← Chapters

အခန်း (၃၄၃-၃၄၅)

Vol. 23 Ch. 343-345

အခန်း (၃၄၃-၃၄၅)

Vol. 23 Ch. 343-345

အပိုင်း ၃၄၃ : ကိုယ်ရှိတယ်

ယဲ့ချန်းက ကျိုးထျန်းကို ခွင့်လွှတ်ပေးလိုက်မှသာ ကျိုးလုံလည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌယဲ့"

ကျိုးလုံ၏ရင်ထဲ ကျေးဇူးတင်စိတ်များ တဖွားဖွားပေါ်ပေါက်လာသည်။

ထို့နောက် သူက ဒူးထောက်နေဆဲဖြစ်သော ကျိုးထျန်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

"မင်း ဦးလေးယဲ့ကို အခုထိ ကျေးဇူးမတင်ရသေးဘူးနော်"

လွတ်ငြိမ်ချမ်းသာခွင့်ရလိုက်ပြီဖြစ်ရာ ကျိုးထျန်းလည်း ဦးညွတ်လိုက်ချေတော့သည်။

"သဘောထားကြီးပေးလို့ ကျေးဇူးတင်ပါတယ် ဦးလေးယဲ့"

ယဲ့ချန်းကမူ စိတ်မရှည်ဟန်ဖြင့် လက်ခါပြပြီး သူတို့ကို ထွက်သွားရန် လက်ဟန်ပြလိုက်သည်။

ချန်ဖေးလည်း ကျိုးလုံနှင့် သူ့သားကို ဆွဲခေါ်သွားလေတော့သည်။

ထိုနေရာရှိ အငယ်တန်းအနုပညာရှင်များကလည်း ယဲ့ချန်းကို တောက်ပနေသောမျက်ဝန်းများဖြင့် ကြည့်နေကြသည်။

ကျိုးလုံကတောင် ယဲ့ချန်းရှေ့တွင် တလေးတစားဆက်ဆံရသည်။ ဤသည်မှာ ယဲ့ချန်း၏နောက်ခံအင်အားက မည်မျှတောင့်တင်းကြောင်း ပြသလိုက်ခြင်းပင်။

ယဲ့ချန်း ထွက်သွားတော့မည့်အချိန်မှာပင် အနုပညာရှင်လေးများက သူ့အား ဟိုတယ်တွင် တည်းချင်သလားဟု မေးကြသည်။

ယဲ့ချန်းကတော့ ငြင်းလိုက်သည်သာ။

ဟွားအိမ်တော်ရှိ လင်းဝမ်ယိုက သူ့အား စောင့်ဆိုင်းနေပေသည်။

ဤမိန်းကလေးများက ရုပ်ရည်ရမှတ်ကိုးဆယ်မျှသာရှိ၏။ သူ့အိမ်ရှိ လင်းဝမ်ယိုကတော့ ၉၈မှတ်အထိ ရှိသည်။ သူတို့က သူ(မ)ကို မည်သို့ယှဉ်နိုင်မည်နည်း။

သီချင်းဆိုပြီးနောက် ယဲ့ချန်းလည်း သခင်လေးတစ်သိုက်နှင့်အတူ ရဟတ်ယာဉ်ဖြင့် ပြန်လာခဲ့လိုက်သည်။

တတိယအဆင့်နှင့် စတုတ္ထအဆင့်အနုပညာရှင်များမှာ ကြက်သေသေကုန်ကြတော့သည်။

ယဲ့ချန်းက ချမ်းသာကြွယ်ဝကြောင်း သူတို့ သိသည်။ သို့သော် ဤမျှအထိ ချမ်းသာလိမ့်မည်ဟုတော့ ထင်မထားပေ။

ယဲ့ချန်းကလည်း နှင်းဆီအိမ်ရာတွင် ရဟတ်ယာဉ်ဆင်းသက်လိုက်ပြီးနောက် ယန်ချွမ်းကို ကျီလိကားဖြင့် အိမ်ပြန်ပို့ပေးလိုက်သည်။

ယန်ချွမ်းခမျာ ကျီလိကားထဲတွင် ထိုင်ရင်း အလွန်နေရခက်နေပေသည်။

သေစမ်း.. ဒိတ်ဒိတ်ကြဲသူဌေးကြီးတွေက သိုသိုသိပ်သိပ်နေတတ်ကြတာပဲ.. ဇိမ်ခံကားတွေ အများကြီးရှိနေတာကို မမောင်းဘဲနဲ့ ကျီလိကားကို ထုတ်မောင်းလာတယ်...

ငါက စူပါကားတစ်စီးမောင်းနေတာ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်သလဲ...

မနက်ဖြန်ကျရင် ငါလည်း ဒီလိုကားမျိုး တစ်စီးလောက်ဝယ်ပြီး အစ်ကိုယဲ့လိုမျိုး ဟန်ဆောင်တတ်ဖို့ သင်ယူရမလား...

ထိုအချိန်မှစ၍ မိုတုမြို့ရှိ လူကုံထံသခင်လေးများအကြားတွင် ဒဏ္ဍာရီတစ်ပုဒ် ပျံ့နှံ့သွားလေသည်။

တက္ကစီဒရိုင်ဘာများကို သွားမရှုပ်သင့်ပေ။

ယန်ချွမ်းလည်း ကားထဲကထွက်ပြီးနောက် ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်လေသည်။

[တင်.. ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ တတိယအကြိမ်မြောက် ကြယ်ငါးပွင့်ကို ရရှိတဲ့အတွက် စွယ်တော်စားသောက်ဆိုင်ကို ဆုလာဘ်အဖြစ် ရရှိပါတယ်]

စွယ်တော်စားသောက်ဆိုင်ဆိုသည်မှာ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးစားသောက်ဆိုင်တစ်ဆိုင်ဖြစ်၏။ ဤနေရာက အလွန်ဆန်းကြယ်လှချေသည်။ လိပ်စာကလည်း လူသိရှင်ကြားထုတ်ဖော်ထားခြင်းမရှိဟု ဆိုကြသည်။ ဧည့်သည်များက ထိုစားသောက်ဆိုင်ကိုရောက်ရန်အတွက် ဟွမ်ဖူမြစ်ကမ်းဘေးသို့ လုပ်ငန်းကားတစ်စီးကို အမြဲယူလာရသည်။

စွယ်တော်စားသောက်ဆိုင်က မိုတုမြို့ရှိ မီချယ်လင်းအဆင့် ကြယ်သုံးပွင့်စားသောက်ဆိုင်တစ်ခု ဖြစ်၏။

ထိုစားသောက်ဆိုင်တွင် စားမည်ဆိုလျှင် သုံးလလောက် စာရင်းကြိုပေးရသည်ဟု ဆိုကြသည်။ ဤသည်မှာ ထိုဆိုင်၏ရေပန်းစားမှုကို ဖော်ပြနေခြင်းပင်။

ထိုစားသောက်ဆိုင်ရှိ အစားအသောက်များက အရသာရှိပါသော်ငြား အလွန်ဈေးကြီးလှသည်။

ဤနေရာတွင် စားသောက်နိုင်သူများမှာ လူကုံထံများနှင့် အထက်တန်းလွှာများပင်။

အတိုချုံးပြောရလျှင် ဤစားသောက်ဆိုင်ကို စကားသုံးခွန်းတည်းဖြင့် ဖော်ပြနိုင်သည်။ အရသာရှိခြင်း၊ ဩချဖွယ်ကောင်းခြင်းနှင့် တန်ဖိုးကြီးခြင်းတို့ပင်။

အိမ်ပြန်ရောက်သောအခါ လင်းဝမ်ယိုက သူ့အား စောင့်ဆိုင်းနေချေသည်။

နောက်ထပ်အိပ်ပျက်ရသော ညတစ်ညပါပင်။

နောက်တစ်နေ့မနက်တွင် ယဲ့ချန်း တက္ကစီမောင်း၍ ပြီးစီးချိန်မှာပင် ချင်းယောင်ဆီက ဖုန်းဝင်လာခဲ့သည်။

"ဆရာယဲ့ အားလား"

