← Chapters

အခန်း (၃၃၁-၃၃၃)

Vol. 23 Ch. 331-333

အခန်း (၃၃၁-၃၃၃)

Vol. 23 Ch. 331-333

အပိုင်း ၃၃၁ : ကျောင်းသားများ၏တန်ပြန်တိုက်ခိုက်မှု

နောက်တစ်နေ့ လင်းရှစ်ယင် ဖုန်းဆက်လိုက်ချိန်ဝယ် ယဲ့ချန်းက အိပ်ရာနိုးခါစသာ ရှိသေးသည်။

"ယဲ့ချန်း.. အွန်လိုင်းပေါ် မြန်မြန်တက်ကြည့်လိုက်ဦး။ ကျွန်မတို့တက္ကသိုလ်ရဲ့ Esportsမေဂျာအကြောင်း အွန်လိုင်းပေါ်မှာ ဖော်ထုတ်ခံလိုက်ရပြီ"

ယဲ့ချန်းကတော့ အံ့သြခြင်းအလျဉ်းမရှိပေ။ တကယ်တမ်းတွင် ဤအခြေအနေအတွက် အဆင်သင့်ပြင်ထားပြီးဖြစ်၏။

ဤကမ္ဘာပေါ်တွင် ဂိမ်းကစားခြင်းကို လူတော်တော်များများက လက်မခံနိုင်သေးပေ။

ထို့ကြောင့် ဖွင့်ချပြီး ဝေဖန်ခံရခြင်းမှာ သဘာဝကျပါပေသည်။

အွန်လိုင်းပေါ်သို့ ရောက်သောအခါ ယဲ့ချန်းလည်း ထိုဗီဒီယိုကို မြင်လိုက်သည်။

တစ်ဖက်လူတင်ထားသော အကြောင်းအရာကို မြင်သောအခါ ယဲ့ချန်း၏အမူအရာမှာ အေးစက်သွားလေသည်။

ထိုခေါင်းစဉ်ကို ကြည့်ခြင်းအားဖြင့် ဤလူသည် စတားတက္ကသိုလ်ကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိသာလှသည်။

ထို့ပြင် တစ်ဖက်လူသည် စတားတက္ကသိုလ်ကို ပြိုလဲသွားစေချင်နေပေသည်။

ယဲ့ချန်း၏လက်က ကီးဘုတ်ထက်တွင် ပြေးလွှားနေပြီးနောက် စာတစ်ကြောင်းရိုက်လိုက်သည်။

မကြာခင်မှာပင် တစ်ဖက်လူ၏သတင်းအချက်အလက်များက သူ့ကွန်ပျူတာပေါ်တွင် ပေါ်လာလေသည်။

ထိုလူမှာ ဖုတန်တက္ကသိုလ်၏ ဒါရိုက်တာဖြစ်နေချေသည်။

ယဲ့ချန်း၏မျက်ဝန်းများမှာ အတန်ငယ်မှေးကျဉ်းသွားလေသည်။

မကြာသေးခင်က ဖုတန်တက္ကသိုလ်ရှိ ကျောင်းသားအမြောက်အများက သူတို့ကျောင်းသို့ လာရောက်ခဲ့လေရာ တစ်ဖက်လူလည်း အလွန်တရာမကျေမနပ်ဖြစ်နေမည်သာ။

ဤလူက ပညာရေးပိုင်းဆိုင်ရာအတွေးအခေါ်တွင် ရှေးရိုးစွဲသူဖြစ်ကြောင်း အတပ်သိနိုင်သည်။

ထို့ကြောင့် စတားတက္ကသိုလ်အပေါ် မလိုတမာစိတ် ထားရှိခြင်းပင်။

တကယ်တော့ ယဲ့ချန်းသာ ထိုဗီဒီယိုကို ဖျက်ချချင်ပါက လွယ်လွယ်လေးပင်။ သို့သော် သူ မလုပ်ခဲ့ချေ။

ဗီဒီယိုကိုသာ ဖျက်ချလိုက်လျှင် ပြန်တင်၍ရနိုင်သည်။ ထို့ကြောင့် အရိုးရှင်းဆုံးဖြေရှင်းနည်းမှာ ရင်ဆိုင်လိုက်ရန်ပင်။

ဤအခက်အခဲကို ရင်ဆိုင်ခြင်းကသာ Esportsပရိုဂရမ်ကို လူအများက လက်ခံလာမည်ဖြစ်၏။

သို့သော် ယဲ့ချန်းဘက်က အရေးယူဆောင်ရွက်ခြင်းမရှိလျှင် အခြားလူတစ်ယောက်က လုပ်လိမ့်မည်။

စတားတက္ကသိုလ်ရှိ စာသင်ခန်းတစ်ခုတွင် မော့ရှောင်ရှောင်က ထိုဗီဒီယိုကို လေးနက်လှသော အမူအရာဖြင့် ကြည့်နေလေသည်။

ဤဗီဒီယိုက စတားတက္ကသိုလ်အတွက် ဘယ်လိုအဓိပ္ပာယ်သက်ရောက်သလဲဆိုသည်ကို သူ နားလည်သည်။

ဤဗီဒီယိုကိုသာ ပညာရေးဝန်ကြီးဌာနက အရေးတယူပြုလာပါက စတားတက္ကသိုလ်အပေါ် သက်ရောက်မှုကြီးမားပေလိမ့်မည်။

စတားတက္ကသိုလ်က သူ့အိမ်သူ့ယာနှယ် ဖြစ်လာလေပြီ။

မော့ရှောင်ရှောင်အနေနှင့် ဤနေရာကို အလွန်သဘောကျသည်။ လွတ်လပ်မှုကို မြတ်နိုးသည်။ ထို့ကြောင့် စတားတက္ကသိုလ်ကို အန္တရာယ်ပြုလာမည့် မည်သူ့ကိုမှ ခွင့်ပြုမည်မဟုတ်။

စတားတက္ကသိုလ်သာ မရှိတော့လျှင် သူလည်း မှောက်မိုက်ပြီး အသက်မဲ့သောဘဝသို့ တစ်ဖန်ပြန်ရောက်သွားလိမ့်မည်ဖြစ်ကြောင်း ကောင်းကောင်းနားလည်သည်။

ထို့ကြောင့် သူ့ဘက်က လှုပ်ရှားမှဖြစ်မည်။

ထို့ပြင် မော့ရှောင်ရှောင်ဘက်က တစ်ယောက်တည်းမဟုတ်ပါချေ။

ဟက်ကာအတန်းတွင် လူ၃၂ယောက်ရှိပြီး သူတို့အားလုံးကလည်း အလွန်တော်ကြသည်။

မော့ရှောင်ရှောင်ကတော့ သူတို့၏ကျောထောက်နောက်ခံပင်။

သူ့လေ့ကျင့်မှုအောက်တွင် ထို၃၂ယောက်က ဟွားနိုင်ငံ၏ ထိပ်တန်းဟက်ကာအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

မော့ရှောင်ရှောင်လည်း မတ်တတ်ထရပ်ပြီး ကုတ်ရေးနည်းလေ့ကျင့်နေကြသော ဟက်ကာအတန်းထဲရှိ အတန်းဖော်များကို ပြောလိုက်သည်။

"သူငယ်ချင်းတို့.. ငါ မင်းတို့ကို ပြောစရာရှိတယ်"

ဤကာလအတွင်း မော့ရှောင်ရှောင်သည် ဟက်ကာအတန်း၏ ဆရာတစ်ယောက်နှယ် ဖြစ်လာခဲ့သည်။

မော့ရှောင်ရှောင်တွင် လူတိုင်းလေးစားရသည့် ထူးခြားပြောင်မြောက်လှသော ဟက်ကင်းစွမ်းရည်ရှိ၏။ ထို့ကြောင့် သူတို့အားလုံးမှာ လုပ်လက်စများကို ရပ်ထားလိုက်ကြသည်။

