နတ်ဆိုးသတ်ဘုရင်
Vol. 38 Ch. 515
“ငါ သေမလား ရှင်မလားတော့ မသိဘူး၊ ဒါပေမဲ့ မင်းကတော့ အခု သေချာပေါက် သေရမယ်”
ကျန်းရီက ဒေါသထွက်သွားပြီး သူ့လက်ထဲ၌ မီးဝိညာဉ်ပုလဲက ပေါ်လာတော့သည်။ မီးဝိညာဉ်ပုလဲပေါ်၌ တစ္ဆေမီးလျှံလုံး အချို့ ရှိနေပေ၏။ ကျန်းရီက ပေါင်းစည်းသိုင်းပညာကို ထုတ်ဖော်လိုက်ရာ မီးနဂါးနှစ်ကောင်က တစ္ဆေမီးလျှံများကို သယ်ဆောင်လျက် ဝှီခနဲ ပေါ်ထွက်လာတော့သည်။
ထိုပေါင်းစည်း သိုင်းပညာသည် လေတာအိုပုံစံဖြင့် ပေါင်းစည်းခြင်း မီးနဂါးဓားနှင့် မီးလျှံတို့ကို ပေါင်းစည်းထားခြင်းသာ ဖြစ်ပြီး ယင်းက အလွန်အစွမ်းမထက်ပေ။ သို့သော် ကျန်းရီသည် အတိတ်တုန်းက မြေကမ္ဘာမီးနှင့် ပေါင်းစည်းရန် အသုံးပြုခဲ့ပေသည်။ သို့သော်ငြား ယခုအချိန်၌ တမလွန်လောက တစ္ဆေမီးလျှံကို သန့်စင်ပြီး အသုံးပြုနေတာပဲ ဖြစ်သည်။ တမလွန်လောက တစ္ဆေမီးလျှံလုံးများစွာသည် ပင်လယ်နဂါး နတ်ဆိုးဘုရင်ကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိပေ၏။ ကျန်သည့် အကောင်များဆိုလျှင် ပြောနေရန် မလိုတော့ပေ။
ကျွီ ကျွီ..
ထိုနတ်ဆိုးဘုရင်က ယခင် ချိပ်ပိတ်မှုထက် ပိုသန်မာသည့် အစွမ်းထက်သော အရှိန်အဝါ ရှိသော်ြငား သန့်စင်ထားသော တမလွန်လောက တစ္ဆေမီးလျှံသည် အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်ကို သေသည်အထိ အလွယ်တကူ လောင်ကျွမ်းပစ်နိုင်၏။ ဤနတ်ဆိုးဘုရင်ဆိုလျှင် ပြောနေရန် မလိုတော့ချေ။
ပင်လယ်နဂါးနားသို့ တစ္ဆေမီးလျှံလုံးများ မကပ်လာသေးခင် သူ့ခန္ဓာကိုယ်အပေါ်ယံရှိ အနက်ရောင်ပြာအဖြစ် လောင်ကျွမ်းကုန်ပြီ ဖြစ်သည်။ ပြီးနောက် ဧရာမခေါင်းကလည်း အနက်ရောင်အမှုန်အဖြစ် လောင်ကျွမ်းပြီး တစ္ဆေမီးလျှံက ဖြတ်သွားတော့သည်။
ဂျွတ် ဂျွတ်
တမလွန်လောက တစ္ဆေမီးလျှံ၏ အပူချိန်က မြင့်လွန်းရာ ပင်လယ်ရေကို ဖြည်းဖြည်းချင်း ငွေ့ရည်ပျံသွားစေ၏။ အဖြူရောင် သိပ်သည်းသော မြူက ကောင်းကင်ထဲ၌ ပျံဝဲလာပြီးနောက် အနီးအနားရှိ ပင်လယ်ဒေသကို တိမ်ဖုံးသွားစေသည်။
ဝှစ်..
