ကျွမ်းကျင်အဆင့် ပင်ကိုအင်းကွက်၊ အိမ်ငှားခ ဈေးတက်ခြင်း
Vol. 11 Ch. 143
"နေပါဦး အစ်ကိုကြီး။"
"ဒီကောင်လေးရဲ့ သိုလှောင်အိတ် ပျောက်နေပါလား။"
ကျောက်ပေါင်သည် ရှေ့သို့ ချက်ချင်း တိုးသွားပြီး အလောင်းကို သေချာစွာ စစ်ဆေးကြည့်လိုက်၏။ ထို့နောက် သူ မျက်နှာပျက်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်ထံမှ သိုလှောင်အိတ်မှာ ပျောက်ဆုံးနေသောကြောင့် ဖြစ်သည်။
အကယ်၍ သိုလှောင်အိတ်သာ မရှိတော့လျှင်၊ သူတို့ ယခုတစ်ခေါက် ကြိုးစားခဲ့သမျှသည် သဲထဲရေသွန် ဖြစ်ရချေတော့မည်။
ဒီကောင်လေး သေသွားခြင်းက အရေးမကြီးပေ၊ အရေးကြီးသည်မှာ သူ ချန်ထားရစ်မည့် ရတနာများသာ ဖြစ်သည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ။ တခြားတစ်ယောက်က ငါတို့ထပ် ဦးသွားတာများလား။"
ကျောက်ဟူ၏ မျက်နှာထားမှာ အလွန်အမင်း အကျည်းတန်သွားသည်။
သူတို့က ဤလူကို သတ်ဖြတ်ရန် အကြီးအကျယ် ကြိုးစားအားထုတ်ခဲ့ပါလျက်နှင့်၊ ရတနာများကိုတော့ အခြားသူတစ်ဦးက လာယူသွားသည် ဆိုပါက...။
သူ လုံးဝ သည်းမခံနိုင်ပေ။
သူတို့ဘက်က အားစိုက်ထုတ်ခဲ့ရသမျှ အခြားသူတစ်ဦးအတွက် အကျိုးရှိသွားစေမည့် ကိစ္စမျိုးကို သူ လုံးဝ လက်မခံနိုင်ခြင်း ဖြစ်သည်။
"အစ်ကိုကြီး... ကျွန်တော် အခုလေးတင် 'ခြေရာခံအင်း' ကို သုံးကြည့်လိုက်တယ်။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ ဘာအရှိန်အဝါမှ မမိဘူးဗျ။"
"မကြာသေးခင်က ဒီနေရာမှာ ဘယ်သူမှ ရှိမနေခဲ့သလိုပဲ။"
ကျောက်လန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
သူသည် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် လိုက်လံကြည့်ရှုသော်လည်း မည်သည့် ခြေရာလက်ရာမျှ ရှာမတွေ့ပေ။
လေထုထဲ၌ပင် အခြားကျင့်ကြံသူ တစ်ဦး၏ အငွေ့အသက် အကြွင်းအကျန် မရှိပေ။
ဤသည်မှာ ကျန်းဖန်၏ 'အရှိန်အဝါဖုံးကွယ်အင်း' နှင့် 'ကိုယ်ပေါ့အင်း' တို့၏ ကျေးဇူးကြောင့်ပင်။
အရှိန်အဝါဖုံးကွယ်အင်း၏ စွမ်းအားက သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားသဖြင့်၊ ခြေရာခံအင်းဖြင့် ခြေရာခံရန် မဖြစ်နိုင်တော့ပေ။
ကိုယ်ပေါ့အင်းက သူ့ကို ငှက်မွှေးတစ်စကဲ့သို့ ပေါ့ပါးသွားစေသဖြင့်၊ မြေပြင်ပေါ်တွင် ခြေရာများ ကျန်ရစ်ခြင်း မရှိခဲ့ပေ။
ထိုနှစ်မျိုး ပေါင်းစပ်လိုက်သောအခါ မည်သူမျှ ဒီနေရာသို့ ရောက်မလာခဲ့ဖူးသကဲ့သို့ ပုံရိပ်ယောင်ကို ဖန်တီးလိုက်နိုင်ခြင်း ဖြစ်သည်။
"ဘယ်သူမှ ရှိမနေခဲ့ဘူး ဟုတ်လား။ ဒါဆို ဒီကောင်လေးရဲ့ သိုလှောင်အိတ်က ဘယ်ရောက်သွားတာလဲ။"
ကျောက်ဟူမှာ စဉ်းစားမရအောင် ဖြစ်နေပြီး ခေါင်းရှုပ်သွားရသည်။
"အစ်ကိုကြီး... ကျွန်တော် ထင်တာတော့ ဒီကောင်လေးက လမ်းခုလတ် တစ်နေရာရာမှာ သူ့သိုလှောင်အိတ်ကို လွှင့်ပစ်ခဲ့တာ နေမယ်။"
"ငါတို့လက်ထဲ ထည့်ပေးရမယ့်အစား တခြားသူ တစ်ယောက်ယောက် ရသွားတာက ပိုကောင်းတယ်လို့ သူ တွေးခဲ့ပုံပဲ။"
ကျောက်ရှယ်က သူ၏ ထင်မြင်ချက်ကို ဝင်ရောက် ဆွေးနွေးလိုက်သည်။
"ဒီကောင်စုတ်လေး..."
