အခန်း (၃၄၀-၃၄၂)
Vol. 23 Ch. 340-342
အပိုင်း ၃၄၀ : ထျန်းဖူလုပ်ငန်းစု
ယဲ့ချန်းက မေးလိုက်၏။
"ဒါက အကောင်းဆုံးလား"
ဧည့်ကြိုမန်နေဂျာလည်း ခဏမျှ ကြောင်အသွားသည်။
"ပိုလှတဲ့မိန်းကလေးတွေကို လိုချင်တယ်ဆိုရင်လည်း ရှိပါတယ်"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို လူလဲလိုက်တာပေါ့"
ဧည့်ကြိုမန်နေဂျာက နေရခက်ဟန်ဖြင့် ပြောလိုက်၏။
"ဟုတ်ကဲ့ပါ။ ဒါပေမဲ့ ထိပ်တန်းအဆင့်အလှလေးတွေက အရမ်းဈေးကြီးပါတယ်"
ယဲ့ချန်းက အမှုမထားဟန်ဖြင့် ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့။ ဘယ်လောက်ဈေးကြီးကြီး တတ်နိုင်ပါတယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ လူကုံထံသခင်လေးများမှာ အံ့ဩမှင်တက်သွားချေသည်။
"အစ်ကိုချန်း ပီသပါပေတယ်။ အရမ်းအထင်ကြီးဖို့ကောင်းတာပဲ"
လူကုံထံသခင်လေးများက ယဲ့ချန်း၏စကားကြောင့် စိတ်လှုပ်ရှားကုန်ကြသည်။
ဧည့်ကြိုမန်နေဂျာကလည်း ခေါင်းညိတ်ပြလိုက်သည်။
"ဒီတစ်သုတ်က တစ်ညကို ငါးသောင်းပေးရပါတယ်။ ဒါပေမဲ့ သူတို့က သောက်တာနဲ့ သီချင်းဆိုတာကိုပဲ အဖော်ပြုပေးတာပါ။ တခြားတောင်းဆိုမှုတွေကို လက်မခံပါဘူး"
ငါးသောင်းဆိုသည်မှာ သောက်စားခြင်းနှင့် သီချင်းဆိုခြင်းမျှသာ ရှိသေးသည်။ ဤသည်မှာ ဈေးကြီးလှသည်ဟု ဆိုနိုင်ပေသည်။
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်၏။
"ရပါတယ်။ ခုနစ်ယောက်ခေါ်ခဲ့"
"ဟုတ်ကဲ့"
ဧည့်ကြိုမန်နေဂျာကလည်း ခေါင်းညိတ်ပြပြီးနောက် ထွက်သွားလေသည်။
ယဲ့ချန်းက ယန်ချွန်းကို ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်လေသည်။င
"မပူနဲ့။ ဒီည ငါ ဒကာခံမယ်"
ယန်ချွမ်းက ဆို၏။
"မဖြစ်ဘူး။ ကျွန်တော်က ဧည့်ခံမယ်လို့ ပြောထားတာလေ။ အစ်ကိုယဲ့ကို ပိုက်ဆံရှင်းခိုင်းလို့မဖြစ်ဘူး"
ယဲ့ချန်းကလည်း ဘူးခံငြင်းသည်။
"ဒီညီအစ်ကိုတွေနဲ့ ပထမဆုံးအကြိမ်တွေ့တာမို့ ငါကပဲ ဒကာခံရမှာပေါ့"
ယဲ့ချန်း၏စရိုက်ကို ယန်ချွမ်း ကောင်းကောင်းသိသဖြင့် ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။
"အစ်ကိုယဲ့ကို မြန်မြန်ကျေးဇူးတင်လိုက်လေ။ မင်းတို့ကောင်တွေကို အစ်ကိုယဲ့က ဒကာခံမှာ"
"ကျေးဇူးတင်ပါတယ် အစ်ကိုယဲ့"
"ကျွန်တော်တို့ကို အမြင်ကျယ်အောင်လုပ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ အစ်ကိုယဲ့.."
ထိုအချိန်မှာပင် အလှလေးခုနစ်ယောက်က အထဲဝင်လာခဲ့သည်။
အမှန်ပင်။ ဤအလှပဂေးခုနစ်ယောက်၏ ရုပ်ရည်မှာ ယခင်လူများထက် ပိုသာလွန်ပြီး ရုပ်ရည်ရမှတ်ရှစ်ဆယ့်ငါးကို ကျော်၏။
ဤအလှပဂေးခုနစ်ယောက်က အိမ်အကူဝတ်စုံကို ဝတ်ဆင်ထားပြီး ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ဖြင့် ဆွဲဆောင်မှုရှိလှလေရာ မျက်စိပသာဒဖြစ်စေသည်။
"မင်္ဂလာပါ ဘော့စ်"
အလှလေးခုနစ်ယောက်က တစ်ညီတစ်ညာတည်း ဦးညွှတ်လိုက်ကြသည်။
ယန်ချွမ်းနှင့် အခြားသခင်လေးများ၏ မျက်ဝန်းများမှာ လက်ခနဲဖြစ်သွားချေသည်။
ဤသို့သောနေရာမျိုးကို သူတို့လည်း မကြာခဏလာဖူးပါသော်ငြား ပုံမှန်အားဖြင့် ရုပ်ရည်ရမှတ်ရှစ်ဆယ်သာရှိသော မိန်းကလေးများကိုသာ ရွေးချယ်တတ်သည်။
ထိပ်တန်းအဆင့်အလှလေးများက အလွန်တရာဈေးကြီးလှသည်။ အရက်အတူသောက်ရုံမျှဖြင့် ဤမျှပေးရသည်မှာ မတန်သလို ခံစားရသည်။
သို့သော် ယဲ့ချန်းကတော့ မျက်မှောင်ကြုတ်လိုက်လေသည်။
"သူတို့တွေက ဈေးအကြီးဆုံးတွေလား"
ဧည့်ကြိုမန်နေဂျာလည်း အံ့အားသင့်သွားလေသည်။
ဤအလှပဂေးလေးများ၏ ရုပ်ရည်က သာမန်သခင်လေးများကို စိတ်တိုင်းကျစေသည်ဖြစ်ရာ သူ့စံနှုန်းကို မည်သို့မမီရလေသလဲ။
အခြားသခင်လေးများမှာ အံ့ဩမှင်တက်သွားချေသည်။
ရုပ်ရည်ရမှတ်ရှစ်ဆယ့်ငါးမှတ်ကျော်သော အလှလေးများက သူတို့၏အလှအပစံနှုန်းကို မီနေပြီမဟုတ်လား။
သို့သော် ယဲ့ချန်းကတော့ မတူပေ။ သူသည် ရုပ်ရည်ရမှတ်ကိုးဆယ့်ငါးအထက်ရှိသော အလှလေးများနှင့် တွဲနေကျဖြစ်လေရာ ရှစ်ဆယ့်ငါးဆိုသည်မှာ သူ့အတွက် မလုံလောက်ချေ။
"ဒီလိုသာမညောင်ညာရုပ်ရည်တွေအတွက်နဲ့ ဒီလောက်အများကြီးတောင်းတာပေါ့"
ဧည့်ကြိုမန်နေဂျာကလည်း အမြန်ပြောလိုက်လေသည်။
"မစ္စတာယဲ့.. ကျွန်မတို့ဆီမှာ ဗီအိုင်ပီအဆင့် အလှလေးတွေရှိပါတယ်။ သူတို့က တတိယအဆင့် ဒါမှမဟုတ် စတုတ္ထအဆင့် သရုပ်ဆောင်တွေပါ။ ဒါပေမဲ့ ဈေးကတော့ ပိုများပါတယ်"
ဤလူကုံထံသခင်လေးများမှာ ထိုစကားကိုကြားသော် စိတ်လှုပ်ရှားတက်ကြွသွားသည်။
သေစမ်း.. ဗီအိုင်ပီအလှပဂေလေးတွေ ရှိသေးတာတဲ့…
ယခင်က သူတို့ ဤနေရာကိုလာတိုင်း ရုပ်ရည်ရမှတ်ရှစ်ဆယ်သာရှိသော အလှလေးများနှင့် သီချင်းဆိုတတ်ကြသည်။
