← Chapters

အခန်း (၂၈၂)

Vol. 29 Ch. 282

အခန်း (၂၈၂)

Vol. 29 Ch. 282

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၈၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

လီချန်သည် နိုင်ငံတစ်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား ဖြစ်သော်လည်း ၊ အလွန် ရှက်တတ်ပြီး စိတ်ခံစားလွယ်သူ ဖြစ်သည်။ တာ့နင်အင်ပါယာ မြို့တော်တွင် ရှိနေစဉ်က သူသည် ဧကရာဇ်မင်းမြတ်၏ ညီမတော် မင်းသမီးနင်းချန်ကို အလွန် နှစ်သက်သဘောကျခဲ့သည်။

မင်းသမီးနင်းချန်ကို မည်သို့ တင်စားရမည်နည်း။ သူမတွင် ချောမောလှပသော မျက်နှာလေး ရှိသော်လည်း ၊ အတွင်းစိတ်မှာမူ စစ်မှန်သော ယောက်ျားလျာ တစ်ဦး ဖြစ်နေသည်။ သူမသည် လီချန်ကို ကြမ်းတမ်းသော ညီအစ်ကိုတစ်ယောက်ကဲ့သို့ ဆက်ဆံလေ့ရှိပြီး ၊ သိုင်းပညာ လေ့ကျင့်သောအခါတွင်လည်း ကိုယ့်ခွန်အားကိုယ် နားမလည်ဘဲ လီချန်ကို မြေကြီးပေါ်သို့ ဖိချကာ မရေမတွက်နိုင်အောင် ထိုးကြိတ်လေ့ ရှိသည်။ ထိုသို့ အထိုးခံရတိုင်း လီချန်သည် အလွန် ပျော်ရွှင်နေလေ့ ရှိသည်။

သို့သော် မင်းသမီးနင်းချန်သည် အခြားသော ယောက်ျားလေးများနှင့် အနည်းငယ် နီးစပ်သွားသည်နှင့် သူသည် ထမင်းပင် မစားနိုင်တော့လောက်အောင် ဝမ်းနည်းပူဆွေးတတ်သည်။ မင်းသမီးနင်းချန်တွင် နေရာအနှံ့၌ ညီအစ်ကိုများ ရှိနေပြီး ၊ သူမ၏ ကြမ်းတမ်းသော အပြုအမူများက ရှောင်လွှဲမရနိုင်လောက်အောင် အနည်းငယ် လွန်ကဲတတ်သဖြင့် အိမ်ရှေ့စံမင်းသား လီချန်ခမျာ ရက်ပေါင်းများစွာ ထမင်းမစားနိုင်ဘဲ ဖြစ်နေလေ့ ရှိသည်။

ဤ ပျော်ရွှင်ဖွယ် ရန်ဘက် စုံတွဲသည် တစ်ယောက်ကိုတစ်ယောက် အမြဲတမ်း နှစ်သက်ခဲ့ကြသော်လည်း ၊ မည်သူကမျှ ဖွင့်ပြောရဲခြင်း မရှိခဲ့ပေ။ နောက်ဆုံးတွင် ဧကရာဇ် ထျန်ယွင်က ထိုအခြေအနေကို မြင်ပြီး လက်ထပ်ထိမ်းမြားပေးလိုက်ခြင်း ဖြစ်သည်။

သူငယ်ချင်းတစ်ယောက်က မင်းသမီးနင်းချန်ကို နင်က ဘာလို့ လီချန်လို ရှက်တတ်ပြီး အားနွဲ့တဲ့လူကို ကြိုက်ရတာလဲဟု မေးခဲ့ဖူးသည်။ သူမက ထိုကြမ်းတမ်းပြီး ဗိုလ်ကျတတ်သော သူငယ်ချင်းကို ပြန်ပြောလိုက်သည်။