"အားလုံးပဲ... ငါတို့တက္ကသိုလ်ရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းစေတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းပေါ်မှာတင်ထားတယ်။ ကျောင်းဘက်က ငါတို့ကို အကုန်ထောက်ပံ့ပေးထားတာ။ အခု ငါတို့ဘက်ကလည်း ပြန်ကာကွယ်ရမဲ့အချိန်ရောက်ပြီ"

တစ်စုံတစ်ယောက်က သူတို့ကျောင်းကို အပုပ်ချထားကြောင်း ကြားလိုက်ရသောအခါ ဤကျောင်းသားများလည်း ဒေါသပုန်ထသွားလေသည်။

သူတို့လည်း မော့ရှောင်ရှောင်လို ဤကျောင်းကို ချစ်မြတ်နိုးကြသည်။

"ခေါင်းဆောင်.. ကျွန်တော်တို့ကျောင်းကို အသရေဖျက်တဲ့ ဘယ်သူ့ကိုမှ သည်းခံနေမှာမဟုတ်ဘူး"

"ဟုတ်တယ်။ သူ့ကို ပြန်တိုက်ကြရအောင်"

အတန်းဖော်များမှာ ဒေါကန်နေကြချေသည်။

စတားတက္ကသိုလ်က သူတို့အတွက်တော့ အိပ်မက်တစ်ခုလိုပင်။ ပျော်ရွှင်မှုနှင့် လွတ်လပ်မှုတို့ ပြည့်နှက်နေသည်။ ဤနေရာမှာ သူတို့၏အိမ်ပင်။

ယခုမူ တစ်စုံတစ်ယောက်က သူတို့၏အိမ်ကို အသရေဖျက်ပြီး သူတို့အား အိမ်ခြေယာမဲ့များဖြစ်အောင် ဖန်တီးနေကြသည်။ ထိုလုပ်ရပ်ကို သူတို့ လုံးဝလက်ခံမည်မဟုတ်ပေ။

မော့ရှောင်ရှောင်လည်း သူတို့၏အမူအရာကို မြင်လိုက်ရချိန်ဝယ် အလွန်ကျေနပ်သွားသည်။

ယခင်က မော့ရှောင်ရှောင်သည် Otakuတစ်ယောက် ဖြစ်ခဲ့သည်။

ဟက်ကာအတန်း၏ အတန်းခေါင်းဆောင်ဖြစ်လာပြီးကတည်းက လုံးဝပြောင်းလဲသွားခဲ့သည်။

သူသည် ပိုပြီးယုံကြည်မှုရှိ၍ တက်ကြွလာပြီး ခေါင်းဆောင်မှုအရည်အသွေးများကိုပါ ထုတ်ပြတတ်သည်။

မော့ရှောင်ရှောင်က ဆို၏။

"ကောင်းပြီ။ အဲဒီလိုဆိုရင် စတားတက္ကသိုလ်က သာမညောင်ညမဟုတ်ဘူးဆိုတာ သူတို့ကို ပြလိုက်ကြတာပေါ့။ ငါတို့ရဲ့အင်အားက ဘယ်လိုလဲဆိုတာ သိအောင်ပြမယ်"

ဤဗီဒီယိုက အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည်မှာ ကြာလှပြီဖြစ်၏။

ဤဗီဒီယိုများကိုသာ မိဘများ မြင်သွားလျှင် ဘာဆက်ဖြစ်မလဲဆိုသည်ကို သူတို့ ကောင်းကောင်းသိသည်။

လူတိုင်း၏အကြည့်များက လေးနက်နေပြီး ကွန်ပျူတာကို စိုက်ကြည့်ရင်း မော့ရှောင်ရှောင် တာဝန်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေသည်။

"ငါတို့အခုလုပ်ရမှာက ပင်မဝက်ဘ်ဆိုက်တွေပေါ်ကနေ ဒီဗီဒီယိုတွေကို ဖယ်ရှားဖို့ပဲ။ ငါက အဲဒီဝက်ဘ်ဆိုက်တွေကို စာရင်းပြုစုပေးမယ်။ မင်းတို့က ဗီဒီယိုတွေကို ဖျက်ချလိုက်"

"နားလည်ပါပြီ"

"စိတ်မပူပါနဲ့ အတန်းခေါင်းဆောင်"

ဗီဒီယိုများကို အင်တာနက်ပေါ်က လုံးဝဖယ်ရှားပစ်ရန် မဖြစ်နိုင်ကြောင်း မော့ရှောင်ရှောင် နားလည်ပါသော်ငြား တတ်နိုင်သမျှပြန့်မသွားအောင် တားနိုင်လျှင် လုံလောက်ပြီဖြစ်၏။

ထို့နောက်တွင်မူ လူတိုင်း လှုပ်ရှားကြလေတော့သည်။

သူတို့ အတူရှိနေကြသည်မှာ ကြာလှပြီဖြစ်လေရာ ပူးပေါင်းဆောင်ရွက်မှုက အလွန်ချောမွေ့လှပေသည်။

ထိုအချိန်ဝယ် ဖုတန်တက္ကသိုလ်၌...

စွန်းခိုင်က အင်တာနက်ပေါ်တွင် သူတင်ထားသော ဗီဒီယို၏ အကျိုးသက်ရောက်မှုကို စစ်ဆေးရန်အတွက် ကွန်ပျူတာကို ဖွင့်လိုက်လေသည်။

သို့သော် ဝက်ဘ်ဆိုက်ကိုဖွင့်လိုက်သည်နှင့် ကြောင်အသွားချေသည်။

သူ့ဝေးပေါ်ရှိ ဗီဒီယိုကား ပျောက်သွားလေပြီ။

ထိုမျှသာမက အခြားပင်မဝက်ဘ်ဆိုက်များတွင်လည်း သူ စစ်ဆေးကြည့်လိုက်လေရာ ဗီဒီယိုအားလုံး ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရ၏။

စွန်းခိုင်၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။

သူ့အစီအစဉ်က ကျကျနနစီစဉ်ထားသော အစီအစဉ်ပင်။ သို့ဖြစ်လေရာ သူ့အနေနှင့် မည်သို့လက်လျှော့နိုင်မည်နည်း။

ထို့ကြောင့် စွန်းခိုင်က ဖောက်သည်ဝန်ဆောင်မှုကို ဖုန်းဆက်လိုက်သည်။

ဖောက်သည်ဝန်ဆောင်မှုကလည်း နည်းပညာဌာနကို ချက်ချင်းဆက်သွယ်လိုက်၏။

ထိုအခါမှသာ ဝက်ဘ်ဆိုက်က ဟက်ခံထားရသဖြင့် ဗီဒီယိုများ ပျက်သွားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ပင်မဝက်ဘ်ဆိုက်များရှိ နည်းပညာဝန်ထမ်းများမှာ ကွန်ရက်ကျွမ်းကျင်သူများဖြစ်လေရာ ဖောက်ထွင်းသူ၏အိုင်ပီလိပ်စာကို ချက်ချင်းရှာဖွေလိုက်၏။

ကွန်ရက်စောင့်ကြည့်ရေးမှတစ်ဆင့် သူ့ဟက်ကာအတန်းက လှုပ်ရှားလိုက်ပြီဖြစ်ကြောင်း ယဲ့ချန်း သိထားပြီးဖြစ်၏။

ယဲ့ချန်းသည် ဟက်ကာအတန်းကို အမြဲစိုးရိမ်ပူပန်ခဲ့သည်။

ဟက်ကင်းနည်းလမ်းများကို မသုံးသင့်သောနေရာတွင် အသုံးချမည်ကို စိုးရိမ်ခြင်းပင်။

ထို့ကြောင့် ဤအတန်းကို တင်းကျပ်သောစည်းမျဉ်းများ ချမှတ်ခဲ့သည်။

သူတို့၏လုပ်ဆောင်ချက်များမှာ ဥပဒေချိုးဖောက်မှုမရှိစေရဟူ၍ပင်။

ယခုတစ်ခေါက်တွင် သူတို့၏လုပ်ရပ်က တရားမဝင်ပါသော်ငြား ယဲ့ချန်း၏ရင်ထဲဝယ် အတန်ငယ်နွေးထွေးသွားရသည်။