ယန်ချွမ်းကဲ့သို့ ချမ်းသာလှသော လူတစ်ယောက်ပင် ရုပ်ရည်ရမှတ်ရှစ်ဆယ့်ငါးရှိသော အလှလေးများနှင့် အကြိမ်အနည်းငယ်ခန့် သီချင်းအတူဆိုဖူးသည်။ ဗီအိုင်ပီအဆင့်အလှလေးများကိုတော့ မငှားဖူးပေ။
"ဘယ်လောက်လဲ"
ယဲ့ချန်းက မေးလိုက်လေသည်။
"တစ်ယောက်ကို တစ်သိန်းပါ"
ဧည့်ကြိုမန်နေဂျာက ပြောလိုက်၏။
"ဆယ်ယောက်ခေါ်ခဲ့လိုက်"
ယဲ့ချန်းက အေးအေးလူလူပြောလိုက်၏။
ဧည့်ကြိုမန်နေဂျာခမျာ အလွန်ကျေနပ်သွားလေသည်။ ယနေ့တွင်မူ အလွန်ချမ်းသာကြွယ်ဝသော သခင်လေးများနှင့် ကြုံနေရလေပြီ။
မိန်းမလှလေးဆယ်ယောက်ဆိုလျှင် တစ်သန်းပင်။ ဤမျှများပြားသောပမာဏကို သုံးစွဲနိုင်သည်မှာ အလွန်ချမ်းသာသော ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်ပင်။
ထိုသခင်လေးများလည်း မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးပြူးသွားကြသည်။
အလှလေးများနှင့် သီချင်းအတူဆိုရန်အတွက် ငွေတစ်သန်းသုံးစွဲခြင်းမှာ အလွန်ခမ်းနားလှပေသည်။
"ကောင်းပါပြီ မစ္စတာယဲ့"
ဧည့်ကြိုမန်နေဂျာလည်း အလွန်ပျော်ရွှင်သွားချေသည်။
တစ်ချီတည်းနှင့် တစ်သန်းကျော်ရှာလိုက်နိုင်ပြီဖြစ်ရာ သူ(မ)၏ကော်မရှင်ခကလည်း ငါးသိန်းပင်။ ဤသည်မှာ သူ(မ)၏တစ်လစာနီးနီးပင်။
ယန်ချွမ်းလည်း အတန်ငယ်ရှက်သွားရသည်။
"အစ်ကိုယဲ့.. ဒါက တော်တော်များတယ်နော်"
ယဲ့ချန်းကတော့ လက်ခါပြသည်။
"ကိစ္စမရှိဘူး။ မင်းတို့တွေနဲ့ ပထမဆုံးအကြိမ်တွေ့တာမို့လို့ ပျော်ဖို့ကသာ အဓိကပဲ"
ယဲ့ချန်းအတွက်တော့ ငွေဆိုသည်မှာ ကိန်းဂဏန်းတစ်ခုသက်သက်သာ။
ထို့ပြင် ယန်ချွမ်းကလည်း သူ့အား မကြာခဏကူညီပေးထားသည်ဖြစ်ရာ ဤသည်မှာ ယန်ချွမ်းကို ကျေးဇူးဆပ်ရာလည်း ရောက်သည်။
ခဏအကြာတွင် သီးသန့်ခန်းတံခါး ပွင့်လာလေသည်။ ထို့နောက် အလှပဂေးဆယ်ယောက် အထဲသို့ ဝင်လာချေသည်။
ဤအလှပဂေးဆယ်ယောက်မှာ ယခင်လူများနှင့် လုံးဝမတူချေ။
ရုပ်ရည်ရမှတ်ကိုးဆယ်ကျော်သူများ ဖြစ်လေရာ ယဲ့ချန်းလည်း သူတို့ကိုကြည့်ရင်း စိတ်သက်သာသွားသည်။
အရေးအကြီးဆုံးမှာ ဤအလှလေးများက ယခင်ကလည်း သရုပ်ဆောင်ဖူးကြသည်။ တော်တော်များများက လူသိများသော ဇာတ်ပို့သရုပ်ဆောင်များ ဖြစ်ကြသည်.
သူတို့သည် အနည်းဆုံးတော့ အနုပညာရှင်အငယ်စားလေးများပင်။
"ဝိုး လီကျားကျားပါလား"
"ဖန်မေ့မေ့"
"ကျန်းယွဲ့ယွဲ့"
လူကုံထံသခင်လေးများအားလုံး ကြက်သေသေသွားကြသည်။
သူတို့က ဟွားနိုင်ငံထဲရှိ တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့် သရုပ်ဆောင်များပင်။ နာမည်ကျော်ကြယ်ပွင့်များ မဟုတ်ကြသော်ငြား အလွန်ရင်းနှီးပြီးသားလူများပင်။
ဤသခင်လေးများက အွန်လိုင်းဆယ်လီများနှင့်သာ ပျော်ပါးတတ်ပြီး တကယ့်သရုပ်ဆောင်များနှင့်မူ တွဲသွားတွဲလာလုပ်ခွင့်မရပေ။
ဤတီဗီသရုပ်ဆောင်များက ခဏအကြာတွင် သူတို့ရင်ခွင်ထဲ၌ သီချင်းဆိုနေကြမည့်အကြောင်း တွေးလိုက်မိသောအခါ သခင်လေးများလည်း စိတ်လှုပ်ရှားသွားကြသည်။
ဧည့်ကြိုမန်နေဂျာက ယဲ့ချန်းကို ကြည့်လိုက်၏။
"မစ္စတာယဲ့ ဒီတစ်ခေါက်ရော ကျေနပ်ရဲ့လား"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြသည်။
"အတော်အသင့်တော့ စိတ်တိုင်းကျပါတယ်"
အတော်အသင့်စိတ်တိုင်းကျတာလား…
ဧည့်ကြိုမန်နေဂျာလည်း အံ့အားသင့်သွားလေသည်။
သူ့အနားတွင် ဘယ်လိုအဆင့်ရှိသော အလှပဂေးလေးများ ဝိုင်းနေလေသလဲ။ ဤကဲ့သို့သော အလှလေးများကိုပင် အတော်အသင့်စိတ်တိုင်းကျသည်ဟု ဆိုလာလေသည်။
"ကောင်းပါပြီ။ စိတ်တိုင်းကျဖို့ပဲ အရေးကြီးတာပါ"
ဧည့်ကြိုမန်နေဂျာကလည်း ကိုးရိုးကားရား ပြောလိုက်ချေသည်။
"လူကြီးမင်းတို့.. ကျွန်မတို့ရဲ့စည်းမျဉ်းအရဆိုရင် ပျော်လို့တော့ရတယ်။ ဒါပေမဲ့ ဖျော်ဖြေရုံပဲနော်။ ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်လို့မရဘူး"
ဧည့်ကြိုမန်နေဂျာက ပြုံးလျက် ပြောလိုက်လေသည်။
"ကိစ္စမရှိဘူး"
ဤသခင်လေးများကလည်း စည်းမျဉ်းများကို ကောင်းကောင်းနားလည်ကြသည်။
ဤလူများက ဖျော်ဖြေရေးနယ်ပယ်တွင် အလုပ်ဆက်လုပ်ရန် ကြံရွယ်ထားကြသူများ ဖြစ်သဖြင့် ထိုသို့သောဗီဒီယိုများက သူတို့အား ပျက်စီးသွားစေနိုင်သည်။
မကြာခင်မှာပင် အလှလေးဆယ်ယောက်က သခင်လေးများ၏ဘေးနားတွင် ထိုင်လိုက်ကြသည်။
ယဲ့ချန်းက အလှဆုံးတစ်ယောက်ကို ရွေးချယ်လိုက်လေသည်။ သူ(မ)က ဒုတိယအဆင့်ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး နာမည်အကြီးဆုံးလည်း ဖြစ်၏။
ထို့နောက် လူတိုင်း သီချင်းဆိုကြလေတော့သည်။
