← Chapters

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အပိုင်း ၃၃၇ : ထုတ်ဖော်ခံရခြင်း

ဝူရွှမ်းခမျာ ဤတက္ကစီဒရိုင်ဘာကြောင့် ရူးတော့မတတ်ပင်။

သူတို့တစ်သိုက်လည်း လုယွမ်လုပ်ငန်းစု၏ အင်တာဗျူးခန်းမရှေ့သို့ ရောက်လာခဲ့ကြသည်။

ထိုအချိန်တွင် လူအမြောက်အများက အင်တာဗျူးခန်းမရှေ့တွင် စုဝေးနေကြသည်။

ဤလူများက အင်တာဗျူးဖြေဖို့ ရောက်နေခြင်းမှာ လုယွမ်လုပ်ငန်းစုက မည်မျှနာမည်ကြီးကြောင်း သိသာလှသည်။

လုယွမ်လုပ်ငန်းစုသည် ဟွားနိုင်ငံ၏ အကြီးဆုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းစုတစ်ခုဖြစ်သည့်အားလျော်စွာ အလုပ်လျှောက်သူများကလည်း အလွန်သဘောကျကြသည်။

လုယွမ်လုပ်ငန်းစုထဲသို့ ဝင်ရောက်နိုင်ပါက တစ်ဘဝစာလုံးအတွက် အာမခံရှိသွားပြီဖြစ်၏။ လစာများပြီး ဝန်ထမ်းအလုပ်ဖြစ်သည့်အပြင် အကျိုးခံစားခွင့်များကလည်း အလွန်ကောင်းမွန်လှသည်။

အင်တာဗျူးခန်းမရှေ့ရှိ လူများကို မြင်လိုက်ရသောအခါ ထျန်းလင်းတစ်ယောက် ရင်ထိတ်သွားချေသည်။

သူ(မ)က ချင်းယောင်ကို တီးတိုးပြောလိုက်၏။

"ယောင်ယောင်.. နင် ဝူရွှမ်းကို အကူအညီတောင်းလိုက်ပါ့လား။ သူ့အမေကို နည်းနည်းပါးပါးပြောခိုင်းလိုက်လေ"

"မလုပ်ချင်ပါဘူး"

ချင်းယောင်ကလည်း ခေါင်းခါယမ်းပြသည်။

သူ(မ)က ဝူရွှမ်းကို အလွန်မုန်းတီးသည်။ အကယ်၍ သူ(မ)အနေနှင့် ကုမ္ပဏီကို အလုပ်ဝင်ခွင့်ရခဲ့လျှင်ပင် ကိုယ်ပိုင်အရည်အချင်းဖြင့် ဝင်ရောက်ချင်သည်။

ဝူရွှမ်းကဲ့သို့ တစ်စုံတစ်ယောက်၏အကူအညီဖြင့် အလုပ်ဝင်ရမည်ထက်စာလျှင် အလုပ်မရခြင်းကသာ ပိုကောင်းပေလိမ့်မည်။

ထိုအချိန်တွင် အရှိန်အဝါကြီးမားလှသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ယောက်က ဝန်ထမ်းများခြံရံလျက် ခန်းမထဲသို့ လျှောက်ဝင်လာသည်။

ထိုအမျိုးသမီးကြီးက အလွန်မောက်မာဟန်တူ၏။ ထို့ပြင် ဝူရွှမ်းနှင့်လည်း အတန်ငယ်ဆင်တူသည်။

ဤမိန်းမကြီးက ဝူရွှမ်း၏အမေ ချန်းစွေ့ပင်တည်း။

ချန်းစွေ့က ဝူရွှမ်းကို မြင်သောအခါ ခဏမျှတုံ့ဆိုင်းသွားပြီးနောက် အနားရှိ ရုံးခန်းတစ်ခန်းသို့ ဆွဲခေါ်သွားသည်။

ခဏအကြာတွင် သူတို့နှစ်ယောက်သား အပြင်သို့ ပြန်ထွက်လာပြီးနောက် ဝူရွှမ်း၏မျက်နှာထက်တွင် ဘဝင်ခိုက်နေဟန်အမူအရာတစ်မျိုး ရှိနေချေသည်။

ဝူရွှမ်း၏အမူအရာကိုမြင်သော် ချန်းစွေ့က ချင်းယောင်တို့နှစ်ယောက်ကို မျက်နှာသာပေးရန် တောင်းဆိုထားသည့် ဝူရွှမ်း၏တောင်းဆိုမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း ယဲ့ချန်း ချက်ချင်းသိလိုက်သည်။

ထျန်းလင်းက တီးတိုးပြောလိုက်၏။

"ဝူရွှမ်း.. အန်တီက သဘောတူလား"

ဝူရွှမ်းက မောက်မာစွာ ပြောလိုက်လေသည်။

"စိတ်မပူနဲ့။ ငါ့အမေက ငါ့ကိုအချစ်ဆုံးပဲ။ သူက လူသစ်ခန့်အပ်ရေးရဲ့ခေါင်းဆောင်ပဲ။ သူအလုပ်ခန့်ချင်တဲ့လူကို ခန့်လို့ရတယ်။ မပူနဲ့။ မင်းတို့နှစ်ယောက် သေချာပေါက်အလုပ်ရမှာ"

ဤအရူးက ဦးနှောက်သေနေခြင်းလား သို့မဟုတ် မာန်တက်နေခြင်းမလား မသိသော်ငြား အသံကိုပင် မလျှော့ချေ။

အနားရှိ အလုပ်လျှောက်သူများအားလုံး သူပြောသည့်စကားများကို ကြားသွားသည်။

အစောတုန်းက သူနှင့် ချန်းစွေ့ ရုံးခန်းထဲသို့ဝင်သွားချိန်ဝယ် လူတော်တော်များများက သံသယဖြစ်နေခဲ့သည်။ ဝူရွှမ်း၏စကားကိုပါ ထည့်ပေါင်းလိုက်သောအခါ ထိုအလုပ်လျှောက်ထားသူများမှာ ပို၍ပင်ဒေါသထွက်သွားကြသည်။

ယဲ့ချန်းခမျာ ဆွံံအနေတော့သည်။

ဤလူက ဦးနှောက်မရှိပါချေ။

ထိုသို့သောကိစ္စမျိုးကို အကျယ်ကြီးထုတ်ပြောရဲသည်။

အကျိုးဆက်များကို မစဉ်းစားဘဲ ကြွားဝါရဲသည့် ဤလူစားမျိုးမှာ ဤအဆင့်လောက်သာရှိသည်။

ချင်းယောင်ကမူ ဝူရွှမ်းကို လျစ်လျူရှုထားပြီး အင်တာဗျူးဖြေရမည့် အကြောင်းအရာများကိုသာ အာရုံစိုက်နေလိုက်သည်။

ချင်းယောင်က ဝူရွှမ်းကို မကြည့်ပါသော်ငြား ယဲ့ချန်းရှိရာဘက်သို့ မကြာမကြာလှမ်းကြည့်တတ်သည်။

အင်တာဗျူးကား စတင်လေပြီ။

စစ်ဆေးမှုနှင့် ကနဦးအင်တာဗျူးက လုပ်ပြီးသွားပြီဖြစ်ရာ ဤသည်မှာ နောက်ဆုံးအင်တာဗျူးပင်။

ရလဒ်ကို အင်တာဗျူးဖြေပြီးသည်နှင့် ချက်ချင်းထုတ်ပြန်ကြေညာမည်ဖြစ်၏။

မကြာခင်မှာပင် အင်တာဗျူးခြင်း ပြီးဆုံးသွားသည်။ မည်သူမှလည်း မကျန်တော့သဖြင့် လူတိုင်းက စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် နောက်ဆုံးရလဒ်ကို စောင့်မျှော်နေကြသည်။

ဝူရွှမ်းကတော့ ကြွားလုံးထုတ်နေဆဲသာ။

"စိတ်မပူပါနဲ့။ မင်းနဲ့ယောင်ယောင် သေချာပေါက်အလုပ်ရမှာ။ ငါ့ကိုယုံ"

