အခန်း (၂၈၆)
Vol. 29 Ch. 286
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၈၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ချန်ဖိန်အမေ၏ အဆိုအရ ၊ တုပိုင်ကဲ့သို့ အရာရှိကြီးတစ်ယောက်အတွက် ပြုစုစောင့်ရှောက်မည့်သူ မရှိ၍ မဖြစ်ချေ။ ချန်ရွှမ်ရွှမ်သည် သိမ်မွေ့နူးညံ့ပြီး ထောက်ထားစာနာတတ်သူ ၊ အပ်ချုပ်ပညာ ကျွမ်းကျင်ပြီး ထမင်းဟင်းချက် ကောင်းသူ ဖြစ်သောကြောင့် ၊ သခင်လေးတုပိုင်၏ နေ့စဉ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အသင့်တော်ဆုံး ဖြစ်သည်။
သိသာလှစွာပင် ချန်ဖိန်အမေ၏ ရည်ရွယ်ချက်က ရိုးရှင်းပါသည်။ ချန်ရွှမ်ရွှမ်ကို တုပိုင်၏ ကိုယ်လုပ်တော်အဖြစ် ပေးအပ်လိုက်ခြင်းဖြင့် ၊ ချန်မိသားစု၏ အဆင့်အတန်းကို မြှင့်တင်လိုခြင်း ဖြစ်သည်။ သူမအနေဖြင့် တုပိုင်သည် ကုန်းကုန်းတစ်ယောက် ဖြစ်ကြောင်း မသိသလို ၊ အရှေ့ဘက်ကွပ်ကဲရေးရုံးသည် မိန်းမစိုးဂိုဏ်း၏ တရားဝင် ရာထူးနေရာ ဖြစ်ကြောင်းလည်း မသိပေ။
“ကျွန်တော်မျိုးက အရည်အချင်း အကန့်အသတ်သာ ရှိပေမဲ့ ၊ သခင်လေးအတွက် အသက်ပေးရပါစေ ၊ ကျွန်တော်မျိုးရဲ့ နှလုံးသားနဲ့ ခွန်အားရှိသမျှ အားကုန် အလုပ်အကျွေး ပြုပါ့မယ်” ချန်ဖိန်သည် သူ့အသက်အရွယ်နှင့် မလိုက်အောင် ရင့်ကျက်တည်ငြိမ်စွာဖြင့် ၊ တုပိုင်ကို ဒူးထောက် ဦးညွှတ်လိုက်သည်။
တုပိုင်က သူ့ကို အမြန် တွဲထူလိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အတူတူ ကြိုးစားကြတာပေါ့”
သူတို့ဘေးနားရှိ အလှပဂေးလေး ချန်ရွှမ်ရွှမ်မှာမူ မျက်နှာလေး အမြဲ ရဲနေတတ်သည်။ သူမသည် ခေါင်းငုံ့ပြီး ခြေမလေးများကို ကြည့်နေသော်လည်း ၊ နားစွင့်ထားသည်မှာတော့ အမြဲလိုလိုပင်။ တုပိုင် စကားပြောသံ ကြားလိုက်ရတိုင်း ၊ သူမသည် သူ့ကို ခိုးကြည့်လေ့ ရှိသည်။
တုပိုင် သူမကို လှမ်းကြည့်လိုက်သောအခါ ၊ သူမသည် ချက်ချင်း အကြည့်လွှဲလိုက်ပြီး ၊ နူးညံ့လှပသော မျက်နှာလေးမှာ သွေးထွက်တော့မတတ် ပို၍ နီရဲသွားလေ၏။