အစတုန်းက နည်းနည်းနေရခက်နေသော်ငြား နောက်ပိုင်းတွင် တဖြည်းဖြည်းသက်သောင့်သက်သာဖြစ်သွားကြသည်။
ဤအနုပညာရှင်အငယ်စားများမှာ သီချင်းကောင်းကောင်းဆိုနိုင်ပြီး ယောကျ်ားများနှင့် ပရောပရည်လုပ်ရာတွင်လည်း အလွန်တော်သည်။
သခင်လေးများမှာ အပျော်ကြီးပျော်နေကြတော့သည်။
သို့သော် ထိုအချိန်မှာပင် သီးသန့်ခန်းတံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီး အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ယောက် ဝင်လာလေသည်။
"ကိုယ့်လူတို့.. ကျုပ်ကို တစ်ခုလောက်ကူညီပေးလို့ရမလား။ ကျုပ်သူငယ်ချင်းတစ်ယောက်က သဘောတူညီမှုတစ်ခုရအောင် ညှိနှိုင်းနေတာ။ ဒါပေမဲ့ ဖောက်သည်က ဧကရာဇ်အဆင့် သီးသန့်ခန်းနဲ့ ဒီအလှလေးဆယ်ယောက်ကို တောင်းဆိုနေတာ။ မင်းတို့ ကျုပ်တို့ကို ဦးစားပေးလို့ရမလား"
ထိုလူ့အနောက်ရှိ ဧည့်ကြိုမန်နေဂျာက ရှက်ရွံ့နေဟန်ပင်။
ဧည့်ကြိုမန်နေဂျာက တစ်ဖက်လူကို ဖျောင်းဖျရန် ကြိုးစားပါသော်ငြား ထိုလူက စကားနားမထောင်ပေ။
ယဲ့ချန်း၏အကြည့်ကား ရုတ်ခြည်းအေးစက်သွားလေသည်။
ထိုလူက အပေါ်ယံတွင် ယဉ်ကျေးပျူငှာပုံရသော်ငြား တကယ်တမ်းတွင်မူ မောက်မာပြနေခြင်းပင်။
သူ့အမူအရာက အသိသာချည်းပင်။ သူတို့ဘက်က လက်မခံ၍မရချေ။
"ဆောရီးပဲ။ ကျုပ်တို့တောင် ကောင်းကောင်းမပျော်ရသေးဘူး။ ကျုပ်တို့ပြီးမှ ခင်ဗျားတို့အလှည့်လေ။ အခုလောလောဆယ်တော့ ထွက်သွားလိုက်ပါ"
ထိုလူက မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် လက်မလျှော့ပါဘဲ လုပ်ငန်းကတ်တစ်ခုကို ထုတ်လိုက်၏။
"မစ္စတာယဲ့.. ကျုပ်က ကျိုးဖေးပါ။ ထျန်းဖူလုပ်ငန်းစုရဲ့ အထွေထွေမန်နေဂျာပေါ့။ မိတ်ဖြစ်ဆွေဖြစ် ကျုပ်ကို မျက်နှာသာလေးပေးပါဦး"
ထျန်းဖူလုပ်ငန်းစုဟု ကြားလိုက်ရသောအခါ အားလုံး အံ့အားသင့်သွားလေသည်။
ထျန်းဖူလုပ်ငန်းစု၏ဥက္ကဋ္ဌ ကျိုးလုံက လူမိုက်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။
ယခုတော့ တရားဝင်စီးပွားရေးလုပ်နေပါသော်လည်း မိုတုမြို့ရှိ စီးပွားရေးလောကထဲတွင် သူ့နာမည်ပေါ်လာတိုင်း လူတိုင်းက သူ့ကို အပြစ်မပြုရဲကြချေ။
"ထျန်းဖူလုပ်ငန်းစုပဲဖြစ်ဖြစ် မြေအောက်ဂိုဏ်းပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ကျုပ်တို့ ပိုက်ဆံပေးပြီးသွားပြီ။ ဒီအခန်းနဲ့ ဒီအလှလေးတွေက ကျုပ်တို့အပိုင်ပဲ။ အဲဒါကြောင့် လစ်လိုက်တော့။ ကျုပ်ဘက်ကတော့ လက်လျှော့မှာမဟုတ်ဘူး"
ယဲ့ချန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
••••••••••••••••••••
အပိုင်း ၃၄၁ : ခင်ဗျားမှာ သိက္ခာရောရှိလို့လား
ယဲ့ချန်း၏လေသံမှာ အလွန်အေးစက်လှသည်။
ကျိုးဖေးလည်း ခဏမျှကြက်သေသေသွားလေသည်။ ယဲ့ချန်းဘက်က ယခုလိုမလေးမစားလုပ်လာလိမ့်မည်ဟု သူ ထင်မထားချေ။
ညင်သာနေ၍မဖြစ်ကြောင်း သိလိုက်ရသောအခါ ကျိုးဖေး၏အကြည့်လည်း ခက်ထန်သွားသည်။
"နှစ်သန်းပေးမယ်။ အခန်းထဲကထွက်သွားလိုက်"
ကုန်ကျစရိတ်များကို နှုတ်လိုက်ပါက ယဲ့ချန်းအနေနှင့် တစ်သန်းရှာနိုင်မည်သာ။ ကျိုးဖေးဘက်က ယဲ့ချန်းကို မျက်နှာသာပေးရာလည်း ရောက်သည်။
ယဲ့ချန်းက စိတ်မရှည်တော့ဟန်ဖြင့် လက်ခါပြပြီး ပြောလိုက်လေသည်။
"ထွက်သွားစမ်း.. ခင်ဗျားမျက်နှာကို မမြင်ခငျ်ဘူး။ ဝေးဝေးကိုလစ်လိုက်တော့"
ကျိုးဖေး၏မျက်နှာမှာ အေးစက်မာကျောသွားသည်။ ဤလူငယ်လေးက ဤမျှပြတ်သားလိမ့်မည်ဟု သူ ထင်မထားချေ။
သူ့အား မျက်နှာသာမပေးရုံသာမက ချက်ချင်းထွက်သွားရန်ပါ ပြောနေလေသည်။
"မင်း…"
ကျိုးဖေးလည်း ချက်ချင်းမျက်နှာပျက်သွားသည်။
ထိုအချိန်မှာပင် အပြင်ဘက်မှ ခပ်ဖွဖွအသံတစ်သံ ထွက်ပေါ်လာသည်။
"ဥက္ကဋ္ဌကျိုး.. မပြီးသေးဘူးလား။ ဧကရာဇ်သီးသန့်ခန်းနဲ့ အလှလေးတွေ မပါလို့ကတော့ ဒီသဘောတူညီမှုလည်း ညှိနှိုင်းလို့မရတော့ဘူး"
ထိုအခိုက်ဝယ် အပြင်ဘက်မှ လူနှစ်ယောက် ဝင်လာလေသည်။
တစ်ယောက်က ဝတ်စုံပြည့်ဝတ်ဆင်ထားလေရာ အတွင်းရေးမှူးပုံစံနှင့် တူလှချေသည်။ ကျန်တစ်ယောက်ကမူ ပေါ့ပေါ့ပါးပါးဝတ်စုံကိုသာ ဝတ်ဆင်ပြီး မျက်နှာထက်တွင်လည်း မောက်မာမှုအပြည့်ပင်။
သူသည် ဂုဏ်သတင်းကြီးမားသော မိသားစုတစ်ခုမှ ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်ဖြစ်သည်မှာ အသိသာချည်းပင်။
ဤလူက အလိုလိုက်ခံထားရသော မောက်မာသည့် သူဌေးသားတစ်ယောက်ဖြစ်ကြောင်း ယဲ့ချန်း ချက်ချင်းရိပ်စားမိလိုက်သည်။
ဤလူငယ်လေးကိုမြင်သော် အနုပညာရှင်ငယ်လေးတချို့က တအံ့တဩရေရွတ်လိုက်၏။
"ကျိုးထျန်း"
ယန်ချွမ်းတို့တစ်သိုက်လည်း တအံ့တဩရေရွတ်လိုက်သည်။ တစ်ဖက်လူက ကျိုးထျန်းဖြစ်နေလိမ့်မည်ဟု ထင်မထားပေ။
