← Chapters

အခန်း (၂၈၇)

Vol. 29 Ch. 287

အခန်း (၂၈၇)

Vol. 29 Ch. 287

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၈၇

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

‘ပြည်နယ်အုပ်ချုပ်ရေးမင်းကြီး ဟုတ်လား။ ဒီရာထူးကို တုမိသားစုကလူ ရယူသွားတာကိုး။ ‘ကမ္ဘာကြီးက ကျဉ်းလိုက်တာ’

ထို့နောက် သခင်မကြီးဝူက သူမ၏ နဖူးကို ရိုက်လိုက်ပြီး ပြောလိုက်သည်။

“သြော် ၊ ဟုတ်သားပဲ ၊ မောင်ရင့်နာမည်ကလည်း တုမျိုးနွယ်ပဲ ၊ ဆွေမျိုးတွေများ တော်နေမလား။ ဖိန်အာက ဒီကိစ္စကို တစ်ခါမှ ထုတ်မပြောဖူးဘူး။ လျန်ကျိုးစီရင်စုက ကိစ္စအတွက် သခင်လေးတုကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ ဒီလောက်ကြီးမားတဲ့ ကျေးဇူးတရားကို ကျွန်မတို့တစ်သက်လုံး ပြန်ဆပ်လို့ ကြေမှာမဟုတ်ပါဘူး။ လာပါ ၊ လာပါ ၊ အိမ်ထဲဝင်ပြီး ရေနွေးကြမ်း သောက်ပါဦး”

ထို့နောက် သခင်မကြီးဝူသည် တုပိုင်ကို အိမ်တော်တံခါးမကြီးဆီသို့ ခေါ်ဆောင်သွားလေသည်။

“ရပ်လိုက်စမ်း ၊ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ဝင်ခွင့်မရှိဘူး” တံခါးဝရှိ တုမိသားစု စစ်သည်က တင်းမာစွာ အော်ဟစ်လိုက်သည်။

သခင်မကြီးဝူက တောင်းပန်သလို ပြုံးလိုက်ပြီး ပြောလိုက်သည်။ “စစ်သည်တော်ကြီး နှစ်ယောက်ရှင့် ၊ ဒီလူကလည်း အရာရှိမင်းပါပဲ ၊ ကျွန်မတို့ရဲ့ ကျေးဇူးရှင် ဖြစ်သလို ဆွေမျိုးလည်း တော်ပါတယ်ရှင်။ ကျေးဇူးပြုပြီး ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးပါလား”

“ဘာကို ခြွင်းချက်ပေးရမှာလဲ။ ခင်ဗျားရဲ့ ယောကျ်ားနဲ့ သားတောင် ဝင်ခွင့်မရှိတာ ၊ ခွင့်ပြုချက်မရှိတဲ့လူဆို ပြောမနေနဲ့တော့။ ငါတို့သခင်ကြီးရဲ့ မိသားစုကို နှောင့်ယှက်မိရင် ခင်ဗျား တာဝန်ယူနိုင်မလား” တုမိသားစု စစ်သည်က တင်းမာစွာ အော်ဟစ်လိုက်သည်။

တုပိုင် ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် သခင်မကြီးဝူသည် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ငွေတုံးကြီး နှစ်တုံးကို တုမိသားစု စစ်သည်နှစ်ဦးထံ ထိုးထည့်ပေးလိုက်သည်။ သခင်မကြီးဝူ၏ ကျွမ်းကျင်မှုမှာ နတ်ဘုရားများပင် လက်မှိုင်ချရလောက်သည်အထိ သောက်ကျိုးနည်းလှသည်။

“ဝင်သွားကြ ၊ ဒါပေမဲ့ နောက်ဖေးခြံဝင်းနားကို ခြေတစ်လှမ်းတောင် မကပ်မိစေနဲ့ ၊ ငါတို့သခင်ကြီးရဲ့ မိသားစုကို နှောင့်ယှက်မိရင် ခင်ဗျားတို့မိသားစု သွားပြီသာမှတ်” တုမိသားစု စစ်သည်က ပြောလိုက်သည်။

