← Chapters

မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်များ၊ ဝိညာဉ်ကျောက်တုံး အတင်းအဓမ္မ ချေးငှားခြင်း (၂)

Vol. 11 Ch. 148

မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်များ၊ ဝိညာဉ်ကျောက်တုံး အတင်းအဓမ္မ ချေးငှားခြင်း (၂)

Vol. 11 Ch. 148

ကျန်းဖန်သည် အခြေအနေကို ဝေဝါးစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

အကယ်၍ သူက ချီကျင့်ကြံခြင်းအဆင့် (၃) သာ ရှိသည်ဟု ထုတ်ဖော်ပြောလိုက်ပါက၊ အထင်သေးခံရနိုင်ခြေ ရှိသည်။

ထို့ကြောင့် ချီကျင့်ကြံခြင်း အလယ်အလတ်အဆင့်ဟု ရိုးရှင်းစွာပင် ပြောဆိုလိုက်ခြင်း ဖြစ်၏။

"ချီကျင့်ကြံခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတွေအတွက်ဆိုရင်တော့၊ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်ဖို့ အသင့်တော်ဆုံးက အလယ်အလတ်အဆင့် ဝိညာဉ်စုစည်းဆေးလုံးပါပဲ။"

"တစ်လုံးလောက် သောက်လိုက်တာနဲ့ အနည်းဆုံး သုံးလစာလောက် ကျင့်ကြံမှု တိုးတက်လာလိမ့်မယ်။"

"သူ့ရဲ့ ဆေးစွမ်းအာနိသင်က အဆင့်နိမ့် ဝိညာဉ်စုစည်းဆေးလုံးထက် အဆပေါင်းများစွာ ပိုပြင်းထန်တယ်။"

"တစ်ပုလင်းကို သုံးလုံးပါပြီး ဝိညာဉ်ကျောက်တုံး (၅၀) ကျသင့်ပါမယ်။"

"အကယ်၍ ဒီဆေးစွမ်းက နည်းနေသေးတယ် ထင်ရင်တော့ ဂျင်ဆင်းဖြူ ဆေးလုံးကို စမ်းကြည့်လို့ ရပါတယ်။ နှစ်တစ်ရာ သက်တမ်းရှိတဲ့ ဂျင်ဆင်းမြစ်ကို အဓိက ပါဝင်ပစ္စည်းအဖြစ် ဖော်စပ်ထားတာမို့၊ သောက်သုံးလိုက်တာနဲ့ အနည်းဆုံး တစ်နှစ်စာလောက် ကျင့်ကြံမှု တိုးတက်သွားစေလိမ့်မယ်။"

"ဂျင်ဆင်းဖြူ ဆေးလုံး တစ်ပုလင်းကိုတော့ ဝိညာဉ်ကျောက်တုံး (၁၀၀) ကျသင့်ပါတယ်။"

"ပြီးတော့ တကယ်လို့ အဆင့်တက်ဖို့ အဟန့်အတား ဖြစ်နေတာကို ချိုးဖျက်ချင်တယ် ဆိုရင်တော့၊ အလယ်အလတ်အဆင့် အကြောဖွင့်ဆေးလုံးကို စဉ်းစားကြည့်လို့ ရတယ်၊ တစ်လုံးကို ဝိညာဉ်ကျောက်တုံး (၂၀၀) ပါ။"

"မိတ်ဆွေအနေနဲ့ ဘယ်ဆေးလုံး အမျိုးအစားကို လိုချင်ပါသလဲ။"

ဆိုင်ရှင် ခွန်ချန်က ပြုံးရွှင်စွာဖြင့် ရှင်းပြလေသည်။

ဘာ…

ထိုဈေးနှုန်းများကို ကြားလိုက်ရသည့်အခါ ကျန်းဖန် တိတ်တဆိတ် အံ့အားသင့်သွားသည်။

ဆေးလုံးဈေးနှုန်းများ ကြီးမြင့်ကြောင်း သိထားသော်လည်း၊ ဤမျှအထိ ခေါင်ခိုက်နေလိမ့်မည်ဟုတော့ သူ ထင်မှတ်မထားခဲ့ပေ။