“ဒါဆို နင်ကရော ဘာလို့ အားနွဲ့ပြီး လှပတဲ့ မိန်းကလေးတွေကို ကြိုက်ရတာလဲ။ လီချန်က ချောလို့ မရဘူးလား။ နောက်မှ မွေးလာမဲ့ ကလေးတွေ လှမှာပေါ့။ နင်လို ရုပ်ဆိုးတဲ့ကောင်နဲ့ ရတဲ့ ကလေးတွေက ကြည့်ပျော်မှာ မဟုတ်ဘူး။ မွေးလာပြီးမှ နင်က သူတို့ကို မလိုချင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ”

ထိုစကားကြောင့် သူမ၏ သူငယ်ချင်းသည် အိမ်ပြန်ရောက်ပြီးနောက် ညတစ်ဝက်ခန့် မှန်ထိုင်ကြည့်ကာ ငါက အဲဒီလောက်တောင် ရုပ်ဆိုးနေလို့လား။ ရုပ်ချောတဲ့ ကောင်လေးတွေက အဲဒီလောက်တောင် ကောင်းလို့လားဟု တွေးတောနေခဲ့ရသည်။

လက်ထပ်ပြီးနောက် လီချန်နှင့် မင်းသမီးနင်းချန်တို့၏ ချစ်ခင်စုံမက်မှုသည် ရိုးရှင်းစွာပင် ကြည့်ရဆိုးလောက်အောင် ဖြစ်နေတတ်သည်။ အခြေခံအားဖြင့် တစ်ယောက်သွားလေရာ တစ်ယောက်ပါ ဖြစ်နေသည်။

အမ်...၊ လီချန်က သူ့ဇနီးသည် နောက်သို့ တကောက်ကောက် လိုက်နေခြင်းသာ ဖြစ်သည်။

သာမန်ပြည်သူများပင် ဤကဲ့သို့ ချစ်ခင်စုံမက်သော စုံတွဲမျိုးကို မြင်တွေ့ရခဲရာ ၊ တော်ဝင်မိသားစုတွင်မူ ပြောစရာပင် မလိုပေ။

အန်နမ်နိုင်ငံ၏ ယခုပြည်တွင်းစစ် ကာလအတွင်း ဘုရင်လီချန်သည် ကိုယ်တိုင်ဦးစီးပြီး စစ်ချီမှုများစွာ ပြုလုပ်ခဲ့သည်။ သိုင်းပညာ အဆင့်အတန်း မြင့်မားသော မင်းသမီးနင်းချန်သည် ခင်ပွန်းသည်၏ ဘေးနားတွင် အချိန်တိုင်း လိုက်ပါနေရုံသာမက ၊ ကိုယ်တိုင် သံချပ်ကာကို ကောက်ဝတ်ပြီး တိုက်ပွဲဝင်ခြင်းများလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။

အကယ်၍ စစ်တပ်နှင့် ပြည်သူများကသာ ဤတော်ဝင်စုံတွဲကို ထောက်ခံအားပေးခြင်း မရှိခဲ့လျှင် ၊ အန်နမ်နိုင်ငံသည် လွန်ခဲ့သော ကာလများကတည်းက သူပုန်များ၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီဟု ပြောနိုင်ပေသည်။

နောက်ဆုံးတွင် ၊ ယခင် အန်နမ်ဘုရင် နှစ်ပါး၏ အရည်အချင်း ညံ့ဖျင်းမှုကို စကားလုံး အနည်းငယ်ဖြင့် ဖော်ပြ၍ မရနိုင်ပေ။ သူတို့သည် ပြည်သူ့ထောက်ခံမှု အားလုံးနီးပါး ဆုံးရှုံးသွားသည်အထိ တိုင်းပြည်ကို ဖျက်ဆီးခဲ့ကြသည်။

လီဝမ်ဟွေ့ တွန့်ဆုတ်နေသည်ကို မြင်လိုက်ရသဖြင့် လီလျန်တင်းက ပြောလိုက်သည်။

“မင်း ဘာပြောချင်လဲဆိုတာ ငါ သိပါတယ်။ အဲဒီကလေး တုပိုင် အကြောင်း မဟုတ်လား”

