← Chapters

အခန်း (၂၈၈)

Vol. 29 Ch. 288

အခန်း (၂၈၈)

Vol. 29 Ch. 288

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၈၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ချက်ချင်းပင် တုယွီသည် အားရပါးရ ရယ်မောလိုက်သည်။

“တုပိုင် ဟုတ်လား။ ဟိုခွေးကုန်းကုန်း အရူးကောင်လား။ သူက လီဝမ်ဟွေ့ကို မွေးစားအဖေ အဖြစ် အသိအမှတ်ပြုထားတယ်ဆိုတာ ငါသိတယ် ၊ ဒါပေမဲ့ အခု လီဝမ်ဟွေ့က သေတော့မှာလေ ၊ ဒီတော့ အဲဒီအရူးကောင် တုပိုင်က ဘာကောင်မို့လို့လဲ။ ငါ့အဖေက ပြည်နယ်အုပ်ချုပ်ရေးမင်းကြီး ၊ သူက ခွေးကုန်းကုန်းလေး တစ်ကောင်ပဲ ရှိသေးတာ။ ငါက ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ပြဿနာရှာဖို့ စဉ်းစားနေတာ။ အဲဒီတုန်းက သူက ငါ့ခွင့်ပြုချက် မရဘဲ တိတ်တဆိတ် ထွက်ပြေးသွားတာလေ။ သူ ပျောက်သွားပြီး ငါ အိမ်ပြန်ရောက်တော့ ငါက ဘယ်သူ့ကို အနိုင်ကျင့်ရမှာလဲ။ ငါ ကွေ့လင်ရောက်ရင် သူ့အိမ်တံခါးကို အရင်ဆုံး ကန်ဖွင့် ၊ သူ့ဘောင်းဘီကို ဆွဲချပြီး အဲဒီခွေးကုန်းကုန်းက ဒီနှစ်အနည်းငယ်အတွင်း ပြောင်းလဲသွားတာ ရှိမရှိ ကြည့်ရမယ်”

“လောလောဆယ်တော့ ငါတို့ရဲ့ မိတ်ဟောင်းဆွေဟောင်း သံယောဇဉ်ကို ပြန်ဆက်ကြမယ်လေ ၊ မင်း ဘာစားပြီး ဒီလောက်တောင် ကြီးထွားလာရတာလဲဆိုတာ ကြည့်ရသေးတာပေါ့”

ထိုသို့ ပြောပြီးနောက် သခင်လေး၏ လက်များသည် တုဖိန်အာထံသို့ ရောက်ရှိလာလေသည်။

“တုယွီ”

တုပိုင်၏ အသံသည် နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။

တုယွီ ကြောင်အမ်းသွားပြီး သူ့လက်သည် လေထဲတွင် တန့်သွားသည်။ သူ လှည့်ကြည့်လိုက်ရာ တုပိုင်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားသည်။

“ခွေးကုန်းကုန်း အရူးကောင်။ မင်းလည်း ဒီမှာ ရှိနေတာလား။ ကွက်တိပဲ ၊ ကွက်တိပဲ။ မင်းလို ခွေးကုန်းကုန်းက ပြောင်းလဲသွားခြင်း ရှိမရှိ ငါ့ကို ကြည့်ခွင့်ပေးစမ်း”

တုပိုင်သည် ဤသခင်လေးကို ကြည့်လိုက်သည်။ မကြာသေးမီကမှ သူသည် တုယီမင်ကို သင်းကွပ်ခဲ့သည် မဟုတ်ပါလော။ တုယွီ မသိဘဲ နေမည်လော။ ထိုသို့ မဟုတ်လျှင် သူက အဘယ်ကြောင့် ဤမျှလောက်ထိ အရူးချင်ယောင် ဆောင်နေရသနည်း။

တုယွီ တကယ် မသိချေ ၊ တုယီမင် သင်းကွပ်ခံရတာကိုတောင် သူ မသိခဲ့ပေ။ မြို့တော်သို့ ပြန်ရောက်ပြီးနောက် တုယီမင်ထိုအကြောင်းကို ဖုံးကွယ်ထားခဲ့၏။ ထို့အပြင် တုပိုင်သည် တုမိသားစုတွင် တားမြစ်ထားသော အကြောင်းအရာ တစ်ခု ဖြစ်လာပြီး လူနည်းစုသာလျှင် သူ့အကြောင်း သိကြသည်။