ထိုအချိန်တွင် အတွင်းရေးမှူးနှင့်တူသော လူတစ်ယောက် ထွက်လာလေသည်။

"ကုမ္ပဏီရဲ့နောက်ဆုံးအလုပ်ခန့်အပ်သူစာရင်းကို ကြေညာပေးပါ့မယ်။ ချင်းယောင်နဲ့ ထျန်းလင်း"

ထိုနာမည်ကိုကြားသောအခါ ခန်းမတစ်ခုလုံး အုန်းအုန်းကျက်ကျက်ဖြစ်သွားချေသည်။

ဝူရွှမ်းမှာ ပို၍ပင် ကျေနပ်သွားချေသည်။

"ဘယ်လိုလဲ။ ငါက သိပ်တော်တယ်မလား။ မင်းတို့ အလုပ်ရမှာပါလို့ ပြောသားပဲ။ တကယ်လည်း အလုပ်ရပြီလေ"

"ဝူရွှမ်း.. ရှင်က အရမ်းမိုက်တာပဲ"

ထျန်းလင်းခမျာ အလွန်စိတ်လှုပ်ရှားတက်ကြွနေသည်။

သို့တိုင် ချင်းယောင်ကမူ မျက်မှောင်ကြုတ်လိုက်လေသည်။

သူ(မ)၏ကိုယ်ပိုင်အရည်အချင်းဖြင့် ရလိုက်သည်ဆိုပါက ချင်းယောင် အလွန်ပျော်မိမည်သာ။

သို့သော် ဝူရွှမ်းနှင့် ထျန်းလင်းတို့၏စကားကြောင့် ဝူရွှမ်းက သူတို့အတွက် အဆက်အသွယ်များကို ထုတ်သုံးထားခြင်းဖြစ်ကြောင်း သူ(မ) သိလိုက်ရသည်။

ဤသည်မှာ ချင်းယောင်အလိုရှိသော အခြေအနေမျိုးမဟုတ်ပေ။

ဝူရွှမ်း ရယ်မောလိုက်မိသည်။

"ယောင်ယောင်.. မင်း ကိုယ့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ကိုယ် မင်းအတွက် လုပ်ပေးတာ"

သို့သော် ထိုအချိန်မှာပင် အလုပ်လျှောက်သူတစ်ယောက်က ရုတ်တရက်မတ်တတ်ထရပ်လာသည်။

"ကျွန်တော် ကန့်ကွက်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မသင်္ကာဘူး"

"ဟုတ်တယ်။ တစ်ခုခုတော့ ထူးဆန်းနေတယ်။ ငါတို့မှာ သက်သေရှိတယ်"

ရုတ်ခြည်းပင် လူတိုင်းက ထိုလူငယ်လေးနှစ်ယောက်ကို ကြည့်လိုက်ကြသည်။

ယဲ့ချန်းက လှမ်းကြည့်လိုက်သည်။ အမှန်ပင်။ ဝူရွှမ်း ကြွားလုံးထုတ်နေချိန်တွင် ထိုလူနှစ်ယောက်က အနားတွင် ရှိနေခဲ့သည်။

ကောင်လေးတစ်ယောက်က ဖုန်းကိုမြှောက်ပြပြီး ပြောလိုက်၏။

"ဒီအင်တာဗျူးက သက်သက်လိမ်စဉ်ကြီး"

သူက ထိုသို့ပြောရင်း ဝူရွှမ်းကို လက်ညှိုးထိုးပြလိုက်သည်။

"သူက အင်တာဗျူးခေါင်းဆောင်ရဲ့သားပဲ။ သူကိုယ်တိုင် ကောင်မလေးနှစ်ယောက်ကို ပြောနေတာ။ သူ့အမေက သူတို့ကို အလုပ်ရအောင် လုပ်ပေးမှာတဲ့"

ထို့နောက် ကောင်လေးက အသံသွင်းမှတ်တမ်းကို ဖွင့်ပြလိုက်သည်။

"ရှောင်လင်း..စိတ်မပူနဲ့။ ငါ့အမေက အင်တာဗျူးခေါင်းဆောင်ပဲ။ သူ အလုပ်ခန့်ချင်တဲ့လူကို ခန့်လို့ရတယ်။ ငါ့အမေကို ပြောပေးထားတယ်။ မင်းတို့နှစ်ယောက် သေချာပေါက်အောင်မှာပါ"

ခန်းမကြီးတစ်ခုလုံး ပွက်လောရိုက်သွားကြတော့သည်။

အင်တာဗျူးဖြေထားသူများအားလုံး ဒေါသူပုန်ထသွားကြသည်။

"သေစမ်း.. ဒါက အကျင့်ပျက်ခြစားမှုပဲ"

"ဒါကြီးက အရမ်းအကျင့်ပျက်လွန်းတယ်။ ဒီအတွက် သင့်တော်တဲ့ဖြေရှင်းချက်တစ်ခု လိုချင်တယ်"

"လုယွမ်လုပ်ငန်းစုက အင်တာဗျူးတွေကို ဒီလိုပဲလုပ်နေကျလား"

ခန်းမတစ်ခုလုံး ဖရိုဖရဲဖြစ်သွားကြလေတော့သည်။

ချန်းစွေ့လည်း သူ(မ)၏သားကို မှတ်တမ်းတင်ခံထားရသည်ကိုမြင်သော် ရူးမတတ်ဖြစ်သွားသည်။

ဒီငတုံးကတော့ ဒီလိုစကားမျိုးကို လူကြားထဲမှာ ပြောင်ပြောင်တင်းတင်းထုတ်ပြောရတယ်လို့..

အခုတော့ လူမိသွားပြီ..

ဤကိစ္စသာ ကြီးကြီးကျယ်ကျယ်ဖြစ်သွားပါလျှင် အထက်လူကြီးများလည်း သိသွားပေလိမ့်မည်။ ထိုအခါ သူ(မ)လည်း ပြဿနာတက်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ သူ(မ)သည် လူ့အရင်းအမြစ်ဌာန၏ခေါင်းဆောင်အဆင့်မျှသာ ရှိ၏။

အင်တာဗျူးဖြေသူများအားလုံးက ဒေါသတကြီးဖြင့် ဖြေရှင်းချက်တောင်းခံနေကြသည်။

ထိုအချိန်မှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အပြင်သို့ ထွက်လာလေသည်။ ထိုလူမှာ လုယွမ်ကုမ္ပဏီ၏အထွေထွေမန်နေဂျာ ချန်းကွမ်ပင်။

ချန်းကွမ်က အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။

"ဘာတွေဖြစ်နေတာလဲ"

အထွေထွေမန်နေဂျာ ရောက်လာသည်ကို မြင်လိုက်ရချိန်ဝယ် ချန်းစွေ့ခမျာ ထိတ်လန့်သွားလေသည်။

ချန်းစွေ့က ဆို၏။

"အထွေထွေမန်နေဂျာ.. ကျွန်မ ရှင်းပြပါ့မယ်"

ချန်းကွမ်ကမူ ချန်းစွေ့ကို တစ်ချက်မျှမကြည့်ဘဲ ဗီဒီယိုပိုင်ရှင် ကောင်လေးကို ပြောလိုက်၏။

"မင်းရဲ့ဗီဒီယိုကို ကြည့်ရအောင်"

ထိုလူငယ်လေးကလည်း သူ့ဖုန်းကို ချန်းကွမ်အား ပေးလိုက်သည်။ ဗီဒီယိုထဲတွင် ဝူရွှမ်းက ဘဝင်မြင့်နေဟန်ဖြင့် ပြောနေလေသည်။

"ငါ့အမေက အင်တာဗျူးခေါင်းဆောင်လေ..."

