← Chapters

အခန်း (၁၃၀၆-၁၃၀၈)

Vol. 88 Ch. 1306-1308

အခန်း (၁၃၀၆-၁၃၀၈)

Vol. 88 Ch. 1306-1308

အခန်း (၁၃၀၆ )

လျှို့ဝှက်ဆန်းကြယ်သော ရှနိုင်ငံတော်

ချူးယုချင်နှင့် ချူးယွမ်ကျိတို့သည် နတ်အာရုံမှတစ်ဆင့် ဆက်သွယ်ထားကြသည်။ ထို့ကြောင့် ရှန်ယွဲ့နိုင်ငံတွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ချူးယုချင် သိထား၏။ ခန္ဓာကိုယ်အသစ်တစ်ခုတွင် ကူးပြောင်းဝင်စားဖို့ ရှန်ဝူဧကရာဇ် မစောင့်ဆိုင်းနိုင်တော့ကြောင်းကိုလည်း ချူးယုချင် သိ‌နေသည်။

သူ၏ မင်းသားများကို သူတော်စင်အဆင့်သို့ အမြန်ဆုံး တက်လှမ်းစေရန်အတွက် ရှန်ဝူဧကရာဇ်သည် နှမြောတွန့်တိုခြင်း မရှိပဲသူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးဝါးများနှင့် ရတနာများကို ပုံအောပေးခဲ့သည်။

ခန္ဓာကိုယ်အသစ်တစ်ခုတွင် ဝင်စားရန် ရှန်ဝူဧကရာဇ် အလွန်ဆန္ဒပြင်းပြနေသည်။ ဝင်စားရန် လိုအပ်ချက်များနှင့် လုချန်း ကိုက်ညီနေသည်ကိုသာ သူ သိခဲ့လျှင် လုချန်းကို သူ လာမရှာပဲ နေလိမ့်မည်တော့ မဟုတ်ပေ။

ချူးယုချင်ပြောသည်ကို ကြားသောအခါ လုချန်း အတွေးနက်သွားသည်။ ချူးယွမ်ကျိ၏ နတ်အာရုံနှင့် ချိတ်ဆက်ပြီးနောက် ရှန်ယွဲ့နိုင်ငံအကြောင်း အချို့အရာများကို ချူးယုချင် သိရှိထားမည်ဖြစ်ကြောင်း လုချန်း သိသည်။ ထို့ကြောင့် သူမထံမှ သတင်းအချက်အလက် ရယူရန် ဒီနေ့ သူ လာရောက်ခဲ့ခြင်း ဖြစ်၏။

ခဏကြာပြီးနောက် လုချန်းက လှဲချလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ချူးယုချင်နှင့် ကပ်ထားလိုက်ရင်း

“တကယ်တော့ ကျွန်‌တော်လည်း အဲ့ဒီလို သံသယရှိခဲ့ပါတယ်။ ဒါပေမဲ့ စဉ်းစားလို့မရဘူး...... သူက ဧကရာဇ်လေ။ ဧကရာဇ်ရဲ့ အာရုံခံနိုင်စွမ်းနဲ့ဆို ကျွန်‌တော့်အခြေအနေကို မသိနိုင်စရာ အကြောင်းမရှိဘူး။”

ချူးယုချင်က သူမ၏ လက်မောင်းကို မြှောက်ကာ လုချန်း၏ ခါးကို ဖက်လိုက်ပြီး နားနားကပ်ကာ တီးတိုးပြောလိုက်သည်။

“တစ်ယောက်ယောက်က မင်းကို တိတ်တိတ်လေး ကူညီနေတာ ဖြစ်နိုင်တယ်။”

ထိုအချိန်တွင် ချူးယုချင်၏ ခြေထောက်က လုချန်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။

လုချန်း ဆက်မေးလိုက်၏။

“တစ်ယောက်ယောက်က ကျွန်‌တော့်ကို ကူညီနေတာလား။ ဒေါ်လေးက ဘယ်လိုထင်လို့လဲ။”

ချူးယုချင်က မောဟိုက်စွာဖြင့်

“ဟင်း ... မင်းအဖေရဲ့ အစွမ်းနဲ့ မင်းရဲ့ကျင့်စဉ်အဆင့်ကို အာရုံခံနိုင်ရမယ်လို့ မင်းပြောခဲ့တယ်မလား။ အခု မင်း သူတော်စင်အဆင့် ရောက်နေတာကို သူ မသိဘူးဆိုတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားတစ်ခုက ကောင်းကင်ဘုံ လျှို့ဝှက်ချက်ကို ဖုံးကွယ်ပေးထားလို့ သူ အာရုံမခံနိုင်တာပေါ့။”

ချူးယွမ်ကျိနှင့် ဆွေးနွေးခဲ့ဖူးသောကြောင့် ချူးယုချင်က ဤအရာကို ပြောလိုက်ခြင်းဖြစ်သည်။ မူလက ထျန်းချန်ကမ္ဘာသည် ထူးဆန်းသည်ဟု ချူးယွမ်ကျိ ထင်ခဲ့သည်။ သူမ၏ မူလရည်ရွယ်ချက်က လုချန်းကို လက်စားချေရန်နှင့် ဧကရာဇ်မဖြစ်နိုင်အောင် လုပ်ဆောင်ရန်ဖြစ်သည်။

သို့သော် လုချန်း၏ ဘဝခရီးလမ်းက ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံး သတ်မှတ်ထားသည့်အတိုင်း ဖြစ်မလာပေ။ ၎င်းက ထျန်းချန်ကမ္ဘာတွင် လုချန်း၏ အင်အားကြီးထွားနိုင်အောင် ဝင်ရောက်ကာကွယ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် အင်အားတစ်ခု ရှိနေကြောင်း ပြသနေသည်။

ထို့ပြင် ရှန်ဝူဧကရာဇ်က လုချန်း၏ အခြေအနေကို အာရုံမခံနိုင်ခြင်းနှင့် သူတော်စင်အဆင့်သို့ ရောက်ရှိသွားသည်ကို မသိရှိခြင်းတို့က အင်အားကြီးမားသော စွမ်းအားတစ်ခုသည် လုချန်း၏ အနီးတွင် ကောင်းကင်ဘုံ လျှို့ဝှက်ချက်ကို ဖုံးကွယ်ပေးထားကြောင်း သက်သေပြနေသည်။

ထို့ပြင် ချူးယုချင်၏ မှတ်ဉာဏ်များကို ရယူပြီးနောက် ထျန်းချန်ကမ္ဘာနှင့် ဖရိုဖရဲကြယ်ပင်လယ်တို့တွင် ရှေးဟောင်းတားမြစ်ချက်များ ရှိနေကြောင်း ချူးယွမ်ကျိ တွေ့ရှိခဲ့သည်။ ထိုတားမြစ်ချက်များက လုချန်း ကြီးပြင်းလာမှသာ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။ ဤအရာက လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုသည် လုချန်း၏ အင်အားကြီးထွားမှု ထိခိုက်မခံရစေရန် ကာကွယ်ပေးနေကြောင်း ညွှန်ပြနေသည်။

ဤအချက်က လုချန်း သူတော်စင်ဖြစ်လာခြင်းကို သွေးမျိုးဆက်စွမ်းအားမှတစ်ဆင့် ရှန်ဝူဧကရာဇ် ဘာကြောင့် အာရုံမခံနိုင်ရသလဲဆိုတာကို ရှင်းပြနိုင်သည်။

လုချန်းကို ကာကွယ်ပေးနေသော အင်အားကလည်း အလွန်ကြီးမားကြောင်း သက်သေပြနေသည်။ မဟုတ်ပါက ဧကရာဇ်တစ်ပါး၏ သွေးမျိုးဆက် အာရုံခံမှုကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

ချူးယုချင်၏ စကားကို ကြားသောအခါ လုချန်း ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ သူ၏ ပထမဆုံးအတွေးက စနစ်ဆီသို့ ရောက်သွားသည်။