ဤတုမိသားစု စစ်သည်တွေက တုမိသားစုထဲကို နောက်မှ ဝင်ရောက်လာသူတွေ ဖြစ်ပုံရပြီး သူတို့ထဲက ဘယ်သူမှ တုပိုင်ကို မမှတ်မိကြပေ။ ထို့ကြောင့် တုပိုင် ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် ငွေလမ်းခင်းပြီး ဝူမိသားစု အိမ်တော်ထဲသို့ ဝင်ရောက်သွားခဲ့ရလေသည်။ သူ့ကို ဧည့်ခန်းမဆောင်သို့ ခေါ်ဆောင်သွားပြီး မုန့်မျိုးစုံကို ဆက်တိုက် လာရောက်ချပေးလေသည်။

“ပြည်နယ်အုပ်ချုပ်ရေးမင်းကြီးက တကယ်ကို မာန်ကြီးတာပဲ။ ကျွန်မတို့အိမ်မှာ လာနေပြီးတော့ ၊ ကျွန်မတို့မိသားစုထဲက ယောကျ်ားသား အကုန်လုံးကို မောင်းထုတ်လိုက်တယ်လေ ၊ ဒါကြောင့် ကျွန်မယောကျ်ားနဲ့ ယန်မင်တို့က ဧည့်ခံလို့ မရဖြစ်နေတာပါ” သခင်မကြီးဝူက ပြောလိုက်သည်။ “သခင်လေး ခဏလောက် စောင့်ပါဦးနော်။ ကျွန်မ သွားပြီး ဖိန်အာကို သွားခေါ်လိုက်ပါ့မယ်။ သူက နေ့တိုင်း သခင်လေးအကြောင်း တွေးနေတာပါ”

ထို့နောက် သခင်မကြီးဝူ အလျင်စလို ထွက်ခွာသွားသည်။

လီစန်း ၊ လီစစ်နှင့် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် လေးဦးသည် အလိုအလျောက် ဖြန့်ကျက်လိုက်ပြီး ဝင်ပေါက်ကို စောင့်ကြပ်လိုက်ကြသည်။

“ချန်ဖိန် ၊ ထိုင်” တုပိုင် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ” ချန်ဖိန်သည် အောက်ဘက်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ချန်ရွှမ်ရွှမ်၏ မျက်နှာလေးမှာ နီရဲနေပြီး တုပိုင်အတွက် လက်ဖက်ရည် ဖျော်ပေးကာ ၊ လာချပေးရင်း တိုးတိုးလေး ပြောလိုက်သည်။ “သခင်လေး ၊ လက်ဖက်ရည် သုံးဆောင်ပါဦး”

တုပိုင် ပြုံးလိုက်ပြီး တစ်ငုံ သောက်လိုက်သည်။

“စန်း ၊ ကွမ်ရှီးပြည်နယ်ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမင်းကြီးအသစ်က ဘယ်သူလဲဆိုတာ မင်းသိလား” တုပိုင် မေးလိုက်သည်။

လီစန်းက ပြောလိုက်သည် ၊ “ကျွန်တော်မျိုး မသိကြောင်းပါ” သူသည် တိုက်ခိုက်သတ်ဖြတ်ဖို့သာ တာဝန်ရှိပြီး တခြားကိစ္စတွေကို သိပ်နားမလည်ပေ။ စိတ်လည်းမဝင်စားချေ။

သို့သော် ချန်ဖိန်က ပြောလိုက်သည် ၊ “ဒီကျောင်းသား သိပါတယ် ၊ အဲဒါ တုကျန်းပါ”

တုပိုင်က ပြောလိုက်သည် ၊ “ငါ့ရဲ့ ငတုံးဝက် စတုတ္ထဦးလေး ဖြစ်နေတာကိုး။ မင်းက ဘယ်လိုလုပ် သိတာလဲ”

