ကြက်ကိုသတ်ပြီး မျောက်ကိုခြောက်ခြင်း၊ ဆင်းရဲသား ရပ်ကွက်၌ နာမည်ကျော်ကြားလာခြင်း (၂)
Vol. 11 Ch. 150
"သူတို့နှစ်ကောင်က တကယ့် တရားခံတွေပါဗျာ၊ ကျုပ်က သူတို့ရဲ့ ဖိအားပေးမှုကို မလွန်ဆန်နိုင်လို့ သဘောတူခဲ့ရတာပါ။"
ဘုတ်ခနဲ အသံနှင့်အတူ ယုမင်ဟွေသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး၊ အပူတပြင်း သက်ညှာခံရန် တောင်းပန်ရှာသည်။
သူသည် ကျန်းဖန်ထက် အသက်အများကြီး ပိုကြီးသော်လည်း၊ လူမိုက်လူရမ်းကား တစ်ယောက်ပီပီ အရှက်တရား မရှိချေ။
ဒူးထောက်ရုံဖြင့် အသက်ချမ်းသာရာ ရနိုင်မည်ဆိုပါက သူ တွန့်ဆုတ်နေမည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် သူသည် အပြစ်အားလုံးကို သေဆုံးပြီးဖြစ်သော သူ၏ အဖော်များအပေါ်သို့ ပုံချလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးစလုံး၏ ဦးခေါင်းများမှာ ပေါက်ကွဲသွားခဲ့ပြီး ဖြစ်ရာ၊ သေလူများ အနေဖြင့် သူ့စကားကို ပြန်လည် ချေပနိုင်မည် မဟုတ်တော့ပေ။
ဝုန်း…
ယုမင်ဟွေ စကားမဆုံးခင်မှာပင် ကျန်းဖန်သည် လက်ချောင်းများကို ခပ်ဖွဖွ လှုပ်ရှားလိုက်ရာ၊ နောက်ထပ် မီးလုံးတစ်လုံး ထပ်မံ ကျဆင်းလာသည်။
သူသည် ဤလူကို အခွင့်အရေး ပေးရန် လုံးဝ စိတ်ကူးမရှိပေ။
ခဏချင်းအတွင်းမှာပင် မီးလုံးသည် ထိုလူ၏ နှလုံးသားကို ဖောက်ထွက်သွားသည်။
သူ၏ ရင်ဘတ်ပေါ်တွင် သွေးများဖြင့် ရဲရဲနီနေသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ဒါ... ဒါ..."
ယုမင်ဟွေ၏ မျက်လုံးများမှာ အံ့ဩတကြီး ပြူးကျယ်သွားရသည်။
ဤလူငယ်လေးက ဤမျှ ရက်စက်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
သူ၏ ရှင်းပြချက်များကို နားထောင်ရန် ဆန္ဒမရှိဘဲ သူ့အား တစ်ခါတည်း သတ်ပစ်လိုက်ခြင်း ဖြစ်သည်။
မူလက အသက်ညှာခံရန် တောင်းပန်ခြင်းဖြင့် တဖက်လူ၏ စိတ်ကို ယိမ်းယိုင်သွားစေနိုင်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။
ထိုအခါ တဖက်လူ သတိလွတ်သွားမည့် အခိုက်အတန့်ကို အသုံးချပြီး အလစ်အငိုက် တိုက်ခိုက်ရန် ကြံစည်ထားသည်။