ဤဈေးနှုန်းများနှင့် ယှဉ်လိုက်လျှင် အင်းကွက်များ၏ ဈေးသည် အတော်လေး သက်သာနေသေးသည်။

အဂ္ဂိရတ်ပညာရှင်များကို လူတိုင်းက ယခုလောက်ထိ လေးစားတန်ဖိုးထားကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ထိပ်တန်း အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဆိုသည်မှာ ဝိညာဉ်ကျောက်တုံးများကို မရပ်မနား ထုတ်လုပ်ပေးနေသော သတ္တုသိုက် တစ်ခုနှင့် အတူတူပင်။

သူတို့နှင့် ယှဉ်လိုက်လျှင် အင်းကွက်ဆရာများသည် အများကြီး နိမ့်ကျနေပါသေးသည်။

သေချာသည်မှာ ဆေးလုံးဖော်စပ်ရာတွင် ကုန်ကျသည့် ကုန်ကျစရိတ်သည်လည်း အလွန် များပြားလှပေသည်။

အကယ်၍သာ မအောင်မြင်ဘဲ ကျရှုံးခဲ့ပါက အဂ္ဂိရတ်ပညာရှင် တစ်ဦးကို မွဲပြာကျသွားစေနိုင်သည်။ ဤအချက်သည် အင်းကွက်ဆရာများထက် ပိုမို ခက်ခဲသော အပိုင်းဖြစ်သည်။

ထို့ကြောင့် အမှန်တကယ် အောင်မြင်ကြီးပွားလာသည့် အဂ္ဂိရတ်ပညာရှင် အရေအတွက်မှာ အလွန် ရှားပါးလှပေသည်။

လက်ချိုးရေလို့ ရတယ်ဟူ၍ပင် တင်စားလို့ ရ၏။

အတော်ကြာအောင် စဉ်းစားပြီးနောက်၊ ကျန်းဖန်သည် နောက်ဆုံးတွင် ဂျင်ဆင်းဖြူ ဆေးလုံးကို ဝယ်ယူရန် ရွေးချယ်လိုက်သည်။

ဂျင်ဆင်းဖြူ ဆေးလုံး၏ ဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး တစ်ရာ ဖြစ်နေ၍ အလွန် ကြီးမြင့်လွန်းလှသည် မှန်သော်လည်း၊ တစ်ပုလင်းတွင် သုံးလုံးပါဝင်ပြီး အထိရောက်ဆုံး ဆေးလုံးဖြစ်သည်မှာလည်း သေချာနေသည်။

ယခုအချိန်၌ သူ့၏ အကြီးမားဆုံး ဆန္ဒမှာ ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံး မြှင့်တင်ရန် ဖြစ်သည်။

ထို့ကြောင့် ဝိညာဉ်ကျောက်တုံး သုံးစွဲရမည်ကို သူ နှမြောတွန့်တိုမနေပေ။

မည်သို့ပင်ဆိုစေ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသရွေ့၊ ဝိညာဉ်ကျောက်တုံး မည်မျှ ကုန်သည်ဖြစ်စေ ပြန်လည် ရှာဖွေနိုင်မည် မဟုတ်ပါလော။

"ကျေးဇူးတင်ပါတယ် မိတ်ဆွေ... နောက်လည်း လာအားပေးပါဦး။"

ကျန်းဖန်က ဂျင်ဆင်းဖြူ ဆေးလုံး တစ်ပုလင်းအား ဝယ်ယူလိုက်သည်ကို မြင်သောအခါ၊ ဆိုင်ရှင် ခွန်ချန် ကျေနပ်သွားသည်။

ထိုကဲ့သို့ ရက်ရက်ရောရော သုံးစွဲနိုင်သော ဖောက်သည်မျိုးများ များများလာလေ ကောင်းလေ ဖြစ်သည်။

"တောက်... အဂ္ဂိရတ်ပညာရှင်တွေ ပိုက်ဆံရှာရတာ လွယ်လိုက်တာကွာ။"