ဤသည်မှာ ကျောင်းသားများဘက်က ကျောင်းကို အသိအမှတ်ပြုကြောင်း ပြသနေပေသည်။

သို့သော် ဤကလေးများက ငယ်လွန်းလှ၏။

သူတို့၏ရည်ရွယ်ချက်က ကောင်းမွန်ပါသော်ငြား သူတို့၏အစွမ်းအစကမူ ခြေရာလက်ရာမကျန်ရစ်ဘဲ ဤကဲ့သို့သောတာဝန်များကို လုပ်ဆောင်နိုင်ရန် မပြည့်စုံသေးပေ။

ထို့ပြင် ဤလုပ်ရပ်မှာ တရားမဝင်ပါချေ။

ယဲ့ချန်းလည်း ကျောင်းသားများ၏အိုင်ပီလိပ်စာများကို ဖျက်ရန်အတွက် သူ့နည်းလမ်းများကို သုံးလိုက်ရသည်။

ဤတာဝန်မှာ မော့ရှောင်ရှောင်တို့တစ်သိုက် မလုပ်ဆောင်နိုင်သော်ငြား ယဲ့ချန်းအတွက်မူ ကလေးကစားသလောက်သာ ရှိ၏။

မော့ရှောင်ရှောင်က အွန်လိုင်းပေါ်ရှိ ဗီဒီယိုများကို ဖျက်ရန်အတွက် ကျောင်းသားများကို အစီအစဉ်ချနေခိုက် သူ့ကွန်ပျူတာဖန်သားပြင် အမှောင်ကျသွားပြီး စာတစ်ကြောင်းပေါ်လာလေသည်။

"ဒီကိစ္စကို ငါကြည့်ရှင်းလိုက်မယ်။ မင်းတို့က ကိုယ်လုပ်စရာရှိတာ လုပ်နေလိုက်။ ဒီလိုကိစ္စမျိုးကို ဘယ်တော့မှထပ်မလုပ်နဲ့"

ပုံ : "စတားတက္ကသိုလ်ကျောင်းအုပ် ယဲ့ချန်း"

ဤစာသားကို မြင်လိုက်ရချိန်ဝယ် မော့ရှောင်ရှောင် ကြက်သေသေသွားရသည်။

သူ့ကွန်ပျူတာထဲတွင် အဆင့်အမြင့်ဆုံးကြားဖြတ်မှုစနစ်ရှိပါသည့်တိုင် ယဲ့ချန်းက ဟက်ခ်နိုင်ဆဲပင်။

ဤသည်မှာ ယဲ့ချန်း၏ဟက်ကင်းစွမ်းရည်က သူ့ထက် များစွာသာလွန်ကြောင်း ပြသနေပေသည်။

ယခုမူ မော့ရှောင်ရှောင်လည်း ယဲ့ချန်းကို ပိုလေးစားသွားသည်။

ဝါနုသေးသော သူတို့၏နည်းလမ်းများမှာ ကျောင်းအုပ်ကြီးနှင့်ယှဉ်လိုက်ပါက မပြောပလောက်ကြောင်း သူတို့ သဘောပေါက်သွားချေသည်။

ကျောင်းအုပ်ကြီးက ဝင်မပါရန် ပြောထားသဖြင့် သူတို့လည်း ဝင်ပါရန် မလိုတော့ပေ။

မော့ရှောင်ရှောင်ခမျာ စိတ်ထဲ မကျေမနပ်ဖြစ်မိသော်ငြား လူတိုင်းကို ရပ်ခိုင်းလိုက်သည်။

"ငါ့ကြောင့်သာမဟုတ်ရင် တစ်ဖက်က မင်းတို့ရဲ့အိုင်ပီလိပ်စာတွေကို ရသွားလောက်ပြီ။ မင်းတို့ အခုလုပ်နေတာက ကျောင်းအတွက် အကူအညီမဖြစ်ဘူး။ ကျောင်းနဲ့ အတန်းဖော်တွေကို ဒုက္ခပေးရာရောက်တယ်။ ဒါက ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ပဲ"

ယဲ့ချန်းက ခပ်တင်းတင်းသတိပေးလိုက်လေသည်။

ဤမက်ဆေ့ချ်ကိုမြင်သော် မော့ရှောင်ရှောင် ပင့်သက်ရှိုက်လိုက်မိသည်။

ခဏလောက် ဆင်ခြင်တုံတရားပျောက်ဆုံးသွားသဖြင့် အတန်းဖော်များကို ဗီဒီယိုများ ဖျက်ခိုင်းခဲ့သော်လည်း သူတို့ကို လူမိသွားလျှင် ဘာဆက်လုပ်ရမလဲဆိုသည်ကို မတွေးခဲ့မိပေ။

အကျိုးဆက်ကား ပြင်းထန်လှပေသည်။ သူတို့ကိုလည်း ရဲအရာရှိများက လာရောက်ဖမ်းဆီးသွားနိုင်သည်။

မော့ရှောင်ရှောင်မှာ ယဲ့ချန်းကို ပိုလေးစားပြီး ပိုကျေးဇူးတင်မိပြန်သည်။

••••••••••••••••••••

အပိုင်း ၃၃၂ : ဂိမ်းကစားတာက ပရော်ဖက်ရှင်နယ်အလုပ်အကိုင်တစ်ခုပါ

စွန်းကျယ်တို့တစ်သိုက် ဂိမ်းကစား၍ပြီးစီးသွားသောအခါ ထိုဗီဒီယိုက အွန်လိုင်းပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ဗီလာတစ်ခုတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ဖုန်းကြည့်နေစဉ် စာသားတစ်ခုက ရုတ်တရက်ပေါ်လာသည်။

"စတားတက္ကသိုလ်က ကျောင်းသားတွေကို ဂိမ်းကစားခွင့်ပေးထားတယ်တဲ့။ ဒီလိုတက္ကသိုလ်မျိုးက လူငယ်တွေရဲ့စိတ်ကို လမ်းလွဲစေတယ်လေ။ ဒီကျောင်းအုပ်က တော်တော်အရှက်မရှိတာပဲ"

ငါ့သားက အဲဒီတက္ကသိုလ်မှာ တက်နေတာမဟုတ်ဘူးလား…

ဤဗီဒီယိုကိုကြည့်ပြီးနောက် ထိုအမျိုးသမီးကြီး ဒေါသထွက်သွားလေသည်။

ဘုရားရေ အဓိပ္ပာယ်မရှိလိုက်တာ…

ကျောင်းဘက်က ကလေးများကို ဂိမ်းကစားခွင့်ပေးထားသတဲ့။ ငါ့ကလေးကို ဘယ်လိုတက္ကသိုလ်မျိုးမှာ ထားခဲ့မိတာလဲ…

ထို့ပြင် မိဘတော်တော်များများလည်း ဤဗီဒီယိုကို မြင်သွားသည်။ ထိုအထဲတွင် စွန်းကျယ်၏မိဘများလည်း ပါဝင်လေသည်။

"လောင်စွန်း.. ဟိုဗီဒီယိုကို မြင်ပြီးပြီလား။ အဲဒီကျောင်းက ကလေးတွေကို စာသင်ခန်းထဲမှာ ဂိမ်းကစားခွင့်ပေးထားတဲ့အပြင် ဂိမ်းကစားတဲ့မေဂျာတောင် ဖွဲ့စည်းပေးထားတယ်တဲ့။ အဲဒီလိုကျောင်းမျိုးမှာထားရင် ငါတို့ကလေးတွေ ဘဝပျက်ကုန်မှာမဟုတ်ဘူးလား"

အထူးသဖြင့် ဗီဒီယိုထဲတွင် သူတို့သား၏ပုံရိပ်လေးကို မြင်လိုက်ရချိန်ဝယ် ပို၍ပင် စိတ်ပူသွားလေသည်။