"သေတာတောင် ငါတို့ကို အကျိုးမပေးချင်ဘူး၊ တကယ် မုန်းစရာကောင်းလိုက်တာ။"
"အားလုံးပဲ လူခွဲပြီး အခုချက်ချင်း ရှာကြစမ်း။"
"သိုလှောင်အိတ်က အနီးအနားမှာပဲ ရှိမှာပါ၊ ဒီကောင်လေး အဝေးကြီးရောက်အောင်တော့ လွှင့်ပစ်နိုင်မှာ မဟုတ်ဘူး။"
ကျောက်ဟူသည် ဒေါသတကြီးဖြင့် အံကြိတ်လိုက်မိ၏။ သူသည် ဤကောင်လေးကိုသာ အရှင်လတ်လတ် ဆွဲဖြဲပစ်ချင်စိတ် ပေါက်သွားသည်။
သို့သော် သူသည် ယခင်က ဤကဲ့သို့သော လူမျိုးများနှင့် ကြုံတွေ့ဖူးသည်။
သေရတော့မည်ကို သိလိုက်ရချိန်တွင်၊ သူတို့ကို သတ်ဖြတ်သူများ အကျိုးမရှိစေရန် လုပ်ဆောင်တတ်ကြသည်။
ရန်သူများ ရှာတွေ့သွားစေမည့်အစား သိုလှောင်အိတ်ကို အခြားတစ်နေရာသို့ လွှင့်ပစ်ရန် ရွေးချယ်တတ်ကြသည်။
အကယ်၍ သူသာ ထိုအခြေအနေမျိုး ဖြစ်ခဲ့လျှင်လည်း တူညီသော ရွေးချယ်မှုကို ပြုလုပ်မိကောင်း ပြုလုပ်မိပေလိမ့်မည်။
သို့သော် နားလည်ပေးနိုင်ခြင်းက တခြားကိစ္စ၊ လက်တွေ့ ခံစားရသည်က တခြားကိစ္စ ဖြစ်သည်။
အချိန်အကြာကြီး ဖြုန်းတီးခဲ့ရပြီး အင်းကွက်များစွာ ကုန်ဆုံးခဲ့သော်လည်း၊ ဘာမှပြန်မရလိုက်သည့် အဖြစ်ကို တွေးမိလေ...။
သူ့ဒေါသများ ပိုမို ကြီးထွားလာလေ ဖြစ်သည်။
သို့သော် ထိုသူမှာ သေဆုံးပြီးဖြစ်၍ သူ၏ အတွင်းစိတ်မှ ဒေါသများကို ဖြေဖျောက်စရာ နေရာမရှိ ဖြစ်နေသည်။
ထို့ကြောင့် ကျောက်ညီအစ်ကိုများသည် ပတ်ဝန်းကျင် တဝိုက်တွင် သိုလှောင်အိတ်ကို လိုက်လံ ရှာဖွေကြတော့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် သူတို့ ဘာမှ ရှာမတွေ့ခဲ့ကြဘဲ လက်ဗလာဖြင့် ပြန်ခဲ့ရလေသည်။
နောက်ဆုံးတွင်တော့ သူတို့၏ မကျေနပ်ချက်များကို အလောင်းပေါ်တွင် ပုံချလိုက်ကြပြီး၊ အလောင်းကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဆွဲဖြဲပစ်လိုက်ကြတော့သည်။
......