ယဲ့ချန်းကမူ ကျိုးထျန်းကို မသိပါသော်ငြား လူတိုင်း၏အမူအရာကတစ်ဆင့် တစ်ဖက်လူသည် နောက်ခံအင်အားတောင့်တင်းသော လူတစ်ယောက်ဖြစ်ကြောင်း သိလိုက်သည်။
ကျိုးထျန်းကို ဤအနုပညာရှင်များက ပြည်သူ့ခင်ပွန်းအဖြစ် သိထားကြသည်။
ကျိုးထျန်းက စီးပွားရေးနယ်ပယ်ထဲတွင် အလုပ်လုပ်နေပါသော်ငြား အနုပညာနယ်ပယ်နှင့်လည်း တစ်ခါတစ်ရံပတ်သက်မှုရှိသည်။
ဤနှစ်များအတွင်း ကျိုးထျန်းသည် အင်တာနက်ဆယ်လီတချို့ကို နာမည်ကြီးအောင် လုပ်ပေးခဲ့သဖြင့် အနုပညာလောကထဲတွင် အတန်အသင့်နာမည်ကြီးကျော်ကြားလေသည်။
ယဲ့ချန်း၏ခါးခါးသီးသီးငြင်းပယ်မှုကို ကြားလိုက်ရပြီးနောက် ထိုသက်လတ်ပိုင်းအမျိုးသားကြီးမှာ အတန်ငယ်ရှက်ရွံ့သွားပြီး ပြောလိုက်လေသည်။
"သခင်လေးကျိုး.. သူတို့ဘက်က လက်မလျှော့ချင်ကြဘူးဗျ။ ကျွန်တော်တို့ တခြားအခန်းကိုပဲ ရွေးလိုက်ကြမလား"
ကျိုးထန်းက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
"ဒီကေတီဗီမှာ ဒီအခန်းတစ်ခုတည်းကပဲ ကောင်းတာလေ။ တခြားဘယ်အခန်းများ ရှိလို့လဲ။ ဒီမိန်းမတွေကရော ကြည့်ပျော်ရှုပျော်ရှိလို့လား"
ဤအချက်တွင်မူ ယဲ့ချန်းနှင့် ကျိုးထျန်းတို့က အမြင်တူပေသည်။
ယဲ့ချန်းက ကျိုးထျန်းကို လုံးဝလျစ်လျူရှုထားပြီး ထိုင်ခုံတွင်ထိုင်လျက် သီချင်းရွေးနေချေသည်။
ကျိုးထျန်းလည်း မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့ကိုမြင်လျှင် အခြားလူများ၏ မျက်နှာထက်ဝယ် တုံ့ပြန်မှုတချို့ ပြလာလေသည်။
ယဲ့ချန်းတစ်ယောက်ကသာ သူ့ကို လုံးဝအရေးမလုပ်ချေ။
ကျိုးထျန်းက ယဲ့ချန်းအနားသို့ တန်းတန်းမတ်မတ်သွား၍ သူ့မြင်ကွင်းကို ကွယ်ထားလိုက်သည်။ ထိုအခါမှသာ ယဲ့ချန်းကလည်း ကျိုးထျန်းကို မော့ကြည့်လိုက်သည်။
"ဘာကိစ္စလဲ"
ကျိုးထျန်းက မျက်ခုံးပင့်လိုက်မိသည်။ သူ့မျက်လုံးထဲတွင်မူ ဒေါသရိပ်များ ထင်ဟပ်လာလေသည်။
မိုတုမြို့ရှိ အသိုင်းအဝိုင်းထဲတွင် ယန်ချွမ်းကဲ့သို့သော ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များပင် သူ့ကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ရသည်။ သို့တိုင် ယဲ့ချန်းကတော့ ဖြုံပင်မဖြုံချေ။
ဒီလောက်အတင့်ရဲနေရအောင် ဒီကောင်က ဘယ်သူမို့လို့လဲ…
သို့သော် ဒုတိယမျိုးဆက်လူကုံထံတစ်သိုက်၏ ခေါင်းဆောင်ဖြစ်သည့်အတွက် လေးစားထိုက်သော ပုဂ္ဂိုလ်အားလုံးကို ကျိုးထျန်း သိသည်။
သို့သော် ဤကောင်လေးမှာမူ မျက်နှာသစ်တစ်ယောက်ပင်။
ဖြစ်နိုင်ခြေတစ်ခုတည်းသာရှိ၏။ ဤကောင်လေးက သူဌေးလက်သစ်တစ်ယောက်ဖြစ်နေခြင်းပင်။
အကယ်၍ ယဲ့ချန်းသာ နောက်ခံအင်အားတောင့်တင်းသော ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်ဆိုပါက ကျိုးထျန်းအနေနှင့် အပြစ်ပြုရဲမည်မဟုတ်သော်ငြား ယဲ့ချန်းကတော့ မတူချေ။
သူက သူဌေးလက်သစ်တစ်ယောက်ဖြစ်သဖြင့် သူ့ရှေ့တွင် ဘာမဟုတ်သော လူတစ်ယောက်ပင်။
"ချာတိတ်.. မင်း ငါ့ကိုသိတယ်မလား။ ငါ မင်းရဲ့အခန်းနဲ့ကောင်မလေးတွေကို သဘောကျတယ်။ သူတို့ကို ငါ့ကိုပေးလိုက်။ ဒါဆို မင်းဆီမှာ ငါ အကြွေးတင်သွားပြီ"
ကျိုးထျန်းက ပို၍ပင် မောက်မာသေးသည်။ ပိုက်ဆံပေးရန်ပင် စိတ်ကူးမရှိဘဲ အကူအညီတောင်းလာချေသည်။
ယဲ့ချန်းခမျာ ဆွံ့အသွားရသည်။
မင်းကို မျက်နှာသာပေးရမှာလား…
မင်းဆီက မျက်နှာသာရတော့ရော ဘာဖြစ်သွားမှာမို့လို့လဲ…
မင်းက ဘာကောင်မို့လို့လဲ.. အင်တာနက်ဆယ်လီတွေနဲ့ အမြဲတွဲသွားတွဲလာလုပ်နေတာများ…
အခြားလူများ၏အမြင်တွင် ထိုလူသည် ပြည်သူ့ခင်ပွန်းလောင်းတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သော်ငြား ယဲ့ချန်းရှေ့တွင်မူ သူသည် အရေးမပါသောလူတစ်ယောက်ပင်။
ယဲ့ချန်းက ကျိုးထျန်းကို လှမ်းကြည့်ပြီးနောက် အေးစက်ခက်ထန်စွာ ပြောလိုက်၏။
"လစ်စမ်း"
ကျိုးထျန်း : "…"
ယန်ချွမ်း : "…"
ကျိုးဖေး : "…"
လူကုံထံသူဌေးသားတစ်သိုက် : "…"
လူတိုင်း အံ့ဩမှင်တက်သွားချေသည်။
ကျိုးထျန်၏မျက်နှာမှာ ဒေါသကြောင့် ဖြူဖျော့သွားလေသည်။
နှစ်ပေါင်းများစွာအတွင်း မည်သူကမှ သူ့အား ဤမျှအထိ မောက်မောက်မာမာ မဆက်ဆံရဲပေ။
သူ့ဘေးရှိ ကျိုးဖေးမှာမူ တဒင်္ဂမျှကြက်သေသေသွားလေသည်။
သူသာ ကျိုးထျန်းကို ရန်စလိုက်လျှင် သဘောတူညီမှုကလည်း အဆင်ပြေတော့မည်မဟုတ်ချေ။
ဤသည်မှာ ဒေါ်လာတစ်ဘီလျံတန်စာချုပ်တစ်ခုပင်။
ကျိုးဖေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ချာတိတ်… သခင်လေးကျိုးက ဘယ်သူလဲဆိုတာ မင်း မသိဘူးလား။ ဘာလို့ မလေးမစားဆက်ဆံနေတာလဲ"
ယဲ့ချန်းကတော့ အေးတိအေးစက်နှာခေါင်းရှုံ့လိုက်သည်။