ကျန်းရီသည် ပင်လယ်မျက်နှာပြင်ပေါ် နင်းလျက် မြန်မြန်ဆန်ဆန် ပျံသွားတော့၏။ ပြီးနောက် သူက ဧကရီနန်းတော်ထဲသို့ ပင်လယ်နဂါး၏ ခန္ဓာကိုယ်ကို ပစ်ထည့်လိုက်သည်။ တိုက်ပွဲ စတင်ကာစ ဖြစ်သောကြောင့် သူသည် ဤနတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ကို အလျော့မပေးနိုင်ပေ။ နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ကို ရောင်းချခြင်း သို့မဟုတ် ရတနာအချို့ဖြင့် လဲလှယ်နိုင်ပေ၏။
“သတ်..”
သူ၏ ကောင်းကင်စိတ်အာရုံက ပင်လယ်အောက်ရှိ နောက်ထပ် နတ်ဆိုးဘုရင်ဆီ ရောက်သွားသည်။ ယင်းက ချိပ်ပိတ်ခံ နတ်ဆိုးဘုရင် ဖြစ်ပေ၏။ နှစ်ကောင်သတ်ခြင်းက တစ်ကောင်သတ်ခြင်းနှင့် မခြားပေ။ ဤနတ်ဆိုးဘုရင်က ပင်လယ်ထဲ လှုပ်ရှားတာ မြန်ဆန်လွန်းနေသည်။ ကျန်းရီက ယင်းကို သတ်ရမည် ဖြစ်သော်လည်း သူက အလွယ်တကူ ထွက်ပြေးနေနိုင်သည်။
ဂျွတ် ဂျွတ်..
မီးနဂါးဓားက ရေကို ခွင်းလျက် တစ္ဆေမီးလျှံလုံးများစွာကို သယ်ဆောင်လာသည်။ လမ်းတစ်လျှောက်ရှိ ပင်လယ်ရေများကလည်း ဆူပွက်လာ၏။ ပင်လယ်ထဲ၌ ဆန်းကြယ်သော လေဟာနယ် ပေါ်ထွက်လာတော့သည်။ ထိုချိပ်ပိတ်ခံ နတ်ဆိုးဘုရင်က ပင်လယ်နဂါးထက်ပင် ပိုအားနည်းသေးသည်။ သတ်ဖြတ်ခြင်းဆန္ဒဖြင့် ဝန်းရံခံနေရသောအခါ သူက မလှုပ်နိုင်ဘဲ သေရန်သာ စောင့်ဆိုင်းနေရ၏။
သတ်ဖြတ်ခြင်း ဆန္ဒနဲ့ တစ္ဆေမီးလျှံရဲ့ ပေါင်းစည်းမှုက သိပ်ကြမ်းတာပဲ နတ်ဆိုးဘုရင်တွေ ဘယ်လောက်လာလာ သူတို့အားလုံးကို ငါ သတ်နိုင်တယ်။ တစ္ဆေမီးလျှံတွေက အကန့်အသတ် ရှိတာတော့ နှမြောစရာ ကောင်းလွန်းတယ်။ ကောင်းကင်ကြယ်တာရာနယ်မြေထဲက ထွက်သွားပြီးရင် တစ္ဆေမီးလျှံတချို့ကို ရှာတွေ့နိုင်ပါအုံးမလားဆိုတာ ငါ မသိဘူး။
ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ချိပ်ပိတ်ခံ နတ်ဆိုးဘုရင် မီးလောင်ပြီး သေဆုံးသွားတာကို တွေ့လိုက်ရပြီးနောက် သူက သက်ပြင်းချလိုက်တော့သည်။ သူက ပင်လယ်ထဲသို့ ဆက်လက် ငုပ်ဆင်းသွားပြီးနောက် နတ်ဆိုးဘုရင်၏ အလောင်းကို သူ ယူလိုက်၏။ သူ့နားတစ်ဝိုက်ရှိ အဆင့်သုံးပင်လယ်နတ်ဆိုးတစ်စုကို အလွယ်တကူ သတ်ဖြတ်ပြီး သူတို့အလောင်းများတစ်စုကို ယူဆောင်ပြီးနောက် သူက ကြာကြာမနေရဲတော့ချေ။ လျှပ်စီးသဖွယ် ဖြတ်ခနဲ ပြောင်းလဲသွားပြီးနောက် သူက ပင်လယ်မျက်နှာပြင်ပေါ်သို့ တစ်ဟုန်ထိုးသွားကာ ပင်လယ်ကို ဖြတ်ကျော်လျက် ထွက်ပြေးသွားတော့၏။
ဘန်း..