ဧကရာဇ်တစ်ပါး၏ အာရုံခံမှုကို ဖုံးကွယ်ပေးနိုင်သည့် အရာဟူ၍ သူသိသ‌လောက် စနစ်တစ်ခုသာ ရှိသည်။

ချက်ချင်းဆိုသလိုပင် လုချန်း စိတ်ထဲမှ မေးလိုက်သည်။

“စနစ်။ ရှန်ဝူဧကရာဇ် ငါရဲ့ ကျင့်စဉ်အဆင့်ကို အာရုံမခံနိုင်အောင် ကောင်းကင်ဘုံ လျှို့ဝှက်ချက်ကို ဖုံးကွယ်ပေးထားတာ မင်းလား။”

စနစ်က

“ဟုတ်ပါတယ်”

စနစ်က အလွယ်တကူ ဝန်ခံလိုက်သည်ကို မြင်သောအခါ လုချန်း ပြောစရာစကားမဲ့သွား၏။ သူကိုယ်တိုင် သတိမထားမိခဲ့သည့်အတွက်လည်း အံ့အားသင့် သွားသည်။ စနစ်၏ စွမ်းရည်ကို သူ စောစောကတည်းက ခန့်မှန်းမိသင့်သည်။

စနစ်က ဆက်လက်၍

“သခင် ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက် စနစ်က သခင့်အပေါ် ကာကွယ်မှုပေးမှုကို ဖယ်ရှားပေးပါမယ်။”

ဧကရာဇ် ဖြစ်လာသည်နှင့် တပြိုင်နက် ကံတရားကို ဖြတ်တောက်ပြီး ခန္ဓာကိုယ်ထဲရှိ သွေးမျိုးဆက်စွမ်းအားကို ဖယ်ရှားနိုင်မည်ဟု လုချန်း တွေးလိုက်သည်။ ထိုအခါကျလျှင် ရှန်ဝူဧကရာဇ်ကို ကြောက်နေစရာ လိုဦးမှာလား။

ထိုအရာကို တွေးမိသောအခါ လုချန်း စိတ်သက်သာရာ ရသွားသည်။ ရှန်ဝူဧကရာဇ်က သူ့ကျင့်စဉ်အဆင့်ကို အာရုံမခံနိုင်သည့်အတွက် သူ စိတ်ချလက်ချ ကျင့်ကြံနိုင်ပြီဖြစ်သည်။

ထိုအတွေးနှင့်အတူ လုချန်း၏ စိတ်အခြေအနေ ကြည်လင်လာပြီး တဖန် အားစိုက်လိုက်ပြန်သည်။

………

ချီယွဲ့နိုင်ငံ။

မင်းသမီးကြီး၏ အိပ်ဆောင်။

အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပေရှုဟွာသည် ခန်းမကြီးအလယ်တွင် လေးနက်သော အမူအရာဖြင့် ရပ်နေပြီး လက်ထဲရှိ ထောက်လှမ်းရေး အစီရင်ခံစာကို အာရုံစိုက် ဖတ်ရှုနေသည်။

ထိုအချိန်တွင် ကိုယ်ရံတော်တစ်ဦးက သူမရှေ့တွင် ဒူးထောက်ကာ ရှနိုင်ငံတော်အကြောင်း စုဆောင်းရရှိထားသည့် နောက်ဆုံးရ ထောက်လှမ်းရေးသတင်းများကို တင်ပြလိုက်သည်။

ယဲ့မိသားစုက ရှနိုင်ငံတော်မှ လူများကို ချီယွဲ့နိုင်ငံသို့ ခေါ်ဆောင်လာခြင်းနှင့် ပတ်သက်၍ ယဲ့မိသားစုသည် ရှနိုင်ငံတော်နှင့် ပူးပေါင်းကာ ချီယွဲ့နိုင်ငံ၏ ကံတရားစွမ်းအားကို လုယူရန် ကြံရွယ်နေသည်ဟု ပေရှုဟွာ ထင်မှတ်ခဲ့သည်။ ထို့ကြောင့် ရှနိုင်ငံတော်ကို စုံစမ်းစစ်ဆေးရန် လူအမြောက်အမြား စေလွှတ်ခဲ့၏။

သို့သော် ကိုယ်ရံတော်၏ ရှနိုင်ငံတော်အကြောင်း အစီရင်ခံစာကို ကြားရသောအခါ ရှနိုင်ငံတော် ပေါ်ထွန်းလာမှုအပေါ် ပေရှုဟွာ အလွန်အမင်း သိချင်စိတ် ဖြစ်လာခဲ့သည်။

သူမ၏ လူများ စုဆောင်းရရှိထားသော သတင်းများအရ ရှနိုင်ငံတော်ကို တည်ထောင်ခဲ့သည်မှာ နှစ်ငါးရာအောက်သာ ရှိသေး၏။ တိတိကျကျ ပြောရလျှင် နှစ်တစ်ရာပင် မပြည့်လောက်သေးပေ။

ထို့ပြင် ရှနိုင်ငံတော်တွင် ဧကရာဇ် တစ်ပါးသာ ရှိပုံရပြီး ထိုဧကရာဇ်သည် ရှနိုင်ငံတော်၏ ဧကရာဇ် မဟုတ်ပေ။ ဧကရာဇ်က နိုင်ငံ၏ အရှင်သခင် မဟုတ်ခြင်းသည် ထူးဆန်းသော ကိစ္စတော့ မဟုတ်ပေ။ ပုံမှန်အားဖြင့် ဧကရာဇ်များသည် ကျင့်စဉ်ကိုသာ အဓိကထားလေ့ရှိပြီး ထီးနန်းကို သားသမီးများထံ လွှဲပြောင်းပေးထားတတ်ကြသည်။

သို့သော် မည်သို့ပင်ဖြစ်စေ အင်ပါယာ နိုင်ငံတစ်ခုကို တည်ထောင်သော အရှင်သခင်သည် ဧကရာဇ် ဖြစ်ရမည်။ ဧကရာဇ်၏ အစွမ်းမရှိလျှင် နိုင်ငံ၏ ကံတရားစွမ်းအားကို စုစည်းနိုင်မည် မဟုတ်ပေ။ ထို့ပြင် ထိုဧကရာဇ်သည် ကံတရားစွမ်းအား တည်ငြိမ်စေရန်အတွက် အချိန်အတန်ကြာ ဧကရာဇ်အဖြစ် ဆက်လက်ရှိနေရမည် ဖြစ်သည်။

ဤစကြာဝဠာထဲတွင် အင်ပါယာ နိုင်ငံတစ်ခု တည်ထောင်ခြင်းသည် ကြေညာရုံဖြင့် လုပ်ဆောင်နိုင်သော ကိစ္စမဟုတ်ပေ။ မိမိ၏ အင်အားက အင်ပါယာ နိုင်ငံတစ်ခု ဖြစ်ကြောင်း ပြောဆိုပါက ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်မှုကို မလွဲမသွေ ခံစားရလိမ့်မည်။

ကံတရားစွမ်းအား ကျောထောက်နောက်ခံ မရှိပါက အင်ပါယာ နိုင်ငံတစ်ခု တည်ရှိနိုင်စရာ အကြောင်းမရှိပေ။

ရှနိုင်ငံတော် တည်ရှိနေခြင်းက ၎င်းတွင် အင်ပါယာ နိုင်ငံတစ်ခု၏ ကံတရားစွမ်းအား ပိုင်ဆိုင်ထားကြောင်း သက်သေပြနေသည်။

ထောက်လှမ်းရေးသတင်းတွင် ရှနိုင်ငံတော်၌ ဧကရာဇ်တစ်ပါး ရှိကြောင်း ဖော်ပြထားသော်လည်း ထိုဧကရာဇ်သည် လက်ရှိအရှင်သခင် မဟုတ်ပေ။ ရှနိုင်ငံတော်ကို တည်ထောင်ခဲ့သော ရှဧကရာဇ်သည် ထီးနန်းစွန့်လွှတ်ခဲ့ပြီဟု ဆိုကြသည်။