ကျန်းဖန် အံကြိတ်လိုက်မိသည်။

ဆေးလုံးတစ်ပုလင်း၏ အမြတ်ငွေ ဘယ်လောက်ရှိမလဲ ဆိုသည်ကို သူ အလွယ်တကူ တွက်ချက်ကြည့်လို့ ရနေသည်။

အမြတ်ငွေက နှစ်ဆလောက်သာ ရှိမယ်ဆိုလျှင်ပင် ယင်းသည် သူတို့ကို လျှော့တွက်ရာ ကျနေလိမ့်အုံးမည်။

အနည်းဆုံးတော့ သုံးဆ၊ ငါးဆလောက် အမြတ်တင်ထားမှ သူတို့အတွက် ကိုက်ကာမိကာ ရှိလောက်သည်။

သို့သော်လည်း ကျင့်ကြံသူများအနေနှင့် ဝယ်ယူရုံကလွဲပြီး ရွေးချယ်စရာ မရှိပေ။

ပင်ပင်ပန်းပန်း ကျင့်ကြံအားထုတ်ခြင်း တစ်ခုတည်းကိုသာ အားကိုးနေမည် ဆိုပါက ကျင့်ကြံခြင်းအဆင့် တက်ရန် ဘယ်လောက်ကြာမယ် ဆိုသည်ကို မည်သူမှ မသိနိုင်ပါ။

မသေခြင်းတရားကို ရှာဖွေသော လမ်းခရီးတွင် အချိန်ကို ချွေတာနိုင်ခြင်းသည် သက်တမ်းကို ဆွဲဆန့်လိုက်ခြင်းနှင့် အတူတူပင်။

ဝုန်း…

ဂျင်ဆင်းဖြူ ဆေးလုံးကို သေချာ သိမ်းဆည်းလိုက်ပြီးနောက်၊ ကျန်းဖန်သည် ဆေးလုံးတစ်ရာ အလုပ်ရုံမှ ထွက်ခွာပြီး ဆင်းရဲသား ရပ်ကွက်သို့ ပြန်ရန် ပြင်ဆင်လိုက်သည်။

သို့သော် များမကြာမီမှာပင် ပင်မလမ်းမကြီးပေါ်၌ လေလွင့်ကျင့်ကြံသူ အမြောက်အမြား စုရုံးနေကြသည်ကို သူ မြင်လိုက်ရသည်။

မြေပြင်ပေါ်တွင် အလောင်း နှစ်လောင်း၊သုံးလောင်းခန့် လဲကျနေပြီး သွေးများဖြင့် ရဲရဲတောက်နေသည်။

သူတို့၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး၊ မကျွတ်မလွတ်ဘဲ သေဆုံးသွားရသကဲ့သို့ ဖြစ်နေသည်။

"ဘယ်သူကများ မြစိမ်းတော ဈေးတန်းထဲမှာ လူသတ်ရဲတာလဲ။"

ကျန်းဖန် ရုတ်တရက် အံ့ဩသွားသည်။

မြစိမ်းတော ဈေးတန်းသည် အလွန် လုံခြုံပြီး မည်သည့် အကြမ်းဖက်မှုကိုမျှ ခွင့်မပြုကြောင်း ယခင်က သူ ကြားဖူးသည်။

စည်းကမ်း ဖောက်ဖျက်ပါက နေမင်းကြီး ဓားဂိုဏ်း၏ ကွပ်မျက်ခြင်းကို ခံရမည် ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ လေလွင့်ကျင့်ကြံသူများသည် ဤစည်းကမ်းကို မှတ်သားထားကြပြီး ဈေးတန်းအတွင်း မည်သည့် ပြဿနာမျှ မရှာရဲကြပေ။