"ဂိမ်းကစားတာကို အလုပ်အကိုင်တစ်ခုအဖြစ် ပြောင်းမတဲ့။ ဒီကျောင်းက တော်တော်ပြဿနာရှာတာပဲ"

စွန်းဖေးမှာ စားပွဲကို ဒေါသတကြီးရိုက်ချလိုက်သည်။

စွန်းကျယ်ကို ကျောင်းပို့လိုက်ရသည့် ရည်ရွယ်ချက်မှာ ဂိမ်းကို‌ လျှော့ကစားပြီး သာမန်ဘဝတစ်ခုတွင် နေထိုင်ကာ တက္ကသိုလ်ကျောင်းသားဘဝကို ခံစားစေချင်သောကြောင့်ပင်။

သို့သော် သူတို့၏သားက ကျောင်းတွင် ဂိမ်းမေဂျာတစ်ခု၌ လေ့လာနေကြောင်း သိလိုက်ရသည်။

ဤသည်မှာ လွန်လွန်းလှသည်။

"မဖြစ်ဘူး။ ဒီကျောင်းကို ဒီလိုလုပ်ရပ်မျိုးတွေ လုပ်ခွင့်ပေးထားလို့မဖြစ်ဘူး။ ငါတို့ ကျောင်းကိုသွားပြီး ကျောင်းအုပ်ကြီးကို သွားတွေ့မှဖြစ်မယ်"

စွန်းကျယ်၏မိဘများသာမက ဂိမ်းမေဂျာရှိ အခြားကျောင်းသားများ၏ မိဘများကပါ သူတို့သားသမီးများ၏ မေဂျာအကြောင်း ကြားလိုက်ရသောအခါ စိတ်တိုကုန်ကြသည်။

သူတို့နားလည်ထားသလောက်ဆိုလျှင် ဂိမ်းကစားခြင်းက လူငယ်ဘဝကို ဖြုန်းတီးနေခြင်းသာ။

တက္ကသိုလ်ဆိုသည်မှာ ဗဟုသုတများကို သင်ကြားပေးသင့်သည်မဟုတ်လော။ ဂိမ်းကစားခြင်းဆိုသည်မှာ မည်သို့သောအကြောင်းအရာမျိုးလဲ။

ဂိမ်းမေဂျာက ဘွဲ့ရခဲ့လျှင်ပင် အလုပ်ရှာတွေ့နိုင်မည်လော။ မည်သူကများ လိုချင်မည်နည်း။

သို့ဖြစ်လေရာ သူတို့အနေနှင့် ထိုသို့သောအရာမျိုးကို လုပ်ခွင့်မပေးနိုင်ပေ။ ကျောင်းကို ဖြေရှင်းချက်တောင်းခံရပေမည်။

ထို့ကြောင့် ထိုကျောင်းသားမိဘများမှာ စတားတက္ကသိုလ်သို့ ရောက်ချလာသည်။

စွန်းခိုင်က ကျောင်းနားတွင် ပုန်းအောင်းနေချေသည်။

သူသည် ကျောင်းသားမိဘများ ပြဿနာလာရှာမည့်အချိန်ကို စောင့်နေချေသည်။

ပြဿနာသာ ကြီးထွားလာလျှင် ကျိုတိုပညာရေးဝန်ကြီးဌာနလည်း ဝင်ပါရမည်သာ။ ထိုအခါ စတားတက္ကသိုလ်လည်း အဆုံးသတ်သွားလိမ့်မည်။

ထိုဗီဒီယိုလည်း အွန်လိုင်းပေါ်တွင် အရူးအမူးပျံ့နှံ့နေသည်။

ကောမန့်များကလည်း အမြင်ချင်းတူကြသည်။ သူတို့အားလုံးက လူငယ်များ၏ငယ်ရွယ်မှုကို ဖြုန်းတီးသည်ဟုဆိုကာ စတားတက္ကသိုလ်ကို ဝေဖန်ထားကြသည်။

ယဲ့ချန်းက အတန်ငယ်ပူပန်လေဟန်ဖြင့် ပြတင်းပေါက်နားတွင် ရပ်နေလေသည်။

သူ့အတွေးက အလွန်ခေတ်ရှေ့ပြေးနေသဖြင့် ဤမိဘများ လက်ခံနိုင်မည်လော။

ထို့ပြင် သူ့သင်ကြားရေးနည်းလမ်းက ဟွားနိုင်ငံရှိ သင်ကြားရေးနည်းလမ်းများနှင့် ပြဒါးတစ်လမ်း၊သံတစ်လမ်း ဖြစ်နေပေသည်။ ထို့ကြောင့်လည်း စတားတက္ကသိုလ်က လူပြောစရာဖြစ်နေခြင်းပင်။

ကျောင်းအပေါက်ဝတွင် ရပ်ထားသော ကားများကိုကြည့်ရင်း ယဲ့ချန်း အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။

ဖြစ်ရမည့်ကိစ္စများကတော့ ဖြစ်ကိုဖြစ်မည်သာ။

စွန်းခိုင်က အပေါက်ဝတွင် ပုန်းအောင်းနေသည်ဖြစ်ရာ မိဘများ ရောက်လာချိန်တွင် အေးတိအေးစက်နှာခေါင်းရှုံ့လိုက်သည်။

ငါ ဒီကိစ္စကို အကြီးအကျယ်ဖြစ်အောင် လုပ်ရမယ်.. ပြဿနာသာ ကြီးထွားလာရင် ပညာရေးဝန်ကြီးဌာနကလည်း ဝင်ပါလာမှာပဲ..ဒီလိုဆိုရင် စတားတက္ကသိုလ် ပိတ်သိမ်းရဖို့ကလည်း အနှေးနဲ့အမြန်ပဲ…

မကြာခင်မှာပင် မိဘများက စတားတက္ကသိုလ်၏ရုံးခန်းထဲတွင် စုဝေးနေကြသည်။ ထို့ပြင် သတင်းထောက်တစ်စုကလည်း ထိုမိဘများနောက်တွင် ပါလာကြသည်။

သတင်းထောက်များက သတင်းကို အနံ့ခံနိုင်စွမ်း မြင့်မားကြသည်။

ဤသတင်းက အွန်လိုင်းပေါ်တွင် ဟိုးလေးတကြော်ကြော်ဖြစ်နေသဖြင့် သူတို့အနေနှင့် ဤအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ချေ။

လင်းရှစ်ယင်က ကျောင်းအပေါက်ဝတွင် ပြုံးလျက် ပြောလိုက်၏။

"အားလုံးပဲ.. ကျောင်းအုပ်ကြီးက ရှင်တို့ရဲ့စိုးရိမ်သောကကို နားလည်ပါတယ်။ အခုလည်း အားလုံးကို ကျောင်းအုပ်ရုံးခန်းထဲမှာ စောင့်နေပါတယ်။ ကျောင်းအုပ်ယဲ့က အားလုံးကို ကျိုးကြောင်းဆီလျော်တဲ့ ဖြေရှင်းချက်တစ်ခုပေးမှာပါ"

ထိုမိဘများမှာ အဆင့်အတန်းရှိသူများဖြစ်ပြီး ကျောင်းဘက်ကလည်း သဘောထားကောင်းမွန်သဖြင့် ချက်ချင်းဆူပူအော်ဟစ်ခြင်းမပြုကြချေ။

သူတို့က ကျောင်းအုပ်ရုံးခန်းထဲသို့ ရောက်လာပြီးနောက် ယဲ့ချန်းနှင့် တွေ့လိုက်ကြသည်။

ကျောင်းအုပ်က ငယ်လွန်းလှကြောင်း မြင်လိုက်ရသောအခါ ဤမိဘများမှာ သည်းမခံနိုင်ကြတော့ပေ။

