အခန်း (၂၈၃)
Vol. 29 Ch. 283
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၈၃
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ချက်ချင်းပင် ကျန်းရန်မင်သည် လီလျန်တင်းကို တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်သလို ၊ တုပိုင်သည်လည်း လီလျန်တင်းကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
သူ့မွေးစားအဖေ လီဝမ်ဟွေ့ အသက်ဘေးမှ မည်သို့ လွတ်မြောက်လာခဲ့သည်ကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ယင်းသည် လီလျန်တင်း၏ ကျဆုံးခန်းနှင့် လဲလှယ်လိုက်ခြင်းဖြစ်၏။ ခဏအကြာတွင် ကျန်းရန်မင်သည် လီလျန်တင်းကို ခါးကိုင်း၍ နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်လေသည်။
လီလျန်တင်းက ပြောလိုက်သည်။ “ငါ့သား ဝမ်ဟွေ့က ကွမ်ရှီးပြည်နယ်ကို သွေးနဲ့ဆေးကြောပြီးပြီ။ အခုအချိန်က ကွမ်ရှီးပြည်နယ် အသန့်ရှင်းဆုံး အချိန်ပဲ။ လီမိသားစုက အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို အလျင်အမြန် စုစည်းနေပြီး ၊ မီးနတ်ဘုရားဘာသာရဲ့ ထောက်ပံ့မှုနဲ့ဆိုရင် ဒီအရှိန်အဟုန်က အရမ်း မြန်ဆန်လိမ့်မယ်။ မကြာခင်မှာပဲ စည်းလုံးညီညွတ်တဲ့ လီမိသားစု နိုင်ငံတော် ပေါ်ပေါက်လာလိမ့်မယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ သိန်းချီတဲ့ စစ်တပ်တွေ ထွက်လာပြီး ၊ အင်ပါယာရဲ့ အနောက်တောင်ပိုင်းဒေသ တစ်ခုလုံး ကျဆုံးသွားလိမ့်မယ်။ ပြီးတော့ လီမိသားစုနဲ့ အန်နမ်သူပုန်တွေ ပူးပေါင်းလိုက်ပြီး ၊ ကျန်းနန်နယ်စားမင်း ဆုန်ချွဲကို နှစ်ဖက်ညှပ်တိုက်လိုက်ရင် ၊ အဲဒါက အင်ပါယာအတွက် ကပ်ဘေးတစ်ခုပဲ။ ငါတို့ ဒီအရှိန်အဟုန်ကို နှောင့်ယှက်ဟန့်တားရမယ်။ ကွမ်ရှီးပြည်နယ်က အဓိကသော့ချက်ပဲ။ လီမိသားစုရဲ့ ကုန်သွယ်ရေး ငွေကြေးတစ်ဝက်လောက်က ကွမ်ရှီးပြည်နယ် ရေကြောင်းကုန်သွယ်ရေးကနေ ရနေတာ”
ကျန်းရန်မင် ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။
လီလျန်တင်းက ဆက်ပြောသည်။ “အခု ကွမ်ရှီးပြည်နယ်မှာ လီမိသားစုနဲ့ ပူးပေါင်းကြံစည်ခဲ့တဲ့ အရာရှိတွေ အသတ်ခံလိုက်ရပြီး ၊ ဟာကွက်တစ်ခု ဖြစ်ကျန်နေခဲ့တယ်။ အရပ်ဘက်အရာရှိအုပ်စုက အပြည့်အဝ တုံ့ပြန်မှု မလုပ်ရသေးဘူး။ ငါတို့ ဒီဟာကွက်ကို အမိအရဆုပ်ကိုင်ပြီး ၊ ကွမ်ရှီးပြည်နယ်ကို လုံးဝ သိမ်းပိုက် ၊ လီမိသားစုကို ပိတ်ဆို့ရမယ်။ ခင်ဗျား ကွမ်ရှီးပြည်နယ် ဘုရင်ခံ ရာထူးကို လက်ခံမလား။ အကယ်၍ ခင်ဗျား လက်ခံလိုက်ရင် ၊ ခင်ဗျားက ဒုတိယမြောက် အသတ်ခံရတဲ့ ကွမ်ရှီးပြည်နယ် ဘုရင်ခံ ဖြစ်လာဖို့ အလားအလာ အရမ်းများတယ်”