မည်သူကများ ယခုလောက်ထိ တင်းကျပ်သော စည်းမျဉ်းကို ချိုးဖောက်ရဲရသနည်း။

သူသည် အနီးနားရှိ လေလွင့်ကျင့်ကြံသူ တစ်ဦးကို ချက်ချင်း မေးမြန်းလိုက်သည်။

ထိုသူက တီးတိုး ပြန်ဖြေလေသည်။ "ဟူး... ဘယ်သူ ရှိဦးမှာလဲဗျာ။ လက်လွန်သွားတဲ့လူက နေမင်းကြီး ဓားဂိုဏ်းက ဟန်ဒွမ်လေ။ အခုလေးတင် လမ်းလျှောက်လာတဲ့ လေလွင့်ကျင့်ကြံသူ သုံးယောက်က ဟန်ဒွမ်နဲ့ မတော်တဆ ဝင်တိုက်မိသွားတာ၊ ဒါကို ဟန်ဒွမ်က ဓားနဲ့ ထုတ်ခုတ်လိုက်လို့ သေကုန်ကြတာပဲ၊ ဘယ်သူမှလည်း ဝင်မပြောရဲကြပါဘူးဗျာ။"

သူသည် သက်ပြင်းချလိုက်ပြီး ကူရာမဲ့စွာ ပြောရှာသည်။

"ဘာ... မြစိမ်းတော ဈေးတန်းထဲမှာ ဘယ်သူမှ အကြမ်းဖက်ခွင့် မရှိဘူး၊ ကျူးလွန်တဲ့သူက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား။ နေမင်းကြီး ဓားဂိုဏ်းက တပည့်တွေလည်း စည်းကမ်းတော့ လိုက်နာသင့်တာပေါ့။"

"ဟဲဟဲ... အပြောသာ ရှိတာပါဗျာ၊ အဲ့ဒီစည်းကမ်းတွေက ကျုပ်တို့လို လေလွင့်ကျင့်ကြံသူတွေအတွက်ပဲ သက်ရောက်တာ။ နေမင်းကြီး ဓားဂိုဏ်းက တပည့်တွေအပေါ်မှာ မသက်ရောက်ဘူးဗျ၊ ဆိုလိုတာက သူတို့ လုပ်ချင်တာ လုပ်လို့ရတယ်၊ ကျုပ်တို့ကတော့ မရဘူး၊ ပြန်ခုခံရင် သေလမ်းပဲ ရှိတယ်၊ အာ့လိုပေါ့။"

"လွန်လွန်းတယ်၊ ဂိုဏ်းသားတွေက သူတို့ကိုယ်သူတို့ အထက်တန်းလွှာတွေလို့ သတ်မှတ်ပြီး လမ်းပေါ်မှာတောင် လူသတ်ရဲကြတယ်၊ တကယ် အဓိပ္ပာယ် မရှိဘူး။"

"တိုးတိုးနေစမ်းပါ၊ ပါးစပ်ပိတ်ထား။ ဟန်ဒွမ်က နေမင်းကြီး ဓားဂိုဏ်းရဲ့ တပည့်ဖြစ်ရုံတင် မကဘူး၊ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ဂိုဏ်းအကြီးအကဲ ဟန်ကျစ်ကွမ်းရဲ့ မြေးအရင်းခေါက်ခေါက်ကွ။ အသက် ၂၈ နှစ်ပဲ ရှိသေးတယ်၊ ချီကျင့်ကြံခြင်းအဆင့် (၇) ရောက်နေပြီ၊ အဆင့်မြင့် ဝိညာဉ်အမြစ် ပါရမီရှင် ဖြစ်ပြီးတော့ နေမင်းကြီး ဓားဂိုဏ်းရဲ့ အုတ်မြစ်တည်ဆောက်ခြင်း မျိုးစေ့လေးပဲ။ သူ့လိုလူမျိုးကို သူတို့က ဘယ်လိုလုပ် အပြစ်ပေးပါ့မလဲ။"

"မဖြစ်နိုင်ဘူး၊ ဒါဆို ဒီ လေလွင့်ကျင့်ကြံသူ သုံးယောက်က အလကား သေသွားကြတာပေါ့။"

"ဒီကာလမှာ သတိထားနေကြ၊ နေမင်းကြီး ဓားဂိုဏ်းက တပည့်တွေ အများကြီး ရောက်လာကြတာ၊ တစ်ယောက်ချင်းစီတိုင်းက မောက်မာပြီး နိုင်ထက်စီးနင်း လုပ်တတ်ကြတယ်။ သူတို့ မျက်စိစပါးမွှေးစူးလို့ ငါတို့ကို တစ်ခုခု လုပ်ချင်ရင်တောင်၊ ငါတို့ဘက်က ပြန်ခုခံနိုင်မှာ မဟုတ်ဘူး။"