"ကျောင်းအုပ်ယဲ့.. ကျွန်မတို့ အွန်လိုင်းပေါ်က ဗီဒီယိုတွေကို မြင်ပြီးပြီ။ ကလေးတွေကို အတန်းထဲမှာ ပေါ်တင်ဂိမ်းကစားခွင့်ပေးထားတာတဲ့။ ဒါက အဓိပ္ပာယ်မရှိဘူးမလား"

"ဟုတ်တယ်။ ကျုပ်တို့က ကလေးတွေကို ဗဟုသုတတွေ လေ့လာစေချင်လို့ ကျောင်းပို့လိုက်တာ။ ခင်ဗျား ကျုပ်တို့ကို ဖြေရှင်းချက်တစ်ခုခုတော့ ပေးမှဖြစ်မယ်"

"ခင်ဗျားက ကျောင်းသားတွေကို ဒီလိုပညာသင်ပေးနေတာလား။ ကျုပ်တို့သားသမီးတွေကို ခင်ဗျားကျောင်းမှာ ပို့ခဲ့မိတာ မှားတာပဲ"

…

ယဲ့ချန်းကမူ သူတို့နှင့် စကားများမနေဘဲ ပြောလိုက်၏။

"ဒီလိုလုပ်ရင်ရော.. ခင်ဗျားတို့တွေ ခင်ဗျားတို့ကလေးတွေ လေ့ကျင့်ရေးဆင်းနေတာကို သွားကြည့်လို့ရပါတယ်"

ယဲ့ချန်းက ထိုသို့ပြောပြီးနောက် မိဘများကို လေ့ကျင့်ရေးခန်းထဲသို့ ခေါ်သွားလိုက်သည်။

လေ့ကျင့်ရေးခန်းထဲသို့ ဝင်လိုက်ချိန်ဝယ် မိဘများမှာ ကြက်သေသေသွားလေသည်။

သူတို့၏သားသမီးများမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ပြောင်းလဲသွားကြောင်း မြင်လိုက်ရ၏။ ယခင်တုန်းက သူတို့ကလေးသည် မျက်ကွင်းညိုမည်းပြီး မသပ်မရပ်ဖြစ်နေခဲ့သည်။

သို့သော် ယခုမူ ကလေးမျက်နှာထက်တွင် ပြုံးပန်းဝေနေပြီး သန့်ရှင်းသပ်ရပ်နေတော့သည်။

စွန်းခိုင်၏မိဘများမှာ သူတို့သားကို မြင်လိုက်ရချိန်မျာပင် လုံးဝထိတ်လန့်သွားသည်။

ဒါက သူတို့သားရော ဟုတ်ရဲ့လား…

စွန်းခိုင်သည် အမြဲငေးငိုင်နေတတ်ပြီး အလွန်ခပ်တုံးတုံးနိုင်သည်။ သို့သော် ယခုမူ သူ့ပုံစံက တောက်ပပြီး ခေါင်းဆောင်တစ်ယောက်၏ အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသည်။

မိဘများမှာ သူတို့သားသမီးထံမှ တောက်ပမှုတစ်ခုကို မြင်လိုက်ရသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…

သူတို့သားသမီး၏ အကျင့်စရိုက်ကို ပြောင်းလဲရန်အတွက် သူတို့ မည်မျှကြိုးစားခဲ့ရသလဲဆိုသည်ကိုပင် မမှတ်မိပေ။

စိတ်ရောဂါကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြီး ကျူရှင်ဆရာများကိုပါ ခန့်ခဲ့သော်ငြား အကုန်လုံး အချည်းနှီးဖြစ်ခဲ့ရသည်။

သို့တိုင် ယခုမူ သူတို့၏သားက လုံးဝပြောင်းလဲသွားလေပြီ။

ပိုတော်လာသည်။ ပိုတောက်ပလာသည်။ ဤသည်မှာ သူတို့ အမြဲဖြစ်စေချင်ခဲ့သော ပုံစံမျိုးပင်။

ထိုအချိန်တွင် စွန်းခိုင်က ဗျူဟာမြောက်သင်ခန်းစာတစ်ခုကို သင်ပြနေသည်။

ယခင်က စွန်းခိုင်သည် စကားလုံးဝမပြောပေ။ သို့သော် ယခုမှာတော့ သူသည် ယုံကြည်မှုပြည့်ဝနေပြီး သူ့အသင်းသားများကိုပင် စနောက်လိုက်သေးသည်။

ယခင်ကနှင့် လုံးဝမတူညီသော စရိုက်မျိုးပင်။ ယခင်က တစ်ယောက်တည်းနေပြီး အထီးကျန်ဆန်လှသည်။

စွန်းခိုင်၏မိဘများမှာ လုံးဝထိတ်လန့်ကုန်ကြသည်။

ရက်အနည်းငယ်အတွင်း သူတို့၏သားက ဤမျှအထိ ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ ထင်မထားချေ။

အစတုန်းက မိဘများအားလုံး ဒေါသတကြီး ရောက်လာခဲ့ကြသည်။

သို့သော် သူတို့သားသမီးများကိုမြင်လိုက်ရချိန်တွင်မူ မျက်နှာထက်၌ အပြုံးပန်းများဝေသွားလေသည်။

အမှန်ပင်။ ကလေးများက ဂိမ်းကစားနေကြသည်။ သို့သော် ယခင်တုန်းက ဂိမ်းကစားနေသည့် အခြေအနေနှင့် ယခုအခြေအနေကား လုံးဝကွဲပြားသွားလေပြီ။

ယဲ့ချန်းက မိဘများကို ရုံးခန်းထဲသို့ ပြန်ခေါ်လာခဲ့လိုက်သည်။

"ကျောင်းသားမိဘတို့.. ကျွန်တော်က စတားတက္ကသိုလ်ရဲ့ကျောင်းအုပ် ယဲ့ချန်းပါ"

မိဘများမှာ စူးစမ်းလိုဟန်ဖြင့် ယဲ့ချန်းကို ကြည့်လိုက်ကြသည်။

သူတို့၏အမြင်တွင် ကျောင်းအုပ်များမှာ အသက်ငါးဆယ်ခြောက်ဆယ်အရွယ်ဖြစ်ပြီး ထိပ်ပြောင်နေတတ်သည်။

သူက ဘာကြောင့် အလွန်ငယ်နေရသလဲ။

ထိုအချိန်မှာပင် သတင်းထောက်များအားလုံးက ယဲ့ချန်းကို ကင်မရာဖြင့် ချိန်ထားလိုက်သည်။

ဤမျှငယ်ရွယ်ချောမောသော ကျောင်းအုပ်တစ်ယောက်ကို သူတို့ လုံးဝမမြင်ဖူးပေ။

ယဲ့ချန်းက တည်ငြိမ်စွာပြောလိုက်သည်။

"ကျောင်းသားမိဘတို့.. ခင်ဗျားတို့ရဲ့လာရင်းကိစ္စကို ကျွန်တော်သိပါတယ်။ အွန်လိုင်းပေါ်က ဗီဒီယိုကြောင့်မလား"

မိဘများ၏အမူအရာမှာ အနည်းငယ်တည်ငြိမ်သွားသော်ငြား သူတို့မျက်ဝန်းထဲတွင်မူ စိုးရိမ်ပူပန်မှုတို့ ရှိနေဆဲသာ။

ယဲ့ချန်းက ဆက်ပြောလိုက်၏။

"ဂိမ်းကစားတာက လမ်းမှားရောက်သွားတာပဲလို့ ခင်ဗျားတို့ကတော့ ထင်ကောင်းထင်နိုင်ပါတယ်။ အနာဂတ်ကိုတောင် ထိခိုက်စေနိုင်တယ်ပေါ့။ ဒါပေမဲ့ သူတို့က အနာဂတ်အတွက် ပြင်ဆင်နေတဲ့အကြောင်း ကျွန်တော် အာမခံချင်ပါတယ်။ ဂိမ်းကစားတယ်ဆိုတာက သင်ကြားမှုတစ်စိတ်တစ်ပိုင်းပါပဲ။ အနာဂတ်ကျရင် သူတို့မှာ အရမ်းတောက်ပတဲ့အလုပ်တစ်ခု ရှိလာလိမ့်မယ်။ ပရော်ဖက်ရှင်နယ်ဂိမ်းပြိုင်ပွဲဝင်တွေပေါ့"

