အခန်း (၂၉၀)
Vol. 29 Ch. 290
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၉၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ဝူကျိုးစီရင်စုရှိ ဖန်းမိသားစုအိမ်တော်အတွင်း၌ ဖြစ်သည်။ တုယန်သည် တိတ်ဆိတ်စွာ စာဖတ်နေ၏။ သူသည် ကောင်းကင်မှ လခြမ်းကွေးလေးကို ကြည့်လိုက်ပြီး စာအုပ်ကို သိမ်းဆည်းလိုက်သည်။
တုမိသားစု၏ တတိယမျိုးဆက်များထဲတွင် အထူးချွန်ဆုံးဖြစ်သော သူ၏ မျက်နှာသည် အနည်းငယ် နီရဲနေပြီး စိတ်လှုပ်ရှားနေမိသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့တွင် အိမ်တော်ထိန်းက သူနှင့် ဇနီးသည်အသစ်စက်စက် ဖန်းချင်းယီတို့အတွက် အခန်းတစ်ခန်းတည်း စီစဉ်ပေးထားသောကြောင့် ဖြစ်သည်။
တုယန်သည် ပြိုင်ဘက်ကင်း အလှပဂေးနှင့် မြင့်မြတ်သော ဇနီးသည်အပေါ် အလွန်အမင်း တိမ်းညွတ်စွဲလမ်းနေမိသည်။ လက်ထပ်ပြီးကတည်းက စစ်မှန်သော လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ရမည့် နေ့ရက်ကို မအိပ်မက်ဖူးသောနေ့ဟူ၍ မရှိခဲ့ပေ။ ဤမျှ လှပသော ဇနီးသည်၏ ခန္ဓာကိုယ်အနှံ့ အသားအရေသည် နှင်းကဲ့သို့ ဖြူဖွေးနေပြီး နေရာတိုင်းမှ မွှေးပျံ့သောရနံ့များ ထွက်ပေါ်နေသည်။
သူမနှင့် လက်ထပ်ခွင့်ရခြင်းသည် ဘဝဆက်များစွာမှ ကုသိုလ်ကံကြောင့် ဖြစ်ပြီး လောကရှိ အမျိုးသားအားလုံးက သူ့ကို အားကျနေကြသည်။
အခန်းထဲသို့ ဝင်လာပြီးနောက် တုယန်က တိုးညှင်းစွာ ပြောလိုက်သည်။ “ချင်းယီ မိုးချုပ်နေပြီ။ အိပ်ကြစို့လေ”
ထို့နောက် သူသည် ဇနီးသည်၏ သွယ်လျသော ခါးလေးကို သိုင်းဖက်ရန် သဘာဝကျကျပင် လက်လှမ်းလိုက်လေသည်။
**--**--**--**--**--**--**--**
တစ်ချိန်တည်းတွင် ဝူမိသားစုအိမ်တော်အပြင်ဘက်မှ ပြင်းထန်သော မြင်းခွာသံများကို တုပိုင် ကြားလိုက်ရသည်။ သူ၏ ငတုံးဦးလေးဖြစ်သူ ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး တုကျန်း ရောက်ရှိလာခြင်း ဖြစ်သည်။
ထို့နောက် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“အရှေ့ဘက်ကွပ်ကဲရေးရုံးက တုပိုင် အထဲမှာလား။ စကားပြောရအောင် အပြင်ထွက်ခဲ့ပါ”
**--**--**--**--**--**--**--**
တုယန်သည် ဇနီးသည် ဖန်းချင်းယီ၏ သွယ်လျသော ခါးလေးကို ညင်သာစွာ ဖက်လိုက်သည်။
“ဟီးဟီး” ဖန်းချင်းယီက ချစ်စဖွယ် ရယ်သံလေးပြုရင်း သူ့ရင်ခွင်ထဲမှ ညင်သာစွာ ရှောင်တိမ်းလိုက်သည်။