ထို့အပြင် ဤတုယွီက သခင်လေးတစ်ယောက် ဖြစ်ပြီး လူကြီးတွေပြောသည်ကို တစ်စွန်းတစ်စလောက်သာ ကြားဖူးကာ ၊ တုပိုင်ကို လုံးဝ အလေးအနက် မထားခဲ့ပေ။ ထို့နောက် တုယွီက အစေခံ လေးဦးကို အမိန့်ပေးလိုက်သည်။

“သွား ၊ ဒီအရူးကောင်ကို သွားဖမ်း ၊ သူ့ဘောင်းဘီကို ဆွဲချပြီး ငါသေချာ စစ်ဆေးကြည့်မယ်”

ချက်ချင်းပင် ဤအစေခံ လေးဦးသည် တုပိုင်ထံသို့ တကယ် ပြေးဝင်လာကြသည်။

“သတ်ပစ်လိုက်” တုပိုင် အမိန့်ပေးလိုက်သည်။

“ရွှပ်”

လီစန်းနှင့် လီစစ်တို့ ဓားကို ဆွဲထုတ်လိုက်ပြီး အစေခံ လေးဦးကို တိုက်ရိုက် ထိုးသတ်လိုက်ကြသည်။

“ဒီငတုံးကို ဖမ်းထားလိုက်” တုပိုင် ပြောလိုက်သည်။

လီစန်း ရှေ့သို့ တိုးလာပြီး တုယွီ၏ လည်ပင်းကို ဖမ်းချုပ်လိုက်သည်။ တုပိုင် ရှေ့သို့ တိုးလာပြီး တုဖိန်အာကို နှစ်သိမ့်လိုက်သည်။

“အစ်မ ၊ သူ အစ်မကို ဘာမှမလုပ်လိုက်ဘူး မဟုတ်လား”

“မလုပ်ရသေးပါဘူး”

တုဖိန်အာ၏ မျက်နှာလေး ဖြူဖျော့နေပြီး တုပိုင်ကို တင်းကျပ်စွာ ဖက်ထားလေသည်။ သူမ တကယ်ကို လန့်ဖျပ်နေဆဲ ဖြစ်သည်။

တုပိုင်က မေးလိုက်သည် ၊ “သူ အစ်မကို ထိလိုက်သေးလား”

တုဖိန်အာက ပြောသည် ၊ “ဟင့်အင်း ၊ လက်ကောက်ဝတ်ကိုပဲ ကိုင်လိုက်တာ”

တုပိုင်က မေးသည် ၊ “ဘယ်ဘက်က လက်ကောက်ဝတ်လဲ”

တုဖိန်အာက ဖြေသည် ၊ “ညာဘက်လက်”

တုပိုင် ရှေ့သို့ တိုးလာပြီး ဓားကောက်ကို ဆွဲထုတ်ကာ တုယွီကို ပြောလိုက်သည်။

“မင်းရဲ့ ညာဘက်လက်ကို ထုတ်ပေးစမ်း”

တုယွီသည် မျက်စိရှေ့မှ အရာအားလုံးကြောင့် ကြောင်အမ်းနေပြီး ချက်ချင်းပင် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

“တုပိုင် ၊ အရူးကောင်။ မင်းက ငါ့အစေခံတွေကို သတ်ရဲတယ်ပေါ့လေ။ မင်း သတ္တိရှိလှချည်လား။ မင်း သေပြီသာမှတ် ၊ မင်း သေပြီ”

တုပိုင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဘေးရှိ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်တစ်ဦး ရှေ့သို့ တိုးလာပြီး တုယွီ၏ ညာဘက်လက်မောင်းကို ဖမ်းချုပ်ကာ ဆွဲဆန့်ပေးလိုက်သည်။

တုယွီ အော်ဟစ်လိုက်သည် ၊ “တုပိုင် ၊ မင်း ဘာလုပ်မလို့လဲ။ မင်း ငါ့ကို ထိရဲတယ်လား။ မင်း ဘယ်လိုလုပ်ရဲတာလဲ”

တုပိုင်က ပြောလိုက်သည် ၊ “အရူးကောင်”

ထို့နောက် သူ ဓားကို ဝှေ့ယမ်းကာ ပိုင်းချလိုက်ရာ တုယွီ၏ ညာဘက်လက် တိုက်ရိုက် ပြတ်ထွက်သွားလေသည်။ သွေးများက ရေပန်းကဲ့သို့ ပန်းထွက်လာလေ၏။