ရှနိုင်ငံတော် တည်ထောင်တာကပင် မကြာသေးပေ။ ရှဧကရာဇ်က ထီးနန်းစွန့်လွှတ်လိုက်လျှင် နိုင်ငံ၏ ကံတရားစွမ်းအား တည်ငြိမ်နိုင်ပါ့မလား။

ရှနိုင်ငံတော်၏ အခြားထူးဆန်းသော အချက်များကို ထည့်မစဉ်းစား သေးလျှင်ပင် စကြာဝဠာအတွင်း ၎င်းတည်ရှိနေနိုင်သည့် အချက်က ပေရှုဟွာကို ဇဝေဇဝါ ဖြစ်စေသည်။

တကယ်တော့ ရှဧကရာဇ်သည် ဧကရာဇ်အဆင့်တစ်ဦး ဖြစ်နေမလားဟု သူမ၏ စိတ်ထဲ တွေးတောမိသည်။

ထိုအတွေးသည် ယဲ့မိသားစု၏ အတွေးနှင့် ထပ်တူကျနေသည်။ ယဲ့ရှင်းတန် ရှနိုင်ငံတော်သို့ ပထမဆုံး ရောက်ရှိလာစဉ်က လုချန်းသည် ဧကရာဇ်တစ်ပါး ဖြစ်သည်ဟု ယုံကြည်ခဲ့ပြီး ရှနိုင်ငံတော်တစ်ခုလုံးတွင် ဧကရာဇ် နှစ်ပါးရှိသည်ဟု ယူဆခဲ့သည်။

ရှဧကရာဇ်သည် ဧကရာဇ်အဆင့် ဖြစ်လျှင်ပင် ဤမျှ လျင်မြန်စွာ ထီးနန်းစွန့်ပြီး သားဖြစ်သူကို လွှဲပြောင်းပေးရန်က မဖြစ်နိုင်သလောက်ပင်။

သူမကို အလွန် နားမလည်နိုင် ဖြစ်စေသော အခြားအချက်တစ်ချက် ရှိသေး၏။ နိုင်ငံတစ်ခု တည်ထောင်လိုက်သည်နှင့် အခြားဧကရာဇ်များ၏ အာရုံစိုက်မှုကို မလွဲမသွေ ခံရမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရှနိုင်ငံတော် အနီးအနားရှိ နိုင်ငံများမှ အရှင်သခင်များသည် ထိုနိုင်ငံတည်ထောင်ခြင်းကို သိထားရမည် ဖြစ်သည်။

နိုင်ငံတည်ထောင်မှုတိုင်းသည် သွေးထွက်သံယိုမှုများ၊ တိုက်ပွဲများနှင့် ယှဉ်တွဲနေတတ်သည်။ တည်ထောင်ပြီးနောက်တွင်လည်း စကြာဝဠာတစ်ခုလုံး၏ ကံတရားစွမ်းအားနှင့် ဖရိုဖရဲစွမ်းအားများကို ယှဉ်ပြိုင်လုယူကြရသည်။ ထို့ကြောင့် မည်သည့်နိုင်ငံကမှ အခြားနိုင်ငံတစ်နိုင်ငံ ပေါ်ထွက်လာခြင်းကို လိုလားမည် မဟုတ်ပေ။

ထို့ပြင် နိုင်ငံတစ်နိုင်ငံ အသစ်တည်ထောင်စတွင် ကံတရားစွမ်းအား မတည်ငြိမ်သေးသည့်အတွက် အခြားနိုင်ငံများက မက်မောကြပေလိမ့်မည်။ အသစ်တည်ထောင်လိုက်သော နိုင်ငံကို ဖျက်ဆီးပြီး ကံတရားစွမ်းအားကို သိမ်းပိုက်နိုင်ပါက ထိုနိုင်ငံများ ပိုမို အင်အားကြီးမားလာနိုင်သည်။

သို့သော် ရှနိုင်ငံတော်သည် ချီယွဲ့နိုင်ငံနှင့် အလွန်နီးကပ်နေပြီး ချီယွဲ့နိုင်ငံက မတွေ့ရှိခဲ့ရုံသာမက နယ်မြေချဲ့ထွင်ရန် စိတ်ဓာတ်ပြင်းပြနေသော ချင်းယွမ်နိုင်ငံ အပါအဝင် အခြားနိုင်ငံများကလည်း ရှနိုင်ငံတော်ကို အချိန်မီ သတိမထားမိခဲ့ပေ။ ထို့ကြောင့် ၎င်းကို ကြီးထွားလာခွင့် ပြုခဲ့မိကြသည်။

ဤအချက်က အလွန်ထူးဆန်းနေ၏။

…………….

အခန်း (၁၃၀၇ )

ရောက်လာတော့မည့် ပြဿနာ

ပေရှုဟွာသည် ခမ်းနားထည်ဝါသော ခန်းမအလယ်တွင် ရပ်နေပြီး အပြင်ဘက်ကောင်းကင်ဆီသို့ သူမ၏ လှပသော မျက်ဝန်းများဖြင့် ငေးကြည့်နေသည်။ သူမ၏ နက်ရှိုင်းသော အကြည့်များသည် ဤကမ္ဘာကို ဖောက်ထွင်း၍ အာကာသနယ်မြေကို ကျော်လွန်ကာ ရှနိုင်ငံတော်ဆီသို့ လှမ်းမျှော်ကြည့်နေသယောင် ရှိ၏။

အချိန်မည်မျှကြာသွားသည်မသိ ပေရှုဟွာ သတိပြန်ဝင်လာပြီး သတင်းလာပို့သော အစောင့်ကို မေးလိုက်သည်။

“စကြဝဠာ ဖွံ့ဖြိးတိုးတက်ရေးလုပ်ငန်းစုမှာ ဘာလှုပ်ရှားမှုတွေ ရှိလဲ။”

အစောင့်က

“လက်အောက်ခံ ဌာနခွဲတချို့ တည်ထောင်တာကလွဲရင် စကြဝဠာ ဖွံ့ဖြိးတိုးတက်ရေးလုပ်ငန်းစုက ဘာလှုပ်ရှားမှုမှ မရှိပါဘူး။ သူတို့ထုတ်လုပ်တဲ့ အာကာသယာဉ်တွေကိုလည်း ယဲ့မိသားစုရဲ့ ကုန်သွယ်ရေးအိမ်တော်ကနေတစ်ဆင့် ရောင်းချပါတယ်။”

အစောင့်၏ အဖြေစကားကို ကြားသောအခါ ပေရှုဟွာက ခပ်အေးအေး လေသံဖြင့်

“အလုပ်လုပ်ဖို့သက်သက်နဲ့ သူတို့ ချီယွဲ့နိုင်ငံအထိ ရောက်လာတယ်ဆိုတာ ကျွန်မ မယုံဘူး။”

စကြဝဠာ ဖွံ့ဖြိးတိုးတက်ရေးလုပ်ငန်းစုသည် သတင်းအချက်အလက် စုဆောင်းနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟုသာ ပေရှုဟွာ မြင်၏။ ချီယွဲ့နိုင်ငံ၏ လက်ရှိအခြေအနေကို ရှနိုင်ငံက အပြည့်အဝ သိသွားမည်ကိုလည်း သူမ စိုးရိမ်နေမိသည်။

ထိုအတွေးကြောင့် ယဲ့မိသားစုအပေါ် ပေရှုဟွာ ပို၍ မကျေမနပ် ဖြစ်လာခဲ့သည်။

သို့သော် လက်ရှိအခြေအနေအရ ယဲ့မိသားစုကို မကျေနပ်လျှင်ပင် သူမအနေနှင့် သူတို့ကို ဆန့်ကျင်၍ မရပေ။ လက်ရှိ အရေးကြီးဆုံး ကိစ္စမှာ ဧကရာဇ်ကို နန်းချရန် ဖြစ်သည်။ နိုင်ငံ၏ အရှင်သခင် ဖြစ်လာမှသာ မင်းဆက်ကံစွမ်းအား တစ်ခုလုံးကို အသုံးပြု၍ ဧကရာဇ်အဆင့်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။

