မိုးကြိုးကပ်ဘေးစွမ်းအားကို ပိုင်စိုးခြင်း၊ မိစ္ဆာမျိုးစေ့ကို ဝါးမျိုခြင်း။
Vol. 29 Ch. 332
"တကယ်ကြီး ဖြစ်ပျက်ခဲ့တာလား…"
ကျိုးစွေ့ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
အမှန်တကယ်ပင် ကျင့်ကြံခြင်းလောကသည် အလွန်မှောင်မိုက်လှပြီး ထူးချွန်ပြောင်မြောက်သော ပါရမီရှင်များပင်လျှင် အသက်ရှင်သန်ရန် မလွယ်ကူလှပေ။
ဆန့်ကျင်ဘက်အားဖြင့်၊ ပါရမီအဆမတန် ကောင်းမွန်လွန်းနေလျှင် အခြားကျင့်ကြံသူများ၏ မက်မောလိုချင်မှုကို ဆွဲဆောင်မိသလိုဖြစ်ကာ ပစ်မှတ်ထားခံရဖို့ ပို၍ပင် လွယ်ကူနေတတ်သည်။
"ဟုတ်တယ်... အဲ့ဒီလို တကယ်ဖြစ်ခဲ့ဖူးတယ်…"
"ကောင်းကင်မိစ္ဆာဂိုဏ်းက ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းအကြီးအကဲတချို့ အဲ့ဒီလို လုပ်ခဲ့ဖူးကြတယ်…"
"သူတို့ရဲ့ ကိုယ်ပိုင်ပါရမီက သိပ်မကောင်းဘူး… တတိယအဆင့် စိတ်ဝိညာဉ်အမြစ်လောက်ပဲ ရှိတာ…"
"ကံကောင်းလို့သာ… ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လှမ်းနိုင်ခဲ့ကြတာလေ…"
"ဒါပေမဲ့.. ဝိညာဉ်သန္ဓေသားအဆင့် ရောက်ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ ကျင့်ကြံခြင်းက ရပ်တန့်သွားခဲ့တယ်…"
"နှစ်ပေါင်းရာချီ ကြာအောင် ကျင့်ကြံခဲ့ရင်တောင်မှ ဝိညာဉ်သန္ဓေသားအလယ်အလတ်အဆင့်ကို မချိုးဖျက်နိုင်ခဲ့ကြဘူး…"
"ဒါကြောင့် သူတို့က ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ပါရမီရှိတဲ့ ဂိုဏ်းသားတချို့ကို ပစ်မှတ်ထားပြီး ခန္ဓာကိုယ်လုယူဖို့ ကြိုးစားကြတာပေါ့… ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ပါရမီကို ရယူပြီး သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ပိုမြင့်တဲ့နေရာဆီ ခေါ်ဆောင်သွားဖို့ မျှော်လင့်ခဲ့ကြတာလေ…"
"ဒါပေမဲ့ ဒီလိုလုပ်လို့ အောင်မြင်တဲ့နှုန်းက သိပ်မမြင့်မားဘူး.. ဘာပဲပြောပြော မတူညီတဲ့ခန္ဓာကိုယ်… မတူညီတဲ့ဝိညာဉ်တွေမို့လို့... တကယ်လို့ ခန္ဓာကိုယ်က လက်မခံတဲ့ တုံ့ပြန်မှုတွေ ဖြစ်လာရင် သူတို့ရဲ့ မူလခန္ဓာကိုယ်ကမှ ပိုကောင်းဦးမယ်…"
"ဒါကြောင့် အခုနောက်ပိုင်းမှာ ဒီလိုကိစ္စမျိုးတွေ ရှားသွားပြီ…"
"ပြီးတော့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူအများစုက တကယ်တမ်းကျတော့ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ပိုင်ရှင်တွေ များပါတယ်.. သူတို့က ဒီကမ္ဘာရဲ့ ထိပ်တန်းပါရမီရှင်တွေ ဖြစ်နေကြပြီဆိုတော့ သူများခန္ဓာကိုယ်ကို မက်မောစရာ အကြောင်းမရှိတော့ဘူးလေ…"