သူက ပင်လယ်ပေါ် ကီလိုမီတာ သောင်းကျော် ဖြတ်သန်းပြီးနောက် သူ့ရှေ့ရှိ ပင်လယ်က လှိုင်းထောင်ချီထဲ ပေါက်ကွဲသွားတော့သည်။ ဧရာမပင်လယ်နတ်ဆိုးတစ်ကောင်က ပင်လယ်ထဲမှ ပေါ်ထွက်လာပြီး ၎င်း၏ အေးစက်သော အကြည့်များက ကျန်းရီ၏ နှလုံးကို ကြောက်လန့်မှုကြောင့် တုန်လှုပ်စေ၏။ ကျန်းရီနှင့် ကီလိုမီတာ ရာကျော်သာ ကွာဝေးသည့်တိုင် သူက ၎င်း၏ တည်ရှိမှုကို ရှာမတွေ့ခဲ့ပေ။
ဘန်း ဘန်း ဘန်း..
နတ်ဆိုးဘုရင်နှင် သိပ်မဝေးသည့် ဧရိယာထဲတွင် ဒေသလေးခုက ပေါက်ကွဲလာပြီးနောက် လှိုင်းများစွာက ဆက်တိုက် မြောက်တက်လာ၏။ ဧရာမပင်လယ်နတ်ဆိုးလေးကောင်က ရေထဲမှ ဘွားခနဲ ပေါ်ထွက်လာပြီး လေထဲ၌ ပျံဝဲနေတော့သည်။ ထိုကြောက်မက်ဖွယ်ရာ ဖိအားက လေထဲ၌ အရပ်မျက်နှာအနှံ့ ပြန့်ကားသွားပြီးနောက် ကျန်းရီကို အသက်ရှုရန် ခက်ခဲစေ၏။
ဖုန်း ဖုန်း ဖုန်း..
ကောင်းကင်က နက်မှောင်နေသေးဆဲ ဖြစ်သည်။ ကြမ်းတမ်းသည့် မုန်တိုင်းတို့က သွန်ချလာ၏။ သို့သော် ကျန်းရီက မိုးကြိုးဒေသ အစွန်းတွင် ရှိနေသေးဆဲ ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် မိုးကြိုးအချို့ ပစ်ခတ်နေသေးဆဲ ဖြစ်သည်။ ကျန်းရီက ကောင်းကင်စိတ်အာရုံဖြင့် သူ့ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ရာ ဤနေရာ၌ ခြင်္သေ့ချီဘုရင်ဧကရီ မရှိကြောင်း အတည်ပြုလိုက်သည်။ ပြီးနောက် သူ အတော်လေး စိတ်အေးသွားတော့သည်။ ပင်လယ်နတ်ဆိုးငါးပါးထဲမှ တစ်ပါးက အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်ဖြစ်နေသည့်တိုင် ဤနေရာသို့ နတ်ဆိုးဘုရင် မည်မျှများစွာ လာစေကာမူ အရေးမကြီးပေ။ သူတို့အတွက် သေဆုံးခြင်းဟူသော ကံကြမ္မာတစ်မျိုးကသာ စောင့်ဆိုင်းနေပေ၏။
“သတ်ကြ..”