ကျန်းဖန်ကမူ ဤနေရာတွင် ဖြစ်ပျက်ခဲ့သည်များကို သိရှိခြင်း မရှိခဲ့ပါ။
သူသည် စိတ်အခြေအနေ အလွန်ကောင်းမွန်နေပြီး၊ အချိန်ကြာကြာ မဆွဲဘဲ အိမ်သို့ တိတ်တဆိတ် ပြန်ရောက်လာခဲ့သည်။
အိမ်နီးချင်းများပင် သူ အပြင်ထွက်သွားသည်ကို သတိမထားမိလိုက်ကြပေ။
အိမ်ပြန်ရောက်သည်နှင့် ကျန်းဖန်သည် သိုလှောင်အိတ်ကို အမြန်ဆုံး ဖွင့်ကြည့်လိုက်သည်။
ချက်ချင်းပင် အတွင်း၌ပါသော ရတနာများက သူ့မျက်စိရှေ့တွင် ပေါ်ထွက်လာတော့သည်။
"ဝိညာဉ်ကျောက်တုံးတွေ အများကြီးပဲဟ... ဝိုး..."
"ကြည့်ရတာ အဲ့ဒီကျင့်ကြံသူက သာမန်ဇာတ်ကောင် မဟုတ်ဘူးပဲ။"
"အနည်းဆုံးတော့ ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့် ရှိတဲ့သူပဲ ဖြစ်ရမယ်။"
ကျန်းဖန်သည် မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။ သိုလှောင်အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံး သုံးရာခန့်ကို တွေ့ရှိလိုက်ရခြင်းမှာ သာမန်ကျင့်ကြံသူများ လက်လှမ်းမမီနိုင်သော ကြီးမားသည့် ကြွယ်ဝမှုပင် ဖြစ်သည်။
ကံဆိုးသည်က ထိုမျှ သန်စွမ်းသော လူတစ်ယောက်ပင်လျှင် အဖြစ်ဆိုးနှင့် ကြုံတွေ့ပြီး သေဆုံးခဲ့ရရှာသည်။
သူ့လက်ရှိ ခွန်အားကို ပြန်စဉ်းစားကြည့်လိုက်မိသည့်အခါ အပြင်ထွက်ပြီး လျှောက်သွားနေလျှင် ဤကဲ့သို့ အလားတူ အန္တရာယ်မျိုး ကြုံတွေ့ရနိုင်လောက်သည်။
ဆင်းရဲသား ရပ်ကွက်ထဲမှာသာ လိမ်လိမ်မာမာ နေတာက ပိုကောင်းပါလိမ့်မည်။
ဆင်းရဲသား ရပ်ကွက်သည် နည်းနည်း ရှုပ်ထွေးသော်လည်း အနည်းဆုံးတော့ တောရိုင်းမြေထက် ပိုလုံခြုံသေးပေသည်။
"နေပါဦး... ဒါတွေက မြစိမ်းရောင် ဝိညာဉ်သီးတွေပဲ၊ ပြီးတော့ သုံးလုံးတောင်။"
"ဒါကတော့ တကယ် ထီပေါက်တာပဲ။"
ကျန်းဖန်သည် လက်သီးများကို ဆုပ်လိုက်ပြီး အတော်လေး စိတ်လှုပ်ရှားသွားမိသည်။
သိုလှောင်အိတ်ထဲတွင် ဝိညာဉ်အင်းကွက်များ မှိန်ဖျော့ဖျော့ ပေါ်နေသည့် မြစိမ်းရောင် ဝိညာဉ်သီး သုံးလုံး ငြိမ်သက်စွာ ရှိနေသည်။
သေချာသည်မှာ မြစိမ်းရောင် ဝိညာဉ်သီး တစ်လုံးစီ၏ တန်ဖိုးက မနည်းလှပေ။
အကယ်၍ ဆေးလုံးဖော်စပ်ရာတွင် အသုံးပြုမည်ဆိုပါက၊ ဤဝိညာဉ်သီးများ၏ တန်ဖိုးသည် အမြင့်ဆုံးအထိ ရရှိနိုင်ပေလိမ့်မည်။