ချူတျဲယီက ရှင်းပြလိုက်သည်။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများတွင် ခန္ဓာကိုယ်လုယူနိုင်စွမ်း ရှိသော်လည်း၊ အများစုက သေရေးရှင်ရေး အကျပ်အတည်းနှင့် ကြုံတွေ့ရသည့် အချိန်မျိုးမှသာ ထိုနည်းလမ်းကို သုံးလေ့ရှိကြသည်။
အဘယ်ကြောင့်ဆိုသော် သူတစ်ပါးခန္ဓာကိုယ်ကို လုယူခြင်း၏ ဘေးထွက်ဆိုးကျိုးများက အလွန်များပြားလွန်းသောကြောင့် ဖြစ်သည်။
အကယ်၍ ပြီးပြည့်စုံစွာ လိုက်ဖက်ညီမှုမရှိပါက ကျင့်ကြံခြင်းလမ်းစဉ်၌ မည်သို့မျှ တိုးတက်နိုင်တော့မည် မဟုတ်ပေ။
ချူတျဲယီကမူ သူမကိုယ်သူမ ကံကောင်းသည်ဟု ယူဆထားသည်။
သူမ၏ ဆရာသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး၊ သူ၏ ပါရမီသည်လည်း ဤကမ္ဘာတွင် ထိပ်တန်းအဆင့်၌ ရှိနေသည်။
ထို့ကြောင့် သူ့အနေဖြင့် သူမ၏ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ပါရမီကို မက်မောလိုချင်ခြင်းမရှိသလို ခန္ဓာကိုယ်လုယူရန်လည်း မည်သည့်အခါမျှ ကြံစည်လိမ့်မည် မဟုတ်ပေ။
"ဩော်... ငါ သဘောပေါက်ပြီ…"
ကျိုးစွေ့ ခေါင်းညိတ်လိုက်သည်။
သို့သော်၊ သူသည် ယခုအခါ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီဖြစ်ရာ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများ ခန္ဓာကိုယ်လုယူနိုင်စွမ်း ရှိသည်ဆိုလျှင်တောင် ယေဘုယျအားဖြင့် ချီသန့်စင်ခြင်းအဆင့် သို့မဟုတ် သာမန်လူသားများ၏ ခန္ဓာကိုယ်များကိုသာ လုယူလေ့ရှိကြသည်။
ချီသန့်စင်ခြင်းအဆင့်ကို ကျော်လွန်ထားသော ကျင့်ကြံသူတစ်ဦးထံမှ ခန္ဓာကိုယ်ကို အောင်မြင်စွာ လုယူနိုင်ရန်မှာမူ မဖြစ်နိုင်သလောက်ပင်။
"ယောက်ျား... ကျွန်မ ကောင်းကင်မိစ္ဆာဂိုဏ်းကို ခဏလောက် ပြန်ဖို့ လိုမယ်ထင်တယ်.."
"ဘာပဲပြောပြော ကျွန်မက ဝိညာဉ်သန္ဓေသားအဆင့်ကို ရောက်သွားပြီဆိုတော့ ကောင်းကင်မိစ္ဆာဂိုဏ်းကို သတင်းပြန်ပို့ရမယ်လေ…"
"ပြီးတော့ ဝိညာဉ်သန္ဓေသားအဆင့် နောက်ပိုင်းကျင့်ကြံရမယ့် ကျင့်စဉ်တွေကိုလည်း ဂိုဏ်းမှာ သွားပြီး ပြန်လဲလှယ်ရဦးမယ်…"
ချူတျဲယီက ကျိုးစွေ့ကို ကြည့်ရင်း ပြောလိုက်သည်။
"ရပါတယ်.. ပြန်လေ…"
"မင်း ပြန်လာချင်တဲ့အချိန်မှ ပြန်လာခဲ့ပေါ့.."
ကျိုးစွေ့သည် ယင်းကို ကိစ္စကြီးတစ်ခုဟု မထင်မှတ်ပေ။ သူတို့ချင်း ထပ်မတွေ့ရတော့မည့် ပုံစံမျိုးလည်း မဟုတ်သလို သေကွဲကွဲကြရမည့် ကိစ္စမျိုးလည်း မဟုတ်ချေ။
"ဒါဆိုရင် ကျွန်မ မသွားခင်... ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်နဲ့ အပြင်းအထန် ကျင့်ကြံချင်သေးလား… ဟင့်.."