“ကျုပ် လက်ခံပါတယ်” ကျန်းရန်မင်က ပြောလိုက်သည်။ “အခုချက်ချင်း သွားကြစို့”
ထိုအခါမှသာ လီလျန်တင်းသည် အမိန့်တော်စာလွှာကို ထုတ်လိုက်ပြီး ပြောလိုက်သည်။ “ကောင်းကင်ဘုံ၏ အလိုတော်အရ ၊ ဧကရာဇ် အမိန့်ထုတ်ပြန်သည် ၊ ကျန်းရန်မင်အား ကွမ်ရှီးပြည်နယ် ဘုရင်ခံ အဖြစ် ခန့်အပ်လိုက်သည်။ အမိန့်တော်အား လက်ခံစေ”
ဖတ်ပြီးနောက် လီလျန်တင်းက ပြောလိုက်သည်။ “ဒါက အမတ်ချုပ်ကြီးရုံးမသိတဲ့ အမိန့်တော်စာလွှာပဲ။ ဆရာကြီးကျန်း လက်ခံလိုက်တာနဲ့ လူထောင်ပေါင်းများစွာရဲ့ ပြစ်တင်ရှုတ်ချတာကို ခံရမယ် ၊ နာမည်ဆိုးနဲ့ ကျော်ကြားလာပြီး ၊ အရပ်ဘက်အရာရှိတွေအတွက် အရှက်ရစရာ ဖြစ်လာလိမ့်မယ်”
ကျန်းရန်မင်က ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး။ ကျုပ်ရဲ့ ဘိုးဘွားပိုင် အုတ်ဂူတွေတောင် တူးဖော်ခံခဲ့ရပြီးပြီပဲ ၊ စိုးရိမ်စရာ ဘာကျန်သေးလို့လဲ”
ထို့နောက် ကျန်းရန်မင် ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါ၏”
ထို့ကြောင့် ဖြောင့်မတ်တည်ကြည်သော ဆရာကြီး ကျန်းရန်မင်သည် လီမိသားစု စော်ဘွားနယ်မြေ ချဲ့ထွင်မှုကို ခုခံတိုက်ခိုက်ရာတွင် ရှေ့တန်းစစ်မျက်နှာပြင်မှ အလံတော်ဖြစ်သည့် ကွမ်ရှီးပြည်နယ် ဘုရင်ခံသစ် ဖြစ်လာလေသည်။ ထိုနေ့တွင်ပင် တုပိုင် ၊ ကျန်းရန်မင်နှင့် လီလျန်တင်းတို့သည် အမြန်ဆုံး အရှိန်ဖြင့် ကွေ့လင်စီရင်စုသို့ ပြန်ရောက်လာ၏။
ကျန်းရန်မင်သည် အဝတ်အစား လဲချိန်ပင် မရှိဘဲ ၊ အရာရှိဝတ်စုံကို တိုက်ရိုက် ဝတ်ဆင်လိုက်၏။
ဤကွမ်ရှီးပြည်နယ် ဘုရင်ခံသစ်သည် ရာထူးတာဝန်ကို ချက်ချင်း လွှဲပြောင်းရယူလိုက်လေသည်။
**--**--**--**--**--**--**--**
ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး ငြိမ်းချမ်းရေးမင်းကြီး နေအိမ်။
“ကောင်းကင်ဘုံ၏ အလိုတော်အရ ၊ ဧကရာဇ် အမိန့်ထုတ်ပြန်သည် ၊ လီယွီထန်အား ယွန်းနန် တော်ဝင်မြင်းဇောင်းဦးစီးဌာန သံတမန် ရာထူးမှ ဖယ်ရှားပြီး ၊ ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး ငြိမ်းချမ်းရေးမင်းကြီး အဖြစ် ခန့်အပ်လိုက်သည်”
လီယွီထန် ဒူးထောက်၍ ဦးခိုက်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။ “ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါ၏။ အရှင်မင်းမြတ် အသက်ရာကျော် ရှည်ပါစေ ၊ အသက်ရာကျော် ရှည်ပါစေ ၊ အသက်ရာကျော် ရှည်ပါစေ”
