← Chapters

အခန်း (၂၈၅)

Vol. 29 Ch. 285

အခန်း (၂၈၅)

Vol. 29 Ch. 285

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၈၅

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

လီလျန်တင်းက ပြောလိုက်သည်။ “နင်ဇောင်ဝူက မင်းကို သူ့ရဲ့ သိုင်းပညာအမွေဆက်ခံသူ တပည့်ရင်းအဖြစ် သတ်မှတ်ထားတယ်။ သူက မင်းနဲ့အတူ လိုက်ပါလာပြီး ၊ မင်းရဲ့ သိုင်းပညာကို လမ်းညွှန်ပေးသလို ၊ မင်းကို ကာကွယ်ပေးလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ ညာဘက်လက်က သုံးမရတော့ဘူးဆိုတော့ မင်းအနေနဲ့ သူ့ကို ဘယ်တော့မှ အန္တရာယ်တွင်းထဲ ကျရောက်ခွင့် မပေးရဘူး။ သူက အင်ပါယာရဲ့ ရတနာတစ်ပါးပဲ။ နောက်ပြီး ပိုင်ဆယ်စီရင်စုမှာ တစ်သီးပုဂ္ဂလ သိုင်းပညာသက်သက်နဲ့ ထိရောက်ချင်မှ ထိရောက်လိမ့်မယ်။ အဲဒီမှာ နယ်မြေတစ်ခု ထူထောင်ဖို့ဆိုရင် ၊ မဟာဗျူဟာနဲ့ ဉာဏ်ပညာကသာ အဓိကပဲ”

“ဟုတ်ကဲ့ပါ” တုပိုင် ပြန်ဖြေလိုက်သည်။

လီလျန်တင်းက ဆက်ပြောသည်။ “စစ်သည်စုဆောင်းတာနဲ့ အာဏာတည်ဆောက်တာတွေက ငွေလိုတယ်။ ဩဇာအာဏာ ထူထောင်ဖို့ကလည်း ငွေလိုတယ် ၊ အထူးသဖြင့် ပိုင်ဆယ်စီရင်စုလို ရှုပ်ထွေးပြီး ဘက်မလိုက်တဲ့ ကြားနေနယ်မြေမျိုးမှာ ပိုလို့တောင် လိုအပ်သေးတယ်။ ဒါပေမဲ့ မင်းရဲ့ မွေးစားအဖေက အမြဲတမ်း ဆင်းရဲတယ်ဆိုတာ မင်းလည်း သိတာပဲ။ ပြီးခဲ့တဲ့တစ်ခေါက် လီမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတုန်းက ဝင်ငွေကောင်းခဲ့ပေမဲ့ ၊ တစ်စိတ်တစ်ပိုင်းက အရှင်မင်းမြတ်ဆီ ရောက်သွားတယ် ၊ နောက်တစ်ပိုင်းက ကျန်းနန်နယ်စားမင်းဆီ ရောက်သွားပြီး ၊ အတော်များများကတော့ မင်းသမီးယွီကျိန်းဆီ ရောက်သွားတယ်။ သူမက စစ်သည်တစ်သောင်းပါဝင်တဲ့ တပ်မတော်ကို အသစ်ကနေ စတင် တည်ထောင်ရမှာမို့လို့လေ။ အခု လက်ကျန် ငွေခြောက်သိန်းလောက် ရှိတယ်။ မင်း ဘယ်လောက် ယူသွားချင်လဲ”

တုပိုင် ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “ငွေတုံး သုံးသောင်းပါ”

လီလျန်တင်း အံ့ဩသွားသည်။ တုပိုင်အနေဖြင့် အနည်းဆုံး ငွေတုံး တစ်သိန်းလောက် တောင်းလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ သုံးသောင်းဆိုသည်မှာ နည်းလွန်းလှသည်။

တုပိုင်က ရှင်းပြသည်။ “ပိုင်ဆယ်စီရင်စုမှာ ကျွန်တော့်ရဲ့ ဩဇာအာဏာက အခုအချိန်မှာ အရမ်း အားနည်းနေပါသေးတယ်။ ငွေတွေ အများကြီး သယ်သွားလေ ၊ ပိုပြီး အန္တရာယ်များလေပါပဲ။ ဒါ့အပြင် လူတွေကို ရွှေတွေ ငွေတွေ တိုက်ရိုက်ပေးတာက အကျိုးစီးပွား မျှဝေခြင်းလောက် စိတ်မချရပါဘူး။ အကျိုးတူ ပူးပေါင်းတဲ့ ဆက်ဆံရေးမျိုးကမှ ယုံကြည်ရတာပါ”