တုပိုင်တစ်ယောက် ဆွဲစားချင်စိတ်များအား ယာယီမြိုသိပ်ထားလိုက်သည်။ (ယာယီပဲလား အဟင်း 🙈)
“မင်း မလိုက်ချင်ရင် ၊ မလိုက်ဘဲ နေလို့ ရပါတယ် ၊ အိမ်မှာ မိဘတွေကို စောင့်ရှောက်ရင်း နေခဲ့လို့ ရပါတယ်” တုပိုင်သည် ဤကြောက်ရွံ့တတ်သော ငှက်ကလေးလို မိန်းကလေးကို မလန့်သွားစေရန် တတ်နိုင်သမျှ ညင်သာစွာ ပြောလိုက်သည်။
“သမီး လိုက်ပါ့မယ်” ချန်ရွှမ်ရွှမ်က တိုးတိုးလေး ဖြေသည်။ “သမီးရဲ့ မိဘတွေဆီမှာ အစ်မကြီးနဲ့ ညီမလေး ရှိနေသေးတယ်လေ။ သမီး သခင်လေးကို ပြုစုပေးပါ့မယ်”
သူမသည် တုပိုင်ကို အလွန် လေးစားအားကျနေမိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူမ၏ အစ်ကိုကိုယ်စား ဝင်ရောက်ဖြေဆိုပြီး ပထမဆု ရယူပေးခဲ့သောကြောင့် ဖြစ်သည်။ ထို့အပြင် ကြာပန်းတောင် စာပေပြိုင်ပွဲတွင် သူ၏ ရဲရင့်သော မြှားပစ်စွမ်းရည် ပြသမှုသည် မင်းသမီးယွီကျိန်းကိုသာ အံ့အားသင့်စေခဲ့သည် မဟုတ် ၊ ချန်ရွှမ်ရွှမ်ကိုပါ အပြည့်အဝ ဖမ်းစားနိုင်ခဲ့သည်။
ထို့အပြင် တုပိုင်၏ ရုပ်ရည်မှာလည်း အလွန် ချောမောခန့်ညားပြီး ၊ သူမအနေဖြင့် မိန်းမစိုး ဆိုသည်မှာ မည်သည်နည်းဆိုသည်ကို ကောင်းကောင်း နားမလည်ပေ။
၁၅ ၊ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်သည် အချစ်စိတ် စတင် နိုးကြားလာတတ်သည့် အရွယ် ဖြစ်သည်။ သူမသည် တောရွာတွင်သာ အမြဲ နေထိုင်ခဲ့ပြီး ၊ ချန်ဖိန်မှလွဲ၍ သူမ သိသော အထူးချွန်ဆုံး လူငယ်မှာ ရွာမှ သူဌေးကြီး၏ မာနကြီးသော သား သာရှိလေ၏။ သူမ၏ မိသားစုအပေါ် ကျေးဇူးပြုခဲ့သော ၊ ထူးချွန်ထက်မြက်သည့် လူငယ်လေး တုပိုင်နှင့် ရုတ်တရက် ဆုံတွေ့လိုက်ရသောအခါ ၊ သူမ၏ ဖြူစင်သော နှလုံးသားလေးသည် တုပိုင်ထံသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ စာဖတ်သူများ ဘယ်တော့အခါမှ မရနိုင်မည့် မြင်မြင်ခြင်းအချစ်ပင်ဖြစ်လေ၏။
သူမ၏ အမေက တုပိုင်ကို ပြုစုစောင့်ရှောက်ရန် ပြောသောအခါ ၊ သူမ နှုတ်မှ ထုတ်မပြောသော်လည်း ၊ စိတ်ထဲတွင် အလွန် ပျော်ရွှင်နေမိသည်။