ယဲ့ချန်းလည်း ရယ်မောလိုက်မိသည်။

"ညီမ.. နောက်တစ်ခါကျရင် မင်း ကိုယ့်ကို အစ်ကိုလို့ခေါ်လို့ရပါတယ်။ ကိုယ့်ကို အမြဲတမ်း ဆရာလို့ခေါ်နေတော့ အိုစာသွားသလို ခံစားရတယ်"

ချင်းယောင်ကလည်း တခစ်ခစ်ရယ်လိုက်လေသည်။

"ကောင်းပါပြီ အစ်ကိုယဲ့ချန်း.. ရှင် အခုအားလား"

"အင်း.. ကိုယ် မင်းကိုလာခေါ်မယ်လေ"

ချင်းယောင်က ရယ်လိုက်သည်။

"ဒီတစ်ခေါက် ကျွန်မက လမ်းကြုံလိုက်မှာမဟုတ်ဘူး။ ထျန်းလင်းနဲ့ ကျွန်မက ရှင့်ကို ထမင်းလိုက်ကျွေးမလို့"

ချင်းယောင်၏စကားကိုကြားသော် ယဲ့ချန်းလည်း အံ့အားသင့်သွားလေသည်။

"ညစာလား"

"အရင်တစ်ခေါက်တုန်းက ရှင် ကျွန်မတို့ကို အများကြီးကူညီပေးထားတယ်လေ။ အဲဒီတော့ ကျွန်မတို့ဘက်ကလည်း ကောင်းကောင်းကျေးဇူးဆပ်ရမှာပေါ့"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြပြီး ပြုံးလိုက်လေသည်။

"ကောင်းပြီလေ။ ဘယ်အချိန်လဲ"

"နေ့လယ်ကျရင် ကျွန်မတို့ ရှင့်ကို ဟော့ပေါ့အစပ်ဝယ်ကျွေးမယ်"

"ဟော့ပေါ့အစပ်လား"

ယဲ့ချန်းလည်း တဒင်္ဂမျှကြောင်အသွားလေသည်။

ချင်းယောင်က အားနာလေဟန်ဖြင့် ပြောလိုက်သည်။

"အစ်ကိုယဲ့ချန်း.. ဈေးပေါနေလို့ စိတ်ထဲတော့ မထားဘူးမလား။ ကျွန်မတို့က အခုမှအလုပ်စလုပ်တာဆိုတော့..."

ယဲ့ချန်း ရယ်မောလိုက်လေသည်။

"ဟားဟား..စိတ်ထဲမထားပါဘူး။ ကိုယ်လည်း ဟော့ပေါ့အစပ်မစားရတာကြာပြီ။ အရမ်းစားချင်နေတာ"

သူ့ဘေးရှိ ထျန်းလင်းက ရယ်မောလေသည်။

"အစ်ကိုယဲ့ချန်း.. ကျွန်မ အပိုဘီးလေးဖြစ်နေမှာကို မလိုချင်ရင် ကျွန်မကို နောက်မှ သက်သက်တစ်ဝိုင်းဝယ်ကျွေးလို့ရတယ်နော်။ ဒီတစ်ပွဲကိုတော့ ကျွန်မ လက်ရှောင်လိုက်မယ်"

"ကလေးမ... ဘာပေါက်ကရတွေ ပြောနေတာလဲ။ ငါ နင့်ကိုလုပ်မှာနော်"

မိန်းကလေးနှစ်ယောက် အချင်းချင်းစနောက်နေသည့် အသံများကို ဖုန်းထဲကတစ်ဆင့် ယဲ့ချန်း ကြားနေရသည်။

"ကောင်းပြီလေ။ နေ့လယ်၁၂နာရီနော်။ ကိုယ် မင်းတို့ကို ကျောင်းပေါက်ဝမှာ လာခေါ်ပေးမယ်'

"အင်း..နေ့လယ်ကျမှတွေ့မယ်"

ယဲ့ချန်းလည်း ဖုန်းချလိုက်ပြီးနောက် တက္ကစီအော်ဒါများကို လိုက်ပို့လိုက်သေးသည်။

ကံဆိုးချင်တော့ မည်သူကမှ ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို မပေးခဲ့ကြပေ။

ယဲ့ချန်းလည်း အချိန်ကို တစ်ချက်စစ်ဆေးကြည့်လိုက်သောအခါ အချိန်နီးနေပြီဖြစ်သဖြင့် မိုတုတက္ကသိုလ်၏ ကျောင်းအပေါက်ဝသို့ မောင်းလာခဲ့လိုက်သည်။

ဇိမ်ခံကားအမြောက်အများက ဝင်ပေါက်နားတွင် ထိုးရပ်ထားသည်။ သူတို့လည်း ကောင်မလေးများကို လာပိုးပန်းကြဟန်တူသည်။

တချို့ကားများမှာ အထဲတွင် အအေးဘူးများ ရှိကြသည်။

အသံတိတ်စည်းမျဉ်း : အအေးဘူးတစ်မျိုးချင်းစီက ဈေးနှုန်းအမျိုးမျိုးကို ကိုယ်စားပြုသည်

ယဲ့ချန်း ဤအကြောင်းကို ကြားဖူးသည်။

ထိုအချိန်ဝယ် ယဲ့ချန်းက ဇိမ်ခံကားများအကြား သူ့ကျီလိကားကို ထိုးရပ်ထားလိုက်သည်။

ဇိမ်ခံကားမောင်းနေသော လူကုံထံသခင်လေးများမှာ မရယ်ဘဲ မနေနိုင်တော့ပေ။

"ကိုယ့်လူ.. မင်းကတော့ စံပဲဟေ့။ ကောင်မလေးတွေကို ကျီလိကားနဲ့ လာပိုးတာပေါ့"

"ဟုတ်ပါ့ ရယ်ရလိုက်တာ။ သူလာခေါ်တဲ့ကောင်မလေးက လှမှာမဟုတ်ဘူး"

ဤလူကုံထံသခင်လေးများမှာ ဘာမှလုပ်စရာမရှိသဖြင့် ယဲ့ချန်းကို စနောက်ကြလေတော့သည်။

ယဲ့ချန်းကတော့ စိတ်ထဲမထားဘဲ ပေါ့ပေါ့ပါးပါး ပြုံးလိုက်မိသည်။

"ဇိမ်ခံကားမောင်းတာနဲ့ပဲ ဆွဲဆောင်မှုရှိတဲ့ကောင်မလေးတွေကို ဆွဲဆောင်နိုင်တာမဟုတ်ပါဘူး။ စရိုက်နဲ့ရုပ်ရည်ကပဲ အရေးကြီးတာ"

လူကုံထံသခင်လေးတစ်ယောက်က အေးတိအေးစက်နှာခေါင်းရှုံ့လိုက်လေသည်။

"ဟမ့်.. ရုပ်ရည်တဲ့လား။ ဒီနေ့ခေတ်ကြီးထဲမှာ ဘယ်သူက ရုပ်ရည်ကို ကြည့်ကြတော့လို့လဲ။ မားစီးတီးတို့ ဘီအမ်ဒဗလျူတို့ကမှ အရေးကြီးတာ"

"ဟုတ်တယ်။ ကောင်မလေးတစ်ယောက်ကဆိုရင် စက်ဘီးပေါ်မှာ ရယ်နေရမဲ့အစား ဘီအမ်ဒဗလျူပေါ်မှာပဲ ငိုနေလိုက်မယ်လို့ ပြောထားသေးတယ်မလား"

ထိုအခိုက်ဝယ် မိန်းမလှလေးနှစ်ယောက်က အပြင်သို့ ထွက်လာချေသည်။

သူတို့၏ရုပ်ရည်က ကျောင်းတွင် အလှပဂေးအဆင့်ဖြစ်လေရာ ထိုလူကုံထံသခင်လေးများလည်း အံ့အားသင့်သွားလေတော့သည်။

"ကိုယ့်လူ.. ဒါက မင်းရဲ့လူတွေလား"

"မဟုတ်ဘူး။ ငါသာ ဒီလိုမိန်းမလှလေးတွေကို ပိုးနိုင်မယ်ဆိုရင် ဒီနေရာမှာ တစ်နှစ်လောက်စောင့်ဆိုလည်း စောင့်နိုင်တယ်"

"ဒါဆိုက သူတို့က ဘယ်သူ့လူတွေလဲ"

အလှလေးနှစ်ယောက်က အခြားလူများ၏ အာသာငမ်းငမ်းအကြည့်များအောက်မှာပင် ယဲ့ချန်းဆီသို့ အသာလျှောက်လိုက်လေသည်။

ရုတ်ခြည်းပင် လူကုံထံသခင်လေးတစ်သိုက်ခမျာ ကြောင်အသွားလေသည်။

ဘယ်လိုလုပ်ပြီး သူဖြစ်နိုင်မှာလဲ..

