← Chapters

အခန်း (၂၈၉)

Vol. 29 Ch. 289

အခန်း (၂၈၉)

Vol. 29 Ch. 289

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၈၉

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

တုဖိန်အာ၏ အမည်ကို ကြားလိုက်ရသောအခါ သခင်မကြီးတု ချက်ချင်း မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။

“ဟိုမိန်းမယုတ်လေးလား။ သူ ဒီမှာရှိမှန်း သိခဲ့ရင် ဖိတ်တောင် ငါတို့ဒီမာလာတည်းမှာ မဟုတ်ဘူး။”

တုပိုင်က ပြောလိုက်သည် ၊ “ခင်ဗျားရဲ့သားက ဆုံးမသွန်သင်မှု မရှိဘူး ၊ ပြီးတော့ ကျုပ်အစ်မရဲ့ လက်ကောက်ဝတ်ကို ဆွဲကိုင်ခဲ့တယ်။ ဒါကြောင့် ကျုပ်က သူ့လက်ကို ဖြတ်လိုက်တယ်။ သူက စကားနားမထောင်လို့ ကျုပ်က သူ့ပါးကိုလည်း အချက်တစ်ရာ ရိုက်လိုက်သေးတယ်။ အခုတော့ သူ လိမ္မာသွားပါပြီ။ ကျုပ် ဆုံးမပေးတဲ့အတွက် ကျေးဇူးတင်စရာ မလိုပါဘူး”

ထိုစကား ထွက်ပေါ်လာသည်နှင့် စတုတ္ထသခင်မကြီးတု ၊ သခင်မကျန်း၏ မျက်နှာ ပျက်ယွင်းသွားလေသည်။ တုပိုင် လက်ဝှေ့ယမ်းလိုက်ရာ ၊ ဝက်ခေါင်းကဲ့သို့ မျက်နှာဖူးရောင်နေပြီး ၊ ညာဘက်လက်ကောက်ဝတ် ပြတ်နေသော တုယွီကို နောက်ကျောဘက်မှ တွန်းထုတ်လိုက်သည်။

“အားးး” စတုတ္ထသခင်မကြီးတု ၊ သခင်မကျန်းသည် ချက်ချင်း အံ့သြတကြီး အော်ဟစ်လိုက်ပြီး ၊ မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်သွားသည်။

လူယုတ်မာ တုပိုင်သည် မည်သို့လုပ်၍ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို ပြုလုပ်ရဲပါသနည်း။ ဤသည်မှာ ပြည်နယ်အုပ်ချုပ်ရေးမင်းကြီး၏ သား ၊ တုမိသားစု၏ တရားဝင် မြေးရင်း ဖြစ်ပေသည်။ သူသည် အသုံးမကျသော ဆန်ကုန်မြေလေးတစ်ဦး ဖြစ်ပြီး ၊ သူ့အဆင့်အတန်းသည် တုယန်အောက် များစွာ နိမ့်ကျနေသော်လည်း ၊ သူသည် တုမိသားစု၏ တရားဝင် သခင်လေး ဖြစ်နေဆဲပင်။

တုပိုင်သည် မည်သို့လုပ်၍ သူ့လက်ကို ဖြတ်ရဲသနည်း။ မည်သူကို အားကိုး၍ ဤကဲသို့လုပ်ရဲသည်နည်း။

“မင်း တိရစ္ဆာန်ကောင် ၊ မင်း ဘယ်လိုလုပ်ရဲတာလဲ” စတုတ္ထသခင်မကြီးတု ၊ သခင်မကျန်းသည် တုပိုင်ကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။

တုပိုင်က ပြောလိုက်သည် ၊ “ဝူမိသားစုအိမ်တော်က ခင်ဗျားတို့ကို မကြိုဆိုဘူး။ အခုချက်ချင်း ထွက်သွားကြ။ ကျုပ် အတင်းအကြပ် မောင်းထုတ်တာကို မစောင့်ပါနဲ့”

စတုတ္ထသခင်မကြီးတု၏ မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်နေပြီး ၊ သူမက အံကြိတ်ကာ ပြောလိုက်သည်။

“တုပိုင် ၊ မင်း သေပြီ ၊ မင်း သေပြီ။ သခင်ကြီး ပြန်ရောက်လာရင် မင်းကို သတ်လိမ့်မယ် ၊ တိရစ္ဆာန်ကောင်”