လေလွင့်ကျင့်ကြံသူများသည် လေးလံသော ခံစားချက်ဖြင့် အားကိုးရာမဲ့စွာ ဆွေးနွေးနေကြသည်။

နေမင်းကြီး ဓားဂိုဏ်း တပည့်များ၏ မောက်မာမှုနှင့် နိုင်ထက်စီးနင်း ပြုမူမှုများကို ရင်ဆိုင်ရချိန်တွင်၊ သူတို့၌ ပြန်လည် ခုခံနိုင်စွမ်း မရှိကြချေ။

သူတို့ လုပ်နိုင်သည်မှာ အာရုံစိုက်မခံရအောင် ပုန်းရှောင်နေပြီး သေဘေးနှင့် မကြုံရအောင် နေထိုင်ခြင်းသာ ဖြစ်သည်။

"ဒီ နေမင်းကြီး ဓားဂိုဏ်းက တပည့်တွေက မြစိမ်းတော ဈေးတန်းရဲ့ နတ်နဂါး လူသားတွေ ဖြစ်နေပါရောလား။"

"သူတို့ကို သွားစော်ကားမိရင် ပြဿနာကြီးကြီး တက်နိုင်တယ်။"

ကျန်းဖန်သည် သက်ပြင်းချလိုက်ပြီး စိုးရိမ်စိတ် အနည်းငယ် ဝင်သွားသည်။

အမှန်တိုင်း ပြောရလျှင် တစ်ယောက်ချင်း တိုက်ခိုက်မည် ဆိုပါက၊ ဤတပည့်များကို လေလွင့်ကျင့်ကြံသူများက ကြောက်ရွံ့နေမည် မဟုတ်ပေ။

သို့သော် သူတို့၏ နောက်ကွယ်တွင် ရွှေအမြုတေအဆင့် ဂိုဏ်းကြီး ရှိနေသည်။

လူငယ်များကို သတ်လိုက်လျှင် လူကြီးများ ထွက်လာကြလိမ့်မည်။

နေမင်းကြီး ဓားဂိုဏ်းက တပည့်အချို့ကို သတ်ဖြတ်ပြီး သူတို့နှင့်အတူ သေပွဲဝင်ချင်သော လေလွင့်ကျင့်ကြံသူများမှလွဲ၍...။

ကျန်သူများ အနေဖြင့် ဒေါသကို မြိုသိပ်ထားရုံသာ တတ်နိုင်ကြသည်။

"လူစုခွဲကြ၊ အခုချက်ချင်း လူစုခွဲကြစမ်း၊ ဘာမှ ကြည့်စရာ မရှိဘူး။"

"ဖန်ဖုန်း နဲ့ တခြားလူတွေက နေမင်းကြီး ဓားဂိုဏ်းက ဟန်ဒွမ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြတယ်။"

"ဒါကြောင့် ဂိုဏ်းတူအစ်ကိုကြီး ဟန်ဒွမ်က ပြန်လည် ခုခံသတ်ဖြတ်လိုက်တာပဲ၊ ဒါက သူတို့ ကျူးလွန်ခဲ့တဲ့ အပြစ်အတွက် ထိုက်တန်တဲ့ တုံ့ပြန်မှုပဲ။"

"ဒါဟာ ဈေးတန်းထဲ ဝင်လာတဲ့ ကျင့်ကြံသူအားလုံးအတွက် သင်ခန်းစာ ဖြစ်ပါစေ။"

"ဈေးတန်းထဲမှာ အကြမ်းဖက်ပြီး စည်းကမ်း မဖောက်ဖျက်ကြနဲ့။"

ထိုအချိန်တွင် မြစိမ်းတော ဈေးတန်းမှ ကင်းလှည့်အစောင့်များ ရောက်ရှိလာကြသည်။

အခြေအနေကို နားလည်သွားပြီးနောက်၊ စကားအနည်းငယ်ဖြင့် အမှုအခင်းကို လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်လေသည်။