ကားအများကြီးထဲတွင် ယဲ့ချန်း၏ကျီလိကားက ဖြစ်နိုင်ခြေအနည်းဆုံးဟု လူတိုင်း ထင်ထားခဲ့ကြသည်။

သူတို့က သိန်းဂဏန်းမျှပေးရသော ဇိမ်ခံကားများကို မောင်းနေပါသည့်တိုင် ကျီလိကားကို ရှုံးသွားရသည်။

ချင်းယောင်က ပြုံးလိုက်၏။

"အစ်ကိုယဲ့ချန်း.. တောင်းပန်ပါတယ်။ ကျွန်မတို့ နောက်ကျသွားတယ်"

သူ(မ)၏ဘေးရှိ ထျန်းလင်းကလည်း ပြောလိုက်၏။

"ကျွန်မတို့ယောင်ယောင်က ရှင်နဲ့ အတူစားရမယ်ဆိုလို့ ဘယ်တုန်းကမှ မလိမ်းဖူးတဲ့ မိတ်ကပ်ကို ဒီနေ့ကျမှ တစ်နာရီလောက် မှန်ရှေ့မှာထိုင်ပြီး ပြင်နေတာ"

"ထျန်းလင်း.. နင် အလုပ်ခံချင်နေပြန်ပြီလား"

ထျန်းလင်က ချင်းယောင်နှင့်အတူ ခပ်ပြုံးပြုံးဖြင့် ကားထဲသို့ ဝင်လိုက်လေသည်။

ယဲ့ချန်းကတော့ မျက်လုံးအပြူးသားဖြစ်နေသော လူကုံထံသခင်လေးများကို လက်ယမ်းပြလိုက်သည်။

"ကိုယ့်လူတို့ သွားတော့မယ်နော်။ မင်းတို့ကတော့ ဆက်စောင့်နေလိုက်ကြဦး"

အလှလေးနှစ်ယောက်က ယဲ့ချန်း၏ကားထဲသို့ ဝင်သွားသည်ကို မြင်သောအခါ လူကုံထံတစ်သိုက်မှာ ငိုခြင်းချလေတော့သည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

"ငါ့ဘီအမ်ဒလျူက မကောင်းလို့လား"

"ငါ့ကားက ဖယ်ရာရီနော်"

ယဲ့ချန်းကလည်း ကျောင်းနားရှိ ဟော့ပေါ့အစပ်ဆိုင်ဆီသို့ မောင်းလာခဲ့လိုက်သည်။

ချင်းယောင်က ရယ်မောလျက် ပြောလိုက်သည်။

"အစ်ကိုယဲ့ချန်း.. ရှင် ဘာကြိုက်လဲ။ စားချင်သလောက်သာ စားနော်"

သူတို့သုံးယောက်သားလည်း စကားတပြောပြောနှင့် စားနေကြသည်။

ယဲ့ချန်းက မေးလိုက်၏။

"ချင်းယောင်.. အလုပ်မှာ အဆင်ပြေရဲ့လား"

ဤအကြောင်းအရာကိုကြားသော် ချင်းယောင်၏အမူအရာက အနည်းငယ်ပျက်ယွင်းသွားသည်။

"ဘာဖြစ်လို့လဲ"

ယဲ့ချန်း မေးလိုက်လေသည်။

ထျန်းလင်းလည်း သက်ပြင်းချလိုက်လေသည်။

"ချင်းယောင်ရဲ့ဌာနမှူးက နှာဘူးကြီးလေ။ သူက လက်ထပ်ထားတာတောင် ချင်းယောင်ကို မျက်စိကျနေတာ။ သူ့ကို ခဏခဏချိန်းနေတာ။ ယောင်ယောင်ကတော့ ငြင်းပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး ခဏခဏဖြစ်လာရင် အလုပ်ထဲမှာ သူ့အတွက် ပြဿနာဖြစ်လာနိုင်တယ်"

ယဲ့ချန်းလည်း ဤစကားကိုကြားသော် မျက်ခုံးပင့်လိုက်မိသည်။

"ဒီလိုကိစ္စမျိုးလည်း ရှိသေးတာပဲလား"

ချင်းယောင်က ခပ်မဲ့မဲ့ပြုံးလိုက်လေသည်။

"ကိစ္စမရှိပါဘူး။ လုပ်ငန်းခွင်ဆိုတာက ဒီလိုပဲလေ။ အချိန်ကြာလာရင် အသားကျသွားမှာပါ"

ထိုအချိန်တွင် ချင်းယောင်၏ဖုန်းက ထမြည်လာသည်။ ဖန်သားပြင်ပေါ်တွင် "နှာဘူးကြီး"ဟူသော နာမည်ကို မြင်လိုက်ရ၏။

ထိုလူ၏သရုပ်မှန်ကို ယဲ့ချန်း ချက်ချင်းသိလိုက်သဖြင့် ရယ်မောလိုက်၏။

"ကိုင်လိုက်လေ။ ဒီလူ ဘာလိုချင်တာလဲဆိုတာ မေးလိုက်။ မပူနဲ့။ ကိုယ်ရှိတယ်"

••••••••••••••••

အပိုင်း ၃၄၄ : ကျီလိကားသမားကို အကာအကွယ်အဖြစ် အသုံးချခြင်း

ချင်းယောင် ဖုန်းကိုင်လိုက်သောအခါ အေးစက်စက်နိုင်သော ယောကျ်ားတစ်ယောက်၏အသံက ထွက်ပေါ်လာသည်။

"ချင်းယောင်... မင်း ဒီမှာ အလုပ်ဆက်လုပ်ချင်သေးလား။ ဖုန်းကိုင်တာ ဒီလောက်နောက်ကျရသလား"

"မန်နေဂျာ.. အခုအချိန်က အလုပ်ချိန်မဟုတ်ဘူးလေ"

ချင်းယောင်ကလည်း မတရားသလိုခံစားရသဖြင့် ပြောလိုက်လေသည်။

"အလုပ်ချိန်ပြီးရင်လည်း မင်း ငါ့အတွက် ၂၄နာရီအသင့်ပြင်ထားရမယ်။ နားလည်လား"

ဖုန်းတစ်ဖက်ရှိ အသံက အလွန်မောက်မာပြီး မသတီစရာကောင်းလှသည်။

အသင့်ပြင်ထားရမယ်ဟူသော စကားက အဓိပ္ပာယ်နှစ်ခွထွက်နေချေသည်။

အလုပ်ချိန်တွင် အလုပ်ပေးရပြီး အလုပ်ချိန်ပြီးသွားလျှင်လည်း အသင့်စောင့်ဆိုင်းနေရမည်တဲ့လား။

သူဆိုလိုချင်သည်မှာ ထိုကဲ့သို့သောအရာမျိုးဖြစ်ကြောင်း အသိသာချည်းပင်။

သူတို့၏စကားဝိုင်းမှတစ်ဆင့် ချင်းယောင်တစ်ယောက် ယခုတလော မည်မျှခက်ခဲနေကြောင်း ယဲ့ချန်း ရိပ်စားမိလိုက်သည်။

သူ့ကုမ္ပဏီတွင် ယခုလိုဆန်ကုန်မြေလေးတစ်ယောက် ရှိနေပေသည်။ ယဲ့ချန်း၏မျက်ဝန်းအစုံကား အေးစက်သွားလေသည်။

ချင်းယောင်က ဘာမှမတုံ့ပြန်သဖြင့် တစ်ဖက်က အေးစက်မာကျောစွာ ဆိုလာလေသည်။

"ကြားလား"

လေသံက မောက်မာပြီး ပြတ်သားလှသည်။

"ကြားပါတယ်"

"နောက်တစ်ခါကျရင်း မင်း ငါ့ဖုန်းကို သုံးဆယ်စက္ကန့်အတွင်း ကိုင်ရမယ်"

တစ်ဖက်လူက အေးတိအေးစက်ဆိုလာလေသည်။

ယဲ့ချန်းမှာမူ ဆွံ့အသွားလေတော့သည်။

မင်းကိုယ်မင်း ဘာကောင်များအောက်မေ့နေတာလဲ....