ထရပ်ပြီးနောက် လီယွီထန်က ခပ်တည်တည် ပြောလိုက်သည်။ “အဖေ ၊ အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနက ဖုန်းပေါက်ပေါက် ဆိုတဲ့ အကောင်ကြီးက အဖေ့ရဲ့ မိန်းမစိုးချုပ်ကြီး ရာထူးကို ယူရဲတယ်ပေါ့။ သွားသတ်ကြစို့”
“ထွက်သွားစမ်း” လီလျန်တင်း သူ့ကို ကန်ထုတ်လိုက်သည်။
“ဟုတ်ကဲ့ပါ ၊ သား ထွက်သွားပါ့မယ် ၊ ထွက်သွားပါ့မယ်” ဤခွေးရူးသည် လီလျန်တင်း၏ ရှေ့မှောက်တွင် ခွေးလိမ္မာလေး ဖြစ်သွားလေသည်။
လီဝမ်ဟွေ့ မသေသဖြင့် လီယွီထန်၏ ရင်ထဲတွင် ပျော်ရွှင်နေသည်။ သူ ကွမ်ရှီး ငြိမ်းချမ်းရေးမင်းကြီး ရာထူးကို ရလိုက်သဖြင့်လည်း ရင်ထဲတွင် ပျော်ရွှင်နေလေသည်။ ဤအချိန်တွင် တုပိုင်နှင့် လီလျန်တင်းတို့ နောက်ဆုံးတွင် နှစ်ယောက်တည်း ရှိနေကြသည်။
လီလျန်တင်းသည် တကယ်ပင် စကားနည်းသူ ဖြစ်သည်။ သူသည် ဒေါသထွက်ချိန် သို့မဟုတ် စိတ်လှုပ်ရှားချိန်တွင် စကားများများ ပြောတတ်သော်လည်း ၊ ပုံမှန်အားဖြင့် ဘာပြောရမည်ကို မသိတတ်ပေ။
“လီယွမ်က ငါ မွေးစားထားတဲ့ မြေးပဲ။ ငါက ဝမ်ဟွေ့ကို သူ့ရဲ့ မွေးစားသား အဖြစ် မွေးစားခိုင်းပြီး အမွေဆက်ခံသူ ဖြစ်စေချင်ခဲ့တာ” လီလျန်တင်းက ပြောလိုက်သည်။ “ဒါပေမဲ့ လီဝမ်ဟွေ့က သဘောမတူဘူး ၊ ငါ အဲကလေးကို နည်းနည်းလေး ၊ တကယ်နည်းနည်းလေး ဆူလိုက်တာနဲ့ ဒီလိုတွေ ဖြစ်လာတာပဲ”
တုပိုင်သည် ဤကိစ္စကို တကယ်ပင် မသိခဲ့ပေ။ လီဝမ်ဟွေ့လည်း တစ်ခါမှ ထုတ်မပြောခဲ့ဖူးပေ။ ချက်ချင်းပင် သူ ပို၍ နက်ရှိုင်းစွာ ခံစားလိုက်ရသည်။
လီလျန်တင်းက ပြောလိုက်သည်။ “ဒီတစ်ခါ သူ ကိုယ့်ကိုယ်ကိုယ် သတ်သေတာက အရှင်မင်းမြတ်ကို ကာကွယ်ဖို့တင် မဟုတ်ဘူး ၊ ငါ မင်းကို အသိအမှတ်ပြုလာအောင် သွေးနဲ့ ရင်းပြီး အသနားခံစာ တင်လိုက်တာပဲ”
တုပိုင် ဆွံ့အသွားသည်။
လီလျန်တင်းက ဆက်ပြောသည်။ “သူ့မှာ အဲဒီလို ခေါင်းမာတဲ့ စရိုက် ရှိတယ်။ ဒီအချက်ကိုတော့ သူ့ဆီက အတုမယူနဲ့”
တုပိုင်က ပြောလိုက်သည်။ “ဟုတ်ကဲ့ပါ”
လီလျန်တင်းက ပြောလိုက်သည်။ “ဒီလိုဆိုတော့လည်း ငါ မင်းကို တရားမျှတတဲ့ အခွင့်အရေး ပေးပါ့မယ်။ မင်းနဲ့ လီယွမ် ၊ ဘယ်သူက ပိုပြီး စွမ်းဆောင်ရည် ကောင်းလဲဆိုတာပေါ် မူတည်ပြီး ၊ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ အနာဂတ် သခင်ကြီး ဖြစ်လာလိမ့်မယ် ၊ နားလည်လား”
ဤစကားတစ်ခွန်းတည်းဖြင့် လီလျန်တင်းသည် တုပိုင်အား မိန်းမစိုးဂိုဏ်း၏ အနာဂတ် ခေါင်းဆောင်လောင်း အဖြစ် တိုက်ရိုက် အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