“ခင်ဗျားက ကောင်းကောင်းပြောတာကို နားမထောင်ချင်ဘူးပဲ” တုပိုင် အေးစက်စွာ ပြောလိုက်သည် ၊ “လုပ်ကြ”

လီစစ်နှင့် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်အချို့ ရှေ့သို့ တိုးလာပြီး ၊ မဏ္ဍပ်ဆောင်အတွင်း ဝင်ရောက်ကာ ၊ သခင်မကြီးတု၏ ပစ္စည်းများ အားလုံးကို အပြင်သို့ လွှင့်ပစ်လိုက်ကြသည်။ သူမ ယူဆောင်လာသော ကြွေထည်ပစ္စည်းများ အားလုံးကိုလည်း မြေပြင်ပေါ်သို့ ပစ်ခွဲလိုက်ကြသည်။

လီစန်းနှင့် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်အချို့ ရှေ့သို့ တိုးလာပြီး ပြောလိုက်သည် ၊ “သခင်မတု ၊ ကိုယ့်ဘာသာ ထွက်သွားမလား ၊ ဒါမှမဟုတ် ကျုပ်တို့ ဆွဲထုတ်ရမလား”

မည်မျှ ကြီးမားသော အရှက်ခွဲမှုနည်း ၊ မည်မျှ ကြီးမားသော အရှက်ခွဲမှုနည်း။ စတုတ္ထသခင်မကြီးတုသည် ဤကဲ့သို့သော အရှက်ခွဲမှုကို တစ်ခါမှ မကြုံဖူးခဲ့ပေ။ သူမ၏ လှပသော မျက်နှာသည် ချက်ချင်း ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီး ၊ သူမ အံကြိတ်ကာ ပြောလိုက်သည်။

“တုပိုင် ၊ မင်း သေပြီ ၊ မင်း သေပြီ...”

“သွားမယ်”

စတုတ္ထသခင်မကြီးတုသည် အစေခံအမျိုးသမီး ဒါဇင်ပေါင်းများစွာ ခြံရံလျက် ၊ ဝူမိသားစုအိမ်တော်မှ ဒေါသတကြီး ထွက်ခွာသွားလေသည်။ သူမသည် သတိမေ့မြောနေသော တုယွီကို သယ်ဆောင်သွားပြီး ၊ ပြတ်ထွက်သွားသော သူ့ညာဘက်လက်ကိုလည်း ကောက်ယူသွားသည်။

ရထားလုံးပေါ် မတက်ခင် ၊ စတုတ္ထသခင်မကြီးတု ၊ သခင်မကျန်းသည် ဝူမိသားစုအိမ်တော်ကို ပြန်လှည့်ကြည့်ကာ အံကြိတ်ပြီး အော်ဟစ်လိုက်သည်။

“တုပိုင် ၊ မင်း စောင့်နေလိုက်။ ဒီနေ့ ငါ မင်းကို မသတ်ရရင် ၊ ငါ့နာမည် ကျန်း မဟုတ်ဘူး။ ငါ ဒီစုတ်ပြတ်နေတဲ့ ခြံဝင်းကို မြေလှန်ပစ်ပြီး ၊ ဟိုမိန်းမယုတ်လေး တုဖိန်အာကို မသတ်ရရင် ၊ ငါ လူမဟုတ်ဘူးလို့ ကျိန်ဆိုတယ်”

ထို့နောက် သခင်မတုနှင့် အဖွဲ့သည် စီရင်စုမြို့ဘက်သို့ ဦးတည် ထွက်ခွာသွားကြသည်။ တုပိုင်သည် ဝူမိသားစုအိမ်တော်အတွင်း၌ ပြည်နယ်အုပ်ချုပ်ရေးမင်းကြီးအသစ် တုကျန်း ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

“သခင်လေး ၊ ဝူကျိုးအရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးကနေ စစ်တပ် ခေါ်လိုက်ရမလား” လီစန်း မေးလိုက်သည်။

တုပိုင် ခဏလောက် စဉ်းစားပြီး ပြောလိုက်သည် ၊ “လိုအပ်မယ်တော့ မထင်ဘူး ၊ ဒါပေမဲ့ ခေါ်ထားလိုက်ပါ”

“ဟုတ်ကဲ့ပါ”

လီစန်းနှင့် လီစစ်တို့ ချက်ချင်း လှောင်အိမ်အချို့ကို ထုတ်ယူကာ ၊ စာပို့ခိုများမှတစ်ဆင့် ဝူကျိုးအရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးသို့ သတင်းစကား ပေးပို့လိုက်ပြီး ၊ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များကို ချက်ချင်း ခေါ်ဆောင်လာရန် အမိန့်ပေးလိုက်သည်။