“သခင်လေးက ဒီအစေခံမလေးကို မရွံရှာဘူးဆိုရင် ၊ သမီး ၊ သမီး သခင်လေးကို ပြုစုပါ့မယ်” သူမသည် ရှိသမျှ သတ္တိကို မွေးပြီး ဤစကားများကို ပြောလိုက်သည်။
သူမက အစေခံမလေးဟု သုံးနှုန်းလိုက်သည်ကို ကြားလိုက်ရသောအခါ ၊ တုပိုင်၏ စိတ်နှလုံးသည် ချက်ချင်း လှုပ်ရှားသွားပြီး ၊ ထိုစကားလုံး နှစ်လုံးကို သူမ၏ အမေက သင်ပေးထားခြင်း ဖြစ်သည်။ သူမ၏ နူးညံ့သိမ်မွေ့ပြီး နာခံတတ်သော ယုန်ဖြူလေးလို အမူအရာက တုပိုင်ကို ဝံပုလွေကြီးအဖြစ် ပြောင်းလဲသွားချင်စိတ် ပေါက်အောင် ဆွဲဆောင်နေသည်။
သို့သော် ပိုင်ဆယ်မြို့သည် အလွန် အန္တရာယ်များလှသဖြင့် ၊ သူသည် ဤကဲ့သို့ နုနယ်သော မိန်းကလေးကို ခေါ်သွားမည် မဟုတ်ပေ။ သူမကို ကွေ့လင်စီရင်စုသို့ ခေါ်သွားပြီး ၊ သူ့ အထိန်းတော်ကြီးနှင့်အတူ အဖော်ပြုပေးထားရန် စီစဉ်လိုက်သည်။
**--**--**--**--**--**--**--**
တုပိုင်သည် ချန်ဖိန် ၊ ချန်ရွှမ်ရွှမ် တို့နှင့်အတူ ကွေ့လင်စီရင်စုသို့ ပြန်လာခဲ့ပြီး ၊ လမ်းခရီးတွင် မုန်ဆန်းစီရင်စုခွဲကို ဖြတ်သန်းသွားခဲ့သည်။ ဤသည်မှာ ဝူမိသားစု အိမ်တော်သို့ ဝင်ရောက်ပြီး ၊ သူ့အမ တုဖိန်အာကို တွေ့ဆုံ နှုတ်ဆက်ရန် အခွင့်ကောင်းပင် ဖြစ်သည်။
ဝူကျန့်တောက်၏ အိမ်တော် အပြင်ဘက်သို့ ရောက်သောအခါ ၊ အိမ်တော် တံခါးဝတွင် စောင့်ကြပ်နေသော စစ်သည် အများအပြားကို တွေ့လိုက်ရသည်။ သူတို့၏ မျက်နှာထားမှာ မာနကြီးပြီး ၊ ဝူမိသားစု၏ အစောင့်များ မဟုတ်ကြောင်း သိသာနေသည်။
“ငါတို့ သခင်ကြီးက အထဲမှာ ရှိနေတယ်။ မလိုအပ်တဲ့ ဧည့်သည်တွေ ချက်ချင်း ထွက်သွားကြ။ ဒီနားမှာ ယောင်လည်လည် မလုပ်နဲ့” စစ်သည်များက ရှေ့တိုးလာပြီး တုပိုင်ကို မောင်းထုတ်ကြသည်။
‘မြို့တော် တုအိမ်တော်ကလူတွေပဲ’ စစ်သည်များ ဝတ်ဆင်ထားသော အဝတ်အစားများကို တုပိုင် မှတ်မိလိုက်သည်။ တုပိုင် မျက်မှောင်ကြုတ်လိုက်သည်။ ကျဉ်းမြောင်းသော လမ်းတွင် ရန်သူနှင့် ဆုံတွေ့ခြင်းလော။ တုမိသားစုက နလပိန်းတုံးတွေ ထပ်ရောက်နေပြန်ပြီလော။ ယခုတစ်ခေါက်တွင်လည်း သူ့အဖေငတုံးက မည်သူ့ကို လွှတ်လိုက်သည်နည်း ၊ အရေးအကြီးဆုံးမှာ ဤငတုံးတစ်သိုက်သည် အဘယ်ကြောင့် ဝူကျန့်တောက်၏ အိမ်တော်ထဲသို့ ရောက်နေရသနည်း ၊ တစ်ခုခုတော့ ထူးဆန်းနေပြီ ဖြစ်လေ၏။