သူမ၏ ပြိုင်ဘက်ကင်း လှပသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း သူမ၏ အကြည့်များကမူ အလွန်လေးနက်နေပြီး ပြောလိုက်သည်။ “ရှင်သိပါတယ် ကျွန်မက အခု ကျောက်စိမ်းမယ်တော်ကျမ်းရင်းကို ကျင့်ကြံနေတာလေ။ အပျိုစင်ဘဝ ပျက်သွားတာနဲ့ ကျွန်မရဲ့ ကျင့်ကြံမှု တိုးတက်နှုန်းက သိသိသာသာ နှေးကွေးသွားလိမ့်မယ်။”
ပေမင်ဓားဂိုဏ်းသည် လောကတွင် အများဆုံးနှင့် အစွမ်းထက်ဆုံးသော သိုင်းပညာ လျှို့ဝှက်ကျမ်းများကို ပိုင်ဆိုင်ထားသည်။
အမျိုးသမီးများအတွက် ကျောက်စိမ်းမယ်တော်ကျမ်းရင်းသည် အဆင့်အမြင့်ဆုံး ကျင့်စဉ် လျှို့ဝှက်ကျမ်း ဖြစ်သည်။ ဖန်းချင်းယီကဲ့သို့ အဆင့်အတန်းရှိသော အမျိုးသမီးများသာ ကျင့်ကြံခွင့်ရှိပြီး ချွေ့ဖိန်ထင်တောင် ကျင့်ကြံခွင့် မရှိပေ။
လီချန်ချန်သည်လည်း ကျောက်စိမ်းမယ်တော်ကျမ်းရင်းကို မကျင့်ကြံနိုင်ပေ။ သူမ၏ အဆင့်အတန်း နိမ့်ကျသောကြောင့် မဟုတ်ဘဲ သူမသည် ဓားဂိုဏ်းလမ်းစဉ်ကို လိုက်သူဖြစ်ပြီး ကျောက်စိမ်းမယ်တော်ကျမ်းရင်း မှာမူ ချီဂိုဏ်း လျှို့ဝှက်ကျမ်း ဖြစ်သောကြောင့် ဖြစ်သည်။
ဤသည်မှာ ထိပ်တန်း အတွင်းအား လျှို့ဝှက်ကျမ်း ဖြစ်သည်။ ရွှမ်းချီ အတွင်းအား ကျင့်ကြံရန် ဤကျင့်စဉ်ကို အသုံးပြုခြင်းသည် သာမန်ထက် နှစ်ဆပို၍ ခရီးရောက်စေသည်။
ထို့ကြောင့် ဖန်းချင်းယီသည် ယခုနှစ်တွင် ၁၉ နှစ် မပြည့်သေးသော်လည်း သူမ၏ အတွင်းအား ကျင့်ကြံမှုသည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မည်မျှမြင့်မားသည်ကို လျှို့ဝှက်ထားသော်လည်း ထန်ယန်ထက် များစွာ သာလွန်ကြောင်း သေချာသည်။
မည်သို့ပင်ဖြစ်စေ သိုင်းပညာလမ်းစဉ်တွင် ပေမင်ဓားဂိုဏ်း၏ အောင်မြင်မှုသည် မိန်းမစိုးဂိုဏ်းအကယ်ဒမီထက် များစွာ သာလွန်ပေသည်။
လောကရှိ သိုင်းပညာ လျှို့ဝှက်ကျမ်းများကို ပထမအဆင့်မှ နဝမအဆင့်ထိ ခွဲခြားထားသည်။ ပုံမှန်အားဖြင့် ပထမအဆင့်ကို အမြင့်ဆုံးဟု သတ်မှတ်ကြသော်လည်း ထိုအဆင့်သတ်မှတ်ချက်များထဲတွင် မပါဝင်သော ပြိုင်ဘက်ကင်း သိုင်းပညာ လျှို့ဝှက်ကျမ်းများလည်း ရှိတတ်စမြဲ ဖြစ်သည်။