လီဝမ်ဟွေ့က ပြောလိုက်သည်။ “မွေးစားအဖေ ၊ မြို့တော်ကို ပြန်ရောက်တဲ့အခါ ကျေးဇူးပြုပြီး အဲဒီကလေးနဲ့ တွေ့ပေးနိုင်မလား”

လီလျန်တင်းက ပြောလိုက်သည်။ “တကယ်တော့ ငါ အဲဒီကလေးနဲ့ တွေ့ပြီးပြီ။ မနေ့ညက ငါ ကွေ့လင်ကို ရောက်ခါစပဲ ရှိသေးတယ်။ မင်း မရှိဘူးဆိုတာ ကြားတော့ ၊ ငါ ကွမ်ကျိုးဘက်ကို ဦးတည်လာခဲ့တာ။ ဒါပေမဲ့ လမ်းတစ်ဝက်မှာ လူငယ်တစ်ယောက်က ငါ့လမ်းကို ပိတ်တားခဲ့တယ်။ သူက ဖိနပ်မပါဘူး ၊ ပြီးတော့ သူ့လက်ထဲမှာ မြေပုံနှစ်ရွက် ကိုင်ထားတယ်။ ဒီတောင်မြေပုံနဲ့ ဒီဧရိယာမြေပုံလေ။ အဲဒီလိုမှ မဟုတ်ရင် ၊ ငါက မင်း ဒီနေရာမှာ ရှိနေတယ်ဆိုတာကို ဘယ်လိုလုပ်သိပြီး နေမထွက်ခင် ရောက်လာနိုင်မှာလဲ”

လီဝမ်ဟွေ့သည် ထိုမြင်ကွင်းကို စိတ်ကူးကြည့်နိုင်သလို ၊ ထိုအချိန်က တုပိုင်၏ ပြင်းပြသော ခံစားချက်များကိုလည်း မှန်းဆကြည့်နိုင်သည်။

လီလျန်တင်းက ပြောလိုက်သည်။ “အဲဒီကလေးက နည်းနည်း ထူးဆန်းတယ်။ မင်း ဒီတောင်ပေါ်မှာ ရှိနေတယ်ဆိုတာ သူ ဘယ်လိုသိလဲ။ မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ်ဆိုတာ သူ ဘယ်လိုသိလဲ”

လီဝမ်ဟွေ့က ပြောလိုက်သည်။ “မွေးစားအဖေ ၊ တုပိုင်က ကောင်းကင်ဘုံက ကျွန်တော်တို့ မိန်းမစိုးဂိုဏ်းကို ပေးသနားလိုက်တဲ့ ဉာဏ်ကြီးရှင် ဖြစ်ပြီး ၊ တာ့နင်မင်းဆက်ကို ထောက်ပံ့ကူညီ ၊ အင်ပါယာကို အထွတ်အထိပ် ပြန်ရောက်စေမဲ့ ကယ်တင်ရှင်လို့ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်”

လီလျန်တင်း မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။ “ရည်မှန်းချက်ကြီးမားတဲ့ မင်းလိုလူက ၊ ဒီလို အယူသည်းတဲ့ အရာတွေကို ယုံကြည်နေတာလား”

လီဝမ်ဟွေ့က ပြန်ပြောလိုက်သည်။ “မွေးစားအဖေ ၊ အဖေပဲ ကျွန်တော့်ကို ပြောခဲ့တယ်လေ။ မျှော်လင့်ချက် မရှိတော့တဲ့ အချိန်မျိုးမှာတောင် ၊ နတ်ဘုရားတွေဆီက မျှော်လင့်ချက်ကို လက်မလွှတ်သင့်ဘူးလို့”