တုအိမ်တော်မှ စစ်သည်များသည် တုပိုင်နှင့် လူများ မထွက်သွားသည်ကို မြင်သောအခါ ၊ ချက်ချင်းပင် ဓားများကို တစ်ဝက် ဆွဲထုတ်လိုက်ပြီး ၊ တင်းမာစွာ ပြောလိုက်သည်။ “မင်းတို့ကို ငါအခုချက်ချင်း ထွက်သွားလို့ ပြောနေတယ်နော် ၊ မဟုတ်ရင် ငါတို့ ဓားကို သုံးရလိမ့်မယ်”
ယခုတစ်ကြိမ်တွင် လီဝမ်ဟွေ့သည် ကွမ်ရှီးပြည်နယ်တွင် သတ်ဖြတ်ပွဲ ဆင်နွှဲခဲ့ပြီး ၊ ပြည်နယ်တစ်ခုလုံးရှိ အရာရှိကြီး ထက်ဝက်ကျော်ကို သုတ်သင်ရှင်းလင်းခဲ့သည်။
သို့သော် သူ၏ ဓားအောက်တွင် မသေဘဲ ကျန်ရစ်ခဲ့သူ တစ်ဦး ရှိသည် ၊ ထိုသူမှာ ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်သည်။ အကြောင်းမှာ သူသည် ကြိုတင်၍ ထောင်ကျနေပြီး ၊ ရာထူး လစ်လပ်နေသောကြောင့် ဖြစ်သည်။
ယခင်က ပြည်နယ်ဟု ခေါ်သော အုပ်ချုပ်ရေး နယ်မြေဒေသ မရှိခဲ့ပေ ၊ ယင်းတို့ကို စုပေါင်း၍ ပြည်နယ် အုပ်ချုပ်ရေးမင်းကြီးများဟု ခေါ်ဆိုခဲ့ကြသည်။
တာတာအင်ပါယာက အလယ်ပိုင်းလွင်ပြင်ဒေသကို ထိန်းချုပ်ပြီးနောက်တွင် ၊ ပြည်နယ် အုပ်ချုပ်ရေး နယ်မြေများအဖြစ် ပြောင်းလဲခဲ့သည်။
တာ့နင်မင်းဆက် တည်ထောင်သူ ဧကရာဇ်သည် တာတာများကို မောင်းထုတ်ပြီး တာ့နင်အင်ပါယာကို တည်ထောင်သောအခါ ပြည်နယ်အုပ်ချုပ်ရေးစနစ်ကို ပြန်လည် အသုံးပြုခဲ့သည် ၊ ထိုအချိန်က ပြည်နယ်တစ်ခု၏ အမြင့်ဆုံး အရာရှိမှာ ပြည်နယ်အုပ်ချုပ်ရေး မင်းကြီး ဖြစ်ပြီး ထို့နောက်တွင် ပြည်နယ် စောင့်ကြည့်ရေးမှူးနှင့် ပြည်နယ် စစ်ဘက် တပ်မှူးတို့ ဖြစ်ကြသည် ၊ ပြည်နယ်ဘုရင်ခံသည် အမြဲတမ်း ဒေသခံ အရာရှိ မဟုတ်ဘဲ ဒေသခံ အရာရှိများကို စောင့်ကြည့် စစ်ဆေးရန် နန်းတွင်းမှ စေလွှတ်လိုက်သော စစ်ဘက်နှင့် နိုင်ငံရေးဆိုင်ရာ အရာရှိကြီး သက်သက်သာ ဖြစ်သည်။