ထိုဗီဒီယိုကိုကြည့်ပြီးနောက် ချန်းကွမ်၏မျက်နှာထားမှာ ခက်ထန်သွားလေသည်။

သက်သေကား ငြင်းမရနိုင်ချေ။ ချန်းစွေ့၏ အထိတ်တလန့်အမူအရာကို မြင်သောအခါ ဤကောင်လေး၏စကားက မှန်ကန်ကြောင်း သိလိုက်ရသည်။

ချန်းစွေ့၏မျက်နှာလည်း ဖြူဖပ်ဖြူရော်ဖြစ်သွားချေသည်။ သူ(မ)တော့ ဒုက္ခရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။

သားဖြစ်သူက ဖခင်ကို ပျက်စီးစေသည်ဟု ပြောကြသော်ငြား သူ(မ)၏သားကတော့ အမေဖြစ်သူကို ပျက်စီးစေခဲ့သည်။

ချန်းကွမ်က ချန်းစွေ့ကို အေးတိအေးစက်စိုက်ကြည့်နေချေသည်။

"ငါ မင်းကို တော်တော်စိတ်ပျက်မိတယ်။ မင်းက ဒီလိုပုံစံမျိုးနဲ့ ကုမ္ပဏီအတွက် အရည်အချင်းရှိတဲ့လူတွေကို ရှာပေးနေတာလား"

ချန်းစွေ့၏မျက်နှာကား ဖြူဖျော့သွားချေသည်။

"အထွေထွေမန်နေဂျာ.. အဲဒီလိုမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့အင်တာဗျူးကို အဆင့်ဆင့်ဖြတ်ကျော်ပြီးမှ လုပ်ခဲ့တာပါ။ ချင်းယောင်နဲ့ ထျန်းလင်းတို့က အစကတည်းက ထိပ်ဆုံးနှစ်ယောက်ပါ။ ဒီအင်တာဗျူးကို သုံးသပ်ဖို့အတွက် ကျွမ်းကျင်သူတွေအများကြီးကိုတောင် ခန့်ထားတာပါ။ ဘာအကျင့်ပျက်ခြစားမှုမှ မရှိပါဘူး။ ကျွန်မသားက ဘာမှဝင်မပြောဘူးဆိုရင်တောင် သူတို့နှစ်ယောက်က ထိပ်ဆုံးပါပဲ"

ချန်းကွမ်က ချန်းစွေ့ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

"အဲဒါက အရေးကြီးလို့လား။ သက်သေတွေက ခိုင်လုံနေပြီ။ တကယ်လို့ ရလဒ်က တရားမျှတတယ်ဆိုရင်တောင် ဒီကောင်မလေးနှစ်ယောက်က စစ်ဆေးသူကို လာဘ်ထိုးထားတယ်ဆိုပြီး သံသယဝင်ခံနေရပြီ။ သူတို့ရဲ့ရမှတ်တွေကလည်း အကျုံးမဝင်သလိုဖြစ်သွားပြီး နာမည်ပျက်စာရင်းအသွင်းခံရလိမ့်မယ်။ ကုမ္ပဏီကလည်း သူတို့ကို လုံးဝအလုပ်ခန့်မှာမဟုတ်တော့ဘူး"

ချင်းယောင်နှင့် ထျန်းလင်းတို့ခမျာ အကြောင်သားဖြစ်သွားလေသည်။

သူတို့ရမှတ်က အစကတည်းက ထိပ်ဆုံးတွင် ရပ်တည်နေပါသော်ငြား ယခုမူ ဝူရွှမ်းကြောင့် ပျက်စီးရလေပြီ။

သူတို့သာ အမည်ပျက်စာရင်းအသွင်းခံလိုက်ရပါက သူတို့၏မှတ်တမ်းထဲတွင် အစွန်းအထင်းဖြစ်သွားပြီး ဤနယ်ပယ်ထဲတွင် အလုပ်ရှာ၍ မရနိုင်တော့ပေ။

ထန်းလင်ခမျာ ယခုလိုဖြစ်လာလိမ့်မည်ဟု လုံးဝထင်မထားချေ။

ထို့ကြောင့် သူ(မ)က ငိုရှိုက်ရင်း ဝူရွှမ်းကို လက်ညှိုးတထိုးထိုးဖြင့် ပြောနေလေသည်။

"နင် ဘာတွေတွေးနေတာလဲ လူယုတ်မာ... ချင်းယောင်ကဖြင့် နင့်ကို ကြိုက်တောင်မကြိုက်ဘူး။ ဒါတောင် နင်က ကြွားချင်နေသေးတယ်။ တွေ့လား.. အခုတော့ နင့်ကြောင့် ငါတို့နှစ်ယောက်လုံး ဒုက္ခရောက်ပြီ"

ချင်းယောင်လည်း နာကျည်းစိတ်ကြောင့် မျက်ရည်များကို မနည်းထိန်းချုပ်ထားရသည်။

လူယုတ်မာတစ်ယောက်ကြောင့်နှင့် ကြိုးစားအားထုတ်မှုများ အချည်းနှီးဖြစ်ရလေပြီ။

သူတို့၏ကိုယ်ပိုင်အရည်အချင်းဖြင့် အလုပ်ရနိုင်သည်မှာ သိသာနေပါသော်ငြား စစ်ဆေးသူကို လာဘ်ထိုးသည်ဟု စွပ်စွဲခံလိုက်ရလေပြီ။

သူ(မ)က အပြစ်ကင်းပါသော်ငြား အစွပ်စွဲခံလိုက်ရသည်။

သို့သော် ယခုမူ ချင်းယောင်ဘက်က ရှင်းပြလျှင်ပင် မည်သူကမှ သူ(မ)ကို ယုံကြည်လိမ့်မည်မဟုတ်ချေ။

••••••••••••••••••••

အပိုင်း ၃၃၈ : ဒဏ္ဍာရီလာသူဌေး

ဝူရွှမ်း၏လုပ်ရပ်က အပြင်ပန်းအားဖြင့် မိမိုက်ပုံပေါ်သော်ငြား တကယ်တမ်းတွင်မူ ကပ်ဘေးတစ်ခုနှယ်ပင်။

ချင်းယောင်နှင့် ထျန်းလင်းတို့က သူတို့၏ရမှတ်များဖြင့် အလုပ်ဝင်ခွင့်ရပါသော်ငြား ယခုမူ အရည်အချင်းမပြည့်မီရုံသာမက နာမည်ပျက်စာရင်းပါ အသွင်းခံလိုက်ရသည်။

ချင်းယောင်ခမျာ ဤသို့သောရလဒ်မျိုးကို လက်မခံနိုင်ပေ။

သူ(မ)က အပြစ်အကင်းဆုံးလူပင်။

ချင်းယောင်ခမျာ မတရားစွပ်စွဲခံရသလို ခံစားရသဖြင့် ကူကယ်ရာမဲ့စွာဖြင့် ငိုပါလေတော့သည်။

အရာအားလုံး၏ လက်သည်တရားခံမှာ ဝူရွှမ်းပင်တည်း။

ယခုမူ ချင်းယောင်လည်း ဝူရွှမ်းကို သေလောက်အောင် မုန်းတီးသွားပြီဖြစ်၏။

ဝူရွှမ်းကလည်း စိတ်မကောင်းဖြစ်နေဟန်ပင်။

"ကိုယ်တောင်းပန်ပါတယ်။ ဒီလိုတွေဖြစ်သွားလိမ့်မယ်လို့ ထင်မထားဘူး"

အစတုန်းက ချင်းယောင်ရှေ့မှာ ကြွားလုံးထုတ်ချင်ရုံသာ။

သို့သော် ယခုလိုဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ကြွားလုံးထုတ်ရန် ကြိုးစားခဲ့ပါသော်ငြား အဆုံးတွင် ငတုံးတစ်ယောက်နှယ် ဖြစ်သွားခဲ့ရသည်။

"အမလေး.. ဒီနေ့ခေတ်ကျောင်းသူတွေက တော်တော်တတ်လည်းတတ်နိုင်ကြတယ်"