ဤကျောက်စိမ်းမယ်တော်ကျမ်းရင်းသည် ပြိုင်ဘက်ကင်း အဆင့်တွင် ပါဝင်လေသည်။ ထိုသို့ဆိုလျှင် ဆရာသခင်ကြီး နင်ဇောင်ဝူ၏ စိတ်စွမ်းအင်နိုးထခြင်းနည်းစနစ်သည် မည်သည့်အဆင့်တွင် ရှိမည်နည်း။ ထိုနည်းစနစ်ကျုတော့ အဆင့်သတ်မှတ်ရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သိုင်းပညာ လျှို့ဝှက်ကျမ်း မဟုတ်ဘဲ ဤကမ္ဘာ၏ သိုင်းပညာ သိပ္ပံသဘောတရားနှင့် တူညီသောကြောင့် ဖြစ်သည်။ သို့သော် ယင်း၏ တန်ဖိုးမှာ အလွန်ကြီးမားလှသည်။ လီလျန်တင်းက နင်ဇောင်ဝူအား အင်ပါယာ၏ ရတနာဟု တင်စားခေါ်ဝေါ်ခြင်းမှာ ဤအချက်များကြောင့် ဖြစ်လေ၏။
တုယန်က အားကိုးရာမဲ့စွာဖြင့် ပြောလိုက်သည်။ “ဒီ ကျောက်စိမ်းမယ်တော်ကျမ်းရင်းက အတွင်းအား စိတ်ကျင့်စဉ်တစ်ခုလေ။ တစ်သက်လုံး ကျင့်ကြံရင်တောင် ပြီးပြည့်စုံမှာ မဟုတ်ဘူး။ မင်းက ငါ့ကို တစ်သက်လုံး မုဆိုးဖို ဖြစ်စေချင်တာလား”
ဖန်းချင်းယီက ပြောလိုက်သည်။ “ကျွန်မ သတ္တမအဆင့်ကို ချိုးဖျက်ဝင်ရောက်ပြီးတာနဲ့ ရှင့်ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ် ဟုတ်ပြီလား။ မကြာခင် ရောက်တော့မှာပါ။ ရှင်ကြည့်ရတာ စိတ်မရှည်လိုက်တာ မရှက်ဘူးလား”
တုယန်က ပြောလိုက်သည်။ “ကောင်းပြီလေ ဒီတစ်ခါတော့ ကတိတည်ပါစေ။ ထပ်မပြောင်းလဲကြေးနော်”
“ရှင် ကျွန်မကို သံသယဝင်နေတာလား” ဖန်းချင်းယီက မူနွဲ့စွာ ပြောလိုက်သည်။ “ရှင့်အတွက်နဲ့ မြို့တော်ကို စွန့်ခွာပြီး ဒီလို ခေါင်ခိုက်တဲ့ ကွမ်ရှီးပြည်နယ်ကို ကျွန်မ လိုက်လာခဲ့တာနော်။ ရှင် ရာထူးတက်ပြီးတဲ့နောက် နေရာရလာအောင် ကူညီဖို့အတွက် ကျွန်မ လူကိုးရာတောင် ခေါ်လာပေးခဲ့တယ်။ ရှင့်အတွက် ကျွန်မ အများကြီး စွန့်လွှတ်အနစ်နာခံထားတာတောင် ရှင်က ရက်ရက်စက်စက် ကျွန်မကို မယုံဘူးပေါ့လေ”
သူ၏ မြင့်မြတ်ပြီး လှပသော ဇနီးသည်က ကလေးဆိုးလေးလို လုပ်ပြနေသည်ကို မြင်သောအခါ တုယန်၏ စိတ်နှလုံးများ အရည်ပျော်ကျသွားပြီး လက်မြှောက်အရှုံးပေးလိုက်ရသည်။
ထို့နောက် တုယန်က ပြောလိုက်သည်။ “ကွေ့လင်ကို ဖြတ်သွားတဲ့အခါ အဲဒီတိရစ္ဆာန်ကောင်ကို သွားတွေ့ကြမလား”
“မတွေ့ဘူး” ဖန်းချင်းယီက သူမ၏ မောက်မာသော ပုံစံသို့ ပြန်ပြောင်းသွားပြီး ပြောလိုက်သည်။ “သူက မိန်းမစိုးဂိုဏ်းထဲမှာ နာမည်တစ်ခု ရကောင်းရနေနိုင်ပေမဲ့ ကျွန်မတို့ဘက်က သူ့ကို တကူးတက သွားပြီး ပြဿနာရှာစရာ အရည်အချင်း မရှိသေးပါဘူး။ သူ့မျက်နှာကို သွားရိုက်ဖို့တောင် မတန်ဘူး။ ခွေးတစ်ကောင်က ရှင့်ကို လှမ်းဟောင်ရင် ရှင် သတ်ချင်သတ်လိုက်မယ်။ ဒါပေမဲ့ ခွေးကို လိုက်ရှာပြီး သွားသတ်မှာလား”