နောက်ပိုင်းတွင် တိုင်းပြည် ပိုမို ရှုပ်ထွေးလာသောအခါ ပြည်နယ်ဘုရင်ခံသည် အမြဲတမ်း ဒေသခံ အရာရှိ ဖြစ်လာပြီး ပြည်နယ် ဟူသော အသုံးအနှုန်းကို ပြန်လည် အသုံးပြုခဲ့သည် ၊ ပြည်နယ်ဘုရင်ခံသည် ပြည်နယ်တစ်ခုကို ကြီးကြပ်သော အမြင့်ဆုံး စစ်ဘက်နှင့် နိုင်ငံရေး အရာရှိ တရားဝင် ဖြစ်လာပြီး ပြည်နယ်အုပ်ချုပ်ရေး မင်းကြီးသည် ဒုတိယ ခေါင်းဆောင် ဖြစ်လာသည်။
ရာထူး အဆင့်အတန်းအရ ပြည်နယ်ဘုရင်ခံများသည် များသောအားဖြင့် ဒုတိယအဆင့် ဖြစ်ကြပြီး ပြည်နယ်အုပ်ချုပ်ရေး မင်းကြီးများသည် ဒုတိယအဆင့် အနိမ့်ပိုင်း ဖြစ်ကြသည် ၊ အတိုင်းအတာ တစ်ခုအထိ ဤရာထူး နှစ်ခုသည် တန်းတူညီမျှသည်ဟု ယူဆနိုင်သည်။
အမှန်စင်စစ်အားဖြင့် အချို့သော ပြည်နယ်များတွင် အာဏာကြီးမားသော ပြည်နယ်အုပ်ချုပ်ရေး မင်းကြီးများသည် ပြည်နယ်ဘုရင်ခံကိုပင် ဘေးဖယ်ထားနိုင်ပြီး အထူးသဖြင့် နောက်ခံ အင်အားတောင့်တင်းသော လူငယ် ပြည်နယ်အုပ်ချုပ်ရေး မင်းကြီးနှင့် သက်ကြီးရွယ်အို ပြည်နယ်ဘုရင်ခံတို့ တွေ့ဆုံကြသောအခါမျိုးတွင် ဖြစ်သည်။
တုကျန်းသည် သံသယ ဖြစ်ဖွယ် မရှိဘဲ အလွန် ခိုင်မာသော နောက်ခံနှင့် ကြီးမားသော ဩဇာအာဏာ ရှိသည့် လူငယ် အရာရှိကြီးများထဲမှ တစ်ဦး ဖြစ်သည်။
သူသည် တုမိသားစုတွင် စတုတ္ထမြောက် ဖြစ်ပြီး ယခုနှစ်မှ အသက် ၄၃ နှစ်သာ ရှိသေးသည်။
ကွမ်ရှီးပြည်နယ်အုပ်ချုပ်ရေး မင်းကြီး ရာထူး လစ်လပ်သွားပြီးနောက် တုပိုင်၏ ဖခင် တုဟွေး၏ ကြိုးပမ်းအားထုတ်မှုနှင့် ဖန်းမိသားစု၏ ထောက်ခံမှုတို့ကြောင့် တုကျန်းသည် ပြိုင်ဘက်ပေါင်းများစွာကို ကျော်ဖြတ်ပြီး ဤ ဒုတိယအဆင့် ရာထူးကို အရယူနိုင်ခဲ့သည်။
ချွေ့ယန်သည် အသက် ၄၃ နှစ်တွင် ရန်ကျိုးစီရင်စုမှူး ဖြစ်လာခြင်းသည် အရပ်ဘက် အရာရှိအုပ်စု၏ မဏ္ဍိုင်တစ်ပါးဟု သတ်မှတ်ခံရသော်လည်း ထိုရာထူးသည် စတုတ္ထအဆင့်သာ ရှိသေးသည်။
တုကျန်းသည်လည်း အသက် ၄၃ နှစ်သာ ရှိသေးသော်လည်း ဒုတိယအဆင့် အနိမ့်ပိုင်း ရာထူးကို ရရှိထားပြီး ဖြစ်သည်။