လူတိုင်းမှာ ကိုယ့်ဘဝနဲ့ကိုယ် ရှိတယ်မဟုတ်လား.. မင်းက မင်းဖုန်းခေါ်တာကို သုံးဆယ်စက္ကန့်အတွင်း ကိုင်စေချင်တယ်ဆိုရအောင် ကုမ္ပဏီခွဲတစ်ခုရဲ့ မန်နေဂျာအဆင့်နဲ့များ ကိုယ့်ကိုယ်ကိုယ် ဥက္ကဋ္ဌလို့ အောက်မေ့နေတာလား...

"ဒီည.. မင်း အလုပ်ဝင်တာကို ကြိုဆိုဖို့အတွက် စွယ်တော်စားသောက်ဆိုင်မှာ အခန်းတစ်ခန်းငှားထားတယ်။ လုပ်ငန်းကားက ဟွမ်ဖူမြစ်ကမ်းဘေးက ဟိုတယ်နံပါတ်၁၈ရဲ့ဝင်ပေါက်မှာ ခြောက်နာရီကျရင် လာခေါ်မှာ။ မင်း အဲဒီကိုလာခဲ့ရမယ်"

ချင်းယောင်ခမျာ အတန်ငယ်စိုးရိမ်ပူပန်သွားရသည်။

ညစာဟုဆိုလာခြင်းမှာ တစ်ဖက်လူတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည့်သဘောပင်။ သို့သော် သူက အလုပ်ကို ဆင်ခြေပေးလာသဖြင့် သူ(မ)အနေနှင့် ငြင်းဆန်ရန် ခက်ခဲပေသည်။

စွယ်တော်စားသောက်ဆိုင်တဲ့လား...

ယဲ့ချန်းလည်း တဒင်္ဂမျှ ကြက်သေသေသွားလေသည်။

ဤသည်မှာ သူ အစောကမှ ရထားသော စားသောက်ဆိုင်မဟုတ်လား...

ဤလူက ရက်ရက်ရောရောထုတ်သုံးနေလေရာ ယနေ့ညအဖို့ ချင်းယောင်ကို သိမ်းပိုက်ရန် စီစဉ်ထားပုံပင်။

ယဲ့ချန်းလည်း နံဘေးမှ ခပ်တိုးတိုးပြောလိုက်လေသည်။

"သဘောတူလိုက်"

အစတုန်းက ချင်းယောင်လည်း ငြင်းပစ်ရန် ကြံထားသည်။

သူ(မ) ကုမ္ပဏီထဲကို ဝင်လာစဉ်က ဤဌာနမှူးကျန်းရွှေက မိန်းကလေးတော်တော်များများကို အခွင့်ကောင်းယူတတ်သည်ဟု ကြားဖူးသည်။

ထိုမျှသာမက ဤလူက ဤအချက်ကိုပင် ဂုဏ်ယူဝင့်ကြွားနေသေးသည်။

ကုမ္ပဏီထဲရှိ သူ့လုပ်ရပ်များက ဟိုးလေးတကြော်ကြော်ဖြစ်နေပါသော်ငြား သူ့လုပ်ငန်းစွမ်းဆောင်ရည်က အလွန်ကောင်းလွန်းလှသဖြင့် အထွေထွေမန်နေဂျာက မသိချင်ယောင်ဆောင်ထားလေသည်။

ထို့ကြောင့်လည်း ကျန်းရွှေက ပိုမာန်တက်နေခြင်းပင်။

ချင်းယောင်လည်း နားမလည်နိုင်ဟန်ဖြင့် ယဲ့ချန်းကို ကြည့်လိုက်မိသည်။

ကျန်းရွှေက သူ(မ)ကို ညစာစားရန် ဖိတ်ခေါ်ခြင်းမှာ မကောင်းသောရည်ရွယ်ချက်များ ရှိနေကြောင်း သိသာလှသည်။ ထိုဖိတ်ခေါ်မှုကို လက်ခံလိုက်ပါက ဝံပုလွေတွင်းထဲသို့ သက်ဆင်းသွားသော သိုးတစ်ကောင်နှယ် ဖြစ်နေပေလိမ့်မည်။

ထျန်းလင်းက စိုးရိမ်ပူပန်စွာ ပြောလိုက်လေသည်။

"လက်မခံလိုက်နဲ့။ ယောင်ယောင် နင်လက်ခံလိုက်ရင် ဒီနေ့ အဲဒီဆန်ကုန်မြေလေးက နင့်ကို ဖျက်ဆီးတော့မှာ"

ယဲ့ချန်းက တည်တည်ငြိမ်ငြိမ်ပြောလိုက်လေသည်။

"ကိုယ့်ကိုခေါ်လာခဲ့မယ်လို့ ပြောလိုက်"

ယဲ့ချန်း၏မျက်ဝန်းထဲရှိ စိတ်ပိုင်းဖြတ်ထားလေဟန် အကြည့်ကို မြင်သောအခါ ချင်းယောင်လည်း ခေါင်းညိတ်ပြလိုက်သည်။

ချင်းယောင်မှာ ယဲ့ချန်းကို ယုံကြည်ကိုးစားစိတ်တစ်မျိုး ရှိသည်။ ယဲ့ချန်းသာ သူ(မ)ဘေးတွင် ရှိနေပါက သူ(မ)လည်း စိတ်လုံခြုံသည်။

ချင်းယောင်က ဆိုလိုက်သည်။

"မန်နေဂျာကျန်း.. ကျွန်မ လာလို့ရပါတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်"

"ဘာလဲ"

ကျန်းရွှေက မေးလိုက်၏။

"ကျွန်မရဲ့ချစ်သူကိုပါ ခေါ်လာချင်တယ်"

"ချစ်သူလား"

ကျန်းရွှေလည်း မျက်မှောင်ကြုတ်လိုက်မိတော့သည်။

ကျန်းရွှေက မိန်းကလေးများကို ပိုးပန်းနေကျဖြစ်သောကြောင့် သူ(မ) ကုမ္ပဏီထဲသို့ ဝင်လာချိန်ကတည်း သူ(မ)၏အခြေအနေကို စုံစမ်းထားပြီးဖြစ်၏။

ချင်းယောင်တွင် ချစ်သူမရှိပေ။ ဤချစ်သူက ယခုမှ ဘာကြောင့် ရုတ်တရက်ကြီးပေါ်လာရလေသလဲ။

အေးစက်စက်အပြုံးတစ်ပွင့်က ကျန်းရွှေ၏နှုတ်ခမ်းထောင့်စွန်း၌ ပေါ်ပေါက်လာသည်။

"ဪ... မင်းက ငါ့လက်ကလွတ်အောင် အကာအကွယ်ရှာနေတာပေါ့။ တော်တော်ရိုးအပါလား"

ကျန်းရွှေမှာ ဤနည်းဗျူဟာကို ယခင်က မြင်ဖူးသည်။

သို့သော် ထိုသို့သောအခြေအနေမျိုးကို အသာလေးဖြေရှင်းနိုင်သည်။ ပိုက်ဆံပစ်ပေးလိုက်ပြီး သူ့ချစ်သူကို အမှိုက်တစ်နှယ် တန်ဖိုးမရှိပါလားဟု ခံစားသွားရအောင် လုပ်လိုက်လျှင် ကိစ္စပြီးလေပြီ။

ချင်းယောင်က လှပါသော်ငြား ရယူရန် ခက်လှကြောင်း ကျန်းရွှေ ကောင်းကောင်းနားလည်သည်။

သို့သော် ခက်လေလေ သူကတော့ စိတ်လှုပ်ရှားလေလေပင်။

ကျန်းရွှေလည်း ရယ်မောလိုက်မိသည်။

"ဒါဆို ကောင်းပြီလေ။ မင်းရဲ့ချစ်သူကိုပါ ခေါ်လာခဲ့လိုက်"

ထျန်းလင်က ဝင်ပြောလာသည်။

"မန်နေဂျာကျန်း.. ကျွန်မလည်း လူသစ်ပါပဲ။ ယောင်ယောင့်ကိုပဲ ဖိတ်ပြီး ကျွန်မကိုကျတော့ မဖိတ်တာကြီးက မသင့်တော်ပါဘူး"

ကျန်းရွှေလည်း တဒင်္ဂမျှအံ့အားသင့်သွားပြီး ပြောလိုက်လေသည်။

"မင်းက ယောင်ယောင်နဲ့အတူရှိနေတာလား"

"ဟုတ်ပါတယ် မန်နေဂျာကျန်း.. ဘက်မလိုက်နဲ့နော်"

ကျန်းရွှေလည်း လှောင်ပြုံးပြုံးလိုက်လေသည်။

ထျန်းလင်းကလည်း အလွန်ဆွဲဆောင်မှုရှိလှသည်။ အလှလေးနှစ်ယောက်သာ သူ့ကို အတူပြုစုမည်ဆိုပါက...