ဖန်ဖုန်းနှင့် အပေါင်းအပါများ သေဆုံးရခြင်းမှာ ထိုက်တန်ပေသည်။

နေမင်းကြီး ဓားဂိုဏ်း၏ အတွင်းစည်း တပည့်တစ်ဦးကို လုပ်ကြံရန် ကြိုးစားရလောက်အောင်ထိ မိုက်ရိုင်းသည်။ သေချင်နေကြတာပင် ဖြစ်ရမည်။

ကံကောင်း၍ ဂိုဏ်းတူအစ်ကိုကြီး ဟန်ဒွမ်က စွမ်းရည်ရှိနေလို့သာ၊ မဟုတ်ရင် ဤလူယုတ်မာ သုံးယောက်၏ သားကောင် ဖြစ်သွားနိုင်သည်။

အတိုချုပ်ပြောရလျှင် ဂိုဏ်းတူအစ်ကိုကြီး ဟန်ဒွမ်၌ အပြစ်မရှိပါ၊ အပြစ်သည် ဤမိုက်မဲသော လေလွင့်ကျင့်ကြံသူ သုံးယောက်၌သာ ရှိသည်။

"တကယ်ပါပဲ၊ အမှန်တရားကို ပြောင်းပြန်လှန်ပစ်လိုက်တာပဲ။"

"နေမင်းကြီး ဓားဂိုဏ်းက ကျင့်ကြံသူတွေနဲ့ ဘာမှ မပတ်သက်တာ အကောင်းဆုံးပဲ။"

ကျန်းဖန် လက်သီးကို ဆုပ်လိုက်မိပြီး နေမင်းကြီး ဓားဂိုဏ်း၏ ယုတ်မာသော သဘောသဘာဝကို သတိပြုမိလိုက်သည်။

သူတို့က ကိုယ့်လူကိုယ်ပဲ ကာကွယ်ပေးပြီး၊ ပြင်ပလူကို ကာကွယ်ပေးမှာ မဟုတ်ဘူးဆိုသည်မှာ ထင်ရှားနေသည်။

နေမင်းကြီး ဓားဂိုဏ်း၏ ကျင့်ကြံသူတစ်ယောက်အား စော်ကားမိသည်နှင့်၊ ကိုယ်ဘယ်လိုမျိုး သေသွားလဲ ဆိုသည်ကိုပင် သိလိုက်ရမည် မဟုတ်ပါ။

ထိုစကားများကို ကြားရသောအခါ လေလွင့်ကျင့်ကြံသူများသည် ပြောစရာစကား မရှိတော့သလို၊ ဂရုမစိုက်နိုင်တော့သည့် ပုံစံများ ဖြစ်သွားကြသည်။

မည်သို့ပင်ဆိုစေ သူတို့သည် နေမင်းကြီး ဓားဂိုဏ်း၏ လုပ်နည်းလုပ်ဟန်များနှင့် ရင်းနှီးပြီးသား ဖြစ်နေကြသည်။

သူတို့ဆီက တရားမျှတမှုကို မျှော်လင့်နေခြင်းက၊ ကောင်းကင်ပေါ်မှ အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးများ ကျလာမလားဟု မျှော်လင့်နေသည်နှင့် အတူတူပင်။

ဝုန်း…

ထိုသို့ တွေးတောရင်း ကျန်းဖန်သည် ဤကိစ္စများကို ဆက်လက် အာရုံစိုက်မနေတော့ဘဲ၊ မြစိမ်းတော ဈေးတန်းမှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။

ချီကျင့်ကြံခြင်းအဆင့် (၄) သို့ မရောက်မချင်း ဤနေရာသို့ ပြန်မလာရန် သူ ဆုံးဖြတ်လိုက်သည်။

ခွန်အားမရှိဘဲနှင့် မြစိမ်းတော ဈေးတန်းထဲ နေထိုင်ရခြင်းက အန္တရာယ် များလွန်းသည်။

အချိန်မရွေး သေဆုံးသွားနိုင်သည်။

"ဟမ်..."