လီလျန်တင်း သက်ပြင်းချလိုက်သည်။ “လီယွမ် ဆိုတဲ့ ကလေးက ငါ ငယ်ငယ်ကတည်းက ပျိုးထောင်လာခဲ့တာ ၊ သူက တကယ်ကို ထူးချွန်တယ်။ ကောင်းပြီလေ ၊ ငါ မင်းကို ငြင်းလို့ မရတော့ပါဘူး။ ငါ တုပိုင်ကို အခွင့်အရေး ပေးပါ့မယ်။ ဒီကလေးနှစ်ယောက်ကို မျှမျှတတ ယှဉ်ပြိုင်ခိုင်းလိုက်မယ် ၊ ဘယ်လိုလဲ”

လီဝမ်ဟွေ့ ဦးညွှတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ် မွေးစားအဖေ”

လီလျန်တင်းက ပြောလိုက်သည်။ “မင်းနဲ့ငါ သားအဖနှစ်ယောက် တောင်ထိပ်ပေါ်မှာ နေမင်းကြီးကို ခဏလောက် ထိုင်ကြည့်ကြမယ်။ ပြီးရင် မင်း တောင်ဘက်တည့်တည့်က အန်နမ်နိုင်ငံကို သွားတော့။ တုပိုင်ကို နှုတ်ဆက်စရာ မလိုဘူး။ အနာဂတ်မှာ ငါတို့ ပြန်တွေ့ကြဦးမှာပဲ ၊ ဘာလို့ နှုတ်ဆက်နေစရာ လိုမှာလဲ။ ကျက်သရေ မရှိလိုက်တာ”

“ဟုတ်ကဲ့ပါ” လီဝမ်ဟွေ့ ပြောလိုက်သည်။

ထို့နောက် သားအဖနှစ်ယောက်သည် တောင်ထိပ်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်လျက် နေမင်းကြီးကို ကြည့်ရှုနေကြသည်။ မျက်လုံးဖြင့် ကြည့်ခြင်း မဟုတ်ဘဲ ၊ မျက်လုံးမှိတ်လျက် စိတ်အာရုံဖြင့် ခံစားကြည့်ရှုနေကြခြင်း ဖြစ်သည်။

“ဒီတစ်ခါ မင်း အန်နမ်နိုင်ငံကို သွားရင် တာဝန်တွေ သိပ်များမှာ မဟုတ်ဘူး။ မင်း သိုင်းပညာ လေ့ကျင့်တာကို အာရုံစိုက်ပြီး ၊ ဆရာသခင်ကြီးအဆင့်ကို အမြန်ဆုံး ချိုးဖျက်ဝင်ရောက်နိုင်အောင် ကြိုးစား။ ဒါမှ မင်း အရှင်မင်းမြတ်ကို ကာကွယ်နိုင်မှာ” လီလျန်တင်းက ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ” လီဝမ်ဟွေ့ ပြန်ဖြေလိုက်သည်။

“တောင်အောက် ဆင်းကြစို့ ၊ ပြီးရင် မင်းနဲ့ငါ သားအဖနှစ်ယောက် လမ်းခွဲကြတာပေါ့”

တောင်အောက်သို့ ဆင်းပြီးနောက် လီလျန်တင်းသည် အနောက်ဘက်သို့ ဦးတည်သွားလေသည်။ လီဝမ်ဟွေ့သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ၊ သူ့မွေးစားအဖေ၏ ကျောပြင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေခဲ့သည်။ ထို့နောက် မြေပြင်ပေါ်သို့ ဦးခိုက်လိုက်ပြီး ၊ အမိန့်တော်အတိုင်း အန်နမ်နိုင်ငံသို့ သွားရန် တောင်ဘက်တည့်တည့်သို့ ထွက်ခွာလာခဲ့လေသည်။

လီလျန်တင်းသည် လီ ၁၀၀ ခန့်သာ လျှောက်လှမ်းရသေးချိန်တွင် တုပိုင်နှင့် တွေ့ဆုံလိုက်သည်။