ထိုသို့ဆိုလျှင် အသက်ရှင်လွတ်မြောက်ရန် မျှော်လင့်ချက် ရောင်ခြည်လေး ရနိုင်ပေမည်။
သို့သော် ယခုအခါ တဖက်လူက အလွန် သတိကြီးပြီး သူ့ကို လုံးဝ အခွင့်အရေး မပေးခဲ့ချေ။ ဤလူငယ်လေးသည် အမှန်တကယ် ရက်စက်လွန်းလှသည်။
ဘုတ်ခနဲ အသံနှင့်အတူ သူ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး၊ မျက်လုံးများ ပြူးကျယ်ကာ နောင်တကြီးစွာဖြင့် သေဆုံးသွားရရှာသည်။
နှစ်ပေါင်းများစွာ သတိကြီးစွာ ထားခဲ့ပြီးမှ၊ လူသစ်လေး တစ်ယောက်ဟု ထင်ရသူ၏ လက်ချက်ဖြင့် သေဆုံးရလိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။
"ငါ့ကိုများ ထိပါးရဲတယ် ဟုတ်လား။ မင်းတို့ သေချင်နေတာပဲ ဖြစ်ရမယ်။"
ကျန်းဖန်သည် သေဆုံးနေသော အလောင်းသုံးလောင်းကို ဘာမှ မထူးခြားသလို ကြည့်နေ၏၊ သူ၏ စိတ်နှလုံးမှာလည်း တုန်လှုပ်ခြင်း မရှိပေ။
ယင်းမှာ ကျင့်ကြံခြင်း လောကသာ။
အားနည်းသူသည် အားကြီးသူ၏ သားကောင် ဖြစ်ရမည့် လောက။
ခွန်အားမရှိလျှင် ကျင့်ကြံသူတစ်ယောက်သည် အာဏာရှိသူများ၏ ဝါးမြိုခြင်းကို ခံရမှာပင်။
အကယ်၍သာ သူ့တွင် လုံလောက်သော ခွန်အား မရှိခဲ့ပါက၊ ယုမင်ဟွေနှင့် အပေါင်းအပါများ၏ လက်ချက်ကြောင့် သေသွားရသူမှာ သူပင် ဖြစ်လိမ့်မည်။
ဝုန်း…
နောက်တစ်စက္ကန့်မှာပင် ကျန်းဖန်သည် လက်ချောင်းများကို ခပ်ဖွဖွ လှုပ်ရှားလိုက်ပြီး၊ ထိုသုံးဦးထံမှ သိုလှောင်အိတ်များကို ချက်ချင်း သိမ်းယူလိုက်သည်။
တစ်ချိန်တည်းမှာပင် မီးလုံးအင်း၏ စွမ်းအားကို အသုံးပြုပြီး မီးလုံးသုံးလုံး ဖန်တီးကာ အလောင်းများပေါ်သို့ ပစ်ချလိုက်လေသည်။
အလောင်းသုံးလောင်းသည် ပြင်းထန်သော အပူရှိန်များ ထုတ်လွှတ်ရင်း မီးဟုန်းဟုန်းတောက် လောင်ကျွမ်းသွားကြသည်။
မကြာမီမှာပင် ယုမင်ဟွေနှင့် အပေါင်းအပါများ၏ အလောင်းများသည် ပြာမှုန့်များအဖြစ် ပြောင်းလဲသွားပြီး၊ ဤနေရာသို့ တစ်ခါမှ ရောက်မလာဖူးသကဲ့သို့ ပျောက်ကွယ်သွားကြတော့သည်။
"အခုဆိုရင်တော့ ငါ့ကို ပစ်မှတ်ထားရဲတဲ့ ကျင့်ကြံသူ ရှိတော့မယ် မထင်ဘူး။"