မဖွယ်မရာပုံရိပ်တစ်ခုက ကျန်းရွှေ၏အာရုံထဲဝယ် ပုံပေါ်လာချေသည်။

"ကောင်းပြီလေ။ မင်းရော လိုက်ခဲ့လိုက်"

ကျန်းရွှေက အစီအစဉ်ဆွဲထားပြီးဖြစ်၏။

ချင်းယောင်၏ရည်းစားအတုကို အရင်ရှင်းပြီးနောက် အလှလေးနှစ်ယောက်ကို အခန်းထဲသို့ ခေါ်သွားမည်ဖြစ်၏။

ယနေ့ညကတော့ မေ့မရနိုင်သော ညလေးတစ်ည ဖြစ်ချေတော့မည်။

ဖုန်းချလိုက်ပြီးနောက် ချင်းယောင်က စိုးရိမ်တကြီးပြောလိုက်လေသည်။

"အစ်ကိုယဲ့... သူက ကျွန်မကို အဲဒီလိုအဆင့်မြင့်ဟိုတယ်တစ်ခုကို ခေါ်ထားတာဆိုတော့ မကောင်းတဲ့ရည်ရွယ်ချက်ရှိနေတာသေချာတယ်။ ဘာလို့လက်ခံခိုင်းရတာလဲ"

ယဲ့ချန်းက ဆို၏။

"ဒီလိုလူမျိုးတွေကို နာခံလာစေချင်ရင် အရင်ဆုံးမရတယ်။ စိတ်မပူနဲ့။ ကိုယ်ရှိတယ်"

ချင်းယောင်လည်း ခေါင်းညိတ်ပြလိုက်သည်။ နောက်ဆုံးတစ်ခေါက်ဖြစ်ရပ်မှာပင် သူ(မ) ယဲ့ချန်းကို နက်နက်ရှိုင်းရှိုင်းယုံကြည်သွားခဲ့သည်။

ညစာစားပြီးနောက် ယဲ့ချန်းလည်း အလှလေးနှစ်ယောက်ကို ဟွမ်ဖူမြစ်ကမ်းဘေးသို့ ခေါ်သွားလိုက်သည်။ မကြာခင်မှာပင် ၆နာရီထိုးသွားလေသည်။

ယဲ့ချန်းလည်း အလှလေးနှစ်ယောက်နှင့်အတူ ဟိုတယ်နံပါတ်၁၈၏ အဝင်ဝသို့ မောင်းလာခဲ့လိုက်သည်။

ဟားမ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အရပ်ခပ်ရှည်ရှည် အမျိုးသားတစ်ယောက်က ဟိုတယ်ဝင်ပေါက်တွင် ရပ်နေချေသည်။

ထိုအချိန်မှာ သူသည် အတန်ငယ်စိတ်မရှည်တော့ပေ။

ချင်းယောင်၏ရုပ်ရည်ရမှတ်က ၉၅မှတ်နှင့်အထက်ရှိပြီး ထျန်းလင်းကတော့ ၉၀ဝန်းကျင်ရှိသည်။

ယနေ့ သူ ပိုက်ဆံအများကြီး သုံးထားသည်။ မည်သို့ပင်ဖြစ်စေ သူတို့ကို အပိုင်သိမ်းရပေမည်။

မြို့ထဲတွင် ခြေရှုပ်သူဟု နာမည်ကြီးသော ကျန်းရွှေက နှစ်ပေါင်းများစွာအတွင်း မိန်းကလေးအမြောက်အများကို ခြေတော်တင်ခဲ့ဖူးသည်။

သူ့လက်စွဲစကားက "ကျန်းရွှေ အပိုင်မသိမ်းနိုင်သည့် မိန်းမလှလေးဟူ၍ မရှိ"ဟုပင်။

သူ့ပစ်မှတ်က ခက်ခဲပါသော်ငြား သူကတော့ ယုံကြည်မှုအပြည့်ရှိနေဆဲသာ။

သူသည် ချင်းယောင်ကို ပိုးပန်းရန်အတွက် အစွမ်းကုန်ကြိုးစားထားရသည်။

စွယ်တော်ဟိုတယ်ဆိုသည်မှာ သုံးလလောက်ကြိုတင်၍မှာယူရသော နေရာမျိုးပင်။ သူ့မှာ ဤနေရာတွင် စောစောနေရာရရန်အတွက် သူ့အဆက်အသွယ်များကို အသုံးချခဲ့ရသည်။

ဤစွယ်တော်ဟိုတယ်ကို ညစာစားပွဲနေရာအဖြစ် ရွေးချယ်လိုက်ရခြင်းမှာ ဤဟိုတယ်က အဆင့်မြင့်လွန်းလှပြီး ကြွားလုံးထုတ်ရန် အဆင်ပြေလှသောကြောင့်ပင်။

မိန်းကလေးတော်တော်များများက ဤသို့သောအဆင့်မြင့်ဟိုတယ်မျိုးကို မမြင်ဖူးကြပေ။

မိန်းမလှလေးနှစ်ယောက်ကို အပိုင်သိမ်းရန်အတွက် နည်းနည်းလောက်ထုတ်ကြွားရန်သာ လိုပေသည်။

ရည်းစားအတုကလည်း သူ့ဟိတ်ဟန်ကြောင့် ဤနေရာတွင် နေနိုင်မည်တဲ့လား။

ထိုအချိန်မှာပင် ယဲ့ချန်း၏ကားက ဟိုတယ်ဝင်ပေါက်တွင် ရပ်လိုက်သည်။

ချင်းယောင်နှင့် ထျန်းလင်းလည်း ကားထဲက ဆင်းလာလိုက်၏။

ထိုကားကိုမြင်သော် ကျန်းရွှေ ကြက်သေသေသွားလေသည်။

ကျီလိကားကြီးလား... တကယ်ကြီးလား...

ယဲ့ချန်းလည်း ကားထဲက ထွက်လာပြီးနောက် ချင်းယောင်က ယဲ့ချန်း၏လက်မောင်းကို ကြင်နာယုယစွာချိတ်လျက် လျှောက်သွားလိုက်သည်။

ဤမြင်ကွင်းကိုမြင်သော် ကျန်းရွှေ၏အမူအရာမှာ ခက်ထန်သွားလေသည်။

ဤသည်မှာ သူရွေးချယ်ထားသော မိန်းကလေးပင်။ သို့တိုင် အခြားလူတစ်ယောက်၏လက်မောင်းကို ဆုပ်ကိုင်ထားသဖြင့် သူ့စိတ်ထဲ သိပ်မကျေနပ်ချေ။

သို့သော် သူ့မျက်လုံးထဲတွင်မူ အေးစက်စက်အရိပ်အယောင်တစ်ခု ရှိနေပေသည်။

"ယောင်ယောင်... မင်းရဲ့ရည်းစားအတုက တော်တော်အဆင်နိမ့်တာပဲ။ အနည်းဆုံးတော့ ဘီအမ်ဒဗလျူပဲဖြစ်ဖြစ် မာစီးတီးပဲဖြစ်ဖြစ် ငှားပေါ့။ ကျီလိကားကြီးနဲ့ရောက်လာပြီးတော့များ မင်းက သူ့ကို အကာအကွယ်အနေနဲ့ သုံးချင်သေးတာလား"

ချင်းယောင်က လေးနက်တည်ကြည်စွာ ပြောလိုက်၏။

"မန်နေဂျာကျန်း... ရှင်ဘာတွေပြောနေမှန်း ကျွန်မ နားမလည်ဘူး။ ယဲ့ချန်းက ကျွန်မချစ်သူပါ။ သူ့ဘာသာ ဘာကြီးပဲဖြစ်ဖြစ် ကျွန်မ သူ့ကိုသဘောကျတယ်။ သူ့မှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ စိတ်မဝင်စားဘူး။ ကျီလိကားမောင်းတော့ရော ဘာဖြစ်လဲ။ ဖြည်းဖြည်းချင်းပိုက်ဆံစုပြီး ဘီအမ်ဒဗလျူတစ်စီးလောက် ဝယ်မှာပေါ့"

"မင်း...."