“မိန်းမစိုးချုပ်ကြီး ၊ ကျွန်တော့် မွေးစားအဖေ ဘယ်မှာလဲ” တုပိုင်က မေးလိုက်သည်။

လီလျန်တင်းသည် တုပိုင်ကို ကြည့်လိုက်ပြီး အံ့အားသင့်သွားကာ ပြောလိုက်သည်။ “မင်းတို့နှစ်ယောက်က တကယ်ပဲ သားအဖ ရေစက် ပါတာပဲ”

ထို့နောက် လီလျန်တင်းက ဆက်ပြောလိုက်သည်။ “လီဝမ်ဟွေ့က တောင်ဘက် အန်နမ်နိုင်ငံဆီ ထွက်သွားပြီ။ မင်း သူ့နောက် လိုက်စရာ မလိုဘူး။ မင်းက မိန်းမမှ မဟုတ်တာ ၊ မျက်ရည်တွေ စီးကျပြီး နှုတ်ဆက်နေဖို့ လိုလို့လား။ ငါ့နောက် လိုက်ခဲ့”

တုပိုင် အံ့အားသင့်သွားပြီးနောက် ပြောလိုက်သည်။ “ဟုတ်ကဲ့ပါ”

ထို့နောက် တုပိုင်သည် လီလျန်တင်း၏ နောက်မှ လိုက်ပါသွားခဲ့သည်။ ဝေးလံခေါင်သီပြီး လူသူကင်းမဲ့သော နေရာများသို့ ပို၍ ပို၍ ရောက်ရှိသွားကာ ၊ နောက်ဆုံးတွင် အလွန် ဆင်းရဲနွမ်းပါးသော ရွာလေးတစ်ရွာသို့ ရောက်ရှိသွားကြသည်။ မြင်းပေါ်မှ ဆင်းလိုက်သောအခါ ၊ လွယ်အိတ်လွယ်ပြီး ကျောင်းသွားနေသော ကလေးတစ်ယောက်ကို သူတို့ မြင်လိုက်ရသည်။ ဤမျှလောက်ဆင်းရဲသည့် ရွာတွက် ကျောင်းရှိသေးသည်လော။

လီလျန်တင်း မြင်းပေါ်မှ ဆင်းလိုက်ပြီး ၊ ကလေးကို သကြားလုံးတစ်လုံး ပေးကာ ပြောလိုက်သည်။ “ကလေး ၊ ကျန်းရန်မင် ဘယ်မှာ နေလဲဆိုတာ သိလား”

လီလျန်တင်းလက်ထဲမှ သကြားလုံးကို မြင်လိုက်ရသောအခါ ကလေး၏ ပါးစပ်ထဲတွင် သွားရေများ ယိုစီးကျလာသော်လည်း ၊ လှမ်းမယူဘဲ ပြောလိုက်သည်။ “ဦးဦးက ဘိုးဘိုးကျန်းရဲ့ မိတ်ဆွေလား”

လီလျန်တင်းက ပြောလိုက်သည်။ “ဟုတ်တယ် ၊ ငါက ဘိုးဘိုးကျန်းရဲ့ မိတ်ဆွေပါ”

ကလေးက ပြောလိုက်သည်။ “ဘိုးဘိုးကျန်းက သားတို့ကို စာသင်ပေးတယ်။ သားနောက် လိုက်ခဲ့ပါ”

ကလေးက သကြားလုံးကို ယူမသွားခဲ့ပေ။ ကလေးနောက်သို့ လိုက်ပါသွားပြီးနောက် ၊ သူတို့သည် ယိုယွင်းပျက်စီးနေသော ဘိုးဘွားပိုင် ခန်းမဆောင်တစ်ခုသို့ ရောက်ရှိသွားကြသည်။ ယခုအခါ ထိုနေရာကို ရိုးရှင်းသော စာသင်ခန်းအဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။

ကလေးတစ်ဒါဇင်ကျော်သည် ထိုနေရာတွင် ထိုင်ပြီး စာဖတ်နေကြသည်။ တစ်ယောက်စီတိုင်းတွင် အဝတ်အစား အနည်းငယ်သာ ပါရှိပြီး ၊ ယောက်ျားလေး အချို့မှာ ဘောင်းဘီပင် မပါကြချေ။