"မလေးစားဘူးတဲ့လား။ သူက ဘာမို့လို့လဲ။ ကျုပ်က သူ့ကို ဘာလို့လေးစားရမှာလဲ"
သူ့ကိုယ်သူ အဟုတ်ကြီးမှတ်နေတာပဲ.. ဟွားနိုင်ငံထဲက ဒိတ်ဒိတ်ကြဲသူဌေးတွေတောင် ငါ့ကို တလေးတစားဆက်ဆံရတာ.. ဒီဒုတိယမျိုးဆက်လူကုံထံတစ်ယောက်ကများ ငါ့ရှေ့မှာ ဟန်ဆောင်ရဲတယ်ပေါ့…
"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ငါစိတ်ကောင်းဝင်နေတုန်း လစ်လိုက်တော့။ မဟုတ်လို့ကတော့ ငါ့ကို အဆိုးမဆိုနဲ့"
ယဲ့ချန်းကလည်း အေးစက်ခက်ထန်စွာ ပြောလိုက်သည်။
ကျိုးထန်ခမျာ ပေါက်ကွဲတော့မတတ်ပင်။
"ကောင်းပြီလေ။ မင်းက တော်တော်သတ္တိရှိနေတာပဲ"
ဟွားနိုင်ငံထဲတွင် ကျိုးထျန်းမှာ ဘယ်တုန်းကမှ မရှုံးခဲ့ဖူးပေ။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် လျစ်လျူရှုခံရခြင်းပင်။
သူ့ဘေးရှိ ကျိုးဖေးက ပြောလိုက်သည်။
"သခင်လေးကျိုးက ကျိုးလုံရဲ့အကြီးဆုံးသားပဲ။ သခင်လေးကျိုးကို ရန်စမိရင် ဘယ်လိုအကျိုးဆက်မျိုးနဲ့ တွေ့ရမလဲဆိုတာ မင်းသိလား"
ကျိုးလုံဟူသော နာမည်ကို ကြားလိုက်ရချိန်တွင် လူတိုင်း ပင့်သက်ရှိုက်လိုက်မိသည်။
ကျိုးလုံဟူသော နာမည်ကို လူတိုင်း သိကြသည်။ သူသည် အလွန်ရက်စက်ကြမ်းကြုတ်သူပင်။
သူ့ကို အပြစ်ပြုမိသူတိုင်း အဆုံးသတ်မလှချေ။
ထို့ကြောင့် ယန်ချွမ်းမှာ အတန်ငယ်စိတ်လှုပ်ရှားသွားရသည်။
"အစ်ကိုယဲ့.. ကျွန်တော်တို့ အလျှော့ပေးပြီး အခန်းပြောင်းကြမလား"
"ဟုတ်တယ်။ တခြားအခန်းတွေလည်း အဆင်ပြေပါတယ်။ ဦးလေးလုံရဲ့သားကိုတော့ အပြစ်ပြုလို့မဖြစ်ဘူး"
အခြားလူကုံထံသခင်လေးများက ယဲ့ချန်းကို အကြံပေးလာကြသည်။
ဤအဖြစ်ကြောင့် ကျိုးထျန်းမှာ ပို၍ပင်မာန်တက်သွားလေသည်။
"ချာတိတ်.. အခု ငါ့အဆင့်အတန်းကိုသိပြီမလား။ မိုတုမြို့မှာတင်မဟုတ်ဘူး။ ကျိုတိုမှာတောင် ဘယ်သူမှ ငါ့ကို အာမခံရဲဘူး"
ကျိုးထျန်းက ထိုသို့ပြောပြီးနောက် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်လေသည်။
သူ့အဖေ၏သရုပ်မှန်ကြောင့် ယဲ့ချန်း နောက်ဆုတ်သွားလိမ့်မည်ဟု သူ့ဘက်က သေချာနေခဲ့သည်။
ကျိုးလုံဟူသော နာမည်ကို ကြားသောအခါ ယဲ့ချန်း၏မျက်ဝန်းများမှာ အတန်ငယ်ထူးဆန်းသွားလေသည်။
ယနေ့ပင် ရွှေရောင်သံချပ်ကာကုမ္ပဏီ၏ အထွေထွေမန်နေဂျာချန်ဖေးက မိုတုမြို့တွင် ကုမ္ပဏီခွဲတစ်ခုကို တည်ထောင်လိုက်ပြီဖြစ်ကြောင်းနှင့် သူဌေးက ကျိုးလုံဖြစ်ကြောင်း သူ့အား ပြောပြထားသည်။
ကျိုးလုံက ပြည်တွင်းအာဏာရှင်တစ်ယောက်ဟု ဆိုပါလျှင် ကျိုးထျန်း၏အဖေများ ဖြစ်နေမလား။
ဤအကြောင်းကို သတိရမိသောအခါ ယဲ့ချန်းလည်း ပြုံးလျက် ပြောလိုက်၏။
"မင်းရဲ့အဖေက ကျိုးလုံမလား။ သူက ရွှေရောင်သံချပ်ကာကုမ္ပဏီရဲ့ ကုမ္ပဏီအခွဲမှာ ဥက္ကဋ္ဌရာထူး ရထားတဲ့လူလား"
ကျိုးထျန်းကလည်း ဂုဏ်ယူဝင့်ကြွားလေဟန်ဖြင့် ပြောလိုက်သည်။
"ဟားဟား ဟုတ်တာပေါ့။ အခု မင်း ငါ့ရဲ့သရုပ်မှန်ကို သိပြီမလား။ ရွှေရောင်သံချပ်ကာကုမ္ပဏီအကြောင်း ကြားဖူးလား။ အဲဒါက ဟွားတုမှာ အကြီးဆုံးလုံခြုံရေးကုမ္ပဏီလေ။ ငါ့အဖေက အဲဒီကုမ္ပဏီရဲ့ဘော့စ်ပဲ။ အထင်ကြီးဖို့ကောင်းတယ်မလား"
ကြွားလုံးထုတ်ရန်အတွက် ကျိုးထျန်းမှာ သူ့အဖေကို တစ်ဆင့်တိုးပေးလိုက်၏။
သူသည် မိုတုရုံးခွဲ၏ ခေါင်းဆောင်မျှသာ ဖြစ်သည်။ သို့တိုင် ကျိုးထျန်းကတော့ သူဌေးဟု ဆိုနေချေသည်။
ယဲ့ချန်းလည်း တဟားဟားအော်ရယ်လိုက်မိသည်။
"ဒါပေမဲ့ ငါ့မှာတော့ မင်းလိုသားမျိုး မရှိပါဘူး"
"မင်း ဘာပြောလိုက်တယ်"
ထိုနေရာတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားချေသည်။
ယန်ချွမ်းနှင့် လူကုံထံသခင်လေးတစ်သိုက်လည်း ကျောက်ရုပ်များအလား တောင့်ခဲသွားရှာသည်။
အနုပညာရှင်ဆယ်ယောက်လည်း ကတုန်ကယင်ဖြစ်နေကြသည်။
ဒီလူ ရူးနေပြီလား။ ကျိုးထျန်းကို သူ့သားလို့ ပြောင်ပြောင်တင်းတင်းပြောလိုက်တာလား…
ယဲ့ချန်း၏စကားကိုကြားသော် ကျိုးထျန်း၏မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွားပြီးနောက် စားပွဲပေါ်ရှိ ဝိုင်ပုလင်းတစ်လုံးကို ကောက်ကိုင်ကာ ယဲ့ချန်းထံသို့ ပစ်ပေါက်လိုက်၏။
"မင်း သေချင်နေတာလား"
ဤသို့သောအရှက်ကွဲမှုမျိုးကို ကျိုးထျန်း မည်သို့သည်းခံနိုင်မည်နည်း။ သူ့မျက်နှာကား ဒေါသကြောင့် ဖြူဖျော့သွားလေသည်။ ထို့နောက် သူ့လက်ထဲရှိ ပုလင်းဖြင့် ယဲ့ချန်း၏ခေါင်းကို ပစ်ပေါက်လိုက်လေတော့သည်။
ယဲ့ချန်းက ခန္ဓာကိုယ်ကို လှုပ်ရှား၍ ကျိုးထျန်း၏ပုလင်းကို ရှောင်လိုက်ပြီးနောက် သူ့လက်ထဲရှိ မိုက်ခရိုဖုန်းဖြင့် ကျိုးထျန်း၏ မျက်နှာဆီသို့ ပစ်ပေါက်လိုက်၏။
ဖျစ်!