ခမ်းနားထည်ဝါသော ဂီတသံများ မရှိ ၊ ကြီးကျယ်သော ခန်းမဆောင် မရှိ ၊ အသိသက်သေပြုမည့် အရေးပါသော ပုဂ္ဂိုလ်များ မရှိသဖြင့် အခမ်းအနား အငွေ့အသက် လိုအပ်ချက် ရှိနေသော်လည်း မိန်းမစိုးဂိုဏ်းအတွင်း လီလျန်တင်း၏ စကားသည် ရွှေကဲ့သို့ တန်ဖိုးရှိပေသည်။
သူက တုပိုင်ကို မိန်းမစိုးဂိုဏ်း ခေါင်းဆောင်လောင်း အဖြစ် အသိအမှတ်ပြုလိုက်ပြီ ဖြစ်၍ ၊ တုပိုင်တွင် ထိုအရည်အချင်း ရှိသွားပြီ ဖြစ်သည်။ ထိုစကားများ ပြောပြီးသည်နှင့် လီလျန်တင်း ဘာဆက်ပြောရမည်ကို မသိတော့ပေ။
သူနှင့် တုပိုင်၏ ဆက်ဆံရေးသည် အတိုင်းအတာတစ်ခုအထိ အလွန် ရင်းနှီးသော်လည်း ၊ အနည်းငယ် ကွာဟမှု ရှိနေဆဲ ဖြစ်သည်။ ဤအာဏာရှိသော ပုဂ္ဂိုလ်ကြီး လီလျန်တင်းသည်လည်း စကားပြောဆိုရာတွင် ပါရမီ မပါသဖြင့် ၊ အဆင်မပြေသော စကားဝိုင်းကို အတင်းအကြပ် ဆက်မပြောတော့ပေ။
“ဘွဲ့ယူစာမေးပွဲမှာ မင်းရဲ့ ရလဒ်တွေကို ငါ သိတယ်။ အရမ်း ၊ အရမ်းကို ထူးချွန်ပြီး ငါ့ကို အံ့အားသင့်သွားစေတယ်”
“ဒါပေမဲ့ လီယွမ်က တပ်မှူးငယ် ဖြစ်နေပြီ ၊ ပြီးတော့ သူ့ရဲ့ အကျိုးပြုအမှတ်တွေ အားလုံးက တကယ့်လက်တွေ့ တိုက်ပွဲတွေကနေ ရထားတာ။ ဒီပြိုင်ပွဲမှာ မင်းက အတော်လေး နောက်ကျ ကျန်နေခဲ့ပြီ။ ဒါ့အပြင် အရာရှိလောကထဲ ရောက်သွားရင် အကယ်ဒမီနဲ့ လုံးဝ မတူတော့ဘူး။ မင်းရဲ့ စာစီစာကုံးတွေ ၊ ကဗျာတွေ ၊ သိုင်းပညာတွေတောင် အသုံးဝင်တော့မှာ မဟုတ်ဘူး။ စမ်းသပ်ခံရမှာက မင်းရဲ့ သန္နိဋ္ဌာန် ၊ မဟာဗျူဟာ နဲ့ စရိုက်လက္ခဏာတွေပဲ” လီလျန်တင်းက ပြောလိုက်သည်။ “ဒါကြောင့် အရာရှိလောကမှာ မင်း အမြန်ဆုံး အမီလိုက်ရမယ် ၊ လီယွမ်ရဲ့ နောက်မှာ အရမ်းကြီး ပြတ်ကျန်မနေစေနဲ့ ၊ အဲဒီလိုမှ မဟုတ်ရင် အနာဂတ်မှာ အဲဒီရာထူးအတွက် သူ့ကို ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းတောင် ရှိမှာ မဟုတ်ဘူး”
“ဟုတ်ကဲ့ပါ” တုပိုင် ပြန်ဖြေလိုက်သည်။
“မင်းက ဘွဲ့ယူစာမေးပွဲမှာ ပထမရခဲ့တော့ အရှေ့ဘက်ကွပ်ကဲရေးရုံးမှာ တာဝန်ကျလိမ့်မယ်” လီလျန်တင်းက ပြောလိုက်သည်။ “ရာထူး နှစ်ခု ရှိတယ်။ တစ်ခုက လျန်ကျိုးစီရင်စု အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ အလံကိုင်အရာရှိ ၊ နောက်တစ်ခုက ပိုင်ဆယ်မြို့ရဲ့ စမ်းသပ် တပ်မှူးငယ် ရာထူးပဲ။ မင်း ဘယ်တစ်ခု ရွေးမလဲ”
တပ်မှူးငယ် ဟူသော စကားကြောင့် တုပိုင် ခေတ္တမျှ အံ့အားသင့်သွားရသည်။ သူ့အား တပ်မှူးငယ် အဖြစ် တိုက်ရိုက် ခန့်အပ်လိုက်ခြင်းလော။ ဘွဲ့ရပြီးသည်နှင့် ချက်ချင်းပင် ဤမျှ မြင့်မားသော ရာထူးကို ရရှိခြင်းလော။