**--**--**--**--**--**--**--**

ဖန်းချင်းယီသည် အလွန် မာန်မာနကြီးသော အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမ၏ စိတ်ထဲတွင် သူမ၏ အဆင့်အတန်းသည် မင်းသမီးနင်းရွှဲ့ထက် မလျော့နည်းဟု ခံယူထားသည်။

သူမ၏ မိသားစုသည် နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိသော သူကောင်းမျိုးနွယ်စုကြီး ဖြစ်ပြီး ၊ နှစ်ပေါင်းနှစ်ရာခန့်သာ သက်တမ်းရှိသေးသော နင်းမျိုးနွယ် ဧကရာဇ်မိသားစုထက် ပိုမို မြင့်မြတ်သည်ဟု ယူဆသည်။

ထို့အပြင် ဤအချိန်၌ ဖန်းမိသားစုသည် ကမ္ဘာလောကရှိ အရပ်ဘက်အရာရှိ အားလုံး၏ ခေါင်းဆောင် ဖြစ်ပြီး ၊ အံ့သြဖွယ် ကောင်းလောက်အောင် ကြီးမားသော အာဏာနှင့် သြဇာလွှမ်းမိုးမှု ရှိသည်။

သူမ တုယန်နှင့် လက်ထပ်ခဲ့သော်လည်း ၊ သူမ၏ မျက်လုံးထဲတွင် တုယန်သည် ဖန်းမိသားစုသို့ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု မြင်သည်။

တုကျန်း ဝူကျိုးစီရင်စုရှိ ညစာစားပွဲသို့ သွားရောက်သောအခါ ၊ သူမ လိုက်ပါသွားခြင်း မရှိသလို ၊ တုယန်ကိုလည်း သွားရောက်ခွင့် မပြုခဲ့ပေ။

တုကျန်း၏ မိသားစုဝင်များသည် ဒေသန္တရ အစိုးရမှ စီစဉ်ပေးသော အိမ်တော်တွင် တည်းခိုကြသော်လည်း ၊ သူမက ထိုနေရာသို့ သွားမည် မဟုတ်ပေ။ ဖန်းမိသားစုတွင် ဝူကျိုး၌ ကိုယ်ပိုင်အိမ်တော် ရှိပြီး ၊ သူမသည် ကိုယ့်အိမ်မှာသာ နေထိုင်မည် ဖြစ်သည်။ တုယန်လည်း ထိုနေရာသို့ ပြောင်းရွှေ့နေထိုင်ရမည် ဖြစ်သည်။

အတိုချုပ်ပြောရလျှင် သင်္ဘောတစ်စင်းတည်းဖြင့် တောင်ဘက်သို့ ခရီးနှင်လာခြင်းမှလွဲ၍ ၊ ဖန်းချင်းယီနှင့် တုယန်တို့သည် သီးခြားစီ ခရီးသွားလေ့ရှိပြီး ၊ တုကျန်းနှင့် အတူမရှိကြပေ။ ထိုသင်္ဘောသည်လည်း သူမ၏ ဖန်းမိသားစုပိုင် ဖြစ်သည်။

ယခုတစ်ကြိမ် ကွမ်ရှီးပြည်နယ်သို့ လာရောက်ရာတွင် ဖန်းချင်းယီနှင့် တုယန်တို့သည် လူပေါင်း ကိုးရာကျော် ခေါ်ဆောင်လာခဲ့သည်။ သောက်ကျိုးနည်း လူပေါင်း ကိုးရာကျော် ဖြစ်လေသည်။ ဖန်းမိသားစု တစ်ခုတည်းမှာပင် စစ်သည် ငါးရာ ရှိပြီး ၊ စတုတ္ထအဆင့်နှင့် အထက် သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာ ပါဝင်သည်။

ကျန်ရှိသူများမှာမူ မဟာဗျူဟာမှူးများ ၊ စာရေးများ ၊ အကြံပေးများ ၊ အစေခံအမျိုးသမီးများ ၊ အိမ်ဖော်များ စသည်တို့ ဖြစ်ကြသည်။ ရထားလုံးမောင်းသူများနှင့် ထမင်းချက်များ အကြောင်း ထည့်သွင်းပြောဆိုရန် မလိုတော့ချေ ၊ ဥယျာဉ်မှူးများကိုပင် ခေါ်ဆောင်လာခဲ့သေးသည်။