တုယန်က ပြုံးပြီး ပြောလိုက်သည်။ “မိန်းမ ပြောတာ မှန်တယ် ပြောတာ ကောင်းတယ်”
**--**--**--**--**--**--**--**
ဝူမိသားစုအိမ်တော်။
“အရှေ့ဘက်ကွပ်ကဲရေးရုံးက တုပိုင် အပြင်ထွက်ပြီး တွေ့ပါဦး” အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
တုပိုင် တံခါးပေါက်မှ ထွက်လာခဲ့သည်။ ဝူမိသားစုအိမ်တော် အပြင်ဘက်တွင် မီးတုတ်ပေါင်း ရာချီဖြင့် လင်းထိန်နေသည်ကို ချက်ချင်း မြင်လိုက်ရသည်။
တုအိမ်တော်မှ စစ်သည်များ ၊ ရုံးတော်ကင်းလှည့်တပ်သား တစ်ရာကျော် ၊ ဝူကျိုးစီရင်စု အစောင့်တပ်သား ရာချီနှင့် ဝူကျိုးစီရင်စု လီကျင်းဌာနမှ စစ်သည် တစ်ရာကျော် ၊ စုစုပေါင်း လူတစ်ထောင်ကျော်သည် ဝူမိသားစုအိမ်တော်ကို ရေတစ်စက်တောင် မစိမ့်ဝင်နိုင်အောင် ပိတ်ဆို့ထားကြသည်။
ဤသည်သာမကသေးဘဲ ဝူကျန့်တောက်နှင့် သူ့သားတို့လည်း ကြိုးတုပ်ခံထားရပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေရကာ မျှော်လင့်ချက်မဲ့နေကြသည်။
သို့သော် ဦးဆောင်လာသူမှာ ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး တုကျန်း မဟုတ်ဘဲ ဝူကျိုးစီရင်စုမှူးနှင့် ဝူကျိုးစစ်ဘက်လက်ထောက်အရာရှိတို့ ဖြစ်နေကြသည်။ ဤနှစ်ဦးသည် ဝူကျိုး၏ အမြင့်ဆုံး အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ ဖြစ်ကြပြီး ဝူကျိုးစီရင်စု လီကျင်းဌာနမှူးလည်း ပါဝင်သည်။
ယခုတစ်ကြိမ် လီဝမ်ဟွေ့က သတ်ဖြတ်ပွဲ ကျင်းပခဲ့သော်လည်း ဝူကျိုးစီရင်စုမှူးမှာမူ ထိခိုက်ခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လီမိသားစုနှင့် သူ၏ ပတ်သက်မှုမှာ မနက်ရှိုင်းသောကြောင့် ဖြစ်သည်။ သူသည် ဖန်းအုပ်စုမှ အရာရှိတစ်ဦး ဖြစ်ပြီး လီမိသားစုအုပ်စုနှင့် ဆက်ဆံရေးမှာ ရှင်းလင်းပြတ်သားသည်။
လီမိသားစုရော ဖန်းမိသားစုနှင့်ပါ ပူးပေါင်းခဲ့သော ယခင်ပြည်နယ်ဘုရင်ခံ လော့ဝမ်နှင့် မတူပေ။ လော့ဝမ်သည် လီဝမ်ဟွေ့ကြောင့် ဖန်းမိသားစုဘက်သို့ အပြီးအပိုင် ကူးပြောင်းရန် ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်းထံ သွားရောက်ခဲ့သော်လည်း နောက်ကျသွားခဲ့သည်။ ကောင်းထင်းက သူ့ကို လီဝမ်ဟွေ့လက်ထဲ သွယ်ဝိုက်သောနည်းဖြင့် ရောင်းစားလိုက်ခြင်း ခံခဲ့ရသည်။