"ဘာရယ်"

"ဂိမ်းကစားတာက သင်ကြားတာတဲ့လား"

"အနာဂတ်ကျရင် ဂိမ်းကစားသမားတွေ ဖြစ်လာမှာလား"

လူတိုင်း အံ့ဩမှင်တက်သွားကြသည်။

ယဲ့ချန်း၏စကားထဲရှိ သတင်းအချက်အလက်များကို ထိုကျောင်းသားမိဘများ လိုက်မမီကြချေ။

"ကျောင်းအုပ်ကြီး.. ဂိမ်းကစားတာက ဘယ်လိုအနာဂတ်မျိုး ရှိနိုင်မှာမို့လို့လဲ။ ခင်ဗျားပြောတဲ့ ဂိမ်းပြိုင်ပွဲဆိုတာက ဘာကြီးလဲ။ ဂိမ်းကစားတာက အလုပ်အကိုင်တစ်ခု ဖြစ်လာနိုင်တယ်ပေါ့။ ကျွန်တော် ခေတ်နောက်ကျသွားတယ်ဆိုရင် တောင်းပန်ပါတယ်။ ဒါပေမဲ့ အဲဒီစကားကို တစ်ခါမှမကြားဖူးဘူး"

စွန်းကျယ်၏အဖေက ဆိုလာလေသည်။

ကျောင်းသားမိဘအားလုံး၏စိတ်ထဲတွင်လည်း ဤအချက်ကို သံသယဖြစ်နေကြသည်။

ဂိမ်းကစားခြင်းက အလုပ်အကိုင်တစ်ခု ဖြစ်လာမည်ဆိုခြင်းမှာ သူတို့အမြင်မှာတော့ စိတ်ကူးယဉ်အိပ်မက်တစ်ခုသက်သက်သာ။

••••••••••••••••••••

အပိုင်း ၃၃၃ - အိပ်မက်များကို အကောင်အထည်ဖော်ခြင်း

မိဘများက ယဲ့ချန်းကို နားမလည်နိုင်သော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ သူတို့အမြင်တွင် ယဲ့ချန်းက ပေါက်ကရပြောနေသည်ဟုသာ ထင်ကြသည်။

ဂိမ်းကစားခြင်းမှာ အလုပ်အကိုင်တစ်ခု ဖြစ်နိုင်သည်တဲ့လား။ ဤသည်မှာ ပေါက်ကရဆန်လှသည်မဟုတ်ပါလော။

ယဲ့ချန်းက ဆက်ပြောလိုက်၏။

"ခင်ဗျားတို့တွေက ဂိမ်းကစားတာကို အနာဂတ်မရှိဘူးတို့ အလားအလာမရှိဘူးတို့ ပျင်းရိစေတတ်တယ်လို့ ထင်နေကြတာ ကျွန်တော်သိပါတယ်။ အဲဒီအချက်ကိုတော့ ကျွန်တော်လည်း လက်ခံပါတယ်"

ယဲ့ချန်း၏စကားကို ကြားသောအခါ ကျောင်းသားမိဘများလည်း ပို၍ပင် နားမလည်နိုင်ဖြစ်သွားလေသည်။

သိတယ်ဆိုရင် ကျောင်းသားတွေကို ဘာလို့ ဂိမ်းကစားခွင့်ပေးထားတာလဲ…

ယဲ့ချန်းက ဆက်ပြောလိုက်ပြန်သည်။

"ဒါပေမဲ့ ကျွန်တော်တို့ကျောင်းသားတွေက ဂိမ်းကစားနေရုံသက်သက်မဟုတ်ပါဘူး။ အီလက်ထရောနစ်အားကစားကို စိတ်ဝင်စားနေကြတာပါ။ အဲဒါက အားကစားတစ်မျိုးပါပဲ။ နောက်ပိုင်းမှာ သူတို့တွေ ပရော်ဖက်ရှင်နယ်ကစားသမားတွေဖြစ်လာနိုင်ပါတယ်။ ကလပ်တွေကို ကိုယ်စားပြုတာမျိုး ဒါမှမဟုတ် ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာ ဟွားနိုင်ငံကို ကိုယ်စားပြုတာမျိုးတွေလုပ်ပြီး နိုင်ငံ့အတွက် ဂုဏ်ဆောင်နိုင်မှာပါ"

မိဘတော်တော်များများက ဂိမ်းပြိုင်ပွဲများနှင့်ပတ်သက်ပြီး သံသယပွားနေကြသည်။

ယဲ့ချန်းကတော့ ဆက်ရှင်းပြသည်။

"အခုဆိုရင် ဂိမ်းတော်တော်များများက ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးနေပါပြီ။ ဥပမာပြောရရင် အမည်မသိစစ်မြေပြင်ဆိုတဲ့ဂိမ်းက နိုင်ငံခြားမှာ ပြိုင်ပွဲတွေတောင် စီစဉ်နေပါပြီ။ ဒီလိုပြိုင်ပွဲမျိုးက နောင်အနာဂတ်ကျရင် လုပ်ငန်းနယ်ပယ်တစ်ခု ဖြစ်လာလိမ့်မယ်။ ခင်ဗျားတို့သားသမီးတွေက ပြိုင်ပွဲဝင်ကစားသမားတွေရဲ့ ပထမဆုံးအသုတ်ဖြစ်လာမှာ"

စွန်းကျယ်၏အဖေက မေးခွန်းထုတ်လိုက်လေသည်။

"တကယ်ပြောနေတာလား။ ပြိုင်ပွဲတွေက နောက်ပိုင်းမှာ အလုပ်အကိုင်လမ်းကြောင်းတစ်ခု ဖြစ်လာပါ့မလား"

သူတို့အတွက်တော့ ဂိမ်းကစားခြင်းမှာ ငယ်ရွယ်မှုကို ဖြုန်းတီးခြင်းဖြစ်လေရာ တန်ဖိုးမရှိလှဟု ယူဆထားသည်။

ယခုမူ ယဲ့ချန်းက ဂိမ်းကစားခြင်းကို အလုပ်အကိုင်တစ်ခုဟု ဆိုလာလေရာ ဤမိဘများ၏အထင်အမြင်ကို စိန်ခေါ်လိုက်သလိုပင်။

"အီလက်ထရောနစ်အားကစားက ဂိမ်းကစားတာနဲ့ မတူပါဘူး။ ကစားသမားတွေအနေနဲ့ ကောင်းမွန်တဲ့တုံ့ပြန်နိုင်စွမ်း၊ ဆန်းစစ်နိုင်စွမ်း၊ အဖွဲ့လိုက်လုပ်ဆောင်မှုစွမ်းရည်၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားတွေကို လိုအပ်တာမို့ အဘက်ဘက်က တိုးတက်အောင်လုပ်ဖို့ လိုပါတယ်"

ယဲ့ချန်းက ထိုသို့ပြောရင်း သူတို့၏လေ့ကျင့်ရေးအစီအစဉ်ကိုလည်း မိဘများအား ပြလိုက်သေးသည်။

ထိုအစီအစဉ်ကာ အလွန်တိကျလှသည်။ အစာစားချိန်၊ လေ့ကျင့်ခန်းလုပ်ချိန်၊ လေ့ကျင့်ရေးဆင်းချိန်နှင့် ဗျူဟာမြောက်သင်ခန်းစာများကို လေ့ကျင့်ချိန်ဟူ၍ ခွဲခြားထားလေရာ သူတို့ထင်ထားသည်နှင့် လုံးဝကွဲလွဲနေပေသည်။