ချန်ဖိန်က ပြောလိုက်သည် ၊ “သူ ဝူကျိုးစီရင်စုကို လွန်ခဲ့တဲ့ သုံးရက်က ရောက်လာပြီး အကယ်ဒမီကို စစ်ဆေးခဲ့ပါတယ် ၊ ပြီးတော့ ဝူကျိုးစီရင်စုက ထူးချွန်တဲ့ ပညာရှင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်က အကယ်ဒမီစာမေးပွဲမှာ ပထမရထားတော့ ဝူကျိုးစီရင်စုက ကျွန်တော့်ကို အကြောင်းကြားပါတယ်။”

တုပိုင် မျက်မှောင်ကြုတ်လိုက်သည်။ ဤအချိန်၌ တုကျန်း ကွမ်ရှီးပြည်နယ်သို့ ပြည်နယ်အုပ်ချုပ်ရေးမင်းကြီးအဖြစ် ရောက်ရှိလာခြင်းသည် မည်သည့် အဓိပ္ပာယ်နည်း။ တုမိသားစုသည် မိန်းမစိုးဂိုဏ်းနှင့် အကြီးအကျယ် ပဋိပက္ခ ဖြစ်ပွားနေသော်လည်း ၊ လီမိသားစု စော်ဘွားနှင့်မူ ပူးပေါင်းကြံစည်မှု မရှိသင့်ပေ မဟုတ်ပါလော။ ယခုအချိန်၌ ကွမ်ရှီးပြည်နယ်သည် လှိုင်းလေထန်ပြီး အန္တရာယ်များသော နေရာတစ်ခု ဖြစ်နေပေသည်။ ပြည်နယ်အုပ်ချုပ်ရေးမင်းကြီး ရာထူးသည် တန်ဖိုးရှိသော်လည်း ၊ မိမိအသက်နှင့် ရင်းရလောက်အောင်မူ မတန်ပေ မဟုတ်ပါလော။

သို့သော် သူသည် တုကျန်းအပေါ် အထင်ကြီးစရာ သိပ်မရှိသော်လည်း ၊ တုကျန်း၏သား တုယွီကိုမူ သေချာပေါက် မှတ်မိနေပေသည်။ အကယ်၍ တုအိမ်တော်အတွင်း၌ ယခင်တုပိုင်ကို အနိုင်ကျင့်ဆုံးသူဟူ၍ လက်ညှိုးထိုးရလျှင် ၊ ထိုသူမှာ တုယန် မဟုတ်ဘဲ တုယွီသာ ဖြစ်ပေသည်။

တုယန်သည် တုပိုင်ထံမှ အရာအားလုံးကို ရယူသွားခဲ့သော်လည်း ၊ သူသည် မိမိကိုယ်ကို ဉာဏ်ကြီးရှင်ဟု သတ်မှတ်ထားပြီး တုပိုင်ကို အထင်သေး ရွံရှာသော အကြည့်ဖြင့်သာ ကြည့်ရှုလေ့ရှိကာ ၊ အနိုင်ကျင့်ရန်ပင် ဝန်လေးနေခဲ့သည်။

သို့သော် သူ့ထက် တစ်နှစ်ငယ်သော တုယွီမှာမူ ၊ ဖခင်ဖြစ်သူ တုကျန်းသည် နှစ်ပေါင်းများစွာ အိမ်နှင့်ဝေးရာ၌ အရာရှိ ဖြစ်နေသောကြောင့် ၊ အဘွားဖြစ်သူ၏ အဆောင်၌ ကြီးပြင်းလာကာ အလိုလိုက် ခံထားရသူ ဖြစ်သည်။ သူသည် တုမိသားစု၏ အာဏာရှင်ငယ်တစ်ဦး ဖြစ်ပြီး ၊ တုပိုင်ကို ရက်အနည်းငယ်ကြာတိုင်း အပျော်သဘော အနိုင်ကျင့်လေ့ရှိကာ ၊ လုံးဝ ထိန်းသိမ်းမရပေ။ လက်သီးဖြင့်ထိုးခြင်း ၊ ခြေထောက်ဖြင့်ကန်ခြင်းတို့သည် သေးနုပ်သော ကိစ္စရပ်များ ဖြစ်ပြီး ၊ တုပိုင် ကုန်းကုန်းခွေး ဖြစ်မှန်း သိလိုက်ပြီးနောက်တွင် ကုန်းကုန်းခွေးဆိုသည်မှာ မည်သို့သော ပုံစံရှိသည်ကို သူသည် အမြဲတမ်း ကြည့်ရှုချင်ခဲ့လေသည်။

