← Chapters

တတိယမြောက် ပင်ကိုအင်းကွက်၊ အရှိန်အဝါဖုံးကွယ်အင်း (၂)

Vol. 11 Ch. 142

တတိယမြောက် ပင်ကိုအင်းကွက်၊ အရှိန်အဝါဖုံးကွယ်အင်း (၂)

Vol. 11 Ch. 142

ထို့ပြင် ဈေးနှုန်းကလည်း မနည်းလှပေ။

ကမ္ဗလာမီးလျှံ သံသတ္တုသိုက်တစ်ခုကို ပိုင်ဆိုင်ရခြင်းသည် ရွှေတွင်းကြီးတစ်ခုကို ထိန်းချုပ်ထားရသကဲ့သို့ပင် ဖြစ်သည်။

နေမင်းကြီး ဓားဂိုဏ်းအတွက်မူ ဤသတင်းသည် အမှန်တကယ်ပင် သတင်းကောင်းကြီး တစ်ခုဖြစ်သည်။

အကယ်၍ သူတို့သာ ဤသတ္တုသိုက်ကို အပြည့်အဝ တူးဖော်နိုင်ခဲ့မည်ဆိုပါက၊ နေမင်းကြီး ဓားဂိုဏ်းအနေဖြင့် ကြီးမားသော အကျိုးအမြတ်များကို သေချာပေါက် ရရှိပေလိမ့်မည်။

ဤသို့ဖြင့် ဂိုဏ်းအတွက် တည်ငြိမ်ခိုင်မာသော ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။

နေမင်းကြီး ဓားဂိုဏ်းက ဤမျှများပြားသော အင်အားများကို စုစည်းပြီး လှုပ်ရှားရခြင်းမှာ အံ့သြစရာ မရှိတော့ပေ။

"ဒါနဲ့ မိတ်ဆွေဖန်က ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။"

"ဒီ ကမ္ဗလာမီးလျှံ သံသတ္တုသိုက်ကို တူးဖော်နိုင်ခဲ့ရင်တောင် အကျိုးအမြတ်တွေက နေမင်းကြီး ဓားဂိုဏ်းအတွက်ပဲ ဖြစ်မှာလေ။"

"ကျုပ်တို့လို လေလွင့်ကျင့်ကြံသူတွေနဲ့ သိပ်ပြီး သက်ဆိုင်မယ် မထင်ဘူး။"

ကျန်းဖန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မိတ်ဆွေ... အဲ့လို မဟုတ်ဘူးဗျ။"

"သားရဲတစ်သောင်း တောင်တန်းထဲမှာ သတ္တုတူးဖော်တယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး။"

"ဒီနေရာက မိစ္ဆာတွေနဲ့ သားရဲတွေ အများအပြား ကျက်စားတဲ့နေရာလေ။"

"နေမင်းကြီး ဓားဂိုဏ်း အနေနဲ့ သတ္တုသိုက်ကို တည်တည်ငြိမ်ငြိမ် တူးဖော်နိုင်ဖို့ဆိုရင် အဲ့ဒီ မိစ္ဆာတွေ၊ သားရဲတွေကို အရင် ရှင်းလင်းရလိမ့်မယ်။"

"အာ့လိုမှ မဟုတ်ရင် တည်ငြိမ်တဲ့ တူးဖော်ရေး လုပ်ငန်းကို လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလေဗျာ"

"ဒါပေမဲ့ နေမင်းကြီး ဓားဂိုဏ်းမှာကကျ လူအင်အား အလုံအလောက် မရှိဘူး၊ ဒါကြောင့် ကျုပ်တို့လို လေလွင့်ကျင့်ကြံသူတွေကို မဖြစ်မနေ ငှားရမ်းရလိမ့်မယ်။"

"ကြားရတာတော့ လေလွင့်ကျင့်ကြံသူတွေကို ဆွဲဆောင်ဖို့အတွက် နေမင်းကြီး ဓားဂိုဏ်းက ဆုကြေးအနေနဲ့ ဆေးလုံးအမြောက်အမြားကို ပေးအပ်မယ်လို့ ဆုံးဖြတ်ထားတယ်တဲ့။"