ချူတျဲယီက ကျိုးစွေ့ကို ညှို့ဓာတ်ပြင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဟဲဟဲ... ကျင့်ကြံချင်တာပေါ့လို့…"
"မင်းရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်တိုးတက်လာသလဲဆိုတာ ကိုယ့်ကို ပြပါဦး…"
ကျိုးစွေ့သည် ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူ အကျော်အမော်နှစ်ဦးဖြစ်သည့် ချူတျဲယီနှင့် လင်းယာကျူတို့ကို မက်မောသောအကြည့်ဖြင့် ကြည့်လိုက်သည်။
သူသည် ရွှေအမြုတေအဆင့် အမျိုးသမီးကျင့်ကြံသူများစွာနှင့် ကြုံတွေ့ဖူးသော်လည်း ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူများနှင့်မူ အတွေ့အကြုံ သိပ်မရှိလှသေးပေ။
……
ရက်အနည်းငယ် ကြာပြီးနောက်…။
ချူတျဲယီသည် ကြယ်သုံးပွင့်ကျွန်းစုမှ ထွက်ခွာ၍ ကောင်းကင်မိစ္ဆာဂိုဏ်းသို့ ပြန်သွားခဲ့သည်။
လင်းယာကျူမှာမူ ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းခါစဖြစ်သဖြင့် ခေတ္တမျှ တံခါးပိတ်ကျင့်ကြံကာ အခြေခိုင်အောင် လုပ်ရန် လိုအပ်နေသည်။
လင်းယာကျူ၏ လှုံ့ဆော်မှုကြောင့် ရှန်ပိချန်နှင့် လန်ယွဲ့ရှီတို့သည်လည်း ပိုမို စိတ်ဓာတ်ခိုင်မာလာကြပြီး၊ ဝိညာဉ်သန္ဓေသားအဆင့်သို့ အမြန်ဆုံး တက်လှမ်းလိုစိတ်ဖြင့် ၎င်းတို့၏ ကျင့်ကြံခြင်းဂူများအတွင်းသို့ ကိုယ်စီဝင်ရောက်ကာ တံခါးပိတ်ကျင့်ကြံကြလေသည်။
ကျိပင်းယွီ၊ ရှားကျင်းယန်နှင့် မုဇီယန်တို့မှာမူ ဖန်ဆင်းခြင်းချီ အများအပြား ရရှိထားသဖြင့်၊ ၎င်းတို့ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင်များ သိသိသာသာ တိုးပွားလာကာ လက်ရှိတွင် ထိုဖန်ဆင်းခြင်းချီ စွမ်းအင်များကို ချေဖျက်ရန် တံခါးပိတ်ကျင့်ကြံနေကြသည်။
ဤစွမ်းအင်များကို ချေဖျက်ပြီးသွားပါက သူမတို့သည် အခြေတည်အဆင့် ပြီးပြည့်စုံခြင်းသို့ လျင်မြန်စွာ ရောက်ရှိသွားကြပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် သူမတို့လည်း ရွှေအမြုတေအဆင့် တက်လှမ်းခြင်းကို စတင် ကြိုးပမ်းနိုင်ကြပြီ ဖြစ်သည်။
ယခုအချိန်၌၊ တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခုအတွင်းတွင်...။
ကျိုးစွေ့သည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ကူနတ်ဘုရားကျင့်စဉ်ကို လည်ပတ်နေပြီး ကြီးမားလှသော သဘာဝဝိညာဉ်စွမ်းအင်များက သူ့ဘေးပတ်လည်တွင် လှိုင်းထနေသည်။ သူ၏ ရွှေအမြုတေ ကျင့်ကြံခြင်းစွမ်းအားသည်လည်း တစ်စတစ်စ လျင်မြန်စွာ တိုးတက်လျက်ရှိသည်။
ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦး၏ အထောက်အပံ့က အမှန်တကယ်ပင် ကြီးမားလှသည်ဟု ဆိုရပေမည်။
နှစ်ကိုယ်တူကျင့်ကြံခြင်း ရက်အနည်းငယ်ကပင် သူ၏ တစ်လတာ ပင်ပင်ပန်းပန်း ကျင့်ကြံခြင်းနှင့် ညီမျှနေချေသည်။
ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးရှိ ယင်စွမ်းအင်သည် အလွန်ကြီးမားလှပြီး သူ့အား မရေမတွက်နိုင်သော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်သည်။
"'မိုးကြိုးကပ်ဘေးကူ'က အဆင့်သုံး အထွတ်အထိပ်နယ်ပယ်ကို ရောက်သွားပြီပဲ…"
"ကံဆိုးတာက အဆင့်လေးနယ်ပယ်ကိုတော့ မတက်လှမ်းနိုင်သေးဘူး.."