ထို့အပြင် အသက် ၁၃ နှစ်အရွယ်၌ပင် ၊ တုဖိန်အာ၏ ရင်သားများ လက်သီးဆုပ်လောက် အရွယ်အစား ရှိလာပါက သူမကို သိမ်းပိုက်မည်ဟု ကြွေးကြော်ခဲ့ဖူးလေသည်။

ထိုအချိန်၌ပင် အပြင်ဘက်မှ အလျင်စလို ခြေသံများ ကြားလိုက်ရပြီး ၊ သခင်မကြီးဝူသည် မျက်နှာပျက်ယွင်းလျက် ပြေးဝင်လာကာ အော်ဟစ်လိုက်သည်။ “သခင်လေးတု ၊ ဖိန်အာကို မြန်မြန် ကယ်ပါဦး ၊ ဟိုသခင်လေးတုက ဘယ်လိုအကြောင်းကြောင့်မှန်း မသိဘဲ ဖိန်အာကို မှတ်မိသွားပြီး သူ့အခန်းထဲကို အတင်း ဆွဲခေါ်သွားပါပြီ”

ထိုစကားကို ကြားလိုက်ရသောအခါ တုပိုင်၏ နှလုံးသားသည် ချက်ချင်း ပေါက်ကွဲသွားတော့မတတ် ဖြစ်သွားလေသည်။ သူသည် လီစန်း ၊ လီစစ်နှင့် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် လေးဦးနှင့်အတူ ချက်ချင်း ပြေးထွက်သွားတော့သည်။

ပြည်နယ်အုပ်ချုပ်ရေးမင်းကြီးအသစ် တုကျန်း ပြောင်းရွှေ့လာကြောင်း သိလိုက်ရပြီးနောက် ၊ တုပိုင်သည် သူတို့နှင့် ခပ်ကွာကွာနေရန် စီစဉ်ထားခဲ့သည်။

အကယ်၍ တစ်ဖက်လူသည် တုမိသားစုဝင် သက်သက်သာဖြစ်ပါက ၊ တုပိုင် သွားရောက်ပြီး ပါးရိုက်ပစ်လိုက်မည် ဖြစ်သည်။

သို့သော် တစ်ဖက်လူသည် ပြည်နယ်အုပ်ချုပ်ရေးမင်းကြီး ဖြစ်နေပြီး ၊ တုပိုင်အနေဖြင့် သူ့ရည်ရွယ်ချက်ကို မသိရသေးသဖြင့် ၊ မဆင်မခြင် ဆက်သွယ်၍ မဖြစ်ချေ။ အနည်းဆုံးတော့ တုကျန်း ပြည်နယ်ဘုရင်ခံ ကျန်းရန်မင်နှင့် တွေ့ဆုံပြီး သူ့သဘောထားကို သိရှိသည်အထိ စောင့်ဆိုင်းပြီးမှ ၊ ဤတုကျန်းကို မည်သို့ ကိုင်တွယ်ရမည်ကို ဆုံးဖြတ်ရပေလိမ့်မည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် သူသည် အရှေ့ဘက်ကွပ်ကဲရေးရုံး၏ တပ်မှူးငယ် တစ်ဦး ဖြစ်သည်။ ကြီးကြီးကျယ်ကျယ် ပြောရလျှင် သူသည် ကွမ်ရှီးအရှေ့ဘက်ကွပ်ကဲရေးရုံး၏ သခင်လေး ဖြစ်သည်။ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို တာဝန်ဝတ္တရားများကြား ဝင်ရောက်စွက်ဖက်ခွင့် မပြုနိုင်ပေ။