မင်းသမီးနင်းရွှဲ့ ခရီးသွားလျှင်ပင် အခြွေအရံ ကိုးရာ မရှိချေ။ ဖန်းချင်းယီ၏ ခမ်းနားထည်ဝါမှုသည် ပြည်နယ်အုပ်ချုပ်ရေးမင်းကြီး တုကျန်းထက် များစွာ သာလွန်သည်။ သူမသည် တုကျန်းကို သိပ်လေးစားမှု မပြပေ ၊ မည်သို့ပင်ဆိုစေကာမူ သူသည် ဖန်းမိသားစု အာဏာအုပ်စုအတွင်းမှ အရာရှိတစ်ဦးသာ ဖြစ်ပြီး ၊ ဤပြည်နယ်အုပ်ချုပ်ရေးမင်းကြီး ရာထူးကိုလည်း သူမ၏ ဖန်းမိသားစုက ပေးထားခြင်း ဖြစ်သည်။

သူမ အပေါ်ယံမှာ ထုတ်မပြပေမဲ့ ၊ ဖန်းချင်းယီ၏ မျက်လုံးထဲတွင် တုကျန်းသည် သူမအိမ်တော်မှ မိသားစု အလုပ်အကျွေး တစ်ဦးသာ ဖြစ်သည်။

ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်း အပေါ်၌သာ ဖန်းချင်းယီသည် လေးစားမှုနှင့် ရင်းနှီးမှု အချို့ ရှိသည် ၊ အဘယ်ကြောင့်ဆိုသော် သူသည် သူမ၏ ဦးလေးတော်စပ်ပြီး ၊ ဖန်းမိသားစု၏ သခင်တစ်ဝက်ဟု သတ်မှတ်ခံရသောကြောင့် ဖြစ်သည်။

ဖန်းချင်းယီသည် အဘယ်ကြောင့် တုမိသားစုထဲသို့ ဝင်ရောက် လက်ထပ်ခဲ့သနည်း။ တုမိသားစုသည် မူလက ဒုတိယတန်းစား သူဌေးမိသားစုသာ ဖြစ်ပြီး ၊ နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိ ဖန်းမိသားစုနှင့် ပေါင်းဖက်နိုင်စရာ အကြောင်းလုံးဝ မရှိပေ။

ဖန်းချင်းယီ မွေးဖွားလာချိန်တွင် သူမ၏ လက်ထဲ၌ ရွှေတစ်တုံး ပါလာသည်ဟု ကောလာဟလ ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် နာမည်အကြီးဆုံး ဗေဒင်ဆရာကို အမြန် ပင့်ဖိတ်ပြီး အကြောင်းရင်းကို မေးမြန်းခဲ့ကြသည်။

အင်ပါယာတစ်ခွင် ကျော်ကြားသော ဗေဒင်ဆရာသည် ဖန်းချင်းယီကို မြင်လိုက်ရသောအခါ အကြီးအကျယ် အံ့အားသင့်သွားပြီး ပြောလိုက်သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီကလေးမရဲ့ ကံကြမ္မာက စကားနဲ့မပြောပြနိုင်လောက်အောင် မြင့်မြတ်ပြီး ၊ အမျိုးသမီးတွေကြားမှာ အမြင့်ဆုံး အဆင့်အတန်းကို ရောက်ရှိဖို့ ဖန်တီးထားတာ။ ဒါပေမဲ့ အဲဒါက မှေးမှိန်နေပြီး ၊ အချိန်မရွေး ပျောက်ကွယ်သွားနိုင်မလို ဖြစ်နေတယ်”

ဖန်းချင်းယီ၏ ဖခင်က ဤမြင့်မြတ်သော ကံကြမ္မာကို ထိန်းသိမ်းထားနိုင်ရန် မည်သို့ ပြုလုပ်ရမည်နည်းဟု အမြန် မေးမြန်းလိုက်သောအခါ ဗေဒင်ဆရာက တွက်ချက်ကြည့်ပြီး ပြောလိုက်သည်။

“လီကိုးခု ပတ်လည်အတွင်းမှာ ၊ အင်အားကြီးမားတဲ့ မိသားစုတစ်ခုကနေ နောက်ထပ် သားယောကျ်ားလေး တစ်ယောက် မွေးဖွားလာလိမ့်မယ် ၊ သူက ဒီသမီးမိန်းကလေးထက် နာရီဝက်လောက် ငယ်လိမ့်မယ်။ အဲဒီနှစ်ယောက် လက်ထပ်ပေါင်းဖက်လိုက်ရင် ၊ မြင့်မြတ်တဲ့ ကံကြမ္မာကို ထိန်းသိမ်းထားနိုင်လိမ့်မယ်”