ယခုအချိန်တွင် တုပိုင်ကို လှမ်းအော်နေသူမှာ ဝူကျိုးစီရင်စုမှူး လီမင်ထန်ပင် ဖြစ်သည်။ သူ့ဘေးတွင် အငြိုးကြီးလှသော တုမိသားစု၏ လေးယောက်မြောက်ကတော်ကြီး ရပ်နေပြီး တုပိုင်ကို အောင်နိုင်သူတစ်ယောက်၏အကြည့် ၊ သတ်ဖြတ်လိုသောအကြည့်တို့ဖြင့် ကြည့်နေသည်။
ဖန်းအုပ်စုသည် အမှန်တကယ်ပင် ကြီးမားသော အာဏာကို ကိုင်စွဲထားသည်။ ကွမ်ရှီးကဲ့သို့ ဝေးလံခေါင်ဖျားသော ပြည်နယ်တွင်ပင် အကြီးဆုံးအုပ်စု ဖြစ်နေသည်။ ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်းသည် ဤနေရာရှိ ဖန်းအုပ်စု၏ တံခွန်စိုက်ထူထားသူဖြစ်ပြီး ယခုအခါ ကွမ်ရှီးတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး တုကျန်းလည်း ရှိနေပြီ ဖြစ်သည်။ ထို့အပြင် စီရင်စုမှူး သုံးဦး ၊ လက်ထောက်စီရင်စုမှူး အများအပြားနှင့် စီရင်စုခွဲတရားသူကြီး တစ်ဒါဇင်ကျော်သည်လည်း ဖန်းအုပ်စုမှ ဖြစ်ကြသည်။
ဤသည်က ကွမ်ရှီးပြည်နယ်တစ်ခုတည်း၌သာ ရှိသေးသည်။ လျန်ကျန်းဒေသတွင် ဖန်းအုပ်စုမှ အရာရှိများသည် မိုးကောင်းကင်ကို ဖုံးလွှမ်းထားနိုင်သည်အထိ နေရာအနှံ့ ပျံ့နှံ့နေသည်။ ဤသည်က တာ့နင်အင်ပါယာ ဖန်းအုပ်စု၏ အရပ်ဘက်အရာရှိအုပ်စု မည်မျှ အင်အားကြီးမားကြောင်း ပြသနေသည်။
ယခုတစ်ကြိမ် လီဝမ်ဟွေ့က ကွမ်ရှီးဒေသကို တစ်ဝက်နီးပါး သတ်ဖြတ်ချေမှုန်းခဲ့ပြီး လီမိသားစု၏ အရာရှိအားလုံးကို သတ်ပစ်ခဲ့သည်။ မိန်းမစိုးဂိုဏ်းက အကျိုးအမြတ်များစွာ ရရှိခဲ့သော်လည်း ဖန်းအုပ်စုက ပို၍ပင် အမြတ်ထွက်သွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လစ်လပ်သွားသော အရပ်ဘက်ရာထူးနေရာ အများအပြားကို ဖြည့်ဆည်းရန် မိန်းမစိုးဂိုဏ်းက လူများစွာ မလွှတ်နိုင်သောကြောင့် ဖန်းအုပ်စု အရပ်ဘက်အရာရှိအုပ်စုကိုသာ အကျိုးရှိစေတော့သည်။
ယခင်က ကွမ်ရှီးရှိ ဖန်းအုပ်စု၏ သြဇာအာဏာသည် လီမိသားစုစော်ဘွားနှင့် ညီမျှသယောင်ရှိခဲ့၏။ သို့သော် ယခုအခါ မိန်းမစိုးဂိုဏ်း၏ အဓိကရည်မှန်းချက်မှာ လီမိသားစုကို အပြီးအပိုင် ပိတ်ဆို့ရန် ဖြစ်သောကြောင့် ဖန်းအုပ်စုနှင့် ယာယီ မဟာမိတ်ပြုနိုင်လေ၏။ မည်သူမျှ ထုတ်ဖော်မပြောကြသော်လည်း ဘုရင်ခံချုပ် ကောင်းထင်း၏ ရွေးချယ်မှုမှတစ်ဆင့် သိမြင်နိုင်၏။