ကျန်းဖန်သည် ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေသော ကျင့်ကြံသူ အများအပြား ရှိနေကြောင်း အာရုံခံမိသည်။ သူတို့အားလုံးသည် ဆင်းရဲသား ရပ်ကွက်တွင် နေထိုင်သော လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။
အမှန်တိုင်း ပြောရလျှင် သူ တမင် ရည်ရွယ်ပြီး လုပ်ခဲ့ခြင်း ဖြစ်သည်။ လူတိုင်းရှေ့မှောက်တွင် ယုမင်ဟွေနှင့် အပေါင်းအပါများကို သေချာ ရက်ရက်စက်စက် သတ်ဖြတ်ပြလိုက်ခြင်း ဖြစ်သည်။
ရည်ရွယ်ချက်မှာ စံနမူနာပြ သတိပေးပြီး၊ မိမိ၏ အာဏာကို တည်ဆောက်ရန် ဖြစ်သည်။
ယခင်က ဆင်းရဲသား ရပ်ကွက် အိမ်ငှားခ ပေးဆောင်ချိန်တွင်၊ သူသည် ကြီးမားသော ကြွယ်ဝမှုကို ထုတ်ဖော်ပြသမိခဲ့သဖြင့် ကျင့်ကြံသူအချို့၏ လောဘကို နှိုးဆွပေးမိခဲ့သည်။
အနာဂတ် ပြဿနာများကို ကာကွယ်ရန်အတွက်၊ သူသည် လုံလောက်သော ခွန်အားရှိကြောင်း ပြသရန် သဘာဝကျကျ လိုအပ်လာသည်။
ဤနည်းအားဖြင့် ကပ်ဘေးကျင့်ကြံသူအချို့ကို ဟန့်တားနိုင်ပြီး၊ သူ့ကို ရန်စနိုင်စွမ်း ရှိမရှိ ပြန်လည် ချိန်ဆစေနိုင်မည် ဖြစ်သည်။
တစ်ခါတလေ၌ ဝက်အဖြစ် ဟန်ဆောင်ပြီး ကျားကိုစားခြင်းသည် ကောင်းမွန်သော နည်းလမ်း ဖြစ်ပါသည်။
သို့သော် တစ်ခါတလေကျလျှင်မူ ပြဿနာများ အများကြီး မဖြစ်စေရန် အတွက် ကိုယ့်အစွမ်းကို ထုတ်ပြဖို့ လိုအပ်ပါသည်။
သေချာသည်မှာ ဤအဖြစ်အပျက် ပြီးသွားလျှင် သာမန် လေလွင့်ကျင့်ကြံသူများသည် သူ့ကို ဒုက္ခလာပေးရဲကြတော့မည် မဟုတ်ပါ။
ကျန်းဖန်သည် စကားထပ်မပြောတော့ဘဲ သစ်သားအိမ်လေးဆီသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။ ဘာမှ မဖြစ်ခဲ့သကဲ့သို့ တည်ငြိမ်သော အမူအရာဖြင့်ပင်။
ကျန်းဖန် အိမ်ထဲ ပြန်ဝင်သွားတော့မှသာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် စကားပြောရဲကြတော့သည်။
တစ်ယောက်ချင်းစီတိုင်း အံ့ဩမှင်သက် နေကြသည်။
မည်သို့ဆိုစေ ကျန်းဖန်၏ ယခင် အမူအရာသည် လူသစ် ကျင့်ကြံသူလေး တစ်ယောက်ကဲ့သို့ အန္တရာယ်ကင်းမည့်ပုံ ပေါက်နေသည်ကိုး။
ယခုလောက်ထိ ရက်စက်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
လှုပ်ရှားမှု အနည်းငယ်နှင့်တင် ယုမင်ဟွေနှင့် သူ့လူများကို သတ်ဖြတ်ပစ်လိုက်သည်။
