အပေါင်းအသင်းများအား သစ္စာဖောက်ခြင်း
Vol. 15 Ch. 208
ကြည့်ရှုနေကြသူများသည် နားမလည်နိုင်ဘဲ ရှိနေကြသည်ကို မြင်လိုက်ရသဖြင့် ဒုကျောင်းအုပ် ယူဟွာသည် ကျယ်လောင်စွာဖြင့် ကြေညာလိုက်သည်။
“ငွေအဆင့် စစ်မိစ္ဆာတွေထဲမှာ ဒီ သွေးအရိုးစုက ကလေးစိတ်ပဲ ရှိနေသေးတယ်”
“ကောင်းကင်ဘုံပိုင်နက်ရဲ့ ကိုယ်စားလှယ်တွေက ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ဖို့ကို မရွေးချယ်လိုက်ကြပဲနဲ့ သွေးအရိုးစုရဲ့ နုနယ်တဲ့စိတ်ကို ဦးတည်တိုက်ခိုက်ဖို့ ရွေးချယ်လိုက်ကြတယ်။ သူတို့က သွေးအရိုးစုကို ဂိမ်းနဲ့ ဖြားယောင်းလိုက်ပြီး သွေးအရိုးစုက ကံအကြောင်းမလှဘဲ ဂိမ်းစွဲသွားတယ်”
“ဒီလောကကြီးမှာ ခွန်အားနဲ့ ဖြေရှင်းဖို့ မလိုအပ်တာတွေ အများကြီးရှိတယ်။ ရန်သူရဲ့ အားနည်းချက်ကို ပစ်မှတ်ထားမယ်ဆိုရင် ခွန်အားစိုက်ထုတ်ခြင်း မရှိဘဲ အောင်ပွဲရနိုင်တယ်”
“ဒီတိုက်ပွဲမှာဆိုရင် ကောင်းကင်ဘုံ ပိုင်နက်ရဲ့ ကိုယ်စားလှယ်တွေက အဲဒီအချက်ကို ကောင်းကောင်း အသုံးချသွားနိုင်ခဲ့တယ်”
ဒုကျောင်းအုပ် ယူဟွာ၏ စကားသံသည် ကောင်းကင်ပြာရင်ပြင် တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ သူ၏ရှင်းလင်းချက်မှာ ယုတ္တိရှိပေသည်။ ကောင်းကင်ဘုံ ပိုင်နက်၏ ကိုယ်စားလှယ်များအား ချီးကျူးဂုဏ်ပြု လိုက်သေးသည်။
အခြားသော အင်အားကြီးများမှ လူပုဂ္ဂိုလ်များသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိသော်လည်း ထောက်ပြဖို့ရာ လက်ဆုပ်လက်ကိုင် မရှိချေ။
တစ်ဖက်တွင်မူ ကောင်းကင်ဘုံ ပေါင်းနက်မှ ကျောင်းသားအားလုံးတို့သည် ဒုကျောင်းအုပ် ယူဟွာ၏ စကားများကို ကြားသည့်အခါတွင် ရုတ်တရက်ဆိုသလို နားလည်သဘောပေါက် လာမိကြသည်။
“ဪ ... အဲလိုမျိုးကိုး။ အံ့ဩစရာတော့ မရှိပါဘူးလေ။ အနီရောင်အရိုးစု ဖုန်းကစားနေတာ နည်းနည်းတော့ ထူးဆန်းပေမဲ့လည်း သူက ကလေးစိတ်ပဲ ရှိနေသေးတာကိုး”
“အရိုးစုကို တွေ့လိုက်တာနဲ့ သူတို့သုံးယောက်လုံးက အားနည်းချက်ကို ရှာပြီး အကွက်ချ ကြံစည်လိုက်ကြတာ။ ကြောက်ဖို့ကောင်းလိုက်တဲ့ လေ့လာနိုင်စွမ်းနဲ့ တုံ့ပြန်နှုန်းပါလား”
“နတ်ဘုရားမလေး လျှိုကတော့ သွေးအရိုးစုကို မှုန့်မှုန့်ခြေပစ် လိုက်တော့တာပဲ။ လုံးဝ မိုက်တယ်”
“သုံးယောက်စလုံးက အန္တရာယ်နဲ့ ရင်ဆိုင်ရတာတောင်မှ တည်တည်ငြိမ်ငြိမ် ရဲရဲဝံ့ဝံ့ ဖြေရှင်းပြီး ဆုံးဖြတ်ချက် ချသွားနိုင်တယ်။ ငါတို့ ကောင်းကင်ဘုံပိုင်နက် အတွက်တော့ ဂုဏ်ယူစရာပဲဟေ့”