"အရင်က အပြင်မှာ ဝယ်လို့မရနိုင်တဲ့ ဆေးလုံးအချို့ကို အခု မြစိမ်းတော ဈေးတန်းမှာ လဲလှယ်ရယူလို့ ရနေပြီ။"

"ကျုပ်တို့လို ကျင့်ကြံသူ အလွတ်တွေအတွက်တော့ ဒါက သေချာပေါက်ကြီးမားတဲ့ အကျိုးကျေးဇူးပဲဗျ။"

ဖန်ဝေက ဤသည်မှာ အခွင့်အရေးကောင်း တစ်ခုဟု ထင်မှတ်ပြီး စိတ်လှုပ်ရှားစွာ ပြောဆိုလေသည်။

ဒီလိုကိစ္စမျိုးသာ မဖြစ်ခဲ့ရင် နေမင်းကြီး ဓားဂိုဏ်းအနေနဲ့ ဆုကြေးအဖြစ် ဆေးလုံးများစွာကို ပေးအပ်ဖို့ရန် လိုလားမည် မဟုတ်ပေ။

ဒီအခွင့်အရေးကိုသာ အရယူနိုင်မည်ဆိုလျှင် သူ နောက်တစ်ဆင့် တက်လှမ်းနိုင်လိမ့်မည်။

"သြော်... အဲ့လိုကိုး။"

ကျန်းဖန် ခေါင်းညိတ်လိုက်သည်။

အခွင့်အရေးကောင်းတစ်ခုဟု မှတ်ယူပြီး ဖန်ဝေ စိတ်လှုပ်ရှားနေသည်ကို နားလည်သော်လည်း၊ သူကတော့ ဤအရာသည် အခွင့်အရေး မဟုတ်ဘဲ ကြီးမားသော အန္တရာယ်တစ်ခုသာ ဖြစ်နေသည်ဟု ခံစားမိသည်။

အကြောင်းပြချက်က ရိုးရှင်းပါသည်။

အကယ်၍သာ အမှန်တကယ် အကျိုးအမြတ်များ ရှိနေမည်ဆိုလျှင်၊ လေလွင့်ကျင့်ကြံသူများ၏ လက်ထဲအထိ ဘယ်ရောက်နိုင်ပါမည်နည်း။

နေမင်းကြီး ဓားဂိုဏ်းနှင့် အခြားသော မိသားစုကြီးများက အစောကတည်းက သေချာပေါက် လက်ဝါးကြီးအုပ် ရယူသွားကြမည် ဖြစ်သည်။

လေလွင့်ကျင့်ကြံသူများဆီ အလှည့်ရောက်လာရန် မဖြစ်နိုင်ပေ။

ဖြစ်နိုင်ချေ အများဆုံးမှာ ကမ္ဗလာမီးလျှံ သံသတ္တုသိုက်၏ အန္တရာယ် အဆင့်အတန်းသည် မှန်းဆလို့မရနိုင်အောင် ကြီးမားနေလို့သာ နေမင်းကြီး ဓားဂိုဏ်းက လေလွင့်ကျင့်ကြံသူ အမြောက်အမြားကို ငှားရမ်းနေခြင်း ဖြစ်လိမ့်မည်။

ဤလေလွင့်ကျင့်ကြံသူများသည် နေမင်းကြီး ဓားဂိုဏ်းအတွက် မိစ္ဆာများနှင့် သားရဲများ၏ စွမ်းအားကို ဖြုန်းတီးပစ်မည့် မြေစာပင်များအဖြစ် အသုံးချခံရမည် ဖြစ်သည်။

ဤရှေ့ပြေး စစ်ပွဲထဲသို့ ဝင်ပါလိုက်သော လေလွင့်ကျင့်ကြံသူ အများစု၏ နိဂုံးအဆုံးသတ် လှပနိုင်မည် မဟုတ်သည်မှာ သေချာသလောက်ပင်။