ကျန်းရွှေမှာ ဆွံ့အသွားလေသည်။

ယဲ့ချန်းက နံဘေးမှ ပြုံးလိုက်လေသည်။

"မန်နေဂျာကျန်း.. ကျေးဇူးတင်ပါတယ်။ ကျွန်တော် စွယ်တော်ဟိုတယ်အကြောင်း အရင်က ကြားဖူးပါတယ်။ ဒီလိုအဆင့်မြင့်ဟိုတယ်မျိုးကို ကျွန်တော် တစ်ခါမှမရောက်ဖူးဘူး"

ကျန်းရွှေက အေးတိအေးစက်နှာခေါင်းရှုံ့လိုက်လေသည်။

"ဟဲဟဲ.. ဒီလိုဟိုတယ်မျိုးက ကျီလိကားမောင်းတဲ့လူတွေအတွက် လက်လှမ်းမီတဲ့နေရာမှမဟုတ်တာ။ ဒီည မင်းက အပေါစားဆန်လဲဆိုတာ သိရလိမ့်မယ်"

ယဲ့ချန်း အသာပြုံးလိုက်မိသည်။ စွယ်တော်စားသောက်ဆိုင်က ခမ်းနားကောင်းခမ်းနားပေလိမ့်မည်။ သို့သော် သူသည် ယခင်က မီချယ်လင်းအဆင့်စားသောက်ဆိုင်များဆီသို့ ရောက်ဖူးသည်။

သို့သော် စွယ်တော်စားသောက်ဆိုင်ကို ဝယ်ထားပြီးနောက် ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပင်။

•••••••••••••••••

အပိုင်း ၃၄၅ : ဂုဏ်ယူဝင့်ကြွားနေသော ကျန်းရွှေ

ဂုဏ်ယူဝင့်ကြွားနေသော ကျန်းရွှေက လုပ်ငန်းကားထဲသို့ ဝင်လိုက်သည်။

ကားထဲတွင် ကျန်းရွှေက စကားကြီးစကားကျယ်များ ပြောလေတော့သည်။

"စွယ်တော်ဟိုတယ်ဆိုတာက ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဟိုတယ်တစ်ခုပဲ။ ကြယ်သုံးပွင့်အဆင့် မီချယ်လင်းဟိုတယ်အနည်းစုထဲက တစ်ခုပေါ့။ ဟိုတယ်ရဲ့ပန်းကန်ခွက်ယောက်တွေ အပြင်အဆင်တွေ ဂီတသံတွေနဲ့ အစားအသောက်တွေက မယုံနိုင်လောက်အောင် ခမ်းနားတယ်။ ဒီနေရာမှာ စားရဖို့အတွက် သုံးလလောက် ကြိုစာရင်းသွင်းဖို့လိုတယ်။ ငါတောင် ပိုင်ရှင်နဲ့သိလို့ နေရာတစ်နေရာရလိုက်တာ"

ကားထဲသို့ဝင်ပြီးနောက် ကျန်းရွှေက ကြွားဝါလေတော့သည်။

ကြွားနေရင်း ချင်းယောင်နှင့် ထျန်းလင်းတို့၏ တုံ့ပြန်မှုကိုလည်း တိတ်တဆိတ်အကဲခတ်နေသေးသည်။

ဤနည်းလမ်းများဖြင့် မိန်းမငယ်လေးများကို ဘယ်နှယောက်လောက် လှည့်စားခဲ့ပြီးပြီလဲ မသိရပေ။

ပထမဆုံး စွယ်တော်ဟိုတယ်၏ကြီးကျယ်ခမ်းနားမှုအကြောင်း ပြောပြပြီးနောက် ဤသို့ခမ်းနားလှသောဟိုတယ်၏ပိုင်ရှင်နှင့် ခင်မင်ကြောင်း ပြောမည်။

ဤသည်မှာ သူက မည်မျှအထိ အထင်ကြီးဖို့ကောင်းကြောင်း ပြသနေသည်မဟုတ်လော။

စွယ်တော်ဟိုတယ်က အလွန်ခမ်းနားကြီးကျယ်လွန်းပေသည်။ ကျန်းရွှေကိုယ်တိုင်လည်း ထိုဟိုတယ်သို့ တစ်ခါသာရောက်ဖူးသည်။

ထိုစဉ်က ခမ်းနားကြီးကျယ်လှသောဟိုတယ်ကြောင့် ကြက်သေသေခဲ့ရသည်။

ကနဦးကြွားဝါမှုအပြီးတွင် မိန်းကလေးတော်တော်များများက ဟိုတယ်ထဲသို့ ဝင်လာပြီးနောက် ဟိုတယ်၏လေထုအခြေအနေကြောင့် အံ့အားသင့်သွားလေသည်။

ဤဟိုတယ်ထဲက ထွက်လာပြီးနောက် မိန်းကလေးတိုင်းက သူ့ကို မတူညီသောအမြင်ဖြင့် ကြည့်ကြပြီးနောက် သူ့ချစ်သူပင် ဖြစ်လာချင်စိတ်ပေါက်သွားကြသည်။

သို့သော် ယခုမူ ကျန်းရွှေ ကြွားဝါပြီးနောက် ချင်းယောင်နှင့် ထျန်းလင်းတို့ကို ကြည့်လိုက်ချိန်ဝယ် ရုတ်တရက် စိတ်ဓာတ်ကျသွားရသည်။

မိန်းကလေးနှစ်ယောက်က သူ့အား တစ်ချက်မျှပင် မကြည့်ပါဘဲ ယဲ့ချန်းနှင့်သာ စကားပြောနေလေသည်။

သေစမ်း..

ငါ့မှာတော့ နေ့တစ်ဝက်လောက် ကြွားလိုက်ရတာ.. မင်းတို့ကတော့ ငါ့ကို ကြည့်တောင်မကြည့်ဘဲ ကျီလိကားသမားကိုပဲ ကြည့်နေပါလား...