…
ကျုံးလုံတောင်တန်း အလယ်ရှိ အန်လင်းတို့သည် အခြားသော ကျောင်းသားများ၏ ချီးကျူးဂုဏ်ပြုခြင်း ခံနေရသည်ကို မသိရှိကြချေ။
ရမှတ် ၂ မှတ် ရရှိကြောင်း ကြားလိုက်ရသည့် အခါတွင် အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့မှာ အိပ်မက် မက်နေသည်ဟုပင် ခံစားနေမိကြသည်။
ဂိမ်းဆော့ကာဖြင့် သောက်တော် ရေခွက်များအား ရရှိနိုင်သည်တဲ့လား။ ဘာတွေများ ဖြစ်နေတာတုန်း။
ထိုအချိန်တွင် လျှိုချင်ဟွမ် တစ်ဦးတည်းသာလျှင် ထိုအရာအား မှန်ကန်သည်ဟု ယူဆထားခြင်းဖြစ်သည်။ သူမ၏ ကိုယ်ပိုင် အစွမ်းအစများကို အသုံးပြုကာဖြင့် လှည့်ဖျားကာ အနိုင်ယူနိုင်ခဲ့သည် မဟုတ်ပါလား။ သူမ၏ အားထုတ် ကြိုးပမ်းမှုကြောင့် ငွေသောက်တော် ရေခွက်အား ရရှိလာသည်မှာ သဘာဝကျလှပေသည်။
“နင်ရှုံးသွားပြီနော်”
လျှိုချင်ဟွမ်သည် သွေးအရိုးစုအား ကြည့်ကာဖြင့် ပြောလိုက်သည်။
“ဘာမှ လုပ်စရာ မရှိတော့ဘူးဆိုတော့ ငါသွားတော့မယ်”
“မသွားပါနဲ့ဦး။ နည်းနည်းလောက် ဆက်ဆော့ကြမယ်လေ။ ကျွန်တော်နိုင်မှာပါ”
သွေးအရိုးစု၏ မျက်လုံးများတွင် အလျှော့ပေးလိုခြင်း မရှိသည်များ ထင်ဟပ်နေလေသည်။
လျှိုချင်ဟွမ်သည် နှုတ်ခမ်းတင်းတင်း စေ့ကာဖြင့် …
“ဒါပေမဲ့လည်း ငါနိုင်ရင်တောင် နင့်ဆီကနေ ဘာအဖိုးတန်တာမှ ရမှာမဟုတ်တော့ဘူး။ အခုငါက အရမ်းအလုပ်ရှုပ်နေတာ။ နင်နဲ့ဆော့ပေးဖို့ အချိန်မရှိဘူး”
သွေးအရိုးစုသည် ထိုစကားအား ကြားသည့်အခါ တုန်လှုပ်ချောက်ချား သွားလေသည်။ ဖုန်းမျက်နှာပြင်ပေါ်ရှိ “ရှုံးနိမ့်သည်” ဟူသော စကားလုံးအား ကြည့်ကာဖြင့် အတွေးထဲ နစ်မျောလျက် ရှိနေလေသည်။
အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့သည် အသင့်အနေအထားဖြင့် ရှိလိုက်ကြပြီး သွေးအရိုးစု ရုတ်တရက် တိုက်ခိုက်လာမည်ကို ခုခံနိုင်ရန် အသင့်အနေအထားဖြင့် ရှိကြလေသည်။
“ငါ့ ... ငါ့မှာ နင့်ကိုပေးဖို့ လျှို့ဝှက်ချက်တွေ ရှိနေသေးတယ်”
သွေးအရိုးစုသည် ခေတ္တမျှ တိတ်ဆိတ်ပြီးနောက် …
“ရွှေသောက် တော်ရေခွက်ကလွဲပြီး အခြားသောက်တော် ရေခွက်တွေရဲ့ တည်နေရာကို ငါပြောပြမယ်လေ”
အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့သည် အသက်ပြင်းပြင်း ရှူမိလိုက်ကြသည်။ ပုဝဝ အရိုးစုအား မယုံကြည်နိုင်မှုများဖြင့် ကြည့်နေမိလေသည်။