"ဒါနဲ့ မိတ်ဆွေကျန်း... မင်းရော စာရင်း သွားပေးမလို့လား။"

"မင်းရဲ့ ခွန်အားနဲ့ဆိုရင် ဒီလှုပ်ရှားမှုမှာ ပါဝင်လိုက်တာနဲ့ အကျိုးအမြတ်တွေ တော်တော် ရနိုင်လောက်တယ်နော်။"

ဖန်ဝေက ကျန်းဖန်ကို ကြည့်ရင်း မေးလိုက်သည်။

"ဟင့်အင်း... ငါ မလိုက်တော့ဘူး။"

"ဒီလိုကိစ္စမျိုးတွေကို ငါ စိတ်မဝင်စားဘူးကွ။"

ကျန်းဖန်က လက်ကာပြလိုက်သည်။ နေမင်းကြီး ဓားဂိုဏ်းအတွက် မြေစာပင် အဖြစ်ခံဖို့ သူ လုံးဝ စိတ်မဝင်စားပေ။

ခွေးတစ်ကောင်လို အခိုင်းခံရမည့်အစား တည်တည်ငြိမ်ငြိမ် ကျင့်ကြံပြီး သူ့၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရခြင်းက ပိုကောင်းပါလိမ့်မည်။

ကြီးမားသည့် အန္တရာယ်များကို ရင်ဆိုင်ပြီး ကြိုးစားပမ်းစား လုပ်ဆောင်လိုက်ပေမယ့်လည်း ထိုက်တန်သော အကျိုးအမြတ်များက ရချင်မှ ရနိုင်မှာပါ။

သူ့အနေနှင့် သူ့ခွန်အားကို တစ်ဆင့်ချင်းစီ အေးဆေး တိုးမြှင့်သွား၍ ရနိုင်သည်။ ဤကဲ့သို့ ရှုပ်ထွေးပွေလီနေသော ကိစ္စများထဲသို့ ဝင်ပါနေစရာ အကြောင်းမရှိပေ။

သေချာသည်မှာ ဤရှေ့ပြေးစစ်ပွဲကြောင့် မြစိမ်းတော ဈေးတန်းတွင် ပရမ်းပတာ ဖြစ်ရပ်များ ပေါ်ပေါက်လာတော့မည်။

အပြင်လူ ကျင့်ကြံသူ အများအပြား ရောက်ရှိလာသည်နှင့်အမျှ ဒေသခံကျင့်ကြံသူများနှင့် ပဋိပက္ခများ ဖြစ်လာနိုင်ချေ ရှိသည်။

ပုံမှန်အားဖြင့် လေလွင့်ကျင့်ကြံသူများသည် စိတ်ဆတ်တတ်ကြသည်။

တင်းမာမှုများက အလွယ်တကူ မီးဟုန်းဟုန်း တောက်သွားနိုင်စေသည်။

နောက်ရက်အနည်းငယ်အတွင်း လေလွင့်ကျင့်ကြံသူ ဘယ်နှယောက်လောက်ထိ သေဆုံးကြရမည် ဆိုသည်ကို သူ တွေးကြည့်လို့ ရနေသည်။

သို့သော်လည်း ဖန်ဝေနှင့် အခြားသူများ၏ တွေးခေါ်ပုံကို သူ ကောင်းကောင်း နားလည်ပေးနိုင်သည်။

သာမန် လေလွင့်ကျင့်ကြံသူများအနေနှင့် မတိုက်ခိုက်၊ မယှဉ်ပြိုင်ပါက ကျင့်ကြံခြင်း အရင်းအမြစ်များ ရရှိမှာ မဟုတ်သလို၊ တိုးတက်ဖို့လမ်းစလည်း ရှိလာမည် မဟုတ်ပါ။

သူတို့တွင် ထိုကဲ့သို့ ဆုံးဖြတ်ချက်မျိုး ချရုံကလွဲပြီး အခြား ရွေးချယ်စရာ မရှိကြရှာပေ။