ကျိုးထျန်းမှာ အပေါ်ယံတွင်သာ ကြောက်ဖို့ကောင်းပါသော်ငြား တကယ်တမ်းတွင်မူ ရုပ်ပိုင်းဆိုင်ရာ အားနည်းလှသည်။ သူက ယဲ့ချန်းကို မည်သို့ယှဉ်နိုင်မည်နည်း။
ကျိုးထျန်း၏မျက်နှာမှ သွေးများ ပန်းထွက်လာလေတော့သည်။
••••••••••••••••••••
အပိုင်း ၃၄၂ : ကျိုးလုံ ပေါ်လာခြင်း
ကျိုးထျန်းလည်း စူးစူးရဲရဲအော်ဟစ်လိုက်သည်။ သူ့မျက်နှာမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
ယဲ့ချန်းက ကျိုးထျန်းရှေ့တွင် ရပ်ပြီးနောက် သူ့အား အေးစက်စက်အမူအရာဖြင့် ကြည့်လိုက်လေသည်။
ယခင်တုန်းက ကျိုးထျန်းကသာ သူများကို ရိုက်နှက်ခဲ့သဖြင့် တစ်ခါမှ အရိုက်မခံရဖူးပေ။
ထိုအချိန်တွင် ယဲ့ချန်း၏အေးစက်စက်အကြည့်ကို မြင်သောအခါ သူ့တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။
ယဲ့ချန်းထံမှ ထွက်ပေါ်နေသော လူသတ်ချင်လေဟန် အရှိန်အဝါက သူ့အား ထိန်းချုပ်၍မရအောင် တုန်ယင်သွားစေသည်။
"မင်း.. မင်း ဘာလုပ်ချင်လို့လဲ"
စိတ်ထဲမှာတော့ အလွန်ကြောက်နေသော်ငြား အာခံနေဆဲပင်။
"ချာတိတ်.. မင်းက ငါ့ကိုရိုက်ရဲတယ်ပေါ့။ မင်းသေပြီသာမှတ်"
ကျိုးထျန်းက ကြိမ်းမောင်းလိုက်လေသည်။
ဘေးနားရှိ ကျိုးဖေးမှာမူ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။
သူသည် ဝမ်းကွဲတစ်ယောက်ဖြစ်သဖြင့် ကျိုးမိသားစုအခွဲမျှသာ။
ကျိုးထျန်းသာ အရိုက်ခံလိုက်ရပါက စီးပွားရေးသာ ပျက်စီးမည်မဟုတ်ပါဘဲ သူလည်း ကိစ္စတုံးရမည်သာ။
ကျိုးထျန်းလည်း အံတင်းတင်းကြိတ်၍ ပြောလိုက်၏။
"မင်း သေပြီသာမှတ်။ မင်းနောင်တရသွားအောင် ငါလုပ်ပြမယ်"
"နောင်တလား"
ယဲ့ချန်းကတော့ မျက်ခုံးပင့်လိုက်လေသည်။
ထို့နောက် ရွှေရောင်သံချပ်ကာကုမ္ပဏီ၏ ဒုဥက္ကဋ္ဌချန်ဖေးဆီသို့ ဖုန်းဆက်လိုက်သည်။
"ချန်ဖေး.. ကျိုးလုံက ငါ့ကိုတွေ့ချင်နေတာမလား။ သူ့ကို လာခိုင်းလိုက်။ ငါက အခု စတားလိုက်ကေတီဗီမှာ"
ထိုအခိုက်ဝယ် ကျိုးထျန်းလည်း ဖုန်းထုတ်လိုက်သည်။
"အဖေ.. ကျွန်တော် အရိုက်ခံထားရတယ်။ ကျွန်တော့်မျက်နှာလည်း ပျက်စီးသွားပြီ။ အဖေ ကျွန်တော့်ဘက်က ရပ်တည်ပေးရမယ်နော်။ ကျွန်တော်တို့ အသစ်ဖွင့်ထားတဲ့ လုံခြုံရေးကုမ္ပဏီက လုံခြုံရေးတွေအကုန်လုံးကို ခေါ်လာခဲ့လိုက်။ ကျွန်တော် ဒီကောင့်ရဲ့ခြေတွေလက်တွေကို အကုန်ရိုက်ချိုးပစ်မှာ"
ချန်ဖေးနှင့် ကျိုးလုံတို့က ကုမ္ပဏီခွဲဖွင့်ရန်အတွက် ဆွေးနွေးနေစဉ် တစ်ပြိုင်နက်တည်း ဖုန်းဝင်လာလေသည်။
နှစ်ယောက်စလုံးကို ပြောလာသည့် တည်နေရာမှာ စတားလိုက်ကေတီဗီဖြစ်၏။
သူတို့နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်မိပြီးနောက် ကျိုးလုံ၏အမူအရာကား အတန်ငယ်ပျက်ယွင်းသွားသည်။
သူ တစ်စုံတစ်ခုကို ခံစားမိသည်။
ဤကိစ္စက ထူးဆန်းနေချေသည်။
ကျိုးထျန်းက စတားလိုက်ကေတီဗီတွင် အရိုက်ခံလိုက်ရပြီး ယဲ့ချန်းကလည်း စတားလိုက်ကေတီဗီတွင် ရှိနေခြင်းမှာ အလွန်တိုက်ဆိုင်လွန်းလှသည်။
ယန်ချွမ်း မျက်နှာပျက်သွားလေသည်။
"အစ်ကိုယဲ့.. ကျိုးထျန်းရဲ့အဖေက သွားရှုပ်လို့ကောင်းတဲ့လူ မဟုတ်ပါဘူး။ အစ်ကို ရဟတ်ယာဉ်နဲ့ အရင်သွားနှင့်လိုက်တော့။ ကျွန်တော် ကြည့်ရှင်းပေးထားမယ်။ ကျွန်တော်တို့ယန်မိသားစုက မိုတုမြို့မှာ အာဏာနည်းနည်းရှိတော့ သူ ကျွန်တော့်ကို ဘာမှလုပ်ရဲမှာမဟုတ်ပါဘူး"
ယန်ချွမ်း၏စကားကိုကြားသော် ယဲ့ချန်းလည်း သူ့ပခုံးကို ပုတ်ပေးလိုက်မိသည်။
"မပူနဲ့။ အမှိုက်သာသာပဲရှိတာပါ။ ငါက ထွက်ပြေးဖို့လိုလို့လား"
ယဲ့ချန်းဘက်က အကြောက်အလန့်ကင်းမဲ့နေသည်ကို မြင်သောအခါ အခြားလူများမှာ ကြောင်အသွားချေသည်။
ကျိုးလုံက သူ့သား အရိုက်နှက်ခံထားရသည်ကို မြင်လျှင် သူ့စရိုက်အရ ယဲ့ချန်းကို အလွတ်ပေးမည်မဟုတ်ချေ။
သူ့တိုင် သူကတော့ ထွက်မပြေးဘဲ ဤနေရာတွင် စောင့်နေသည်တဲ့လား။
သေဖို့ စောင့်နေခြင်းလေလား။
လူတိုင်းက ယဲ့ချန်းကို စိုးရိမ်ပူပန်နေဟန်အမူအရာဖြင့် ကြည့်နေကြသည်။
ဧည့်ကြိုမန်နေဂျာကလည်း စိုးရိမ်ကြောင့်ကြနေသည်။
နှစ်ဖက်စလုံးက အပြစ်ပြု၍မရသူများ ဖြစ်နေချေသည်။