ဖန်းမိသားစု အမြန် သွားရောက် စုံစမ်းကြည့်ရာ ၊ နာရီဝက်အကြာတွင် တုမိသားစု၏ တရားဝင်သား ၊ တုပိုင်၏ မူလနာမည်ပိုင်ရှင် မွေးဖွားလာခဲ့သည်။ တိုက်ဆိုင်စွာပင် မယားငယ်၏သား တုယန်သည်လည်း ထိုအချိန်နီးပါးတွင် မွေးဖွားလာခဲ့သည်။

ဖန်းမိသားစုကမူ တရားဝင်သားကိုသာ အသိအမှတ်ပြုသည်။ ထို့အပြင် တိုက်ဆိုင်စွာပင် တုမိသားစုက တက်လမ်းရှိနေပြီး ၊ မိသားစုခေါင်းဆောင် တုဟွေးသည် အလွန် အရည်အချင်းရှိကာ အနာဂတ်ကောင်း ပိုင်ဆိုင်ထားသည်။ တုမိသားစုသည် ဖန်းမိသားစုကို မမှန်းဆနိုင်သေးသော်လည်း ၊ တုမိသားစုကို ဖန်းမိသားစု၏ အာဏာအုပ်စုထဲသို့ ဆွဲသွင်းလိုက်ခြင်းသည် အထောက်အကူ တစ်ခု ဖြစ်လာနိုင်သည်။

ဗေဒင်ဆရာ၏ စကားကို သံသယဖြစ်မိသော်လည်း ၊ တိုက်ဆိုင်မှု အမျိုးမျိုးကြောင့် ဖန်းချင်းယီသည် ငယ်စဉ်ကတည်းက တုပိုင်နှင့် စေ့စပ်ထားခဲ့သည်။

သို့သော် မထင်မှတ်ဘဲ တုပိုင်သည် မွေးရာပါ မိန်းမစိုး ဖြစ်နေခဲ့သည်။ ဖန်းချင်းယီသည် ဤအရှက်ခွဲမှုကို သည်းမခံနိုင်ဘဲ ၊ တုပိုင်၏ မူလနာမည်ပိုင်ရှင်ကို ပျောက်ကွယ်သွားအောင် လုပ်ဆောင်ရန် တုမိသားစုကို ဖိအားပေးခဲ့သည်။

ထို့အပြင် တိုက်ဆိုင်စွာပင် တုယန်သည်လည်း သူမနောက် နာရီဝက်အကြာတွင် မွေးဖွားလာခဲ့သည်။ သူသည် မယားငယ်၏သား ဖြစ်သော်လည်း ၊ ထူးကဲသော အရည်အချင်း ရှိပြီး ၊ အသက် ၁၅ နှစ်နီးပါးတွင် ပြည်နယ်အဆင့် စာမေးပွဲကို အောင်မြင်ခဲ့သည်။

ထို့ကြောင့် တုပိုင်ပိုင်ဆိုင်သော အရာအားလုံးကို တုယန်ထံ ပေးအပ်ခဲ့သည် ၊ ဖန်းချင်းယီ အပါအဝင်ဖြစ်လေ၏။

မနှစ်က တုယန်သည် ၁၇ နှစ်အရွယ်တွင် မြို့တော်နှင့် နန်းတွင်း စာမေးပွဲများကို အောင်မြင်ခဲ့ပြီး ၊ ထိုနှစ်အတွက် အသက်အငယ်ဆုံး ဘွဲ့ရပညာရှင် ဖြစ်လာခဲ့သည်။ သူသည် ဒုတိယတန်းစားတွင် ဒုတိယ ရရှိခဲ့သော်လည်း ၊ ယင်းသည် အလွန် ထူးခြားပြောင်မြောက်နေဆဲ ဖြစ်သည်။

တုယန်သည် ဟန်လင်းအကယ်ဒမီတွင် အတွေ့အကြုံယူရန် တစ်နှစ်ခွဲခန့် အချိန်ကုန်ဆုံးခဲ့ပြီး ၊ ယခုနှစ်တွင် ပြင်ပရာထူး ခန့်အပ်ခံရကာ ၊ သတ္တမအဆင့် စီရင်စုခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ရသည်။