ထို့ကြောင့် သူတို့၏ ဆုံးဖြတ်ချက်ကို မှားတယ်လို့ သူ မမြင်ပါ။

အကယ်၍ သူသာ သာမန် လေလွင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်နေခဲ့မည်ဆိုလျှင်လည်း၊ အသက်ကို လောင်းကြေးထပ်ရုံကလွဲပြီး ရွေးချယ်စရာ ရှိမည် မဟုတ်ပါ။

"နှမြောစရာတော့ ကောင်းသားဗျာ။"

ဖန်ဝေက ညည်းတွားလိုက်သည်။

သို့သော် သူ ဆက်ပြီး တိုက်တွန်းမနေတော့ပေ။ လူတိုင်းက သူတို့လိုမျိုး အသက်နဲ့ရင်းပြီး ရုန်းကန်ဖို့ လိုအပ်တာမှ မဟုတ်တာလေ။

သို့သော် ဆင်းရဲသားရပ်ကွက်ထဲရှိ လေလွင့်ကျင့်ကြံသူ အများစုမှာမူ မက်လုံး၏ ဆွဲဆောင်ခြင်းကို ခံလိုက်ကြရပြီ ဖြစ်သည်။

ကြားရသလောက် နေမင်းကြီး ဓားဂိုဏ်းသည် ဤတစ်ခေါက်တွင် ရင်းနှီးမြှုပ်နှံမှု အကြီးကြီး လုပ်ထားပုံရသည်။

ဤရှေ့ပြေးစစ်ပွဲထဲတွင် လေလွင့်ကျင့်ကြံသူ အများအပြား ပါဝင်လာအောင် ဆွဲဆောင်ဖို့ရန် အတွက်၊ သူတို့သည် ဆုကြေးအနေနှင့် အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးများကိုပင် ပေးအပ်မည်ဟု ကမ်းလှမ်းထားသည်။

ဤအချက်က မရေမတွက်နိုင်သော လေလွင့် ကျင့်ကြံသူများကို အံ့သြမှင်သက်စေပြီး စိတ်လှုပ်ရှားသွားစေခဲ့သည်။

ပြောရမည်ဆိုလျှင် အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးများသည် အလွန်အင်မတန် တန်ဖိုးကြီးလှသည်။

အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာရန် မရှိမဖြစ် လိုအပ်‌သော အရာပင်။

ယင်းတို့ကို ဉာဏ်အလင်းပွင့်စေသော ဆေးလုံးများဟု သတ်မှတ်ထားကြသည်။

ဈေးနှုန်းမှာ အလွန်တရာ မြင့်မားသကဲ့သို့ ပိုအရေးကြီးသည်မှာ ပိုက်ဆံရှိလျှင်ပင် ဝယ်လို့ရချင်မှ ရမည့် ပစ္စည်းမျိုး ဖြစ်နေဖြင်းပင်။

ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့်ရှိသော ကျင့်ကြံသူအချို့ပင် ဆွဲဆောင်ခြင်း ခံလိုက်ရပြီး ဤရှေ့ပြေးစစ်ပွဲထဲကို ဝင်ရောက်လာကြတော့သည်။

လေလွင့်ကျင့်ကြံသူများ ပါဝင်သော ကြီးမားသည့် တပ်မတော်ကြီးသည် ကမ္ဗလာမီးလျှံ သံသတ္တုသိုက်ရှိရာဆီသို့ ချီတက်သွားကြလေပြီ။

မြစိမ်းတော ဈေးတန်းသို့ ကျင့်ကြံသူ အများအပြား ဝင်ရောက်လာခြင်းနှင့် စစ်ပွဲ ဆင်နွှဲတော့မည် ဖြစ်ရပ်တို့ကြောင့်၊ ဈေးကွက်ပေါက်ဈေး အသီးသီးသည်လည်း သိသိသာသာ ထိုးတက်သွားခဲ့သည်။ အထူးသဖြင့် အင်းကွက်များ၊ ဝိညာဉ်လက်နက်များနှင့် အခြားသော ရတနာပစ္စည်းများ ဖြစ်သည်။

အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်ရာ၊ ကျင့်ကြံသူများသည် သဘာဝကျကျပင် အင်းကွက်များနှင့် ဝိညာဉ်လက်နက် အများအပြားကို ဝယ်ယူစုဆောင်းကြတော့သည်။

ဒီအုတ်ကြားမြက်ပေါက် ရှုပ်ထွေးမှုတွေထဲသို့ ဝင်ပါရန် အစီအစဉ်မရှိသော ကျန်းဖန်နှင့်တော့ သိပ်ပြီး မသက်ဆိုင်လှပါ။

…

နှစ်ရက်ကြာပြီးနောက်။

နေ့လယ်ခင်း အချိန်။

ကျန်းဖန်သည် ဆင်းရဲသား ရပ်ကွက်မှ တိတ်တဆိတ် ထွက်ခွာလာပြီး၊ သတ္တမအဆင့် အခွင့်အရေး ရှိရာနေရာဆီသို့ ဦးတည်လိုက်သည်။

သူသည် ကိုယ်ပေါ့အင်း၏ စွမ်းအားကို အသုံးပြုပြီး လျင်မြန်စွာ ရွေ့လျားသွားသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လေစီးကြောင်းတစ်ခု လွှမ်းခြုံထားသကဲ့သို့ ပျံလွှားငှက်တစ်ကောင်အလား ပေါ့ပါးနေသည်။

တစ်ချိန်တည်းမှာပင် သူသည် အရှိန်အဝါဖုံးကွယ်အင်း၏ စွမ်းအားကို အသုံးပြုပြီး သူ၏ အရှိန်အဝါကို ထိန်းချုပ်ထားလိုက်သည်။

မကြာမီမှာပင် သတ္တမအဆင့် အခွင့်အရေး ရှိရာနေရာသို့ သူ ရောက်ရှိလာခဲ့သည်။

"ဟမ်..."

ရောက်ရောက်ချင်းမှာပင် သစ်ပင်အောက်၌ ငြိမ်သက်စွာ လဲလျောင်းနေသော အလောင်းတစ်လောင်းကို ကျန်းဖန် ချက်ချင်း သတိထားမိလိုက်သည်။

ထိုလူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ခန္ဓာကိုယ်အနှံ့၌ ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေ၏။ ကိုယ်ပေါ်တွင် အပေါက်အပြဲများစွာ ဖြစ်ပေါ်နေပြီး သွေးများမှာလည်း မရပ်မနား စီးဆင်းနေသည်။

သွေးစက်များသည် အဝေးတစ်နေရာကနေ ဤနေရာအထိ တောက်လျှောက် ကျဆင်းလာခဲ့ပုံ ရသည်။

သေဆုံးခါနီးအချိန် သူ၏ ခံစားချက်များက နောင်တ၊ ဒေါသနှင့် ကြောက်ရွံ့ခြင်းတို့ကို ဖော်ပြနေသည်။

သေချာသည်မှာ သူသည် ရန်သူ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဤနေရာအထိ ထွက်ပြေးလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် နောက်ဆုံးတွင်တော့ ပြင်းထန်သော ဒဏ်ရာများကြောင့် သူသည် နေရာ၌ပင် လဲကျ သေဆုံးသွားခဲ့ရရှာသည်။

တကယ်တမ်းတွင် သားရဲတစ်သောင်း တောင်တန်း၌ ဤကဲ့သို့သော ဖြစ်ရပ်မျိုးတွေက ရေတွက်လို့ မကုန်နိုင်အောင် များပြားလှပါ၏။

သားရဲတစ်သောင်း တောင်တန်းတွင် အခွင့်အလမ်းများစွာ ရှိသကဲ့သို့၊ အန္တရာယ်များလည်း ပေါများလှပေသည်။