လခွမ်းဟေ့ သူက အချင်းချင်းဒီလိုပဲ သစ္စာဖောက်လိုက်တယ်ပေါ့။
ပြီးတော့ သစ္စာဖောက်ဖို့ အရမ်းကို အသင့်ဖြစ်နေပါလား။
လျှိုချင်ဟွမ်သည်လည်း အတော်လေး အံ့ဩနေမိပြီး အရိုးစုအား ကြည့်လိုက်မိသည်။
“တခြားသောက်တော် ရေခွက်တွေရဲ့ တည်နေရာကို ပြောပြနိုင်တယ် ဟုတ်လား”
သူမသည် မယုံနိုင်စွာဖြင့် မေးလိုက်သည်။
“ငါ့ကို လှည့်ဖျားဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမလား”
“ဘုရင်မက ငါ့ကို မညာတတ်တဲ့ ရိုးရိုးသားသား ကလေးလေး ဖြစ်လာအောင် သင်ကြားထားပြီးသား။ ငါက ကလေးပဲရှိသေးတာ။ ညာပြောတာ မကောင်းဘူး”
ထိုသို့ပြောရင်း သွေးအရိုးစုသည် သူ၏လက်ညှိုးများဖြင့် ပါးကိုပုတ်လိုက်သည်။ အလွန်ချစ်စဖွယ် ကောင်းအောင် ပြုမူနေခြင်းဖြစ်သည်။
“အဲဒီအပြင် ငါက သောက်တော် ရေခွက်တွေရဲ့ တည်နေရာကို ပြောလိုက်ရင်တောင် မင်းတို့က အဲဒါတွေကို ရနိုင်လောက်တဲ့အထိ မသန်မာကြဘူး”
လျှိုချင်ဟွမ်သည် ယုံကြည်မှုမရှိသော်လည်း သွေးအရိုးစု၏ စိန်ခေါ်မှုအား လက်ခံလိုက်သည်။ ဤတစ်ကြိမ်တွင် သူမ နှစ်ပွဲအနိုင်ရတိုင်း သောက်တော်ရေခွက် တည်နေရာတစ်ခုအား ပြောပြရမည် ဖြစ်သည်။
ထိုသို့ဖြင့် သွေးအရိုးစုသည် ဆန္ဒရှိသည့်အတိုင်း လျှိုချင်ဟွမ်နှင့် ထပ်မံယှဉ်ပြိုင်ခွင့် ရရှိသွားလေသည်။
နှစ်နာရီ ကြာပြီးနောက်။
သွေးအရိုးစုတွင် ပေးစရာ မကျန်တော့ချေ။
ပုဝဝ သွေးအရိုးစု : “…”
တစ်ပွဲပြီးတစ်ပွဲ ရှုံးနိမ့်ရပြီးနောက်တွင် အရိုးစုသည် သူတို့နှစ်ဦးအကြားရှိ ကွာခြားချက်အား သတိပြုမိသွားပြီ ဖြစ်သည်။ သူမသည် ကောင်းကင်ကြီးနှင့်တူပြီး သူသည်ကား မြေပြင်နှင့် တူလှသည်။ သူမသည် နေမင်းကြီးဖြစ်ပြီး သူ့မှာ ပိုးစုန်းကြူး ငယ်ကလေးမျှသာလျှင် ဖြစ်သည်။ ထိုမျှလောက် ကွာခြားချက် ကြီးမားနေသည့်အတွက် သွေးအရိုးစုမှာ စိတ်ပျက်အားငယ်လာ မိသည်။
နှလုံးကွဲကြေကာ အသက်မဲ့ ညှိုးငယ်လာလေသည်။
ခေတ္တမျှ အချိန်ယူပြီးသည့် နောက်တွင် သွေးအရိုးစုသည် စိတ်အားငယ်စွာဖြင့်…
“တောင်ပံပြာအရိုးနဂါးက သစ်ပင်ဖြူကုန်းမြင့်မှာ ကျက်စားလေ့ရှိတယ်။ အဲဒါက ကျုံးလုံတောင်တန်းရဲ့ အနောက်မြောက် အရပ်မှာ ရှိတယ်။ လေမိုးကြိုး အမြွှာကတော့ ကျုံးလုံတောင်တန်းရဲ့ အရှေ့ဘက်ပိုင်း ဘလက်ခ်ပူးရေကန်နားမှာ ရှိတတ်ကြတယ်”
သွေးအရိုးစုသည် အပြစ်ကင်းစင်စွာဖြင့် သောက်တော် ရေခွက်များ၏ တည်နေရာများကို ထုတ်ဖော်ပြောလေသည်။
အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့သည် တုန်လှုပ် ချောက်ချားကာဖြင့် သက်ပြင်း ချလိုက်မိသည်။ အဖိုးတန် အချက်အလက်များအား တက်ကြွစွာ မှတ်သားကြလေသည်။
သောက်တော်ရေခွက်များ၏ အကြမ်းဖျင်းတည်နေရာများအား သိရှိလိုက်ရသည့်အတွက် အကျိုးကျေးဇူးများစွာ ရရှိလိုက်ခြင်းဖြစ်သည်။
သောက်တော် ရေခွက်များအား ဖြည်းညင်းစွာ ရှာဖွေရန် မလိုတော့ပေ။ အောင်ပွဲရရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
လျှိုချင်ဟွမ်သည် ကတိတည်သည့် သွေးအရိုးစုလေးကြောင့် ပျော်ရွှင်နေမိသည်။ ထို့ကြောင့် ဖုန်းတစ်လုံးအား လက်ဆောင် ပေးလိုက်သည်။
“ရော့ ဒီဖုန်းကို ယူလိုက်တော့။ ဒါက နေရောင်ခြည် စွမ်းအင်သုံးပြီး အားသွင်းရမှာ။ အချိန်ရရင် Bot တွေနဲ့ လေ့ကျင့်ထားလိုက်။ နောက်ထပ် အခွင့်ကြုံရင် ထပ်ကစားကြတာပေါ့”
ပုဝဝ အရိုးစုလေးသည် တုန်ယင်နေသည့် လက်များဖြင့် ဖုန်းအား ဆုပ်ကိုင်ထားလိုက်သည်။
“ကျေးဇူးတင်ပါတယ် မမ ... ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ။ နောက်တစ်ခါ ပြန်တွေ့ရင် မမကို သေချာပေါက် အနိုင်ယူပစ်မှာ။ ကျွန်တော် လက်ဆောင်ရဖူးတာ ဒါပထမဆုံး အကြိမ်ပဲ”
အရိုးစုသည် လွန်စွာစိတ်လှုပ်ရှား နေမိသည့်အတွက် စကားပြောရာတွင် ရှိုက်သံများပင် ထွက်နေလေသည်။
သွေးအရိုးစုသည် အလွန်အမင်း စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။ ဖုန်းအား သူ၏ အနှစ်သက်ဆုံး အရုပ်သဖွယ် ပွေ့ပိုက်ထားလေသည်။ ကျေးဇူးတင်သည့် မျက်လုံးများဖြင့် လျှိုချင်ဟွမ်အား ကြည့်လာသည်။ ယင်း၏ အမူအရာမှာ ကြောက်ဖို့ ကောင်းလောက်သည်အထိ ချစ်စရာလေး ဖြစ်နေလေသည်။
လျှိုချင်ဟွမ်သည် ဖျော့တော့စွာ ပြုံးလိုက်ပြီးနောက်တွင် အရာအားလုံးကို လျစ်လျူရှု လိုက်တော့သည်။
ဖုန်းတစ်လုံးသာလျှင် ဖြစ်သည်။ သူမသည် ထို iPhone 8 အား လွှင့်ပစ်ချင်နေသည်မှာ ကြာညောင်းလှပေပြီ။
Oppp R12 မှာ သူမနှင့် ပို၍သင့်တော်ပေသည်။
ထိုသို့ဖြင့် လျှိုချင်ဟွမ်၊ အန်လင်းနှင့် ယမ်ရွှမ်ကျန့်တို့သည် သွေးအရိုးစုနှင့် အပြာရောင် မီးတောက်များအား နှုတ်ဆက်လမ်းခွဲ လိုက်ကြသည်။ သူတို့သုံးဦးသည် ကောင်းကင်တွင် ပျံဝဲကာဖြင့် ခရီးဆက်ကြလေသည်။
ကောင်းကင်ပြာရင်ပြင်တွင် ကြည့်ရှုနေကြ သူများသည် တိတ်ဆိတ်ငြိမ်သက် သွားကြပြန်သည်။