ယခုကဲ့သို့သော ခွန်အားမျိုးနှင့်ဆိုလျှင် ဆင်းရဲသား ရပ်ကွက် တစ်ခုလုံးမှာတောင် သွားမစသင့်တဲ့ လူစားမျိုးသာ ဖြစ်သည်။
"တကယ်ပါပဲ၊ လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးဘဲ။"
"အစတုန်းက မိတ်ဆွေကျန်းကို ဘာမှ သိပ်မတတ်တဲ့ လူသစ်လေးလို့ ထင်ထားတာ။"
"ယုမင်ဟွေနဲ့ သူ့လူတွေ မိတ်ဆွေကျန်းရဲ့ လက်ချက်နဲ့ ချက်ချင်း အသတ်ခံလိုက်ရမယ်လို့ ထင်မထားမိဘူး။"
"ဒီတစ်ခါတော့ သူတို့ သံတိုင်ကို ခြေထောက်နဲ့ ကန်မိပြီ။"
"ခြေတစ်လှမ်း မှားတာနဲ့ အချိန်မတန်ဘဲ သေသွားကြရရှာပြီ၊ သနားစရာ၊ ဝမ်းနည်းစရာပါပဲ။"
ကျင့်ကြံသူ တစ်ယောက်က လေးနက်သော ခံစားချက်ဖြင့် မှတ်ချက်ချလိုက်သည်။
မူလက ယုမင်ဟွေနှင့် သူ့လူများသည် ဆင်းရဲသား ရပ်ကွက်တွင် ဗိုလ်ကျစိုးမိုးနေသူများ မဟုတ်သော်လည်း၊ အိမ်နီးချင်း အများအပြားကို ဒုက္ခပေးလေ့ရှိသဖြင့် လူတိုင်းက ရွံရှာမုန်းတီးနေကြသူများ ဖြစ်သည်။
သို့သော် သူတို့၏ ခွန်အားမှာ မဆိုးလှသလို၊ အဖော်နှစ်ယောက်လည်း ရှိနေသဖြင့် အခြားသူများက သူတို့ကို ဘာမှ မလုပ်နိုင်ခဲ့ကြပေ။
သို့သော် ယခုအခါ ယုမင်ဟွေ၏ ဂိုဏ်းလေးမှာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ရှင်းလင်းခံလိုက်ရပြီ ဖြစ်သည်။
ရုန်းကန်ရန် အခွင့်အရေးပင် မရလိုက်ချေ။
ဆိုရိုးစကား ရှိသည် မဟုတ်လား၊ 'မြစ်ကမ်းဘေး လမ်းလျှောက်နေမှတော့ ဖိနပ်ရေစိုမှာပဲ' တဲ့။ (မကောင်းမှု ဒုစရိုက်လောကထဲ ကျင်လည်နေမှတော့ တစ်နေ့နေ့တွင် ဒုက္ခတွေ့လာမည်ကို ဆိုလိုသည်။)
"ပုံမှန်ပါပဲဗျာ၊ မိတ်ဆွေကျန်းမှာ ထူးခြားတဲ့ ခွန်အားရှိတယ်ဆိုတာ ကျုပ်ကတော့ စောစောစီးစီးကတည်းက မြင်ပြီးသား။"
"ခွန်အားမရှိရင် သားရဲတစ်သောင်း တောင်တန်းကို လာရဲပါ့မလား။"
အဆင့်နိမ့် အင်းကွက်ဆရာ လူရှန်နန်က အေးအေးလူလူ ပြောလိုက်သည်။
သူ့၏ ကျင့်ကြံခြင်း ပါရမီက ညံ့ဖျင်းသော်လည်း၊ လူကဲခတ်သည့် နေရာတွင်တော့ အရမ်း တော်သည်။
အစကတည်းက ကျန်းဖန်သည် သာမန်မဟုတ်ဘဲ၊ သူ့၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း ခန့်မှန်းရခက်ကြောင်း သူ မြင်ခဲ့၏။