သူသည် လီဝမ်ဟွေ့ကို ဘုရင်ခံချုပ်အိမ်တော်ထဲသို့ ဝင်ရောက်ခွင့် တမင်ပေးခဲ့ပြီး လော့ဝမ်ကို သတ်ပစ်ရန် ဖိအားပေးခဲ့၏။ ထိုအချိန်က အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်ရာဂဏန်းသည် အစောင့်တပ်သား ထောင်ပေါင်းများစွာ၏ ဝိုင်းရံခြင်းကို ခံထားရသည်။ အမိန့်တစ်ခုတည်းဖြင့် လီဝမ်ဟွေ့ ထွက်ခွာနိုင်မည် မဟုတ်သော်လည်း သူက လီဝမ်ဟွေ့ကို လွှတ်ပေးလိုက်ကာ ကွမ်ရှီးတွင် ဆက်လက်သတ်ဖြတ်ခွင့် ပြုခဲ့လေ၏။
ရည်ရွယ်ချက်မှာ အလွန်ရှင်းလင်းသည်။ ကွမ်ရှီးတွင် လီမိသားစုက လာဘ်ထိုးထားသော အရာရှိအားလုံးကို သတ်ပစ်ရန် မိန်းမစိုးဂိုဏ်းကို အသုံးပြုပြီး ဖန်းအုပ်စုက အကျိုးအမြတ် ရယူရန်ဖြစ်သည်။
ယခုတစ်ကြိမ်တွင် ဘိုးဘေးလီလျန်တင်းကလည်း လီမိသားစုကို ပိတ်ဆို့ရေး မဟာဗျူဟာရည်မှန်းချက်တွင် မိန်းမစိုးဂိုဏ်းသည် ဖန်းအုပ်စု အရပ်ဘက်အရာရှိအုပ်စုနှင့် အကန့်အသတ်ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဖန်းအုပ်စုသည် အင်ပါယာအတွက် လီမိသားစုထက်ပက် ပိုမိုကြီးမားသော ကင်ဆာအကျိတ် ဖြစ်သည်။ ယွမ်မိသားစု ဦးဆောင်သော စစ်ဘက်အရာရှိအုပ်စုနှင့် မဟာမိတ်ပြုပြီးနောက် သူတို့သည် ဧကရာဇ်ကို ရုပ်သေးရုပ်အဖြစ် ဆက်ဆံလိုသည်အထိ ဘေးဖယ်ထားခဲ့ကြသည်။ သို့သော် အနည်းဆုံးတော့ လောလောဆယ်တွင် တာ့နင်အင်ပါယာကို ဖြုတ်ချပြီး ပုန်ကန်မည့် ရည်ရွယ်ချက် မရှိကြပေ။
ဤအကြောင်းပြချက်အပေါ် အခြေခံ၍ တုပိုင်သည် တုကျန်းကို လေးစားသမှုဖြင့် ခပ်ခွာခွာနေသော သဘောထားကို ကျင့်သုံးခဲ့သည်။ သို့သော် တုယွီဆိုသော အပျော်အပါးမက်သည့် သခင်လေးက တုဖိန်အာကို မဖွယ်မရာလုပ်ရန် ကြိုးစားလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။ ထိုသည်က တုပိုင်ကို ဒေါသပေါက်ကွဲစေခဲ့သည်။ သို့တိုင်အောင် သူသည် တုယွီကို မသတ်ခဲ့ပေ။
ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး၏ သခင်ငယ်တစ်ယောက်အနေဖြင့် သူသည် ပုံရိပ်ကြီးကို စတင်စဉ်းစားရတော့မည်
“သူ့ကို သတ် ဝူမိသားစုအိမ်တော်ကို မြေလှန်ပစ်လိုက်” လေးယောက်မြောက်ကတော်ကြီး သခင်မကျန်းက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ သူမ၏ နောက်တွင် လူတစ်ထောင်ကျော် ရှိနေပြီး အမှန်တကယ်ပင် တောင့်တင်းခိုင်မာသော အင်အားစုဖြစ်ကာ တုပိုင်ကို အကြိမ်ကြိမ် ချေမှုန်းရန် လုံလောက်ပေသည်။ သို့သော် ဝူကျိုးစီရင်စုမှူးရော စစ်ဘက်လက်ထောက်အရာရှိပါ လှုပ်ရှားရန် အမိန့်မပေးခဲ့ကြပေ။