တုယွီသည် ပြတ်ထွက်သွားသော လက်ကို ကြောင်ကြည့်နေပြီးနောက် ၊ သွေးပျက်ဖွယ်ရာ စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။

“အားးး ၊ အားးးး”

“မင်း သေပြီ ၊ မင်း သေပြီ...” တုယွီသည် တုပိုင်ကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။

“သူ့ကို ဖိထားလိုက်” တုပိုင် အမိန့်ပေးလိုက်သည်။

လီစန်းက သူ့လည်ပင်းကို ဖမ်းချုပ်လိုက်ပြီး ၊ တုပိုင် ရှေ့သို့ တိုးလာကာ လက်နှစ်ဖက်ဖြင့် ရူးသွပ်မတတ် ပါးရိုက်လိုက်လေသည်။

“ဖြောင်းးးး ၊ ဖြောင်းးးး ၊ ဖြောင်းးးး ၊ ဖြောင်းးးး ၊ ဖြောင်းးးး”

သူ ပါးဆယ်ချက် ရိုက်လိုက်ရာ ၊ တုယွီ၏ ချောမောသော မျက်နှာသည် ဝက်ခေါင်းသဖွယ် ဖြစ်သွားတော့သည်။

“တောင်းပန်စမ်း” တုပိုင် တင်းမာစွာ ပြောလိုက်သည် ၊ “ငါ့အစ်မ ဖိန်အာကို တောင်းပန်လိုက်”

“အိမ်မက်သာ မက်နေလိုက်” တုယွီ တံတွေးတစ်လုပ် ထွေးထုတ်လိုက်သည်။

တုပိုင် ရှေ့သို့ ဆက်တိုးလာပြီး ထပ်မံ၍ ရူးသွပ်မတတ် ပါးရိုက်လိုက်ပြန်သည်။

“ဖြောင်းးးး ၊ ဖြောင်းးးး ၊ ဖြောင်းးးး ၊ ဖြောင်းးးး ၊ ဖြောင်းးးး”

“ဖြောင်းးးး ၊ ဖြောင်းးးး ၊ ဖြောင်းးးး ၊ ဖြောင်းးးး ၊ ဖြောင်းးးး”

ယခုတစ်ကြိမ်တွင် သူ ပါးပေါင်း ဒါဇင်နှင့်ချီ ရိုက်နှက်လိုက်သည်။

တုယွီ၏ မျက်နှာသည် လုံးဝ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီး ပါးစပ်ဖွင့်လိုက်သောအခါ သွားအချို့ ကျွတ်ထွက်လာသည်။

“တောင်းပန်စမ်း” တုပိုင် ပြောလိုက်သည်။

“မ... မဖြစ်နိုင်ဘူး” တုယွီ ပြောလိုက်သည်။

“သူ့ကို အသက်ရှူကျပ်အောင် လုပ်လိုက်” တုပိုင် အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် လီစန်းသည် စာရွက်တစ်ရွက်ကို ထုတ်ယူကာ ၊ ရေတစ်ခွက် သောက်ပြီး စာရွက်ပေါ်သို့ အားကုန် မှုတ်ထုတ်လိုက်ရာ စိုစွတ်သွားပြီး ၊ ထို့နောက် တုယွီ၏ မျက်နှာပေါ်သို့ တိုက်ရိုက် အုပ်လိုက်လေသည်။

တုယွီ ချက်ချင်း အသက်ရှူမရ ဖြစ်သွားပြီး ၊ တဖြည်းဖြည်းနှင့် ပို၍ မွန်းကြပ်လာကာ ၊ ပို၍ အသက်ရှူကျပ်လာသည်။

ဤခံစားချက်သည် အနာကျင်ဆုံး ဖြစ်ပြီး ၊ မည်သည့် နှိပ်စက်ညှဉ်းပန်းမှုထက်မဆို ပို၍ နာကျင်ရသည်။

ဤအချိန်တွင် သေမင်း၏ ကြောက်ရွံ့မှုသည် သူ့စိတ်ကို လွှမ်းခြုံသွားလေသည်။

သူ ရူးသွပ်မတတ် ဆတ်ခနဲ တုန်လှုပ်နေပြီး ၊ အသည်းအသန် တုန်ယင်နေသည်။

သို့သော် သူ လုံးဝ မလှုပ်ရှားနိုင်ဘဲ ၊ သေမင်း တဖြည်းဖြည်း နီးကပ်လာသည်ကိုသာ လက်မှိုင်ချ ကြည့်နေရသည်။