ဧကရာဇ်အဆင့် ရောက်ရှိမှသာ ချီယွဲ့နိုင်ငံ၏ ပြည်တွင်းမငြိမ်သက်မှုများနှင့် ပြည်ပရန်များကို ဖြေရှင်းနိုင်မည် ဖြစ်သည်။

ထိုအတွေးနှင့်အတူ ပေရှုဟွာက

“စကြဝဠာ ဖွံ့ဖြိးတိုးတက်ရေးလုပ်ငန်းစုက လူတွေကို ဆက်လက်စောင့်ကြည့်ထားပါ။ ပြီးတော့ ကျွန်မတို့ရဲ့ အစီအစဉ်ကို စတင်ဖို့ အချိန်တန်ပြီ။”

သူတို့၏ တော်ဝင်အကြီးအကဲချုပ် အခြေအနေသည် တစ်နေ့တခြား ဆိုးရွားလာနေသဖြင့် အကြီးအကဲချုပ် သက်တမ်းမကုန်ဆုံးမီ သူမ ဧကရာဇ်အဆင့်သို့ မဖြစ်မနေ ရောက်ရှိရမည် ဖြစ်သည်။ မဟုတ်ပါက ချင်းယွမ်နိုင်ငံနှင့် ပူးပေါင်းကြံစည်နေသော ပေဝမ်ဖု၏ လက်ထဲမှ အာဏာကို လုယူရန် လွယ်ကူတော့မည် မဟုတ်ပေ။

သူတို့၏ တော်ဝင်အကြီးအကဲချုပ် မသေဆုံးသေးသောကြောင့် ယခုအချိန်တွင် ချင်းယွမ်နိုင်ငံက ဝင်ရောက်စွက်ဖက်ပါက အကြီးအကဲချုပ်အနေနှင့် လှုပ်ရှားနိုင်ဦးမည်ဖြစ်ရာ သူမအတွက် အချိန်အတိုင်းအတာတစ်ခု ရရှိစေမည် ဖြစ်သည်။

ပေရှုဟွာ၏ စကားကို ကြားပြီးနောက် အစောင့်က စိတ်လှုပ်ရှားစွာဖြင့်

“ဟုတ်ကဲ့ပါ မင်းသမီး... ကျွန်တော် အခုချက်ချင်း သတင်းဖြန့်လိုက်ပါ့မယ်”

…….

ရက်အနည်းငယ် ကြာပြီးနောက်။

ဧကရာဇ်ကို နန်းချရန် တောင်းဆိုသံများ ချီယွဲ့နိုင်ငံအတွင်း မြင့်တက်လာခဲ့၏။ ပေဝမ်ဖုသည် သူ၏ ရာထူးနှင့် လျော်ညီသော အရည်အချင်း မရှိသဖြင့် ဧကရာဇ်အဖြစ် ဆက်လက်ရှိနေရန် မသင့်တော်ကြောင်း အဖွဲ့အစည်း အမြောက်အမြားက ပြောဆိုလာကြသည်။ ဧကရာဇ်က ပေရှုဟွာအား ထီးနန်းလွှဲပြောင်းပေးသင့်ကြောင်း သူတို့က အဆိုပြုကြသည်။

……..

နန်းတော်အတွင်း။

ဧကရာဇ် စာကြည့်ခန်းတွင်။

ပေဝမ်ဖုသည် နဂါးပလ္လင်ထက်၌ ထိုင်ကာ လက်ထဲရှိ ထောက်လှမ်းရေး အစီရင်ခံစာကို ကြည့်ရင်း ဒေါသူပုန်ထနေသည်။

“ပုန်ကန်တာပဲ... သူတို့အားလုံး ပုန်ကန်ကုန်ကြပြီ”

ပေဝမ်ဖုသည် အရူးတစ်ယောက် မဟုတ်‌ပေ။ ဤပုန်ကန်မှုနောက်ကွယ်မှ တမင်ဖန်တီးထားသော လက်ရာကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ပေရှုဟွာက အာဏာသိမ်းရန် ကြိုးပမ်းနေခြင်းဖြစ်၏။ ထို့ကြောင့် သူမ၏ အဖွဲ့အစည်းများကို အသုံးပြုကာ ဧကရာဇ်နန်းချရေးကို ကြိုတင်အဆိုပြုခိုင်းနေခြင်း ဖြစ်ကြောင်း ထင်ရှားသည်။

ပေရှုဟွာအနေနှင့် ထီးနန်းတက်ရန်အတွက် သူနှင့် သေသေကြေကြေ ပြိုင်ဆိုင်နေရန် မလိုအပ်ပေ။ ပေရှုဟွာ ပိုင်ဆိုင်ထားသော အင်အားနှင့် သူမ၏ လက်အောက်ခံ အင်အားစုများမှာ သူ့ထက် သာလွန်နေပြီ ဖြစ်သည်။

ပေရှုဟွာ ဧကရာဇ် ဖြစ်ချင်နေပါက သူမလုပ်ရန် လိုအပ်သည်က အရှိန်အဟုန်တစ်ခု ဖန်တီးရန်သာ ဖြစ်သည်။ ချီယွဲ့နိုင်ငံတစ်ခုလုံး ဧကရာဇ်နန်းချရေး အသံများဖြင့် ပြည့်နှက်သွားသည်နှင့် ပေရှုဟွာက တရားဝင် နန်းတက်နိုင်တော့မည် ဖြစ်သည်။

ပေဝမ်ဖု စကားဆုံးသည်နှင့် ဖန်ထန်းဖေး၏ ကောက်ကျစ်သော အသံ စာကြည့်ခန်းထဲတွင် ပေါ်ထွက်လာသည်။

“မင်းကြီး... မင်းသမီးကြီးက ဆက်စောင့်နိုင်တော့ပုံ မရဘူး။”

ဖန်ထန်းဖေး ရောက်လာသည်ကို မြင်လျှင် ပေဝမ်ဖုလည်း အားကိုးရာတစ်ခု တွေ့ရှိသွားသကဲ့သို့ ဖန်ထန်းဖေးဘက်သို့ လှည့်ကာ စိတ်အားထက်သန်စွာ မေးလိုက်သည်။

“ခင်ဗျား ပေရှုဟွာရဲ့ လှုပ်ရှားမှုတွေကို သတင်းမပို့ထားဘူးလား... ခင်ဗျားတို့ရဲ့ အကြီးအကဲက ဘာပြောလဲ။”

ဖန်ထန်းဖေးက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြီး

“ပေရှုဟွာ ဧကရာဇ်အဆင့် တကယ်ဖြစ်လာရင်တောင် မင်းကြီးရဲ့ ထီးနန်း တည်မြဲအောင် ကူညီပေးမယ်လို့ ယွမ်ဧကရာဇ်က ပြောလိုက်ပါတယ်။”

“နောက်ပြီး သူ ဧကရာဇ်အဆင့် ဖြစ်လာရင်တောင် သူရဲ့ အင်အားက စစ်မှန်တဲ့ ဧကရာဇ်အဆင့်နဲ့ ယှဉ်နိုင်မှာ မဟုတ်တဲ့အတွက် မင်းကြီး စိတ်ပူစရာ မလိုပါဘူး။”

ဖန်ထန်းဖေး၏ စကားကို ကြားသောအခါ ပေဝမ်ဖု သက်ပြင်းချနိုင်သွား၏။

နောက်တစ်ခဏတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ သူ့မျက်လုံးထဲတွင် လက်ခနဲ ဖြစ်ပေါ်လာသည်။ ပေရှုဟွာက အတော်လေး လွန်လာပြီဖြစ်ရာ ဤတစ်ကြိမ်တွင် သူမ၏ ခြိမ်းခြောက်မှုကို အမြစ်ပြတ် သုတ်သင်ရန် သူ ဆုံးဖြတ်လိုက်သည်။