ကောင်းကင်ကို ကြည့်လျက် ဟိန်းကာ သူ၏ ဆံပင်များ ဝတ်ရုံများက မုန်တိုင်းကြောင့် စိုရွဲနေပြီး ကြမ်းတမ်းသော လေကြောင့် တလူလူ လွင့်နေပေ၏။ သူ၏ မျက်ဝန်းများကလည်း နှစ်တစ်သောင်း ရေခဲတဖွယ် အေးစက်နေပေ၏။ သူ၏ ခြေထောက်က လှိုင်းများကို ရံဖန်ရံခါ ထိမိသွားပြီးနောက် နတ်ဆိုးဘုရင်ငါးပါး၏ အလယ်တွင် ချွန်ထက်သော ဓားတစ်လက်နှယ် ဝင့်ကြွားစွာ ရပ်နေပေ၏။
“ဟမ့် လူသား မင်းက ဧကရာဇ်ရဲ့သားကို ရာရာစစ သတ်ရဲတယ်ပေါ့ မင်း အညံ့ခံပြီး ဧကရာဇ်ဆီက အပြစ်ပေးမှုကို ဘာလို့ မစောင့်တာလဲ”
“သူက ရာရာစစ ငါတို့အထီးကျန်အရှေ့ပိုင်းပင်လယ်ထဲက ခြင်္သေ့ချီ ဧကရာဇ်ရဲ့သားကိုတောင် သတ်ရဲသေးတယ် သူက တကယ် သတ္တိရှိတာပဲ ဟား ဟား”
“ဧကရာဇ်က သူ့ကို ဖမ်းထားမိတဲ့ အချိန်ကျ သူ့မျိုးနွယ်စု တစ်ခုလုံး ရှင်းလင်းခံရမယ်၊ ဧကရာဇ်ရဲ့သားကို သတ်ရဲတယ် ဆိုတော့ ဒီလူသားက သေချင်နေတာပဲ”
“ဟမ့် ဟမ့် ဧကရာဇ်က ဒေါသကြီးတာ သူ့ရဲ့မျိုးနွယ်စုကို သတ်ရုံတင်မကဘူး နယ်မြေပေါ်က လူတွေအားလုံးကိုလည်း သတ်လိမ့်မယ် မဟုတ်ရင် ဧကရာဇ်က ဘယ်လိုလုပ် စိတ်ကျေနပ်မှာလဲ”
“အမှန်ပဲ ဧကရာဇ်က သူ့နယ်မြေပေါ်က လူသားတွေအားလုံးကို သေချာပေါက် သတ်ဖြတ်မှာ အထီးကျန်အရှေ့ပိုင်းပင်လယ်ထဲက ဧကရာဇ်ငါးပါးထဲမှာ ငါတို့ ဧကရာဇ်က ထိပ်ဆုံးပဲ သူ့နယ်မြေပေါ်က လူအားလုံးကို မသတ်ခဲ့ရင် ကျန်တဲ့ဧကရာဇ်တွေ လှောင်ပြောင်တာ ခံရမှာ သေချာတယ်”
နတ်ဆိုးဘုရင်များက ကျန်းရီ သူတို့ဆီ တစ်ဟုန်ထိုး ဝင်လာတာကို မြင်သည့်အချိန်၌ သူတို့က မကြောက်လန့်သွားပေ။ ထိုအစား သူတို့၏ ခေါင်းလောင်းအရွယ်ခန့် မျက်လုံးများထဲ၌ လှောင်ပြောင်စော်ကားမှုများ ပြည့်နေပေသည်။ ကျန်းရီ၏ အရှိန်အဝါက သူတို့ကအတွက် အားနည်းပုံရ၏။ နတ်ဆိုးဘုရင်တစ်ပါးက ကျန်းရီကို အလွယ်တကူ ဖျစ်ညှစ်ပစ်နိုင်ရာ သူတို့ ငါးယောက်ဆိုလျှင် ပိုတောင် နိုင်သေးသည်။
“အဓိပ္ပာယ်မရှိတာတွေ များလွန်းတာပဲ”
ကျန်းရီသည် ကီလိုမီတာ (၇၀)ကို ရောင်ခြည်တန်းတစ်ခုတဖွယ် ဖြတ်သန်းလာ၏။ ထိုနတ်ဆိုးဘုရင်များက သူ၏ သတ်ဖြတ်ခြင်းဆန္ဒဆန့်တန်းနိုင်သည့် ဧရိယာထဲ ရောက်နေခဲ့ပြီး ဖြစ်သည်။ သို့သော် သူက ပိုအမြော်အမြင်ရှိရှိ ရွေးချယ်ခဲ့သည်။ ထိုနတ်ဆိုးဘုရင်များထဲမှ တစ်ပါးက အမြင့်ဆုံးအဆင့်တွင် ရှိနေသောကြောင့် သူသည် သတ်ဖြတ်ခြင်း ဆန္ဒကို ချက်ချင်း မထုတ်ဖော်ခဲ့ပေ။
“တိုက်ခိုက်ကြရအောင်”
ကျန်းရီသည် (၁၀)ကီလိုမီတာ ပိုနီးကပ်လာသည့် အချိန်၌ အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်က အမိန့်ပေးလိုက်သည်။ နတ်ဆိုးဘုရင်ငါးပါးက ကောင်းကင်ထဲ၌ ဟိန်းလိုက်၏။ မှော်ပညာများ ထုတ်ဖော်ရမည့်အစား သူတို့က အရိပ်ငါးခုတဖွယ် အသွင်ပြောင်းပြီး ကျန်းရီဆီသို့ ပျံသန်းသွားကြတော့သည်။ သူတို့က သူ့ကို အရှင်လတ်လတ် ဖမ်းချင်ပုံရ၏။
“ဟား ဟား ဟား”
ကျန်းရီက ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူ၏ အေးစက်သော မျက်ဝန်းများက သွေးနီရောင်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါက သူ့ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာပြီးနောက် သူ့အနားတစ်ဝိုက်ကို ကျုံ့သွားစေ၏။ ထိုစဉ် ကြမ်းတမ်းသော လေများ တိုက်ခိုက်တာ ရပ်သွားပြီး လှိုင်းတို့ ငြိမ်သက်သွားသည်။ ယင်းက အင်မတန် ထူးဆန်းနေပေ၏။
ဝူး ဝူး..
အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင် ခြောက်လန့်နိုင်သေးသည့်အပြင် ကျန်သည့်နတ်ဆိုးဘုရင်များက အသံတစ်သံတောင် မထွက်နိုင်ကြတော့ပေ။ ခေါင်းလောင်အရွယ်အစားခန့် ရှိသော မျက်လုံးငါးစုံက ကြောက်လန့်မှုများဖြင့် ပြည့်နေ၏။ သူတို့အဖို့ ကျန်းရီ၏ ခန္ဓာကိုယ်လေးက လူသားအသွင်သဏ္ဌာန် နတ်ဆိုးဧကရာဇ်တစ်ပါးနှင့် တူနေပြီး သူတို့၏ စိတ်ဝိညာဉ်ကို ကြောက်လန့်မှုကြောင့် တုန်ယင်စေ၏။ သူတို့က ပြန်တိုက်ခိုက်ရန် အတွေးတောင် မတွေးရဲချေ။
အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်က သူ၏ မျက်လုံးထဲတွင် သံသယအချို့များ ရှိနေသေးသည်။ အစွမ်းမထက်သည့် ထိုလူသားသည် ရုတ်တရက်ကြီး ထိုသို့ ကြောက်မက်ဖွယ် အရှိန်အဝါကို မည်သို့ ထုတ်ဖော်နိုင်ရသနည်း။ သူ၏ အရှိန်အဝါများက သူတို့၏ ဧကရာဇ်အောက် မလျော့ပေ။ သူတို့ကို လှုပ်တောင် မလှုပ်နိုင် ဖြစ်စေ၏။
“သေပေတော့”
ကျန်းရီက သူ၏ မီးနဂါးဓားကို တစ်ချက် လွဲခုတ်လိုက်၏။ သန်မာသော လေက အောက်ခြေရှိ လှိုင်းများကို နှစ်ခြမ်းခြမ်းသွားလျက် အလယ်တွင် အဖြူရောင်မျဉ်းတစ်ကြောင်း ပေါ်လာသည်။ တမလွန်လောက တစ္ဆေမီးလျှံပေါ်ပေါက်လာပြီးနောက် ပင်လယ်ရေများက အောက်ပြန်ကျသွားပြီး အဖြူရောင်မြူခိုးများက ကောင်းကင်ထဲသို့ တလှိမ့်လှိမ့် တက်လာတော့သည်။
ကျန်းရီသည် ယခုအခေါက်တွင် တစ္ဆေမီးလျှံများ ပိုထုတ်ဖော်ခဲ့ပြီး စုစုပေါင်း မီးလုံး(၁၂)လုံးကျော် ရှိပေ၏။ သူက မြန်မြန်ဆန်ဆန် အဆုံးသတ်ချင်သည်။ ထိုနတ်ဆိုးဘုရင်များ သူ့ကို ရှာနိုင်သည် ဆိုသောကြောင့် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က သူ့ကို သေချာပေါက် ခြေရာခံနိုင်ပေမည်။ တစ်မိနစ်နှေးဖင့်ခြင်းက သူ့ကို အန္တရာယ် ပိုများစေနိုင်၏။
ဝေါင်း..