ဝူကျိုးစီရင်စုမှူး လီမင်ထန်က ဆက်လက်ပြောကြားသည်။ “အရှေ့ဘက်ကွပ်ကဲရေးရုံးက စမ်းသပ်တပ်မှူးငယ် တုပိုင် ရှိပါသလား။ ကျေးဇူးပြုပြီး အပြင်ထွက် စကားပြောပါ”
တုပိုင် အဓိကဝင်ပေါက်ဆီသို့ လျှောက်သွားပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “ပြည်နယ်အုပ်ချုပ်ရေးမှူး တုကျန်း ဘယ်မှာလဲ”
လေးယောက်မြောက်ကတော်ကြီးက အေးစက်စွာ ပြောလိုက်သည်။ “နင်လို တိရစ္ဆာန်ကောင်က ငါ့ယောကျ်ားကို တွေ့ဖို့ အရည်အချင်း မရှိသေးဘူး။ သေဖို့သာ ပြင်ထားလိုက်”
ဝူကျိုးစီရင်စုမှူး လီမင်ထန်က ပြောလိုက်သည်။ “သခင်ကြီးတုက မူးပြီး အနားယူသွားပြီမို့ ကျွန်တော်တို့ သူ့ကို မနှောင့်ယှက်တော့ဘူး။ ဒါ့အပြင် ဒီကိစ္စက ပြည်နယ်အုပ်ချုပ်ရေးမှူးကို နှောင့်ယှက်စရာ မလိုပါဘူး။ ကျွန်တော်တို့ချင်း ဖြေရှင်းလို့ ရပါတယ် မဟုတ်ဘူးလား”
ဤစကားမှတစ်ဆင့် တုကျန်း တမင်တကာ မျက်နှာမပြခြင်းဖြစ်ကြောင်း တုပိုင် နားလည်လိုက်သည်။ ပထမအချက်မှာ တုပိုင်၏ ရာထူးက တုကျန်း ထွက်တွေ့ရန် နိမ့်ကျလွန်းနေသည်။ ဒုတိယအချက်မှာ တုကျန်းသည် မိန်းမစိုးဂိုဏ်းနှင့် အဆင်မပြေ မဖြစ်လိုပေ။
ဝူကျိုးစီရင်စုမှူးက ပြောလိုက်သည်။ “တောင်းဆိုချက် နှစ်ချက် ရှိတယ်။ ပထမအချက်က သခင်လေးတုယွီကို ဒုက္ခပေးခဲ့တဲ့ တရားခံတွေကို တပ်မှူးငယ်တုပိုင်ဘက်က လွှဲပြောင်းပေးဖို့ တောင်းဆိုပါတယ်။ ဒုတိယအချက်က ကုန်သည်ဝူမိသားစုက ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်ကို စော်ကားခဲ့တဲ့ ပြစ်မှုက ခွင့်မလွှတ်နိုင်ပါဘူး။ ဒါ့အပြင် ဝူကျန့်တောက်က တရားမဝင် မှောင်ခိုလုပ်ငန်း လုပ်ကိုင်တယ်လို့ သံသယရှိပါတယ်။ ကျွန်တော်တို့က ဝူမိသားစုအိမ်တော်ကို ရှာဖွေပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းမယ်။ ဝူမိသားစုဝင် အားလုံးကို ဖမ်းဆီးအကျဉ်းချပါမယ်”
ဤစကားများကို ကြားလိုက်ရသည်နှင့် ဝူကျန့်တောက်နှင့် သူ့သား ၊ သခင်မကြီးဝူတို့၏ မျက်နှာများ သွေးဆုတ်ဖြူဖပ်သွားကြသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး မိသားစုကို ဧည့်ခံဖို့ အရာအားလုံး ပုံအောထားခဲ့သော်လည်း သူတို့၏ အပြီးသတ် ပျက်စီးခြင်းသို့သာ ဦးတည်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