ယဲ့ချန်းပင်ဖြစ်စေ ကျိုးထျန်းပင်ဖြစ်စေ နှစ်ယောက်စလုံးက နောက်ခံအင်အားတောင့်တင်းသော လုပ်ငန်းရှင်များပင်။
သူ(မ)က သာမန်ကေတီဗီလေးတစ်ခု၏ ပိုင်ရှင်ပင်။ ဤသည်မှာ အမတများ၏ တိုက်ပွဲဖြစ်၏။ သူ(မ)အနေနှင့် ဘာလုပ်နိုင်မည်နည်း။
ထို့ကြောင့် ဧည့်ကြိုမန်နေဂျာလည်း ဤအနုပညာရှင်လေးများကို သူ(မ)၏အနောက်သို့ပို့ပြီး ကာကွယ်ပေးထားရင်း အခြေအနေကို စောင့်ကြည့်နေပေသည်။
ထိုအချိန်မှာပင် တံခါးဝရှိ လုံခြုံရေးများမှာ အဝင်ဝတွင် ရပ်နေလေသည်။
သို့သော် တစ်ယောက်မှ ဝင်မလာရဲပေ။
သူတို့အနေနှင့် ဘယ်ဘက်ကိုမှ အာမခံရဲချေ။ အခြေအနေများ လက်လွန်သွားလျှင် ဝင်ရောက်ဖျန်ဖြေရန်အတွက်သာ ရောက်လာခြင်းပင်။
ဤကဲ့သို့အရေးကြီးလှသော လူများသာ သူတို့၏ကေတီဗီတွင် ပြဿနာရှာပါက မန်နေဂျာလည်း တာဝန်ယူနိုင်မည်မဟုတ်ပေ။
ကျိုးထျန်းက ဖုန်းပြောပြီးနောက် ကြမ်းပြင်ပေါ်က ကုန်းထရန်ပြင်လိုက်သည်။
သို့သော် သူ ထနေချိန်မှာပင် ယဲ့ချန်းက သူ့ရှေ့ခြေထောက်ကို ဆောင့်ကန်လိုက်၏။
"သေစမ်း.. ငါ့ရှေ့မှာ ဒူးထောက်နေစမ်းပါ"
ကျိုးထျန်းလည်း ဒုန်းခနဲ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။
"မင်း..."
ကျိုးထျန်းမှာ ဒေါသကြောင့် ပေါက်ကွဲတော့မတတ်ပင်။
သို့သော် ရန်ဖြစ်လျှင်လည်း သူ မနိုင်ပေ။ ထို့ကြောင့် သည်းခံပြီး သူ့အဖေ ရောက်လာမည့်အချိန်ကို စောင့်နေရုံသာ တတ်နိုင်သည်။
မိနစ်နှစ်ဆယ်ကြာသော် သီးသန့်ခန်းတံခါးမှာ တွန်းဖွင့်ခံလိုက်ရ၏။
လူနှစ်ယောက်က အပြင်မှ အထဲသို့ ဝင်လာသည်။ သူတို့အနောက်တွက် သက်တော်စောင့်များလည်း ပါလာခဲ့သည်။
ကျိုးထျန်းက ကြမ်းပြင်ထက်တွင် ဒူးထောက်နေသည်ကို မြင်သောအခါ ကျိုးလုံ မျက်နှာပျက်သွားလေသည်။
သူ့မျက်ဝန်းထဲဝယ် အေးစက်စက်အလင်းတစ်ခု လက်သွားချေသည်။
သူ့ဘေးရှိ ချန်ဖေးကမူ ယဲ့ချန်းကိုကြည့်၍ အမူအရာကား ထူးဆန်းသွားလေသည်။
ချန်ဖေးက ယဲ့ချန်းအနားသို့ လျှောက်လာလေသည်။
"ဥက္ကဋ္ဌယဲ့... ခင်ဗျားလည်း ဒီမှာပါလား"
ကျိုးထျန်းက ယဲ့ချန်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"အဖေ... ဒီကောင်က ကျွန်တော့်ကိုရိုက်နှက်ထားတာ။ အဖေ ကျွန်တော့်အတွက် လက်စားချေပေးရမယ်နော်"
ချန်ဖေးက ယဲ့ချန်းကို ဥက္ကဋ္ဌယဲ့ဟု ခေါ်လိုက်သဖြင့် ကျိုးလုံ၏အမူအရာမှာ အတန်ငယ်ပြောင်းလဲသွားပေသည်။
သီးသန့်ခန်းထဲရှိ လေထုအခြေအနေကား အလွန်ကိုးရိုးကားရားနိုင်လှသည်။
ကျိုးလုံက ချက်ချင်းဆိုသလို ဒေါသူပုန်မထသဖြင့် လူတိုင်း အံ့အားသင့်သွားသည်။
ဤသည်မှာ ဘာအဓိပ္ပာယ်လေလဲ....
အဓိပ္ပာယ်မှာ ယဲ့ချန်း၏နောက်ခံအင်အားက ထူးခြားနေသည်ဟု အဓိပ္ပာယ်ရသည်။
"အဖေ... ကျွန်တော့်ဘက်က ရပ်တည်ပေးရမယ်လေ။ သူ့လက်ကျန်ဘဝတစ်လျှောက်လုံး အိပ်ရာထဲမှာပဲ လဲနေရအောင် လုပ်ပစ်ချင်တယ်"
ကျိုးထျန်းက ပွက်ပွက်ညံနေပါသော်ငြား အခြားလူများကတော့ တစ်ခုခုထူးဆန်းနေကြောင်း သတိထားမိသည်။
ထိုအချိန်တွင် ယဲ့ချန်းက သူ့ဝိုင်နီကို တည်တည်ငြိမ်ငြိမ်မော့လိုက်ချေသည်။ သူသည် အစမှအဆုံးထိတိုင် စကားတစ်ခွန်းမှ မဟပေ။
ကျိုးလုံက အသက်ပြင်းပြင်းရှူရှိုက်၍ ယဲ့ချန်းအနားသို့ လျှောက်သွားပြီးနောက် တလေးတစားဦးညွတ်လိုက်သည်။
"မင်္ဂလာပါ ဥက္ကဋ္ဌယဲ့"
ကျိုးလုံ၏လုပ်ရပ်ကြောင့် တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကျိုးထျန်းလည်း အံ့ဩမှင်တက်သွားချေသည်။
ယန်ချွမ်းလည်း အံ့အားသင့်သွားသည်။
ကျိုးဖေးလည်း ကြက်သေသေသွားသည်။
ဧည့်ကြိုမန်နေဂျာနှင့် ထိုလူကုံထံသခင်လေးများလည်း ထိတ်လန့်တကြား ပင့်သက်ရှိုက်လိုက်မိကြသည်။
"အဖေ.. အဖေက သူ့ကို ဘာလို့ ဦးညွတ်နေရတာလဲ။ ဒီကောင်က ခုနတုန်းကမှ ကျွန်တော့်ကို မိုက်နဲ့ထုလိုက်လို့ ကျွန်တော့်မျက်နှာ ပျက်စီးသွားတာ"
ကျိုးထျန်းက မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်လေသည်။
လူတိုင်း ဆွံ့အသွားကြသည်။
ကျိုးထျန်းခမျာ နားမလည်နိုင်တော့ပေ။
သူက အခြေအနေကို အခုထိ နားမလည်သေးဘူးလား...