ဆင်းရဲသား ရပ်ကွက်ရှိ နေအိမ်သို့ ပြန်ရောက်ရောက်ချင်းမှာပင်၊ သူ့အိမ်ပတ်ဝန်းကျင်၌ လူအချို့ ချောင်းမြောင်းနေကြောင်း ကျန်းဖန် သတိထားမိလိုက်သည်။

ထိုအထဲမှ တစ်ယောက်ကို သူ မှတ်မိနေသလို ရှိသည် - ဆင်းရဲသား ရပ်ကွက်၏ နာမည်ကြီး လမ်းသရဲ ယုမင်ဟွေပင် ဖြစ်သည်။

ချီကျင့်ကြံခြင်းအဆင့် (၃) ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူနှင့်အတူ ချီကျင့်ကြံခြင်းအဆင့် (၃) ရှိသော နောက်ထပ် ကျင့်ကြံသူ နှစ်ဦးလည်း ပါလာသဖြင့် စုစုပေါင်း သုံးဦး ဖြစ်နေသည်။

ကျန်းဖန် ပြန်ရောက်လာသည်ကို သူတို့ မြင်တွေ့သွားကြပြီး ချက်ချင်းပင် ဝိုင်းရံလိုက်ကြသည်။

"မိတ်ဆွေကျန်း... တိုက်ဆိုင်လိုက်တာဗျာ၊ ဒီမှာ လာဆုံရတယ်လို့။"

ယုမင်ဟွေက ကျန်းဖန်ကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

ပြုံးနေသော်လည်း ထိုသုံးဦးထံမှ မကောင်းသော ရည်ရွယ်ချက်များကို ကျန်းဖန် အာရုံခံမိနေသည်။

သေချာသည်မှာ သူတို့သည် မရိုးသားသော ရည်ရွယ်ချက်ဖြင့် ရောက်လာကြခြင်း ဖြစ်သည်။

သို့သော် ကျန်းဖန်၏ ခွန်အားမှာ ယခင်ကနှင့် မတူတော့သဖြင့် ရန်လိုမှုများနှင့် ရင်ဆိုင်ရသော်လည်း သူသည် ကြောက်ရွံ့ခြင်း မရှိပေ။

"သြော်... မိတ်ဆွေယု ပါလား၊ ဘာကိစ္စ ရှိလို့လဲဗျ။"

"ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူးဗျာ။"

"တကယ်တော့ ခင်ဗျားလည်း သိတဲ့အတိုင်းပဲ၊ ဒီရက်ပိုင်း နေမင်းကြီး ဓားဂိုဏ်းက ဆင်းရဲသား ရပ်ကွက်က ကျင့်ကြံသူတွေအတွက် အိမ်ငှားခ ဈေးတင်လိုက်တယ်လေ။"

"တစ်နှစ်ကို ဝိညာဉ်ကျောက်တုံး ၃၀ တဲ့၊ ဒါက ကျုပ်တို့လို လေလွင့်ကျင့်ကြံသူတွေ တတ်နိုင်တဲ့ ပမာဏထက် ကျော်လွန်နေတယ်မလား။"

"ဒါပေမဲ့ ကျုပ်တို့ကလည်း ဒီ တူးဖော်ရေး လုပ်ငန်းခွင်ထဲ မဝင်ချင်ဘူးဗျ။"

"ကြားရတာတော့ ခင်ဗျားက အတော်လေး ပြေလည်တယ်ဆိုပဲ၊ ကျုပ်တို့ သုံးယောက်ကို အရေးပေါ်သုံးဖို့ ဝိညာဉ်ကျောက်တုံးလေး ဘာလေးများ ချေးငှားပေးနိုင်မလားဗျာ။"

"စိတ်ချပါ၊ ကျုပ်တို့ဆီမှာ ပိုက်ဆံရှိတာနဲ့ ခင်ဗျားကို နှစ်ဆ ပြန်ဆပ်ပါ့မယ်။"

ယုမင်ဟွေက ကျန်းဖန်ကို ပြုံးဖြဲဖြဲဖြင့် ကြည့်ရင်း၊ ဘာအားနာမှုမှ မရှိဘဲ ဝိညာဉ်ကျောက်တုံး ချေးငှားရန် တောင်းဆိုလိုက်လေသည်။

All Chapters