“ကောင်းတယ် ၊ ကောင်းတယ်” လီလျန်တင်း ဝမ်းသာအားရ ရေရွတ်လိုက်သည်။ “တကယ်ကို ထက်မြက်တဲ့ ကလေးပဲ ပြဿနာရဲ့ အဓိက အချက်ကို မင်း ချက်ချင်း သဘောပေါက်သွားတယ်။ ဒီလိုဆို ငါ စိတ်ချရပြီ။ ပြောပါဦး ၊ မင်း ပိုင်ဆယ်စီရင်စုကို ရောက်ရင် ပထမဆုံး ဘာလုပ်မှာလဲ”

တုပိုင်သည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ပိုင်ဆယ်စီရင်စုသို့ သွားရန် ဆုံးဖြတ်ပြီးသား ဖြစ်သဖြင့် ၊ ထိုနေရာအကြောင်းကို သေချာ လေ့လာထားပြီး ဖြစ်သည်။

ယခုနှစ်များအတွင်း ၊ မွေးစားအဖေ လီဝမ်ဟွေ့သည် ပိုင်ဆယ်စီရင်စုတွင် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး တစ်ခု တည်ထောင်ရန် သူ့လူယုံ သုံးသုတ်ကို စေလွှတ်ခဲ့ဖူးသည်။

ထို အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး သုံးယောက်စလုံး မတူညီသော နည်းလမ်းများကို အသုံးပြုခဲ့ကြသော်လည်း ၊ အားလုံး ကျရှုံးခဲ့ကြသည်။ အာဏာပြရန် ရွေးချယ်ခဲ့သော နှစ်ယောက်သည် သဘာဝမဟုတ်သော နည်းလမ်းဖြင့် သေဆုံးခဲ့ကြသည်။ အကာအကွယ် ရှာရန် ရွေးချယ်ခဲ့သော ကျန်တစ်ယောက်မှာမူ အကျင့်ပျက်သွားပြီး သူများ၏ ခွေး ဖြစ်သွားခဲ့သည်။

တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် ပိုင်ဆယ်စီရင်စုကို ရောက်ရင် ပထမဆုံး လုပ်မယ့်အလုပ်က မိတ်ဆွေဖွဲ့ခြင်းပါပဲ”

လီလျန်တင်းက မေးလိုက်သည်။ “ဘယ်မိတ်ဆွေလဲ”

တုပိုင်က ဖြေသည်။ “အပြာရောင်နဂါးဂိုဏ်းချုပ် ၊ ကျီချင်းကျူးပါ”

လက်ရှိတွင် ပိုင်ဆယ်စီရင်စုသည် အမည်ခံအားဖြင့် အင်ပါယာပိုင် စီရင်စု ဖြစ်သော်လည်း ၊ လီမိသားစု၏ ထိုးဖောက် ဝင်ရောက်ခြင်းကို လုံးလုံးလျားလျား ခံထားရပြီး ဖြစ်သည်။

လီမိသားစုသည် ပိုင်ဆယ်စီရင်စုတွင် ဩဇာအကြီးမားဆုံး ဖြစ်သော်လည်း ၊ သူတို့တွင် အကြွင်းမဲ့ အာဏာ မရှိပေ။ လီမိသားစု မထိန်းချုပ်နိုင်သော အင်အားစု နှစ်ခု ရှိနေသည်။

ပထမ အင်အားစုမှာ မိုမိသားစု စော်ဘွား၏ လက်ကျန် အပေါင်းအပါများ ဖြစ်ပြီး ၊ ဒုတိယ အင်အားစုမှာ အပြာရောင်နဂါးဂိုဏ်း ဖြစ်သည်။

ပထမ အင်အားစုအကြောင်းကို နားလည်ရန် လွယ်ကူသည်။ မိုမိသားစု စော်ဘွား ရှုံးနိမ့်သွားပြီး သူ၏ လူများစွာ အသတ်ခံလိုက်ရသော်လည်း ၊ သူ၏ လက်ကျန် အပေါင်းအပါ အားလုံးကို မျိုးဖြုတ်ပစ်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် မိုမိသားစုသည် ပိုင်ဆယ်မြို့ကို နှစ်ပေါင်းရာချီ အုပ်ချုပ်ခဲ့သဖြင့် ၊ အမြစ်ပြတ်လုနီးပါး ဖြစ်သွားလျှင်တောင် ၊ မြေအောက်လောကတွင် ကြီးမားသော ဩဇာအာဏာ ရှိနေဆဲ ဖြစ်သည်။