ဆရာကြီး ကျန်းရန်မင်သည် ထိပ်ဆုံးတွင် ထိုင်နေသည်။ သူ၏ မျက်နှာသည် ကြင်နာမှုနှင့် တည်ကြည်မှု နှစ်မျိုးလုံး ရောယှက်နေပြီး ၊ ကလေးများ၏ နံနက်ခင်း စာဖတ်ချိန်ကို ကြီးကြပ်နေလေသည်။

ဤပုဂ္ဂိုလ်သည် တာ့နင်အင်ပါယာတွင် ဆယ်စုနှစ်ပေါင်းများစွာအတွင်း အကြားအမြင် အများဆုံး ပုဂ္ဂိုလ် ၊ ဧကရာဇ်၏ ဆရာဟောင်း ၊ အဆင့်မြင့် ပြည်နယ်အရာရှိဟောင်း ၊ ဒုတိယအဆင့် ရာထူးရှိခဲ့သော စစ်ဆေးရေးမှူးချုပ်ဟောင်း တစ်ဦး ဖြစ်သည်။

ယခုအချိန်တွင်မူ လယ်သမားအိုကြီးကဲ့သို့ လျှော်တေအဝတ်အစားများ ဝတ်ဆင်ထားသော်လည်း ၊ သူသည် ဆရာသခင်ကြီး တစ်ဦး၏ ဟန်ပန်အမူအရာကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

လီလျန်တင်းနှင့် တုပိုင် ဝင်လာသည်ကို မြင်သောအခါ ကျန်းရန်မင် အံ့အားသင့်သွားပြီး ၊ ထို့နောက် ထရပ်ကာ နှုတ်ဆက်လိုက်သည်။

“အပြင်မှာ စကားပြောကြတာပေါ့ ၊ ကလေးတွေ စာဖတ်တာကို မနှောင့်ယှက်ပါနဲ့” လီလျန်တင်းပြောလိုက်၏။

“မိန်းမစိုးချုပ်ကြီးလီ ၊ အရင်တုန်းက ကျုပ်အသက်ကို ကယ်ခဲ့တာအတွက် ကျေးဇူးမတင်ရသေးဘူး။ အခု တရားဝင် ကျေးဇူးတင်စကား ပြောပါရစေ” ကျန်းရန်မင်က ခါးကို နက်နက်ရှိုင်းရှိုင်း ကိုင်းညွှတ်လိုက်သည်။

အကယ်ဒမီသုံးခုပြိုင််ပွဲတုန်းကလည်း ကျန်းရန်မင်သည် လီဝမ်ဟွေ့အား သူ့အသက်ကို ကယ်တင်ပေးသည့်အတွက် ကျေးဇူးတင်ခဲ့ဖူး၏။ ဤသည်မှတဆင့် ကျန်းရန်မင်အား မုန်းတီးသူများနှင့် သတ်ချင်သူများ အတော်များပြားကြောင်း သိနိုင်သည်။

လီလျန်တင်းသည် ယဉ်ကျေးမှု စကားများ ပြောနေမည့်သူ မဟုတ်ဘဲ လိုရင်းကို တိုက်ရိုက် ပြောလိုက်သည်။

“ဆရာကြီးကျန်း ၊ အရှင်မင်းမြတ်က ခင်ဗျားကို မေးခိုင်းလိုက်တယ်။ ကွမ်ရှီးပြည်နယ် ဘုရင်ခံ အဖြစ် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိသေးလားတဲ့”

ကျန်းရန်မင် အံ့အားသင့်သွားပြီး ပြောလိုက်သည်။ “လော့ဝမ်က ကောင်းကောင်း လုပ်နေတာပဲ။ သူ ရာထူးတိုးသွားတာလား”