"ဟုတ်တယ်။ အလုပ်ရဖို့ အဆက်အသွယ်တွေကို မှီခိုနေတာကြီးက တော်တော်အရှက်မရှိတာ"

"ဒီကိစ္စရဲ့နောက်ကွယ်မှာ တစ်ခုခုရှိတယ်ဆိုတာ သိနေတယ်လေ။ အဲဒီလိုမှမဟုတ်ရင် အဲဒီလူက သူတို့ကို ဘာလို့အလုပ်ရှာပေးမှာလဲ"

ပတ်ပတ်လည်ရှိ စကားများကို ကြားသောအခါ ချင်းယောင်လည်း တွင်းတစ်တွင်းရှာ၍ ဝင်ပုန်းချင်စိတ်ပေါက်သွားသည်။

သူ(မ)က တစ်လျှောက်လုံး ထိပ်တန်းကျောင်းသူတစ်ယောက် ဖြစ်ခဲ့သည်။ ယခုလိုအရှက်ခွဲမှုမျိုးကို ဘယ်တုန်းကများ ခံစားဖူးပါသလဲ။ ဘယ်တုန်းကများ ယခုလိုလက်ညှိုးငေါက်ငေါက်ထိုးပြီး လှောင်ပြောင်ခံရဖူးပါသလဲ။

ချင်းယောင်ခမျာ အံတင်းတင်းကြိတ်၍ ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဒီကိစ္စက မတရားဘူးလို့ထင်တာပဲ"

"မတရားဘူးလား"

ဤစကားကိုကြားသော် အင်တာဗျူးဖြေသူများမှာ အုန်းအုန်းကျက်ကျက်ဖြစ်သွားချေသည်။

"မတရားဘူးလို့ ဘယ်သူကပြောလဲ။ သူတို့တွေက လိမ်လည်လှည့်ဖြားခဲ့တာလေ။ အဲဒါက တရားလို့လား"

"ဟုတ်တယ်။ အဆက်အသွယ်သုံးတဲ့လူတွေက အရည်အချင်းမပြည့်မီဘူးပဲ"

"အထွေထွေမန်နေဂျာကိုယ်တိုင် ဆုံးဖြတ်တာလေ။ ခင်ဗျားက ဘာမို့လို့လဲ"

ဝင်ပြောလာသူကို မြင်သောအခါ ချင်းယောင် အံ့ဩမှင်တက်သွားချေသည်။ ထိုလူကား ယဲ့ချန်းပင်။

ယဲ့ချန်းက သူ(မ)ဘက်က ရပ်တည်ပေးနေသည်ကိုမြင်သော် ချင်းယောင်၏ရင်ထဲ နွေးထွေးသွားရသည်။ သို့သော် မျက်နှာထက်တွင်မူ ခါးသက်သက်အမူအရာတစ်ခု ပေါ်လာချေသည်။

ယဲ့ချန်း၏ဆိုလိုရင်းကို သူ(မ) နားလည်ပါသည်။ သို့သော် ဘာအကျိုးထူးမည်နည်း။

ဤသို့သောကိစ္စမျိုးတွင် တက္ကစီဒရိုင်ဘာတစ်ယောက်၏စကားများမှာ အရာမရောက်ပေ။

ယဲ့ချန်းကြောင့် အထွေထွေမန်နေဂျာချန်းကွမ် ဒေါသထွက်သွားပြီး သူ့အမေအတွက် ပြဿနာများလိမ့်မည်ကို စိုးရိမ်သောကြောင့် ဝူရွှမ်းက အမြန်ဝင်ပြောလိုက်သည်။

"မင်းက ဘာမို့လို့လဲ။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဒီမှာ ဘာလာလုပ်နေတာလဲ။ အထွေထွေမန်နေဂျာချန်းက ဒေါသထွက်နေတာနော်။ ထွက်သွားစမ်းပါ"

"အသံကောင်းဟစ်နေလို့ ရာထူးကြီးတဲ့လူတစ်ယောက်ယောက်လို့ ထင်လိုက်တာ။ တက္ကစီဒရိုင်ဘာဖြစ်နေတာကိုး"

"ရယ်ရတယ်ကွာ။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဘာပြောပိုင်ခွင့်ရှိလို့လဲ"

"သေစမ်း.. ဒီနေ့ခေတ် တက္ကစီဒရိုင်ဘာတွေကလည်း ဟိတ်ဟန်ထုတ်တတ်နေပြီလား"

ယဲ့ချန်းကိုမြင်သော် ချန်းကွမ်၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားလေသည်။

ချန်းကွမ်သည် ယဲ့ချန်းနှင့် တစ်ခါတွေ့ဖူးသည်။ ထို့ကြောင့် သူ့ကို သေချာပေါက်မှတ်မိသည်။

ထို့ပြင် ဌာနချုပ်က သူ့အား သတင်းပို့ထားသည်။ ယခုအချိန်တွင် ယဲ့ချန်းက လုပ်ငန်းစု၏ ဒုတိယရှယ်ယာအများဆုံးလူဖြစ်လာပြီဟုပင်။

သူ့အနေနှင့် ထိုသို့သော ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်ကို မည်သို့အပြစ်ပြုရဲမည်နည်း။

နာမည်ကျော်ယဲ့ချန်းက ဤကိစ္စတွင် ဝင်ပြောလာလိမ့်မည်ဟု သူ ထင်မထားပေ။ ထို့ကြောင့် အမြန်ပြန်ပြောလိုက်၏။

"ဒီကိစ္စက ဘယ်လိုမတရားလို့လဲ။ ဒါဆို ဘယ်လိုဖြေရှင်းရမလဲ"

တကယ်တော့ ချန်းကွမ်လည်း ယဲ့ချန်းကို တိုက်ရိုက်နှုတ်ဆက်လိုက်ချင်ပါသော်ငြား ယဲ့ချန်းက သူ့အား အချက်ပြလိုက်လေသည်။

ယဲ့ချန်း၏စရိုက်ကို ချန်းကွမ် ကောင်းကောင်းနားလည်သည်။ သူသည် သိုသိုသိပ်သိပ်နေပြီး ပြဿနာမတက်အောင်သာ နေချင်သည်။ ထို့ကြောင့် သူလည်း ယဲ့ချန်းနှင့် ရေလိုက်ငါးလိုက်နေပေးမှဖြစ်မည်။

ယဲ့ချန်းက ချန်းစွေ့ကို လက်ညှိုးထိုးလိုက်သည်။

"ဒီမိန်းမက သူ့ရာထူးကိုအသုံးချပြီး အနိုင်ကျင့်ခဲ့တာလေ။ သူက ကုမ္ပဏီမှာ ဆက်နေခွင့်မရှိဘူး။ သူ့ကို အလုပ်ထုတ်ပစ်လိုက်"

ယဲ့ချန်းက ထိုသို့ပြောပြီးနောက် ချင်းယောင်နှင့် ထျန်းလင်းတို့ကို ကြည့်လိုက်၏။

"ဒီမိန်းကလေးနှစ်ယောက်မှာ အပြစ်မရှိဘူး။ အဆက်အသွယ်သုံးတယ်ဆိုတာက ချန်းစွေ့ရဲ့သားက သူ့ဘာသာလုပ်ခဲ့တာ။ ဒီတော့ သူတို့ကို အကျင့်ပျက်ခြစားတယ်လို့ စွပ်စွဲတာက မတရားဘူး။ သူတို့က သက်သက်စွပ်စွဲခံရတာ"

ယဲ့ချန်း၏စကားကို ကြားသောအခါ အလုပ်လျှောက်သူများမှာ အော်ရယ်ကြလေတော့သည်။

ချန်းကွမ်က ဤတက္ကစီဒရိုင်ဘာ၏အမြင်ကို မေးမြန်းနေခြင်းမှာ သူ့ကို သက်သက်လှောင်နေခြင်းဖြစ်သည်ဟု လူတော်တော်များများက ထင်နေကြသည်။