……

တစ်ချိန်တည်းမှာပင်။

ချင်းယွမ်နိုင်ငံ။

မြူခိုးများ ဖုံးလွှမ်းနေသော ခန်းမကျယ်ကြီး၏ အလယ်တည့်တည့်၌ ဆံပင်ဖြူနှင့် အဖိုးအိုတစ်ဦး ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နတ်တစ်ပါးကဲ့သို့ ပေါ့ပါးကာ လွင့်မျောနေပုံရပြီး ကျင့်စဉ် အငွေ့အသက်များ ဝန်းရံထား၏။

ထိုအချိန်တွင် အဝါရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ခန်းမထဲသို့ ဝင်လာပြီး

“အကြီးအကဲ... ချီယွဲ့နိုင်ငံမှာ ဧကရာဇ်နန်းချရေး အသံတွေ ပိုကျယ်လောင်လာနေပါတယ်။ ပေရှုဟွာက ပေဝမ်ဖုရဲ့ ထီးနန်းကို သိမ်းယူဖို့ သိပ်မကြာတော့ပါဘူး”

ယွမ်ဧကရာဇ် ချီဟုန်ကွမ်း၏ အသံကို ကြားလျှင် အဖိုးအိုက သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ကို အဖြူရောင် စိတ်ဝိညာဉ်စွမ်းအားတစ်ခုက ညင်သာစွာ မတင်လိုက်သည်။ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားကို တည်ငြိမ်စေပြီးနောက် သူက ခန်းမအလယ်တွင် ရပ်ကာ ချီဟုန်ကွမ်းကို ကြည့်၍

“အဲ့ဒီ သရဲအိုကြီးက တကယ်ပဲ အသုံးမကျတော့ဘူးနဲ့ တူတယ်။”

ချီဟုန်ကွမ်းက

“အကြီးအကဲ... ပေရှုဟွာမှာ ချက်ချင်း ဧကရာဇ်ဖြစ်လာနိုင်တဲ့ နည်းလမ်းရှိတယ်လို့ ချီယွဲ့နိုင်ငံက သူလျှိုတွေ သတင်းပို့ပါတယ်။ အဲ့ဒီနည်းလမ်းနဲ့ ပတ်သက်ပြီး အကြီးအကဲ ဘာသိထားတာ ရှိလဲ။”

ဖန်ထန်းဖေး ထိုသတင်းကို ပေးပို့လာစဉ်က ချီဟုန်ကွမ်း အလေးအနက် မထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ပေရှုဟွာ ဧကရာဇ်အဆင့် တကယ်ဖြစ်လာလျှင်ပင် ချင်းယွမ်နိုင်ငံရှိ ဧကရာဇ်အဆင့် သုံးဦးကို ယှဉ်နိုင်မည် မဟုတ်ဟု သူက ယူဆထားသောကြောင့် ဖြစ်သည်။

နှစ်များစွာကြာအောင် ချီယွဲ့နိုင်ငံကို သူတို့ မတိုက်ခိုက်ခဲ့ခြင်းမှာ ချီယွဲ့နိုင်ငံ၌ ဧကရာဇ်အဆင့် တစ်ယောက် ရှိနေသောကြောင့်သက်သက်တော့ မဟုတ်ပေ။ အဓိကအချက်က ထိုဧကရာဇ်သည် ချီယွဲ့နိုင်ငံ၏ တော်ဝင်အကြီးအကဲချုပ် ပေထျန်းလု ဖြစ်နေသောကြောင့် ဖြစ်သည်။

ဧကရာဇ်အဆင့် အချင်းချင်းကြားတွင် အင်အားကွာခြားချက်များ ရှိစမြဲဖြစ်၏။ ပေထျန်းလု၏ အင်အားသည် ထိုစဉ်က ဧကရာဇ်အဆင့် လူတစ်စုကို ချေမှုန်းရန် လုံလောက်ခဲ့သည်။ သူသည် အနီးနားရှိ ကြယ်နယ်မြေများတဝိုက် ပြင်ပနယ်မြေ စစ်မြေပြင်သို့ သွားရောက်ရဲသော တစ်ဦးတည်းသောသူလည်း ဖြစ်သည်။

ပေထျန်းလု ရှိနေခြင်းကြောင့်သာ ချင်းယွမ်နိုင်ငံတွင် ဧကရာဇ်အဆင့် သုံးဦး ရှိနေသော်လည်း ချီယွဲ့နိုင်ငံကို ဘာမှမလုပ်ရဲကြခြင်း ဖြစ်သည်။

သို့သော် ခေတ်ကာလများ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ပေထျန်းလုသည် ပြင်ပနယ်မြေ စစ်မြေပြင်တွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး တစ်နေ့တခြား ယိုယွင်းလာကာ သေဆုံးရန် နီးကပ်လာပြီဟု ပြောဆိုနေကြပြီဖြစ်သဖြင့် ချင်းယွမ်နိုင်ငံအတွက် ချီယွဲ့နိုင်ငံကို ဖျက်ဆီးရန် အခွင့်အရေး ရရှိလာခြင်း ဖြစ်သည်။

ချီဟုန်ကွမ်း၏ မေးခွန်းကို ကြားသောအခါ ချီဇွန်းက သူ၏ နှင်းကဲ့သို့ဖြူသော မုတ်ဆိတ်မွေးကို ဖြည်းညှင်းစွာ သပ်ရင်း ခပ်အေးအေး လေသံဖြင့်

“ဧကရာဇ်အဆင့်ကို မြန်မြန် ရောက်နိုင်တဲ့ နည်းလမ်းတချို့ကို ငါ ကြားဖူးပေမဲ့ အဲဒီနည်းလမ်းတွေ အားလုံးက ကြီးမားတဲ့ ပေးဆပ်မှုတွေ ရှိကြတယ်။”

ထိုသို့ပြောပြီးနောက် ချီဇွန်း တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားကာ မုတ်ဆိတ်သပ်နေသော လက်ကို ရပ်တန့်လိုက်ကာ

“ပေထျန်းလုက ပေရှုဟွာ နန်းတက်ဖို့ ဒီလောက် အလျင်လိုနေတာက သူ့ကို ဧကရာဇ်အဆင့် ဖြစ်လာစေဖို့ နိုင်ငံရဲ့ ကံစွမ်းအားကို အသုံးပြုချင်နေတာ ဖြစ်လိမ့်မယ်။”

ထိုစကားကို ကြားသောအခါ ချီဟုန်ကွမ်း ခဏမျှ ကြောင်အ သွားသည်။ သူတို့က ချီယွဲ့နိုင်ငံကို ဖျက်ဆီးချင်ရသည့် အကြောင်းရင်းမှာ ၎င်း၏ ကံစွမ်းအားကြောင့် ဖြစ်သည်။ အကယ်၍ ပေရှုဟွာက ချီယွဲ့နိုင်ငံ၏ မင်းဆက်ကံစွမ်းအား တစ်ခုလုံးကို စုပ်ယူလိုက်ပါက သူတို့၏ ကြိုးပမ်းမှုများ အလဟဿ ဖြစ်မသွားပေဘူးလား။

ချီဇွန်းက ဆက်လက်၍

“ဒီနည်းလမ်းက ဧကရာဇ်လောင်းတစ်ယောက်ကို အဆင့်တက်သွားစေဖို့ အခွင့်အလမ်း များပေမယ့် အတင်းအကျပ် အဆင့်တက်လိုက်ရင်တောင် သူတို့ရဲ့ အင်အားက ဧကရာဇ်အဆင့်အစစ်နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ဒီနည်းလမ်းနဲ့ အဆင့်တက်ပြီးရင် ဒီတစ်သက် ကျင့်စဉ်အဆင့်မှာ ဘာတိုးတက်မှုမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။”

“အဲဒီ သရဲအိုကြီးက တကယ်ပဲ လောင်း‌ကြေးထပ်ရဲတာပဲ။”