အရေးအကြီးဆုံးမှာ ကလေးများ၏ အစီအစဉ်က နောက်တစ်နေ့လေ့ကျင့်ရေးအတွက် လိုအပ်သော ခွန်အားကို ထိန်းသိမ်းနိုင်ရန်အတွက် ညဆယ်နာရီမထိုးခင် အိပ်စက်ရန်ပင်။

ယဲ့ချန်းက မိဘများကို ဆက်ရှင်းပြလိုက်သည်။

"ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ.. ဂိမ်းကစားတာနဲ့ အီလက်ထရောနစ်အားကစားက ဒီလိုကွာခြားပါတယ်။ တခြားအားကစားတွေလိုမျိုး အီလက်ထရောနစ်အားကစားက အထူးပြုထားတဲ့ လေ့ကျင့်ရေးမျိုးကို လိုအပ်ပါတယ်။ ခင်ဗျားတို့သားသမီးတွေ ဂိမ်းကစားတဲ့အခါ ဘယ်လိုပုံစံမျိုးရှိလဲ။ အခုရော ဘယ်လိုဖြစ်နေပြီလဲ။ ခင်ဗျားတို့က ကျွန်တော့်ထက် ပိုသိမှာပါ"

ယဲ့ချန်း၏စကားကို ကြားသောအခါ မိဘများလည်း တိတ်ဆိတ်ကုန်ကြသည်။

သူတို့၏သားသမီးများမှာ ယခင်ကနှင့် မတူတော့ဘဲ လုံးဝပြောင်းလဲကုန်သည်။

ထို့ပြင် ယဲ့ချန်းပြောသလို သူတို့အနေနှင့် မိမိသဘောကျရာနယ်ပယ်တွင် အလုပ်အကိုင်လမ်းကြောင်းတစ်ခုကို ဖန်တီးနိုင်ပါက အလွန်ကောင်းမွန်သော အရာတစ်ခုပင်။

ယဲ့ချန်းက ဆက်ပြောလိုက်သည်။

"ခင်ဗျားတို့တွေ စိတ်ပူနေတာကို ကျွန်တော် နားလည်ပါတယ်။ ခင်ဗျားတို့က သားသမီးတွေရဲ့ အနာဂတ်အတွက် စိုးရိမ်ပြီး အိီလက်ထရောနစ်အားကစားမှာ ဘာအနာဂတ်မှမရှိမှာကို ကြောက်နေကြတာ။ သူတို့တွေက အီလက်ထရောနစ်အားကစားရဲ့ ခေတ်သစ်တစ်ခုကို ဆောင်ကြဉ်းနိုင်လိမ့်မယ်လို့ ကျွန်တော် အတပ်ပြောရဲပါတယ်။ ခင်ဗျားတို့သားသမီးတွေက ဒီခေတ်ရဲ့ပိုင်စိုးသူတွေ ဖြစ်လာလိမ့်မယ်"

ယဲ့ချန်းက ထိုသို့ပြောပြီးနောက် မိဘများကို ကြည့်လိုက်လေသည်

"ကျွန်တော့်ဘက်ကတော့ အကုန်ပြောပြပြီးသွားပြီ။ ခင်ဗျားတို့သားသမီးတွေကို ဒီနေရာမှာ ထားခဲ့မလား။ ဒါမှမဟုတ် ခေါ်သွားမလားဆိုတာကတော့ ခင်ဗျားတို့ရဲ့သဘောပါပဲ"

ယဲ့ချန်းက ထိုသို့ပြောပြီး လှည့်ထွက်လာခဲ့လိုက်၏။

ကျောင်းသားမိဘများလည်း ဆုံးဖြတ်ရခက်သွားလေသည်။

စွန်းကျယ်၏မိဘနှစ်ပါးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

ဖန်သားပြင်ထက်တွင် သူတို့၏ကလေးများ လေ့ကျင့်ရေးဆင်းနေကြသည်ကို မြင်နေရ၏။

ယခုအချိန်တွင် စွန်းကျယ်မှ လုံးဝမတူညီသော လူတစ်ယောက်ဖြစ်သွားလေပြီ။

သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့်ကို ဆင်မြန်းထားသည်။

ယုံကြည်မှုရှိပြီး၊ ပေါင်းသင်းဆက်ဆံရေးကောင်းကာ တောက်ပနေသည့်ပုံစံများမှာ စွန်းကျယ်ထံတွင် သူတို့ ယခင်က တစ်ခါမှမမြင်ဖူးသော စရိုက်လက္ခဏာများပင်။

စွန်းကျယ်၏အဖေက ပြောလိုက်လေသည်။

"ကလေးကို ဒီမှာထားခဲ့လိုက်တာ ပိုကောင်းမယ်ထင်တယ်"

"ဟုတ်တွ။ ဒီကျောင်းအုပ်က အရမ်းအံ့သြဖို့ကောင်းတယ်လို့ ထင်တာပဲ။ ကျွန်မတို့သားသာ ပြိုင်ပွဲဝင်ကစားသမားတစ်ယောက် ဖြစ်လာပြီး နိုင်ငံ့အတွက် ဂုဏ်ဆောင်နိုင်ခဲ့ရင် အဲဒီဆွေမျိုးတွေ ကျွန်မသားကို အသုံးမကျဘူးလို့ ပြောရဲဦးမလား"

သူတို့လည်း စွန်းကျယ်ကို စတားတက္ကသိုလ်တွင် ဆက်နေခိုင်းရန် ဆုံးဖြတ်လိုက်ကြတော့သည်။

အခြားမိဘများလည်း ထိုသို့ဆုံးဖြတ်ချက်ချလိုက်သည်။

သူတို့စိတ်ထဲတွင် အီလက်ထရောနစ်အားကစားနှင့်ပတ်သက်ပြီး သံသယများ ရှိနေသေးသော်ငြား ဤသည်မှာ သူတို့သားသမီးများ၏ ရွေးချယ်မှုဖြစ်ကြောင်း သူတို့ နားလည်ကြသည်။

ဖန်သားပြင်ထက်ရှိ သူတို့သားသမီးများ၏ ပျော်ရွှင်နေသော အမူအရာများကို မြင်သောအခါ သူတို့ကို ခေါ်သွားလိုက်လျှင် အလွန်တရာနာကျင်စေလိမ့်မည်ဖြစ်ကြောင်း ကောင်းကောင်းသိလိုက်သည်။

အရေးအကြီးဆုံးမှာ ရက်ပိုင်းအတွင်းမှာပင် ဤမိဘများအနေနှင့် သူတို့သားသမီးများ၏ ပြောင်းလဲမှုကို မြင်လိုက်ရခြင်းပင်။

သူတို့သည် ယခင်ကလို ငေးကြောင်ကြောင်မျက်ဝန်းများဖြင့် မနေကြတော့ချေ။ သူတို့ထံတွင် ယုံကြည်မှုနှင့် ရည်မှန်းချက်များ ရှိနေကြပြီဖြစ်၏။

ထိုအချိန်တွင် လင်းရှစ်ယင်က ပြံးလျက် ပြောလိုက်၏။

"ကျောင်းသားမိဘတို့.. ကျွန်မနဲ့အတူလိုက်ခဲ့ပါ။ ရှင်တို့သားသမီးတွေနဲ့ တွေ့ရအောင် ခေါ်သွားပေးပါ့မယ်"

ဂိမ်းလေ့ကျင့်ရေးက ယခုလေးတင် ပြီးဆုံးသွားသည်ဖြစ်ရာ ကလေးများမှာ အတန်းဆင်းလာချိန်ဝယ် တံခါးဝတွင် သူတို့မိဘများ မတ်တတ်ရပ်စောင့်နေသည်ကို မြင်လိုက်ရ၏။

ကလေးများလည်း ကြက်သေသေကုန်ကြသည်။

စွန်းကျယ်ခမျာ စိုးရိမ်ပူပန်သွားလေတော့သည်။

"အမေနဲ့အဖေ.. ဒီကို ဘာလို့ရောက်လာတာလဲ။ ဟိုဗီဒီယိုကိုမြင်ပြီး ကျွန်တော့်ကို ဂိမ်းကစားခွင့်မပေးတော့ဘူးလား"