ဒုတိယ အင်အားစု ဖြစ်သော အပြာရောင်နဂါးဂိုဏ်းသည် ကွမ်ရှီးပြည်နယ် တစ်ခုလုံးနှင့် အနောက်တောင်ပိုင်း တစ်ခုလုံးတွင် အကြီးဆုံး သိုင်းလောက၏ ဂိုဏ်းကြီးများထဲမှ တစ်ခု ဖြစ်သည်။

အပြာရောင်နဂါးဂိုဏ်း၏ ခေါင်းဆောင် ကျီချင်းကျူးသည် သိုင်းပညာ ဆရာသခင်ကြီးအဆင့် ဖြစ်ပြီး ၊ အမည်ခံအားဖြင့် တာ့နင်အင်ပါယာ အနောက်တောင်ပိုင်း၏ နံပါတ်တစ် ကျွမ်းကျင်သူ ဖြစ်သည်။

သူသည် အလွန် ရှုပ်ထွေးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ငယ်စဉ်က ဧကရာဇ်မင်းမြတ် စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီး ကျူရန်ဘွဲ့ ရရှိခဲ့သည်။ နောက်ပိုင်းတွင် စာပေပညာ လိုက်စားမှုကို စွန့်လွှတ်ကာ သိုင်းပညာဘက်သို့ ကူးပြောင်းခဲ့ပြီး ၊ ယခင် ပေမင်ဓားဂိုဏ်းချုပ်၏ အချစ်ဆုံးတပည့် ဖြစ်ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် သူသည် ပေမင်ဓားဂိုဏ်းကို သစ္စာဖောက်ခဲ့ပြီး ၊ လျန်ကျိုးစီရင်စုတွင် ကိုယ်ပိုင်ဂိုဏ်း တည်ထောင်ရန် ရွေးချယ်ခဲ့သည်။

ပေမင်ဓားဂိုဏ်းသည် သူ့ကို သတ်ရန် အမိန့်စာ ၁၀ ကြိမ် ထုတ်ပြန်ခဲ့သော်လည်း ၊ သူ့ကို သတ်ရန် စေလွှတ်လိုက်သော သူများထဲမှ မည်သူမျှ အသက်ရှင်လျက် ပြန်မလာခဲ့ပေ။

ယနေ့တွင် ကျီချင်းကျူးသည် တာ့နင်အင်ပါယာ အနောက်တောင်ပိုင်း၏ သိုင်းပညာ ဆရာသခင်ကြီး ဖြစ်လာခဲ့ပြီး ၊ ပေမင်ဓားဂိုဏ်းသည်လည်း သူ၏ သစ္စာဖောက်မှုကို မေ့သွားပုံရကာ ၊ လေးစားသမှုဖြင့် ခပ်ခွာခွာသာ နေတော့သည်။

မိုမိသားစု စော်ဘွား ပိုင်ဆယ်မြို့ကို အုပ်ချုပ်စဉ်က ၊ ကျီချင်းကျူးသည် မတုန်မလှုပ် နေခဲ့သည်။

မိုမိသားစု စော်ဘွား ကျဆုံးသွားပြီးနောက်တွင်လည်း ၊ သူသည် မတုန်မလှုပ် ဆက်နေခဲ့သည်။

လီမိသားစု ပိုင်ဆယ်မြို့ကို အပြည့်အဝ ထိုးဖောက်ဝင်ရောက်ပြီး ၊ မြေအောက်လောကနှင့် အစိုးရ အင်အားစု အများစုကို ထိန်းချုပ်လိုက်သောအခါတွင်လည်း ၊ ကျီချင်းကျူးသည် မတုန်မလှုပ် နေမြဲ နေခဲ့သည်။