ယခင်က ဤသခင်လေး၏ မာန်မာန ထောင်လွှားမှုသည် ကျောရိုးရှိ၍ မဟုတ်ဘဲ ၊ မသိနားမလည်မှုကြောင့်သာ ဖြစ်သည်။ ယခု သေခြင်းတရား တကယ် နီးကပ်လာသောအခါ ၊ သူ၏ ဟန်ဆောင် မာကျောမှုများကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

တုယွီ အလွန်အမင်း နာကျင်ခံစားနေရပြီး ၊ အသက်ရှူကျပ်၍ သေဆုံးလုနီးပါး ဖြစ်နေချိန်တွင် ၊ တုပိုင် သူ့မျက်နှာပေါ်မှ စိုစွတ်နေသော စာရွက်ကို ဖယ်ရှားလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“တောင်းပန်စမ်း”

အသက်ပြန်ရှူခွင့် ရပြီးနောက် တုယွီ အသည်းအသန် အသက်လုရှူနေရသည်။

“တောင်းပန်စမ်း ၊ မဟုတ်ရင် ငါ မင်းကို သတ်ပစ်မယ်” တုပိုင် အေးစက်စွာ ပြောလိုက်သည်။

အချိန်အတော်ကြာပြီးနောက် တုယွီ တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။

“တောင်း... တောင်းပန်ပါတယ်”

လီစန်းနှင့် လီစစ်တို့ အားစိုက်လိုက်ရာ ၊ သူ့ကို မြေပြင်ပေါ်သို့ တိုက်ရိုက် ဒူးထောက်စေပြီး ၊ တုဖိန်အာကို ဦးခိုက်စေလိုက်သည်။

“တောင်း... တောင်းပန်ပါတယ်...” တုယွီ ထပ်မံ တောင်းပန်လိုက်ပြီး ၊ ထို့နောက် ငိုကြွေးလိုက်ကာ တစ်ကိုယ်လုံး တုန်ယင်နေလေသည်။

အမြဲတမ်း ဥပဒေမဲ့ နေထိုင်ခဲ့သောသူသည် ဘယ်သောအခါမှ အရှုံးနှင့် မကြုံတွေ့ခဲ့ဖူးပေ။ ဤနေ့ သူ့ညာဘက်လက် ပြတ်သွားချိန်တွင် သူ လန့်ဖျပ်ပြီး ဒေါသထွက်ရုံသာ ရှိသေးသည် ၊ ကြောက်ရွံ့ဖို့ အချိန်ပင် မရလိုက်ပေ။

နောက်ပိုင်းတွင် သေမင်း၏ လွှမ်းခြုံမှုကို ခံလိုက်ရသောအခါ ၊ သူသည် ဝိညာဉ်၏ နက်ရှိုင်းသော နေရာမှ တုန်လှုပ်မှုကို အမှန်တကယ် ခံစားလိုက်ရသည်။

ယခင်က သူ စိတ်ကြိုက် အနိုင်ကျင့်ခဲ့သော ဤတုပိုင်သည် ယခုအခါ ဤမျှလောက်ထိ ကြောက်မက်ဖွယ် ကောင်းနေလေ၏။ ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသော သခင်မကြီးဝူသည် ကြောက်လွန်း၍ မျက်နှာဖြူဖျော့နေပြီး ၊ တစ်ကိုယ်လုံး တုန်ယင်လျက် ပြောလိုက်သည်။

“သခင်လေးတု ၊ ဘယ်လိုလုပ်ကြမလဲ။ ဒါက ပြည်နယ်အုပ်ချုပ်ရေးမင်းကြီးရဲ့ သခင်လေးလေ”

တုပိုင်က ပြောလိုက်သည် ၊ “သခင်မကြီးဝူ ၊ စိတ်ချပါ ၊ ဒီကိစ္စကို ကျွန်တော် ဝင်ပါမိမှတော့ ၊ အဆုံးထိ ရှင်းပေးပါ့မယ်။ ပြည်နယ်အုပ်ချုပ်ရေးမင်းကြီး တုကျန်းက ဘယ်မှာ နေတာလဲ”

သခင်မကြီးဝူက ပြောလိုက်သည် ၊ “အရာရှိမင်းတုက အခု စီရင်စုမြို့ထဲမှာ ညစာစားပွဲ တက်ရောက်နေပါတယ် ၊ စီရင်စုမှူးနဲ့ စီရင်စုခွဲမှူးတို့လည်း ပါပါတယ်။ ကျွန်မယောကျ်ားနဲ့ ယန်မင်တို့က ဧည့်ခံစရိတ် ကျခံပေးရပေမဲ့ ၊ ကျွန်မတို့အတွက် နေရာရှိမရှိ မသိပါဘူး”