ထို့နောက် ကျန်းရန်မင်က ဆက်ပြောလိုက်သည်။ “ကျုပ်ရဲ့ ဆန္ဒတွေ ငြိမ်းသတ်သွားပါပြီ ၊ မျှော်လင့်ချက်တွေလည်း ရင်ထဲမှာ မရှိတော့ပါဘူး။ ကျုပ်က အရာရှိတစ်ယောက် လုပ်ဖို့ စွမ်းဆောင်ရည် မရှိတော့ပါဘူး။ ဒီရွာလေးမှာပဲ စာသင်ပြီး ကလေးတွေကို ပြုစုပျိုးထောင်ရင်း လက်ကျန်ဘဝကို ကုန်ဆုံးပါရစေတော့”

လီလျန်တင်းက ပြောလိုက်သည်။ “လော့ဝမ် အသတ်ခံလိုက်ရပြီ ၊ ကျုပ်သား လီဝမ်ဟွေ့ရဲ့ လက်ချက်နဲ့လေ။ သူတင် မကဘူး ၊ ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူးလည်း ထောင်ကျသွားပြီ ၊ တရားရေးမှူးလည်း အသတ်ခံလိုက်ရပြီ ၊ ကွေ့လင်စီရင်စုမှူး ၊ လျန်ကျိုးစီရင်စုမှူး နဲ့ တခြား အဆင့်မြင့် အရာရှိ တစ်ဒါဇင်ကျော်လည်း အသတ်ခံလိုက်ရပြီ။ ကွမ်ရှီး ရုံးတော်တစ်ခုလုံးရဲ့ တစ်ဝက်လောက် သူ့လက်ချက်နဲ့ အသတ်ခံလိုက်ရတာ။ ကွမ်ရှီးက လီမိသားစုရဲ့ အမာခံစခန်းတွေကို သူ အမြစ်ကနေ ဆွဲနှုတ်လိုက်ပြီး ၊ သူတို့ရဲ့ ပုန်းအောင်းနေတဲ့ လူတွေ အားလုံးကိုလည်း သုတ်သင်ရှင်းလင်းလိုက်ပြီ”

ချက်ချင်းပင် ကျန်းရန်မင်၏ ပါးစပ် အဟောင်းသား ဖြစ်သွားပြီး မယုံကြည်နိုင် ဖြစ်သွားရသည်။ ဤကိစ္စ မည်မျှ ကြီးမားကြောင်း ၊ တကယ့်ကို ကမ္ဘာပျက်မတတ် တုန်လှုပ်စရာကောင်းကြောင်း သူ ကောင်းကောင်း သိသည်။

“ဝမ်ဟွေ့ သေပြီပေါ့” ကျန်းရန်မင်က နာကျင်စွာ အော်ဟစ်လိုက်သည်။

“သူ မသေဘူး” လီလျန်တင်းက ပြောလိုက်သည်။ “တာဝန်ကို ငါ ယူလိုက်ပြီ။ ခဏနေရင် သေဆုံးပြီးသား အကျင့်ပျက် အရာရှိတွေကို ငါ ပြန်စစ်ဆေးမယ် ၊ ပြီးရင် နောက်တစ်ကြိမ် ထပ်သတ်ဖြတ်မယ်။ ပြီးမှ အရှေ့ဘက်ကွပ်ကဲရေးရုံး သခင်ကြီး ရာထူးကနေ နုတ်ထွက်ကြောင်း အရှင်မင်းမြတ်ဆီ စာတင်ပြီး လွတ်လပ်တဲ့ လူတစ်ယောက်အဖြစ် နေလိုက်တော့မယ်။ ဒါကြောင့် အပြစ်မဲ့သူတွေကို မဆင်မခြင် သတ်ဖြတ်ခဲ့သူက ငါပဲ ဖြစ်သွားမှာပါ။ ဝမ်ဟွေ့ သေမှာ မဟုတ်ဘူး ၊ သူ အန်နမ်နိုင်ငံကို သွားပြီ”

အပိုင်း ၂၈၂ ပြီး။

All Chapters