ကျန်းရွှေခမျာ ဒေါသကြောင့် ရူးတော့မတတ်ဖြစ်နေချိန်မှာပင် ယဲ့ချန်းက ခွန်းတုံ့ပြန်လာသည်။

"ဪ.. စွယ်တော်ဟိုတယ်က အရမ်းမိုက်တာပဲ။ ဒါဆို ကျွန်တော် အပေးအယူလုပ်လိုက်တာ မှန်သွားပြီ"

ယဲ့ချန်း၏အဓိပ္ပာယ်မှာ စနစ်က သူ့အား ဤဟိုတယ်ကို ဆုချလိုက်သည်ဖြစ်ရာ အလွန်ကောင်းမွန်လှသော အပေးအယူဟု ဆိုလိုခြင်းပင်။

သို့သော် ကျန်းရွှေကတော့ နားလည်မှုလွဲသွားချေသည်။

ယဲ့ချန်းက အပေးအယူတစ်ခုအနေနှင့် ဤဟိုတယ်သို့ ညစာစားရန် လိုက်လာသည်ဟု ထင်သွားခြင်းပင်။

ကျန်းရွှေလည်း အေးတိအေးစက်နှာခေါင်းရှုံ့လိုက်သည်။

"ဒါပေါ့။ ဒီလိုဟိုတယ်မျိုးက အနည်းဆုံးသောင်းဂဏန်းလောက်ပေးရတာ။ ဒီနေရာမှာ အာလူးချောင်းကြော်တစ်ပွဲကို ဘယ်လောက်ပေးရတယ်ထင်လဲ။ တစ်ထောင်ကျော်ပေးရတယ်"

"အမလေး... အဲဒီလောက်တောင်ဈေးကြီးတာလား"

ယဲ့ချန်းလည်း ကြက်သေသေသွားလေသည်။

ဤဟိုတယ်က ဤမျှအထိ ဈေးကြီးနေလိမ့်မည်ဟု ထင်မထားပေ။ အာလူးချောင်းကြော်တစ်ပွဲပင် တစ်ထောင်ကျော်ပေးရသည်ဖြစ်ရာ အလွန်ခမ်းနားလွန်းလှပေသည်။

ယဲ့ချန်း၏ ထိတ်လန့်သွားလေဟန် အမူအရာကို မြင်သောအခါ ကျန်းရွှေမှာ ပို၍ပင် စိတ်ကျေနပ်သွားသည်။

ထိုအချိန်မှာပင် လုပ်ငန်းကားက ဟိုတယ်ဝင်ပေါက်တွင် ရပ်လိုက်၏။

သူတို့တစ်သိုက်လည်း ကားထဲကထွက်ပြီး ငြိမ်သက်အေးချမ်းလှသော ဝါးရုံတောထဲတွင် ရပ်လိုက်ကြသည်။

အရှေ့တွင်မူ ဖိတ်ဖိတ်လက်နေသော စွယ်တော်ဟိုတယ်ကြီး ရှိနေလေသည်။ ၎င်းမှာ အင်ပါယာနန်းတော်နှင့်ပင် အလားသဏ္ဌာန်တူလှပေသည်။

အမှန်ပင်။ ဤမျှခမ်းနားလှသော ဟိုတယ်ကြီးကိုမြင်သောအခါ ချင်းယောင်ရော ထျန်းလင်းပါ ထိတ်လန့်သွားလေသည်။

ယဲ့ချန်းလည်း အံ့အားသင့်သွားရသည်။

ဤမျှခမ်းနားကြီးကျယ်သော ဟိုတယ်တစ်ခုကို ယဲ့ချန်း ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။

သူတို့လည်း ဟိုတယ်ထဲသို့ ဝင်လာလိုက်လေရာ မန်နေဂျာက အမှုဆောင်တချို့ကို ဆူပူနေချေသည်။

"လာမဲ့ရက်တွေအတွင်း မင်းတို့တွေ သတိကြီးကြီးထားရမယ်။ ငါတို့ဆီမှာ ပိုင်ရှင်အပြောင်းအလဲဖြစ်သွားပြီ။ လာမဲ့ရက်တွေအတွင်း သူ လာစစ်ဆေးနိုင်ခြေရှိတယ်။ မျက်စိရှင်ရှင်ထား။ မင်းတို့တွေအားလုံးကို ဓာတ်ပုံပို့ထားပြီးပြီ။ ပိုင်ရှင်ကိုမြင်တာနဲ့..."

ထိုအချိန်မှာပင် အမှုဆောင်အရာရှိများမှာ သူတို့လက်ထဲရှိ ဓာတ်ပုံကိုကြည့်လိုက်ပြီးနောက် ယခုလေးတင် အထဲဝင်လာသော လူငယ်လေးကို မြင်သွားသောအခါ အမူအရာများ အနည်းငယ်ပြောင်းလဲသွားသည်။

လက်ထောက်မန်နေဂျာက တီးတိုးကပ်ပြောလိုက်၏။

"မန်နေဂျာစုန့်.. ကြည့်ရတာတော့ ပိုင်ရှင် ရောက်လာတဲ့ပုံပဲ"

စုန့်ဝမ်လည်း အံ့ဩမှင်တက်သွားပြီးနောက် တစ်ဖက်သို့လှည့်ကြည့်လိုက်လေရာ ချက်ချင်းဆိုသလို ကြောင်အသွားရသည်။

ဘုရားရေ.. ပြောရင်းဆိုရင်း အသက်ရှည်ဦးမယ်...

ထိုလူက စွယ်တော်ဟိုတယ်၏ပိုင်ရှင်အသစ်ဖြစ်သူ ယဲ့ချန်းပင်။

သူက တစ်ဖက်လူအား ဂရုတစိုက်စစ်ဆေးကြည့်လိုက်သည်။ ဓာတ်ပုံနှင့် ယှဉ်ကြည့်လိုက်ပါက ချောမောခန့်ညားသော ရုပ်ရည်က မှားစရာမရှိပေ။

စုန့်ဝမ်လည်း အသက်ပြင်းပြင်းရှူရှိုက်၍ အမှုူဆောင်အရာရှိများနှင့်အတူ ယဲ့ချန်းထံသို့ လျှောက်သွားလိုက်သည်။

ကျန်းရွှေက ဟိုတယ်ထဲသို့ ရောက်လာသောအခါ ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူတစ်သိုက်ကို ဦးဆောင်လာသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးက သူ့ထံသို့ လျှောက်လာကြောင်း မြင်လိုက်ရ၏။

အမလေး.. ခမ်နားလိုက်တာ...

ဒီလူက အရေးပါအရာရောက်တဲ့လူများလား...

ကျန်းရွှေလည်း သူ့နက်ခ်တိုင်ကို ညှိလိုက်ပြီးနောက် မောက်မာလှသောဟန်ပန်ဖြင့် လျှောက်သွားလိုက်သည်။

သူ့အနေနှင့် သူတို့ကို မသိပါသော်ငြား ကြွားလုံးထုတ်ရမည့် အခွင့်အရေးကိုတော့ လက်လွှတ်မခံနိုင်ပေ။

ကျန်းရွှေတစ်ယောက် သူ့ကိုယ်သူ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်အလား ပြုမူနေသည်ကိုကြည့်ရင်း ယဲ့ချန်းလည်း ရယ်မိတော့မတတ်ပင်။

ဒီလူက တော်တော်မျက်နှာပြောင်တာပဲ.. တော်တော်ကို မျက်နှာပြောင်တိုက်တာ...

စုန့်ဝမ်မှာ အစတုန်းက ယဲ့ချန်းနှင့် လက်ဆွဲနှုတ်ဆက်ချင်ခဲ့သော်ငြား ကျန်းရွှေက ရုတ်တရက်ပေါ်လာလေသည်။

သူ တစ်ခုခုပြောတော့မည့်အချိန်မှာပင် ယဲ့ချန်းက သူ့အား အချက်ပြလာသည်။

စုန့်ဝမ်က မန်နေဂျာရာထူးကို တက်လှမ်းနိုင်သူဖြစ်လေရာ ခေါင်းဆောင်၏ရည်ရွယ်ချက်ကို သိလိုက်သည်။

တဒင်္ဂမျှ ကြက်သေသေသွားရပြီးနောက် ချက်ချင်းပင် စကားလွှဲလိုက်သည်။

"ဆရာ..စွယ်တော်ဟိုတယ်က ကြိုဆိုပါတယ်"

ကျန်းရွှေလည်း တစ်ဖက်လူကိုကြည့်လိုက်ပါသော်ငြား မည်သူလဲဆိုသည်ကို မမှတ်မိပေ။

အရင်က တွေ့ဖူးတာများလား.. သူက ဘာလို့ ဒီလောက်တောင်တက်ကြွဖော်ရွေနေတာလဲ...

ငါက အခု နာမည်ကြီးနေလို့များလား...