ဤအခြေေအနေက သာမန်သာဖြစ်၏။ ကုန်သည်တစ်ယောက်အနေဖြင့် အတူထိုင်ရန်ဖို့ စိတ်မကူးသင့်ပေ။ ကုန်ကျစရိတ်ရှင်းခွင့်ရသည်ကပင် ဂုဏ်ယူစရာဖြစ်နေရသည်။

သို့သော် တုယွီသည် ညစာစားပွဲသို့ ဖိတ်ကြားခြင်း မခံရပေ ၊ ယင်းကိုကြည့်ခြင်းအားဖြင့် တုကျန်းသည် သူ့၏ ကလေကချေအုတ်ကြားမြက်ပေါက် သားမိုက်အပေါ် အလွန် မနှစ်သက်ကြောင်း ပြသနေသည်။

“ဒါဆိုရင် ၊ ဒီကောင် ၊ ပြည်နယ်အုပ်ချုပ်ရေးမင်းကြီးရဲ့ တခြားမိသားစုဝင် ဘယ်သူတွေ ဝူမိသားစုအိမ်တော်မှာ ရှိနေသေးလဲ” တုပိုင် မေးလိုက်သည်။

သခင်မကြီးဝူက ပြောလိုက်သည် ၊ “ပြည်နယ်အုပ်ချုပ်ရေးမင်းကြီးရဲ့ ဇနီးလည်း ရှိပါသေးတယ်။ သူက ပိုပြီး မာန်ကြီးပါသေးတယ်။ ရောက်ရောက်ချင်းပဲ ကျွန်မနေတဲ့ ခြံဝင်းကို သိမ်းပိုက်လိုက်တယ်။ စောင်တွေ ၊ အိပ်ရာခင်းတွေ အကုန်လုံး လွှင့်ပစ်လိုက်ပြီး ၊ လက်ဖက်ရည်အိုးနဲ့ ပန်းကန်ခွက်ယောက်တွေကိုတောင် အသစ်စက်စက် လဲလှယ်ခိုင်းတယ်”

“ကျွန်တော့်ကို အဲဒီ ခေါ်သွားပေးပါ” တုပိုင် ပြောလိုက်သည်။

သခင်မကြီးဝူသည် တုပိုင် ဘာလုပ်မည်ကို မသိသဖြင့် အနည်းငယ် ကြောက်ရွံ့ကာ ခဏတာ တုံ့ဆိုင်းနေလေသည်။

“မြန်မြန်လုပ်” တုပိုင်၏ အသံသည် အေးစက်သွားသည်။

“ဟုတ်... ဟုတ်ကဲ့ပါ” သခင်မကြီးဝူ ပြောလိုက်သည်။

သခင်မကြီးဝူသည် တုပိုင်ကို အိမ်တော်ရှိ အကောင်းဆုံး ခြံဝင်းဆီသို့ ခေါ်ဆောင်သွားပြီး ၊ ထိုနေရာတွင် တုကျန်း၏ ဇနီး ၊ တုယွီ၏ မိခင် နေထိုင်လေသည်။

“ရပ်လိုက်စမ်း” တံခါးဝသို့ပင် မရောက်သေးမီ ၊ အစေခံအမျိုးသမီး တစ်ဦးက အော်ဟစ်လိုက်သည် ၊ “အထဲမှာ ဘွဲ့ရသခင်မ နေထိုင်တာ ၊ မင်းတို့က ဘယ်လိုလုပ် နှောင့်ယှက်ရဲတာလဲ။ ချက်ချင်း ဆုတ်ခွာသွားကြ”

တုပိုင်သည် လူများကို ဦးဆောင်ပြီး တိုက်ရိုက် ဝင်ရောက်သွားရာ ၊ အစေခံအမျိုးသမီးက သူ့ပါးကို ရိုက်လိုက်သည်။

“ဂျွတ်...”