ချီဟုန်ကွမ်းက လေးစားစွာ မေးလိုက်၏။

“အကြီးအကဲ... ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ”

“ပေရှုဟွာက အဆင့်တက်ဖို့ မင်းဆက်ကံစွမ်းအားကို ရယူတဲ့နည်းလမ်း တကယ်သုံးလာရင် ကျွန်တော်တို့ရဲ့ အစီအစဉ်တွေ ပျက်စီးသွားနိုင်တယ်။”

ခဏခန့် စဉ်းစားပြီးနောက် ချီဇွန်းက ပြောသည်။

“ရိုးရှင်းပါတယ်။ ပေဝမ်ဖု အသက်ရှင်နေသရွေ့ သူက ချီယွဲ့နိုင်ငံရဲ့ ဧကရာဇ် ဖြစ်နေဦးမှာပဲ။ လက်ရှိမှာ ပေရှုဟွာက နိုင်ငံရဲ့ ကံစွမ်းအားကို ရယူနိုင်မှာ မဟုတ်သလို ဧကရာဇ်အဆင့် ဖြစ်လာဖို့ ဒီနည်းလမ်းကို သုံးနိုင်မှာ မဟုတ်ဘူး။”

ချီဟုန်ကွမ်းက

“ကျွန်တော့်ရဲ့ စိတ်အာရုံ ထည့်သွင်းထားတဲ့ ကျောက်စိမ်းပြားကို ချီယွဲ့နိုင်ငံဆီ ပို့ခိုင်းထားပြီးပါပြီ။ ပေရှုဟွာ ထီးနန်းလုဖို့ ကြိုးစားတာနဲ့ သူ့ကို တားဆီးဖို့ ဧကရာဇ်အဆင့် ကိုယ်ပွားကို ချက်ချင်း အသုံးပြုလိုက်ပါ့မယ်။”

ချီဇွန်းက

“ဧကရာဇ်အဆင့် ကိုယ်ပွားတစ်ခုတည်းနဲ့ လုံလောက်ချင်မှ လုံလောက်လိမ့်မယ်။”

ထိုအချိန်တွင် ချီဇွန်းကလည်း ကျောက်စိမ်းပြားတစ်ခု ထုတ်ယူလိုက်သည်။

“ဒီတစ်ခုထဲမှာ ငါ့ရဲ့ စိတ်အာရုံ ပါဝင်တယ်။ မင်းရဲ့ ဦးလေးသုံးဆီကနေ နောက်ထပ် ကျောက်စိမ်းပြားတစ်ပြား သွားယူလိုက်ဦး။”

……………..

အခန်း( ၁၃၀၈ )

အဆုံးအဖြတ် တိုက်ပွဲ

ပေရှုဟွာနှင့် ပတ်သက်ပြီး ချီဇွန်း မစိုးရိမ်ပေ။ သူမ၏ မြင့်မားသော ပါရမီနှင့် ဆိုလျှင်တောင် ပေရှုဟွာသည် ဧကရာဇ်လောင်းတစ်ဦးသာ ဖြစ်ပြီး စစ်မှန်သော ဧကရာဇ်အဆင့်၏ စွမ်းအား ထက်ဝက် ပါဝင်သည့် ကိုယ်ပွားတစ်ခုကို ယှဉ်နိုင်မည် မဟုတ်ပေ။

သူ စိုးရိမ်နေသူက ပေထျန်းလု ဖြစ်သည်။ ပေထျန်းလုသည် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်ပြီး သင်္ချိုင်းနှင့် ခြေတစ်လှမ်းသာ လိုတော့သည် ဆိုသော်လည်း ငတ်မွတ်နေသော ကုလားအုတ်သည် မြင်းထက် အကောင်ကြီးမားနေဆဲ ဖြစ်သည်။ အကယ်၍ သူသာ အစွမ်းကုန် ထုတ်သုံးပါက ဧကရာဇ်အဆင့် ကိုယ်ပွားတစ်ခုတည်းဖြင့် သူ့ကို တောင့်ခံနိုင်မည် မဟုတ်ပေ။

သို့သော် ဧကရာဇ်အဆင့် ကိုယ်ပွားတစ်ခုပဲ မသုံးခုဆိုရင်ရော။

ချီဇွန်း၏ သတိပေး စကားကို ကြားပြီးနောက် ချီဟုန်ကွမ်းလည်း ချီဇွန်း နေထိုင်ရာ နှလုံးသားပြုစုပျိုးထောင်ခြင်း ခန်းမဆောင်မှ ချက်ချင်း ထွက်ခွာသွားပြီး အခြားသော ဧကရာဇ်အဆင့် တစ်ဦးထံ ဦးတည်လိုက်သည်။

အချိန်များ ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ ချီယွဲ့နိုင်ငံ၏ အာဏာလုပွဲလည်း ပို၍ ပြင်းထန်လာတော့သည်။ ချီယွဲ့နိုင်ငံ၏ ပြည်သူများသည် အုပ်စုနှစ်စု ကွဲသွားကြပြီး တစ်စုက ဧကရာဇ်နန်းချရေးကို ထောက်ခံသူများ ဖြစ်ပြီး အခြားတစ်စုက ထိုအရာကို ပြင်းပြင်းထန်ထန် ကန့်ကွက်သူများ ဖြစ်ကြသည်။

သို့သော် အများစုက ဧကရာဇ်နန်းချရေးကို ထောက်ခံကြသည်။ အမျိုးသမီး အုပ်ချုပ်မှုကို အလွန်မုန်းတီးသော လောကီလူသားနိုင်ငံများနှင့် မတူပဲ ချီယွဲ့နိုင်ငံသားများသည် အမျိုးသား၊ အမျိုးသမီး အုပ်ချုပ်သူ နှစ်မျိုးလုံးအပေါ် အတော်လေး သဘောထားကြီး နားလည်ကြသည်။

နိုင်ငံတော်သည် အင်အားကိုသာ အဓိက တန်ဖိုးထားသောကြောင့် ဖြစ်သည်။ အင်အားပိုကြီးသူ မည်သူမဆို နိုင်ငံ၏ အရှင်သခင် ဖြစ်ရန် သင့်တော်သည်ဟု ယူဆကြသည်။

ပေရှုဟွာသည် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း သူမ၏ ပါရမီနှင့် ကျင့်စဉ်အဆင့်က အလွန်မြင့်မားသည်။ တော်ဝင်အကြီးအကဲချုပ်ပြီးလျှင် သူမသည် အင်အား အမြင့်မားဆုံးဖြစ်ပြီး အများစု၏ အမြင်တွင် သူမကသာ ဧကရာဇ်ဖြစ်ရန် အသင့်တော်ဆုံး ဖြစ်သည်။

ပေရှုဟွာ၏ အဖွဲ့အစည်းမှ တွန်းအားပေးမှုကြောင့် သူမကို ထောက်ခံသူ အရေအတွက်မှာလည်း သဘာဝကျစွာ တိုးပွားလာခဲ့သည်။

လက်ရှိအခြေအနေအရ ပေရှုဟွာက သူ့ကိုထိပ်တိုက်ရင်ဆိုင်လာမည့်နေ့ကို စောင့်ဆိုင်းရုံမှတစ်ပါး ပေဝမ်ဖုတွင် အခြားနည်းလမ်း မရှိပေ။

ပေရှုဟွာသာ သူ့ကို ထိပ်တိုက်ရင်ဆိုင်လာပါက ချင်းယွမ်နိုင်ငံ၏ ဧကရာဇ်များက ကူညီပေးမည်ဖြစ်၏။ ထိုအခါ ပေရှုဟွာ၏ ခြိမ်းခြောက်မှုကို ရှင်းလင်းပစ်နိုင်မည်ဟု သူက ယုံကြည်ထားသည်။