ယခုမူ သူက တစ်ဖက်လူကို မရန်စသော်လည်း ၊ တစ်ဖက်လူက သူ့ကို တက်တက်ကြွကြွ လာရောက် ရန်စလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ ဤသို့ဆိုလျှင်မူ သူ ရက်စက်မိပါက အပြစ်ဖြစ်မည်မဟုတ်တော့ချေ။

တုဖိန်အာသည် ပြည်နယ်အုပ်ချုပ်ရေးမင်းကြီးအသစ် ပြောင်းရွှေ့လာသည်ဟု ကြားသိရသော်လည်း ၊ သူ့နာမည်မှာ တုကျန်း ဖြစ်ကြောင်း ၊ မြို့တော် တုမိသားစု၏ စတုတ္ထသခင် ဖြစ်ကြောင်း မသိခဲ့ပေ။ သို့သော် သူမသည် အလိုအလျောက်ပင် ရှောင်ရှားနေခဲ့သည်။

တုကျန်းသည် သူ့ဇနီးနှင့် အငယ်ဆုံးသား တုယွီကို ခေါ်ဆောင်ပြီး ယခုတစ်ကြိမ် ပြည်နယ်အုပ်ချုပ်ရေးမင်းကြီး ရာထူး လာယူခြင်း ဖြစ်သည်။ တစ်ချက်မှာ သူ့သား၏ ပညာရေးကို ကြီးကြပ်ရန် ဖြစ်ပြီး ၊ နောက်တစ်ချက်မှာမူ တုယွီသည် မြို့တော်ရှိ အဘွားဖြစ်သူ၏ အလိုလိုက်မှုကြောင့် ပျက်စီးနေပြီး လုံးဝ ဥပဒေမဲ့ ဖြစ်နေသဖြင့် ၊ သူ့ကို သေချာ ဆုံးမသွန်သင်ရန် ခေါ်ဆောင်လာခြင်း ဖြစ်သည်။

တုယွီသည် မြို့တော်မှ ထွက်ခွာရသဖြင့် အလွန် စိတ်လှုပ်ရှားနေလေသည်။ ဝူမိသားစု အိမ်တော်သို့ ပြောင်းရွှေ့လာပြီးနောက် သူ ငြိမ်သက်စွာ မနေနိုင်ပေ။ မာနကြီးသော အစေခံအချို့နှင့်အတူ လျှောက်သွားပြီး ၊ ဝူမိသားစု အိမ်တော်သည် မည်မျှ ရိုင်းစိုင်းပြီး တောဆန်ကြောင်း ထောက်ပြကာ ၊ တစ်လမ်းလုံး မာန်မာန ထောင်လွှားစွာဖြင့် လျှောက်လှမ်းနေခဲ့သည်။

မူလက ယောကျ်ားတစ်ယောက် အနေဖြင့် ၊ သူသည် ၁၇ နှစ် ရှိနေပြီ ဖြစ်သောကြောင့် အိမ်ရှင်မိသားစု၏ အမျိုးသမီးများ နေထိုင်ရာ ခြံဝင်းအတွင်းသို့ မဝင်သင့်ပေ။

သို့သော် တုယွီသည် ဤအရာအားလုံးကို ဂရုမစိုက်ခဲ့ပေ။ သူသည် မြို့တော်၌ပင် ဥပဒေမဲ့ နေထိုင်ခဲ့ရာ ၊ ကွမ်ရှီးပြည်နယ်ကဲ့သို့ ဝေးလံခေါင်သီပြီး ဆင်းရဲသော နေရာမှ တောသား သူဌေးတစ်ဦး၏ အိမ်လောက်ကတော့ ပြောစရာ လိုသေးပါသလော။ သူသည် ပြည်နယ်အုပ်ချုပ်ရေးမင်းကြီး၏ သား ဖြစ်သည် ၊ ထို့ကြောင့် သူသည် ဝင်လိုသလို ဝင်ချသွားလိုက်သည်။ တံခါးစောင့် အစေခံ အမျိုးသမီးများက သူ့ကို ခဏတာ တားဆီးရန် ကြိုးစားသော်လည်း တိုက်ရိုက် တွန်းဖယ်ခံလိုက်ရသည်။