အသက် ၁၈ နှစ်နီးပါးတွင် သတ္တမအဆင့် စီရင်စုခွဲမှူး ဖြစ်လာခြင်းသည် မည်မျှ အထင်ကြီးစရာ ကောင်းလိုက်ပါသနည်း။

ထို့အပြင် သူ့၏ သတ္တမအဆင့် စီရင်စုခွဲမှူး ရာထူးသည် လက်တွေ့အရပြောလျှင် တုပိုင်၏ ဆဋ္ဌမအဆင့် တပ်မှူးငယ် ရာထူးထက် များစွာ မြင့်မားသည်။

တရားဝင် ဖွဲ့စည်းပုံအရ တုပိုင်သည် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူးငယ် တစ်ဦး အနေဖြင့် လူရာဂဏန်းလောက်သာ စီမံခန့်ခွဲရပြီး ၊ တုယန်မှာမူ စီရင်စုခွဲမှူး တစ်ဦး အနေဖြင့် လူသိန်းချီကို တိုက်ရိုက် အုပ်ချုပ်ရကာ လီတစ်ရာ နယ်စားဟု ခေါ်ဝေါ်ကြသည်။

မြို့တော်မှ မထွက်ခွာမီ ၊ တုမိသားစုနှင့် ဖန်းမိသားစုသည် သူတို့နှစ်ဦးအတွက် အလွန် ခမ်းနားထည်ဝါသော မင်္ဂလာပွဲကို ကျင်းပပေးခဲ့သည်။ အခမ်းအနားသည် အိမ်ရှေ့စံမင်းသား၏ မင်္ဂလာပွဲထက်ပင် ပိုမို ခမ်းနားခဲ့သည် ၊ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ထျန်ယွင်သည် ခြိုးခြံချွေတာမှုလေ့ရှိသောကြောင့် ဖြစ်သည်။

မင်္ဂလာဆောင်နေ့တွင် အင်ပါယာ၏ အရပ်ဘက်နှင့် စစ်ဘက် အရာရှိ အများစု ၊ နန်းတွင်း သူကောင်းမျိုးနွယ်စုများ တက်ရောက်ခဲ့ကြသည်။

ဧကရာဇ်မင်းမြတ် ကိုယ်တိုင် နှစ်တစ်ရာတိုင် သဟဇာတဖြစ်ပါစေကြောင်း ဆုတောင်းစာချပ် ပေးပို့ခဲ့ပြီး ၊ အိမ်ရှေ့စံမင်းသား ကိုယ်တိုင် တက်ရောက်ခဲ့သည်။

ဤမင်္ဂလာပွဲသည် တကယ်ပင် ဂုဏ်ယူဖွယ်ရာ ဖြစ်ခဲ့ပြီး ၊ ဖန်းချင်းယီနှင့် တုယန်တို့သည် လူအများ၏ အာရုံစိုက်မှုကို ခံရကာ ၊ လူငယ်မောင်မယ် အများအပြား၏ အားကျမှုကို ခံခဲ့ရသည်။

ဖန်းချင်းယီသည် တုယန်အပေါ် အတော်လေး ကျေနပ်မှု ရှိသည်။

သူသည် ချောမောရုံသာမက ၊ စာပေနှင့် သိုင်းပညာ နှစ်ဖက်စလုံးတွင် ထူးချွန်ပြီး ၊ သူမအပေါ် အလွန် အလေးထားသူ ဖြစ်သည်။ သူသည် တကယ်ကို လူတစ်သန်းမှာ တစ်ယောက်သာ ရှိနိုင်သော စံပြခင်ပွန်းကောင်း ဖြစ်သည်။

သို့သော် တုယန်သည် သူမနှင့် မတန်သေးကြောင်း သိမ်မွေ့သော ခံစားချက် တစ်ခုတော့ ရှိနေဆဲ ဖြစ်သည်။

သူသည် နောက်ထပ် အသွင်ပြောင်းလဲမှု လိုအပ်နေသေးသည် ၊ ပိုပြီး ထူးချွန်လာဖို့ ၊ ပိုပြီး အစွမ်းထက်လာဖို့ လိုအပ်နေသေးသည်။

ထို့ကြောင့် မင်္ဂလာဦးညတွင် သူမသည် ရာသီလာနေသည်ဟု အကြောင်းပြချက်ပေးကာ သီးခြားအခန်း၌ အိပ်စက်လေသည်။

အပိုင်း ၂၈၉ ပြီး။

All Chapters