မိတ်ဆွေဖွဲ့သင့်ပြီး ရန်သူမဖြစ်သင့်သော သူမျိုးပင်။
ထို့ကြောင့် သူသည် မည်သူ့ကိုမျှ အနိုင်မကျင့်ဘဲ တစ်ဖက်လူအား အေးဆေးတည်ငြိမ်သော စိတ်ထားနှင့်သာ ဆက်ဆံခဲ့သည်။
ဟုတ်သည်။ တစ်ဖက်လူ၏ တိုက်ခိုက်ရေးစွမ်းရည်က ယခုလောက်ထိ မြင့်မားနေလိမ့်မည်ဟုတော့ သူ ထင်မထားခဲ့ပါ။
ယင်းက သူ့အား အတော်လေး လန့်သွားစေသည်။
"ကပ်ဘေးကျင့်ကြံသူ လုပ်တာ အနာဂတ် မရှိဘူးလို့ ကျုပ် အမြဲ ပြောဖူးတယ် မဟုတ်လား။"
"မြစ်ကမ်းဘေး လမ်းလျှောက်ပြီး ဖိနပ်ရေမစိုချင်လို့ ဘယ်ရမလဲ။"
"ကျုပ်တို့ ကျင့်ကြံသူတွေအတွက် ပိုက်ဆံရှာဖို့ အကောင်းဆုံး နည်းလမ်းက ကျွမ်းကျင်မှု ပညာရပ်တွေကို အားကိုးတာပဲ။"
"အဲ့ဒါမှ လမ်းမှန်ကွ။"
အဆင့်နိမ့် အဂ္ဂိရတ်ပညာရှင် လီယန်ဘင်းက ကြီးမားသော ခံစားချက်ဖြင့် ပြောဆိုလိုက်သည်။
သူ့၏ ရွေးချယ်မှု မှန်ကန်သည်ဟု သူ ခံစားလိုက်ရသည်။
ဆေးလုံးများကို အဆက်မပြတ် ဖော်စပ်ပြီး ဝိညာဉ်ကျောက်တုံးများကို ရှာဖွေခြင်းကသာ ကျင့်ကြံသူ တစ်ယောက်အတွက် သင့်လျော်မှန်ကန်သော လမ်းစဉ် ဖြစ်သည်။
လူသတ်လုယက်ပြီး ရတနာ ရှာခြင်းက ချက်ချင်း ချမ်းသာနိုင်သော်လည်း၊ နောက်ဆုံးကျ ပြန်ပေးဆပ်ရမည်သာ။
ထိုစကားကို ကြားလိုက်ရသော ကျန်ကျင့်ကြံသူများသည် ဆွံ့အသွားကြသည်။
ကျွမ်းကျင်မှုနှင့် ပိုက်ဆံရှာခြင်းက လမ်းမှန်ဖြစ်ကြောင်း လူတိုင်း သိကြသည်။
ပြသာနာမှာ သူတို့၏ ပါရမီသည် နိမ့်လွန်းနေသည့်အတွက် ဆေးပညာ၊ လက်နက်သွန်းလုပ်ခြင်း၊ အင်းကွက်စသော မည်သည့်ပညာရပ်မှ မသင်ယူနိုင်ကြပေ။
သူတို့၌ ရှိသည့် တစ်ခုတည်းသော အသက်မွေးဝမ်းကျောင်း နည်းလမ်းမှာ သတ်ဖြတ်ခြင်း အတတ်ပညာသာ ဖြစ်သည်။
တခြားကျင့်ကြံသူများကို မသတ်ချင်လျှင် မိစ္ဆာသားရဲများကို သတ်ကြရသည်။
အတိုချုပ်ပြောရလျှင် ယင်းမှလွဲ၍ သူတို့တွင် အခြားသော အသက်မွေးဝမ်းကျောင်း မရှိကြပါ။
လမ်းမှန်လျှောက်ပြီး ပိုက်ဆံရှာ၍ရမည်ဆိုပါက သူတို့လည်း မသမာသောလမ်းကို လိုက်ချင်ကြမည် မဟုတ်ပါ။
"ဒီလူက တော်တော် မိုက်မယ့်ပုံပဲ။"
"သူသာ ငါ့ရဲ့ ရင်းနှီးတဲ့ ကျင့်ဖော် ဖြစ်လာခဲ့မယ်ဆိုရင်..."