မထင်မှတ်ဘဲ တုယွီ ခြံဝင်းထဲသို့ ဝင်ရောက်လာပြီးနောက် တုဖိန်အာကို တွေ့လိုက်ရလေသည်။

အစပိုင်းတွင် သူမ၏ ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်နှင့် လှပသော မျက်နှာလေးကြောင့် စိတ်ဝင်စားသွားခဲ့သည်။ နောက်ပိုင်းတွင် သူမကို ရင်းနှီးသလို ခံစားရပြီး ၊ ထိုအခါမှသာ ဤအမျိုးသမီးသည် တုဖိန်အာ ဖြစ်ကြောင်း မှတ်မိသွားတော့သည်။

“တုဖိန်အာ ၊ မင်းက တကယ်ကြီး ဒီမှာ ရှိနေတာလား” တုယွီက အားရပါးရ ရယ်မောလိုက်သည် ၊ “ငါ မြို့တော်တုန်းက မင်းကို ပြောခဲ့တယ်လေ။ ငါ ခဏလေး ထွက်သွားပြီး ပြန်လာတော့ မင်း မရှိတော့ဘူး ၊ မင်းတို့ မိသားစု တစ်ခုလုံးက ဟိုကုန်းကုန်းခွေး အရူးကောင် တုပိုင်နဲ့အတူ ပျောက်ချင်းမလှ ပျောက်သွားကြတာလေ။ ငါ့မှာ အချိန်အကြာကြီး စိတ်ပျက်နေခဲ့ရတာ ၊ နေ့တိုင်း ဟိုအရူးကောင်ကို အနိုင်မကျင့်ရတော့သလို ၊ မင်းကိုလည်း သိမ်းပိုက်ခွင့် မရတော့ဘူး။ ငါအခု ကြိုးစားစရာမလိုဘဲ ရှာတွေ့သွားမယ်လို့ ထင်မထားမိဘူး”

တုဖိန်အာသည်လည်း တုယွီကို မြင်လိုက်ရသောအခါ ကြောင်အမ်းသွားပြီး ၊ ဤမာရ်နတ်မင်း ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ တုမိသားစုတွင် တုဖိန်အာသည် ဤလူယုတ်မာကို အကြောက်ဆုံး ဖြစ်သည် ၊ အဘယ်ကြောင့်ဆိုသော် သူသည် တုပိုင်ကို တကယ်ပင် စည်းလွတ်ဝါးလွတ် အနိုင်ကျင့်ခဲ့သောကြောင့် ဖြစ်သည်။

“ကွက်တိပဲ ၊ ကွက်တိပဲ။ မင်း ၊ အစေခံမ ၊ ငါ့အခန်းကို လာပြီး ပြုစုပေးစမ်း။ ငါ ပြန်ရင် မင်းကိုပါ ခေါ်သွားမယ်။ ဒီနှစ်တွေအတွင်း ငါ မင်းကို လွမ်းနေတာ” တုယွီက အားရပါးရ ရယ်မောလိုက်ပြီး ရှေ့သို့ တိုက်ရိုက် တိုးလာကာ တုဖိန်အာ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။

ဤသခင်လေးသည် တကယ်ပင် အပျော်အပါး မက်သူ ဖြစ်ပေသည်။ မြို့တော်၌ဆိုလျှင် သူသည် ပြည့်တန်ဆာအိမ်များ၌သာ ဤသို့ပြုမူလေ့ ရှိသည်။ သို့သော် ဤနေရာသည် ကွမ်ရှီးပြည်နယ် ဖြစ်ပြီး ၊ တစ်ဖက်လူမှာ တုအိမ်တော် အစေခံ၏ သမီး ဖြစ်နေသည်။ ဤကဲ့သို့သော လူမျိုးများသည် သူတို့သခင်ပိုင် ပစ္စည်းများသာ ဖြစ်ပြီး ၊ သူမကို ထိတွေ့ရန် နေနေသာသာ ၊ သတ်ပစ်လိုက်လျှင်ပင် ဘာမှမဟုတ်သော ကိစ္စသာ ဖြစ်သည်။