တစ်ယောက်က လုယွမ်ကုမ္ပဏီ၏ အထွေထွေမန်နေဂျာဖြစ်ပြီး တစ်ဖက်တွင်မူ တက္ကစီဒရိုင်ဘာတစ်ယောက်ပင်။ သူက တက္ကစီဒရိုင်ဘာတစ်ယောက်၏စကားကို မည်သို့နားထောင်နေမည်နည်း။

"သေစမ်း။ တက္ကစီဒရိုင်ဘာက အရေးမပါတာတွေ လာပြောနေတာပဲ။ မင်းမှာ ပြောပိုင်ခွင့်ရှိလို့လား"

"ဟုတ်တယ်။ မင်းကိုယ်မင်း ဘယ်သူများထင်လို့ သူများဘက်က ရပ်တည်ပေးနေတာလဲ။ ကိုယ့်နေရာကိုယ်မသိဘူးလား"

အလုပ်လျှောက်သူများအားလုံးကတော့ ချင်းယောင်နှင့် ထျန်းလင်းတို့ကို ပြုတ်သွားစေချင်သည်။ သို့မှသာ သူတို့ အခွင့်အရေးရမည်သာ။

ထို့ကြောင့် သူတို့က ယဲ့ချန်းကို စတင်လှောင်ပြောင်ကြလေတော့သည်။

ဝူရွှမ်းလည်း အထင်သေးစက်ဆုပ်သွားလေဟန်ပင်။

"မင်းကိုယ်မင်း ဘယ်သူများထင်နေတာလဲ။ ငါ့အမေကိုများ အလုပ်ဖြုတ်မယ်ပေါ့။ ငါ့အမေက ကုမ္ပဏီမှာ ဘယ်နှနှစ်လောက်အလုပ်လုပ်ခဲ့တာလဲဆိုတာသိလား။ မင်း လုပ်နိုင်တယ်များထင်နေတာလား"

ချင်းယောင်နှင့် ထျန်းလင်းတို့က ယဲ့ချန်း၏ရပ်တည်မှုအတွက် တကယ်ကျေးဇူးတင်မိသည်။ ဤကိစ္စတွင် နောက်ပြန်လှည့်စရာမြေမရှိကြောင်း သူတို့ ကောင်းကောင်းနားလည်ကြသည်။

တက္ကစီဒရိုင်ဘာတစ်ယောက်က ဤသို့သောကိစ္စမျိုးတွင် ဝင်ပြောပေးနေသည်မှာ ဘာထူးမည်နည်း။

လုယွမ်ကုမ္ပဏီ၏ အထွေထွေမန်နေဂျာက သူ့စကားကို ဘာကြောင့်နားထောင်မည်နည်း။

သို့သော် ထင်မှတ်မထားပါဘဲ ချန်းကွမ်က ခေါင်းတဆတ်ဆိတ်ညိတ်ပြလိုက်သည်။

"ဒီလူငယ်လေးပြောတာ အဓိပ္ပာယ်ရှိတယ်လို့ထင်တာပဲ"

ဤမြင်ကွင်းကြောင်း အားလုံး တိတ်ဆိတ်သွားလေသည်။

ဝူရွှမ်းလည်း ကြောင်အသွားသည်။

ချင်းယောင်ကမူ ကြက်သေသေသွားချေသည်။

ထျန်းလင်လည်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည်။

လူတိုင်း : "..."

အထူးသဖြင့် ချင်းယောင်ပင်။ သူ(မ)ခမျာ ကိုယ်နားကိုယ်ပင် မယုံနိုင်ချေ။

ယဲ့ချန်းက တက္ကစီဒရိုင်ဘာမဟုတ်လား။ သို့တိုင် ချန်းကွမ်ကမူ သူ့စကားကို နားထောင်နေပေသည်။

မဖြစ်နိုင်သည့်ကိစ္စပါပင်။

ချန်းကွမ်က သမာသမတ်ကျကျ ပြောလိုက်၏။

"အားလုံးပဲ.. ဒီလူငယ်လေးပြောတာ အဓိပ္ပာယ်ရှိတယ်။ သူပြောသလို လုပ်ရအောင်။ ဒီကိစ္စက ဒီကောင်မလေးနှစ်ယောက်နဲ့ မဆိုင်ဘူး။ ငါ သူတို့ရမှတ်တွေကို စစ်ဆေးပြီးပြီ။ အင်တာဗျူးအမှတ်ရော ရေးဖြေအမှတ်ရော ဘာပြဿနာမှမရှိဘူး။ ငါတို့ဝန်ထမ်းနဲ့ သူ့သားက တိတ်တိတ်လေးဆွေးနွေးခဲ့တာကြောင့်သာ နားလည်မှုလွဲသွားတာ။ အဲဒီအတွက် တာဝန်ရှိသူ ချန်းစွေ့ကို အလုပ်ထုတ်လိုက်ပြီ။ ချင်းယောင်နဲ့ ထျန်းလင်းတို့ကို ကုမ္ပဏီမှာ တရားဝင်အလုပ်ခန့်လိုက်ပြီ"

ထိုနေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။

ဤသို့အလှည့်အပြောင်းဖြစ်သွားလိမ့်မည်ဟု မည်သူမှ ထင်မထားချေ။

ဤအလှည့်အပြောင်းကလည်း တက္ကစီဒရိုင်ဘာတစ်ယောက်ကြောင့် ဖြစ်သွားခြင်းပင်။

ချင်းယောင်နှင့် ထျန်းလင်းတို့ခမျာ မှင်တက်ကုန်ကြသည်။

ယခုလိုပြောင်းလဲသွားလိမ့်မည်ဟု သူတို့ လုံးဝထင်မထားပေ။ ထို့နောက် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်၍ ဝမ်းသာမျက်ရည်ကျနေမိသည်။

ဝူရွှမ်း၏မျက်နှာကတော့ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး အကြောင်သားဖြစ်သွားရှာသည်။

သူ့အမေချန်းစွေ့လည်း ထိတ်လန့်တုန်လှုပ်သွားသည်။

"အထွေထွေမန်နေဂျာချန်း ကျွန်မ..."

"ချန်းစွေ့.. အင်တာဗျူးလုပ်ငန်းစဉ်အတွင်း မသမာမှုကျူးလွန်ခဲ့လို့ မင်းကို အလုပ်ဖြုတ်လိုက်ပြီ"

"မဟုတ်ဘူး။ အထွေထွေမန်နေဂျာချန်း.. ကျွန်မမှားသွားမှန်း သိပါပြီ။ ကျွန်မကို အခွင့်အရေးတစ်ခုလောက် ထပ်ပေးပါ"

...

"အခွင့်အရေးလား။ ငါ မင်းကို အခွင့်အရေးပေးပြီးသွားပြီ။ မင်းက ဖြုန်းတီးပစ်လိုက်တာ"

တကယ်တော့ လုပ်ရည်ကိုင်ရည်အကြောင်း ပြောကြမည်ဆိုလျှင် ချန်းစွေ့က မဆိုးလှပေ။ ချန်းကွမ်သည် သူ(မ)ကို ရာထူးတိုးပေးရန်ပင် စဉ်းစားထားသော်ငြား ယခုလိုကိစ္စများ ဖြစ်ပျက်သွားခဲ့သည်။

ချန်းစွေ့က မလိုလားဟန်ဖြင့် ပြောလိုက်၏။

"အထွေထွေမန်နေဂျာချန်း.. ကျွန်မ ကုမ္ပဏီအတွက် နှစ်ပေါင်းများစွာ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ပါတယ်။ ဒီကိစ္စလေးကြောင့်နဲ့ ရှင် ကျွန်မကို အလုပ်ဖြုတ်တော့မယ်ဆိုတာကိုတော့ ကျွန်မ လက်မခံနိုင်ဘူး"

ချန်းကွမ်၏အမူအရာမှာ အေးစက်ခက်ထန်သွားချေသည်။

"လက်မခံနိုင်ဘူးလား။ ငါ့ကို အပြစ်လာမတင်နဲ့။ ဒါက ငါ့ဆန္ဒမဟုတ်ဘူး။ ဒါပေမဲ့ သူပြောတဲ့စကားကို ငါ လျစ်လျူမရှုနိုင်ဘူး"