ယခုအခါ ဤသိုင်းပညာ ဆရာသခင်ကြီးသည် ပိုင်ဆယ်မြို့၏ အကြီးမားဆုံး ဒေသခံ အာဏာရှင် ဖြစ်လာခဲ့သည်မှာ ထင်ရှားလှသည်။ လီရူဟိုင် ကိုယ်တိုင် ထိုနေရာသို့ သွားလျှင်ပင် ၊ ဦးညွှတ်ပြီး ဂိုဏ်းတူအစ်ကိုကြီးဂျီ ဟု ခေါ်ရပေလိမ့်မည်။

လီလျန်တင်းက ပြောလိုက်သည်။ “ဒီဆရာသခင်ကြီးဂျီက အရမ်း မာနကြီးတယ်။ ဟိုတုန်းက အရှင်မင်းမြတ်ရဲ့ အမိန့်တော်ကိုတောင် ပစ်ပေါက်လိုက်ဖူးတယ်။ မင်းရဲ့ မွေးစားအဖေ လီဝမ်ဟွေ့ သွားတွေ့တုန်းကလည်း ၊ အေးတိအေးစက်ပဲ ဆက်ဆံခံခဲ့ရတယ်။ မင်းက သူ့ကို မိတ်ဆွေဖွဲ့ချင်တယ်ဆိုရင် ၊ သူက မင်းကို မျက်လုံးထဲတောင် ထည့်ကြည့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းသာ သူ့မိတ်ဆွေ ဖြစ်သွားရင်တော့ ၊ ပိုင်ဆယ်မြို့မှာ အောင်မြင်စွာ ခြေကုပ်ယူနိုင်ပြီလို့ ပြောလို့ရတယ် ၊ တော်ရုံလူက မင်းကို ထိရဲမှာ မဟုတ်တော့ဘူး”

တုပိုင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ “လူငယ့်မှာ သူ့နည်းသူ့ဟန် ရှိပါတယ်”

“ကောင်းပြီ ၊ ငါ စောင့်ကြည့်နေမယ်” လီလျန်တင်းက ပြောလိုက်သည်။ “မင်း လူဘယ်နှစ်ယောက် ခေါ်သွားမလဲဆိုတာ ဆုံးဖြတ်ပြီးပြီလား။ ဧကရာဇ်ရဲ့ လက်တံမမီတဲ့ ၊ အဲဒီလောက် ရှုပ်ထွေးတဲ့ နေရာကို သွားရာမှာ လူအများကြီး ခေါ်သွားလို့ မဖြစ်သလို ၊ နည်းလွန်းရင်လည်း မဖြစ်ဘူး”

တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် လူ ခြောက်ယောက် ခေါ်သွားဖို့ စီစဉ်ထားပါတယ်”

လီလျန်တင်းက ပြောလိုက်သည်။ “အတိအကျပဲ ၊ မများလွန်း မနည်းလွန်းဘူး။ ငါ မင်းကို ပြင်ဆင်ဖို့ ၁၀ ရက် အချိန်ပေးမယ် ၊ ပြီးရင် တာဝန်ထမ်းဆောင်ဖို့ ထွက်ခွာလို့ရပြီ”

ထို့နောက် သူသည် အရှေ့ဘက်ကွပ်ကဲရေးရုံး အမိန့်စာတမ်း တစ်စောင်ကို ယူကာ ၊ ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး ငြိမ်းချမ်းရေးမင်းကြီး တံဆိပ်တုံးကို ရိုက်နှိပ်လိုက်သည်။

ဤအချိန်မှ စ၍ တုပိုင်သည် ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီမှ ကျောင်းသားတစ်ဦး မဟုတ်တော့ဘဲ ၊ ပိုင်ဆယ်မြို့ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး၏ စမ်းသပ် တပ်မှူးငယ် တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

…

တုပိုင် ပထမဆုံး ခေါ်သွားချင်သူမှာ သူ၏ ယခင် မြင်းစီးနည်းပြဆရာ လီဝေ ဖြစ်ပြီး ၊ သူ့အတွက် စစ်သည်များကို လေ့ကျင့်ပေးရန် ရည်ရွယ်သည်။

“ဆရာ ၊ ဆရာက တာ့နင်အင်ပါယာရဲ့ အသက်အငယ်ဆုံး မြင်းတပ်ရင်းမှူး ဖြစ်ခဲ့ဖူးပေမဲ့ ၊ အခုတော့ ကျွန်တော့်နောက်လိုက်ပြီး ပိုင်ဆယ်မြို့ကို လာရတော့မယ် ၊ ရာထူးတရားဝင် မရှိဘဲ စမ်းသပ်တပ်မှူးငယ်တစ်ယောက်ရဲ့ အောက်မှာ အမှုထမ်းရတော့မယ်” တုပိုင်က ပြောလိုက်သည်။ “ဆရာ့အတွက် တကယ်ကို နစ်နာလွန်းပါတယ်”