တုဖိန်အာ အပြင်းအထန် ရုန်းကန်လိုက်ပြီး စကားတစ်ခွန်းမျှ မပြောဘဲ ချက်ချင်း ထွက်ပြေးရန် ကြိုးစားလိုက်သည်။ ဤအချိန်တွင် အရေးအကြီးဆုံးမှာ ဝေးဝေးသို့ ထွက်ပြေးရန်သာ ဖြစ်သည်ကို သူမ သိနေသည် ၊ အဘယ်ကြောင့်ဆိုသော် တရားမျှတမှု ဆိုသည်မှာ ရှိလာမည် မဟုတ်သောကြောင့် ဖြစ်သည်။

“ဟားဟား ၊ ပြေးချင်သေးတယ်ပေါ့လေ” တုယွီက အားရပါးရ ရယ်မောလိုက်သည် ၊ “ဒီနေ့ မင်းက ငါ့လက်ထဲ ပြန်ရောက်လာပြီပဲ ၊ ထွက်ပြေးဖို့ စိတ်ကူးမယဉ်နဲ့တော့”

ထို့နောက် တုယွီသည် ကြွက်ကို ကစားနေသော ကြောင်တစ်ကောင်ကဲ့သို့ တုဖိန်အာကို လိုက်ဖမ်းလေသည်။

သို့သော် သူ့သိုင်းပညာသည် သာမန်မျှသာ ဖြစ်ပြီး ခဏတာ လိုက်ဖမ်းပြီးနောက် မောဟိုက်လာသည်။ သူသည် အစေခံအချို့ကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။ “သူကို ဖမ်းပြီး နံရံမှာ ကပ်ထားလိုက်စမ်း”

ချက်ချင်းပင် သိုင်းပညာ သင်ယူထားသော အစေခံ လေးဦး ရှေ့သို့ လျင်မြန်စွာ တိုးလာပြီး တုဖိန်အာ၏ လက်ကောက်ဝတ်များကို တိုက်ရိုက် ဖမ်းချုပ်ကာ နံရံတွင် ဖိကပ်ထားလိုက်ကြသည်။

တုဖိန်အာ အသေအလဲ ရုန်းကန်သော်လည်း မလှုပ်ရှားနိုင်ပေ။

“ပြေးလေ ၊ မင်း ဘယ်ကို ပြေးနိုင်ဦးမလဲ” တုယွီက ယုတ်မာတော့မည့် ဟန်ဖြင့် ရယ်မောလိုက်သည်။

အကယ်၍ တောသား သူဌေးတစ်ဦးသာဖြစ်ပါက တုယွီ ဤမျှလောက်ထိ စော်ကားရဲမည် မဟုတ်ပေ ၊ အဘယ်ကြောင့်ဆိုသော် သူသည် ဖခင်ဖြစ်သူ၏ ဂုဏ်သိက္ခာကို ထိခိုက်အောင် ပြုလုပ်၍ မရသောကြောင့် ဖြစ်သည်။ သို့သော် တုဖိန်အာ ဆိုသည့် ဤအစေခံဟောင်းကို မြင်လိုက်ရသောအခါ သူ မထိန်းနိုင်တော့ပေ။

တုဖိန်အာက အေးစက်စွာ ပြောလိုက်သည်။ “တုယွီ ၊ ငါ့ကို မထိနဲ့။ ငါ့မောင်လေး တုပိုင်က အခုဆို အရာရှိကြီး ဖြစ်နေပြီ။ နင် ငါ့ကို ထိရဲရင် ၊ သူ နင့်လက်ကို သေချာပေါက် ချိုးပစ်လိမ့်မယ်”

အပိုင်း ၂၈၇ ပြီး။

All Chapters