"အမေ အဖေ.. ကျွန်တော် Esportsကစားသမားတစ်ယောက် ဖြစ်ချင်တယ်။ အဲဒါက ကျွန်တော့်အိပ်မက်ပဲ။ ကျေးဇူးပြုပြီး ကျွန်တော့်အိပ်မက်ကို လုယူမသွားပါနဲ့ နော်"

သူတို့သား၏စကားများကို ကြားလိုက်ရသောအခါ စွန်းကျယ်၏မိဘများလည်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။

စွန်းကျယ်၏အဖေက မေးခွန်းထုတ်လိုက်၏။

"ရှောင်ကျယ်... မင်း တကယ်ပဲ Esportsကစားသမားတစ်ယောက်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား"

"ဟုတ်။ ကျွန်တော်ကြိုးစားမှာပါ။ အမေနဲ့အဖေ.. ကျွန်တော့်ကိုယုံပါ"

သူ့သားဖြစ်သူ၏ စိတ်ပိုင်းဖြတ်ထားသော အမူအရာကိုမြင်သော် စွန်းကျယ်၏အဖေလည်း သူ့သား၏ပခုံးကို ပုတ်လျက် အားရပါးရပြုံးလိုက်ချေသည်။

စိတ်ပိုင်းဖြတ်ထားသော ဤအမူအရာမှာ ယခင်က စွန်းကျယ်ထံတွင် လုံးဝမရှိခဲ့ဖူးပေ။

"ဟုတ်ပြီ။ အဖေက မင်းအောင်မြင်မဲ့နေ့ကို စောင့်နေမယ်"

"ဝိုး အဖေ.. ကျွန်တော် အဖေ့ကိုချစ်တယ်"

စွန်းကျယ်လည်း သူ့အဖေ၏လည်ပင်းကို သိုင်းဖက်လိုက်မိသည်။

စွန်းကျယ်၏အဖေခမျာ မျက်ရည်မလည်ဘဲ မနေနိုင်ပေ။

ယခင်က ဂိမ်းပြဿနာများကြောင့် သားအဖနှစ်ယောက်က ရန်သူများနှယ် ဖြစ်ခဲ့ရသည်။

သူတို့က စကားလည်းမပြောကြသဖြင့် သားဖြစ်သူ၏စိတ်ထဲတွင် သူ့အတွက် နေရာမရှိတော့ပေ။

အခြားမိဘများကလည်း သူတို့သားသမီးများနှင့် စကားပြောကြည့်လိုက်လေရာ ထိုသို့သောတုံ့ပြန်မှုမျိုးကိုသာ ပြန်ရလေသည်။

မိဘများလည်း အဆုံးတွင်မူ သူတို့သားသမီးများကို စတားတက္ကသိုလ်တွင် ဆက်ထားရန် သဘောတူလိုက်ကြသည်။

အကြောင်းမှာ ယခင်က လုံးဝမရှိခဲ့ဖူးသော ယုံကြည်မှုမျိုးနှင့် ရည်မှန်းချက်မျိုးကို သူတို့သားသမီးများထံတွင် မြင်လိုက်ရသောကြောင့်ပင်။

ဤအရာများကို သူတို့ထံတွင် လုံးဝမမြင်ဖူးချေ။

အနာဂတ်အတွက် သူတို့အိပ်မက်ကို အကောင်အထည်ဖော်ရန် စိတ်ပိုင်းဖြတ်ထားသော ကလေးများ၏ဆုံးဖြတ်ချက်ကြောင့် မိဘများအားလုံး ရင်ထဲ ထိရှသွားလေသည်။

ဤကလေးများက တက္ကသိုလ်ကိုရောက်ခါစသာ ရှိသေးသော်လည်း မိဘများအားလုံးက ခံစားချက်ချင်း ထပ်တူကျနေသည်။

သူတို့၏သားသမီးများ ရင့်ကျက်လာလေပြီ။

မိဘများအားလုံး ပြန်သွားကြသည်။ မည်သူကမှ ပညာရေးဝန်ကြီးဌာနသို့ စတားတက္ကသိုလ်အကြောင်း တိုင်ကြားခြင်းမရှိသလို ပြဿနာလည်း မရှာခဲ့ပေ။

ဖီလာအားဖြင့် ဤမိဘများမှာ သူတို့သားသမီးများ၏ ပြောင်းလဲမှုကြောင့် ယဲ့ချန်းနှင့် စတားတက္ကသိုလ်ကိုပင် ကျေးဇူးတင်နေကြသည်။

ထိုနေရာရှိ သတင်းထောက်များလည်း အိပ်မက်ကို အကောင်အထည်ဖော်ရန် စိတ်ပိုင်းဖြတ်ထားသော ကလေးများ၏ဆုံးဖြတ်ချက်ကြောင့် ရင်ထဲ ထိရှသွားလေသည်။

အသည်းနင့်ဖွယ်ကောင်းသ မြင်ကွင်းတိုင်းကို သတင်းထောက်များက မှတ်တမ်းတင်ထားကြသည်။

ဤဗီဒီယိုများကို အွန်လိုင်းပေါ်သို့ တင်လိုက်ချိန်ဝယ် ချက်ချင်းပင် ဟိုးလေးတကြော်ကြော်ဖြစ်သွားခဲ့သည်။

ဗီဒီယိုထဲတွင် လူတိုင်းက အသစ်ထွက်ပေါ်လာသော အီလက်ထရောနစ်အားကစားအကြောင်း သိလိုက်ရသည်။

မကြာခင်မှာပင် သတင်းထောက်များ၏သတင်းက အွန်လိုင်းပေါ်တွင် ရေပန်းစားလာသည်။

စွန်းခိုင်က ကျောင်းသားမိဘများ ကျောင်းတွင် ပြဿနာရှာသည့်သတင်းကို မြင်ရရန် စောင့်ဆိုင်းနေပါသော်ငြား သတင်းကို ဖွင့်ကြည့်လိုက်ချိန်မှာ အကြောင်သားဖြစ်သွားရသည်။

ထိုမိဘများက ကျေးဇူးတင်နေဟန်ဖြင့် ယဲ့ချန်းနှင့် လက်ချင်းဆွဲ၍ နှုတ်ဆက်နေကြသည်။ ထို့နောက် ကလေးများကို ပြောင်းလဲပေးလိုက်သည်မှာ ယဲ့ချန်းဖြစ်ကြောင်း ပြောနေကြသည်။

စွန်းခိုင်လည်း ကြက်သေသေသွားရသည်။

တစ်ကမ္ဘာလုံး ရူးကုန်ပြီလား...

ကျောင်းက ကလေးတွေကို ဂိမ်းကစားခွင့်ပေးထားတာတောင် မိဘတွေက ကျေးဇူးတင်နေတယ်တဲ့လား...

အစတုန်းကတော့ အင်တာနက်၏အစွမ်းဖြင့် စတားတက္ကသိုလ်ကို သေချာပေါက်ဆွဲချနိုင်လိမ့်မည်ဟု စွန်းခိုင် ထင်ခဲ့မိသည်။

သို့သော် သတင်းထောက်များ၏ ဆောင်းပါးကို မြင်လိုက်ရသည်နှင့် လုံးဝကြောင်အသွားချေသည်။

ဆောင်းပါးတစ်ခုလုံးတွင် စတားတက္ကသိုလ်ကို ချီးကျူးထားပြီး အင်တာနက်အသုံးပြုသူများ၏ ကောမန့်များကလည်း လုံးဝပြောင်းလဲသွားလေသည်။

အရေးအကြီးဆုံးမှာ "Esports"ဟူသော မရင်းနှီးသည့်စကားလုံးတစ်လုံးက လူတိုင်း၏မြင်ကွင်းရှေ့သို့ ဝင်ရောက်လာခဲ့သည်။

All Chapters