"ဘာရယ် သူလား"

ထိုအချိန်တွင် ယဲ့ချန်းက ပြန်သွားပြီဖြစ်၏။

ချန်းကွမ်က ချန်းစွေ့အနားသို့ ကပ်သွားပြီး ပြောလိုက်လေသည်။

"သူက ဘဏ္ဍာရေးစင်တာရဲ့ပိုင်ရှင်ပဲ။ ပြီးတော့ ငါတို့လုယွမ်လုပ်ငန်းစုရဲ့ ဒုတိယရှယ်ယာအများဆုံးဆိုလည်း ဟုတ်တယ်။ အခု မင်း လက်ခံနိုင်ပြီလား"

ချန်းစွေ့လည်း ထိုအခါမှ သဘောပေါက်သွားပြီး ဝူရွှမ်း၏ပါးကို ဖြတ်ရိုက်ပစ်လိုက်လေတော့သည်။

"နင့်ကြောင့်ဖြစ်တာ အသုံးမကျတဲ့ကောင်.. နင်က နင့်အမေကို သတ်ပစ်လိုက်တာပဲ"

ဝူရွှမ်းခမျာ အံ့ဩမှင်တက်သွားလေသည်။

အစတုန်းက သူသည် ဟိတ်ဟန်ထုတ်ပြချင်ခဲ့ပါသော်ငြား ယခုမူ သူ့အမေ၏ နှစ်စဉ်လစာသန်းပေါင်းများစွာမှာ သူ့ကြွားလုံးထုတ်မှုကြောင့် ပျက်စီးသွားရလေသည်။

သူသဘောကျသည့် မိန်းကလေးကလည်း သူ့ကို မုန်းတီးသွားပြီဖြစ်ရာ အရှုံးကြီးရှုံးသွားခြင်းပင်။

ချန်းကွမ်၏စကားများကို ဝူရွှမ်းလည်း ကြားလိုက်သည်။ ဤတက္ကစီဒရိုင်ဘာက ဒဏ္ဍာရီလာဒိတ်ဒိတ်ကြဲသူဌေးကြီးဖြစ်နေလိမ့်မည်ဟု သူ ထင်မထားချေ။

အရာအားလုံးက သူ့ကြောင့်ပင်။ ထိုတက္ကစီဒရိုင်ဘာကြောင့်ပင်။

••••••••••••••••••••••

အပိုင်း ၃၃၉ - သိမ်ငယ်ခြင်း

ယဲ့ချန်း ကားမောင်းနေချိန်တွင် ချင်းယောင်ထံမှ ဝေ့ရွှင်းမက်ဆေ့ချ်တစ်စောင် ဝင်လာလေသည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုယဲ့ချန်း"

ယဲ့ချန်းက ပြန်ဖြေလိုက်၏။

"ကျေးဇူးတင်ဖို့ မလိုပါဘူး။ ကိုယ်က သူတို့နဲ့ အကျိုးသင့်အကြောင်းသင့်ပြောလိုက်တာပါ။ အဲဒီမန်နေဂျာက အသိတရားရှိပုံပဲ"

"အသိတရားရှိတာတဲ့လား"

ချင်းယောင်လည်း တစ်ခုခုထူးဆန်းနေကြောင်း ခံစားမိသည်။

သို့သော် မည်သို့ပင်ဖြစ်စေ ယဲ့ချန်းက သူ(မ)အား အလုပ်ရအောင် ကူညီပေးထားသူပင်။

ယဲ့ချန်းက တစ်နေ့ခင်းလုံး တက္ကစီမောင်းနေခဲ့သည်။ ထို့နောက် ယန်ချွမ်းက သူ့အား မက်ဆေ့ချ်ပို့လာလေသည်။

"အစ်ကိုချန်း.. ကျွန်တော့်သူငယ်ချင်းတွေက အစ်ကိုနဲ့တွေ့ချင်လို့တဲ့။ အစ်ကို ဒီညအားလား။ လာခဲ့ရမယ်နော်။ ကျွန်တော်က အစ်ကို့အကြောင်း ကြွားထားတာ"

အစတုန်းက ယဲ့ချန်း မသွားချင်ပါသော်ငြား ယန်ချွမ်းက သူ့အတွက် ညီလေးတစ်ယောက်လို ဖြစ်နေသူပင်။

ကဲပါလေ.. သူလည်း ဒီည တခြားလုပ်စရာမရှိဘူးဆိုတော့ သွားလိုက်တာပိုကောင်းပါတယ်...

"ကောင်းပြီလေ။ မင်းက ဘယ်မှာလဲ"

ယဲ့ချန်းလည်း မေးလိုက်လေသည်။

"ကျွန်တော်တို့က မာရီယော့ဟိုတယ်မှာပါ။ စတားလိုက်ကေတီဗီကို သွားမလို့"

"ကောင်းပြီလေ။ ခဏနေရင် ငါ မင်းကိုလာခေါ်မယ်"

ယဲ့ချန်းက ထိုသို့ပြောပြီးနောက် ဖုန်းချလိုက်၏။

ယန်ချွမ်းလည်း အံံ့အားသင့်သွားလေသည်။

"အစ်ကိုချန်းကတော့ ယဉ်ကျေးလွန်းနေပြီ။ ကျွန်တော်ကမှ လာကြိုသင့်တာကို"

ယခုလိုနေ့မျိုးတွင် ယာဉ်ကြောပိတ်လွန်းလှသည်။

ထို့ကြောင့် ယဲ့ချန်းလည်း နှင်းဆီအိမ်ရာသို့ တန်းတန်းမတ်မတ်ပြန်ကာ ရဟတ်ယာဉ်နှင့် မာရီယော့ဟိုတယ်သို့ ထွက်လာခဲ့လိုက်သည်။

မာရီယော့ဟိုတယ်၏ ဝင်ပေါက်တွင် ယန်ချွမ်းက နာရီတကြည့်ကြည့်လုပ်နေလေသည်။

"ယန်ချွမ်း.. ဗဟိုလမ်းမှာ ကားလမ်းတွေ တအားပိတ်နေလို့ကြားတယ်။ အစ်ကိုချန်း နောက်ကျမှာလား"

"အစ်ကိုချန်းက ခဏနေရင် လာခဲ့မယ်လို့ ပြောထားတယ်"

ယန်ချွမ်းလည်း နားမလည်နိုင်တော့ပေ။

ကားများက တန်းစီနေချေသည်။ ဤကဲ့သို့သော ယာဉ်ကြောမျိုးနှင့်သာဆိုလျှင် ဤနေရာသို့ရောက်ရန် နာရီဝက်လောက် မောင်းရပေလိမ့်မည်။

ယဲ့ချန်း၏သရုပ်မှန်နှင့် သူသည် လိုင်ကန်ပြိုင်ကားကိုစီးကြောင်း လူတိုင်း သိကြသည်။

ထို့ကြောင့် ဤတစ်ခေါက် ယဲ့ချန်း ဘယ်လိုကားမျိုးကို မောင်းလာမလဲဟု သူတို့ မျှော်လင့်စောင့်စားနေမိသည်။

"ငါတို့က ခြောက်ယောက်.. အစ်ကိုချန်းနဲ့ဆိုရင် ခုနစ်ယောက်။ ဒီတော့ အစ်ကိုချန်းက SUVကိုမောင်းလာလောက်တယ်"

တစ်စုံတစ်ယောက်က ခန့်မှန်းလိုက်၏။

"ဟုတ်တယ်။ ထိပ်တန်းအဆင့်အာဗွီပဲဖြစ်ရမယ်။ အစ်ကိုချန်းလို လူတစ်ယောက်မှာ ဇိမ်ခံကားပေါင်းစုံရှိမှာ သေချာတယ်"

