော့ဘူး"

ထို့သို့ဖြင့် နောက်ဆုံးမှာတော့...

အသေးစိတ် စစ်ဆေးပြင်ဆင်ပြီးနောက်တွင် ထို၃ဦးလုံးသည် သတိကြီးစွာဖြင့် မြူခိုးအတွင်း တိုးဝင်သွားခဲ့ကြသည်။

မကြာမီမှာဘဲ သွေးနီရောင် ဝင်ပေါက်၃ခုကို မြင်တွေ့လိုက်ရ၏။

အရွယ်အစား ဆင်တူသော ထိုဝင်ပေါက်၃ခုက လေဟာနယ်အတွင်းတွင် တိတ်ဆိတ်စွာ ရပ်နေကြပြီး တံခါးပေါ်တွင် ထူးဆန်းသော ပုံစံခွက်များ ထွင်းထုထားသည်။

တံခါးပတ်ပတ်လည်တွင် ဝန်းရံထားသော ထူထဲသည့် မြူခိုးများထံမှ ဖျော့တော့ကာ ကျောချမ်းဖွယ်ကောင်းသော သွေးညီနံ့တစ်ချို့ကို ခံစားရစေပြီး ကျောချမ်းဖွယ် လေထုကို ဖန်တီးနေသည်။

၃ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြရင်း ဝင်ပေါက် ၃ခုရှေ့တွင် အလိုလို ရပ်မိသွားကြ၏။

ကျွမ်းချင်းယွမ် မျက်မှောင်ကြုတ်သွားကာ ရှုပ်ထွေးလာတော့သည်။

"ကြည့်ရတာ ဒီတံခါးတစ်ခုပဲ လုံခြုံတဲ့ပုံပဲ။ ကျန်တဲ့၂ခုက အထပ်ထပ် ပိတ်ထားတယ်။ ကျွန်တော်တို့သာ ဝင်ပေါက်ကို မှားရွေးမိလို့ကတော့ အထဲမဝင်နိုင်ရုံတင်သာမက ကြီးမားတဲ့ အန္တရာယ်နဲ့ တွေ့ရနိုင်တယ်"

"တာအိုသားတော်တို့ရော ဘယ်ဝင်ပေါက်ကို ရွေးကြမှာလဲ"

တာအိုနတ်ဆိုး၏ မှတ်ဥာဏ်ကို ရရှိထားသော ချီယွမ်သည် ခေါင်းယမ်းလိုက်သည်။ စစ်မှန်သော တံခါးပေါက်ကို ဖော်ပြတော့မည့် အချိန်မှာပဲ ထူရို့ရှုက တည်ငြိမ်စွာ ရှေ့တိုးလိုက်ရင်း ကျက်သရေရှိသော ဟန်ပန်ဖြင့် ပြောလိုက်၏။

"တာအိုနတ်ဆိုးက မကောင်းတဲ့ လမ်းစဥ်ကို လျှောက်လှမ်းပြီး မြေခွေးတစ်ကောင်လိုပဲ ဥာဏ်များတယ်။ သူ့ရဲ့အိမ်ကို ဒီလိုမျိုး ရိုးရှင်းတဲ့ ဝင်ပေါက်နဲ့ ဆက်သွယ်ထားစရာလား။ အကို ခန့်မှန်းတာသာ မမှားဘူးဆိုရင် ဒီဝင်ပေါက် ၃ခုလုံးက အတုအယောင်တွေပဲ။ အကိုတို့သာ တုံးပြီး တစ်ခုကို ရွေးလိုက်မယ်၊ ပြီးတော့ အဲ့ဒီထဲကို တိုးဝင်သွားလိုက်မယ်ဆိုရင် သေချာပေါက် သေရလိမ့်မယ်"

ပြောပြီးသည်နှင့် ထူရို့ရှုသည် တုံ့ဆိုင်းမှု မရှိစွာ ဝင်ပေါက် ၃ခုလုံးကို ကျော်ဖြတ်ရင်း မြူခိုးအတွင်းထဲသို့ တိုးဝင်သွားလိုက်သည်။

ယုံကြည်ချက်ရှိနေသော ပုံရိပ်ကြောင့် ချီယွမ်ပင် အနည်းငယ် လေးစားသွားတော့၏။

ထိုဝင်ပေါက် ၃ခုလုံးက တာအိုနတ်ဆိုးက ရန်သူတွေကို မျှားခေါ်ဖို့ရန်အတွက် ဖန်တီးထားသော ငါးမျှားချိတ်များပင်။

ဝင်ပေါက်တိုင်းတွင် များစွာသော အင်အားကြီး သွေးမိစ္ဆာများ ရှိနေလေရာ ဝိညာဉ် အခြေတည်နယ်ပယ် ကျင့်ကြံသူတိုင်းအတွက် သေလမ်းသာ ဖြစ်စေလိမ့်မည်။

(ပြောမယ့်သာပြောရတာ။ တာအိုနတ်ဆိုးက သူ့ဟာနဲ့သူတော့ ဥာဏ်ရှိသေးသားပဲ။ တော်တော်လေး အံ့သြဖို့ကောင်းတယ်)

All Chapters