"ဒါဆို နောက်ကျရင် ကျင့်ကြံဖို့ အရင်းအမြစ်တွေအတွက် ပူစရာ မလိုတော့ဘူး။"
မိန်ဂျင်ယာ၏ မျက်လုံးလှလှလေးများ အရောင်လက်သွား၏။ သူမသည် အကြံအစည် အများအပြားကို တွေးတောမိလိုက်သည်။
သူမ၏ ဆွဲဆောင်မှုနှင့်ဆိုလျှင် ဖြစ်နိုင်သည်ဟု သူမ ခံစားမိသည်။
ဤကောင်လေးလို လူမျိုးကို သူမ၏ ဆွဲဆောင်မှု အတတ်ပညာ သုံးလိုက်လျှင် လွယ်လွယ်လေးပါ။
လွန်ခဲ့သော နှစ်များအတွင်း သူမ၏ ဆွဲဆောင်မှု အတတ်ပညာကို အားကိုးပြီး၊ အမျိုးသား ကျင့်ကြံသူ အများအပြားကို ဖမ်းစားခဲ့ပြီးပြီ ဖြစ်သည်။
တစ်ယောက်ချင်းစီတိုင်းသည် သူမအတွက်ဆို အရာအားလုံး စွန့်လွှတ်ဖို့၊ သေပေးဖို့ပင် ဝန်မလေးခဲ့ကြပေ။
"ယောကျ်ား... ဒီ မိတ်ဆွေကျန်းရဲ့ ကျင့်ကြံခြင်းအဆင့်က တကယ့်ကို ခန့်မှန်းရခက်တာပဲနော်။"
အဝေးတစ်နေရာတွင် ဖန်ဝေ၏ ဇနီး လီကျိုးသည်လည်း ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရပြီး၊ စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။
သူမ၏ ခင်ပွန်းသည်က ကျန်းဖန်အကြောင်း ပြောပြဖူးသဖြင့် သူမ ကြားဖူးသည်။ တဖက်လူက သူမ၏ ခင်ပွန်းသည်ကို တခါ ကယ်တင်ခဲ့ဖူးသည် ဆို၏။
သို့သော် ယခင်က သူမ ကြည့်ခဲ့သမျှတော့ ကျန်းဖန်သည် သာမန်လူတစ်ယောက်ဟုသာ ထင်ခဲ့သည်။
သို့သော် ယနေ့ ဖြစ်ပျက်ခဲ့သော အရာများက သူမ၏ အမြင်ကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။
သူမ ကျန်းဖန်ကို အသစ်တစ်ဖန် ပြန်လည် တွေ့ရှိလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
"ဒါ ရှင်းနေတာပဲ မဟုတ်လား။"
"ဒီ မိတ်ဆွေကျန်းက ကျင့်ကြံခြင်း မိသားစုကြီးတစ်ခုက လာတာ ဖြစ်လောက်တယ်။"
"သူ့ရဲ့ ကျင့်ဖော်နဲ့အတူ အိမ်ကနေ ထွက်ပြေးလာတာ နေမှာပါ။"
"ဒီလို အထက်တန်းလွှာက ဆင်းသက်လာတဲ့သူတွေကို သာမန် လေလွင့်ကျင့်ကြံသူတွေက ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။"
ဖန်ဝေက ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စတစ်ခုလို ပြောလိုက်သည်။
သို့သော် ထိုသို့ ပြောနေသော်လည်း သူ့ရင်ထဲမှာတော့ အတော်လေး တုန်လှုပ်သွားမိသည်။