လူတိုင်းက ကျိုးထျန်းကို ငတုံးငအတစ်ယောက်အလား ကြည့်နေကြသည်။
"အဖေ... သူ့ကို မြန်မြန်ဆုံးမလိုက်တော့လေ"
တကယ်တမ်းတွင် ကျိုးထျန်းလည်း တစ်စုံတစ်ခုထူးဆန်းနေကြောင်း သတိထားမိသည်။ သို့သော် လက်မခံနိုင်ပေ။
သူ့အဖေက ယဲ့ချန်းကို ကြောက်နေရကြောင်း သူ မယုံနိုင်ပေ။
သူ့အဖေက ဘယ်သူမို့လို့လဲ...
မိုတုမြို့၏ထိပ်တန်းလူမိုက်ဟောင်းတစ်ယောက်ဖြစ်ပြီး မည်သူ့ကိုမှ မကြောက်တတ်ပေ။
ယဲ့ချန်းက အသက်နှစ်ဆယ်အရွယ်ခန့်ရှိသော လူငယ်လေးတစ်ယောက်ပင်။ သူအဖေက ဘယ်လိုလုပ်ပြီး သူ့ကို ကြောက်နေနိုင်မည်နည်း။
ကျိုးလုံ၏မျက်နှာကတော့ အပျက်ပျက်အယွင်းယွင်းဖြစ်နေလေပြီ။ သူက လက်မြှောက်၍ ကျိုးထျန်း၏ပါးကို ရိုက်ချလိုက်လေတော့သည်။
"မင်းကို ဘယ်သူက မတ်တတ်ရပ်ခိုင်းလို့လဲ.. ဒူးထောက်နေစမ်း.."
ကျိုးလုံက ထိုသို့ပြောပြီးနောက် ယဲ့ချန်းဆီသို့ လျှောက်သွားလိုက်၏။
"ဥက္ကဋ္ဌယဲ့..ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်သားကို ကောင်းကောင်းမဆုံးမထားမိလို့ပါ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"
ထိုအချိန်တွင် ကျိုးထျန်းလည်း လုံးဝသဘောပေါက်သွားလေသည်။
အပြစ်မပြုသင့်သော လူတစ်ယောက်ကို သူ အပြစ်ပြုမိလိုက်ပြီဖြစ်၏။
ထိုအခိုက်အတန့်ဝယ် သူ့မျက်ဝန်းထဲ၌ ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ယဲ့ချန်းကမူ အေးစက်မာကျောသောလေသံဖြင့် ဆိုလာချေသည်။
"အစတုန်းက ကုမ္ပဏီကိစ္စတွေကို ငါ ဝင်စွက်ဖက်ဖို့ စိတ်ကူးမရှိဘူး။ ဒါပေမဲ့ အခုတော့ မင်းက မိုတုမြို့ ကုမ္ပဏီခွဲရဲ့တာဝန်ခံဖြစ်ဖို့ အရည်အချင်းရှိရဲ့လားဆိုတာကို ငါ ပြန်စဉ်းစားရတော့မယ်"
ယဲ့ချန်း၏စကားကိုကြားသော် ကျိုးလုံ၏အမူအရာကား ချက်ချင်းပြောင်းလဲသွားသည်။
ယခုနှစ်များအတွင်း ကျိုးလုံ၏စီးပွားရေးလုပ်ငန်းက အခြေအနေသိပ်မကောင်းခဲ့သဖြင့် အကြွေးများစွာ တင်ခဲ့ရသည်။
အဆုံးတွင် ရွှေရောင်သံချပ်ကာကုမ္ပဏီဟူသော သင်္ဘောကြီးပေါ်သို့ တက်နိုင်ခဲ့သည်။ သူ့အနေနှင့် တစ်ကျော့ပြန်အောင်မြင်ဖို့ မျှော်လင့်ထားပါသော်ငြား သူ့သားက ဖျက်ဆီးပစ်လိုက်သည်။
ကျိုးလုံလည်း အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။
သူက ယဲ့ချန်းကို ခေါင်းညိတ်ပြလိုက်သည်။
"ဥက္ကဋ္ဌယဲ့.. ကျွန်တော် ဘာလုပ်သင့်လဲဆိုတာ သိပါပြီ"
ထို့နောက် ကျိုးလုံက သူ့အနောက်ရှိ လုံခြုံရေးထံမှ တုတ်တစ်ချောင်းကို ဆွဲယူ၍ ကျိုးထျန်းအနားသို့ လျှောက်လာလေသည်။
သူ့အဖေထံမှ လူသတ်ချင်သောအရိပ်အယောင်များကို ခံစားမိသောအခါ ကျိုးထျန်းလည်း ချက်ချင်းကြောက်လန့်သွားသည်။
"အဖေ ကျွန်တော်မှားသွားပါတယ်။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့"
ကျိုးလုံက အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။
"မိုက်လိုက်တဲ့သား... အပြင်မှာ ကောင်းကောင်းနေဖို့ ငါ မင်းကို ဘယ်နှခါပြောရမလဲ။ ဒါပေမဲ့ မင်းကတော့ စကားကိုနားမထောင်ဘူး။ ဒီကိစ္စက မင်းဘာသာ မီးမွှေးပြီး ပြဿနာရှာတာ"
ဤသို့ပြောပြီးနောက် ကျိုးလုံလည်း တုတ်ကိုလွှဲယမ်းလျက် ကျိုးထျန်၏ခြေသလုံးကို ရွယ်လိုက်လေသည်။
"မလုပ်ပါနဲ့"
ကျိုးထျန်းခမျာ ကြောက်လန့်တကြား အော်ဟစ်လိုက်၏။
ဤတုတ်နှင့်သာ ရိုက်မိလျှင် သူ သေချာပေါက် မသန်မစွမ်းဖြစ်သွားပေလိမ့်မည်။
သို့သော် ထိုတုတ်ချောင်းက ကျိုးထျန်း၏ခြေထောက်ပေါ်သို့ ကျရောက်လာတော့မည့်အချိန်မှာပင် လေထဲတွင် ရုတ်တရက်တန့်သွားသည်။
သူ့အနောက်ရှိ လူကို မြင်သောအခါ ကျိုးလုံ ခဏမျှကြက်သေသေသွားသည်။
"ဥက္ကဋ္ဌယဲ့ ခင်ဗျားလား"
ယဲ့ချန်းက အေးစက်စက်ပြောလိုက်လေသည်။
"ထားလိုက်တော့။ ဒါကို သတိပေးတယ်လို့ပဲ သဘောထားလိုက်။ ခင်ဗျားသားကိုသာ သေချာဆုံးမထား"
ဤစကားကိုကြားသော် ကျိုးလုံ၏မျက်နှာထက်တွင် ပျော်ရွှင်ရိပ်များ သမ်းလာလေသည်။
ကျားက ဘယ်လောက်ကြမ်းတမ်းနေပါစေ ကျားပေါက်လေးကိုတော့ စားမည်မဟုတ်။ သူ့တွင် ဆက်ခံသူတစ်ယောက်တည်းသာ ရှိ၏။ သို့ဖြစ်လေရာ သူ့သား ဒုက္ခိတဖြစ်သွားမည်ကိုတော့ မဖြစ်စေချင်ပေ။
သို့သော် ရွေးချယ်စရာမရှိချေ။ သူသည် ရွှေရောင်သံချပ်ကာကုမ္ပဏီကို မှီခိုနေရသည်။ သို့မဟုတ်ပါက ကျိုးမိသားစုလည်း ဒေဝါလီခံရပေလိမ့်မည်။