ကျိုးစွေ့ မျက်လုံးဖွင့်လိုက်ပြီး၊ သူ့ခန္ဓာကိုယ်ထဲရှိ 'မိုးကြိုးကပ်ဘေးကူ'ကို အာရုံခံကြည့်လိုက်သည်။
ဤကူပိုးကောင်သည် အမှန်တကယ်ပင် အကန့်အသတ်မရှိ အသုံးဝင်လှသည်ဟု ဆိုရပေမည်။
၎င်းသာမရှိပါက လင်းယာကျူနှင့် ချူတျဲယီတို့၏ ကပ်ဘေးများသည် ဤမျှ ချောမွေ့စွာ ပြီးဆုံးသွားမည် မဟုတ်ပေ။
နောင်အနာဂတ်တွင် သူကိုယ်တိုင် ကပ်ဘေးနှင့် ရင်ဆိုင်ရလျှင်လည်း 'မိုးကြိုးကပ်ဘေးကူ'၏ အကူအညီကို လိုအပ်ပေလိမ့်မည်။
ယခုတစ်ကြိမ် ကောင်းကင်ဘုံကပ်ဘေးစွမ်းအင်များကို စုပ်ယူလိုက်ခြင်းအားဖြင့် 'မိုးကြိုးကပ်ဘေးကူ'သည်လည်း ပိုမို အားကောင်းလာကာ အဆင့်သုံး အထွတ်အထိပ်သို့ အဆင့်မြှင့်တင်နိုင်ခဲ့သည်။ အဆင့်လေးသို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့၏။
မူလက၊ ယခုတစ်ကြိမ် ကောင်းကင်ဘုံကပ်ဘေးစွမ်းအင်ကို စုပ်ယူလိုက်လျှင် အဆင့်လေးသို့ ရောက်ရှိသွားမည်ဟု သူထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ယခုကြည့်ရသည်မှာ အနည်းငယ် လိုနေသေးပုံရသည်။
မည်သို့ပင်ဖြစ်စေ၊ အဆင့်လေးနယ်ပယ်ဆိုသည်မှာ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူနှင့် ယှဉ်နိုင်သည်ဖြစ်ရာ အဆင့်တက်လှမ်းရန် ခက်ခဲမှုသည်လည်း သဘာဝကျပေသည်။
"ဒါပေမဲ့ အဆင့်သုံးနယ်ပယ်မှာတောင်မှ 'မိုးကြိုးကပ်ဘေးကူ'ရဲ့ စွမ်းအားက လုံလောက်အောင် ကြောက်စရာကောင်းနေပြီ…"
"သူက မိုးကြိုးကပ်ဘေးစွမ်းအားကို ပိုင်စိုးထားတယ်.. ဒါက ကျင့်ကြံသူတွေအတွက်တော့ သေစေနိုင်တဲ့ စွမ်းအားပဲ…"
"ဒီစွမ်းအားက ရွှေအမြုတေအဆင့်ကို လုံးဝ သုတ်သင်ရှင်းလင်းနိုင်တယ်လို့ ပြောလို့ရတယ်…"
"ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူကို ထိမှန်ရင်တောင်မှ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်တယ်…"
"ဒါက မိုးကြိုးကပ်ဘေးရဲ့ စွမ်းအားလေ... ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေတောင် ခုခံဖို့ ခက်ခဲတာပဲ…"
"ဒါ့အပြင် သူက နတ်ဆိုးတွေနဲ့ မိစ္ဆာအမျိုးမျိုးအပေါ်မှာလည်း ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်တယ်… တကယ့် တိုက်ခိုက်ရေးစွမ်းအားအစစ်ပဲ…"
ကျိုးစွေ့သည် လက်ရှိ 'မိုးကြိုးကပ်ဘေးကူ'၏ စွမ်းအားအပေါ် အလွန်ကျေနပ်အားရနေသည်။
ဂျိန်း… ဂျလိန်း…။
ထိုအချိန်တွင် သူက 'မိုးကြိုးကပ်ဘေးကူ'၏ စွမ်းအားကို လည်ပတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မိုးကြိုးလျှပ်စီးများ ဖုံးလွှမ်းသွားပြီး မြေပြင်များ အက်ကွဲကာ ထိတ်လန့်ဖွယ်ရာ တွင်းနက်ကြီးများ ဖြစ်ပေါ်လာစေသည်။
ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံကပ်ဘေးစွမ်းအား ပေါ်ထွက်လာပြီး၊ သူ့ပတ်ဝန်းကျင်တွင် တုန်လှုပ်ချောက်ချားဖွယ်ရာ ဖျက်ဆီးခြင်းအငွေ့အသက်များ ဝန်းရံသွားလေသည်။
"ဟမ်... ဘာဖြစ်တာလဲ…"
ရုတ်တရက် ကျိုးစွေ့၏ စိတ်နှလုံး လှုပ်ရှားသွားပြီး ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာတစ်ခုမှ မိစ္ဆာမျိုးစေ့သုံးခုသည် သူ့ထံသို့ ဒုန်းစိုင်းပျံသန်းလာနေကြောင်း အာရုံခံမိလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့က သူ၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်လာကြတော့သည်။
ထို့နောက် မရေမတွက်နိုင်သော မှတ်ဉာဏ်များသည် ဒီရေအလား သူ့ထံသို့ လိမ့်ဝင်လာကြပြီး သူ၏ ဝိညာဉ်ကို လွှမ်းခြုံသွားလုမတတ်ပင် ဖြစ်နေချေသည်။
"ဝါးမျိုစမ်း..."