မူလက ခရမ်းရောင် ဝိညာဉ်သီးကို စားသုံးပြီး ချီကျင့်ကြံခြင်းအဆင့် (၄) သို့ ရောက်သွားလျှင်၊ ချီကျင့်ကြံခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူ ဖြစ်လာပြီး တဖက်လူနှင့် ယှဉ်ပြိုင်နိုင်လောက်မည်၊ အနည်းဆုံးတော့ လက်ရည်တူလောက် ဖြစ်လာမည်ဟု သူ ထင်ထားခဲ့သည်။
သို့သော် အခုကြည့်ရသလောက် မိတ်ဆွေကျန်း၏ ခွန်အားသည် တကယ်ကို ခန့်မှန်း၍ မရပေ။
သူ၏လက်ရှိခွန်အားနှင့်ပင် ယှဉ်၍မရနိုင်ပါ။
ကံကောင်း၍သာ မိတ်ဆွေဖွဲ့ထားမိခြင်း ဖြစ်သည်။
အရေးကြုံချိန်ကျလျှင် အကူအညီ ရကောင်း ရနိုင်ပေလိမ့်မည်။
သေချာသည်မှာ ကျန်းဖန်သည် ယုမင်ဟွေ့နှငိ့ အခြားလူများကို လူသိရှင်ကြား သတ်ဖြတ်ပြလိုက်ခြင်းဖြင့် သူ၏ခွန်အားကို ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။
ယင်းသည် ဆင်းရဲသားရပ်ကွက်ထဲရှိ သူ၏ဂုဏ်သတင်းကို တည်ဆောက်လိုက်ခြင်းလည်း ဖြစ်သည်။ ဤသတင်းကြားသော ကပ်ဘေးကျင့်ကြံသူများလည်း နောက်ဆုတ်သွားကြတော့မည် ဖြစ်သည်။
ဟုတ်ပါသည်။ သူတို့သည် အမြတ်ကြီး စားချင်သည် မှန်သော်လည်း ယင်းအတွက်နှင့်တော့ အသက်သေမခံနိုင်ပါ။
"ယောကျ်ား..."
စုဝေဝေသည် ကျန်းဖန် ပြန်ရောက်လာသည်ကို မြင်လိုက်ရသဖြင့်၊ ချက်ချင်း ပြေးထွက်လာကာ သူ့ကို ဖက်ထားလိုက်သည်။
အစောက အိမ်ထဲ၌ပုန်းနေရင်း သူမ အရမ်း စိတ်ပူနေခဲ့ရသည်။
သူမလက်ထဲတွင် အင်းကွက်များစွာကိုလည်း သူမ ကိုင်ထားခဲ့သည်။
အကယ်၍ ယုမင်ဟွေ့နှင့် အခြားလူများ အိမ်ထဲသို့ ဝင်လာရဲခဲ့လျှသ် သေချာပေါက် အင်းကွက် ဒါဇင်ပေါင်းများစွာနှင့် အပစ်ခံရပေလိမ့်မည်။
ကံကောင်း၍ သူမယောကျာ်း ပြန်ရောက်လာ၍သာ အန္တရာယ် ကင်းသွားခဲ့ခြင်း ဖြစ်သည်။
"မပူပါနဲ့၊ သူခိုးလေးတွေပါ၊ စကားထဲ ထည့်ပြောစရာတောင် မလိုပါဘူး။"
ကျန်းဖန်သည် စုဝေဝေ၏ ပြည့်ဖြိုးပြီး ဂုဏ်ယူစရာကောင်းသော ခန္ဓာကိုယ်လေးကို ပွေ့ဖက်ထားရင်း နှစ်သိမ့်ပေးလိုက်သည်။
"ယောကျ်ား... မိန်းမရဲ့ လက်ရှိခွန်အားက အရမ်း အားနည်းနေသေးတော့၊ ယောကျ်ားကို ဒုက္ခပဲ ပေးနေမိတယ်။"
စုဝေဝေက အားနာစွာ ပြောရှာသည်။
သူမ ကျင့်ကြံလာသည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း၊ ချီကျင့်ကြံခြင်းအဆင့် (၁) မှာသာ ရှိနေသေး၏။
လောလောဆယ်တွင် သူမအနေနှင့် မည်သည့်အရာမှ သိပ်မကူညီနိုင်သေးပါ။