မိစ္ဆာများနှင့် သားရဲများ၏ အန္တရာယ်ကို ထားလိုက်ပါဦး၊ အကြောက်ရဆုံးမှာ လူသား ကျင့်ကြံသူ အချင်းချင်းထံမှ လာသော ခြိမ်းခြောက်မှုပင် ဖြစ်သည်။

တစ်စုံတစ်ယောက်က ရတနာပစ္စည်းများကို ထုတ်ဖော်ပြသလိုက်သည်နှင့် တပြိုင်နက်၊ လုယက်လိုသော ကျင့်ကြံသူများသည် လောဘစိတ်ကြောင့် တိုက်ခိုက်လာတတ်ကြသည်။

လုံလောက်သော ခွန်အားမရှိပါက မသေသင့်ဘဲ သေဆုံးရမည့် အဖြစ်ဆိုးနှင့် မလွဲမသွေ ကြုံတွေ့ရပေလိမ့်မည်။

ထို့ကြောင့် ကျန်းဖန်သည် သားရဲတစ်သောင်း တောင်တန်း၏ နက်ရှိုင်းသော နေရာများသို့ မသွားရဲခြင်း ဖြစ်သည်။

ပတ်ဝန်းကျင် အခြေအနေသည် ရှုပ်ထွေးလွန်းလှပြီး ဖြစ်ပျက်လာမည့် အရာများကို မည်သူမှ ကြိုတင် မသိနိုင်ပေ။

"သူ ဒီနေရာအထိ ထွက်ပြေးလာခဲ့တယ်ဆိုတော့၊ လိုက်ဖမ်းတဲ့လူတွေက အနီးအနားမှာ ရှိနေလောက်တယ်။"

"ကြည့်ရတာ ဒီနေရာက ကြာကြာနေလို့ ကောင်းမယ့်နေရာ မဟုတ်ဘူး။"

"ပစ္စည်းယူပြီး ပြေးတာ အကောင်းဆုံးပဲ။"

ကျန်းဖန်သည် ထိုသူစိမ်းအပေါ် သနားစိတ် သိပ်မရှိလှပေ။ ကျင့်ကြံခြင်းခရီးလမ်းကို လျှောက်လှမ်းခြင်းသည် ကပ်ဘေးများကို ရင်ဆိုင်ရခြင်းပင်ဖြစ်၏။ သားရဲတစ်သောင်း တောင်တန်းတွင် ဤကဲ့သို့သော နိဂုံးမျိုး ကြုံတွေ့ရခြင်းမှာ မျှော်လင့်ထားပြီးသား ကိစ္စဖြစ်ကြောင်း သူ သိထားသည်။

အကယ်၍ သေရမည်ကို အရမ်းကြောက်နေတယ်ဆိုလျှင်လည်း သာမန်လောကသို့ ပြန်ပြီး စည်းစိမ်ချမ်းသာများကို ခံစားနေလိုက်ခြင်းက ပိုကောင်းပါလိမ့်မည်။

ဤနေရာ၌ အချိန်ဆွဲနေစရာ အကြောင်းမရှိပါ။

သူ၏ ဝိညာဉ်အာရုံဖြင့် ခပ်ဖွဖွ စစ်ဆေးလိုက်ရာ အလောင်းပေါ်တွင် သိုလှောင်အိတ်တစ်လုံး ရှိနေကြောင်း တွေ့လိုက်ရသည်။

သေချာသည်မှာ ထိုသိုလှောင်အိတ်ထဲတွင် ထိုလူ၏ တစ်သက်တာ စုဆောင်းထားသမျှ ပစ္စည်းအားလုံး ပါဝင်နေဖို့ များသည်။

အတွင်းထဲတွင် ပါသည့်အရာများကို စစ်ဆေးကြည့်ရန် အချိန်မရတော့သဖြင့်၊ သူသည် သိုလှောင်အိတ်ကို ယူဆောင်ပြီး ချက်ချင်းပင် လှည့်ထွက်ပြေးတော့သည်။