"မင်းတို့တွေက တော်တော်အတွေးခေါင်တာပဲ။ မစ္စတာယဲ့က ရွိုးရွိုင့်ပဲ မောင်းမှာပေါ့။ အဲဒီလိုကားမျိုးကမှ လူခုနစ်ယောက်ရှစ်ယောက်လောက် ဆံ့တာ"

ယဲ့ချန်းက မည်သိုသောဇိမ်ခံကားမျိုးနှင့် ရောက်လာမလဲဆိုသည်ကို သူတို့အားလုံး ခန့်မှန်းနေကြသည်။

သုံးမိနစ်မှ ခုနစ်မိနစ်ရှိသွားလေပြီ။

အစ်ကိုချန်းတော့ ယာဉ်ကြောပိတ်နေလောက်ပြီဟုတွေးကာ ယန်ချွမ်းလည်း သက်ပြင်းချလိုက်မိသည်။

ဖုန်းဆက်တော့မည့်ဆဲဆဲမှာပင် တဝီဝီအသံကြီးတစ်သံကို ကြားလိုက်ရ၏။

အစတုန်းကမူ မည်သူမှ အာရုံမထားကြပါဘဲ လမ်းမဘက်ကိုသာ မျှော်ကြည့်နေကြသည်။ သို့သော် အထက်ရှိ ဆူညံသံက ကျယ်သည်ထက် ကျယ်လောင်လာသည်။

ဘာတွေဖြစ်နေတာလဲ...

လူတိုင်း မော့ကြည့်လိုက်ကြလေသည်။ ထိုအချိန်မှာပင် သူတို့အားလုံး ကြက်သေသေသွားကြသည်။

ရဟတ်ယာဉ်တစ်စီးက ကောင်းကင်ထက်မှ ဖြည်းဖြည်းချင်းဆင်းသက်လာသည်ကို မြင်လိုက်ရ၏။

သေစမ်း.. ဘယ်လိုဒိတ်ဒိတ်ကြဲသူဌေးကြီးကများ ဒီကို ရဟတ်ယာဉ်နဲ့ ရောက်ချလာတာလဲ...

မာရီယော့ဟိုတယ်၏အဝင်ဝ၌ ရင်ပြင်အကျယ်ကြီးရှိလေရာ ရဟတ်ယာဉ်ဆင်းသက်ရန် ကွက်တိပင်။

ဝှစ် ဝှစ် ဝှစ်...

ရဟတ်ယာဉ်၏ အားပြင်းလှသောလေပြင်းတိုက်ခတ်မှုကြောင့် လူတိုင်း၏ဆံပင်များ ပုံပျက်သွားကြသည်။

သူတို့ခမျာ မျက်လုံးပင် မဖွင့်နိုင်ပေ။

ရဟတ်ယာဉ်ဆင်းသက်လာပြီးနောက် လူငယ်လေးတစ်ယောက်က လေယာဉ်ခန်းမှ ထွက်လာချေသည်။

ရဟတ်ယာဉ်ပေါ်က ဆင်းလာသူကို မြင်သောအခါ ယန်ချွမ်းခမျာ ကြောင်အသွားလေသည်။

"သေစမ်း.. ဘော့စ်ပါလား။ ရဟတ်ယာဉ်ကို ဒီအထိ ကိုယ်တိုင်မောင်းလာတာလား"

လေယာဉ်အတွင်းကို ကြည့်လိုက်သောအခါ လေယာဉ်မှူးမရှိသဖြင့် ယဲ့ချန်းကိုယ်တိုင် မောင်းလာကြောင်း သိသာလှသည်။

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ ယာဉ်ကြောတွေပိတ်နေလို့ ရဟတ်ယာဉ်နဲ့လာလိုက်တာ"

"မိုက်လိုက်တာ.. တကယ့်ဘော့စ်စစ်စစ်ပါပဲ"

"ဘော့စ်ကို အလေးပြုပါတယ်"

"နတ်ဘုရားယဲ့ ပီသပါပေတယ်။ လေးစားသွားပြီဗျာ"

သူတို့က ယဲ့ချန်း ဘယ်လိုဇိမ်ခံကားမျိုးနှင့် ရောက်လာမလဲဟု ခန့်မှန်းနေကြသော်ငြား ရဟတ်ယာဉ်နှင့် ရောက်လာလိမ့်မည်ဟုတော့ လုံးဝထင်မထားချေ။

သေစမ်း.. သူက နတ်ဘုရားယဲ့ပဲ...

ဤသည်မှာ သာမန်ထက် ပိုသာချေသည်။

အရေးအကြီးဆုံးအပိုင်းမှာ ယဲ့ချန်းက ရဟတ်ယာဉ်ကို ကိုယ်တိုင်မောင်းလာခြင်းပင်။

ရဟတ်ယာဉ်မောင်းနှင်ရန်အတွက် ပျံသန်းမှုအစီအစဉ်တစ်ခု လိုအပ်ကြောင်း လူတိုင်းသိထားကြသည်။ သို့တိုင် ယဲ့ချန်းကတော့ အသာလေးဖြေရှင်းလိုက်နိုင်သည်။

ဤသည်မှာ ယဲ့ချန်းက မည်မျှအထိ အံ့ဩဖို့ကောင်းကြောင်း ပြသနေပေသည်။

ဘုရားရေ အရမ်းမိုက်တာပဲ...

သူတို့လည်း လူကုံထံသခင်လေးများပင်။ သို့သော် မိန်းကလေးများကို ဆွဲဆောင်ရာတွင် သူတို့၏နည်းလမ်းက ဇိမ်ခံကားများကို စီးပြခြင်းပင်။

ယခုမူ ရဟတ်ယာဉ်ကြီးဖြင့် ရောက်ချလာသည်။

ဤသည်မှာ စင်စစ်အထင်ကြီးဖို့ကောင်းလှသည်။

"ဝိုး.. ငါတော့ သိမ်ငယ်သွားသလိုပဲ"

"ဟုတ်ပါ့။ သခင်လေးယဲ့က ခမ်းခမ်းနားနားနေတတ်တယ်ဟေ့"

"ဇိမ်ခံကားဆိုတာက အလကားပါ။ သခင်လေးယဲ့လုပ်လိုက်တာကမှ အရမ်းမိုက်တာ"

ဤလူကုံထံသခင်လေးများမှာ ယဲ့ချန်း၏ရဟတ်ယာဉ်ကြောင့် လုံးဝအံ့ဩသွားချေသည်။

လှပချောမောပြီး ချမ်းသာကြွယ်ဝသော ဖြတ်သွားဖြတ်လာများပင် တအံ့တဩကြည့်နေကြသည်။

"ရုပ်ကလည်းချောတယ်။ ရဟတ်ယာဉ်ကလည်း မောင်းသေးတာဆိုတော့ အရမ်းမိုက်တာပဲ"

ယဲ့ချန်း ရယ်လိုက်မိသည်။

"ကဲ သွားရအောင်"

သူတို့ခြောက်ယောက်သားလည်း ရဟတ်ယာဉ်ပေါ်သို့ တက်သွားကြသည်။

သူတို့က မကြာခဏ လေယာဉ်စီးနေကြသူများ ဖြစ်သော်ငြား ရဟတ်ယာဉ်ကိုတော့ ပထမဆုံးအကြိမ် စီးဖူးခြင်းပင်။

ရဟတ်ယာဉ်ပေါ်တွင် ထိုင်နေရင်း စူးစမ်းချင်စိတ်လည်း ဖြစ်မိသလို စိတ်လည်းလှုပ်ရှားနေချေသည်။

ရဟတ်ယာဉ်၏အတွင်းပိုင်းမှာ အလွန်ကြီးကျယ်ခမ်းနားလှသည်။

ထိုင်ခုံကလည်း အလွန်သက်သောင့်သက်သာရှိပြီး သောက်စရာအပြည့်ပါသော ရေခဲသေတ္တာအသေးစားလေးတစ်လုံးလည်း ရှိ၏။