ထို့ကြောင့် အနာဂတ်တွင် တုမိသားစုသည် ဒေသန္တရ အာဏာနှင့် ဗဟို အာဏာ ယှဉ်တွဲ တည်ရှိသော အခြေအနေကို နောက်တစ်ကြိမ် မြင်တွေ့ရပေလိမ့်မည် ၊ တုကျန်းသည် ပြည်နယ်များတွင် ဘုရင်ခံချုပ်အဖြစ် စစ်ဘက်နှင့် နိုင်ငံရေး အာဏာကို ကိုင်စွဲထားမည် ဖြစ်ပြီး တုဟွေးသည် အမတ်ချုပ်များ အဖွဲ့အတွင်း ဗဟို အစိုးရ အာဏာကို ကိုင်စွဲထားမည် ဖြစ်သည် ၊ ထိုအချိန်ရောက်လျှင် တုမိသားစုသည် အင်ပါယာ၏ ထိပ်တန်း ဩဇာအာဏာကြီးမားသော သူကောင်းမျိုးနွယ်စုကြီး အဖြစ် အောင်မြင်စွာ တက်လှမ်းနိုင်ပေလိမ့်မည်။
ယခုတစ်ကြိမ်တွင် သူသည် ကွမ်ရှီးပြည်နယ်သို့ တာဝန်ထမ်းဆောင်ရန် သင်္ဘောဖြင့် တောင်ဘက်သို့ ဆင်းလာသော်လည်း အဆုံးတွင် လျန်ကျိုးစီရင်စုသို့ ကမ်းမတက်ရန် ရွေးချယ်ခဲ့သည် ၊ ယင်းအစား ကွမ်ကျိုးစီရင်စုသို့ ကမ်းတက်ပြီး ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်းကို သွားရောက် ဂါရဝပြုခဲ့သည် ၊ အကြောင်းမှာ ကောင်းထင်းသည် အင်ပါယာ တောင်ပိုင်းရှိ ဖန်းမိသားစု၏ အမြင့်ဆုံး ခေါင်းဆောင် ဖြစ်ပြီး တုမိသားစုသည်လည်း ဖန်းမိသားစု ဦးဆောင်သော အရပ်ဘက် အရာရှိအုပ်စု၏ အစိတ်အပိုင်း ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် တုကျန်းသည် ကောင်းထင်းကို သိပ်မနှစ်သက်လှပေ ၊ နာရီဝက်ကျော်ခန့် ထိုင်ပြီးနောက် ကွမ်ကျိုးစီရင်စုမှ ထွက်ခွာကာ ကုန်းလမ်းဖြင့် ကွမ်ရှီးပြည်နယ်သို့ ခရီးဆက်ခဲ့သည်။
တစ်နေ့တွင် သူသည် ဝူကျိုးစီရင်စု မုန်ဆန်းစီရင်စုခွဲသို့ ရောက်ရှိလာပြီး မုန်ဆန်း စီရင်စုခွဲမှူး၏ မကြုံစဖူးသော ဧည့်ခံမှုကို ခံယူခဲ့ရသည် ၊ မြို့လေးမှာ ကျဉ်းကျပ်ပြီး တုကျန်း၏ မိသားစုကို အဆင်မပြေ ဖြစ်စေမည် စိုးရိမ်သောကြောင့် စီရင်စုခွဲမှူးသည် သူဌေးကြီး ဝူကျန့်တောက်၏ ကျယ်ဝန်းပြီး ဇိမ်ခံပစ္စည်းများ ပြည့်စုံသော ဝူမိသားစု အိမ်တော်ကို ရှင်းလင်းစေပြီး ပြည်နယ်အုပ်ချုပ်ရေး မင်းကြီးနှင့် အဖွဲ့သားများ တည်းခိုရန် စီစဉ်ပေးခဲ့သည်။