“ကျွန်တော် မပြောရဲပါဘူး” လီဝေက ဦးညွှတ်ပြီး ပြောလိုက်သည်။ “လီဝေက တပ်မှူးငယ်ကို နှုတ်ဆက်ပါတယ်”

ရုတ်တရက် တုပိုင် ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားသည်။ လီဝေက မေးလိုက်သည်။ “ကျွန်တော်တို့ အဲဒီမှာ တကယ်ရော စစ်သည်တွေ လေ့ကျင့်ပေးနိုင်မှာလား”

စစ်သည် လေ့ကျင့်ပေးခြင်းသည် လီဝေ၏ အိပ်မက် ဖြစ်သည်။ စစ်သားတစ်ယောက်၏ ဝိညာဉ်သည် သူ့နှလုံးသားထဲတွင် အမြဲ ကိန်းအောင်းနေပြီး ၊ မိန်းမစိုးဂိုဏ်းဝင် တစ်ယောက် ဖြစ်လာခဲ့သော်လည်း သူသည် စစ်ဗိုလ်ချုပ် တစ်ယောက် ဖြစ်ချင်နေဆဲပင်။

တုပိုင်က ပြောလိုက်သည်။ “ကျွန်တော်တို့ အဲဒီမှာ ခြေကုပ်ယူနိုင်တာနဲ့ ၊ စစ်သည်တွေ လေ့ကျင့်ပေးလို့ ရပါပြီ ၊ ပြီးတော့ ကျွန်တော်တို့ သေချာပေါက် အောင်မြင်မှာပါ”

**--**--**--**--**--**--**--**

တုပိုင် ခေါ်သွားချင်သည့် ဒုတိယ နှင့် တတိယမြောက် လူများမှာ ၊ လီစန်း နှင့် လီစစ် တို့ပင် ဖြစ်သည်။ ဤ အရှေ့ဘက်ကွပ်ကဲရေးရုံး ကျွမ်းကျင်ပညာရှင် နှစ်ဦးသည် တုပိုင်၏ ကိုယ်ရံတော်များအဖြစ် အမြဲ ရှိနေခဲ့သည်။ ယခုတစ်ကြိမ် ပိုင်ဆယ်မြို့သို့ သွားရာတွင်လည်း သူတို့သည် မည်သည့် တရားဝင်ရာထူးမှ မယူဘဲ ၊ တုပိုင်၏ လုံခြုံရေးအတွက်သာ တာဝန်ယူကြမည် ဖြစ်သည်။

တုပိုင် ခေါ်သွားချင်သည့် စတုတ္ထမြောက် လူမှာ ချန်ဖိန် ဖြစ်သည်။ သူသည် တုပိုင်၏ စာရွက်စာတမ်း ကိစ္စအဝဝကို တာဝန်ယူမည့် တပ်မှူးငယ်၏ စာရေး ဖြစ်လာတော့မည်။

ချန်ဖိန် စိတ်အေးစေရန်အတွက် ၊ တုပိုင်သည် သူ့မိဘများကို ကွေ့လင်စီရင်စုသို့ ခေါ်ဆောင်သွားရန် စီစဉ်ခဲ့သော်လည်း ၊ သူတို့က ဇာတိမြေကို မခွဲခွာနိုင်ကြပေ။

ထို့ကြောင့် တုပိုင်သည် ဝူကျိုးစီရင်စု အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး ကျုံးထိန်ကို ချန်ဖိန်၏ မိဘများအတွက် အိမ်အသစ် ဆောက်ပေးရန် မေတ္တာရပ်ခံခဲ့ပြီး ၊ လယ်မြေ ဧက ၃၀ ကိုလည်း တိုက်ရိုက် ပေးအပ်ခဲ့သည်။

ချန်ဖိန်၏ အမေသည် အလွန် ဝမ်းသာသွားပြီးနောက် ၊ တစ်စုံတစ်ခု ပြောချင်သလို တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည်။

“အဒေါ် ဘာပြောစရာရှိလို့လဲ ၊ တခြား လိုအပ်တာတွေ ရှိရင်လည်း ပြောပါ” တုပိုင်က မေးလိုက်သည်။