သို့သော် ပေဝမ်ဖု အံ့သြရသည်က ပေရှုဟွာက သူ့ထက် ပို၍ စိတ်ရှည်သည်းခံနိုင်ပုံ ရခြင်းဖြစ်သည်။ သူမသည် သူ့ကို ထိပ်တိုက်မရင်ဆိုင်ပဲ နှစ်ဝက်နီးပါး အရှိန်အဟုန် တည်ဆောက်နေခဲ့သည်။

ပေရှုဟွာ၏ စိတ်ရှည်မှုက ပေဝမ်ဖုကို စိတ်မသက်မသာ ဖြစ်စေသည်။ သူကဲ့သို့ပင် သူမသည်လည်း အခြားနိုင်ငံများထံမှ အကူအညီ ရယူရန် ကြိုးစားနေသလားဟု သူ သံသယဝင်လာသည်။

ယဲ့မိသားစုက ရှနိုင်ငံတော်မှ ထူးဆန်းသော ပစ္စည်းတချို့နှင့် လူအမြောက်အမြား ခေါ်ဆောင်လာသည့် ကိစ္စကို စဉ်းစားမိသောအခါ ရှနိုင်ငံတော်သည် ပေရှုဟွာ ရှာဖွေနေသော ပြင်ပအကူအညီ ဖြစ်နိုင်ကြောင်း ပေဝမ်ဖု အလိုလို ခံစားမိလိုက်သည်။

မရေမတွက်နိုင်သော နိုင်ငံများနှင့် အဆက်အသွယ်ရှိသည့် ယဲ့မိသားစုကို သူ့ဘက်ပါလာအောင် ဆွဲဆောင်ရန် ပေဝမ်ဖု စဉ်းစားခဲ့ဖူး၏။ ယဲ့မိသားစုမှတစ်ဆင့် အခြားနိုင်ငံများနှင့် ပူးပေါင်းရန် သူ တကယ်ရည်ရွယ်ခဲ့ဖူးသည်။

သို့သော် ယဲ့မိသားစုက သူ့ကို အာရုံမစိုက်ခဲ့သဖြင့် ချီယွဲ့နိုင်ငံ၏ အာဏာလုပွဲတွင် သူတို့ ဝင်မပါချင်ဟု သူက ထင်မှတ်ခဲ့သည်။

သို့သော် ယခု ပေရှုဟွာက သူ့ကို အချိန်ကြာမြင့်စွာ ထိပ်တိုက်မရင်ဆိုင်ပဲ စောင့်ဆိုင်းခြင်း၊ ရှနိုင်ငံတော်မှ လုပ်ငန်းများ ချီယွဲ့ကမ္ဘာတွင် တိုးပွားလာခြင်းတို့ကြောင့် ယဲ့မိသားစုသည် ပေရှုဟွာဘက်သို့ ပါဝင်သွား၍ သူ့ကို ငြင်းပယ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပေဝမ်ဖု တွက်ဆလာသည်။

ထိုဖြစ်နိုင်ခြေကို တွေးမိသောအခါ ပေဝမ်ဖုဆက်မစောင့်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူ့ဘက်က ဦးဆောင်လှုပ်ရှားကာ ပေရှုဟွာကို စတင်တိုက်ခိုက်ရပေမည်။

ပေရှုဟွာသာ ပြင်ပအကူအညီကို အမှန်တကယ် စောင့်ဆိုင်းနေသည်ဆိုပါက ဆက်လက်စောင့်ဆိုင်းနေခြင်းသည် သူ့အတွက် ကောင်းကျိုး ဖြစ်လာမည် မဟုတ်ပေ။

မကြာမီ လက်ထပ်ထိမ်းမြားရန် အမိန့်ပြန်တမ်း သတင်းတစ်ပုဒ် ချီယွဲ့နိုင်ငံတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ပေရှုဟွာအား ချင်းယွမ်နိုင်ငံမှ ဧကရာဇ်နှင့် လက်ထပ်ထိမ်းမြားရန် ပေဝမ်ဖုက အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် ချီယွဲ့နိုင်ငံနှင့် ချင်းယွမ်နိုင်ငံတို့ လက်ထပ်ထိမ်းမြားခြင်းဖြင့် မဟာမိတ်ပြုလိုက်သည်နှင့် ချီယွဲ့နိုင်ငံအနေနှင့် ပြည်ပကျူးကျော်မှုများကို စိုးရိမ်စရာ မလိုတော့ကြောင်း ပေဝမ်ဖုက တိတ်တဆိတ် သတင်းလွှင့်ခဲ့သည်။

ထို့ပြင် ရှနိုင်ငံတော်မှ လုပ်ငန်းများ၏ လုပ်ဆောင်ချက်များကို ချီယွဲ့နိုင်ငံအတွင်း ကန့်သတ်ရန် ပေဝမ်ဖုက အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့ပြီး စကြဝဠာ ဖွံ့ဖြိးတိုးတက်ရေးလုပ်ငန်းစုကို ရှနိုင်ငံတော် ကျူးကျော်မှု၏ ရှေ့ပြေးတပ်သားအဖြစ် ပုံဖော်ခဲ့သည်။

စကြဝဠာ ဖွံ့ဖြိးတိုးတက်ရေးလုပ်ငန်းစုကို ပေဝမ်ဖုက ရုတ်တရက် ပစ်မှတ်ထားလာမည်ဟု လုချန်း မမျှော်လင့်ခဲ့ပေ။

အင်အားကြီးနိုင်ငံနှစ်ခုကြား လက်ထပ်မဟာမိတ်ပြုမည့် သတင်း ပျံ့နှံ့သွားသည်နှင့် ချီယွဲ့နိုင်ငံရှိ လူထုအမြင်သည် ပေရှုဟွာ လိုချင်သော အနေအထားမှ တဖြည်းဖြည်း ပြောင်းလာခဲ့သည်။

ပေရှုဟွာသာ ချင်းယွမ်နိုင်ငံသို့ လက်ထပ်ပြီး သူတို့နှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်နိုင်ပါက သူမ၏ လက်ထပ်ထိမ်းမြားမှုကို လက်ခံ၍ ရနိုင်ကြောင်း လူတချို့ ခံစားကြရသည်။

ပေရှုဟွာသည် ပါရမီရှိပြီး ကျင့်စဉ်အဆင့် မြင့်မားသော်လည်း သူမသည် ဧကရာဇ်လောင်း အဆင့်တွင်သာ ရှိသေး၏။ တော်ဝင်အကြီးအကဲချုပ် အမှန်တကယ် ကျဆုံးသွားပါက နောက်ပိုင်းတွင် ချီယွဲ့နိုင်ငံ၌ ဧကရာဇ်အဆင့် ရှိတော့မည် မဟုတ်ပေ။

ဧကရာဇ်အဆင့် မရှိသော နိုင်ငံတစ်နိုင်ငံသည် ပျက်စီးရန် သေချာနေသည်။ ထိုအချိန်ရောက်လျှင် ပေရှုဟွာ ချီယွဲ့နိုင်ငံ၏ အရှင်သခင် ဖြစ်လာလျှင်တောင် ချီယွဲ့နိုင်ငံ ပျက်သုဉ်းမည့် ကံကြမ္မာကို သူမ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ပေရှုဟွာသာ ချင်းယွမ်နိုင်ငံ၏ အရှင်သခင်နှင့် ရင်းနှီးအောင် လုပ်ဆောင်နိုင်ပါက ချင်းယွမ်နိုင်ငံမှ ဧကရာဇ်အဆင့် သုံးဦး၏ ကျောထောက်နောက်ခံဖြင့် အခြားနိုင်ငံများက ချီယွဲ့နိုင်ငံကို တိုက်ခိုက်လိုလျှင်ပင် ချင်းယွမ်နိုင်ငံကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

သို့သော် လက်ထပ်မဟာမိတ်ပြုမည့် သတင်း ပျံ့နှံ့သွားသည်နှင့် ပေဝမ်ဖုသည် ချင်းယွမ်နိုင်ငံနှင့် ပူးပေါင်းကြံစည်ကာ ချင်းယွမ်ဧကရာဇ်အား ဒူးထောက်အညံ့ခံရန် စီစဉ်နေကြောင်း ကောလာဟလများ ချီယွဲ့နိုင်ငံတွင် ပေါ်ထွက်လာခဲ့သည်။