ထို့ကြောင့် ဤသည်မှာ တုပိုင် မြင်တွေ့လိုက်ရသော မြင်ကွင်း ဖြစ်သည် ၊ တုမိသားစု၏ စစ်သည်များ ဝူမိသားစု အိမ်တော် တံခါးဝတွင် စောင့်ကြပ်နေခြင်း ဖြစ်ပြီး မည်သည့် ပူးပေါင်းကြံစည်မှုမှ မပါဝင်ပေ။
**--**--**--**--**--**--**--**
“မင်းတို့ကိုငါ ပြောနေတယ် ၊ အခုချက်ချင်း ဒီကနေ ထွက်သွား” တုမိသားစု စစ်သည်တစ်ဦးက ရှေ့သို့ တိုးလာပြီး ဓားကို တစ်ဝက် ဆွဲထုတ်ကာ တင်းမာစွာ ပြောလိုက်သည် ၊ “မထွက်သွားရင် နန်းတွင်း လျှို့ဝှက်ချက်တွေကို စုံစမ်းထောက်လှမ်းနေတဲ့ သူလျှိုတွေအဖြစ် သတ်မှတ်ပြီး အားလုံးကို ဖမ်းဆီးပစ်မယ်”
တုမိသားစု၏ အခြေခံအုတ်မြစ်မှာ မလုံလောက်သေးပေ ၊ ဤမာနကြီးသော အစေခံများသည် မြို့တော်တွင် အနည်းငယ် သတိထား နေထိုင်တတ်သော်လည်း ပြည်နယ်များသို့ ရောက်သည်နှင့် အလွန် မာနကြီးလာတတ်ကြသည်။
တုပိုင် မျက်မှောင်ကြုတ်လိုက်ပြီး လီစန်းနှင့် လီစစ်ကို ရှေ့တိုး၍ ဤ တုမိသားစု စစ်သည်များကို ဖမ်းဆီးရန် အမိန့်ပေးတော့မည့်ဆဲဆဲ ဖိန်အာ၏ ယောက္ခမ သခင်မကြီးဝူသည် တံခါးဝမှ မတော်တဆ ဖြတ်လျှောက်လာရင်း တုပိုင်နှင့် အဖွဲ့ကို တွေ့လိုက်ရသောအခါ ခဏမျှ ကြောင်အမ်းသွားပြီးနောက် အမြန် ပြေးထွက်လာပြီး နှုတ်ဆက်လိုက်သည်။
“သခင်လေးတုပါလား” သခင်မကြီးဝူက ဦးညွှတ်လိုက်သည်။
တုပိုင်က မေးလိုက်သည် ၊ “ဘာတွေ ဖြစ်နေတာလဲ ၊ ဘာလို့ တုအိမ်တော်က လူတွေ ဒီမှာ ရောက်နေတာလဲ ၊ အထဲမှာ ဘယ်သူ ရှိနေလို့လဲ”
သခင်မကြီးဝူက ပြန်ဖြေသည် ၊ “သခင်လေးတုက တုအိမ်တော်က လူတွေကို သိတာလား ၊ အသစ် ခန့်အပ်ခံရတဲ့ ပြည်နယ်အုပ်ချုပ်ရေး မင်းကြီးလေ ၊ စီရင်စုခွဲမှူးက ကျွန်မတို့ အိမ်တော်က လုံလောက်အောင် ခံ့ညားထည်ဝါတယ်လို့ ယူဆပြီး ပြည်နယ်အုပ်ချုပ်ရေး မင်းကြီးတုရဲ့ မိသားစုကို ကျွန်မတို့ဆီမှာ တည်းခိုခိုင်းထားတာပါ”
စကားပြောနေစဉ် သခင်မကြီးဝူသည် သူမ၏ အိမ်တော်ကို ပြည်နယ်အုပ်ချုပ်ရေး မင်းကြီး ဝင်ရောက် နေထိုင်သည်ကို အလွန် ဂုဏ်ယူနေပုံ ပေါက်သည် ၊ ဤသည်မှာ ပင်လယ်ကူး ကုန်သည်တစ်ဦးအတွက် ကြီးမားသော ဂုဏ်ယူစရာဟု သတ်မှတ်ခံရသည်။
အပိုင်း ၂၈၆ ပြီး။