ထိုအချိန်တွင် ချင်းယောင်နှင့် ထျန်းလင်းတို့မှာ ပင့်သက်ရှိုက်လိုက်လေသည်။

ဤမျှခမ်းနားလှသော ဟိုတယ်ပိုင်ရှင်က ကျန်းရွှေနှင့် ရင်းနှီးနေပေသည်။ ကြည့်ရသည်မှာ ကျန်းရွှေက နောက်ခံအင်အားတောင့်တင်းဟန်ပင်။

မျက်နှာပြောင်လှသော ကျန်းရွှေကတော့ ရင်းနှီးချင်ယောင်ဆောင်နေပေသည်။

"ဪ.. တအားယဉ်ကျေးနေဖို့ မလိုပါဘူးဗျာ။ ကျွန်တော်ကလည်း ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာမဟုတ်ပါဘူး။ ဘာလို့ ကိုယ်တိုင်ထွက်ကြိုနေရတာလဲ။ နောက်တစ်ခါကျရင် ဒီလောက်အထိ သူစိမ်းမဆန်ပါနဲ့"

ယဲ့ချန်းကတော့ ကျန်းရွှေ၏လုပ်ရပ်ကိုကြည့်ပြီး ဆွံ့အနေတော့သည်။

အမလေး..အထင်ကြီးဖို့ကောင်းလိုက်တာ.. တော်တော်သရုပ်ဆောင်ကောင်းတာပဲ...

ကိုယ့်ဂုဏ်သတင်းက ဘယ်လိုရှိတယ်ဆိုတာကိုရော သိရဲ့လား...

ဒါကိုတကယ်လက်ခံပြီး သူစိမ်းမဆန်ဖို့တောင် ပြောလိုက်သေးတယ်... သူတို့က မင်းကို သိရောသိလို့လား....

ဟိုတယ်မန်နေဂျာက ကျန်းရွှေကို တက်တက်ကြွကြွနှုတ်ဆက်နေသည်ကို မြင်သောအခါ ချင်းယောင်လည်း စိုးရိမ်သွားချေသည်။

ကျန်းရွှေက အလွန်အထင်ကြီးဖို့ကောင်းလှသည်။ ယဲ့ချန်းကမူ တက္ကစီဒရိုင်ဘာတစ်ယောက်မျှသာဖြစ်၏။

သူ ငါ့ကို တကယ်ကာကွယ်ပေးနိုင်ပါ့မလား...

ထိုအချိန်မှာပင် ကျန်းရွှေ၏ကြွားလုံးများက တစ်ဖန် ထွက်ပေါ်လာပြန်သည်။

"မန်နေဂျာ အရင်တစ်ခေါက်တုန်းက ခင်ဗျားရဲ့အစားအသောက်တွေကို ကျုပ်မြည်းစမ်းပြီးပြီ။ အရသာကို အရမ်းကြိုက်လို့ ကျုပ်သူငယ်ချင်းတွေကိုပါ ခေါ်လာခဲ့တာ။ တအားယဉ်ကျေးနေဖို့ မလိုပါဘူး။ သာမန်ဧည့်သည်တစ်ယောက်လိုပဲ ဆက်ဆံပါ"

စုန့်ဝမ်မှာမူ လုံးဝကြောင်အသွားလေသည်။

ဒီလူက ဘယ်သူလဲဟ....

ငါတို့ အချင်းချင်းသိလို့လား...

ငါက ဟိုတယ်ပိုင်ရှင်နဲ့ လာတွေ့တာ.. မင်းကို လာတွေ့တာမဟုတ်ဘူး.. မင်းကိုယ်မင်း ဘယ်သူများထင်နေတာလဲ...

ကျန်းရွှေက အတင်းကြွားလုံးထုတ်နေသည်ကို မြင်သောအခါ ယဲ့ချန်းလည်း ထိန်းမထားနိုင်တော့ဘဲ ရယ်လိုက်မိတော့သည်။

ဒီကျန်းရွှေကတော့ တတ်လည်းတတ်နိုင်ပါပေတယ်...

ဤမျှအထိ ကြွားနိုင်ရန်အတွက် မည်မျှအထိ မျက်နှာပြောင်တိုက်ရလေမလဲ။

စုန့်ဝမ်က ယဲ့ချန်းအား လှမ်းကြည့်လိုက်ပြီးနောက် ဘာတစ်ခွန်းမှမပြောရဲသဖြင့် ကိုးရိုးကားရားပြုံးလိုက်လေသည်။

သူတို့အုပ်စုလည်း စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့လိုက်သည်။ စုန့်ဝမ်က ယဲ့ချန်းအနားသို့ တိတ်တဆိတ် ချဉ်းကပ်သွားလိုက်သည်။

"သူဌေး ဘာတွေဖြစ်နေတာလဲ။ အဲဒီလူက ဘယ်သူလဲဗျ"

ယဲ့ချန်းကလည်း ပြောလိုက်၏။

"ကျုပ်ကို မသိချင်ယောင်ဆောင်နေပေး။ ဒီလူက ကြွားချင်နေတာ။ ကြွားပါစေ။ ဟုတ်သား.. သူက ညစာဝယ်ကျွေးမှာတဲ့။ အသင့်ပြင်ထားလိုက်တော့"

ယဲ့ချန်း၏စကားကြောင့် စုန့်ဝမ်လည်း ချက်ချင်းသဘောပေါက်သွားသည်။

"စိတ်ချပါ။ သူဌေး.. ကျွန်တော့်တာဝန်သာထားလိုက်ပါ"

စုန့်ဝမ်က အလွန်ပါးနပ်သည်။ ဤသည်မှာ သူ့သူဌေး၏စမ်းသပ်မှုပင်။

သူ့သူဌေးဆီက ယုံကြည်မှုကို အရယူနိုင် မယူနိုင်ဆိုသည်မှာ သူ့လုပ်ဆောင်ချက်ပေါ်တွင် မူတည်ပေသည်။

သူတို့တစ်သိုက်လည်း သီးသန့်ခန်းထဲသို့ ဝင်လာပြီးနောက် စုန့်ဝမ်က စားသောက်ဆိုင်ဝန်ထမ်းကို ပြောလိုက်၏။

"တခြားအခန်းကိုသွားလိုက်။ ဒီအခန်းကို ငါကိုယ်တိုင် ဝန်ဆောင်မှုပေးလိုက်မယ်"

စုန့်ဝမ်က မီနူးစာအုပ်ကိုယူ၍ အခန်းထဲသို့ ဝင်သွားလိုက်သည်။

စုန့်ဝမ်ကို မြင်သောအခါ ကျန်းရွှေခမျာ အံ့ဩမှင်တက်သွားလေသည်။

"မန်နေဂျာစုန့်.. ဒါက ဘယ်လိုဖြစ်တာလဲ"

စုန့်ဝမ်ကလည်း ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။

"မစ္စတာကျန်းကိုယ်တိုင် လာတာဆိုတော့ ကျွန်တော်ကိုယ်တိုင် ဝန်ဆောင်မှုပေးရမှာပေါ့ဗျာ"

ကျန်းရွှေလည်း ချက်ချင်းပင် ကြောင်အသွားသည်။

သေစမ်း.. မန်နေဂျာက ငါ့ကို ကြွားလုံးထုတ်နိုင်အောင် ကူညီပေးနေတာလား....

ဤကြွားလုံးမျိုးက အလွန်အထင်ကြီးဖို့ကောင်းလှသည်။

မိုတုမြို့ရှိ အကြီးကျယ်အခမ်းနားဆုံးဟိုတယ်၏မန်နေဂျာက သူ့ကို ကိုယ်တိုင်ဝန်ဆောင်မှု ပေးနေပေသည်။

ဤအကြောင်းအရာကား သူ့အတွက်တော့ အလွန်ဂုဏ်ရှိလှသည်။

စုန့်ဝမ်က ဆက်ပြောလိုက်၏။

"ဟိုတယ်ရဲ့အထူးဧည့်သည်တော်ဖြစ်တဲ့အတွက် ခင်ဗျားကို ဧည့်ခံရတာက ကျွန်တော်တို့အတွက်တော့ ဂုဏ်ယူစရာပါပဲ"

စုန့်ဝမ်က အလွန်ကြံရည်ဖန်ရည်ရှိသည်ဟု ဆိုရပေမည်။ ကျန်းရွှေကို ဆက်တိုက်မြှောက်ပင့်နေချေသည်။

ကျန်းရွှေကလည်း မြှောက်ပင့်မှုကြောင့် ဘဝင်ခိုက်သွားပြီး မျက်နှာထက်တွင်လည်း ဂုဏ်ယူဝင့်ကြွားလေဟန်အပြည့်ပင်။

All Chapters