ထိုကောလာဟလ ပေါ်ထွက်လာသည်နှင့် ချီယွဲ့နိုင်ငံအတွင်းရှိ အင်အားစုအမျိုးမျိုးကြားတွင် မကျေနပ်မှုများ ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။

ပေရှုဟွာကို ချင်းယွမ်နိုင်ငံသို့ လက်ထပ်ပေးမည့် ပေဝမ်ဖု၏ အမိန့်ပြန်တမ်းနှင့် လူများ ဆက်စပ်တွေးမိသောအခါ သက်သေအထောက်အထား မလိုပဲ ထိုကောလာဟလကို အမှန်တရားအဖြစ် လက်ခံလိုက်ကြသည်။

ထိုအရာက အင်အားစုအမျိုးမျိုးအား ဒေါသထွက်စေခဲ့သည်။ သူတို့က အညံ့မခံသေးသော်လည်း ချီယွဲ့နိုင်ငံ၏ ဧကရာဇ်ပေဝမ်ဖုက လက်နက်ချလိုက်ပြီ ဖြစ်သည်။

ထိုဒေါသက အစစ်အမှန်လား ဟန်ဆောင်ခြင်း သက်သက်လားဟု မသိနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ သူတို့အနေနှင့် လူသိအောင် ရှုတ်ချကြရမည် ဖြစ်သည်။

ထိုလုပ်ရပ်တွင် မှားယွင်းမှု မရှိကြောင်း အချို့က ခံစားရလျှင်ပင် ပေဝမ်ဖု၏ အပြုအမူကို မည်သူကမှ ထောက်ခံရဲခြင်း မရှိပေ။

ချီယွဲ့နိုင်ငံ၏ တော်ဝင်အကြီးအကဲချုပ် မသေဆုံးသေးသည်ကို ထည့်သွင်းစဉ်းစားရမည် မဟုတ်ပါလား။

သူ့ဘက်တွင် ရပ်တည်ခဲ့ဖူးသော အဖွဲ့အစည်းများ ယခု တိတ်ဆိတ်သွားသည်ကို သတိပြုမိသောအခါ လူထုထောက်ခံမှု ရယူသည့် တိုက်ပွဲတွင် ပေရှုဟွာကို ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်း ပေဝမ်ဖု သိလိုက်သည်။ ချီယွဲ့နိုင်ငံတွင် သူမ အာဏာရလာမည့် အရှိန်အဟုန်ကို ယခု တားဆီးမရနိုင်တော့ပေ။

ပေဝမ်ဖုလည်း ဆက်လက်အချိန်ဆွဲမနေတော့ပဲ ပေရှုဟွာအား မင်းသမီးကြီး ရာထူးမှ ဖယ်ရှားရန် ရည်ရွယ်ချက်ဖြင့် ညီလာခံ ကျင်းပရန် ဦးဆောင်ခေါ်ယူလိုက်သည်။

ထိုသတင်းထွက်ပေါ်လာသည်နှင့် အင်အားစုအမျိုးမျိုးမှ ကျင့်ကြံသူများလည်း ၎င်းသည် ပေဝမ်ဖုနှင့် ပေရှုဟွာကြား နောက်ဆုံး အာဏာလုပွဲ ဖြစ်ကြောင်း သ‌ဘောပေါက်လိုက် ကြသဖြင့် ချီယွဲ့ကမ္ဘာသို့ ရောက်ရှိလာကြသည်။

နှစ်ဖက်အဖွဲ့များကြား ထိပ်တိုက်တွေ့ဆုံမှု ပြီးဆုံးတော့မည် ဖြစ်ပြီး မည်သူ အနိုင်ရမည်ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာသည်။

………

ချီယွဲ့ပြက္ခဒိန် နှစ် ၅၃၆၁၁။

၉လ ၁၅ ရက်။

နိုင်ငံရေးရာ ခန်းမ အပြင်ဘက် ရင်ပြင်တွင်။

ရင်ပြင်ပေါ်၌ အဖွဲ့အစည်းအမျိုးမျိုးမှ ခေါင်းဆောင်များဖြင့် ပြည့်နှက်နေသည်။ ချီယွဲ့နိုင်ငံမှ ဝန်ကြီးများသာမက အရပ်ရပ်မှ အင်အားစုများပါ ဤညီလာခံသို့ တက်ရောက်ကြသည်။

နှစ်ဖက်စလုံးက သူတို့၏ ဖဲချပ်များကို စားပွဲပေါ်တင်ရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်ရာ လူထုအမြင်အတွက် တိုက်ခိုက်နေစရာ မလိုတော့ပေ။ မည်သူ့လက်ထဲတွင် အပိုင်ဖဲချပ် ပိုရှိသည်ကို ကြည့်ရမည့်အချိန် ဖြစ်သည်။

အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ပေရှုဟွာသည် ရင်ပြင်အလယ်တွင် ရပ်ကာ အရှေ့ဘက်ရှိ နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ပေဝမ်ဖုကို ကြည့်၍ ခံစားချက်မပါသော မျက်နှာဖြင့်

“မင်းကြီး... ချင်းယွမ်နိုင်ငံဟာ ရိုင်းစိုင်းတဲ့ ရည်မှန်းချက်တွေ ရှိလို့ ချီယွဲ့နိုင်ငံကို လိုချင်နေတာပါ။ ဒါပေမဲ့ ကျူးကျော်မှုကို ခုခံဖို့ နည်းလမ်းရှာမယ့်အစား ရှင်က ဝံပုလွေကို အိမ်ထဲ ဖိတ်ခေါ်နေတာပဲ။”

“ချီယွဲ့နိုင်ငံရဲ့ အရှင်သခင် ဖြစ်ဖို့ အရည်အချင်း ရှိသေးတယ်လို့ ရှင်ကိုယ်ရှင် ထင်နေတုန်းလား။”

ပေရှုဟွာ၏ စကားကို ကြားသောအခါ ပေဝမ်ဖုက ရယ်မောပြီး

“ခင်ဗျားကရော အကြီးအကဲချုပ်ရဲ့ မျက်နှာသာပေးမှုကို အခွင့်ကောင်းယူပြီး ထီးနန်းလုဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား... ဒီလို သူတော်ကောင်းပုံစံနဲ့ ပြောနေစရာ မလိုပါဘူး။”

“ခင်ဗျားက ကျုပ်ထီးနန်းကို လိုချင်မှတော့ ယူနိုင်တဲ့ အရည်အချင်း ရှိမရှိ ကြည့်ကြတာပေါ့။”

ဤအခြေအနေတွင် ဟန်ဆောင်နေရန် မလိုတော့ကြောင်း ပေဝမ်ဖု ခံစားလိုက်ရသည်။ သူ့နောက်တွင် ဧကရာဇ်အဆင့် သုံးဦး၏ ထောက်ခံမှု ရှိနေ၏။ ချင်းယွမ်နိုင်ငံမှ ထိုဧကရာဇ်အဆင့် သုံးဦးက သေခါနီး နတ်အိုကြီးကို မယှဉ်နိုင်စရာ အကြောင်းမရှိဟုလည်း သူ ယုံကြည်ထားသည်။

ထိုနတ်အိုကြီးသည် သူ၏ နောက်ဆုံးကန့်သတ်ချက်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်၏။

သူ၏ အင်အား မည်မျှကို ထုတ်သုံးနိုင်ဦးမည်နည်း။

ယနေ့ ပေရှုဟွာကို ထောက်ခံဖို့ သူ ထွက်လာရဲပါက နောက်နှစ် ဒီလိုနေ့က သူ့ရဲ့ နာရေး နှစ်ပတ်လည်ရက် ဖြစ်သွားပေလိမ့်မည်။

All Chapters