သို့သော် သူသည် အဂ္ဂိရတ်ပညာရှင် တစ်ယောက် မဟုတ်သလို၊ အဂ္ဂိရတ်ပညာရှင် မိတ်ဆွေလည်း မရှိပေ။
မြစိမ်းရောင် ဝိညာဉ်သီးများကို မဆင်မခြင် ထုတ်ပြလိုက်ခြင်းက ပြဿနာများကို ဖိတ်ခေါ်သလိုသာ ဖြစ်ပေလိမ့်မည်။
ကိုယ့်ကျင့်ကြံခြင်းအဆင့် တက်ဖို့ ကိုယ်တိုင်ပဲ စားလိုက်ခြင်းက ပိုကောင်းပါသည်။
အနည်းငယ် ဖြုန်းတီးရာ ကျကောင်းကျနိုင်ပေမယ့် သူ လုံးဝ ဂရုမစိုက်ပါ၊ ဘေးကင်းလုံခြုံရေးသည်သာ ပထမပင်။
ဖြစ်နိုင်သည်မှာ ဤအမည်မသိ ကျင့်ကြံသူ သေဆုံးရသော အကြောင်းအရင်းမှာ ဤမြစိမ်းရောင် ဝိညာဉ်သီး သုံးလုံးကို ရရှိသွားခဲ့၍ ဖြစ်လောက်၏။
"ဝိညာဉ်ဆန်တွေနဲ့ မိစ္ဆာသားရဲအသားတွေလည်း အများကြီး ပါတာပဲ။"
"ဒီလူက တောထဲမှာ ခဏတိုင်း ကျင်လည်ကျက်စားနေတဲ့သူ ဖြစ်လောက်တယ်။"
ကျန်းဖန်သည် သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းထားသော ဝိညာဉ်ဆန် ပိဿာချိန် ငါးရာနှင့် မိစ္ဆာသားရဲအသား ပိဿာချိန် သုံးရာကိုလည်း တွေ့ရှိလိုက်သည်။
သာမန် ကျင့်ကြံသူတစ်ယောက်အတွက်တော့ ယင်းသည် ကြီးမားသော စားနပ်ရိက္ခာ သိုလှောင်မှုပင်။
ကျင့်ကြံသူ တစ်ယောက်တည်းအတွက်ဆိုလျှင် လပေါင်းများစွာ စားသုံးဖို့ရန် လုံလောက်ပ့သည်။
ဤကဲ့သို့သော အစားအသောက်များ ရှိနေပြီဖြစ်သည့်အတွက် သူနှင့် စုဝေဝေတို့သည့် အစားအစာ ဝယ်ရန် မြစိမ်းတော ဈေးတန်းဘက်သို့ အချိန်အတန်ကြာသည်အထိ သွားစရာ မလိုတော့ပေ။
တစ်နည်းပြောရလျှင် သူနှင့် စုဝေဝေတို့အတွက် ကြီးမားသော ပြသာနာတစ်ရပ်ကို ဖြေရှင်းပေးလိုက်ခြင်းပင်။
အဘယ့်ကြောင့်ဆိုသော် လာမည့်ကာလများတွင် မြစိမ်းတောဈေးတန်းနှင့် ဆင်းရဲသားရပ်ကွက်တွင် မငြိမ်မသက်မှုများ သေချာပေါက် ဖြစ်ပေါ်လာတော့မည်ဟု သူ ယုံကြည်ထားသောကြောင့်ပင်။
ထို့ကြောင့် မလိုအပ်ပါက အပြင်မထွက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
ကပ်ဘေးကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင် သူ့၏လက်ရှိခွန်အားနဲ့က ယှဉ်ပြိုင်နိုင်ချင်မှ ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
ချီကျင့်ကြံခြင်းအဆင့် (၃) သာ ရှိသေးသည့်အတွက် အရမ်း အားနည်းလွန်းနေပါသေးသည်။
"ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံး တိုးတက်အောင် လုပ်ဖို့ တကယ် လိုအပ်နေပြီပဲ။”