ချန်ဖိန်၏ အမေက ကြောက်ရွံ့အားနာစွာဖြင့် မေးလိုက်သည်။ “သာလေး ၊ ဒီ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူးငယ်ဆိုတာ ဘယ်အဆင့်ရှိတဲ့ အရာရှိလဲဟင်”

တုပိုင်က ဖြေလိုက်သည်။ “အဆင့် ၆ လောက် ရှိမယ် ထင်ပါတယ်”

ချက်ချင်းပင် ချန်ဖိန်၏ အမေမှာ လန့်ဖျပ်သွားပြီး ၊ သူမ၏ ရင်ထဲတွင် ဝမ်းသာပီတိများ ဒီရေအလား တိုးဝင်လာသော်လည်း ၊ ယခင်က ရင်းနှီးသည့် ပုံစံများ လုံးဝ ပျောက်ကွယ်သွားလေသည်။ သူမသည် ချက်ချင်းပင် မြေကြီးပေါ် ဒူးထောက်ချလိုက်ပြီး အလွန် ရိုသေလေးစားစွာဖြင့် ဦးခိုက်လိုက်တော့သည်။

“ဒီသာမန်အရပ်သူက မျက်စိကန်းပြီး တောင်မြင့်မိုရ်ကို မမြင်မိပါဘူး။ အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ် ၊ အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်...”

တုပိုင်သည် ချက်ချင်းပင် ရှေ့သို့ တိုးသွားပြီး ထိုလင်မယားနှစ်ယောက်ကို တွဲထူလိုက်သည်။

သူမ တစ်သက်တာ မြင်ဖူးသမျှ အကြီးဆုံးသော အရာရှိဆို၍ အဆင့် ၇ သာရှိသည့် စီရင်စုခွဲမှူးလောက်သာ ရှိခဲ့ဖူးသည်။ ယခု သူမရှေ့မှောက်ရှိ လူငယ်လေးမှာမူ သားဖြစ်သူ ချန်ဖိန်နှင့် ရွယ်တူလောက်သာ ရှိသေးသော်လည်း အဆင့် ၆ အရာရှိကြီး ဖြစ်နေချေပြီ။

ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရှာသည့် သားအတွက် ဘဝလမ်းဆုံးပြီဟု ယူဆခဲ့မိသော်လည်း ၊ ယခုကဲ့သို့ အရာရှိကြီးတစ်ဦး၏ လက်ထောက်ဖြစ်လာလိမ့်မည်ဟုကား အိပ်မက်ပင် မမက်ခဲ့ဖူးချေ။ ဤအဖြစ်အပျက်ကား တကယ်ပင် ယုံနိုင်စရာမရှိလောက်အောင် အံ့မခန်း ဖြစ်ရလေသည်။

ချက်ချင်းဆိုသလို သူမ၏ နှလုံးသားသည် ဝမ်းသာလွန်း၍ ပေါက်ကွဲမတတ် ခံစားလိုက်ရသည်။

သူမ၏ အိမ်တွင် ထမင်းစားသွားသော အဘိုးအိုသည် တစ်ချိန်က ဧကရာဇ်မင်းမြတ်၏ ဆရာ ဖြစ်ခဲ့ဖူးကြောင်း သူမ လုံးဝ မသိခဲ့ပေ။ နင်ဇောင်ဝူကို သိုင်းလောကထဲ လှည့်လည်သွားလာနေသော ဆေးဆရာအိုကြီး တစ်ယောက်ဟုသာ သူမ ထင်မှတ်ခဲ့သည်။

တုပိုင်သည် အဆင့် ၆ အရာရှိ ဖြစ်ကြောင်း သိသွားခြင်း၏ နောက်ဆက်တွဲ ရလဒ်မှာ ၊ တုပိုင် ဝူကျိုးစီရင်စုမှ ထွက်ခွာသောအခါ ချန်ဖိန်အပြင် နောက်ထပ် လူတစ်ယောက်ပါ ပါလာခဲ့ခြင်း ဖြစ်သည်။ ထိုသူမှာ ချန်ဖိန်၏ ညီမလေး ၊ အလွန် ရှက်တတ်သော အလှပဂေးလေး ချန်ရွှမ်ရွှမ်ပင်ဖြစ်လေ၏။

အပိုင်း ၂၈၅ ပြီး။

All Chapters