ကျန်းရီ ပထမဆုံးတိုက်ခိုက်ခဲ့သည့် အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်က တစ္ဆေမီးလျှံများ၏ ကြောက်မက်ဖွယ် အပူချိန်ကို ခံစားလိုက်ရသည်။ သေခါနီးပြီမှန်း သိသော်ငြား ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ လှိုင်းများက အောက်ခြေကနေ မြောက်တက်လာ၏။ ယင်းက ကျန်းရီ၏ နားစည်ကို သွေးတောင် ယိုသွားစေသည်။
ကျွီ ကျွီ..
တစ္ဆေမီးလျှံက အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်၏ ဧရာမခေါင်းတစ်ဝက်ကို လောင်သွားစေပြီးနောက် ပင်လယ်ထဲသို့ သူ့ကို ပြုတ်ကျသွားစေတော့သည်။ ကျန်သည့် နတ်ဆိုးဘုရင်(၂)ပါးကလည်း မီးလုံးများ ထိမိပြီး သူတို့၏ ခေါင်းတစ်ဝက်နှင့် ခန္ဓာကိုယ်က ပြာဖြစ်သည်အထိ လောင်ကျွမ်းကုန်၏။ သူတို့သည်လည်း ပင်လယ်ထဲသို့ ပြုတ်ကျကုန်သည်။
“လခွမ်း..”
ကျန်းရီက သူ၏ သွေးထွက်နေသော နားစည်ကို ပွတ်လိုက်သည်။ သူ့မျက်နှာ၌ အမျက်ဒေါသ၊ တည်ကြည်မှုတို့ ပြည့်နေ၏။ သူ၏ နားစည် သွေးယိုလာသည့်အတွက်ကြောင့် မဟုတ်ပေ။ သို့သော် နတ်ဆိုးဘုရင်ကြောင့် ဖြစ်ပေသည်။ အစောပိုင်းက ဟိန်းလိုက်ချိန်၌ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ဆီသို့ သတင်းတစ်ခု ပို့ခဲ့တာ ရှင်းလင်းနေပေ၏။
ဝှစ်..
သူသည် ကျန်ရှိနေသေးသည့် နတ်ဆိုးဘုရင်နှစ်ပါးကို သတ်ဖြတ်ရန်အတွက် မြန်မြန်ဆန်ဆန် ပိုင်းဖြတ်ချလိုက်တော့သည်။ သူက လှစ်ခနဲ ပျံသန်းသွားပြီးနောက် နတ်ဆိုးဘုရင်ငါးကောင်၏ အလောင်းကို မြန်မြန်ဆန်ဆန် ယူလိုက်၏။ မိုးကြိုးလုံးများ သိပ်မများတာကို အတည်ပြုရန် ကောင်းကင်ကို မော့ကြည့်ပြီးနောက် အံကြိတ်ကာ နေရာရွှေ့ပြောင်းသွားတော့သည်။
(၁၂)ကြိမ်ခန့် နေရာရွှေ့ပြောင်းပြီး ကီလိုမီတာ တစ်သောင်းကျော်ကို ဖြတ်သန်းပြီးနောက် အခြေအနေက ရုတ်တရက် ပြောင်းလဲသွားတော့သည်။
ထိုစဉ် ကျန်းရီ၏ စိတ်ဝိညာဉ်က တုန်လှုပ်လာတော့၏။ သူ့နောက်ကျောမှ ထိတ်လန့်ဖွယ် အော်သံတစ်သံက ပေါ်ထွက်လာတော့သည်။
“ကောက်ကျစ်တဲ့လူသား မင်းက ငါ့သားကို သတ်ခဲ့တယ် ငါ့လူတွေကို သတ်ဖြတ်ခဲ့တယ် မင်း ပြေးရဲသေးတာလား မင်းကို (၁၀၈)ပိုင်း မပိုင်းရရင် ငါက ဧကရာဇ်တစ်ပါး ဖြစ်ဖို့ မတန်ဘူး”
ခြင်္သေ့ချီနတ်ဆိုးဘုရင် နောက်ဆုံးတော့ ရောက်လာခဲ့ချေပြီ။
***