ဝူကျိုးစီရင်စုမှူးက ပြောလိုက်သည်။ “တပ်မှူးငယ်တုပိုင်က ဝူမိသားစုအိမ်တော်ကို ဖြတ်သွားရုံ သက်သက်ပါ။ အားလုံးက ခင်ဗျားနဲ့ မသက်ဆိုင်ပါဘူး။ သခင်လေးတုယွီကို ဒုက္ခပေးတဲ့ ကိစ္စကလည်း ဝူမိသားစုရဲ့ လာဘ်ထိုးတာ ခံထားရတဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံးက လူတချို့က သီးသန့်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး တပ်မှူးငယ်တုပိုင်နဲ့ လုံးဝ မသက်ဆိုင်ပါဘူး”
တုပိုင် ကောင်းစွာ နားလည်လိုက်သည်။
တစ်ဖက်လူက ဘုရင်ကို ကယ်ဖို့ နယ်ရုပ်ကို စွန့်ခိုင်းနေခြင်း ဖြစ်သည်။ ဝူမိသားစုတစ်ခုလုံးကို စွန့်လွှတ်ပြီး လီစန်းနှင့် လီစစ်ကို လွှဲပြောင်းပေးလိုက်သည်နှင့် တုယွီ၏ ညာလက်ကို ဖြတ်ခဲ့ခြင်း ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်ကို မောင်းထုတ်ခဲ့ခြင်း ကိစ္စရပ်များ ပြီးဆုံးသွားပြီဟု မှတ်ယူမည် ဖြစ်သည်။
အတိုင်းအတာတစ်ခုအထိ တုကျန်းက သဘောထားကြီးပေးလိုက်ခြင်း ဖြစ်သည်။ သူ့သား တုယွီ၏ လက်ကို တုပိုင်ကိုယ်တိုင် ဖြတ်ခဲ့သော်လည်း သူက မသိချင်ယောင် ဆောင်ပေးခဲ့သည်။ မိန်းမစိုးဂိုဏ်းနှင့် အဆင်မပြေ မဖြစ်လိုသောကြောင့် ဖြစ်သည်။
သခင်မကြီးဝူသည် အလွန်ကြောက်လန့်သွားပြီး တုပိုင်ရှေ့တွင် ဒူးထောက်ကာ အဆက်မပြတ် ဦးခိုက်တော့သည်။ ဝူမိသားစုကို စွန့်ပစ်မသွားရန် ဆုတောင်းနေရှာသည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် တုပိုင်၏ စကားတစ်ခွန်းဖြင့် ဝူမိသားစုရှိ လူအားလုံးသည် မြေမြှုပ်စရာ နေရာမရှိဘဲ သေဆုံးကြရမည်ဖြစ်ပြီး မိသားစုပိုင်ဆိုင်မှုအားလုံး သိမ်းဆည်းခံရကာ အိမ်တော်တစ်ခုလုံး မြေလှန်ခံရမည် ဖြစ်သောကြောင့်ပင်ဖြစ်လေ၏။
အပိုင်း ၂၉၀ ပြီး။
မင်္ဂလာပါ။ ကျွန်တော် ဘာသာပြန်စာရေးဆရာပါဗျ။ အခုဒီလိုရေးတာက အဆင်ပြေလား ဒါမှမဟုတ် အရင်အပိုင်းတွေလို ၊ တွေအများကြီးခံထားတာက ဖတ်ရတာပို အဆင်ပြေလားဗျ။ comment မာပြောပေးပါဦးနော်။
၊ တွေအများကြီးခံထားတာ ကြိုက်တယ်ဆိုရင် 1 လို့ ment သွားပေးပါ။
အခုလိုမျိုး နည်းနည်းပဲ ခံထားတာကို ကြိုက်တယ်ဆိုရင် 2 လို့ ment သွားပေးပါဗျ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါ၏ဗျာ။