အရှေ့ဘက်ကွပ်ကဲရေးရုံး၏ စမ်းသပ် တပ်မှူးငယ်သည် မည်သည့် အဆင့်အတန်း ရှိသနည်း။ အဆင့် ၆ အနိမ့်ပိုင်း ဖြစ်သည်။ ဤသည်မှာ စစ်ဘက်ဆိုင်ရာ အဆင့် ၆ ဖြစ်ပြီး ၊ အရပ်ဘက် အရာရှိ အဆင့် ၆ ကဲ့သို့ ဂုဏ်သရေ မရှိသော်လည်း ၊ အလွန်တရာ အံ့သြဖွယ် ကောင်းနေဆဲပင် ဖြစ်သည်။ ဘွဲ့ရပြီးပြီးချင်း အဆင့် ၆ အရာရှိ အဖြစ် ခန့်အပ်ခံရခြင်းသည် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။ ဤသည်မှာ မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဘွဲ့ယူစာမေးပွဲ၏ ဆွဲဆောင်မှု ဖြစ်ပြီး ၊ ပထမရရှိခြင်း၏ ဆွဲဆောင်မှုလည်း ဖြစ်ပေသည်။
ထိုအချိန်၌ပင် ခမ်းနားထည်ဝါသော သင်္ဘောကြီးတစ်စင်းသည် တောင်ဘက်သို့ ရွက်လွှင့်လာနေပြီး ၊ ဦးတည်ရာ ခရီးမှာ ကွမ်ရှီးပြည်နယ် ၊ လျန်ကျိုးစီရင်စု ဖြစ်လေသည်။ သင်္ဘောပိုင်ရှင်မှာ ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူးသစ် တုကျန်း ဖြစ်သည်။ သူ့တွင် နောက်ထပ် အထောက်အထား တစ်ခု ရှိသေးသည် ၊ သူသည် တုပိုင် ဖခင်၏ ညီ ၊ တုအိမ်တော်မှ နောက်ထပ် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သင်္ဘောဦးတွင် ချောမောခန့်ညားပြီး သူရဲကောင်းဆန်သော သခင်လေးတစ်ဦးသည် လေကို အန်တုလျက် ရပ်နေလေသည်။ သူသည် တုပိုင်၏ စေ့စပ်ထားသူ အပါအဝင် အရာအားလုံးကို လုယူသွားခဲ့သော တရားမဝင် သား ၊ တုယန် ဖြစ်သည်။
ပြိုင်ဘက်ကင်း အလှပဂေး မိန်းမပျိုတစ်ဦး လမ်းလျှောက် ထွက်လာသည်။ ပင်လယ်လေပြေက သူမ၏ စကပ်ကို တိုက်ခတ်နေသဖြင့် ၊ လေထဲတွင် လွင့်မျောနေသော နတ်သမီးတစ်ပါးကဲ့သို့ ထင်ရသည်။
သူမသည် တုပိုင်၏ စေ့စပ်ထားသူဟောင်း ၊ တုပိုင်ကို သေလမ်းသို့ ပို့ဆောင်ခဲ့သော ဖန်းမိသားစု သခင်မလေး ၊ မြို့တော်တွင် မင်းသမီးနင်းရွှဲ့ပြီးလျှင် ဒုတိယမြောက် အလှဆုံး ဖန်းချင်းယီ ဖြစ်လေသည်။
သူမသည် တုယန်၏ နောက်သို့ လျှောက်သွားပြီး ပြောလိုက်သည်။ “ရှင် ဘာတွေ စဉ်းစားနေတာလဲ”
တုယန်၏ ကျားမျက်လုံးများတွင် ကြင်နာမှုနှင့် မြတ်နိုးမှုများ ပေါ်လွင်လာပြီး ပြောလိုက်သည်။ “ငါတို့ ကွမ်ရှီးကို ရောက်ခါနီးပြီ”
ဖန်းချင်းယီက ပြောလိုက်သည်။ “ဟုတ်တယ် ၊ ငါတို့ ကွမ်ရှီးကို ရောက်ခါနီးပြီ။ ရှင့်ရဲ့ အစ်ကိုကို တွေ့ရတော့မယ်”
တုယန်က ပြောလိုက်သည်။ “မဟုတ်ဘူး ၊ ငါတို့ အဲဒီတိရစ္ဆာန်ကောင် တုပိုင်ကို တွေ့ရတော့မှာ”
အပိုင်း ၂၈၃ ပြီး။