ချက်ချင်းပင် ကျိုးစွေ့သည် တွေဝေမနေဘဲ 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားကို အသက်သွင်းလိုက်ပြီး မှတ်ဉာဏ်အားလုံးကို ဝါးမျိုပစ်လိုက်သည်။
၎င်းတို့သည် မရေမတွက်နိုင်သော အိပ်မက်ပူပေါင်းများအဖြစ် ပြောင်းလဲသွားပြီး၊ 'အိပ်မက်ဝိညာဉ်ကူ'၏ ခန္ဓာကိုယ်ထဲတွင် သိုလှောင်လိုက်သကဲ့သို့ ဖြစ်သွားသည်။
"တကယ်ကြီးလား... ရှန်ကွမ်းရွှီနဲ့ တခြားသူတွေ သေကုန်ကြပြီပေါ့.."
ကျိုးစွေ့ မျက်တောင်ခတ်လိုက်သည်။
ရိုးရိုးသားသားဝန်ခံရလျှင်၊ သူသည် ရှန်ကွမ်းရွှီနှင့် သူ၏ အပေါင်းအပါများကို မေ့လုနီးပါး ဖြစ်နေပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုသုံးဦးလုံးသည် မိစ္ဆာမျိုးစေ့များ၏ ဝါးမျိုခြင်းကို ခံထားရပြီး၊ သူ၏ ရုပ်သေးရုပ်များ ဖြစ်နေကြပြီဖြစ်ရာ သိသာထင်ရှားသော ခြိမ်းခြောက်မှု မရှိတော့သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူသည် ရှန်ကွမ်းရွှီတို့အပေါ် သိပ်အာရုံမစိုက်တော့ဘဲ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ပေးထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ၊ ရှန်ကွမ်းရွှီနှင့် သူ၏ အပေါင်းအပါများ ရုတ်တရက် အသတ်ခံလိုက်ရချေသည်။
ထို့ကြောင့် မိစ္ဆာမျိုးစေ့များ ချက်ချင်း အသက်ဝင်လာပြီး သူတို့၏ ဝိညာဉ်များကို ဝါးမျိုလိုက်ကြသည်။
ထို့နောက် ၎င်းတို့ကြားရှိ အကွာအဝေးကို လျစ်လျူရှုကာ မိစ္ဆာမျိုးစေ့သုံးခုသည် လေကိုခွင်းလျက် ကျိုးစွေ့ထံသို့ ပြန်လည် ရောက်ရှိလာကြခြင်း ဖြစ်လေသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားကို အချိန်မီအသုံးပြုနိုင်ခဲ့ပြီး၊ မိစ္ဆာမျိုးစေ့သုံးခုမှ ပါလာသော ဝိညာဉ်မှတ်ဉာဏ်များကို ဝါးမျိုနိုင်ခဲ့သည်။
သို့မဟုတ်ပါက၊ သူသည် ထိုသုံးဦး၏ များပြားလှသော မှတ်ဉာဏ်များ၏ လွှမ်းမိုးခြင်းကို ခံရကာ မိမိကိုယ်မိမိ ခွဲခြားနိုင်တော့မည် မဟုတ်ပေ။