လီစန်း ရှေ့သို့ တိုးလာပြီး သူမ၏ လက်ကောက်ဝတ်ကို တိုက်ရိုက် ချိုးလိုက်ရာ ၊ ချက်ချင်းပင် နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။

“ဘာတွေ ဆူညံနေတာလဲ။ ငါ့ကို ကောင်းကောင်းမွန်မွန် အနားယူခွင့် မပေးချင်ကြဘူးလား။ ငါ့ခေါင်း ပေါက်ကွဲတော့မယ်” ကျက်သရေရှိသော အမျိုးသမီးတစ်ဦး၏ ဆူပူသံ ထွက်ပေါ်လာသည်။

ဤသခင်မတု ၊ တုပိုင်၏ စတုတ္ထမြောက် အဒေါ်သည် နယ်စားပယ်ရာ သူကောင်းမျိုးနွယ်စုမှ ဆင်းသက်လာသူ ဖြစ်သည်။ သူမသည် ငယ်စဉ်ကတည်းက အလိုလိုက်ခံရပြီး ၊ တုမိသားစုသို့ လက်ထပ်ရောက်ရှိလာချိန်တွင်လည်း သူမ၏ မာန်မာနကို ထိန်းသိမ်းထားခဲ့သည်။

လက်တွေ့တွင် သူမ၏ ပူယန်နယ်စားအိမ်တော်သည် ကျဆင်းနေပြီ ဖြစ်ပြီး ၊ သူမ၏ အကြီးကျယ်ဆုံး ဂုဏ်ပုဒ်မှာ တုကျန်း၏ ဇနီး ဖြစ်နေခြင်းသာ ဖြစ်သည်။

သို့သော် သူမသည် ဟန်ဆောင်ရတာကို အထူးနှစ်သက်သည်။ သူမ တုအိမ်တော်တွင် ရှိစဉ်က လူတိုင်းကို လျစ်လျူရှုထားခဲ့ပြီး ၊ တုပိုင်ကိုမူ လုံးဝ အလေးအနက် မထားခဲ့ပေ။

“သခင်မတု ၊ ဟုတ်တယ်မလား” တုပိုင်က ပြောလိုက်သည် ၊ “ခင်ဗျား ဒီမှာ ဆက်နေလို့ မရတော့ဘူး ထင်တယ်။ ကျေးဇူးပြုပြီး ချက်ချင်း ထွက်သွားပေးပါ ၊ အိမ်ရှင်က ခင်ဗျားကို မကြိုဆိုဘူး”

ထိုစကား ထွက်ပေါ်လာသည်နှင့် သခင်မကြီးဝူ တုန်လှုပ်သွားလေသည်။ ထိုစကား ထွက်ပေါ်လာသည်နှင့် အထဲတွင် တိတ်ဆိတ်သွားသည်။

ချက်ချင်းပင် ကျက်သရေရှိပြီး ပြည့်ဖြိုးသော အမျိုးသမီးတစ်ဦး လမ်းလျှောက်ထွက်လာပြီး ၊ ကြည့်ကောင်းနေဆဲ ဖြစ်သည်။

သူမသည် တုကျန်း၏ ဇနီး ၊ ပူယန်နယ်စားအိမ်တော်မှ သခင်မကျန်း ဖြစ်လေသည်။

တုပိုင်ကို မြင်လိုက်ရသောအခါ ၊ သူမ၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။ ထိုလူယုတ်မာကို ဤနေရာမှာ တွေ့ရလိမ့်မယ်လို့ သူမ ထင်မထားခဲ့ပေ။

တခြားလူတွေက တုပိုင်အကြောင်း သော်လည်း သူမ သိသည်။ သို့သော် သူမ သိပ်အလေးအနက် မထားခဲ့ပါ ၊ အဘယ်ကြောင့်ဆိုသော် တုပိုင်၏ ကျောထောက်နောက်ခံသည် စတုတ္ထအဆင့်ရှိ ငြိမ်းချမ်းရေးမင်းကြီး တစ်ဦးသာ ဖြစ်ပြီး ၊ ထိုလူမှာလည်း ကျဆုံးနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။

“တုပိုင် ၊ မင်း ဘာလုပ်နေလဲဆိုတာ မင်းသိရဲ့လား” သခင်မတုက အေးစက်စွာ ပြောလိုက်သည်။

တုပိုင်က ပြောလိုက်သည် ၊ “ခင်ဗျားက သူများအိမ်မှာ လာနေပြီးတော့ အိမ်ရှင်ကို မောင်းထုတ်တယ် ၊ ခင်ဗျားရဲ့ သားမိုက်က အိမ်ရှင်ရဲ့ သခင်မလေးကိုတောင် မတော်မတရား လုပ်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ အဲဒီသခင်မလေးက ကျုပ်အစ်မ တုဖိန်အာပဲ”

အပိုင်း ၂၈၈ ပြီး။

All Chapters