ယဲ့ချန်းက ရေခဲသေတ္တာကိုဖွင့်ပြီး အအေးဘူးများကို ထုတ်ရင်း ပြောလိုက်လေသည်။

"ရော့ သောက်လိုက်ကြဦး"

ယန်ချွမ်းက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

"တွေ့လား.. ငါ့အစ်ကိုက မိုက်တယ်နော်။ မိုတုမြို့မှာ ဘယ်သူက တကယ့်သခင်လေးအစစ်လဲဆိုတာ မင်းတို့ သိပြီလား"

"သခင်လေးယဲ့ပေါ့"

"သခင်လေးယဲ့ကလွဲရင် မိုတုမြို့ထဲမှာ တခြားဘယ်သူကများ ရဟတ်ယာဉ်စီးနိုင်မှာလဲ"

"ယန်ချွမ်း.. မင်း မတရားဘူးကွာ။ မင်းကျတော့ အစ်ကိုယဲ့ကို တိတ်တိတ်လေးကပ်ဖားနေတယ်။ အစ်ကိုယဲ့.. နောက်လိုက်လေးတွေများ လက်ခံသေးလား"

ယဲ့ချန်းက ပြုံးလျက် ရဟတ်ယာဉ်ကို စတင်ထွက်ခွာလိုက်သည်။

ပြည့်ကျပ်နေသော ယာဉ်ကြောကို ငုံ့ကြည့်ပြီးနောက် ရဟတ်ယာဉ်စီးနေရခြင်းမှာ သာ၍ပင် ပျော်ဖို့ကောင်းသွားသေးသည်။

ပုံမှန်ဆိုလျှင် ဤယာဉ်ကြောမျိုးတွင် ကေတီဗီကိုရောက်ရန် နှစ်နာရီမျှ အချိန်ယူရသော်လည်း ယခုမူ ဆယ်မိနစ်အတွင်း ရောက်သွားလေသည်။

ရဟတ်ယာဉ်က လေထဲတွင် ပျံဝဲနေပြီး ဆင်းသက်ရန် နေရာတစ်နေရာကို အမြန်ရှာနေချေသည်။ ယဲ့ချန်းမှာ ရဟတ်ယာဉ်ကို အသာနိမ့်ဆင်းလိုက်သည်။

ဖြတ်သွားဖြတ်လာအားလုံး အံ့ဩထိတ်လန့်ကုန်ကြသည်။

ဝိုး.. အထင်ကြီးဖို့ကောင်းလိုက်တာ...

စတားလိုက်ကေတီဗီက မိုတုမြို့မှာ အခမ်းနားဆုံးကေတီဗီဖြစ်၏။

လူကုံထံသခင်လေးများက ဤနေရာတွင် မကြာခဏသီချင်းလာဆိုတတ်ကြသည်။

သို့သော် သူတို့က ဇိမ်ခံကားအမျိုးမျိုးဖြင့် ရောက်လာကြခြင်းသာ။ ရဟတ်ယာဉ်နှင့် ရောက်ချလာသူကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ရဟတ်ယာဉ်၏လေပြင်းကြောင့် လူတိုင်း မျက်လုံးပင် မဖွင့်နိုင်တော့ပေ။

လေယာဉ်ဆင်းသက်ပြီးသည်နှင့် ယဲ့ချန်းတို့လည်း ရဟတ်ယာဉ်ထဲက ဆင်းလာလိုက်ကြသည်။

ယဲ့ချန်းက လုံခြုံရေးကို ပိုက်ဆံတစ်အုပ် ပစ်ပေးလိုက်၏။

"ရဟတ်ယာဉ်ကို တစ်ချက်ကြည့်ပေးထားဦး"

"စိတ်မပူပါနဲ့ဗျ။ ကျွန်တော်တို့ ကြည့်ထားလိုက်ဦးမယ်"

လုံခြုံရေးခေါင်းဆောင်ကမူ စိတ်လှုပ်ရှားတက်ကြွသွားသည်။

သူသည် နှစ်ပေါင်းများစွာကြာအောင် ဇိမ်ခံကားများကို စောင့်ကြပ်ခဲ့ဖူးပါသော်ငြား ရဟတ်ယာဉ်ကို စောင့်ကြည့်ပေးရခြင်းမှာမူ ပထမဆုံးအကြိမ်ပင်။

ထို့ကြောင့် ရဟတ်ယာဉ်ကို ဝိုင်းရံစောင့်ကြပ်ရန်အတွက် လုံခြုံရေးဆယ်ယောက်ကို ချက်ချင်းတာဝန်ပေးလိုက်သည်။

ယဲ့ချန်းနှင့် ယန်ချွမ်းတို့လည်း ကေတီဗီထဲသို့ ဝင်လာလေသည်။

ကေတီဗီအဝင်ဝတွင် ချီပေါင်ဝတ်စုံကို ဝတ်ဆင်ထားသော ဧည့်ကြိုမန်နေဂျာက ယန်ချွမ်းတို့ကို ကောင်းကောင်းမှတ်မိသဖြင့် အရှေ့သို့ အမြန်ရောက်ချလာသည်။

"သခင်လေးယဲ့ပါလား"

"မင်းတို့ ဧကရာဇ်အဆင့် သီးသန့်ခန်းကို မှာပေးထားတယ်မလား"

"ဟုတ်ပါတယ်။ ကြွပါ"

ယဲ့ချန်းလည်း အလွန်ခမ်းနားလွန်းလှသည့် သီးသန့်ခန်းထဲသို့ သူတို့အား ခေါ်လာခဲ့လိုက်သည်။

ဤအခန်းက ကေတီဗီတစ်ခုလုံးတွင် ဈေးအကြီးဆုံးဖြစ်ပြီး တစ်ညလျှင် တစ်သိန်းခန့်ပေးရသည်။

အတွင်းပိုင်းအပြင်အဆင်ကို မြင်သောအခါ ယဲ့ချန်းလည်း စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်လိုက်မိသည်။

မိုတုမြို့ရှိ ထိပ်တန်းကေတီဗီဟု ခေါ်ထိုက်ပါပေသည်။ အတွင်းပိုင်းအပြင်အဆင်က အင်ပါယာနန်းတော်နီးနီး ခမ်းနားပေသည်။

ထိုအချိန်မှာပင် ဧည့်ကြိုမန်နေဂျာက အိမ်အကူဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးများကို အထဲသို့ ခေါ်လာလေသည်။

"သခင်လေး.. ဒါက ကျွန်မတို့ကာရာအိုကေရဲ့ ဧည့်ကြိုတွေပါ။ ဧကရာဇ်အခန်းအတွက် သီးသန့်ပြင်ထားတာပေါ့"

ဤမိန်းကလေးများ၏ ရုပ်ရည်ရမှတ်ကား ၈၀ကျော်ရှိ၏။ သူတို့ကိုမြင်သောအခါ လူကုံထံသခင်လေးများ၏ မျက်ဝန်းများမှာ တောက်ပလင်းလက်သွားပြီး ဒူးများပင် ပျော့ခွေသွားလေသည်။

မန်နေဂျာကလည်း ပြုံးတုံ့တုံ့ဖြင့် မေးလိုက်လေသည်။

"သခင်လေးယန်.. ဒီအလှလေးတွေကို ကျေနပ်ရဲ့လား"

ယန်ချွမ်းကမူ ပြန်မဖြေဘဲ ယဲ့ချန်းကိုသာ ကြည့်လိုက်လေသည်။

ယဲ့ချန်းက ထိုမိန်းကလေးများကို လှမ်းကြည့်ပြီးနောက် အသာမျက်မှောင်ကြုတ်လိုက်လေသည်။

ရုပ်ရည်ရမှတ်ရှစ်ဆယ်ရှိသော အလှပဂေးလေးတစ်ယောက်က အခြားလူများအတွက် လှကောင်းလှနိုင်သော်ငြား ယဲ့ချန်းအတွက်မူ အဆင့်အတန်းမမီချေ။

All Chapters