သောင်းနှင့်ချီသည့် ကျောင်းသားများသည် သွေးအရိုးစုနှင့် ဝမ်းမြောက်စွာ နှုတ်ဆက်စကား ဆိုနေကြသည့် အန်လင်းတို့အား မယုံနိုင်စွာဖြင့် ကြည့်နေမိကြသည်။ တုန်လှုပ်ချောက်ခြား လွန်းသဖြင့် စကားပင် ပြောမထွက်တော့ချေ။
အခြားသော အင်အားကြီးများမှ အဖွဲ့ဝင်များသည်လည်း ဒုကျောင်းအုပ် ယူဟွာအား အေးစက်စွာ ကြည့်လာကြသည်။ သူတို့သည် အမေးထုတ်နေသကဲ့သို့ပင် ဖြစ်သည်။
“အဲဒီအရိုးစုက ကောင်းကင်ဘုံ ပိုင်နက်အတွက် အလုပ်လုပ်ပေးနေတဲ့ ကောင်တော့ မဟုတ်လောက်ဘူးမလား”
ဒုကျောင်းအုပ် ယူဟွာသည် ရှုံ့မဲ့ကာဖြင့် ရှင်းပြရန် ကြိုးစားလေသည်။
ခေတ္တမျှ ကြာပြီးသည့်နောက်တွင် နာကျင်စွာဖြင့် ရှင်းပြလိုက်သည်။
“ကျုံးလုံတောင်တန်းမှာရှိတဲ့ စိတ်ဝိညာဉ် သတ္တဝါတွေက နဂါးသွေးကြောနဲ့ လင်ဟွမ် သောက်တော် ရေခွက်တို့ကနေ ဖြစ်ပေါ်လာကြတာ။ အဲဒီ စစ်မိစ္ဆာတွေရဲ့ စရိုက်လက္ခဏာနဲ့ စိတ်ဓာတ်က လုံးဝကို ကွဲပြားခြားနားတယ်။ အခုအခြေအနေကနေ သုံးသပ်ရမယ်ဆိုရင် ကောင်းကင်ဘုံပိုင်နက်ရဲ့ ကိုယ်စားလှယ်တွေက ရန်သူရဲ့ အားနည်းချက်ကို အစွန်းဆုံးအထိ အပြည့်အဝ အသုံးပြုလိုက်တာပဲ”
ထိုဖြေရှင်းချက်မှာ လက်ခံနိုင်ဖွယ်ရာ ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ကောင်းကင်ဘုံပိုင်နက်မှ ကျောင်းသားများ လက်ခံကြလေသည်။ တစ်ခါတစ်ရံတွင် …
“ဂိမ်းဆော့ကာဖြင့် ကမ္ဘာကြီးအား ကယ်တင်မည်” ဟူသော မှတ်ချက် စကားများကိုပင် ကြားနေရသည်။ သို့သော်လည်း ထိုမှတ်ချက် စကားများသည် ထူးထွေစွာ သက်ရောက်ခြင်းမရှိပေ။
ကျန်ရှိနေသည့် အင်အားကြီး သုံးရပ်မှာမူ ထိုဖြေရှင်းချက်အား လက်မခံနိုင်ကြချေ။ သူတို့အားလုံးတို့သည် ဒုကျောင်းအုပ် ယူဟွာမှာ တစ်စုံတစ်ခုအား ဖုံးကွယ်ရန် ကြိုးစားနေသူ တစ်ဦးသဖွယ် ကြည့်နေကြလေသည်။
ယူဟွာမှာ အလွန်စိတ်ထိခိုက် နေမိသည်။ ဤကဲ့သို့သော ဖြစ်ရပ်မျိုး ကြုံတွေ့ဖူးခြင်း မရှိချေ။ သို့သော်လည်း ယုတ္တိမဲ့လွန်းသည်များ ဖြစ်ပျက်သွားပြီး ဖြစ်သည်။ ထို့ထပ်ပို ရှင်းပြလေလေ ကျိုးကြောင်းဆီလျော်မှု မရှိလေလေ ဖြစ်လာမည်ကို သိသည့်အတွက် စိတ်ထိခိုက်သည့် အမူအရာဖြင့်သာ ဖန်သားပြင်အား ကြည့်နေမိတော့သည်။
ဘလက်ခ်ပူးရေကန်တွင် ဖန်တီးခြင်းခန်းမ၏ ကိုယ်စားလှယ် သုံးဦးတို့သည် လေမိုးကြိုး အမြွှာအား ဝင်တိုက်မိကြလသည်။ တိုက်ပွဲဆန္ဒများ ပေါ်ထွက်လာလေပြီ။
***