ကိုယ်ပေါ့အင်း၏ စွမ်းအားကို အပြည့်အဝ အသုံးပြုလိုက်သည်။

သူသည် လေပြင်းတစ်ချက်အသွင် ပြောင်းလဲသွားသကဲ့သို့ မျက်တောင်တစ်ခတ်အတွင်း ထွက်ခွာသွားတော့သည်။

ထိုနေရာသို့ သူ တစ်ခါမှ မရောက်ဖူးသကဲ့သို့ပင်။

သို့သော် ကျန်းဖန် ထွက်ခွာသွားပြီး မကြာမီမှာပင် အဝေးမှ လူရိပ် လေးငါးရိပ်ခန့် ပေါ်ထွက်လာသည်။

ထိုအထဲမှ တစ်ယောက်က အလောင်းကို မြင်လိုက်ရပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

"အစ်ကိုကြီး... ဒီကောင်လေး သိပ်ဝေးဝေး မပြေးနိုင်ပါဘူးဗျာ၊ ဒဏ်ရာတွေ အရမ်းများတော့ လမ်းဘေးမှာပဲ သေနေပြီ။"

"သေတာတောင် နည်းသေးတယ်၊ ဒီကောင်စုတ်လေးက ငါ့ရဲ့ မြစိမ်းရောင် ဝိညာဉ်သီးကို ခိုးသွားတာလေ၊ သူ တကယ်ပဲ လွတ်အောင် ပြေးနိုင်မယ် ထင်နေတာလား။ နောက်ဆုံးတော့ ငါတို့ ကျောက် ညီအစ်ကိုတွေလက်ချက်နဲ့ အသတ်ခံလိုက်ရတာပါပဲ။"

ကျောက်ဟူ အမည်ရှိသော မုတ်ဆိတ်မွေးများနှင့် တောင့်တင်းခိုင်မာသည့် လူတစ်ယောက်က ဝင့်ကြွားစွာ ပြောလိုက်သည်။

သူတို့သည် မြစိမ်းတော ဈေးတန်း၏ နာမည်ဆိုးဖြင့် ကျော်ကြားသော ကျောက် ညီအစ်ကိုများ ဖြစ်ကြသည်။

ကျောက် ညီအစ်ကိုများမှာ ကျောက်ဟူ၊ ကျောက်ပေါင်၊ ကျောက်ရှုံ၊ ကျောက်လန် နှင့် ကျောက်ရှယ်တို့ ဖြစ်ကြ၏။

သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် အနည်းဆုံး ချီကျင့်ကြံခြင်းအဆင့် (၇) အထက်တွင် ရှိကြသည်။

အလွန် ရက်စက်ကြမ်းကြုတ်သူများအဖြစ် နာမည်ကြီးသည်။

ကျင့်ကြံသူ အများအပြားသည် သူတို့လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

သူတို့နာမည်ကို ကြားလိုက်ရုံဖြင့် ကျောချမ်းသွားရလောက်သည်။

သေဆုံးသွားသော ကျင့်ကြံသူမှာ ရှင်ဝေဟု ခေါ်ပြီး၊ မူလက သားရဲတစ်သောင်း တောင်တန်းတွင် ကံကောင်းထောက်မစွာဖြင့် မြစိမ်းရောင် ဝိညာဉ်သီးကို ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်သည်။

သူက ကြီးမားသော အခွင့်အရေးကြီး ရရှိပြီဟု ထင်မှတ်ခဲ့သည်။

သို့သော် ကျောက်ညီအစ်ကိုများနှင့် တွေ့ဆုံရပြီး သေကံပါလာလိမ့်မည်ဟု ဘယ်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။

သူသည် သူတို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ရှင်ဝေ၏ ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမှာ ကောင်းမွန်သော်လည်း၊ ပြင်းထန်သော ဒဏ်ရာများကြောင့် သူ ကျဆုံးခဲ့ရသည်။

သူသည် သူတို့လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး၊ သူတို့၏ သားကောင်များထဲမှ တစ်ယောက် ဖြစ်လာခဲ့ရလေသည်။

All Chapters